အခန်း (၂၅) မိန်းမတို့၏ နှုတ်ထွက်စကားများ
Viewers 2k

"နောက်ခန်းက ခေါင်းဆောင်တွေအတွက်ပဲ၊ လူနှစ်ယောက်တည်း ရှိတဲ့အခါကျရင် မင်းရဲ့သူငယ်ချင်းဘေးမှာ ထိုင်ဖို့ မှတ်ထားပါ"


"ဒါက အခြေခံယဉ်ကျေးမှုပဲ" 


ဟု ရှယန်က ကားမောင်းသူနေရာတွင် ထိုင်ရင်း နောက်ကြည့်မှန်မှတစ်ဆင့် ကျန်းရှောင်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။


ကျန်းရှောင်က ပခုံးတွန့်ပြကာ ကားတံခါးဖွင့်၍ ဆင်းလိုက်၏။


ထို့နောက် ရှေ့ခန်းခရီးသည်နေရာသို့ ဝင်ထိုင်လိုက်ပြီး "ကျွန်တော်တို့က တစ်ယောက်နဲ့တစ်ယောက် သိပ်လိုက်ဖက်လွန်းနေပြီ"


"တခြားလူတွေက ကျွန်တော်တို့ကို ရည်စားတွေလို့တောင် ထင်သွားကြဦးမယ်" ဟု ဆိုလိုက်သည်။


ရှယန် တစ်ခဏမျှ ဆွံ့အသွားပြီး စကားမပြောနိုင်ဖြစ်သွားသည်။ 


ခဏကြာ တိတ်ဆိတ်သွားပြီးနောက် သူမက "ငါတို့က လိုက်ဖက်တယ် ဟုတ်လား" ဟု ဟောက်လိုက်တော့သည်။


ကျန်းရှောင်၏ အေးဆေးလွန်းလှသော ပုံစံမှာ စကားနားမထောင်သည့် ရည်စားဖြစ်သူကို ပြောနေသည့်အတိုင်းပင်။


"သိပါတယ်၊ အဲဒီလောက် အသံကျယ်စရာမလိုပါဘူး"


ရှယန်မှာ အံ့အားသင့်လွန်းသဖြင့် ရင်ထဲမှနေ၍ သူ့ကို တနင့်တပိုး ဆဲဆိုနေမိတော့၏။


အနက်ရောင် Land Rover ကားကြီးသည် လမ်းတစ်လျှောက် ဟိန်းဟောက်မောင်းနှင်လာပြီး မကြာမီမှာပင် ကျန့်နန်ကျေးရွာသို့ ရောက်ရှိလာသည်။ 


လမ်းခရီးတွင် ကျန်းရှောင်မှာ သူမက ကားပေါ်မှ ကန်ချလိုက်မည်ကို စိုးရိမ်သဖြင့် ထပ်မံ၍ နောက်ပြောင်ခြင်း မပြုရဲတော့ပေ။


ကျန်းရှောင် အံ့သြသွားရသည်မှာ ရှယန်သည် ဟန်ကျန်းရွှယ်ကို ခေါ်မလာရုံတင်မကဘဲ ယခုတစ်ခေါက်တွင် အဖွဲ့အစည်းမှ စစ်သားများကိုလည်း ငှားရမ်းခြင်း မပြုခဲ့ပေ။


သာမန်အခြေအနေအရဆိုလျှင် ၎င်းကို ခွင့်ပြုမည်မဟုတ်ပေ။


နိုးထသူများ၏ လုံခြုံရေးကို အာမခံရန်နှင့် ၎င်းတို့ကို စောင့်ကြည့်ရန်အတွက် နယ်မြေထဲသို့ သွားရောက်သည့် နိုးထလာသူများအနေဖြင့် လမ်းပြနှင့် သက်တော်စောင့်အဖြစ် ဆောင်ရွက်ပေးမည့် စစ်သားတစ်ဦးကို မဖြစ်မနေ ခေါ်ဆောင်သွားရလေ့ရှိ၏။


သို့သော် ယခုတစ်ကြိမ်တွင် နှင်းပြင်ထဲသို့ သူတို့နှစ်ဦးတည်းသာ ဝင်ရောက်ခဲ့ကြသည်။ 


ရှယန်က အစွမ်းထက်လွန်း၍လား သို့မဟုတ် သူမက ပိုက်ဆံအများကြီး သုံးလိုက်ခြင်းကြောင့်လားဆိုသည်ကို ကျန်းရှောင် မသိနိုင်ပေ။


ကျန်းရှောင် ဘာမှမပြောရဲသော်လည်း သူတို့နှစ်ယောက်တည်းနှင့် နှင်းပြင်ထဲသို့ ဝင်ခြင်းမှာ သေမင်းကို သွားဖိတ်ခေါ်နေသကဲ့သို့ ခံစားနေရသည်။


သို့သော် ရှယန် နှင့် ဟန်ကျန်းရွှယ်တို့၏ ဆက်ဆံရေး၊ ရှယန်၏ စိတ်ရင်းစေတနာကောင်းမှုတို့ကြောင့် သူမအနေဖြင့် ကျန်းရှောင်ကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ရန် အကြောင်းရင်းမရှိပေ။


ဤအချက်ကို စဉ်းစားမိသောအခါ ကျန်းရှောင်မှာ စိတ်ချရမလား စိတ်ပူရမလား မဝေခွဲနိုင်ဖြစ်နေရ၏။


ကံကောင်းသည်မှာ ရှယန်ကလည်း သူတို့ ယခင်က ကြုံတွေ့ခဲ့ရသည့် အခြေအနေမှာ ထူးခြားဖြစ်စဉ်တစ်ခုသာဖြစ်ကြောင်း ရှင်းပြခဲ့သည်။ 


ယေဘုယျအားဖြင့် ဘီလူးဖြူစုန်းမ နှင့် တွေ့ဆုံရန် အခွင့်အလမ်းမှာ အလွန်နည်းပါးပြီး ထိုမျှကြီးမားသော တစ်ကောင်နှင့် တွေ့ဆုံရန်မှာ ပို၍ပင် ခဲယဉ်းလှခြင်း။


အခြေခံအားဖြင့် ဘီလူးဖြူများသည် အုပ်စုလိုက်နေထိုင်သော သတ္တဝါများမဟုတ်ကြပေ။ 


၎င်းတို့သည် သဘာဝအလျောက် အမဲလိုက်သတ္တဝါများဖြစ်ကြပြီး ကြောက်စရာကောင်းသည်မှာ ၎င်းတို့၏ သားကောင်မှာ မိမိတို့၏ အမျိုးအနွယ်များပင် ဖြစ်နေခြင်းဖြစ်သည်။


နှင်းပြင်ထဲတွင် ဘီလူးဖြူအုပ်စုလိုက်ကို တွေ့ရှိရလျှင် ၎င်းတို့မှာ ဘီလူးဖြူစုန်းမက စုစည်းထားခြင်းဖြစ်စေ၊ သို့မဟုတ် အမဲလိုက်သတ္တဝါများကို နှိမ်နင်းထားနိုင်သည့် အစွမ်းထက်သော တစ်ဦးတစ်ယောက် အုပ်စုထဲတွင် ရှိနေခြင်းကြောင့်ဖြစ်စေ ဖြစ်ရမည်။


အတိုချုပ်ပြောရလျှင် အဆင့်အတန်းကွာခြားမှုကြောင့် အုပ်ချုပ်ခံထားရခြင်း။


သို့သော် ကိစ္စအတော်များများတွင် ဘီလူးဖြူများသည် တစ်ကောင်တည်းသာ သွားလာလှုပ်ရှားတတ်ကြသည်။


ဘီလူးဖြူများသည် ကမ္ဘာပေါ်ရှိ နို့တိုက်သတ္တဝါများနှင့် ဆင်တူသော ထူးဆန်းသည့် သတ္တဝါများဖြစ်ကြပြီး ခွန်အားနှင့် တက်ကြွမှု အပြည့်ရှိကာ အမြဲတမ်းလိုလို မိတ်လိုက်လိုစိတ် ပြင်းထန်နေတတ်ကြသည်။


သာမန်အခြေအနေတွင် အမ ဘီလူးဖြူများသည် သားဖွားချိန်အထိ အထီးများကို ကန်ထုတ်ထားလေ့ရှိပြီး ထို့နောက်တွင် သားသမီးများကို တစ်ဦးတည်း ကျွေးမွေးပြုစုတတ်ကြသည်။


မိခင်စိတ်ကြောင့် အမ ဘီလူးဖြူများသည် မိမိတို့၏ ရင်သွေးများကို သတ်ဖြတ်လိုစိတ်ကို ထိန်းချုပ်ထားနိုင်ကြသည်။ 


သို့သော် ဖခင်များမှာမူ အတော်ပင် ဆိုးသွမ်းကြသည်။ 


ဗိုက်ဆာလာသည့်အခါ အထီး ဘီလူးဖြူများသည် ၎င်းတို့၏ ရင်သွေးများကိုသာမက ၎င်းတို့၏ အဖော်များကိုပါ ဝါးမြိုပစ်တတ်ကြသည်။


အမ ဘီလူးဖြူများကလည်း ၎င်းတို့၏ သားသမီးများကို စားတတ်ကြသည်မှာ အမှန်ပင်။ 


ယေဘုယျအားဖြင့် ၎င်းတို့သည် ဉာဏ်ရည်နိမ့်ပါးပြီး သတ်ဖြတ်လိုသော မျိုးဗီဇများ ပါရှိနေကြသည်။ 


တစ်ခါတစ်ရံတွင် မိခင်စိတ်သည် သွေးဆာမှုကို မအောင်နိုင်သည့်အခါမျိုးလည်း ရှိတတ်၏။


ကံကောင်းသည်မှာ ၎င်းတို့တွင် သားဖွားနှုန်း မြင့်မားခြင်းပင်ဖြစ်သည်။ 


မဟုတ်ပါက ဘီလူးဖြူများသည် မျိုးတုံးသွားသည်အထိ တစ်ကောင်နှင့်တစ်ကောင် သတ်ဖြတ်နေကြပေလိမ့်မည်။


လူသားများသည် အချို့သော ဖြစ်စဉ်များကို ၎င်းတို့၏ လူမှုရေးသီအိုရီများဖြင့် ရှင်းပြနိုင်ကြသည်။ 


မည်သို့ပင်ဆိုစေ ၎င်းမှာ အခြားနယ်ပယ်တစ်ခုမှ လျှို့ဝှက်ဆန်းပြားသော ကမ္ဘာတစ်ခုဖြစ်ပြီး အရာများစွာကို ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်ပေ။ 


ထိုနေရာရှိ မျိုးစိတ်များမှာ အလွန်ထူးခြားပြီး တစ်သီးပုဂ္ဂလဆန်လှ၏။


ထို့ကြောင့် ၎င်းတို့သည် ပြီးပြည့်စုံသော ဇီဝကွင်းဆက်တစ်ခုကို မဖန်တီးနိုင်ကြဟု ထင်ရသည်။


မူလအကြောင်းအရာသို့ ပြန်သွားရသော်...


ကျန်းရှောင်သည် အဖြူရောင် စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး အပြာရောင် နှင်းလျှောစီး မျက်မှန်ကို တပ်ကာ စစ်သုံး ကျောပိုးအိတ်ကို လွယ်ထားသည်။ 


ထို့နောက် ရှယန်နောက်မှ လိုက်၍ နှင်းပြင်ထဲသို့ ဝင်ခဲ့သည်။


ရှယန်မှာလည်း အလားတူ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ကျောတွင် နှစ်မီတာရှည်သော ဓားကြီးကို လွယ်ကာ ရှေ့ဆုံးမှ ဦးဆောင်သွားသည်။


ကျန်းရှောင်မှာ ဤမှော်ဆန်သော ကမ္ဘာထဲသို့ ပထမဆုံး ခြေချစဉ်က တစ်ဘဝစာလောက် ကြာသွားခဲ့ပြီဟု ခံစားမိ၏။


မှိန်ဖျဖျ ကြယ်ရောင်ကောင်းကင်အောက်ရှိ နှင်းများဖုံးလွှမ်းနေသော ကမ္ဘာမှာ အရင်အတိုင်းပင်။ 


ကောင်းကင်၏ အစွန်အဖျားတွင် Aurora ကဲ့သို့ အိပ်မက်ဆန်ဆန် လှပနေ၏။


သူ့ရှေ့က မြင်ကွင်းမှာ ခန့်ညားထည်ဝါပြီး ပန်းချီကားတစ်ချပ်ကဲ့သို့ လှပကာ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်ကားများထက်ပင် ပို၍ စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။


"ဒီခရီးစဉ်ရဲ့ မစ်ရှင်က ဘာလဲ၊ ကျွန်တော့်ရဲ့ ဒီတစ်ပတ်အတွင်း တိုးတက်မှုကို စမ်းသပ်ဖို့လား"


ဟု ကျန်းရှောင်က ရှယန်နောက်မှ လိုက်ရင်း မေးလိုက်သည်။


ယခင်တစ်ခေါက်နှင့် နှိုင်းယှဉ်လျှင် ယခုရာသီဥတုမှာ အဆပေါင်းများစွာ ပိုကောင်းနေသည်။ 


လေတိုက်သံများ မရှိဘဲ အလွန်တိတ်ဆိတ်နေခြင်း။


လမ်းခရီးတွင် ရှယန်၏ ခြေလှမ်းများကြောင့် နှင်းများပေါ်မှ တကျွတ်ကျွတ်အသံများ ထွက်ပေါ်နေသော်လည်း ၎င်းမှာ နားထောင်လို့ ကောင်းလှ၏။


ရှယန်က "အဲဒီလိုပဲ ပြောရမှာပေါ့" ဟု ဆိုသည်။


ကျန်းရှောင်က သူမ၏သဘောထားကို စမ်းကြည့်သည့်အနေဖြင့် "အစ်မက သိပ်ပြီး စိတ်အားထက်သန်လွန်းနေတာ မဟုတ်ဘူးလား"


"ကျွန်တော်က တစ်ပတ်ပဲ လေ့ကျင့်ရသေးတာ၊ အခြေခံ လှုပ်ရှားမှု တချို့ပဲ တတ်သေးတယ်လေ" 


"မင်းရဲ့ အခြေခံကျွမ်းကျင်မှုတွေက အရမ်းကောင်းတယ်လို့ ငါထင်တယ်"


"ငါ မင်းအရွယ်တုန်းကထက်တောင် ပိုကောင်းနေသေးတယ်၊ သိပ်ပြီး နှိမ့်ချမနေပါနဲ့" 


ရှယန်က ကျန်းရှောင်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။ 


တောက်ပနေသော ကြယ်တာရာများနှင့် အပြိုင် သူမ၏ လှပသော မျက်ဝန်းများမှာလည်း တောက်ပနေသည်။


"အင်း..." 


ကျန်းရှောင် ခဏမျှ တွန့်ဆုတ်သွားသည်။ 


ဖြစ်နိုင်သည်မှာ သူ့အတွင်းက ကြယ်တာရာမြေပုံ ကြောင့် ဖြစ်လိမ့်မည်။ 


သူ၏ လက်ဗလာတိုက်ခိုက်မှုမှာ ကြေးဝါအဆင့် ၅ သာ ရှိသေးသော်လည်း သူ၏ လှုပ်ရှားမှုများကို အလွန်ကောင်းမွန်စွာ ထိန်းချုပ်နိုင်နေပြီ။


"အများကြီး သင်ယူပြီးတဲ့နောက်မှာတော့ မင်းရဲ့ အသိပညာတွေကို လက်တွေ့အသုံးချပြီး စမ်းသပ်ကြည့်ဖို့ လိုတာပေါ့" 


ရှယန်က ရှေ့သို့လှမ်းရင်း ဆရာတစ်ယောက်

ကဲ့သို့ ပြောလာ၏။


"ဒီမတိုင်ခင်က မင်းက ဘာမှမသိတဲ့ လူသစ်

တစ်ယောက်ပဲ"


"အသိပညာမရှိဘဲနဲ့ ဒီကိုလာပြီး လက်တွေ့စမ်းသပ်နေဖို့ အကြောင်းမရှိဘူး"


ရှယန်က ကျန်းရှောင်၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။


"ဒါပေမဲ့ အခုတော့ မတူတော့ဘူး...ငါက မင်းကို တစ်လလောက် ကြာမယ်လို့ ထင်ထားတာကို မင်းက တစ်ပတ်အတွင်းမှာပဲ ငါပေးတဲ့ အလုပ်တွေကို ပြီးအောင် လုပ်နိုင်ခဲ့တယ်"


"မင်းက ဒီကိုလာဖို့ အရည်အချင်းရော အသိပညာပါ ပြည့်စုံနေပြီ"


ကျန်းရှောင် တိတ်ဆိတ်နေလိုက်သည်။ 


သူမ တစ်ခုခု ဆက်ပြောဦးမည်ကို သူသိ၏။


"လေ့ကျင့်တာက လေ့ကျင့်တာပဲ၊ လေကျင်းက မင်းကို အနိုင်ရချင်တဲ့ ဖိအားပဲ ပေးနိုင်လိမ့်မယ်၊ ဒါပေမဲ့ ဘီလူးဖြူတွေကတော့ မင်းကို သေခြင်းနဲ့ ရှင်ခြင်းကြားက ဖိအားကို ပေးလိမ့်မယ်" 


ဟု ရှယန်က တိုးတိုးလေး ဆက်ပြောသည်။


"သားရဲစစ်စစ်ဆိုတာ လေ့ကျင့်ရုံနဲ့ ဖြစ်မလာဘူး၊ သတ်ဖြတ်မှုတွေ အများကြီး လိုအပ်တယ်"


"မင်းက မင်းအစ်မ ထင်ထားတာထက် ပိုပြီး အလားအလာရှိပြီး ဇွဲရှိတယ်"


"ခုနစ်ရက်အတွင်း မင်းရဲ့ ပြောင်းလဲမှုကို ငါကိုယ်တိုင် တွေ့ခဲ့ရတာ"


"အခုပြန်စဉ်းစားရင်တောင် မဖြစ်နိုင်ဘူးလို့ ထင်ရပေမဲ့ မင်းတကယ် လုပ်နိုင်ခဲ့တယ်" 


ရှယန်၏ စကားများကြောင့် ကျန်းရှောင်၏ ရင်ထဲ အေးစက်သွားသည်။


သူ စဉ်းစားမိသည်မှာ 'ငါ့ရဲ့ စွမ်းရည်တွေကို အများကြီး ပြမိသွားပြီလား'


'ငါ နည်းနည်း လျှို့ဝှက်ထားသင့်တယ်'


"မင်းရဲ့ အခြေခံလှုပ်ရှားမှုတွေက တကယ့်ကို အထင်ကြီးစရာပဲ"


"ပြီးတော့ မင်းက တကယ့် ပါရမီရှင် တစ်

ယောက်ပဲ..."


"ဒါပေမဲ့ ကြယ်တာရာ နေရာ ၉ ခုတည်း ရှိတာကတော့..." 


ရှယန်က အံ့သြသလိုလိုနှင့် သနားစရာကောင်းသလို နှမြောတသသံဖြင့် ပြောလိုက်၏။


"နောက်ထပ် ၁၀ ရက်လုံးလုံး ငါတို့နှစ်ယောက် ဒီမှာနေကြမယ်" 


ရှယန် ရှေ့သို့ဆက်လျှောက်ရင်း လေထဲတွင် လွင့်ထူထားပြီး ရဲရဲတောက်နေသော ကြယ်များပါသည့် အလံနီကို တွေ့လိုက်သည်။ 


သူမက ကျန်းရှောင်၏ ပခုံးကို ဖက်လိုက်ပြီး ခေါင်းကို လှည့်ခိုင်းလိုက်သည်။


"ငါတို့ ဒီနှင်းတောထဲမှာ အသက်ရှင်သန်နိုင်အောင် ကြိုးစားကြမယ်"


ကျန်းရှောင် ဆွံ့အသွားသည်။


ရှယန်က ပြုံးကာ "အဲဒီစခန်းကို ကြည့်မနေနဲ့၊ ငါတို့ အဲဒီထဲကို လုံးဝ ဝင်မှာမဟုတ်ဘူး" ဟု ဆိုသည်။


ကျန်းရှောင် ခြေလှမ်းရပ်လိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် "ဒီအလုပ်က နောက်တစ်လလောက်နေမှ ကျွန်တော့်အတွက် ပိုသင့်တော်မယ်ထင်တယ်" ဟု ပြောလိုက်သည်။


"မဟုတ်ဘူး" ရှယန်က ခေါင်းခါပြကာ ပြုံးလျက် ပြောသည်။


"၁၀ ရက်ကြာပြီးရင် မင်း ကျောင်းရဲ့ နောက်ဆုံးအဆင့် စစ်ရေးလေ့ကျင့်မှုကို ပြန်သွားရမယ်"


"၁၀ ရက်ကနေ ၁၅ ရက်အတွင်းမှာ မင်းက တစ်ကျောင်းလုံးမှာ အတော်ဆုံးသူအဖြစ် တောက်ပလာလိမ့်မယ်"


"အဲဒီကျရင် မင်း ငါ့အဖွဲ့ထဲကို ဝင်ရမယ်"


ကျန်းရှောင် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် "ရှယန်၊ မမ ကျွန်တော့်အတွက် လုပ်ပေးခဲ့သမျှ အားလုံးကို ကျေးဇူးတင်ပါတယ်"


"ဒါပေမဲ့ ကျွန်တော်က အထက်တန်းကျောင်း ပထမနှစ်ပဲ ရှိသေးတယ်၊ ခန္ဓာကိုယ်ကလည်း အခုမှ ကြီးထွားလာကာစပဲ"


"ကျွန်တော့်ရဲ့ ကြယ်တာရာ စွမ်းအားကလည်း အားနည်းသေးပြီး ကန့်သတ်ချက် ရှိသေးတယ်"


"မင်းတို့လို တတိယနှစ် စီနီယာတွေနဲ့ မစ်ရှင်သွားဖို့ဆိုတာ မဖြစ်နိုင်သေးဘူး..."


"ငါ တစ်မျိုး ပြန်ပြောမယ်" ရှယန်က ကြားဖြတ်ပြောလိုက်သည်။


"မင်းက မင်းအစ်မရဲ့ အဖွဲ့ထဲကို ဝင်ရမှာ၊ သူမက အကူအညီပေးမယ့် အဖွဲ့ဝင်တစ်ယောက် လိုအပ်နေတာ"


"ဆေးပညာဆိုင်ရာ နိုးထသူတွေက ဘယ်လောက် ရှားပါးတယ်၊ အဖွဲ့တစ်ခုအတွက် ဆေးဘက်ဆိုင်ရာ အကူအညီက ဘယ်လောက် အရေးကြီးတယ်ဆိုတာ မင်းသိမှာပါ"


ကျန်းရှောင်မှာ ဗျာများသွားပြီး "ကျွန်တော်က ကြေးဝါအဆင့် ကောင်းချီးပေးခြင်း ကြယ်တာရာ အတတ်ပညာလေးပဲ ရှိတဲ့ လူငယ်လေးတစ်

ယောက်ပါ"


"ကျွန်တော်က လူအ မဟုတ်ပါဘူး၊ မင်းတို့ရဲ့ စွမ်းရည်တွေကို ကျွန်တော် တွေ့ဖူးပါတယ်"


"မြောက်ကျန်းပြည်နယ်မှာရှိတဲ့ ဘယ်အထက်တန်းကျောင်းသားမှ မင်းတို့နဲ့ မယှဉ်နိုင်ဘူးလို့ ကျွန်တော် လောင်းရဲတယ်"


"ကျွန်တော်က မင်းနဲ့ တစ်ချီတောင် ခံမှာမဟုတ်ဘူး" ဟု ပြောလိုက်သည်။


"မင်းမှာ အခြေခံ ဆေးဘက်ဆိုင်ရာ ကြယ်တာရာ အတတ်ပညာရှိတယ်ဆိုတာကပဲ မင်းမှာ အလားအလာရှိတယ်ဆိုတာ သက်သေပြနေတာပဲ"


"အရည်အသွေးမြင့်တဲ့ ဆေးဘက်ဆိုင်ရာ ကြယ်တာရာ အတတ်ပညာ ရအောင်တော့ ငါ့ကိုပဲ လွှတ်ထားလိုက်" 


ရှယန်က ခေါင်းခါရင်း ကျန်းရှောင်၏ အမြင်ကို ငြင်းလိုက်၏။


"ဆေးဘက်ဆိုင်ရာ နိုးထလာသူတွေက တခြားသူတွေနဲ့ မတူဘူး"


"မင်း တခြားသူတွေနဲ့ တိုက်ခိုက်စရာ မလိုဘူး၊ ဘာလို့လဲဆိုတော့ မင်းအနားကို ဘယ်သူမှ မကပ်နိုင်အောင် ငါ ကာကွယ်ပေးမှာမို့လို့ပဲ"


'ဒါက ဘာလို့ ဒီလောက် ရင်ခုန်စရာ ကောင်းနေတာလဲ'


ရှယန်ကို စိုက်ကြည့်ရင်း သူ့အတွက် အများကြီး လုပ်ပေးခဲ့တဲ့ ဟန်ကျန်းရွှယ်ကို စဉ်းစားကာ ကျန်းရှောင်မှာ နောက်ဆုံးတွင် သက်ပြင်းချလိုက်ရတော့သည်။


"ကျွန်တော့်မှာ အခြေအနေတစ်ခု ရှိတယ်"


ရှယန်က "ဟင်...ပြောလေ"


ကျန်းရှောင်က "ကျွန်တော်တို့ သတ်လိုက်တဲ့ ဘီလူးဖြူတွေဆီက ရတဲ့ ကြယ်တာရာ ပုတီးစေ့ အားလုံးကို ၈၀:၂၀ ခွဲမယ်"


"ကျွန်တော်က ၈၀ ရာခိုင်နှုန်း ယူမယ်၊ အစ်မက ၂၀ ရာခိုင်နှုန်း ယူ" ဟု ပြောလိုက်သည်။


ရှယန်က ပြန်ချေပသည်။


"ငါ ၂၀ မလိုဘူး၊ ၁၀ ရာခိုင်နှုန်းပဲ ယူမယ်"


ကျန်းရှောင် ရယ်မောကာ "ဒါ အစ်မ ပြောတာနော်" ဟု ဆိုလိုက်သည်။


ရှယန်က ပြုံးလျက် "ဒါနဲ့ နားမလည်မလွဲနဲ့ဦး၊ ငါက မင်းနဲ့အတူ ရန်သူကို ဝိုင်းသတ်မှာမဟုတ်ဘူး"


"ငါက မင်းကို ကာကွယ်ပေးဖို့ပဲ ဒီမှာရှိနေတာ" ဟု ပြောသည်။


ကျန်းရှောင် ဆွံ့အသွားရပြန်သည်။


'စောစောလေးတင်ပဲ ဘယ်သူမှ အနားမကပ်စေရဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား'


'အဲဒါကို အခုချက်ချင်း မေ့သွားတာလား'


'မိန်းမတွေဆိုတာ တကယ်ကို လိမ်လည်လှည့်ဖြားတတ်တဲ့ သတ္တဝါတွေပဲ'