Chapter 13
Viewers 40

Chapter ( 13 )

ယိရွှယ်မှာလည်း ထိုကဲ့သို့ ပြဇာတ်ဆန်ဆန် အလွဲအချော်များကို မမျှော်လင့်ထားသဖြင့် နှုတ်ခမ်းလေး တွန့်သွားမိသည်။


သို့သော် ရှုကျိုးက သူတို့ကို ကြားဖြတ်ပြောလိုက်သည်။ “ကျောင်းသားတို့ အဲဒီ ဘောပင်ကို ဘယ်မှာထားခဲ့တာလဲ?”


လုရွှယ်ကျန်းနှင့် အခြားသူများ အန်နေစဉ်တွင်ပင် သူတို့သည် အဆောင်ရှိ ကုတင်တစ်ခုကို လက်ညှိုးထိုးပြလိုက်ကြသည်။ “လင်းယိချွမ်းရဲ့ ခေါင်းအုံးအောက်မှာ၊ အုဂ်..''


ပြောပြီးသည်နှင့် သူတို့ ဆက်အန်နေကြသည်။


အထက်တန်းကျောင်း အဆောင်ကုတင်များတွင် ကျောင်းသားများ၏ အမည်များကို ကပ်ထားလေ့ရှိသောကြောင့် ရှုကျိုးသည် လင်းယိချွမ်း၏ ကုတင်ကို အလျင်အမြန် တွေ့လိုက်ရသည်။


ကုတင်ပေါ်ရှိ ကျောင်းသားကတ်ကို ကြည့်လိုက်သောအခါ ၎င်းမှာ အမျိုးသမီးတစ္ဆေ ပူးကပ်ခြင်းခံခဲ့ရသူပင် ဖြစ်သည်။ ခဲတံက သူ့ဆီမှာ ရှိနေသဖြင့် သူ့ကို အရင်ပူးကပ်ခဲ့ခြင်းမှာ မဆန်းပေ။


ရှုကျိုးက ယိရွှယ်ကို ကြည့်လိုက်ရာ သူမအနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။


ဝိညာဉ်ပို့သည့် အခမ်းအနားမှာ ပျက်ပြားသွားခဲ့သဖြင့် အထူးနည်းလမ်းများကို သုံးရန် လိုအပ်ပေမည်။


ယိရွှယ်သည် ဘောပင်ကိုယူကာ စာပွဲပေါ်တွင် စက္ကူတစ်ချပ်ကို ပြန့်အောင်ခင်းလိုက်ပြီး ခဲတံပေါ်တွင် လက်ဖွဲ့တစ်ခု တင်လိုက်သည်။


ရုတ်တရက်ဆိုသလို "ရွှီး" ဟူသော အသံနှင့်အတူ လက်ဖွဲ့မှာ မီးတောက်သွား၏။ထိုနောက် အမျိုးသမီးတစ္ဆေသည် ခဲတံထဲသို့ ငုပ်လျှိုးမဝင်ခင် ယိရွှယ်ကို တစ်ခုခု ပြောချင်ဟန်ဖြင့် လှမ်းကြည့်သော်လည်း နောက်ဆုံးတွင် ဘာမှမပြောဘဲ တိတ်တဆိတ်ပင် ပျောက်ကွယ်သွားတော့သည်။


မကြာမီမှာပင် ဘောပင်မှာ အလိုအလျောက် လှုပ်ရှားလာပြီး စက္ကူပေါ်တွင် မျဉ်းအချို့ ဆွဲလိုက်ကာ နှုတ်ဆက်သည့် အခမ်းအနားကို ပြုလုပ်လိုက်သည်။ ခေတ္တအကြာတွင် ဘောပင်ဟန်ချက်ပျက်သွားကာ စားပွဲပေါ်သို့ လဲကျသွားလေ၏။


ဝိညာဉ် ထွက်ခွာသွားပြီ ဖြစ်သဖြင့် အခန်းတစ်ခုလုံး ပြန်လည် တိတ်ဆိတ်သွားတော့သည်။


ယိရွှယ်သည် ဗလာကျင်းနေသော အဆောင်ကို ကြည့်ရင်း ရုတ်တရက် ပြောလိုက်မိသည်။


“ဒီအမျိုးသမီးတစ္ဆေက တော်တော်လေး သဘောကောင်းတာပဲ"


ရှုကျိုးက သူမကို တစ္ဆေထွက်သွားသဖြင့် စိတ်မကောင်းဖြစ်နေသည်ဟုထင်ကာ နှစ်သိမ့်ရန် ပြင်လိုက်စဉ်မှာပင် ယိရွှယ်က ဆက်ပြောလိုက်ပြန်သည်။


"ပြီးတော့ သူက ကြောက်စရာလည်း လုံးဝ မကောင်းဘူး"


ရှုကျိုး: “အဟွတ်…”


ကောင်းပြီ...သူမပြောချင်တဲ့ အဓိက အချက်က ဒုတိယ စာကြောင်းပဲ ဖြစ်မှာပါ။


ဘယ်လောက်ကြာကြာ အန်နေကြသည်မသိ၊ လုရွှယ်ကျန်းနှင့် သူ့အခန်းဖော်များမှာ အိမ်သာထဲမှ ထွက်လာကြသည်။


သူက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ကာ အမျိုးသမီးတစ္ဆေကို မတွေ့တော့သဖြင့် စိတ်အေးသွားရသည်။


အခန်းဖော်များမှာလည်း တစ္ဆေနှင်ပေးရန် လာခဲ့ကြသော ချောမောသည့် တာအိုဆရာနှစ်ယောက်ကို အခုမှ သေချာ သတိပြုမိတော့သည်။


အရင်ကတော့ သရဲ၏ နှိပ်စက်မှုကို

ခံနေရသဖြင့် ဘာကိုမှ သတိမထားမိခဲ့ကြပေ။


သူတို့ထဲမှ တစ်ဦးကပြောလိုက်သည်။ “တာအိုဆရာတို့ ကျွန်တော်တို့ရဲ့ အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် ကျေးဇူးတင်ကြောင်းပြတဲ့အနေနဲ့ ဆိုင်းဘုတ်တစ်ခု လက်ဆောင်ပေးရင် ဘယ်လိုလဲ?”


ရှုကျိုးက ငြင်းရန် ပြင်လိုက်သော်လည်း ထိုစကားမှာ သူ့ကို ပြောခြင်းမဟုတ်ဘဲ ကျောင်းသားတစ်သိုက်လုံးက ယိရွှယ်ကို မျက်လုံးလေးတွေ တောက်ပလျက် ကြည့်နေကြခြင်းဖြစ်မှန်း သိသွားရသည်။


ရှုကျိုး: … ကောင်းပါပြီလေ။


သို့သော် ယိရွှယ်သည် ဂရုမစိုက်ဟန်ဖြင့် လက်ကို ဝှေ့ယမ်းကာ “ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး။ ကျေးဇူးတင်ချင်ရင် အပိုဆုလာဘ်လေး နည်းနည်းထပ်ထည့်ပေးပေါ့”


လုရွှယ်ကျန်း: “…”


သူ၏ အခန်းဖော်က ရယ်မောလိုက်ကာ “တာအို ပညာရှင်က ဟာသဉာဏ်ရှိတာပဲ!”


“…?”


ယိရွှယ် စိတ်ရှုပ်သွားခဲ့သည်။ သူမသည် တကယ်ပြောနေခြင်းဖြစ်သည်။


မည်သို့ပင်ဖြစ်စေ ပြဿနာမှာ ပြေလည်သွားပြီ ဖြစ်သဖြင့် သူတို့ ဆက်မနေတော့ပေ။


ယိရွှယ်သည် လုရွှယ်ကျန်းနှင့် အခြားသူများကို ကာကွယ်ရေး အဆောင်နှစ်ခုပေးကာ ကျန်ရှိသော ယင်စွမ်းအင်ကို ဖယ်ရှားရန် လင်းယိချွမ်းကို ပေးရန် ညွှန်ကြားခဲ့သည်။ ထို့နောက် အဆောင်ကို သန့်ရှင်းရေးလုပ်ရန် ကင်မွန်းသီး ဒါမှမဟုတ် ရှောက်ရွက်ကို ရေတွင်ပြုတ်ပြီး ဆေးကြောရန် သတိပေးကာ ထွက်သွားခဲ့သည်။


သူတို့နှစ်ဦး ထွက်သွားပြီး မကြာမီမှာပင် လင်းယိချွမ်းသည် ညည်းညူရင်း နိုးလာတော့သည်။


"ငါ့ကို တစ်ယောက်ယောက်က ဝိုင်းရိုက်ထားသလိုပဲ၊ ဘာလို့ ဒီလောက် နာနေရတာလဲ"


သူ မျက်လုံးဖွင့်လိုက်သောအခါ သူ၏ အခန်းဖော်များက သူ့ကို စာနာနားလည်သည့် အမူအရာများဖြင့် ဝိုင်းကြည့်နေသည်ကို တွေ့လိုက်ရသည်။


"မင်းတို့ ဘာလို့ ငါ့ကို ဒီလိုကြီး ကြည့်နေကြတာလဲ?" လင်းယိချွမ်းမှာ သူ ပူးကပ်ခံထားရစဉ်က ဘာဖြစ်ခဲ့သည်ကို လုံးဝ မသိပေ။သူ စကားပြောနေစဉ် သူ၏ ပါးစပ်တွင် ထူးဆန်းသောအရာတစ်ခုကို သတိပြုမိပြီး နှုတ်ခမ်းကို ပွတ်သပ်လိုက်သည်။


“ဘာအနံ့လဲ? တကယ် ထူးဆန်းတာပဲ”


သူ အိပ်ရာမဝင်ခင် သွားတိုက်ခဲ့တာ မှတ်မိတယ်လေ၊ ဟုတ်တယ်မလား။


လုရွှယ်ကျန်း၏ မျက်လုံးများ တဖျတ်ဖျတ် လှုပ်ရှားသွားပြီး ဂရုမစိုက်ဟန်ဖြင့် ကြမ်းတိုက်တံထည့်တဲ့ပုံးကို ဘေးသို့ ကန်ထုတ်လိုက်သည်။


လင်းယိချွမ်းသည် ဘာဖြစ်ခဲ့လဲဆိုတာကို ပြန်စဉ်းစားရန် ကြိုးစားနေစဉ်မှာပင် စောင်ကို လှန်ကြည့်လိုက်ရာ ထိတ်လန့်သွားတော့သည်။


သူ၏ အသံမှာ တုန်ယင်လျက် အော်ဟစ်လိုက်၏။


"ဘာကြီးလဲဟ?! ငါ့ခြေသလုံးမွေးတွေ ဘယ်ရောက်ကုန်တာလဲ? ဘာလို့ အခု ပြောင်သလင်းခါနေရတာလဲ?!"


........


ထိုညတွင် ယိရွှယ် အိပ်ပျော်နေစဉ် ရုတ်တရက် သူမ၏ ပြတင်းပေါက်ကို တစ်စုံတစ်ခုက လာခေါက်သံကို ကြားလိုက်ရသည်။


ခဏခဏနှင့် စိတ်ရှည်လက်ရှည် ခေါက်နေခြင်း ဖြစ်သည်။


သူမ ပြတင်းပေါက်ကို ဖွင့်ကြည့်သော်လည်း ဘာမှမတွေ့ရပေ။ ပြန်ပိတ်ရန် ပြင်လိုက်စဉ်မှာပင် အပြင်ဘက်မှ သူမကို လှမ်းခေါ်သံ ကြားလိုက်ရ၏။


“တာအိုဆရာမ၊ တာအိုဆရာမ!”


'သူမကို တာအိုဆရာမလို့ခေါ်နေတာလား?'


ထိုအသံသည် ထူးဆန်းစွာ ရင်းနှီးနေသလို ခံစားရလေသည်။


ယိရွှယ်သည် နားမလည်နိုင်ဘဲ

ပြတင်းပေါက်မှ ခေါင်းပြူကြည့်လိုက်ရာ မလှမ်းမကမ်းက နံရံပေါ်တွင် ဆံပင်ရှည်ရှည်နှင့် အမျိုးသမီးတစ္ဆေတစ်ကောင် သူမကို လက်ယမ်းပြနေသည်ကို တွေ့လိုက်ရသည်။ ထိုသူမှာ နေ့ခင်းက ပိရှန်းတစ္ဆေဖြစ်သည့် သရဲမပင် ဖြစ်သည်။


ရွမ်ကျန်း ဘုရားကျောင်းသည် စင်ကြယ်သော နတ်မင်းကြီးသုံးပါးကို ကိုးကွယ်ထားပြီး စွမ်းအားကြီးမားလှသဖြင့် သာမန်တစ္ဆေများ မချဉ်းကပ်ရဲကြပေ။ ထို့ကြောင့် ထိုအမျိုးသမီးတစ္ဆေသည်လည်း ဘုရားကျောင်း၏ နံရံနောက်တွင် ရပ်ကာ ယိရွှယ်ကို ရိုမီယိုနှင့် ဂျူလီယက်တို့၏ ထွက်ပြေးရန် အကြိုညကကဲ့သို့ ကြည့်နေရသည်။


ယိရွှယ်သည် စိတ်ဝင်စားသွားသဖြင့် အပေါ်အင်္ကျီကို ဝတ်ကာ အပြင်သို့ ထွက်လာပြီး ပိရှန်းတစ္ဆေကို မော့ကြည့်လိုက်သည်။


"နင် ဘာလို့ ဒီရောက်နေတာလဲ? ပြန်ပို့လိုက်ပြီ မဟုတ်လား?"


အမျိုးသမီးတစ္ဆေက ရှက်ကိုးရှက်ကန်း ပုံစံဖြင့် တိုးတိုးလေး မေးလိုက်သည်။


"တာအိုဆရာမ.. အောက်ခြေသိမ်း အလုပ်လုပ်ပေးမယ့်သူ လိုသလားဟင်? ကျွန်မ အဝတ်လျှော်၊ ထမင်းချက်၊ သန့်ရှင်းရေး အကုန်လုပ်ပေးနိုင်ပါတယ်။ အစားလည်း အများကြီးမစားပါဘူး။ နေရတာလည်း အဆင်ပြေပါတယ်"


ငရဲပြည်မှာ ဝိညာဉ်တွေ ပြန်လည်မွေးဖွားဖို့ တန်းစီနေကြတာကို မြင်ဖူးထားသဖြင့် ဆယ်စုနှစ်တစ်ခုလောက် ကြာနိုင်မှန်း သူမ သိထားသည်။ပြီးလျှင် ယနေ့ အဖြစ်အပျက်တွေပြီးနောက် ယိရွှယ်နှင့် ရှုကျိုးတို့မှာ လူကောင်းများဖြစ်ကြောင်း သူမ သဘောပေါက်သွားသည်။ အကယ်၍ သူမသာ ဘုရားကျောင်း၏ စောင့်ရှောက်မှုကို ရရှိပါက လေလွင့်ဝိညာဉ်တွေရဲ့ အနိုင်ကျင့်ခြင်းကို မခံရတော့ဘဲ ကျောင်းမှာလည်း ပုန်းအောင်းနေစရာ မလိုတော့ပေ။


ယိရွှယ်က ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ရင်း ရှင်းပြလိုက်၏။


"ညီမလေး... အစ်မက ဝိညာဉ်နှင်သူ မဟုတ်ဘူးလေ၊ နင့်ကို လက်ခံထားလို့ မရဘူး"


ကားအက်စီးဒင့် တစ္ဆေကိစ္စပြီးနောက် ဆရာပိုင်က ယိရွှယ်ကို သီးသန့် ရှင်းပြခဲ့ဖူးသည်။ ဘုရားကျောင်းတွင် တစ္ဆေဝိညာဉ်များကို လက်ခံထားရန်မှာ လုပ်ထုံးလုပ်နည်းများစွာ လိုအပ်ပြီး ခွင့်ပြုချက် ရဖို့လည်း ခက်ခဲလှသည်။


နာမည်ကြီးသော တိုင်းယိ ဘုရားကျောင်းပင်လျှင် တစ္ဆေတစ်ကောင်ကို လက်ခံထားဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရခြင်း ဖြစ်သည်။ ၎င်းတို့ကဲ့သို့ ဘုရားကျောင်းအသေးလေးအတွက်ဆိုလျှင် ပို၍ပင် မဖြစ်နိုင်ပေ။ ထိုလုပ်ငန်းစဉ်သည် အချိန်ကြာမြင့်စွာ ဆွဲနေဖွယ်ရှိပြီး ဆရာပိုင်သည် အတည်ပြုချက်ရရှိချိန်တွင် ကွယ်လွန်သွားဖွယ်ရှိသည်။


ပိုင်ပေါင်ကျန်းသည် ယိရွှယ်က စေတနာကောင်းဖြင့် ဘုရားကျောင်းအတွက် အသုံးစရိတ် သက်သာအောင် ကူညီချင်မှန်း သိသဖြင့် နောက်ပိုင်းတွင် တစ္ဆေတွေ ထပ်ခေါ်မလာစေရန် စိတ်ရှည်လက်ရှည် ရှင်းပြထားခြင်း ဖြစ်သည်။


ထို့ကြောင့် ကားအက်စီးဒင့် တစ္ဆေ၏ ကံကြမ္မာမှာလည်း အခက်ကြုံနေရသည်။ နဂိုက သူ့ကို ပြန်ပို့ရန် စီစဉ်ခဲ့သော်လည်း ရွမ်ကျန်း ဘုရားကျောင်းမှ အမွှေးတိုင်နံ့ကို ရရှိပြီးနောက် သူက မသွားလိုဘဲ ခေါင်းမာစွာ နေချင်နေလိမ့်မည်ဟု မည်သူကထင်ခဲ့မည်နည်း။


သူ့ကို အတင်းအဓမ္မ နှင်ထုတ်ခြင်းသည် သူ့အသက်ကို နှုတ်ယူနေသကဲ့သို့ ခံစားနေရရှာသည်။ အင်အားသုံးသော်လည်း ယိရွှယ်သည် ထိုသရဲ၏စိတ်ကို ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပေ။


အကြိမ်ကြိမ် ညှိနှိုင်းပြီးနောက်တွင်မူ ကားအက်စီးဒင့်တစ္ဆေက ဘုရားကျောင်းတွင် အမြဲတမ်း မနေတော့ဘဲ အမွှေးတိုင် ပေးမည်ဆိုပါက ညဘက်တွင် လာရောက် အလုပ်လုပ်ပေးမည်ဟု သဘောတူခဲ့ရသည်။


"လုံးဝ မရဘူးလားဟင်?" ငြင်းပယ်ခံလိုက်ရဖြင့် အမျိုးသမီးတစ္ဆေမှာ စိတ်ပျက်သွားတော့သည်။


သူမက ယိရွှယ်ကို ထပ်မံစည်းရုံးရန် ပြင်နေစဉ်တွင် သူမ၏ နားထဲတွင် ဒေါသတကြီး အော်ဟစ်သံတစ်ခု ပဲ့တင်ထပ်သွားလေ၏။


"သူမမှာ ငါ ရှိပြီးသား! တခြားတစ္ဆေတွေ မလိုဘူး!"


ကားအက်စီးဒင့် တစ္ဆေမှာ အရှိန်အဝါ အပြည့်ဖြင့် တံခါးဝမှ ထွက်လာခဲ့သည်။


သူသည် လက်ထဲတွင် အဝတ်စုတ်နှင့် ရေပုံးကို ကိုင်ထားပြီး သန့်ရှင်းရေး လုပ်ပြီးကာစမှန်း သိသာလှသည်။သူသည် ယိရွှယ်နှင့် အမျိုးသမီးတစ္ဆေကို "ဖောက်ပြန်နေသူနှစ်ဦး" ကို ဖမ်းမိသကဲ့သို့ စိုက်ကြည့်နေတော့၏။


ဆရာပိုင်က ကျောင်းတော်မှာ သရဲ တစ်ကောင်ပဲ ထားရမယ်လို့ပြောထားတာလေ။ ဒါကို သူက ဘုရားကျောင်းမှာ ကြိုးကြိုးစားစား သန့်ရှင်းရေး လုပ်နေတုန်းမှာ ယိရွှယ်က တခြားတစ္ဆေတစ်ကောင်နဲ့ ပရောပရည် လုပ်နေတာပေါ့။


သူမက သူ့ကို အသစ်တွေ့လို့ အဟောင်းကို ပစ်တော့မှာလား? မဖြစ်နိုင်တာ!ဆုတောင်းလေ..


သူသာ အပစ်ခံရရင် သူ ရသင့်ရထိုက်တဲ့ အလှူအတန်းပစ္စည်းတွေကို ဘယ်လို ဆက်စားရတော့မှာလဲ?


အမျိုးသမီးတစ္ဆေမှာ ပါးစပ်အဟောင်းသားဖြင့် ယိရွှယ်ကို မယုံနိုင်သလို ကြည့်လိုက်မိသည်။


"တာအိုဆရာမ. တစ္ဆေတွေကို လက်ခံလို့ မရဘူးဆို? ဒါဆို သူက ဘယ်သူလဲ?"


"ဟင်း.ဟင်း.. ဟုတ်တယ်လေ! တာအိုဆရာမ. တစ်ခုခု ပြောပါဦး!"


ကားအက်စီးဒင့် တစ္ဆေကလည်း ပြက်ရယ်ပြုနေတဲ့အသံဖြင့် ပြောလိုက်သည်။


ဒီတစ္ဆေနှစ်ကောင်စလုံးမှာ သူမကို နှစ်ဖက်ခွစားနေတဲ့ လူယုတ်မာကြီး တစ်ယောက်လို ဝိုင်းကြည့်နေကြသဖြင့် ယိရွှယ်မှာ ဆွံ့အသွားရတော့သည်။


သူမ ခေတ္တမျှ စဉ်းစားပြီးနောက် ရှင်းပြလိုက်လေ၏။


"အင်း...အဲဒါက... သူက... တရားမဝင်နေထိုင်သူ တစ်ယောက်ပါ..."