Chapter ( 15 )
ယုချီမှာလည်း တုန်လှုပ်သွားရပြီး သတိပြန်ဝင်လာသောအခါ သူ၏ ဝိညာဉ်မှာ ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။
သူသည် ဘေးနားရှိ ခလုတ်ကို လှမ်းနှိပ်လိုက်ရာ အခန်းအတွင်းရှိ မီးချောင်းများမှာ နေ့ခင်းဘက်ကဲ့သို့ ချက်ချင်းပင် လင်းထိန်သွားတော့သည်။
ယုချီသည် သူ၏ပါးစပ်ကို လက်ကိုင်ပဝါဖြင့် အုပ်ကာ အဆက်မပြတ် ချောင်းဆိုးလိုက်ရာ ပဝါပေါ်တွင် သွေးစများ စွန်းထင်းသွားခဲ့သည်။
ဖြူဖျော့ပြီး ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေလက်တစ်ဖက်က သူ့ပုခုံးပေါ်သို့ ကျရောက်လာပြီး လည်ပင်းဆီသို့ ဖြည်းညင်းစွာ တိုးကပ်လာသော်လည်း သူ့ကို ထိမိရန် ပြင်လိုက်စဉ်မှာပင် ထိုလက်မှာ စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး ချက်ချင်းပင် နောက်သို့ ဆုတ်ခွာသွားတော့သည်။
ယုချီသည် လက်ကိုင်ပဝါကို ဖြည်းညင်းစွာ ခေါက်သိမ်းလိုက်ပြီး ဘေးသို့ ချထားလိုက်သည်။ သူ မျက်တောင်ခတ်လိုက်သောအခါ နဂိုက ပယင်းရောင်ရှိသော သူ၏ မျက်ဝန်းများမှာ ည၏မှောင်မိုက်မှုကဲ့သို့ အနက်ရောင်သို့ ပြောင်းလဲသွားခဲ့သည်။
ယုချီတွင် ယင်-ယန် မျက်လုံးပိုင်ဆိုင်ထားသဖြင့် ဝိညာဉ်နှင့် မိစ္ဆာအမျိုးမျိုးကို မြင်နိုင်ပေသည်။ အခန်းထဲတွင် တစ္ဆေအမျိုးမျိုးဖြင့် ပြည့်နှက်နေသည်ကို သူ မြင်နိုင်ပြီး သူသည်လည်း သူတို့၏ ဝိုင်းရံမှုကို ခံထားရမှန်း သူ သိသည်။
တောင်ကြီးငါးလုံး၏ စစ်မှန်သော ရုပ်သဏ္ဌာန်မှာ သာမန်တစ္ဆေများကိုသာ ဟန့်တားနိုင်ခြင်းဖြစ်ပြီး လုံးဝ ကင်းစင်အောင်တော့ မလုပ်နိုင်ပေ။
ငယ်စဉ်ကတည်းက သူသည် ဝိညာဉ်များစွာ၏ ဝိုင်းရံမှုကို ခံရသည်မှာ အသားကျနေပြီဖြစ်သည်။ သူ့ကျန်းမာရေး အခြေအနေမှာ ထိုဝိညာဉ်များကြောင့် ဖြစ်သည်ကို သူ သိသော်လည်း သူ့ဆရာပင်လျှင် လုံးဝ ဖြေရှင်းမပေးနိုင်ခဲ့ပေ။
သူ့မိဘများမှာလည်း သူ့အသက်ကို ဆွဲဆန့်နိုင်မည့် နည်းလမ်းများ ရှာဖွေရင်းနှင့်ပင် ကွယ်လွန်သွားခဲ့ကြရသည်။
"သခင်ကြီး?"
သက်တော်စောင့်မှာ အတွင်းမှ ဆူညံသံအချို့ကို ကြားပုံရသဖြင့် စိုးရိမ်တကြီး မေးလိုက်သည်။
"နေမကောင်းဘူးလား?"
ယုချီ မျက်လုံးမှိတ်လိုက်သောအခါ သူ၏ မျက်သူငယ်များမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
"ဘာမှမဟုတ်ပါဘူး၊ အိမ်မက်ဆိုး မက်လို့ပါ"
ယုချီက ပတ်ဝန်းကျင်ရှိ တစ္ဆေသံများကို လျစ်လျူရှုကာ တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
..........
တစ်ဖက်တွင်မူ ယိရွှယ်သည် ငတ်မွတ်နေသော တစ္ဆေများ အစာလုနေကြသည့် မြင်ကွင်းကို မယုံနိုင်သလို ကြည့်နေမိသည်။ သူမသည် ကားအက်စီးဒင့်တစ္ဆေအတွက် စက္ကူများကို ပုံပြီး မီးရှို့ပေးလိုက်တာနဲ့ လေလွင့်ဝိညာဉ် တစ်အုပ်ကြီးမှာ အနံ့ခံပြီး ရောက်လာကြသည်။
သို့သော် ကားအက်စီးဒင့်တစ္ဆေမှာမူ အစာလုခံရသည့် "အန္တရာယ်ဇုန်" ထဲတွင် နေသားကျနေပုံရပြီး အလှူပစ္စည်းများကိုခေါင်းစိုက်ကာ အားရပါးရ စားသောက်နေခဲ့သည်။
သူတို့က သူမကို ငတ်မွတ်စွာ စိုက်ကြည့်နေကြသည်ကို မြင်သောအခါ ယိရွှယ်သည် သူမ၏ ဆရာပေးထားသော မှော်ဓားကိုထုတ်ကာ လမ်းအလယ်တွင် စိုက်လိုက်တော့သည်။
ယင်ယန်ဝိညာဉ်နှိမ်နင်းရေးဓားကို ကိုင်ဆောင်ကာ ကျန်းကျူးရှစ်သည် မိစ္ဆာများကို နှိမ်နင်းပြီးနောက် တပည့်များနှင့်အတူ ကောင်းကင်ဘုံသို့ တက်လှမ်းသွားခဲ့သည်။
ယင်ဓားကို လေလွင့်ဝိညာဉ်များကို နှိမ်နင်းရန် အသုံးပြုခဲ့ပြီး၊ ယန်ဓားကိုမူ တာအိုမှော်ပညာ၏ အမွေအနှစ်အဖြစ် ချန်ထားရစ်ခဲ့ခြင်း ဖြစ်သည်။
ယိရွှယ် ကိုင်ထားသည်မှာ ထိုဝိညာဉ်နှိမ်နင်းရေးဓား အစုံထဲမှ ယန်ဓားပင် ဖြစ်သည်။ ၎င်း၏ ကြီးမားလှသော စွမ်းအားကြောင့် လေလွင့်ဝိညာဉ်များမှာ အနားသို့ပင် မကပ်ရဲကြတော့ပေ။
"ဘုရားကျောင်းထဲက အစာကို ဘယ်သူ လုရဲလဲဆိုတာ ကြည့်ကြသေးတာပေါ့!"
ယိရွှယ်က ဘုရားကျောင်း ပတ်ဝန်းကျင် သုံးမိုင်အတွင်းကို စိုးမိုးထားသည့် လူမိုက်တစ်ယောက်ကဲ့သို့ ကြေညာလိုက်တော့သည်။
ကားအက်စီးဒင့်တစ္ဆေမှာ ဓားမှ ထွက်ပေါ်လာသော အလင်းတန်းကြောင့် သေလုမတတ် ဖြစ်သွားသဖြင့် မော့ကြည့်ကာ ငိုမဲ့မဲ့ ဖြင့်ပြောလိုက်သည်။
"တာအိုဆရာမ... ဖြည်းဖြည်းလုပ်ပါဦး!
ကျွန်တော်လည်း တစ္ဆေတစ်ကောင်ပဲလေ!"
ယိရွှယ်သည် လက်ထဲရှိ ဓားကို တစ်ချက်ကြည့်ကာ ဘာမှမဖြစ်သလို အပြစ်ကင်းစင်သော မျက်နှာဖြင့် "ဆောရီးနော်၊ ငါ သတိမထားမိလိုက်လို့ပါ"
ကားအက်စီးဒင့်တစ္ဆေ : "..."
(သူ့စိတ်ထဲတွင်မူ ယိရွှယ်သည် စောစောက ဓားဖြင့် သူ့ကိုမသတ်လိုက်ရတာကို မှတ်ထားပြီး အခုမှ တမင်ကလဲ့စားချေနေသည်ဟု တွေးနေမိသည်။ သို့သော် သူမ၏ တည်ကြည်နေသော မျက်နှာကို ကြည့်ပြန်တော့လည်း ထိုသို့ မဟုတ်ပုံရပေ။)
သူ အများကြီး ဆက်မတွေးတော့ဘဲ ခေါင်းငုံ့ကာ အလှူပစ္စည်းများကိုသာ ဆက်လက် စားသောက်နေတော့သည်။
(အရမ်းအရသာရှိတာပဲ!)
............
ရက်အနည်းငယ်ကြာပြီးနောက် ဆရာပိုင် နောက်ဆုံးတွင် ပြန်ရောက်လာခဲ့သည်။
ယိရွှယ်က သူ့ကို ရုပ်တုအကြောင်း မေးမြန်းရာ ဆရာပိုင်က လွန်ခဲ့သော နှစ်ရက်ခန့်ကပင် ကျွမ်းကျင်ပညာရှင်ထံတွင် မှာယူထားပြီးဖြစ်ကြောင်း ပြန်ဖြေလိုက်သည်။
ရုပ်တုပြီးစီးပါက ဤနေရာသို့ သယ်ဆောင်လာမည်ဖြစ်ပြီး ထိုအခါမှသာ သူတို့၏ ဆရာသခင်အတွက် ပေးနိုင်မည်ဖြစ်သည်။
ထိုစကားကို ကြားသောအခါ ပိုင်လုက စူးစမ်းစွာဖြင့် ချက်ချင်းမေးလိုက်သည်။
“ရှစ်ဖူက မကြာခင် အဝတ်အစားအသစ်တွေ ဝတ်တော့မှာလား?”
ဆရာပိုင်သည် မူလက ယိရွှယ်ကို တစ်ခုခု ပြောချင်နေသော်လည်း ပိုင်လု၏ အဓိပ္ပာယ်မရှိသော မေးခွန်းကြောင့် ကြားဖြတ်နှောင့်ယှက်ခံလိုက်ရသဖြင့် တစ်ယောက်ယောက်ကို ဆူပူချင်စိတ် ပေါက်သွားခဲ့သည်။
သို့သော် ပြန်စဉ်းစားကြည့်လျှင်လည်း ထိုစကားက မမှားပေ။ ရုပ်တုကို အသစ်ပြန်သွန်းခြင်းမှာ သူတို့ဆရာသခင်ကို အဝတ်အစားအသစ် ဆင်မြန်းပေးခြင်းနှင့် တူညီနေပေသည်။ သူသည် သားဖြစ်သူကို စိုက်ကြည့်လိုက်သော်လည်း ဘာမှ ထပ်မပြောတော့ပေ။
ယိရွှယ်သည် ဆရာသခင်ကို အမွှေးတိုင် ပူဇော်နေစဉ် အမွှေးတိုင်များမှာ ပုံမှန်ထက် ပိုမိုမြန်ဆန်စွာ လောင်ကျွမ်းနေပြီး အငွေ့များမှာလည်း အထက်သို့ ခပ်မှန်မှန်လေး တက်နေသည်ကို သတိထားမိလိုက်သည်။
မီးတောက်များပင်လျှင် ပုံမှန်ထက် ပိုမိုတောက်ပနေပြီး တစ်စုံတစ်ခုကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနေသယောင်ပင်။
သူမ၏နှလုံးသားထဲတွင် နတ်မင်းကြီး၃ပါးသည် အဝတ်အစားအသစ်များ ဝတ်ဆင်ရသည့်အတွက် အတော်ပျော်ရွှင်နေပုံရသည်ဟု တိတ်တဆိတ် တွေးနေမိသည်။
ဆရာသခင်ပိုင်သည် ဘေးဆောင်ခန်းမထဲတွင် ပိုင်လုအား တာအိုပညာရပ်များကို သင်ကြားပေးနေစဉ် လုရွှယ်ကျန်း ထပ်မံရောက်ရှိလာလေသည်။
သူသည် လင်ယိချွမ်းနှင့်အတူ ယိရွှယ်နှင့် ရှုကျိုးကို ကျေးဇူးတင်စကားပြောရန် ရောက်လာခြင်းဖြစ်ပြီး အမွှေးတိုင်ဖိုးအတွက် အပိုငွေအချို့ပင် ယူဆောင်လာခဲ့သည်။
ယိရွှယ််သည် ၎င်းတို့အား တွေ့သောအခါ သူတို့၏လက်များကို ကြည့်ကာ ပြုံးလိုက်ပြီး “နင်တို့ ငါ့ကို နဖူးစည်းစာတမ်း တစ်ခု ပေးမယ်လို့ မပြောခဲ့ဘူးလား?”
လင်းယိချွမ်းသည် လုရွှယ်ကျန်းကို အံ့အားသင့်စွာ ကြည့်ကာ “ငါတို့ နဖူးစည်းစာတမ်းတစ်ခု ပြင်ဆင်ရမယ်လို့ ဘာလို့ မပြောခဲ့တာလဲ?”
လုရွှယ်ကျန်းကိုယ်တိုင်လည်း ဒါကို မမျှော်လင့်ထားမိပေ။
သူသည် “အာ?” ဟု အနည်းငယ် အာမေဋိတ်သံပြုပြီးနောက် အားပျော့စွာ မေးလိုက်သည်။ “ရက်အနည်းငယ်လောက်မှ မင်းဆီ ယူလာပေးလို့ရမလား? ‘အဆုံးမဲ့စွမ်းအားရှိသော မန္တန်’ လို့ ရေးပေးရင် ဘယ်လိုလဲ?”
ယခုအကြိမ်တွင်တော့ ယိရွှယ်က တကယ်ကို ရယ်မောမိသွားသည်။ သူမက ပြုံးလျက်“ကျွန်မက စနေတာပါ” ဟု သာပြောလိုက်သည်။
သူမသည် သူတို့၏အလေးအနက်ဖြစ်နေသော မျက်နှာအမူအရာများကို မြင်လိုက်ရသဖြင့် အခြေအနေကို ပေါ့ပါးသွားစေရန် စနောက်လိုက်ခြင်းသာဖြစ်သည်။
လုရွှယ်ကျန်းဆွံ့အသွားပြီး “မင်းကတော့ တခါတလေ နောက်နေတာလား၊ အတည်ပြောနေတာလားဆိုတာ တကယ်ကို ခွဲရခက်တာပဲ”
ထို့နောက် ယိရွှယ်က သူတို့ကို မေးလိုက်သည်။
“ဒါနဲ့ ဘာကိစ္စရှိလို့လဲ။ ကျွန်မကို အလုပ်တွေ ဘာတွေ မိတ်ဆက်ပေးမလို့လား”
လုရွှယ်ကျန်းက ခေါင်းခါယမ်းလိုက်ပြီး “လောလောဆယ်တော့ မရှိသေးပါဘူး။ ဒါပေမဲ့! ငါ့ပတ်ဝန်းကျင်မှာ တစ္ဆေနဲ့ ကြုံတဲ့လူရှိရင်တော့ မင်းဆီ ချက်ချင်း လွှတ်လိုက်မယ် "
ယိရွှယ်က စနောက်လိုက်သည်။ “ကောင်းပြီလေ၊ ဒါဆိုရှင့်ကို မိတ်ဆွေအနေနဲ့ လျှော့စျေးပေးမယ်”
လုရွှယ်ကျန်းသည် အလွန်ဝမ်းသာသွားပြီး “တကယ်လား?”
သူတို့ စကားပြောနေရင်း လမ်းကြောင်းလွဲသွားသည်ကို မြင်သောအခါ လင်းယိချွမ်းသည် လုရွှယ်ကျန်း၏လက်မောင်းကို အလျင်အမြန် ဆွဲလိုက်သည်။
ယိရွှယ်သည် သူတို့၏ သေးငယ်တဲ့အပြုအမူလေးကို သတိထားမိသွားပြီး မျက်ခုံးပင့်ကာ ပြုံးလျက် မေးလိုက်၏။
''အိုး၊ ဒါဆို တစ်ခုခု ဖြစ်နေတာလား?”
လုရွှယ်ကျန်းက ခေါင်းကို ကုတ်လိုက်ပြီး ပြန်ဖြေလိုက်လေ၏။
“အင်း၊ အဲဒီလို အတိအကျတော့ မဟုတ်ပါဘူး။ အဲ့ဒါ ဖြစ်ပြီးတဲ့နောက် လူတွေက ခဏလောက် ကံမကောင်းတတ်ဘူးလို့ ကြားတယ်။ တခြားလူတွေကလည်း ကြောက်နေကြပြီး တခြားဘယ်သူမှ အပြင်ထွက်ဖို့ အချိန်မရှိတော့ ကျွန်တော်တို့က ဘုရားကျောင်းကို လာပြီး မေးကြည့်မယ်လို့ တွေးလိုက်တာ''
လုရွှယ်ကျန်းသည် အလွန်ကြောက်ရွံ့နေသောကြောင့် “ တစ္ဆေ ” ဟူသော စကားလုံးကိုပင် မပြောရဲပေ။
ယိရွှယ် : " ကျွန်မ ရှင်တို့နှစ်ယောက်ကို အဆောင်လက်ဖွဲ့ နှစ်ခု ပေးလိုက်တယ် မဟုတ်လား။ အဆောင်ထဲကို ရှောက်ရွက်နဲ့သန့်စင်ပြီး မကောင်းတဲ့ အငွေ့အသက်တွေကို မောင်းထုတ်လိုက်ရင် ဘာပြဿနာမှ ရှိမှာမဟုတ်တော့ပါဘူး။ ဒါပေမဲ့ ‘ဘောပင်တစ္ဆေ’ လို ကစားနည်းမျိုးတွေကိုတော့ ဘယ်တော့မှ ထပ်မဆော့ပါနဲ့တော့။ ဒီတစ်ခါတော့ လူကို အန္တရာယ်မပြုတဲ့ တစ္ဆေနဲ့ ကြုံရလို့ ကံကောင်းသွားတာပါ။ တကယ်လို့ ရန်ငြိုးကြီးတဲ့ ဝိညာဉ်မျိုးကို မှားခေါ်မိရင်တော့ အကူအညီတောင်းဖို့တောင် အချိန်ရမှာ မဟုတ်ဘူး”
ယိရွှယ်က သူတို့ကို ခြောက်လှန့်နေခြင်း မဟုတ်ပေ။ ယခင်က ထိုသို့သော အဖြစ်အပျက်မျိုးများ ရှိခဲ့ဖူးလေသည်။ သူမ အလယ်တန်းကျောင်းသူဘဝတုန်းက အဆောင်တစ်ခုမှ ကျောင်းသားတစ်ဦးသည် ပျော်ချင်ရုံသက်သက်ဖြင့် ‘ဘောပင်တစ္ဆေ’ ဆော့ကစားရာမှ မကောင်းဆိုးဝါး ဝိညာဉ်ကို မတော်တဆ ခေါ်ယူမိသွားကြောင်း ရှစ်စွမ်း ပြောပြတာကို ကြားဖူးလေသည်။ဝိညာဉ်ပို့ဆောင်ခြင်း အခမ်းအနား ပြုလုပ်ခဲ့သော်လည်း မအောင်မြင်ဘဲ ကျောင်းဆောင်ထဲရှိ လူအားလုံး သေဆုံးသွားခဲ့ရသည်။
နောက်ဆုံးတွင် ကျောင်းက တစ်ခုခု မှားနေတာကို သတိပြုမိပြီး သူမ၏ဆရာသခင်အား မကောင်းဆိုးဝါးဝိညာဉ်ကို ချုပ်ငြိမ်းစေရန် ခေါ်ယူခဲ့ကာ နောက်ထပ် ဝမ်းနည်းဖွယ်အဖြစ်ဆိုးများကို တားဆီးနိုင်ခဲ့သည်။
ဤအရာကို ကြားပြီးနောက် လုရွှယ်ကျန်းနှင့် လင်းယိချွမ်းတို့သည် ခေါင်းကို အကြိမ်ကြိမ် ခါယမ်းလိုက်ကြသည်။ သူတို့ နောက်တစ်ကြိမ် ထပ်မစမ်းရဲတော့ပေ။ အန္တရာယ်မပေးသည့် တစ္ဆေတစ်ကောင်တည်းနှင့်ပင် စိတ်ဒဏ်ရာရလုနီးပါး ဖြစ်ခဲ့ရသည်။
ဘောပင်ကိုသာအသုံးပြုရန် မလိုအပ်နေပါက သူတို့သည် ဘောပင်ကိုတောင် ထပ်မမြင်ချင်တော့ပေ။
သို့သော် လုရွှယ်ကျန်းသည် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေသောကြောင့် မေးလိုက်သည်။
“မင်းမှာ အပိုအဆောင်လက်ဖွဲ့တွေ ရှိသေးလား။ ကျွန်တော့်ကို နည်းနည်းပိုပေးလို့ရမလား။ ကျွန်တော်တို့ ငွေသားမပါလာပေမယ့် WeChat ကနေ ပေးပါ့မယ်”
သူ ပေးချေလိုသော်လည်း ယိရွှယ်တွင် WeChat မရှိပေ။ ထို့အပြင် ဘုရားကျောင်းရှိ အဆောင်များအားလုံး ကုန်သွားပြီး ယိရွှယ်သည် ဂါထာအသစ်များကို မသင်ယူရသေးသဖြင့် အဆောင်များကို စိတ်တိုင်းကျ ထုတ်မပေးနိုင်သေးပေ။
သို့သော် သူတို့၏ စိုးရိမ်နေသော မျက်နှာအမူအရာများကို မြင်သောအခါ ယိရွှယ် အကြံပြုလိုက်သည်။
“ရှင်တို့ ဆရာသခင်တွေကို နံ့သာပေါင်းနဲ့ ပူဇော်ကြည့်ပါလား?”
လုရွှယ်ကျန်းတွင်သေချာပေါက် ကန့်ကွက်စရာမရှိပေ။ တာအိုပညာရပ်တွင် ယွမ်ရှီထျန်းကျွင်း၊ လင်ပေါထျန်းကျွင်းနှင့် တောက်တေထျန်းကျွင်းတို့မှာ အလွန်လေးစားအပ်သော ပုဂ္ဂိုလ်များဖြစ်ကြသည်။
ထို့ကြောင့် ယိရွှယ်သည်သူတို့အား ပေးရန်အတွက် သေတ္တာထဲမှ နံ့သာတိုင်အနည်းငယ်ကို ရှာဖွေထုတ်ယူလိုက်သော်လည်း ဘုရားကျောင်းတွင် ရန်ပုံငွေ အလွန်နည်းပါးသောကြောင့် နံ့သာတိုင်များပင် ပြတ်လပ်နေကြောင်း သတိပြုမိလိုက်သည်။ သူမ နေ့လည်ပိုင်းတွင် ဈေးဝယ်ထွက်မှရတော့မည်။
ပင်မဆောင်တွင် နံ့သာတိုင်များ ထွန်းညှိနေစဉ် လုရွှယ်ကျန်းသည် အတော်အံ့အားသင့်သွားပြီး “ဝိုး၊ ဒီမှာ မင်းတို့ရဲ့ နံ့သာတိုင်တွေ ဘာလို့ ဒီလောက် မြန်မြန်လောင်ကျွမ်းနေတာလဲ''
သူ အခြားဘုရားကျောင်းများတွင် နံ့သာတိုင်များ ဆက်ကပ်သောအခါ ဤမျှ ထူးထူးခြားခြား လျင်မြန်စွာ လောင်ကျွမ်းသည်ကို တစ်ခါမျှ မတွေ့ဖူးပေ။ တစ်ခုခု မှားနေတာဖြစ်ရမည်၊ ဟုတ်တယ်မလား?
မကြာသေးမီက ကိစ္စများကြောင့် လုရွှယ်ကျန်းသည် အမြဲလိုလိုထိတ်လန့်နေပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကို သံသယဝင်နေမိသည်။
ယိရွှယ်က လှမ်းကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
“အော်... ဒါက ဘာမှမဟုတ်ပါဘူး။ ဆရာသခင်က ပျော်နေလို့ပါ”
နောက်ဆုံးတော့ သူ အင်္ကျီအသစ် ဝတ်ရတော့မည် မဟုတ်ပါလား။
“???”
လုရွှယ်ကျန်းက သူမကို ထိတ်လန့်တကြား ကြည့်လိုက်ပြီး “မင်း အဲဒီလို ပြောလိုက်တာက ပိုတောင် ကြောက်စရာကောင်းသွားပြီ”
သို့သော်လည်း ဘုရားကျောင်းကို လာရောက်ပြီး ယိရွှယ်၏ အားပေးစကားများ စကားကို ကြားလိုက်ရပြီးနောက် လုရွှယ်ကျန်းနှင့် အခြားသူများ စိတ်အေးသွားကြသည်။
ယိရွှယ်က အားလုံးအဆင်ပြေပါတယ်ဟု ပြောသည်ဖြစ်ရာ သူတို့လည်း ဘုရားကျောင်းတွင် အမွှေးတိုင် ပူဇော်ပြီးပြီဖြစ်၍ အားလုံး အဆင်ပြေကြောင်း ပြန်လည် သတင်းပို့နိုင်ပြီဖြစ်သည်။
မပြန်မီတွင် လုရွှယ်ကျန်းက ယိရွှယ်ကို စနောက်ခဲ့သေးသည် ။ “နောက်ရက်ကျရင် နဖူးစည်းစာတမ်းယူလာခဲ့မယ်နော်”
ယိရွှယ်က ခဏတာ ရပ်တန့်သွားပြီးနောက် လုရွှယ်ကျန်း၏ ရယ်မောသံကိုသာ ကြားလိုက်ရသည်၊
“ဟားဟား၊ ကျွန်တော်ကစနေတာပါ!”
“ရှင်ကတော့ တကယ်ပဲဒုက္ခရှာနေတာပဲ”