Chapter 10
Viewers 41

Chapter ( 10 )

ရွမ်ကျန်းဘုရားကျောင်းတွင် ဝန်ထမ်း မလုံလောက်သည့်အတွက် သူ့ကို သန့်ရှင်းရေး လုပ်ခိုင်းလို့ရတယ်ဟု တွက်ထားပြီး လုပ်အားစရိတ် သက်သာစေနိုင်ပေသည်။


ဆရာပိုင်က မယုံနိုင်စွာဖြင့် “ယာယီဝန်ထမ်းလား"


ပိုင်လုက တုန်တုန်ယင်ယင်ဖြင့် သူ့အဖေကို မေးလိုက်သည်။


“အဖေ၊ ဒီကောင်က ဒီလောက် ကြောက်စရာကောင်းတဲ့ ပုံစံနဲ့ဆို ရွမ်ကျန်းဂိုဏ်းက လက်မခံဘူး မဟုတ်လား?”


တစ်ခြားဘုန်းကြီးကျောင်းတွေမှာ ကြိုးဆွဲချသေတဲ့ သရဲတွေကို မွေးကြတာလေ။ဒီမှာတော့ ကားတိုက်သေတဲ့ သရဲကို မွေးထားတယ်ဆိုရင် ထိုသတင်းသာ ပျံ့သွားလျှင် သူတို့၏ ဂုဏ်သိက္ခာ အတော်လေးထိခိုက်ပေလိမ့်မည်။


“မင်း ဘယ်သူ့ကို အထင်သေးနေတာလဲ?”


သရဲမှာ အစော်ကားမခံနိုင်တော့ဘဲ စက္ကူကို ဖယ်ကာ ဒေါသတကြီး ပြောလိုက်သည်။


“ငါ အသက်ရှင်တုန်းက ခန့်ညားတဲ့တကောင်ကွ၊ ဟုတ်ပြီလား?”


အလုပ်ကြမ်းခိုင်းတာက တစ်ပိုင်း၊ သို့သော် အထင်သေးခံရခြင်းသည် လုံးဝကွဲပြားသော ကိစ္စတစ်ခုဖြစ်သည်။


ပိုင်လုသည် သူ့ကို တစ်ချက်ကြည့်ပြီး မျက်လုံးကို လှန်လိုက်ကာ ထိုနေရာမှာပင် သတိလစ်သွားလေသည်။


သရဲမှာ မျက်နှာကို ပြန်အုပ်ဖို့ မလုပ်နိုင်ခင်မှာပဲ ရင်းနှီးပြီး ပြင်းထန်သော လူသတ်လိုတဲ့ အငွေ့အသက်ကို ခံစားလိုက်ရ၏။


နောက်ပိုင်းတွင် ပြန်ပြီး ပျော့ခွေသွားအောင်ထိ အရိုက်ခံရပြီးသည့်နောက် သရဲသည် ဒဏ်ရာများဖြင့် နာကျင်ကိုက်ခဲပြီး ထောင့်တစ်နေရာတွင် ခွေခေါက်နေရင်း သနားစရာ ငိုသံလေးဖြင့် ညည်းညူနေတော့သည်။


..........


လုရွှယ်ကျန်းနှင့် သူ့အခန်းဖော်တွေများမှာ မကြာသေးခင်က ထူးဆန်းသော အရာတချို့နှင့် ကြုံတွေ့ခဲ့ရသည်။ မူလကတော့ သူတို့သည် မြို့၏ အကျော်ကြားဆုံး တာအိုဘုန်းကြီးကျောင်းကို အကူအညီတောင်းရန် သွားချင်ခဲ့သော်လည်း ဈေးနှုန်းကို ကြားပြီးသည့်နောက်မှာတော့ ပြန်နောက်ဆုတ်သွားရသည်။


လုရွှယ်ကျန်းမှာ အထက်တန်း နောက်ဆုံးနှစ် ကျောင်းသားတစ်ယောက်ဖြစ်ကာ သူ့မိသားစုက သူ့အား နေထိုင်စရိတ်အတွက် သိပ်မပေးနိုင်သောကြောင့် သူနှင့် သူ့အခန်းဖော်တွေဟာ တတ်နိုင်သလောက်စုဆောင်းပြီးမှ လာခဲ့ကြတာပင်။


လုရွှယ်ကျန်းသည် Baidu တွင် ရှာဖွေကြည့်ရာ ဟိုင်ချန်းတွင် နောက်ထပ် ဘုရားကျောင်းတစ်ခု ရှိသေးသည်ကို တွေ့ရသဖြင့် GPS နောက်လိုက်လာသော်လည်း ရောက်ခါနီးလေလေ သူ မသေချာလေလေ ဖြစ်လာ၏။ ဒီနေရာက လူပြတ်လွန်းသဖြင့် သူ လိမ်လည်ခံနေရပြီလားဟုပင် တွေးမိသည်။ GPS က ရောက်ပြီဟု ပြောလိုက်သောအခါ ဟောင်းနွမ်းနေသော ဘုရားကျောင်းကို မြင်လိုက်ရသဖြင့် သူ ချက်ချင်းပင် လှည့်ပြန်ချင်စိတ် ပေါက်သွား၏။


သူ ထိုနေရာတွင်ရပ်ကာ ဇဝေဇဝါဖြစ်နေစဥ် ရွမ်ကျန်း ဘုန်းကြီးကျောင်းကာ တံခါးပွင့်လာခဲ့သည်။ထိုနောက် နတ်သမီးလေးလို လှပသော မိန်းကလေးတစ်ယောက် ပုံးတစ်ပုံးကို ကိုင်ပြီး အပြင်သို့ ရေပက်လိုက်၏။


သူမ ပြန်ဝင်ဖို့ လုပ်နေတုန်းတွင် မျက်စိထောင့်ကနေ လုရွှယ်ကျန်း ကို မြင်လိုက်ရသဖြင့် ခဏရပ်ပြီး မေးလိုက်သည်။ “ဒီကို အမွှေးတိုင် လာထွန်းတာလား?”


သူမကို အနီးကပ် မြင်လိုက်ရသောအခါ လုရွှယ်ကျန်း မျက်နှာရဲသွားပြီး ထစ်ထစ်ငေါ့ငေါ့ဖြင့်  "ဟို... တာအိုဆရာ.. ဒီမှာ တစ္ဆေနှင်ပေးလားဟင်"


ယိရွှယ်က မျက်ခုံးပင့်ပြီး ပြုံးလိုက်သည်။


“တာအိုဆရာတဲ့လား။ ငါက တာအိုဘုန်းကြီး မဟုတ်ဘူးဆိုတာ နင် ခန့်မှန်းနိုင်လောက်မှာပါ ဟုတ်တယ်မလား?”


သူမမှာ  ကောင်းကင်ဘုံဆရာသခင် လက်မှတ်တောင် မရှိသေးချေ။


ထိုအခါမှ လုရွှယ်ကျန်းသည် သူမဝတ်ထားသည်မှာ တာအိုဝတ်ရုံမဟုတ်ဘဲ ပေါ့ပေါ့ပါးပါး သာမန်အားကစားဝတ်စုံ ဝတ်ထားသည်ကို သတိထားမိသွားခဲ့သည်။


သူ ပါးစပ်ဖွင့်ပြီး တုန်တုန်ယင်ယင်ဖြင့်ထပ်မေးလိုက်၏။


“ဒါဆို မင်းလည်း ဒီကို အမွှေးတိုင် လာထွန်းတာလားဟင်?”


ထိုစကားကို ပြောပြီးသည်နှင့် ချက်ချင်း

သူ့နဖူးသူ ရိုက်လိုက်၏။


'သူ ဘာတွေ တွေးနေတာလဲ? သူမ ခုနကမှ ရေပုံးနဲ့ ဘုန်းကြီးကျောင်းထဲက ထွက်လာတာ..သူမ ဒီမှာ အလုပ်လုပ်နေတာ သေချာတယ်'


ယိရွှယ်သည် သူ၏ မျက်ခုံးကြားတွင် မြင်နေရသော မှောင်မိုက်သည့် မကောင်းဆိုးဝါး အငွေ့အသက်များကို သတိထားမိလိုက်သဖြင့် သူ့ကို ခက်ခဲအောင်ထပ်မလုပ်တော့ပေ။ သူမ ခေါင်းညိတ်လိုက်ပြီး  " အထဲဝင်ခဲ့ပါ” ဟုသာပြောလိုက်သည်။


ဘုရားကျောင်းတွင် ကျောင်းထိုင်ဆရာပိုင် မရှိပေ။သူ့တွင် အရေးကြီးသော ကိစ္စတချို့ ရှိသောကြောင့် ရက်အနည်းငယ်လောက်ပြန်မလာနိုင်သေးသဖြင့် ရှုကျိုးအား ဘုရားကျောင်း

ကိစ္စတွေကို တာဝန်ပေးထားခဲ့လေသည်။


လူတွေကို အသွင်အပြင်နှင့် ဆုံးဖြတ်လေ့ရှိသော လုရွှယ်ကျန်းသည် ဘုရားကျောင်းထဲမှ လူတိုင်းကို ကြည်လင်ပြီး ယုံကြည်အားထားလောက်သူတွေဟု တွေးလိုက်ကာ စိတ်အေးချမ်းသွားရသည်။ သူ သရဲပြဿနာနှင့် ပတ်သက်ပြီး အကူအညီတောင်းရန် ရောက်လာကြောင်း အမြန်ရှင်းပြလိုက်သည်။


ပိုင်လုက ရယ်မောရင်း“မင်းမှာ အရည်အချင်းကို မြင်နိုင်တဲ့ မျက်လုံးရှိတာပဲ။ ငါတို့ရဲ့ ဘုရားကျောင်းကို ချက်ချင်းရှာတွေ့သွားတာကိုး”


စကားပြောသိပ်မကြွယ်သော လုရွှယ်ကျန်း ကခေါင်းကို ခပ်ပြင်းပြင်းကုတ်ပြီး ရိုးသားစွာ ဝန်ခံလိုက်လေသည်။


“အင်း... အဲ့လိုတော့ မဟုတ်ပါဘူး။ ကျွန်တော်က တိုင်ယိဘုရားကျောင်းက အရမ်းစျေးကြီးတော့ မတတ်နိုင်လို့ပါ။ ရွမ်ကျန်း ဘုရားကျောင်းက နည်းနည်း ပိုသက်သာတယ်လို့ ကြားထားလို့လေ”


'ဒီလောက် ဟောင်းနေတဲ့နေရာဆိုတော့ ဈေးမကြီးလောက်ဘူး မဟုတ်လား'


သူ ဒီလိုတွေးမိပြီး ပါးစပ်ကပါ ပြောချလိုက်လေ၏။


ရှုကျိုး: “...”


ကောင်းလေစွ၊ ရွမ်ကျန်း ဘုရားကျောင်းတစ်ခုလုံး ပျက်စီးယိုယွင်းနေပြီဆိုတဲ့သတင်းက အခု

တစ်မြို့လုံးသိသွားပြီပေါ့။


.............


တာအိုဘုရားကျောင်းတစ်ခုလုံး

ခဏတာ တိတ်ဆိတ်သွားလေသည်။


လုရွှယ်ကျန်းက သူတို့၏ မျက်နှာအမူအရာကို သတိထားမိလိုက်ပြီးနောက် မိမိမှတ်ချက်က မည်မျှ ရိုင်းပြကြောင်း သဘောပေါက်သွားရသည်။


သူ ချက်ချင်း တောင်းပန်လိုက်၏။


“အာ၊ တောင်းပန်ပါတယ်! ကျွန်တော် အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး၊ ကျွန်တော့်အမှားပါ!”


ယိရွှယ်နှင့် အခြားသူများသည် သူ့ကို အပြစ်မတင်နိုင်ကြပေ။ သူ့မှတ်ချက်က ရိုင်းသည်ဟု ထင်ရသော်လည်း သူပြောခဲ့သည့်အရာသည် မှန်ကန်လေသည်။ ဘုရားကျောင်းက အမှန်ပင်

မယုံနိုင်လောက်အောင် ယိုယွင်းပျက်စီးနေတာပင်။


ရှုကျိုး : “ခုနတုန်းက သရဲနှင်ထုတ်ဖို့ အကူအညီလိုတယ်လို့ ပြောတာ ကြားလိုက်တယ်။ ဘာဖြစ်ခဲ့တာလဲ?”


ရှုကျိုးက စကားစလိုက်သည်နှင့် လုရွှယ်ကျန်းသည် သူ၏ ဒုက္ခများကို သတိရသွားကာ သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ "ကြားရတဲ့သူတိုင်း မျက်ရည်ကျလောက်မယ့် ဝမ်းနည်းစရာ ဇာတ်လမ်းလေးပါပဲဗျာ.." ဟုအစချီကာ မကြာသေးမီခင်ကသူကြုံတွေ့ခဲ့ရသည်များကို

စတင်ပြောတော့သည်။


လုရွှယ်ကျန်းသည် ဟိုင်ချန်း အထက်တန်းကျောင်းတွင် အကြီးတန်းကျောင်းသားတစ်ဦးဖြစ်ပြီး အပိုသင်ခန်းစာများကြောင့် သြဂုတ်လအစောပိုင်းတွင် ကျောင်းများ ပြန်ဖွင့်ခဲ့သည်။


အဆောင်သို့ ပြန်ရောက်ပြီး သူ၏ အခန်းဖော်များနှင့် ပြန်ဆုံသောအခါ တစ်ညတွင် စိတ်လှုပ်ရှားစရာကောင်းသော အရာတစ်ခုခုလုပ်ရန် အကြံပြုခဲ့ပြီး သူတို့အဖွဲ့က 'ပိရှန်း (သရဲခေါ်ဂိမ်း) ကစားရန် ဆုံးဖြတ်ခဲ့ကြလေသည်။


ယနေ့ခေတ် လူငယ်များစွာကဲ့သို့ပင် သူ၏ အခန်းဖော်များသည် အတော်လေးသတ္တိရှိကြ၏။အစီအစဉ်ကို သဘောတူပြီးနောက် သူတို့ဂိမ်းစရန် စာရွက်နှင့် ဘောပင်ကို အလျင်အမြန် ရှာဖွေခဲ့ကြသည်။


လုရွှယ်ကျန်းမှာ စိတ်မပါသော်လည်း သူငယ်ချင်းများ၏ အလှောင်ပြောင်ကို မခံနိုင်သဖြင့် ကြောက်ကြောက်လန့်လန့်နှင့်ပင် ပါဝင်ခဲ့ရ၏။


သို့သော် ဝိညာဉ်ကို စတင်ခေါ်ယူပြီးသည်နှင့် အဆောင်မီးများ ရုတ်တရက် ပျက်သွားကာ တစ်ဆောင်လုံး အမှောင်အတိကျသွားခဲ့သည်။ တစ်ဆောင်လုံး ဆူညံသွားသဖြင့် အခြေအနေကိုထိန်းသိမ်းရန်အဆောင်မှူး ရောက်လာပြီး တံခါးများ လိုက်ခေါက်ကာ စစ်ဆေးတော့သည်။


ထိုအခါ လုရွှယ်ကျန်းနှင့် သူငယ်ချင်းများမှာ လန့်သွားပြီး ခဲတံနှင့် စက္ကူကို တစ်ဖက်သို့ လွှတ်ပစ်ကာ အိပ်ချင်ယောင်ဆောင် နေလိုက်ကြလေ၏။


“ဒါဆို ဝိဥာဥ်ကို နှင်ထုတ်ဖို့ မအောင်မြင်ရုံတင်မကဘူး။ ဘောပင်ကိုလည်း မဖျက်ဆီးခဲ့ဘူး။ စာရွက်ကိုလည်း မီးမရှို့ခဲ့ဘူးလား?”


ပိုင်လု တောက်ခေါက်လိုက်ပြီး “တော်တော် အရူးထတာပဲ”


၎င်းမှာ သူခိုးကို အိမ်ထဲဝင်ဖို့ တံခါးအကျယ်ကြီး ဖွင့်ပေးထားသကဲ့သို့ပင် ဖြစ်သည်။


ယိရွှယ် : “အဲဒီနောက် ဘာဆက်ဖြစ်ခဲ့လဲ?''


လုရွှယ်ကျန်း၏ မျက်နှာမှာ အတော်လေး နွမ်းနယ်နေပြီး မကြာသေးမီကပင် ခြောက်လှန့်ခံထားရသည်မှာ သိသာလှသည်။


သူမ၏ မေးခွန်းကြောင့် လုရွှယ်ကျန်း၏ မျက်နှာမှာ ပိုညှိုးငယ်သွားပြီး မျက်ရည်ကျတော့မည့်ပုံ ပေါ်လာသည်။


“ကျွန်တော်တို့ ဝိညာဉ်ဝင်လာပြီဆိုတာ လုံးဝ မသိခဲ့ဘူး..စကားတောင် အများကြီး မပြောရသေးဘူး၊ အဲဒီ ပိရှန်းက အရမ်း... စိတ်ထက်သန်နေလိမ့်မယ်လို့ မထင်ထားမိဘူး။ အဲ့တာပြီးတော့…”


ဂိမ်းဆော့ပြီးနောက် သူ၏ အခန်းဖော်တစ်ဦးမှာ ထူးဆန်းစွာ ပြုမူလာခဲ့သည်။ အစပိုင်းတွင် သူတို့ သတိမထားမိသော်လည်း နောက်ပိုင်းတွင် ထိုသူမှာ သန့်ရှင်းရေးကို အစွဲအလမ်းကြီး ဖြစ်လာတော့သည်။


ညစ်ပတ်နေတဲ့ခြေအိတ်တွေကို စနစ်တကျ ထားရုံတင်မကဘဲ အဆောင်တစ်ခုလုံးကိုလည်း ပြောင်လက်နေအောင် တိုက်ချွတ်တော့သည်။


အစပိုင်းတွင်တော့ သူ လူသစ်စိတ်သစ် ဖြစ်သွားသည်ဟု ထင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ပို၍ ဆိုးလာခဲ့သည်။


သူသည် အမျိုးသမီး အိမ်သာထဲသို့ မှားဝင်ခြင်း၊ ကျောင်းသူလေးများကို မသင့်တော်သလို ပြုမူခြင်းများ လုပ်လာသဖြင့် တစ်ကျောင်းလုံးက သူ့ကို လူထူးလူဆန်းဟု ထင်နေကြပြီ ဖြစ်သည်။


တစ်ညတွင် လုရွှယ်ကျန်း နိုးလာသောအခါ သူ့အခန်းဖော်မှာ သူ့ဘေးတွင် သစ်သီးလှီးဓားတစ်ချောင်းကိုကိုင်ကာ အဝေးသို့ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ နိုးလာသည်ကို မြင်သောအခါ ထိုသူက လှည့်ကြည့်လာပြီးအေးစက်စက်အသံဖြင့် "အိုးး... နိုးလာပြီလား"။


ဓားကို သူ့ဘက်သို့ ချိန်ထားသည်ကို မြင်သောအခါ လုရွှယ်ကျန်းခင်မျာ ကြောက်လန့်တကြား ဆီးပင် မထိန်းနိုင်တော့ချေ။


လုရွှယ်ကျန်းနှင့် အခြားအယူသီးသော အခန်းဖော်တစ်ဦးတို့သည် ချက်ချင်းပင် ၎င်းကို ပိရှန်းဂိမ်းကြောင့် ဝိညာဉ်ပူးခြင်းဖြစ်ကြောင်း ချက်ချင်း သဘောပေါက်သွားကာ အကူအညီရှာရန် တိတ်တဆိတ် စီစဉ်ကြတော့သည်။


သို့သော် “သူ" က  သတိထားမိနေပုံရပြီး ပို၍ ထူးဆန်းစွာ ပြုမူလာသည်။


အဆိုးဆုံးကတော့…


လုရွှယ်ကျန်းသည် ငိုသံပါကြီးဖြင့်မျက်ရည်များ စီးကျလာကာ “ဒီပိရှန်းက ဘယ်လောက် ရက်စက်တယ်ဆိုတာ မင်းတို့ မသိပါဘူး!သူက ကျွန်တော့်ကို အိမ်သာတွေ အတင်းဆေးခိုင်းတယ်။ ကြွေပြားတွေမှာ အစက်အပြောက်တောင် မရှိစေရဘူးတဲ့။ မဟုတ်ရင် ကျွန်တော့်ခေါင်းကို သန့်ရှင်းရေးလုပ်တဲ့ ကိရိယာအဖြစ် သုံးမယ်လို့ ခြိမ်းခြောက်တယ်လေ"


“ဟင်…”


ယိရွှယ်က ခဏတွန့်ဆုတ်ပြီးမှ “သန့်ရှင်းရေးကို နည်းနည်း စွဲလမ်းနေတဲ့ OCD တစ္ဆေတစ်ကောင် ထင်တယ်''


“OCD ဟုတ်ဟုတ် မဟုတ်ဟုတ်၊ ကျွန်တော် ဒီလို မနေနိုင်တော့ဘူး! လက်က အရေပြားတွေ ကွာကျတဲ့အထိ ရေထဲမှာ စိမ်ပြီး ပွတ်တိုက်နေရတာ အချိန်တွေ ဘယ်လောက်ကုန်နေလဲ မသိတော့ဘူး!”


လုရွှယ်ကျန်းက သက်ပြင်းချပြီး ယိရွှယ်နှင့် အခြားသူများကို ကြည့်ကာတောင်းပန်လိုက်သည်။


“အခု ကျွန်တော့်မှာ ပိုက်ဆံသိပ်မရှိဘူး။ ဒါပေမဲ့ ဒီပိရှန်းကို ဖယ်ရှားပေးနိုင်ရင် ကျွန်တော့်ရဲ့ အချိန်ပိုင်းအလုပ်ကရတဲ့ ပိုက်ဆံအားလုံးကို ပေးပါ့မယ်''


" ပိုက်ဆံအကြောင်းပြောရင် သံယောဇဉ်ပျက်တတ်တယ်" ယိရွှယ်က ဖြောင့်မတ်စွာစကား ဆိုရင်း လက်ကို ဆန့်ထုတ်လိုက်သည်။


"မိစ္ဆာတွေကို နှိမ်နင်းပြီး ဓမ္မလမ်းစဉ်ကို စောင့်ရှောက်ဖို့ဆိုတာ ငါတို့ရဲ့ တာဝန်ပဲလေ။ ကဲ... သဘောတူလိုက်ပြီ"