အခန်း (၅၆) မာနတရားနှင့် စစ်မှန်သော တရားမျှတမှု
Viewers 2k

ညစာစားချိန်တွင် ကျန်းရှောင်သည် ရှေ့ဆောင်ကာ တံတိုင်းကိုကျော်၍ သူ၏အသင်းဖော်များနှင့်အတူ အပြင်သို့ ခိုးထွက်ခဲ့၏။


ညစာစားချိန်မှာ နှစ်နာရီကြာမြင့်ပြီး ညဘက်

စာသင်ချိန်မှာ ညနေ ၆:၃၀ မှသာ စတင်မည်

ဖြစ်သည်။ 


ထို့ကြောင့် အပြင်တွင် အေးအေးလူလူ စားသောက်ရန် လုံလောက်သော အချိန်ရှိသည်။


ထို့အပြင် ကျန်းရှောင်သည် သတင်းကောင်းကို မကြေညာမီ သူတို့ကို ထမင်းတစ်နပ် ကျွေးမွေးထားခြင်းက ပိုကောင်းလိမ့်မည်ဟု ခံစားရသည်။ 


ထို့ကြောင့် သူသည် နှမြောတသဖြစ်နေသော စိတ်ကို အောင့်အည်းကာ အိတ်ကပ်ထဲရှိ ယွမ် ၃၀၀ ကို စစ်ဆေးကြည့်ပြီး ဤမျှလောက်ဆိုလျှင် တောင့်ခံနိုင်ပါသေးသည်ဟု တွေးလိုက်၏။


ကျောင်းတံခါးအနီးရှိ လမ်းကြားထဲတွင် ဆိုင်ခန်းများစွာရှိပြီး ဟင်းချက်သည့် မီးခိုးနံ့များမှာလည်း တော်တော်လေး စွဲနေသည်။ 


ထိုနေရာတွင် စစ်စိမ်းရောင် ယူနီဖောင်းများ ဝတ်ဆင်ထားသည့် ကျောင်းသားလေးများစွာ သွားလာနေကြသည်။ 


ကျန်းရှောင် ခန့်မှန်းကြည့်ရသလောက် သူတို့သည် ကျောင်းထမင်းစားဆောင်မှ အစားအစာများကို ငြီးငွေ့နေကြပြီး အသစ်အဆန်းတစ်ခုခုကို မြည်းစမ်းကြည့်ချင်နေကြခြင်း ဖြစ်ပေလိမ့်မည်။


ကျန်းရှောင်သည် သီးသန့်ခန်းမရှိသော မိမိဘာသာ ဝန်ဆောင်မှုပေးသည့် ဟော့ပေါ့ဘူဖေးဆိုင်တစ်ဆိုင်ကို ရှာတွေ့ခဲ့သည်။ 


ထိုဆိုင်တွင် သီးသန့်ခန်းများ မရှိသော်လည်း ခန်းမအကြီးထဲ၌ စုံတွဲများအတွက် သင့်တော်သည့် စားပွဲငယ် ဆယ်လုံးကျော်ရှိသည်။


သူသည် ဆိုင်ရှင်ကို စားပွဲနှစ်လုံး ဆက်ပေးရန် ပြောလိုက်ပြီး သူ၏ အသင်းဖော်များကို ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။ 


ဟော့ပေါ့ဘူဖေးမှာ တစ်ဦးလျှင် ၃၈ ယွမ် ကျသင့်သည်။ 


ထိုဈေးနှုန်းကို သိလိုက်ရသောကြောင့် ကျန်းရှောင်မှာ အနည်းငယ် ယုံကြည်မှု ရှိသွားသည်။ 


ယွမ် ၃၀၀ ဆိုလျှင် လူငါးယောက်အတွက် လုံလောက်ပေမည်။


"ဟေ့ လူလေး... မင်း ဘာသတင်း ကြေညာမလို့လဲ"


"ငါတို့ကို ဟော့ပေါ့တောင် ကျွေးနေသေးတယ်"


"ငါတို့တောင် အားနာလာပြီ" ဟု ကျူဝူက ရယ်မောရင်း ပြောလိုက်သည်။ 


ထို့နောက် သူက ဆက်လက်၍ "ကောင်းကျွင်းချန် အကြောင်းလား၊ သူ့ကို ကိုင်တွယ်ဖို့ ငါ့ကိုသာ လွှတ်လိုက်"


"ငါတို့ ခံစစ်ချည်းပဲ ပြင်နေလို့ မရဘူး၊ တစ်ခါတလေကျရင် ငါတို့ဘက်ကနေ စပြီး တိုက်ခိုက်ပြီး သူ့ကို အခက်တွေ့အောင် လုပ်ရမယ်" ဟု ဆိုသည်။


"မလုပ်ပါနဲ့ဦး၊ ပြိုင်ပွဲက နောက်သုံးရက်ဆို စတော့မှာ"


"ဘေးကင်းကင်းနဲ့ ဆုကို ရပြီးမှပဲ ဆုံးဖြတ်ကြတာပေါ့" ဟု ကျန်းရှောင်က ကျူဝူနောက်မှ လိုက်ရင်း ပြောလိုက်သည်။


"ကြည့်မနေကြနဲ့တော့၊ အစားအစာတွေချက်ပြီး စားကြစို့" ဟု သူက လူတိုင်းကို မြန်မြန်ပြောလိုက်သည်။ 


ဘူဖေးဖြစ်သည့်အတွက် စားချင်တာကို စိတ်ကြိုက်ယူနိုင်သည်။ 


ဆိုင်ရှင်ကို အားနာနေစရာ မလိုပေ။


"အို... ဒါ ဆရာဝန်လေး မဟုတ်လား" ဟု ကျန်းရှောင်ကို အံ့အားသင့်သွားစေသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ 


မနက်ပိုင်းက သူနှင့် တွေ့ခဲ့သည့် ကတုံးဆံပင်ပေါက်နှင့် လူငယ်များမှာ သူ၏ ထံသို့ အသီးသီး လျှောက်လာကြသည်။


"မင်းတို့ ဒဏ်ရာတွေ ပျောက်ကုန်ပြီလား" ဟု ကျန်းရှောင်က နားမလည်နိုင်စွာ မေးလိုက်သည်။


"ငါတို့မှာ ဒဏ်ရာမရှိပါဘူး"


"မင်းရဲ့ ကုသပေးမှုက တကယ့်ကို အံ့သြစရာပဲ" ဟု ကတုံးဆံပင်ပေါက်နှင့် လူငယ်က ခြေထောက်ကို နည်းနည်း ထော့နင်းထော့နင်း လုပ်ရင်း ပြောလိုက်သည်။


ကျန်းရှောင်မှာ ဘာပြန်ပြောရမှန်း မသိတော့ပေ။ 


တကယ်တမ်းတွင် သူ၏ ပထမဆုံးပစ်မှတ် ဖြစ်သော ထိုကတုံးဆံပင်ပေါက် လူငယ်ကို သူ အနည်းငယ် ပြင်းပြင်းထန်ထန် ကိုင်တွယ်ခဲ့မိသည်။ 


အကြောင်းမှာ မနက်ပိုင်းက ကျူဝမ် နှင့် လေ့ကျင့်စဉ်တွင် ကျူဝမ်က သူ့ကို တော်တော်လေး နှိပ်စက်ခဲ့သောကြောင့် ဖြစ်၏။


ကျူဝမ်သည် အခန်း (၂) မှ အဖွဲ့ဝင်တစ်ဦးသာ ဖြစ်သော်လည်း ကျန်းရှောင်ကို ပစ္စည်းသိုလှောင်ခန်းထဲသို့ တွန်းပို့ခဲ့သော ကျောင်းသားများမှာ အခန်း (၁) မှ ဖြစ်သဖြင့် သူတို့က ပိုသန်မာမည်ဟု ကျန်းရှောင်က တွေးထားခဲ့ခြင်း ဖြစ်သည်။


ထို့ကြောင့် ကျန်းရှောင်သည် သူ၏ ဒုတိယမြောက် ပစ်မှတ်ဖြစ်သော ပိန်ပိန်ပါးပါး လူငယ်ကို မေးရိုးကို တည့်တည့်ထိုးကာ သတိလစ်သွားအောင် ပို၍ ရက်စက်ခဲ့သည်။ 


သို့သော် တတိယမြောက်လူကို ကိုင်တွယ်သည့် အချိန်၌မူ ဤကျောင်းသားများမှာ သူထင်သလောက် မသန်မာကြောင်း ကျန်းရှောင် သဘောပေါက်သွား၏။


သူ နည်းလမ်းမှားသွားခဲ့ခြင်းပင်။


စွမ်းရည် ရှိခြင်းသည် တိုက်ခိုက်ရေးစွမ်းအား ရှိခြင်းနှင့် မတူညီပေ။


ကျန်းရှောင်သည် ဆေးပညာကြယ်တာရာ အတတ်ပညာရှိသောကြောင့်သာ ရဲရဲဝံ့ဝံ့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ 


ထို့ကြောင့်လည်း ဒဏ်ရာရထားသော ကတုံးဆံပင်ပေါက်လူငယ်မှာ ခြေထောက်တစ်ဖက် မသန်သော်လည်း လမ်းလျှောက်နိုင်နေခြင်း ဖြစ်၏။


အားလုံးမှာ ကျန်းရှောင်၏ ကုသမှုကြောင့်ပင်။ 


အိတ်ဆောင်ဓားနှင့် ပတ်သက်၍လည်း ကျန်းရှောင်မှာ ခြောက်လှန့်ရန်သာ ရည်ရွယ်ခြင်းဖြစ်ပြီး သတ်ပစ်ရန် ဆန္ဒမရှိခဲ့ပေ။


"မင်းတို့လည်း တံတိုင်းကျော်လာတာလား" ဟု ကျန်းရှောင်က ထူးဆန်းသော အမူအရာဖြင့် မေးလိုက်သည်။


"တံတိုင်းကျော်တာ မဟုတ်ပါဘူး၊ ခွင့်တိုင်ခဲ့တာပါ"


"သူငယ်ချင်းတွေနဲ့ လေ့ကျင့်ရင်း လက်လွန်သွားလို့ အကြောပြတ်သွားတယ်လို့ ပြောလိုက်တယ်"


"ကံကြမ္မာကြောင့် ငါတို့ ပြန်ဆုံတာပဲ၊ ဒီနေ့ ထမင်းဖိုးကို ငါ ရှင်းပါရစေ" ဟု ကတုံးဆံပင်ပေါက် လူငယ်က ပြုံးလျက် ပြောသည်။


ကျန်းရှောင်၏ အဖွဲ့ဝင်များမှာမူ ဤလူငယ်များသည် မနက်ပိုင်းက ကျန်းရှောင်၏ အရိုက်ခံခဲ့ရသူများ ဖြစ်ကြောင်း သိကြသော်လည်း အခြေအနေက ဤကဲ့သို့ ပြောင်းလဲသွားလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။


"ဘာအတွက်လဲ၊ ဖယ်စမ်းပါ၊ ကိုယ့်နာမည်ကောင်းပြန်ရအောင် ဖားတာမျိုးကို ငါ လက်မခံဘူး" ဟု ကျန်းရှောင်က ဂရုမစိုက်ဟန်

ဖြင့် လက်ယမ်းကာ ပြောလိုက်သည်။


"မလုပ်ပါနဲ့ ဆရာဝန်လေးရာ... ကျွန်တော်တို့က မရင့်ကျက်သေးတဲ့ လူငယ်တွေဆိုတော့ တစ်ခါတလေ မိုက်မဲတတ်ကြပါတယ်"


"ကျွန်တော်တို့လို ကလေးတွေကို အမှားလုပ်မိတာကို ခွင့်လွှတ်ပေးပြီး အမှားကနေ သင်ခန်းစာယူခွင့်ပေးပါ"


ကျွန်တော်တို့ကို လူကောင်းဖြစ်အောင် ပြုပြင်ပြောင်းလဲခွင့် ပေးပါဦး" ဟု ကတုံးဆံပင်ပေါက် လူငယ်က အသည်းအသန် တောင်းပန်သဖြင့် ကျန်းရှောင်မှာ အလွန်အံ့အားသင့်သွားသည်။


'သူ ဘာဖြစ်နေတာလဲ'


'ကလေးတွေ၊ အရွယ်မရောက်သေးသူများ' ဟု ပြောလိုက်ခြင်းက ကျန်းရှောင်ကို နောက်တစ်ချက်လောက် ထပ်ကန်ချင်စိတ် ပေါက်သွားစေသည်။


ဆံပင်တိုညှပ်ထားသော အခြားလူငယ်တစ်ဦးကလည်း ဝင်ပြောသည်။


"ဟုတ်တယ်၊ ဟုတ်တယ်၊ အခု ကျွန်တော်တို့ သဘောပေါက်သွားပါပြီ"


"ရန်ဖြစ်တာတွေ၊ ထိုးကြိတ်တာတွေက အလကားပါပဲ"


"ကိုယ့်ကိုယ်ကိုယ် မိုက်လှပြီ၊ ဟန်ကျလှပြီ ထင်နေပေမယ့် ဒုက္ခတွေနဲ့ပဲ တိုးရတတ်တာမျိုးပါ"


ကျန်းရှောင်က ပြန်မေးလိုက်သည်။


"မင်းတို့ ဘာကို ဆိုလိုတာလဲ၊ ငါက ဒုက္ခလား"


"အဲ... မဟုတ်ပါဘူး" 


ဆံပင်တိုနှင့်လူငယ်က ဆက်ပြောသည်။


"မင်းက ဒုက္ခမဟုတ်ပါဘူး၊ မင်းက နတ်ဘုရားတစ်ပါးပါ"


"မင်းက တစ်နှစ်တာလုံးမှာ တစ်ဦးတည်းသော ဆေးပညာနိုးထသူလေ"


"ဒုတိယနှစ်မှာ နှစ်ယောက်ပဲရှိပြီး တတိယနှစ်မှာ တစ်ယောက်ပဲရှိတာ"


"အဲ့ဒါကို ငါတို့က မင်းကို သွားပြီး ရန်စမိတာ၊ ငါတို့ တော်တော်လေးကို မိုက်မဲခဲ့တာပဲ မဟုတ်လား"


ကျန်းရှောင်သည် ထိုလူငယ်ကို မရယ်မောဘဲ စိုက်ကြည့်နေမိသည်။ 


ဟန်ကျန်းရွှယ်မှာ ကျန်းရှောင်၏ အစ်မဖြစ်ကြောင်း သိသွားကတည်းက သူတို့၏ သဘောထားမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်၏။


...


နောက်ဆုံးတွင် ကျန်းရှောင်သည် ထိုနှစ်

ယောက်ကို ပိုက်ဆံရှင်းခွင့် မပြုခဲ့ပေ။ 


သူတို့ကို လူကောင်းဖြစ်အောင် လမ်းညွှန်ပေးနိုင်ခဲ့ခြင်းမှာပင် ကုသိုလ်ရသည်ဟု သူ တွေးလိုက်သည်။


"မြို့ကြီးက လူတွေက တကယ်ကို မတူဘူးပဲ၊ သူတို့ စကားပြောတာတွေက တကယ်ကို ချောမွေ့လွန်းတယ်" ဟု လျှိုခယ်က မြောက်ပိုင်းလေသံ ဝဲဝဲဖြင့် ပြောလိုက်သည်။


ထိုကိစ္စငယ်လေး ပြီးသွားသောအခါ ကျန်းရှောင်က အသားများကို စားရင်း စကားလမ်းကြောင်းကို ပြန်ပြောင်းလိုက်၏။


"မနက်က မင်းတို့တွေ့ခဲ့တဲ့ မိန်းကလေး နာမည်က ဟန်ကျန်းရွှယ် တဲ့" ဟု ကျန်းရှောင်က ပြောသည်။


"အေးလေ... မင်း မပြောရင်တောင် ငါတို့က မမေးဘဲ နေမလို့ပါ"


"မင်းရဲ့ Weibo မှာ ငါတွေ့တယ်၊ မင်းတို့နှစ်

ယောက်က တော်တော်ရင်းနှီးကြတာပဲနော်"


"သူက မင်းရဲ့ သူငယ်ချင်းလား" ဟု လျှိုခယ်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။


"သူက ငါ့အစ်မပါ၊ ငါက အမေရဲ့ မျိုးရိုးနာမည်ကို ယူထားတာ" ဟု ကျန်းရှောင်က ဆိုသည်။


"ဟင်...မင်းက သူ့မောင်လား"


လျှိုခယ်က မယုံကြည်နိုင်စွာဖြင့် ကျန်းရှောင်ကို အနီးကပ်ကြည့်ရင်း မေးလိုက်သည်။ 


သို့သော် ကျန်းရှောင်နှင့် ဟန်ကျန်းရွှယ်ကြားတွင် ဆင်တူသည့် အချက်ကို သူမ မတွေ့မိပေ။


ကျန်းရှောင်က အများကြီး ရှင်းမပြတော့ဘဲ ဆက်ပြောသည်။


"ငါ ဒီကိုလာရတဲ့ ရည်ရွယ်ချက် တစ်ခုရှိတယ်၊ ဆေးပညာနိုးထသူ တစ်ယောက်က အဖွဲ့တစ်ခုအတွက် ဘယ်လောက် တန်ဖိုးရှိလဲဆိုတာ မင်းတို့ သိမှာပါ"


အစ်ကိုဖြစ်သူ ကျူဝမ်က ခေါင်းငြိမ့်ကာ "ဒါကတော့ အမှန်ပဲ" ဟု ပြောသည်။


"ငါ အလယ်တန်းကျောင်းဆင်းပွဲမှာ နိုးထလာကတည်းက ဟန်ကျန်းရွှယ်က ငါ့ကို လေ့ကျင့်ပေးနေခဲ့တာ" 


ကျန်းရှောင်က အမှန်တရား၏ တစ်ဝက်ကိုသာ ပြောပြလိုက်သည်။


"သူက ငါ့ကို သူ့အဖွဲ့ထဲ ဝင်စေချင်နေတာ"


ကျူဝူက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။ 


"မင်းက... အရည်အချင်း လုံလောက်ပုံ မရသေးဘူးနော်"


ကျန်းရှောင်က ဝန်ခံလိုက်သည်။


"တကယ်ပဲ၊ ပြဿနာက သူ့အဖွဲ့ထဲမှာ အဖွဲ့ဝင်တွေကြား ပြေလည်အောင် ဖြေရှင်းလို့မရတဲ့ ပဋိပက္ခတွေ ရှိနေတာပဲ"


"ဒါက လူတိုင်းရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတယ်"


"ဘာ...အဲဒီလို ဖြစ်နေတာလား"


ကျူဝမ်က စိတ်မကောင်းသော မျက်နှာဖြင့် မေးသည်။


ကျန်းရှောင်က ဆက်ပြောသည်။


"အဲဒါက တော်တော်လေး ရှုပ်ထွေးပါတယ်၊ ငါ အသေးစိတ် မပြောတော့ဘူး"


"အဓိကကတော့ သူက ငါ့ကို ဒီပြိုင်ပွဲမှာ ထူးထူးချွန်ချွန် ပြစေချင်တာ"


"အဲဒီကနေတစ်ဆင့် သူ့အဖွဲ့ထဲက သြဇာရှိတဲ့ လူတွေနဲ့ အဆက်အသွယ်ရပြီး ငါ့ကို တတိယနှစ်ကို တိုက်ရိုက်တက်ခွင့်ရအောင် လုပ်ပြီး သူ့အဖွဲ့ထဲ ခေါ်ဖို့ပဲ"


လျိုခယ်မှာ ဆွံ့အသွားသည်။


"အဲဒါက..."


"တတိယနှစ်မှာ အခန်း ၆ ခန်း ရှိပေမယ့် ဆေးပညာနိုးထသူ တစ်ယောက်ပဲ ရှိတယ်"


"ဒုတိယနှစ်မှာလည်း နှစ်ယောက်ပဲ ရှိတယ်၊ ငါတို့နှစ်မှာ ၈ ခန်းရှိတာတောင် အခုထိ ငါ တစ်

ယောက်ပဲ ရှိသေးတယ်"


"ဒီအသက်မွေးဝမ်းကျောင်းက ဘယ်လောက် ရှားပါးလဲဆိုတာ မင်းတို့ သိမှာပါ" ဟု ကျန်းရှောင်က ပြောလိုက်သည်။


"ရှားတာကတော့ အမှန်ပဲ၊ မင်းမှာလည်း ကျောင်းကို အထင်ကြီးအောင် လုပ်နိုင်တဲ့ အရည်အချင်း ရှိပါတယ်"


"ဒါပေမဲ့ မင်းရဲ့ စွမ်းရည်က အကန့်အသတ် ရှိနေတယ်"


"မင်း အစ်မအတွက်ပဲ အမြဲ စိတ်ပူနေလို့ မရဘူး၊ မင်း ကိုယ့်အတွက်ကိုယ်လည်း စဉ်းစားရမယ်"


"မင်းရဲ့ စွမ်းအားက မလုံလောက်သေးသလို အခြေခိုင်မှုကလည်း နည်းသေးတယ်"


"တတိယနှစ်ရောက်ရင် သီးခြားကမ္ဘာတွေကို မကြာခဏ သွားရတော့မှာ၊ မင်း..."


"ဒီကိစ္စနဲ့ ပတ်သက်ပြီး သူလည်း သူ့အစီအစဉ်နဲ့သူ ရှိမှာပါ"


"ငါတို့က မိသားစုဝင်တွေလေ၊ သူ ငါ့ကို အန္တရာယ်ဖြစ်အောင် မလုပ်ဘူးလို့ ငါယုံကြည်

တယ်"


ကျန်းရှောင်သည် သူ၏ ကြယ်တာရာ မြေပုံအကြောင်းကို အသေးစိတ် မပြောတော့ဘဲ အားနာစွာဖြင့်သာ "ငါ ပြောချင်တာက... ငါ တကယ် အောင်မြင်သွားရင် ဒီအဖွဲ့ကနေ ခွဲထွက်သွားရမှာကို စိုးရိမ်လို့ပါ"


ကျူဝမ်က ရုတ်တရက် ပြောလိုက်သည်။


"ညီလေး... အဲဒီလို မပြောပါနဲ့၊ မင်း ဒါဟာ မှန်ကန်တဲ့ လမ်းကြောင်းလို့ ထင်ရင် ဆက်လုပ်ပါ"


ကျန်းရှောင်သည် ကျူဝမ်၏ ရိုးသားသော မျက်လုံးများကို ကြည့်ကာ စိတ်လှုပ်ရှားသွားသည်။ 


အပြစ်တင်မည့်အစား အားပေးစကား ပြောလာလိမ့်မည်ဟု သူ တကယ် မထင်ထားခဲ့ပေ။


"မင်းအစ်မရဲ့ အဖွဲ့က ပိုပြီး မြင့်မားတဲ့ အလားအလာ ရှိတာ သေချာပါတယ်"


"မင်း လုပ်နိုင်မယ် ထင်ရင် လုပ်လိုက်စမ်းပါ၊ ငါ့ညီကတော့ ဘယ်သူ့ရဲ့ အနာဂတ်ကိုမှ အဟန့်အတား မလုပ်ပါဘူး"


"အခုချိန်မှာ မင်းက တကယ်ကို သန်မာနေပြီ၊ အထူးသဖြင့် မင်းရဲ့ ခေါင်းလောင်းကြယ်တာရာ အတတ်ပညာက ငါတို့အဖွဲ့အတွက် အများကြီး အထောက်အကူ ဖြစ်စေမှာပါ" ဟု ကျူဝမ်က ကျန်းရှောင်၏ ပုခုံးကို ပုတ်ရင်း ပြောသည်။


"ငါတို့အဖွဲ့ ဆုရအောင် မင်းက ကူညီပေး၊ ငါတို့က မင်း တတိယနှစ်ကို တက်နိုင်အောင် မင်းကို အစွမ်းကုန် ကူညီပေးမယ်" ဟု ကျူဝမ်က ကျူဝူကို ကြည့်ရင်း ပြောလိုက်၏။


ကျူဝူကလည်း တွေဝေမနေဘဲ ခေါင်းငြိမ့်ကာ "အစ်ကို ပြောတာ မှန်တယ်"


"မင်းသာ မရှိရင် ငါတို့ လျှိုခယ်ကိုပဲ စစ်မြေပြင် ခေါ်သွားရမှာ"


"အဲဒီကျရင် ဘယ်အဆင့် ရမလဲတောင် မသိဘူး" ဟု ဆိုသည်။


လျှိုခယ်က နှုတ်ခမ်းဆူကာ "မင်းရဲ့ အခြေခိုင်မှုကိစ္စ ခဏဖယ်ထားဦး၊ ဒီလောက် တော်တဲ့ ဆေးပညာနိုးထသူနဲ့ တွေ့ရတာ တကယ့်ကို ကံကောင်းတာပဲ" ဟု နောင်တရသလိုလိုဖြင့် ပြောသည်။


ရီလျန်နာက ပြုံးကာ လျှိုခယ်ကို ကြည့်လိုက်

သည်။


"သူ ထွက်သွားရင် မင်းက သူ့နေရာမှာ ပြန်တိုက်ရတော့မှာမို့လို့ မင်း စိတ်မကောင်း ဖြစ်နေတာ မဟုတ်လား"


လျှိုခယ် မျက်နှာနီသွားပြီး ရီလျန်နာကို "ဟေ့... တိုးတိုးနေစမ်းပါ" ဟု ပြန်ပြောလိုက်သည်။


ကျန်းရှောင်က အအေးပုလင်းကို မြှောက်ကာ "ငါ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ၊ ငါတို့ ဘယ်အဆင့်ပဲ ရရ၊ ငါ့ရဲ့ ဆုကြေးဝေစုကို လျှိုခယ်ကိုပဲ ပေးပါ့မယ်" ဟု ဆိုသည်။


"ဘယ်လိုလုပ် ဖြစ်မှာလဲ၊ နင့်ဟာက နင်ပဲ သိမ်းထားရမှာပေါ့" ဟု လျှိုခယ်က အလန့်တကြား ပြောသည်။


"မဟုတ်ဘူး၊ ငါ ရသင့်တဲ့ ဆုကို ရပြီးသားပါ"


ကျန်းရှောင်က အအေးပုလင်းကို ကိုင်ကာ သူတို့ကို ဂါရဝပြုလိုက်သည်။


"ကျေးဇူးတင်ပါတယ် သူငယ်ချင်းတို့"


ဤကဲ့သို့ ရိုးသားပြီး စိတ်အားထက်သန်သော ကလေးတစ်စုနှင့် တွေ့ဆုံရခြင်းမှာပင် သူ့အတွက် ဆုလာဘ်တစ်ခု ဖြစ်နေပြီ။


ကျန်းရှောင်သည် အအေးကို တစ်ငုံတည်းနှင့်

ကုန်အောင် သောက်ချလိုက်သည်။ 


ကျူဝူက ကျန်းရှောင်ကို ထူးဆန်းသောအမူအရာဖြင့် ကြည့်ကာ "ငါတို့က အရက်သောက်နေတာလည်း မဟုတ်ဘူး၊ မင်းက ဘာလို့ ဒီလောက် ခံစားချက်တွေ ပြင်းပြနေဟန် ဆောင်နေတာလဲ"


ကျန်းရှောင်က "ရှူး... အဟွတ်... အဟွတ်..." ဟု ချောင်းဆိုးရင်း တိုးတိုးလေး ရေရွတ်လိုက်လေသည်။