အခန်း(၂၁၁) - အမှန်တကယ်ရဲတင်းခြင်း
မိန်းမစိုးခေါင်းဆောင်က ချက်ချင်း အောက်ဆင်းပြီး ရှစ်ချင်းလျို့ဆီက စာရွက်ယူကာ ဘုရင်ကြီးဆီ ဆက်သခဲ့သည်။
ဘုရင်ကြီးက စာရွက်ကို ဖတ်ပြီးနောက် အသက်ရှူသံက အနည်းငယ် မြန်သွားခဲ့သည်။
သူက သံမဏိထုတ်လုပ်သည့် လုပ်ငန်းစဥ်ကို နားမလည်ပေမယ့် နောက်ဆုံးထုတ်ကုန်ကိုတော့ သူနားလည်သည်။
သံမဏိသန့်စင်ထုတ်လုပ်မှုသာ အောင်မြင်သွားပါက သံမဏိ သန့်စင်သွားသည့် ပမာဏ များလာရုံသာမက သန့်စင်ထားသည့် သံမဏိရဲ့ သန်မာမှုနှင့် ကြံ့ခိုင်မှုကိုပါ အများကြီး တိုးတက်စေနိုင်သည်။
ထိုအရာတွေကို လက်နက်အဖြစ် အသုံးပြုဖို့ အလွန်သင့်လျော်သည်။
ဘိလပ်မြေနှင့်ပြောင်းကြောင့် သံမဏိသန့်စင်ထုတ်လုပ်ရေးက အမှန်တကယ်ဖြစ်ကာ အောင်မြင်နိုင်ခြေ များမည်ဟု ဘုရင်ကြီးက ယုံကြည်သည်။
သူက သူ့ရင်ထဲက စိတ်လှုပ်ရှားမှာကို ဖိနှိပ်ကာ မေးခဲ့သည်။ "သံမဏိ ဘယ်လိုသန့်စင်ရမလဲသိလား။"
ရှစ်ချင်းလျို့က ခေါင်းခါပြခဲ့သည်။ "မသိဘူး၊ ဒါကြောင့် အရှင်မင်းကြီးက အဲ့နေရာမှာ ကျွမ်းကျင်တဲ့ လူကိုလွှတ်ပြီး စမ်းကြည့်ခိုင်းလိုက်ပါဘုရား။"
ဘယ်လိုလုပ်ရမလဲဆိုတာ သူမ တကယ် မသိပေ။
မော်ဒန်ခေတ်မှာလည်း သံမဏိသန့်စင်တာကို သူမ မမြင်ဖူးခဲ့ပေ။
လက်ရှိခေတ်ရဲ့ ထုတ်လုပ်ရေးနှင့် စက်ပစ္စည်းတွေနှင့် တူတာကို သူမ 'အချိန်ခရီးသွားစွယ်စုံကျမ်း'ထဲက တွေ့ခဲ့တာကြောင့် ကော်ပီချရေးခဲ့တာဖြစ်သည်။
ရှစ်ချင်းလျို့က လိမ်နေပုံ မရတာကြောင့် ဘုရင်ကြီးက အလွန်တော့ စိတ်မပျက်သွားခဲ့ပေ။
သူကထပ်မေးခဲ့သည်။ "ဒီနေ့ သံမဏိသန့်စင်ထုတ်လုပ်နည်းကို ဆက်သတဲ့အတွက် ဘာဆုကြေးလိုချင်လဲ။"
ရှစ်ချင်းလျို့က အမှန်အတိုင်း ပြန်ဖြေခဲ့သည်။ "ကျွန်တော်မျိုးမ တရားမျှတမှုကို လိုချင်ပါတယ်။"
ဤကဲ့သို့ ထက်မြက်လှသည့် ဘုရင်ရှေ့မှာ သူမ ဘာမှ ဖုံးကွယ်ထားဖို့ မလိုပေ။
ဘုရင်ကြီးက မြေခွေးအိုတွေ ညီလာခံက မှူးမတ်တွေနှင့် နေ့တိုင်း ရင်ဆိုင်နေရတာကြောင့် သူက ပြဿနာတွေများစွာကို ကြုံဖူးသည်။
ထို့ကြောင့် ရှစ်ချင်းလျို့က ဒီကိစ္စကို ဘုရင်ကြီးရှေ့မှာ ဖြောင့်မတ်ရိုးသားရန် ပြင်ဆင်ခဲ့သည်။
ဘုရင်ကြီးက မအံ့သြဘဲ ရယ်ခဲ့လေသည်။ "မယ်မင်းဆီမှာ ဘာမှ မဖြစ်ခဲ့ရင် ဒီနေ့ သံမဏိသန့်စင်ထုတ်လုပ်နည်းကို ဆက်သမှာ မဟုတ်ဘူးမလား။"
ရှစ်ချင်းလျို့က တုံ့ဆိုင်းခြင်းမရှိ ခေါင်းငြိမ့်ပြခဲ့သည်။ "အရှင်မင်းကြီးက ဒါကို ဖြတ်ထိုးမြင်နိုင်တဲ့အထိ ဉာဏ်ပညာကြီးမားလှပါတယ်ဘုရား။"
ဒီလောက်ထိ သူ့ရှေ့မှာ ပွင့်လင်းသည့်လူကို ပထမဆုံး တွေ့ဖူးတာပဲဟု ဘုရင်ကြီးက သူ့ဘာသာသူ တွေးလိုက်လေသည်။
အကယ်၍ သူမ နေရာမှာသာ တခြားလူဆိုပါက သူမေးခွန်းမေးလိုက်သည့် အချိန်မှာ ကိုယ့်ဘာသာကိုယ် ကာကွယ်ခုခံလာနိုင်သည်။
သူမသာ အစကတည်းက သံမဏိသန့်စင်ထုတ်လုပ်နည်းကို ဆက်သမည်ဆိုပါက ဘာကြောင့် ဒီလောက် ဖြောင့်မတ်ရိုးသားမည်နည်း။
အရေးကြီးသည့်အချက်က သူမက ဘုရင်ကြီးကို အဆင့်အတန်း ပိုမြင့်ပေးချင်တာ ဖြစ်သည်။
ထိုမိန်းကလေးက ခေါင်းမာကာ ကြောက်ရွံ့နေပုံရသော်လည်း သူ့ကို ယုံကြည်ကိုးကွယ်စွာကြည့်နေတာကို မြင်လိုက်ရလေသည်။
ဘုရင်ကြီးက ရယ်ရမလား ငိုရမလား မသိတော့ပေ။ "မယ်မင်းက သိပ်ရိုးသားတာပဲ၊ တောင်းဆိုစရာ မရှိရင် ထုတ်လုပ်နည်း မဆက်သဘူးဆိုတဲ့သဘောလား။"
ရှစ်ချင်းလျို့က အမှန်အတိုင်းဖြေခဲ့သည်။ "မဟုတ်ပါဘူး၊ အစက နန်ရှီစီရင်စုမြို့ကို ပြန်ရောက်တဲ့အထိ စောင့်မလို့ပါ၊ ပြောင်းသီးနှံ ဆက်သခဲ့တာက လူအများအာရုံစိုက်စရာဖြစ်ခဲ့တာကြောင့် သံမဏိသန့်စင်ထုတ်လုပ်နည်းကို တရားသူကြီးမင်းမော့ဆီကနေတဆင့် အရှင်မင်းကြီဆီ ဆက်သခိုင်းဖို့ စီစဥ်ထားတာပါ။"
ဘုရင်ကြီးက ခဏလောက် ကြက်သေသေသွားပြီးမှ စိတ်ရှုပ်ထွေးစွာ ပြန်မေးလိုက်သည်။ "ဘာလို့လဲ၊ ဘာဖြစ်လို့ ကိုယ်တိုင် လာမဆက်သချင်တာလဲ။"
ရှစ်ချင်းလျို့က ပြန်ဖြေခဲ့သည်။ "တောအုပ်ထဲက ထိုးတောင်ထွက်နေတဲ့သစ်ပင်က လေပြင်းကြောင့် ပျက်စီးရတတ်ပါတယ်၊ ပြောင်းသီးနှံ ဆက်သပြီးနောက် သံမဏိသန့်စင်ထုတ်လုပ်နည်းပါ ထပ်ပြီး ဆက်သလိုက်ရင် လူတွေက ကျွန်တော်မျိုးမတို့ကို စောင့်ကြည့်နေမှာကို စိုးမိပါတယ်၊ ဒါကြောင့်ပဲ တတ်နိုင်သမျှ သိုသို သိပ်သိပ်နေဖို့ တွေးခဲ့တာပါ၊ သတင်းတွေ ငြိမ်သွားပြီးမှ တရားသူကြီးမင်းမော့နဲ့ သံမဏိသန့်စင်ထုတ်လုပ်နည်းကို ဆက်သခိုင်းမလို့ပါ၊ ဒီလိုဆိုရင် အများအာရုံစိုက်စရာတွေ မဖြစ်နိုင်တော့ပါဘူး။"
ဘုရင်ကြီးရဲ့ မျက်လုံးထဲမှာ အပြုံးရိပ် ထင်ဟပ်သွားခဲ့သည်။ "ဒါဆိုရင် အခုကျတော့ကော ဘာလို့ သိုသိုသိပ်သိပ် မနေချင်တော့တာလဲ။"
သူက ထပ်ပြောခဲ့သည်။ "ဒီနေ့ ကိစ္စကြောင့် သံမဏိသန့်စင်ထုတ်လုပ်နည်း ဆက်သတာက မယ်မင်းကို လူတွေ ပိုပြီး အာရုံစိုက်စရာ ဖြစ်သွားနိုင်တယ်။"
ရှစ်ချင်းလျို့ရဲ့ မျက်နှာထက်မှာ ကူကယ်ရာမဲ့မှုတွေ နစ်နာမှုတွေထင်ဟပ်နေလေသည်။ "မတတ်နိုင်ပါဘူးဘုရား၊ အနိုင်ကျင့်ခံရတာထက်စာရင် လူတွေအာရုံစိုက်ခံရတာက ပိုကောင်းပါတယ်။"
ငါက ဒီလိုပဲ ဖြောင့်မတ်ရိုးသားတယ်။
ရှစ်ချင်းလျို့ကဲ့သို့ ဖြောင့်မတ်ရိုးသားသူကိုတွေ့ရတာ ဘုရင်ကြီးက ထူးဆန်းနေသည်။
သူ့ရှေ့မှာတောင် သူမက သူမ တွေးထားသမျှ ထုတ်ပြောရဲသည်။
သူက စနောက်သလို ပြောလာခဲ့သည်။ "ငါကိုယ်တော်က ဒီကိစ္စကို လျစ်လျူရှုပြီး မယ်မင်းကိုအပြစ်တင်မှာကို မကြောက်ဘူးလား။"
ရှစ်ချင်းလျို့က ဘုရင်ကြီးကို တည်ကြည်ပြီး ယုံကြည်သည့်အကြည့်ဖြင့် ကြည့်ခဲ့သည်။ "ကျွန်တော်မျိုးမက အရှင်မင်းကြီး ဒီလိုလုပ်မယ်လို့ မထင်ပါဘူးဘုရား။"
ဘုရင်ကြီးက ချက်ချင်း စိတ်ဝင်စားသွားခဲ့သည်။ "ဘာဖြစ်လို့ ဒီလိုထင်တာလဲ။"
ရှစ်ချင်းလျို့က ချက်ချင်းပင် ဘုရင်ကြီးကို မြှောက်ပင့်ပြီး အချက်ကျကျပြောခဲ့သည်။ "ဘာလို့လဲဆိုတော့ ကျွန်တော်မျိုးမတို့ရဲ့ အရှင်မင်းကြီးက သိပ်ပြီး ဉာဏ်ပညာရှိလို့ပါဘုရား၊ ကျွန်တော်မျိုးမ မြို့တော်ကို မလာခင်တုန်း ဘုရင်ကြီးက လူကောင်းဖြစ်တဲ့အကြောင်း လူတွေအများကြီး ပြောနေခဲ့တာကို ကြားခဲ့ပါတယ်၊ အရှင်မင်းကြီး နန်းတက်ပြီးကတည်းက အခွန်လျှော့ချပေးခြင်း၊ ရေထိန်းသိမ်းရေးစီမံကိန်းတွေ ဆောက်လုပ်ပေးပြီး လာဘ်စားတဲ့အရာရှိတွေကိုလည်း အပြစ်ပေးခဲ့ပါတယ်၊ ပြည်သူပြည်သားတွေက လောလောဆယ် ပူပန်စရာမရှိဘဲ အေးချမ်းတဲ့ဘဝကို ဦးဆောင်သွားနေကြပါတယ်၊ အခုလက်ရှိ ပြည်သူတွေရဲ့ ဘဝက အရင်မင်းဆက်တုန်းကထက် ပိုကောင်းမွန်နေပြီး အနာဂတ်အတွက်လည်း အများကြီး မျှော်လင့်နေကြပါတယ်၊ အရှင်မင်းကြီးရဲ့ အုပ်ချုပ်မှုအောက်မှာဆိုရင် ကျွန်တော်မျိုးမတို့ရဲ့ ပြည်သူတွေရဲ့ ဘဝက ပိုကောင်းမွန်လာမယ်လို့ ယုံကြည်ပါတယ်ဘုရား၊ နောက်တော့ အရှင်မင်းကြီးကို ပြောင်းသီးနှံ ဆက်သဖို့ တွေ့ပြီးတဲ့နောက်တော့ အရှင်မင်းကြီးက ဂုဏ်သိက္ခာရှိပြီး တစ်ချိန်တည်းမှာပဲ ရင်းနှီးသလို ခံစားခဲ့ရပါတယ်၊ ကျွန်တော်မျိုးမတို့ရဲ့ အရှင်မင်းကြီးက မရေတွက်နိုင်တဲ့ အခွင့်အရေးတွေနဲ့ စတင်နီးကပ်လာပြီး ကြိုးကြိုးစားစား စီမံခန့်ခွဲနိုင်ပါလိမ့်မယ်၊ အရှင်မင်းကြီးရဲ့ မျက်လုံးထဲမှာ တာ့လျန်သာမက ပြည်သူပြည်သားတွေပါ ရှိတယ်၊ ဒီကလူတွေတော့ ကောင်းချီးပေးခံရတာပဲ၊ အရှင်မင်းကြီးက ပြည်သူပြည်သားတွေကို ကိုယ့်ရင်သွေးသဖွယ် ချစ်ခင်တယ်ဆိုတာ သိသာနေတာပဲ၊ ဒါကြောင့်ပဲ ကျွန်တော်မျိုးမ ဒီနေ့ နန်းတော်ထဲ ဝင်ရောက်ရဲပြီး ဆက်သနိုင်တာပါ၊ ဒီထောက်ပံ့မှုကို တရားမျှတမှုနဲ့ လဲလှယ်လို့ရမယ်လို့ မျှော်လင့်ပါတယ်ဘုရား။"
ဘုရင်တစ်ယောက်အနေဖြင့် သူများရဲ့ ချီးကျူး အသိအမှတ်ပြုသည့် စကားတွေကို နားထောင်ရတာကြိုက်တာ သဘာဝပင်။
ထို့ကြောင့် ရှစ်ချင်းလျို့ရဲ့ စကားတွေအကုန်လုံးက ဘုရင်ကြီးရဲ့ ရင်ထဲ ရောက်သွားခဲ့သည်။
သူ ထီးနန်းတက်ပြီးကတည်းက ကြိုးစားမှု အရှိန်မလျှော့ရဲခဲ့ပေ။
တာ့လျန်နိုင်ငံကြီးကို တည်ထောင်နိုင်ရုံသာမက ပြည်သူပြည်သားတွေ အေးအေးချမ်းချမ်း နေထိုင်လုပ်ကိုင်စားသောက်နိုင်ဖို့ကိုလည်း မျှော်လင့်ခဲ့သည်။
သူ့မျက်လုံးထဲက အပြုံးတွေက ပိုနက်နဲသွားခဲ့သည်။ "လူကိုပျော်အောင် ဘယ်လို ချော့ပြောရမလဲဆိုတာ မယ်မင်း သိသားပဲ။"
ရှစ်ချင်းလျို့ရဲ့ မျက်လုံးထဲမှာတော့ ရိုးသားမှုတွေ ပြည့်နှက်နေခဲ့သည်။ "ကျွန်တော်မျိုးမက အမှန်အတိုင်းပြောတာပါ အရှင်မင်းကြီး၊ ကျွန်တော်မျိုးမက ရိုးသားတဲ့လူဖြစ်တာကြောင့် ဘယ်တော့မှ မလိမ်ပါဘူး ဘုရား။ ကျွန်မရဲ့ ရိုးသားတဲ့အကြည့်တွေကိုပဲကြည့်ပါလား။"
ဘုရင်ကြီးက ဒေါသမထွက်သည့်အပြင် ပျော်ပါပျော်နေတာကို သူမ သိလိုက်သည်။
သူမက တကယ့် လောင်းကစားကြီးကို လုပ်နိုင်ခဲ့တာပဲဟု တွေးလိုက်လေသည်။
ထို့ကြောင့် သူမက ဆက်လက်ပြီး ရိုးသားဖြောင့်မတ်ဟန် ပြောခဲ့သည်။ "အကယ်၍ အရှင်မင်းကြီးက လူထုရဲ့ နှလုံးသားကို အနိုင်မရခဲ့ရင် ကောင်းကင်ဘုံက ချီးမြှင့်တဲ့ မျိုးစေ့ဆိုတာလည်း ရှိမှာ မဟုတ်ပါဘူး ဘုရား၊ အရှင်မင်းကြီးက ထိုက်လျောက်တဲ့ ချီးမြှင့်မှုကို ခံရတာ လူတိုင်းသိပါတယ်၊ အရှင်မင်းကြီး ကိုယ့်ဘာသာကိုယ် နိမ့်ချလွန်းနေပါပြီ။"
ဘုရင်ကြီးက အသံထွက်အောင် ရယ်ခဲ့လေသည်။ "မယ်မင်းက တော်တော်သတ္တိရှိတာပဲ။"
ရိုးသားသည့်လူနှင့် အမှန်အတိုင်းပြောသည့် လူကို သူသဘောကျသည်။
ရှစ်ချင်းလျို့က ဆက်လက်ကာ မြှောက်ပင့်ခဲ့သည်။ "ဒါဟာလည်း အရှင်မင်းကြီးကြောင့်ပါပဲ၊ အရှင်မင်းကြီးက မင်းကောင်းမင်းမြတ်တစ်ပါး ဖြစ်တာကြောင့် ပြည်သူပြည်သားတွေက အမှန်အတိုင်း ပြောရဲတာပါ ဘုရား။"
ဘုရင်ကြီးက အသံထွက်အောင် ရယ်မိပြန်လေသည်။ "အကယ်၍ ကိုယ်တော်က မင်းကောင်းမင်းမြတ် မဟုတ်ရင် မယ်မင်းက မပြောရဲဘူးပေါ့။"
ရှစ်ချင်းလျို့က ပြုံးကာ ပြန်ဖြေခဲ့သည်။ "ဒါပေမဲ့ အရှင်မင်းကြီးက ကောင်းမွန်တဲ့ မင်းကောင်းမင်းမြတ်ပဲလေ။"
ဘုရင်ကြီးက လက်မြှောက်ကာ ရှစ်ချင်းလျို့ကို ညွှန်ပြခဲ့သည်။
သူက ရယ်ရမလား ငိုရမလား မသိတော့ဘဲ ထပ်ပြောခဲ့သည်။ "မယ်မင်းက ထက်မြက်သားပဲ။"
ရှစ်ချင်းလျို့က ဆက်ပြောခဲ့သည်။ "အရှင်မင်းကြီးရဲ့ ချီးကျူးပေးမှုအတွက် ကျေးဇူးတင်လှကြောင်းပါဘုရား။"
ဒီမိန်းကလေးက ဉာဏ်ကောင်းရုံသာမက ရဲရင့်ကြောင်းပါ ဘုရင်ကြီးက နားလည်ခဲ့လေသည်။
သို့ပေမယ့် သူမကို သူ မမုန်းရဲပေ။
ထိုအစား ရှစ်ချင်းလျို့ရဲ့ ဖြောင့်မတ်ရိုးသားသည့် စိတ်ထားကို သူ သဘောကျသည်။
သူက စားပွဲကို လက်ချောင်းတွေဖြင့် ခေါက်နေခဲ့သည်။ ခဏလောက်တွေးပြီးနောက် သူက ပြောခဲ့သည်။ "ဒီနေ့ကိစ္စကို လူလွှတ်ပြီး သေချာစုံစမ်းခိုင်းပြီး မယ်မင်းအတွက် တရားမျှတမှုကို ယူဆောင်ပေးမယ်။"
တတိယမင်းသားရဲ့ ကြင်ယာတော်က တကယ်ကို တရားလွန် လွန်းသည်။
ဒါ့အပြင် ရှစ်ချင်းလျို့က သဘောကျစရာကောင်းရုံသာမက အလွန်တန်ဖိုးရှိသည်။
အနာဂတ်မှာ နိုင်ငံနှင့်လူမျိုးကို အကျိုးရှိစေမည့် ဘုန်းတော်ကြီး ထားခဲ့သည့် ကိစ္စရပ်ကို မှတ်မိလာနိုင်မည်ကို ဘယ်သူမှ မသိနိုင်ပေ။
ရှစ်ချင်းလျို့က ချက်ချင်း အရိုအသေပေးခဲ့သည်။ "ကျေးဇူးကြီးလှကြောင်းပါ အရှင်မင်းကြီး။"
သူမက ဘုရင်ကြီးရဲ့ ရှေ့မှာ တတိယမင်းသားရဲ့ ကြင်ယာတော်ကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်မထားခဲ့ပေ။
အကယ်၍ သူမသာ ထိုသို့လုပ်ခဲ့ပါက အဆုံးမှာ အရှုံးဖြစ်သွားနိုင်သည်။
သူမက ကိုင်တွယ်ရခက်ကာ စိတ်ထားသေးသိမ်ကြောင်း ဘုရင်ကြီးက ထင်မြင်မိသွားနိုင်သည်။
ဘုရင်ကြီးက သိပ်ပြီး ဉာဏ်ပညာကြီးသည့် အုပ်ချုပ်သူ ဖြစ်သည်။
ဘုရင်ကြီးရဲ့ သတင်းပေးတွေက နေရာတိုင်းမှာ ရှိကြောင်း သူမရဲ့ ခင်ပွန်းက ပြောခဲ့သည်။
ဒီနေ့ သူမကို ပန်းထိုးအထည်ဆိုင်မှာ ပြက်ရယ်ပြုခဲ့တာတွေ အာဏာကိုသုံးပြီး သူတစ်ပါးကို အနိုင်ကျင့်တာတွေကို ဘုရင်ကြီး သိလောက်သည်။
အကယ်၍ သူမသာ ဒီကိစ္စတွေကို ဘုရင်ကြီးကို ပြောပြပါက ဘုရင်ကြီး ကသိကအောက်ဖြစ်ကာ မပျော်မရွှင်ဖြစ်သွားနိုင်သည်။
သူက ပြောင်းစေ့တွေကို တန်ဖိုးထားသော်လည်း ချွေးမဖြစ်သူက မောက်မာစွာပြောပြီး သူ့ကိုသိမ်ငယ်စေခဲ့သည်။
သူက ရှက်ရွံ့သွားနိုင်သည်။
ရှစ်ချင်းလျို့က ဒီကိစ္စတွေကို ရှောင်ရှားခဲ့ပြီး ဘုရင်ကြီးကို ကိုယ်တိုင် စိတ်တိုစေခဲ့သည်။
ဒီကိစ္စက သူနှင့်သူ့ချွေးမကြားမှာ တင်မာမှုတချို့ ဖြစ်သွားစေနိုင်သည်။
ဘာပဲဖြစ်ဖြစ် သူမက တရားမျှတမှူလိုချင်သည်ဟုသာ ပြောခဲ့ပြီး သူ့ချွေးမ လုပ်ခဲ့သည်ဟု မပြောခဲ့ပေ။
လူတိုင်းက သိပြီးသားဖြစ်သော်လည်း သူတို့က ဘုရင်ကြီးရဲ့ဂုဏ်သတင်းကို ထိန်းပေးဖို့ ကြိုးစားနေဆဲဖြစ်သည်။
ရှစ်ချင်းလျို့က ဆက်မနေတော့ပေ။
သူမက ပြောစရာပြီးသည်နှင့် ရှီရုံနင့်ပြန်သွားခံသည်။
သူမ ပြန်သွားပြီးသည်နှင့် ဘုရင်ကြီးက အမိန့်ပေးကာ ထိုကိစ္စကို သေချာစုံစမ်းခိုင်းလိုက်သည်။
ဒါတွေဟာ ရှစ်ချင်းလျို့ ခန့်မှန်းထားသည့်အတိုင်းဖြစ်သည်။
ဒီနေ့ ရှစ်ချင်းလျို့အိမ်က ထွက်ပြီးကတည်းက ဖြစ်ခဲ့သည့် ကိစ္စအားလုံးကို သူသိချင်ခဲ့သည်။