အခန်း ၁၀
Viewers 536


ရေချိုးခန်းထဲက ထွက်လာချိန်တွင် ယူဇီ ဆံပင်အဖျားများ၌ ရေစက်တို့ ခိုတွဲနေဆဲ ...


လသာဆောင်ဘက်တွင်မူ ရှဲ့တုန်းချန်တစ်ယောက် အဝတ်လှန်းစင်မှ အဝတ်များကို သိမ်းဆည်းနေသည်။


ယူဇီက သူ့ကို စကားတစ်ခွန်းမျှ မဆိုဘဲ အိပ်ခန်းထဲသို့ တန်းတန်းမတ်မတ် ဝင်လာခဲ့၏။ ရေခဲအုံ့ထားသော်လည်း ခြေကျင်းဝတ်က နီရဲရောင်ကိုင်းနေတုန်းပင်။ မနက်ဖြန်ဆိုလျှင်တော့ ညိုမည်းစွဲလာတော့မည် ထင်သည်။


သူက ကုတင်ပေါ်တွင် အသာအယာ ဝင်ထိုင်ရင်း ခြေထောက်ကို ကုတင်ဘောင်ပေါ်သို့ ခပ်မှီမှီ တင်ထားလိုက်သည်။


အပြင်ဘက်တွင်မူ မိုးက စဲမည့်အလားအလာ မရှိသည့်အပြင် ပို၍ပင် သည်းထန်လာခဲ့ပြီ။ တိုက်ဟောင်းကြီး၏ ပြတင်းပေါက်မှန်များကို ရိုက်ခတ်နေသော မိုးပေါက်ကြီးများက စည်းချက်ဝါးချက်ကျကျ မြည်ဟည်းနေကြ၏။ မိုးသက်လေပြင်းကြောင့် ဘေးပတ်ဝန်းကျင်ရှိ သစ်ပင်များမှ သစ်ရွက်ခြောက်များက ပြတင်းပေါက်မှန်ကို ‘ဖတ်ဖတ်’ ဟူ၍ လာရောက်ရိုက်ခတ်နေကြသည်။


ယူဇီက မီးမဖွင့်ထားသော်လည်း လိုက်ကာများကို ဆွဲဖွင့်ထားသဖြင့် အပြင်ဘက်မှ သဘာဝအလင်းရောင် မှိန်ပျပျက အခန်းထဲသို့ အနည်းငယ် စီးဝင်နေသည်။


ဒေါက် ဒေါက်

တံခါးခေါက်သံကြောင့် ယူဇီ ခေါင်းလှည့်ကြည့်လိုက်ရင်း “ဝင်ခဲ့လေ” ဟု လှမ်းပြောလိုက်သည်။

ရှဲ့တုန်းချန်က တံခါးကို ဖြည်းညင်းစွာ တွန်းဖွင့်ဝင်လာပြီး လက်ထဲက စပရေးဘူးလေးကို လှုပ်ပြကာ “ဖြန်းမလို့” ဟု ဆို၏။


ယူဇီက ခေါင်းငြိမ့်ပြရင်း ကုတင်ပေါ်တွင် နေရာဖယ်ပေးလိုက်သည်။ ရှဲ့တုန်းချန်က ကုတင်ဘေးတွင် ဝင်ထိုင်ပြီး ယူဇီထံ လက်ကမ်းပေးကာ “ခြေထောက်” ဟု တိုတိုတုတ်တုတ် ပြောသည်။


ယူဇီ ခြေထောက်ကို ဆန့်ပေးလိုက်တော့ ရှဲ့တုန်းချန်က သူ့ခြေကျင်းဝတ်ကို အသာအယာ ကိုင်လိုက်၏။

ဂျိမ်း—

မှန်ပြတင်းအပြင်ဘက် အဝေးတစ်နေရာမှ မိုးခြိမ်းသံကြီး လွင့်ပျံလာသည်။


“မိုးက တကယ်သည်းတာပဲ” ဟု ရှဲ့တုန်းချန်က ပြတင်းပေါက်အပြင်ဘက်ကို ငေးရင်း ရေရွတ်လိုက်သည်။


ယူဇီက ဘာမှပြန်မပြောဘဲ ရှဲ့တုန်းချန် စပရေးဖြန်းပေးနေသည်ကိုသာ စိုက်ကြည့်နေမိသည်။ အေးမြလှသော စပရေးရေမှုန်လေးများက သူ့အရေပြားပေါ်သို့ ခပ်ဖွဖွ ကျရောက်လာ၏။


ဤကဲ့သို့ စိုစွတ်သော မိုးရာသီညချမ်း၊ မှိန်ပျပျအလင်းရောင်အောက်ဝယ် သူတို့နှစ်ဦးကြားက လှုပ်ရှားမှုတိုင်းက တစ်မျိုးတစ်ဖုံ စိတ်လှုပ်ရှားဖွယ် ဆွဲဆောင်မှုရှိနေသလိုပင်။


သို့သော်လည်း စိတ်ပျက်စရာကောင်းသည်က သူ့ရှေ့က လူသားကတော့ အလွန်အမင်း ရိုးသားဖြောင့်မတ်လွန်းနေခြင်းပင်။ ကျောကို မတ်မတ်ဆန့်၊ ဘေးဘီကိုလည်း ဘာမှလျှောက်မကြည့်ဘဲ စပရေးဖြန်းနေပုံမှာ ဈေးထဲတွင် ဝက်လက်ပြုတ်ရောင်းနေသည့်အလား အာရုံစိုက်လွန်းနေသည်။


“ကုတင်ဘေးက အံဆွဲပေါ်မှာ ထားခဲ့မယ်နော်။ တစ်ရက် သုံးကြိမ်ဖြန်းပေး”

ရှဲ့တုန်းချန်က စပရေးဘူးကို အံဆွဲထဲ ထည့်ပေးပြီးနောက် ပြန်ထွက်ရန် မတ်တတ်ထရပ်လိုက်သည်။


သူ အခန်းပြင်သို့ လှမ်းအထွက်တွင်ပင် ယူဇီဖုန်းက မြည်လာခဲ့၏။

သန်းခေါင်ယံအချိန်နီးပါး ဖြစ်နေပြီမို့ ဒီအချိန်ကြီး ဘယ်သူက ဆက်တာပါလိမ့်။ ယူဇီ ဖုန်းကိုကောက်ကိုင်ကာ မျက်နှာပြင်ကို ပွတ်ဆွဲပြီး ဖြေကြားလိုက်သည်။ ရှဲ့တုန်းချန်က ခြေလှမ်းအနည်းငယ် တုံ့ဆိုင်းသွားသော်လည်း အခန်းပြင်သို့ ဆက်လက်ထွက်ခွာသွားဆဲပင်။


ဖုန်းဆက်လာသူက အိမ်ခြံမြေအကျိုးဆောင်အေးဂျင့် ဖြစ်နေသည်။

လွန်ခဲ့သော ရက်အနည်းငယ်က ရှဲ့တုန်းချန်အိမ်သို့ ယူဇီ စတင်ပြောင်းရွှေ့လာစဉ်က လမ်းဘေးက ကြော်ငြာစာရွက်များမှတစ်ဆင့် အေဂျင်စီတစ်ခုကို ဆက်သွယ်ခဲ့ဖူးသည်။ ဤအိမ်တွင် ရက်ပိုင်းမျှသာ ယာယီတည်းခိုရန် စိတ်ကူးထား၍ဖြစ်သည်။


ကံဆိုးချင်တော့ ယူဇီ့ဘက်က တောင်းဆိုချက်က များပြီး ပေးနိုင်သည့်ဘတ်ဂျက်က နည်းလွန်းနေသဖြင့် ထိုအေဂျင်စီက သူ့ကို ပြန်ပင်မဆက်သွယ်တော့ချေ။


မျှော်လင့်ချက်ပျက်ပြားလုနီးပါး ဖြစ်နေချိန်မှ အိမ်ငှား အသည်းအသန်လိုချင်နေသည့် အိမ်ရှင်တစ်ဦးရှိကြောင်း အေးဂျင့်က အကြောင်းကြားလာခြင်း ဖြစ်သည်။ အေးဂျင့်က ယူဇီ့အနေဖြင့် လာမည့်ရက်ပိုင်းအတွင်း အိမ်လာကြည့်ရန် အချိန်ပေးနိုင်မလားဟု မေးမြန်းလာ၏။


ယူဇီက မိမိခြေထောက်ကို တစ်ချက်ကြည့်လိုက်ပြီး တုံ့ဆိုင်းစွာဖြင့် “နောက်သုံးရက်လောက်မှ ဆိုရင်ရော ရမလားဟင်”

အေးဂျင့်၏ လေသံက ချက်ချင်း စိတ်ပျက်သွားဟန်ဖြင့် “အစ်ကိုရေ... ဒီအိမ်က လုငှားနေကြတာဗျ။ ဒါကြောင့်လည်း ခင်ဗျားဆီ ဒီအချိန်ကြီး ဖုန်းဆက်ရတာပေါ့။ ဒီဈေးနှုန်းနဲ့ဆို မနက်ဖြန်တင် ငှားသွားကြလိမ့်မယ်။ နောက်သုံးရက်အထိ အခန်းကျန်ပါ့မယ်လို့ ကျွန်တော် မသေချာဘူးဗျာ”


ယူဇီ ပြန်ပြောမည့်အချိန်တွင်ပဲ အခန်းတံခါးက ရုတ်တရက် ပြန်ပွင့်လာပြန်သည်။

“မင်း အိမ်ရှာနေတာလား”


ရှဲ့တုန်းချန် အခန်းထဲ ဝင်လာပြီးမှ ယူဇီ ဖုန်းပြောနေဆဲဖြစ်သည်ကို သတိထားမိသွားသည်။

ယူဇီလည်း အေးဂျင့်ကို ကမန်းကတန်းပင် စကားဖြတ်ပြီး ဖုန်းချလိုက်ရတော့သည်။ “ဘာကိစ္စရှိလို့လဲ”


“မင်း... တကယ်လို့ ဆန္ဒရှိရင် အိမ်ရှာဖို့ အရမ်းမလောပါနဲ့ဦး” ရှဲ့တုန်းချန်က ယူဇီကို စိုက်ကြည့်ရင်း ပြောလာပြီးမှ မျက်လုံးချင်း မဆုံဝံ့ဘဲ ဘေးသို့ လွှဲပစ်လိုက်သည်။


“ငါ မင်းအိမ်မှာ ရေရှည်မနေချင်ဘူး” ယူဇီ ရိုးရိုးသားသားပင် ဖွင့်ပြောလိုက်သည်။ ရှဲ့တုန်းချန်က လူရိုးလူဖြောင့်ဖြစ်ပြီး အကျင့်စာရိတ္တကောင်းသော်လည်း သူတစ်ပါးအိမ်တွင် ဤမျှကြာအောင် ကပ်နေရသည်ကို ယူဇီ စိတ်ထဲ မလွတ်လပ်၍ ဖြစ်သည်။


“ဒါဆိုလည်း မင်းခြေထောက် သက်သာတဲ့အထိ စောင့်လိုက်ပါဦး။ အဲဒီအချိန်ကျရင် ကျွန်တော့်ကားလည်း ပြင်ပြီးလောက်ပြီဆိုတော့ မင်းကို လိုက်ပို့ပေးမယ်လေ”


အပြန်အလှန် ကူညီကြမည့် သဘောမို့ ယူဇီလည်း ဘာမှ ငြင်းဆန်မနေတော့ပေ။


ရှဲ့တုန်းချန် အခန်းပြင်ထွက်သွားပြီးနောက် ယူဇီဖုန်းမျက်နှာပြင်က ထပ်မံလင်းပွင့်လာပြန်သည်။ အေဂျင်စီက စာပို့တာနေမှာပါဟု ထင်မှတ်ကာ ဖွင့်ကြည့်လိုက်သော်လည်း အပန်းဖြေဟိုတယ်တစ်ခု၏ အော်တိုစာတို (Notification) သာ ဖြစ်နေသည်။


ယခင်ကဆိုလျှင် ယူဇီသည် ထိုဟိုတယ်၏ VIP အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဆောင်းဦးရာသီရောက်တိုင်း သွားရောက်တည်းခိုလေ့ရှိသည်။ ဟိုတယ်ဘက်ကပင် သူ့အတွက် သီးသန့်အခန်းတစ်ခန်းကို အမြဲတမ်း ချန်လှပ်ထားပေးရသည့်အထိ ဖြစ်ခဲ့ဖူးသည်။


သူက ထိုစာတိုလေးကို ဖွင့်ဖတ်လိုက်ရာ “လေးစားအပ်ပါသော VIP အဖွဲ့ဝင်ခင်ဗျား၊ ယခုအခါ တည်းခိုမှုအတွက် ရမှတ် (Points) နှစ်ဆ ခံစားခွင့်ရရှိပါပြီ” ဟု ရေးသားထားသည်။


ယူဇီ မိမိကိုယ်ကို လှောင်ပြုံးတစ်ချက် ပြုံးမိလိုက်၏။ ယခုအချိန်တွင် သူ့မှာ ထိုဟိုတယ်၌ တစ်ညတည်းရန်ပင် ပိုက်ဆံ မရှိတော့ချေ။


သူက စိတ်ကို ပြတ်ပြတ်သားသားဖြတ်ကာ ထိုဟိုတယ်စာမျက်နှာကို Unsubscribe လုပ်ပစ်လိုက်သည်။


ထိုညက သူ ကောင်းကောင်းအိပ်မပျော်ခဲ့ပါ။ အပြင်ဘက်တွင် မိုးသံက စဲမည့်အလားအလာ မရှိသလို အိပ်ခါနီးအချိန်တွင် အောက်ထပ်က လေလွင့်ကြောင်များက အချင်းချင်း ကိုက်ခဲရန်ဖြစ်နေကြပြန်သည်။ နွေဦးရာသီတောင် မဟုတ်သေးဘဲ ဒီလေလွင့်ကြောင်တွေက ဘာလို့ ဒီလောက်တောင် သောင်းကျန်းနေကြပါလိမ့်။


နောက်တစ်နေ့မနက်တွင် သူ စောစောစီးစီး နိုးလာခဲ့သည်။

ကုတင်ပေါ်က ဆင်းရန် ခြေဖျားလေး ထောက်လိုက်ရုံရှိသေး... စူးခနဲ နာကျင်မှုကို ခံစားလိုက်ရသည်။


တောက်... မနေ့က ခြေခေါက်တာ တော်တော်နာတယ် အောက်မေ့တာ၊ ဒီနေ့ကျမှ ပိုဆိုးလာလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ ခြေဆစ်ပတ်လည်က ညိုမည်းရောင်ကိုင်းနေပြီး အနည်းငယ် လှုပ်ရှားလိုက်ရုံမျှဖြင့် အသက်ရှူရပ်မတတ် နာကျင်လွန်းလှသည်။


ဧည့်ခန်းထဲက လူက အသံကြားသဖြင့် တံခါးကို လာခေါက်ကာ “နိုးပြီလား မင်း” ဟု လှမ်းမေးသည်။


ယူဇီ မျက်နှာပျက်ပျက်ဖြင့် အောင့်အည်းကာ “အင်း...” ဟု ပြန်ထူးလိုက်၏။


ရှဲ့တုန်းချန် တံခါးဖွင့်ဝင်လာချိန်တွင် ယူဇီ့မှာ ခြေထောက်ကို ဆုပ်ကိုင်ရင်း နာကျင်စွာ ညည်းတွားနေသည်ကို မြင်လိုက်ရသဖြင့် “ပိုဆိုးသွားတာလား” ဟု စိုးရိမ်တကြီး မေးသည်။


ယူဇီ အသက်ကို ပြင်းပြင်းရှူရင်း “အင်း... ဟုတ်တယ်”


ရှဲ့တုန်းချန် သက်ပြင်းတစ်ချက်ချကာ အခန်းပြင်သို့ ပြန်ထွက်သွားသည်။ သို့သော် နှစ်မိနစ်ခန့်အကြာတွင် လက်ထဲ၌ အမည်းရောင် ခြေကျင်းဝတ်ပတ်တီးကွင်း (Brace) တစ်ခုကို ကိုင်ဆောင်ကာ ပြန်ဝင်လာခဲ့၏။


သူက ကုတင်ဘေးတွင် ဝင်ထိုင်ပြီး ယူဇီ့ခြေထောက်ကို လှမ်းကိုင်လိုက်သည်။


“ဒါ ဘာလုပ်ဖို့လဲ” ယူဇီက မေး၏။


“မင်း ခြေကျင်းဝတ်ကို တည်ငြိမ်အောင် ထိန်းပေးပြီး ဒဏ်ရာရတဲ့နေရာကို ဝန်မပိအောင် လုပ်ပေးတာပါ” ရှဲ့တုန်းချန်က ရှင်းပြရင်း ပတ်တီးကွင်းကို သေချာစွာ တပ်ဆင်ပေးနေသည်။

ယူဇီက ဘာမှပြန်မပြောဘဲ ရှဲ့တုန်းချန်၏ ကတုံးကေပုံစံ ခေါင်းတိုတိုလေးကိုသာ စိုက်ကြည့်နေမိ၏။


သူ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ရှဲ့တုန်းချန်က ကမန်းကတန်းဖြင့် “ဒါ အသစ်ပါနော်၊ ကျွန်တော် တစ်ခါမှ မသုံးရသေးပါဘူး” ဟု ထပ်လောင်းရှင်းပြရှာသည်။


မနက်စောစောစီးစီး စိတ်ညစ်နေရသော ယူဇီစိတ်အခြေအနေမှာ ထိုစကားကြောင့် ချက်ချင်းပင် လန်းဆန်းသွားရသည်။ ဒီလူပြောလိုက်သည့် စကားတိုင်းက သူ့ကို ဘာ့ကြောင့် ရယ်ချင်စိတ်ပေါက်စေမှန်း မသိတော့ပြီ။


“ငါက မမေးပါဘူး” ယူဇီက ခပ်အေးအေးပဲ တုံ့ပြန်လိုက်သည်။


ရှဲ့တုန်းချန်က နှုတ်ခမ်းကို ဖိကိုက်ရင်း မျက်နှာလွှဲကာ “မင်း ညှော်နံ့နံတယ်လို့ ထင်မှာစိုးလို့ပါ”


“ငါက မင်းကုတင်ပေါ်မှာတောင် အိပ်ခဲ့ပြီးပြီကို၊ မင်းက ဒါကို စိုးရိမ်နေသေးတာလား” ယူဇီက ပြန်ပက်လိုက်၏။


ထိုစကားကြောင့် ရှဲ့တုန်းချန် ပို၍ပင် ရှက်ကိုးရှက်ကန်းဖြစ်သွားကာ ခေါင်းကိုသာ ကုတ်နေတော့သည်။


ခြေကျင်းဝတ်ကို ထိန်းထားနိုင်ပြီဖြစ်၍ ယူဇီ အားစိုက်ပြီး အနည်းငယ် လမ်းလျှောက်နိုင်ပြီ ဖြစ်သော်လည်း ခြေထောက်ပေါ် အားအပြည့်တော့ မတင်ရဲသေးပေ။ သူက ရေချိုးခန်းထဲသို့ တံခါးမပိတ်ဘဲ ဝင်သွားသည်။ ယူဇီ ဒုက္ခရောက်နေသည်ကို မြင်သောအခါ ရှဲ့တုန်းချန်က လှမ်းမေး၏။ “ဟို... မင်း အိမ်သာတက်လို့ အဆင်ပြေရဲ့လား”


ယူဇီ လှည့်ကြည့်ကာ “ငါ့ကို ကူညီပါဦး”


ရှဲ့တုန်းချန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး အံ့အားသင့်စွာဖြင့် “အဲဒါ... အဆင်ပြေပါ့မလား”


ယူဇီ ဆွံ့အသွားရပြီး “ကူညီဆို ကူညီစမ်းပါ” ဟု လောဆော်လိုက်သည်။


ရှဲ့တုန်းချန် အံကြိတ်ကာ “ကောင်းပြီလေ” ဟု ဆိုကာ ယူဇီဘောင်းဘီဇစ်ကို လှမ်းဆွဲချရန် ပြင်တော့သည်။


“ဟေး! မင်း ဘယ်နေရာကို လာကူညီနေတာလဲ” ယူဇီ ကမန်းကတန်း ဘေးသို့ ရှောင်လိုက်ရင်း “ငါ့လက်မောင်းကို တွဲပေးဖို့ ပြောတာကွ!”


ဖြောင့်စင်းလှသော ယောင်္ကျားသား (Straight) တစ်ဦး၏ နားမလည်နိုင်စရာ အတွေးအခေါ်ကို ယူဇီ စိတ်ထဲကနေပဲ သက်ပြင်းချမိတော့သည်။


ကားက ဝပ်ရှော့ရောက်နေသဖြင့် ရှဲ့တုန်းချန်တစ်ယောက် အပြင်မထွက်ရဘဲ တစ်နေ့ကုန် အိမ်မှာပင် ငါးကန်ထဲက ငါးများကို အစာကျွေးလိုက်၊ အိမ်မှုကိစ္စလုပ်လိုက်ဖြင့် အချိန်ကုန်လွန်နေသည်။


ယူဇီ ရေမိုးချိုးသန့်စင်ပြီးနောက် ရှဲ့တုန်းချန် ပေးထားသော တီရှပ်နှင့် ဘောင်းဘီပွပွကို ဝတ်ဆင်ကာ အိမ်ရှေ့ဆိုဖာပေါ်တွင် မှီထိုင်ရင်း ဧည့်ခန်းထဲ ခေါက်တုံ့ခေါက်ပြန် လျှောက်နေသော ထိုလူကြီးကို ထိုင်ကြည့်နေမိ၏။


“မင်းမှာ ဘာဝါသနာမှ မရှိဘူးလား” ယူဇီက မေးလိုက်သည်။


“ဘာဝါသနာလဲ”


“ဂိမ်းဆော့တာတို့ ဘာတို့လေ၊ ယောင်္ကျားလေးတွေ အကုန်လုံး အဲဒါ ကြိုက်ကြတယ် မဟုတ်လား” ယူဇီက သံသယဖြင့် မေး၏။


ရှဲ့တုန်းချန် လှည့်ကြည့်လာရာ သူ့မျက်နှာတွင် ယူဇီစကားအပေါ် သဘောမတူသည့် အရိပ်အယောင်များ ထင်ဟပ်နေသည်။ “ယောင်္ကျားလေးတွေ အကုန်လုံး ဟုတ်လား... ကျွန်တော်လည်း မင်းနဲ့ အသက်တူတူလောက်ပါပဲ”


“အဲဒါက အဓိက မဟုတ်ဘူးလေ”


“ကျွန်တော် အဲဒါတွေ မဆော့ဘူး။ ပိုက်ဆံကုန်တယ်။”


“မင်းက တစ်ယောက်တည်း နေတာကို ပိုက်ဆံတွေ ဒီလောက်အများကြီး ရှာပြီး ဘာလုပ်မလို့လဲ။ မိန်းမယူဖို့ စုနေတာလား” ယူဇီက စနောက်လိုက်သည်။


“မဟုတ်ပါဘူး” ရှဲ့တုန်းချန်က ခေါင်းခါပြပြီး ဘာမှထပ်မရှင်းတော့ပေ။


စကားဝိုင်းက ဆက်သွား၍မရတော့သဖြင့် ယူဇီလည်း စကားဖြတ်ကာ ဖုန်းဖွင့်ပြီး WeChat ကို စစ်ဆေးလိုက်သည်။ သို့သော် ကြည့်လိုက်ရသည့် အချက်အလက်ကြောင့် သူ ဒေါသထွက်လွန်း၍ သတိပင် လစ်ချင်သွား၏။


“တောက်... စောက်ကျိုးနည်းပဲ!”


“ဘာဖြစ်လို့လဲ မင်း” ရှဲ့တုန်းချန် ငါးကန်ဘေးမှ လှည့်ကြည့်လာသည်။


“အိမ်က သူများ ငှားသွားပြီတဲ့”


မနေ့ညကတင် အိမ်လာကြည့်ပါဦးဆိုပြီး ဒီမနက်ကျတော့ ငှားလိုက်ပြီဆိုတဲ့ စာတို ရောက်လာသည်။ ဘယ်လို ကံဆိုးမှုမျိုးပါလိမ့်။


မိသားစု စီးပွားပျက်ကတည်းက ယူဇီဘဝမှာ စိတ်ချမ်းသာစရာ တစ်ခုမှ မကြုံရသေးချေ။ လူတိုင်းက သူ့ကို ဝိုင်းဝန်း နှိပ်စက်နေကြသည့်အတိုင်းပင်။


ရှဲ့တုန်းချန် ခဏမျှ တုံ့ဆိုင်းနေပြီးမှ “ဒါဆိုရင်လည်း အိမ်ရှာဖို့ မလောပါနဲ့ဦး။ မင်း... အလုပ်ရတဲ့အထိ စောင့်လိုက်ပါဦး”


ယူဇီ မျက်နှာပြင်ပေါ်တွင် ခေါင်းငြိမ့်ပြလိုက်သော်လည်း ရင်ထဲ၌မူ ပြင်းပြင်းထန်ထန် သက်ပြင်းချမိသည်။ အလုပ်က ဘယ်တော့ရမှန်း မသိသေးတာကို။


မွန်းလွဲပိုင်းတွင် ရှဲ့တုန်းချန် ခဏအပြင်ထွက်သွားပြီး အစားအသောက်အချို့ ဝယ်လာခဲ့သည်။ ဒီနေ့ သူ ဟင်းမချက်ဘဲ အနီးနားရှိ ဆိုင်မှ ပါဆယ်ထုတ်များကိုသာ ဝယ်လာခဲ့ခြင်း ဖြစ်သည်။


သူ အိမ်ပြန်ရောက်ချိန်တွင် ယူဇီက ဖုန်းကို စိုက်ကြည့်နေပြီး မျက်နှာအမူအရာက အလွန် ပျက်ယွင်းနေဆဲ။ ရှဲ့တုန်းချန်က သူ့နောက်က ဖြတ်သွားရင်း ပါဆယ်ဘူးကို ချလိုက်စဉ် ယူဇီက ဓာတ်ပုံတစ်ပုံကို ချဲ့ပြီး စက္ကန့်အတော်ကြာ စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။


ယူဇီက အမြင်ခံရသည်ကို ဂရုမစိုက်ဘဲ ဖုန်းကို ရှဲ့တုန်းချန်၏ မျက်နှာရှေ့သို့ ထိုးပြကာ “မင်း သူ့ကို သိလား”


ဓာတ်ပုံထဲတွင် အသက် ၁၀ နှစ်ဝန်းကျင်ခန့်ရှိပြီး အားကစားဝတ်စုံဝတ်ကာ တင်းနစ်ရက်ကတ် ကိုင်ထားသည့် ကောင်လေးတစ်ယောက် ဖြစ်သည်။


ရှဲ့တုန်းချန် ခေါင်းခါပြရင်း “ကျွန်တော် မမြင်ဖူးဘူး။ ဒါပေမဲ့ တစ်နေရာရာမှာ မြင်ဖူးသလိုလိုတော့ ရှိတယ်”


“သူ့ရုပ်ရည်ကို မင်း ဘယ်လိုထင်လဲ” ယူဇီက မေးသည်။


“အဆင်ပြေပါတယ်။ တော်တော်ချောတာပဲ။”


ထိုကောင်လေးက မျက်လုံးဝိုင်းဝိုင်း၊ နှာတံစင်းစင်းဖြင့် အမှန်ပင် ကြည့်ကောင်းလှသည်။ တစ်မျိုးတော့ ရင်းနှီးနေသလိုပင်။

ယူဇီက နှုတ်ခမ်းတစ်ချက် စုပ်သပ်လိုက်ပြီး ပုံထဲက ကောင်လေးမျက်နှာကို လက်ညှိုးဖြင့် ထိုးကာ “ယူဇီဟန်... ငါ့ရဲ့ ကံဆိုးလှတဲ့ အဖေတူမအေကွဲ ညီပေါ့”


ရှဲ့တုန်းချန်၏ ဦးနှောက်က ချက်ချင်း လိုက်မမီတော့ပေ။ “မင်း ညီလား”


“အဖေတူမအေကွဲ”


“ဪ...” ရှဲ့တုန်းချန် ထိုအခါမှ ယူချင်း၏ လက်ရှိဇနီးသည်မှာ နောက်အိမ်ထောင်ပြုထားသည့် အမျိုးသမီးဖြစ်ကြောင်း သတိရသွားသည်။ 


သို့သော် သူ ဆင်ခြေဖုံး ဗီလာအိမ်ကြီးတွင် ဒရိုင်ဘာလုပ်စဉ်က ဤသခင်လေးအငယ်ကို တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။ ထိုကောင်လေးက အပြည်ပြည်ဆိုင်ရာကျောင်း (International School) တွင် တက်ရောက်နေပြီး ဤပတ်ဝန်းကျင်တွင် မနေထိုင်ကြောင်းသာ ကြားဖူးခဲ့ခြင်း ဖြစ်သည်။


ယူဇီ့မျက်နှာ ညှိုးငယ်သွားသည်ကို မြင်သောအခါ ရှဲ့တုန်းချန် ကမန်းကတန်းဖြင့် ချော့သည့်လေသံဖြင့် “မင်းလောက် မချောပါဘူး၊ မင်းလောက် မချောပါဘူး”


အတည်ပြောရလျှင် ထိုသခင်လေးက ယူဇီ့ထက် အနည်းငယ် ရုပ်ရည်နိမ့်ကျသည်မှာ အမှန်ပင်။ ဖြစ်နိုင်သည်က အသက်အရွယ်ငယ်သေးပြီး ရုပ်ရည်က အတည်မကျသေး၍ ဖြစ်လိမ့်မည်။ ကြည့်ကောင်းရုံမျှသာရှိပြီး ယူဇီ့ကဲ့သို့ မျက်နှာပေါက် ကျနပြေပြစ်မှုနှင့် ဆွဲဆောင်မှုရှိသော အရှိန်အဝါမျိုး မရှိချေ။ တစ်ခုခု လိုအပ်နေသလိုပင်။

ထိုသို့ ပြောလိုက်သော်လည်း ယူဇီ့မျက်နှာက ပို၍ပင် ပျက်ယွင်းသွားခဲ့သည်။


“ရုပ်ချောတာ မချောတာ အရေးမကြီးပါဘူး။ သူက အခု နိုင်ငံခြားသားနည်းပြနဲ့ တင်းနစ်ကစားနေပြီ။ ငါကတော့ ဒီမှာ အိမ်ငှားခလေးအတွက် စိတ်ပူနေရတယ်” သူက ဖုန်းမျက်နှာပြင်ကို ပိတ်ကာ လက်ကို ပစ်ချလိုက်ပြီး ဖုန်းကို ကြမ်းပြင်ပေါ်သို့ လွှင့်ပစ်လိုက်တော့သည်။


ရှဲ့တုန်းချန်က ခုံတန်းလျားတစ်ခုကို ဆွဲယူကာ သူ့ရှေ့တည့်တည့်တွင် ဝင်ထိုင်ပြီး လက်နှစ်ဖက်ဖြင့် မိမိဒူးကို ပွတ်သပ်ရင်း စကားစလာသည်။


“ဒါပေမဲ့ အဲဒီတုန်းက ကျွန်တော်တို့ လောင်ချန်နဲ့ တိုင်ပင်ဖူးတယ် သိလား”


ယူဇီ မျက်ခုံးပင့်ကာ အံ့သြသွားပြီး “လောင်ချန် ဟုတ်လား”


“အိမ်တော်ထိန်း လောင်ချန်လေ” ရှဲ့တုန်းချန်က ရှင်းပြသည်။


 လောင်ချန်သည် ယူဇီတို့ ဆင်ခြေဖုံးဗီလာ၏ အိမ်တော်ထိန်းကြီးဖြစ်ပြီး ရှဲ့တုန်းချန်ကို ဒရိုင်ဘာအဖြစ် ခေါ်သွင်းပေးခဲ့သူလည်း ဖြစ်သည်။


“မင်းတို့ သူနဲ့ ဘာတိုင်ပင်ကြတာလဲ” ယူဇီက မေး၏။


ရှဲ့တုန်းချန် သဘောကျစွာ ရယ်မောလိုက်ပြီး “အဲဒီတုန်းက တီဗွီမှာ Reality Show တွေ ခေတ်စားနေတာလေ။ ကျွန်တော်တို့က ပြောကြတာ... မင်းရဲ့ ရုပ်ရည်က တီဗွီထဲက လူတွေထက် မနိမ့်ပါဘူး၊ ဖျော်ဖြေရေးကုမ္ပဏီတစ်ခုခုထဲ ဝင်ပြီး မင်းသားလုပ်ပါလားလို့”


ယူဇီက အထင်သေးသည့်အလား နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း “ငါကတော့ အဲဒီ အဆီပြန်နေတဲ့ သူဌေးကြီးတွေကို သွားပြီး ဖားမနေနိုင်ပါဘူး။ ငါ့ကို ရွံရှာစေတဲ့ ပိုက်ဆံအနည်းအကျဉ်းလေး ရှာဖို့အတွက်နဲ့တော့ မလုပ်နိုင်ဘူး”


ရှဲ့တုန်းချန် ဘာပြန်ပြောရမှန်း မသိတော့ပေ။


ကွက်တိပင်... သူ့ဖုန်းက လင်းပွင့်လာပြီး သတိပေးချက်စာတိုတစ်ခု ရောက်လာသည်။


“မကြာခင် မစ်-အော်တမ် (လမုန့်ပွဲတော်) ရောက်တော့မယ်”


ယူဇီ့မျက်ဝန်းများ အနည်းငယ် တုန်လှုပ်သွားပြီးနောက် ချက်ချင်းပင် ဘေးသို့ မျက်နှာလွှဲပစ်လိုက်သည်။


သူ့မျက်နှာအမူအရာကို သတိမထားမိသော ရှဲ့တုန်းချန်က “မင်းမှာ ဘာအစီအစဉ်ရှိလဲ။ အပြင်မှာ အတူတူ သွားစားကြမလား”


ယူဇီ တံတွေးတစ်ချက် မြိုချလိုက်ရင်း “ငါ လမုန့်ပွဲတော် မဆင်နွှဲဘူး”


ရှဲ့တုန်းချန် မိမိ ဘာစကားမှားသွားမှန်း မသိဘဲ ယူဇီစိတ်ကူးယဉ်ဒဏ်ရာကို ထပ်မံထိခိုက်မိပြန်ပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ သူ ဦးနှောက်ကို အစွမ်းကုန်အသုံးပြုပြီး စဉ်းစားလိုက်ရာမှ အတိတ်က အကြောင်းအရာတစ်ခုကို သတိရသွား၏။


“တစ်ခုခု ဖြစ်ခဲ့လို့လား။ အဲဒီနှစ်က လမုန့်ပွဲတော်တုန်းကလည်း မင်း သိပ်ပြီး ပျော်ပုံမရဘူး”


ယူဇီ ဘာမှပြန်မဖြေချေ။


ရှဲ့တုန်းချန် အတိတ်က အသေးစိတ်အချက်အလက်အချို့ကို ပြန်လည်အမှတ်ရနေသည်။ သူ ယူဇီထံတွင် စတင်ကာ ဒရိုင်ဘာလုပ်သည့်နှစ်က ရာသီဥတု ရုတ်တရက် အေးစိမ့်သွားသော လမုန့်ပွဲတော်ညတစ်ည ဖြစ်ခဲ့ဖူးသည်။


မူလက ထိုနေ့မွန်းလွဲပိုင်းတွင် သူ့မှာ နားရက်ရထားသော်လည်း ယူဇီထံမှ ဆင်ခြေဖုံးရှိ ကလပ်တစ်ခုသို့ သွားချင်သည်ဟူသော စာတိုကို လက်ခံရရှိခဲ့သည်။


လမ်းတစ်လျှောက်လုံး ယူဇီ စကားတစ်ခွန်းမျှ မပြောခဲ့ပါ။ ထို့နောက် ဖုန်းတစ်ကောလ် ဝင်လာခဲ့ပြီး ယူဇီမျက်နှာ အလွန်အမင်း ပျက်ယွင်းသွားကာ တစ်ဖက်လူကို ဆဲဆိုကြိမ်းမောင်းတော့သည်။


သို့သော် မိနစ်အနည်းငယ်အကြာတွင် နောက်ကြည့်မှန်မှတစ်ဆင့် ယူဇီတစ်ယောက် လက်ခုံဖြင့် မျက်ရည်ကို ကမန်းကတန်း သုတ်လိုက်သည်ကို သူ မြင်လိုက်ရပြီးနောက် ယူဇီ ဘာအသံမှ ထပ်မထွက်တော့ချေ။


နောက်ပိုင်း ဆင်ခြေဖုံးကလပ်ရှေ့ ကားရပ်ပေးလိုက်တော့ ယူဇီ အထဲသို့ အကြာကြီး ဝင်သွားခဲ့ပြီး ဘာလုပ်သည်ကိုလည်း ဘယ်တော့မှ ထုတ်မပြောခဲ့ပါ။


သူက ထိုအကြောင်းကို တွေးမိရင်း စိတ်ထဲရှိသည်ကို အမှတ်မထင် မေးမိလိုက်လေသည်။ “အဲဒီနေ့က မင်း ဘာလို့ ငိုခဲ့တာလဲ”


ယူဇီ့၏ လွင့်မျောနေသော မျက်ဝန်းများက ရုတ်တရက် ကျဉ်းမြောင်းသွားသည်။ သူ ကျောကို မတ်မတ်ဆန့်လိုက်ပြီး တီရှပ်အောက်နားစကို လက်ချောင်းများဖြင့် ဆုပ်ချေရင်း—


“မင်း မှတ်မိတာ မှားနေပြီ။ ငါ ဘယ်တုန်းကမှ မငိုခဲ့ဘူး။”