အခန်း (၂၆၀) - အကျိုးဆက်များအား ထည့်တွက်ခြင်း
ရှောင်ယွမ်ရှစ်သည် ဒုတိယမင်းသားနှင့် တွေ့ဆုံပြီးနောက် စစ်သူကြီးစံအိမ်သို့ ပြန်လာခဲ့ကာ နေ့လယ်ခင်း မရောက်ခင်အထိ စာဖတ်ခန်းထဲ၌သာ အချိန်ကုန်လွန်စေခဲ့သည်။ ထို့နောက်တွင်မူ ညစာ အတူတကွ သုံးဆောင်ရန်အတွက် ဇနီးဖြစ်သူ ကောချွန်းရု၏ အဆောင်သို့ ထွက်ခွာခဲ့သည်။
စံအိမ်တော်သို့ ရောက်ရှိနေသည့် လျှို့ဝှက်သူလျှို ထောင်လျို၏ အန္တရာယ်ကြောင့်လည်းကောင်း ညီမဖြစ်သူ ကောချွန်းယင်း၏ အကြံပေးချက်များကြောင့်လည်းကောင်း... ယခုအခါ ကောချွန်းရုသည် ရှောင်ယွမ်ရှစ်အပေါ် ယခင်ကထက် ပိုမို၍ နူးညံ့ပျူငှာစွာ ဆက်ဆံလာခဲ့သည်။ သူမသည် ဖက်လဲတကင်းရှိလှသော မျက်ဝန်းအစုံဖြင့် ရှောင်ယွမ်ရှစ်ကို စိုက်ကြည့်ရင်း ချိုသာစွာ ပြောလိုက်သည်။
"စစ်သူကြီးအတွက် ဟင်းလျာတွေကို ကျွန်မ ကိုယ်တိုင် အပင်ပန်းခံ ချက်ပြုတ်ထားတာပါ။ မြည်းစမ်းကြည့်ပါဦးရှင်"
သူမက သူ့အတွက် အရက်တစ်ခွက်ကို အလိုက်တသိ ငှဲ့ပေးလိုက်သည်။ ထိုသို့ လုပ်ဆောင်နေစဉ်အတွင်း သူမသည် ဟင်းချက်ရာ၌ ဆီစင်ထားသဖြင့် အနည်းငယ် နီမြန်းနေသည့် မိမိ၏ လက်ဖမိုးလေးကို ရှောင်ယွမ်ရှစ် မြင်တွေ့စေရန် တမင်တကာ လစ်ဟပြသလိုက်သေးသည်။ သို့သော်လည်း ရှောင်ယွမ်ရှစ်မှာမူ ဒုတိယမင်းသားနှင့် ဆွေးနွေးခဲ့သည့် အရေးကြီးကိစ္စရပ်များကိုသာ စိတ်ထဲ၌ အဆက်မပြတ် တွေးတောနေခဲ့သည်။ ထိုအချိန်၌ သူသည် အမျိုးသမီးတစ်ဦးကို ယုယုယယ ချော့မြူချင်စိတ် အနည်းငယ်မျှ ရှိမနေသဖြင့် သူမ ပြသလာသည့် လက်ဖမိုးလေးကို လုံးဝ အာရုံမစိုက်မိခဲ့ချေ။
ထိုအေးစက်စက် အမူအရာကြောင့် ကောချွန်းရု၏ စိတ်ထဲ၌ အနည်းငယ် မသက်မသာ ဖြစ်သွားခဲ့ရသည်။
ရှောင်ယွမ်ရှစ်သည် ဟင်းလျာများကို တစ်လုပ်နှစ်လုပ် ယူ၍ မြည်းစမ်းကြည့်လိုက်ပြီးနောက်... ကောချွန်းရု၏ ဟင်းချက်စွမ်းရည်မှာ ထောင်လျိုထက် များစွာ ညံ့ဖျင်းလှကြောင်း ချက်ချင်း သဘောပေါက်သွားခဲ့သည်။ စား၍ပင်မရလောက်အောင် ကြောက်စရာကောင်းလှသည့် ဟင်းလျာများကို သူမအနေဖြင့် ဘာကြောင့်များ ကိုယ်တိုင်ချက်ပြုတ်ခဲ့သနည်းဟူ၍ ရှောင်ယွမ်ရှစ် စိတ်ထဲက ကျိန်ဆဲနေမိသည်။ သူမသည် သူ့အား တမင်သက်သက် ခက်ခဲအောင် လုပ်နေခြင်းလော။
သူ့စိတ်ကူးထဲက အတွေးများကို ကောချွန်းရုတစ်ယောက် မသိရှိခဲ့ချေ။ မဟုတ်ပါက သူမအနေဖြင့် အလွန်အမင်း ဒေါသထွက်ပေါက်ကွဲပေလိမ့်မည်။
ရှောင်ယွမ်ရှစ်သည် သူမ ကျေနပ်အားရစေရန်အတွက်သာ ဟင်းကို အနည်းငယ် ဇွန်းတို့စားပြလိုက်သည်။ ထို့နောက်တွင်မူ ကောချွန်းရုကို ရင်ခွင်ထဲသို့ ဆွဲဖက်လိုက်ရင်း ဟန်ဆောင်၍ ပြောလိုက်သည်။
"မဆိုးပါဘူး... ချွန်းရုက ကိုယ့်အပေါ် တကယ့်ကို တွေးတောငဲ့ညှာပေးတတ်သားပဲ"
ကောချွန်းရုသည် သူ၏ သွေးနွေးလှသော လက်မောင်းအစုံကြားထဲသို့ ရောက်ရှိသွားမှပဲ မျက်နှာထက်၌ အပြုံးပန်း ဆင်နိုင်သည်။
"ကျွန်မက ရှင့်ရဲ့ ဇနီးပဲလေ။ ရှင့်ကို အနီးကပ် ဂရုစိုက်ပြုစုရမှာ ကျွန်မရဲ့ တာဝန်ပဲပေါ့"
သူမ၏ စကားမှာ... 'ဒါကြောင့်မို့လို့ လာဘ်မြင်တဲ့ အပျက်မ ထောင်လျိုကတော့ ကျွန်မလို စေတနာမှန်နိုင်မှာ မဟုတ်ဘူး' ဟု သွယ်ဝိုက်၍ ပုတ်ခတ်လိုက်ခြင်း ဖြစ်သည်။ ရှောင်ယွမ်ရှစ်သည် စားမကောင်းသည့် ဟင်းများကို ဆက်လက်စားသုံးခြင်းဖြင့် မိမိကိုယ်မိမိ ဖိအားမပေးချင်တာကြောင့် သူမကို ဖက်တွယ်ကာ စကားစမြည်ပြောဆိုရင်း ထမင်းစားခြင်းကို ရပ်တန့်လိုက်သည်။ မကြာခင်မှာပင်... သူသည် ဒုတိယမင်းသား မေးမြန်းခဲ့သည့် မေးခွန်းကို စကားစတင်၍ ထုတ်မေးလိုက်သည်။
ထိုအကြောင်းအရာကို ကြားလိုက်ရသောအခါ ကောချွန်းရု၏ ရင်ထဲ၌ မနာလိုဝန်တိုစိတ်ဖြင့် ရင်နာသွားခဲ့ရသည်။ ထိုစဉ်က ရှစ်ချင်းလျို့ဆိုသည့် မိန်းကလေးထံတွင် လျှို့ဝှက်ဆန်းပြားသော ဆရာကောင်းတစ်ဦး ရှိနေခဲ့သည်။ ယခုအခါတွင်မူ အဆင့်အတန်းမြင့်မားလှသော ဒုတိယမင်းသားကိုယ်တိုင်ကပါ ထိုမိန်းကလေးကို မိမိ၏ အုပ်စုဘက်သို့ ပါဝင်လာစေရန် အသည်းအသန် ဆွဲဆောင်ချင်နေပြီ ဖြစ်သည်။ သူမက ခေတ္တမျှ တွေးတောလိုက်ပြီးနောက် မေးမြန်းလိုက်သည်။
"ဒါဆိုရင်... ကျွန်မတို့ ရှောင်ပိုင်လီဆီကနေ စတင်ပြီး အကွက်ဆင်ကြမလား"
အကြောင်းမှာ ရှောင်ဟန်ကျန့်၏ ညီအငယ်ဖြစ်သူ ရှောင်အာ့လန်မှာ အလွန်တရာ ငယ်ရွယ်လွန်းသေးသောကြောင့် ဖြစ်သည်။ ရှောင်ယွမ်ရှစ်က စူးစမ်းလိုသော မျက်ဝန်းဖြင့် မေးလိုက်သည်။
"ဘယ်လိုနည်းလမ်းနဲ့ စတင်ကြမှာလဲ"
သူက ဆက်လက်၍လည်း ပြောဆိုလိုက်သေးသည်။
"ဘာပဲပြောပြော ပိုင်လီက ကိုယ့်ရဲ့ သမီးအရင်းပဲလေ။ သူမကတစ်ဆင့် ရှောင်ဟန်ကျန့်တို့ လင်မယားကို ဒုတိယမင်းသားဘက် ပါလာအောင် စည်းရုံးမှာ ဖြစ်ပေမဲ့လည်း... သမီးဖြစ်သူ နာကျင်ထိခိုက်အောင်တော့ ကိုယ်တို့ ဘာမှ မလုပ်နိုင်ဘူး။ ဒါပေမဲ့ ချွန်းယင်းက မကြာခင်မှာ ဒုတိယမင်းသားရဲ့ အိမ်တော်ထဲကို ဝင်ရောက်တော့မှာဆိုတော့... အကယ်၍ ဒီကိစ္စနဲ့သာ မင်းသားကို ကူညီပေးနိုင်ခဲ့ရင် သူမအတွက်လည်း အနောက်ဆောင်မှာ အရှိန်အဝါရလာဖို့ အများကြီး အကျိုးရှိလိမ့်မယ်"
စင်စစ် ကောချွန်းရုသည် ရှောင်ပိုင်လီကို လုံးဝ သဘောမကျပေ။ သို့သော်လည်း ရှောင်ယွမ်ရှစ်၏ နောက်ဆုံးစကားဖြစ်သော ညီမဖြစ်သူ ကောချွန်းယင်းအတွက် အကျိုးရှိနိုင်သည်ဟူသော အချက်ကို ကြားရပြီးနောက်... သူမသည် နက်နက်နဲနဲ တွေးတောကာ သဘောတူလိုက်သည်။
"ကျွန်မက ရှင့်ရဲ့ ဇနီးဖြစ်ပြီး ရှောင်ပိုင်လီက ရှင့်ရဲ့ သမီးပါ။ ကျွန်မက သူမကို ကိုယ့်ရဲ့ သမီးအရင်းလိုပဲ သဘောထားတာမို့လို့... သူမကို ဘာဘေးအန္တရာယ်မှ မကျရောက်စေချင်ပါဘူးရှင်"
ထို့နောက်တွင်မူ သူမသည် စနစ်တကျ ကြံစည်ထားသည့် အကြံအဉာဏ်များကို ရှောင်ယွမ်ရှစ်၏ နားနားသို့ ကပ်ကာ တီးတိုးတိုင်ပင် ပြောပြလိုက်သည်။
ရှောင်ယွမ်ရှစ်သည် အတန်ကြာအောင် စဉ်းစားတွက်ချက်ကြည့်ပြီးမှ ခေါင်းညိတ်ပြလိုက်သည်။
"အင်း... ဒီအကြံစည်ကတော့ မဆိုးလှဘူးပဲ"
ကောချွန်းရုက အောင်နိုင်သူတစ်ဦးကဲ့သို့ ပြုံးလိုက်ရင်း သူမ၏ လက်ချောင်းလေးများဖြင့် သူ့ရင်ဘတ်ကို သာသာယာယာ တို့ထိလိုက်သည်။
"စစ်သူကြီးနဲ့ ဒုတိယမင်းသားဘက်ကသာ မစိုးရိမ်ဘူးဆိုရင်... ဒီကိစ္စကို ကျွန်မ ကိုယ်တိုင်ပဲ အစအဆုံး တာဝန်ယူပြီး လုပ်ဆောင်လိုက်ပါ့မယ်"
အကယ်၍သာ ယခုအစီအစဉ် အောင်မြင်သွားခဲ့ပါက ဒုတိယမင်းသားအနေဖြင့် သူမ၏ ညီမဖြစ်သူ ကောချွန်းယင်းကို ပိုမို၍ တန်ဖိုးထား အလေးပေးလာမည် ဖြစ်သည်။ ရှောင်ယွမ်ရှစ်က ကမူးရှူးထိုးဖြင့် ပြောလိုက်သည်။
"ဒါပေါ့... ကိုယ့်ဘက်ကတော့ ဘာမှ စိတ်ထဲမထားပါဘူး။ ဒုတိယမင်းသားဘက်ကိုတော့ ကိုယ်တိုင် စိတ်ချရအောင် ပြောပြပေးထားလိုက်မယ်။ မင်း အဲဒီအတွက် လုံးဝ စိတ်ပူမနေနဲ့"
သူက သတိပေးသည့်အနေဖြင့် အလေးအနက် ထပ်ပြောလိုက်ပါသေးသည်။
"ဒါပေမဲ့... အဲဒီကလေးတွေကို အသက်အန္တရာယ်ပြုတာမျိုး ဒါမှမဟုတ် ထိခိုက်နာကျင်စေတာမျိုးတော့ ဘာမှ မလုပ်မိစေနဲ့နော်"
သူ့ဇနီးသည်မှာ နှုတ်ချိုလျှာကာဖြင့် အပြောကောင်းနေသော်လည်း သူမသည် မိမိ၏ သားသမီးများကို လုံးဝ သဘောမကျကြောင်း သူ ကောင်းစွာ သိရှိထားသည်။ ထို့ကြောင့်ပင် ဟိုးတုန်းက သူမ၏ သွေးထိုးမှုများကြောင့် သားသမီးများနှင့် ဆွေမျိုးဖြတ်တောက်သည့်အထိ ဖြစ်ခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုတစ်ကြိမ်တွင်မူ သူ့ဇနီးကို မိမိ၏ သားသမီးများအပေါ် ထိခိုက်အန္တရာယ်ပြုခွင့် လုံးဝ မပေးနိုင်ချေ။
ဤကိစ္စကို ကောချွန်းရုတစ်ယောက် အောင်မြင်အောင် လုပ်ဆောင်နိုင်သည်ဖြစ်စေ မလုပ်ဆောင်နိုင်သည်ဖြစ်စေ... ဒုတိယမင်းသားထံသို့မူ မိမိကပင် စွမ်းဆောင်ပေးသကဲ့သို့ ပြန်လည်ရှင်းပြရမည် ဖြစ်သည်။ အကယ်၍ အောင်မြင်ခဲ့ပါက ဒုတိယမင်းသားသည် မိမိ၏ ကူညီပံ့ပိုးမှုကို စိတ်ထဲ၌ အမြဲမှတ်ထားပေလိမ့်မည်။ အကယ်၍ မအောင်မြင်ဘဲ ပျက်စီးသွားခဲ့လျှင်မူ... ၎င်းမှာ သူ့ဇနီး၏ ညံ့ဖျင်းမှုကြောင့်သာ ဖြစ်ပေလိမ့်မည်။ ဒါ့အပြင် ဤလုပ်ရပ်ကြောင့် သူ့သားကြီးလင်မယား ဒေါသထွက်ပေါက်ကွဲလာခဲ့လျှင်ပင်... ဒါက ကောချွန်းရုကိုယ်တိုင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သောကြောင့် မိမိနှင့် လုံးဝ သက်ဆိုင်လိမ့်မည်မဟုတ်ချေ။ ဘာပဲဖြစ်ဖြစ်... သူ့သားကြီးလင်မယားနှင့် ကောချွန်းရုတို့မှာ အချင်းချင်း မျက်မုန်းကျိုးပြီးသား ရန်သူများ ဖြစ်ကြသဖြင့် အခြေအနေ အနည်းငယ်မျှ ပိုမိုဆိုးဝါးသွားခဲ့လျှင်လည်း ဘာမှ ပြဿနာမရှိပေ။
ရှောင်ယွမ်ရှစ်သည် သူ လျှောက်လှမ်းသည့် ခြေလှမ်းတိုင်းကို လွန်စွာ သတိကြီးစွာ ထားရှိပြီး နောက်ကွယ်က ဖြစ်လာမည့် ဘေးထွက်အကျိုးဆက် အားလုံးကိုပါ သေသေချာချာ ထည့်သွင်းတွက်ချက်ထားခြင်း ဖြစ်သည်။
ကောချွန်းရုမှာမူ ရှောင်ယွမ်ရှစ်သည် မိမိအပေါ် ယုံကြည်စိတ်ချရုံတင်မကဘဲ မိမိ၏ ညီမဖြစ်သူကိုပါ စိတ်ရင်းဖြင့် ကူညီရန် ကြိုးပမ်းနေသည်ဟု ထင်မှတ်ကာ သူ့ကို တင်းကြပ်စွာ ဖက်တွယ်လိုက်သည်။
"စိတ်မပူပါနဲ့ စစ်သူကြီးရဲ့"
သူမ၏ ညီမအတွက်ကြောင့်သာ ရှောင်ပိုင်လီဆိုသည့် မိန်းကလေးမှာ မရည်ရွယ်ဘဲ သွယ်ဝိုက်သောနည်းဖြင့် အကျိုးရှိသွားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူမ၏ အစီအစဉ် အောင်မြင်သွားခဲ့ပါက အနာဂတ်တွင် ရှောင်ပိုင်လီတစ်ယောက် ထပ်ပြီး ကောင်းစားခွင့် ရတော့မည် မဟုတ်ချေ။ သူမက အခွင့်ကောင်းယူကာ ဆက်လက် ပြောဆိုလိုက်သည်။
"စစ်သူကြီး... ကျွန်မရဲ့ ညီမလေးက မကြာခင်မှာပဲ ဒုတိယမင်းသားရဲ့ အိမ်တော်ထဲကို ဝင်ရောက်ရတော့မှာပါ။ သူမအနေနဲ့ အိမ်တော်ထဲမှာ ခြေကုပ်ကျားကုပ် မြဲမြံစေဖို့အတွက်... သူမအတွက် ခန်းဝင်ပစ္စည်းတွေကို အများကြီး ပိုပြီးတော့ ပြင်ဆင်ပေးထားချင်တယ်ရှင်"
ရှောင်ယွမ်ရှစ်က စိတ်မပါလက်မပါ ပြုံးလိုက်ရင်း ပြောလိုက်သည်။
"မင်း စိတ်ချမ်းသာရင် ပြီးတာပါပဲ"
စင်စစ် သူမသည် ကောချွန်းယင်းအတွက် ပြင်ဆင်ထားရှိသည့် အဖိုးတန် ခန်းဝင်ပစ္စည်း စာရင်းများကို သူ မြင်တွေ့ပြီး ဖြစ်သည်။ ထိုစဉ်က သူသည် စိတ်ထဲ၌ လွန်စွာ မပျော်မရွှင် ဖြစ်ခဲ့ရသော်လည်း ဒုတိယမင်းသား၏ အရှိန်အဝါကို ထောက်ထားသောအားဖြင့်သာ အားလုံးကို အောင့်အီးသည်းခံခဲ့ခြင်း ဖြစ်သည်။
ကောချွန်းရုက ပိုမို၍ အခွင့်ကောင်းယူကာ ထပ်မံ တောင်းဆိုလိုက်ပြန်သည်။
"ဒါဆိုရင်... မြို့တော်ဆင်ခြေဖုံးမှာရှိတဲ့ ရေပူစမ်းပါဝင်တဲ့ စံအိမ်ကြီးကိုကော ညီမလေးအတွက် ခန်းဝင်ပစ္စည်းအဖြစ် ထည့်ပေးလို့ ရမလားဟင်"
အကြောင်းမှာ ရှစ်ချင်းလျို့သည် ထိုရေပူစမ်းပါဝင်သည့် စံအိမ်တော်ကြီးကို ဧကရာဇ်မင်းမြတ်ထံမှ ဆုလာဘ်အဖြစ် တောင်းခံရရှိပြီးကတည်းက... ရှီလွေ့နှင့် ကျန်ရှိသည့် အထက်တန်းလွှာ မူးမတ်သခင်လေးများသည်လည်း ရေပူစမ်းစံအိမ်များကို ဝယ်ယူရန်အတွက် လိုက်လံစုံစမ်းနေခဲ့ကြသဖြင့် မြို့တော်အတွင်းရှိ ထိုသို့သော စံအိမ်များ၏ တန်ဖိုးမှာ အဆမတန် မြင့်တက်လျက်ရှိသည်။ ဧကရာဇ်မင်းကြီးက ရှစ်ချင်းလျို့ကို ရေပူစမ်းစံအိမ်တစ်လုံး ချီးမြှင့်ခဲ့ခြင်း ဖြစ်သောကြောင့် သူမအနေဖြင့်လည်း မိမိ၏ ညီမဖြစ်သူကို တစ်လုံးထက်မနည်း ပိုင်ဆိုင်စေချင်ခြင်း ဖြစ်သည်။
ထိုစကားကို ရှောင်ယွမ်ရှစ် ကြားလိုက်ရသောအခါ ရင်ထဲ၌ ပြင်းထန်စွာ မသက်မသာ ဖြစ်သွားခဲ့ရသည်။ တစ်ချိန်တည်းမှာပင်... ရှောင်သခင်မကြီး ဟိုးတုန်းက ပြောကြားခဲ့သည့် စကားတစ်ခွန်းကို ကွက်ကွက်ကွင်းကွင်း ပြန်လည်ကြားယောင်လာခဲ့သည်။
'နင့်မိန်းမက နင့်ရဲ့ စံအိမ်တော်ကြီးကို သူ့ရဲ့ မောင်နဲ့ ညီမတွေအတွက် ကိုယ်ပိုင်စံအိမ်အဖြစ် ပြောင်းလဲပစ်ချင်နေတာ။ သူ့မောင်နဲ့ ညီမတွေက စစ်သူကြီးစံအိမ်ကနေ ငွေကြေးထောက်ပံ့မှု အပြည့်အဝ ရရှိနေမှသာ အဲဒီမိန်းမက ပျော်ရွှင်နိုင်လိမ့်မယ်။'
သူက မျက်မှောင်ကြုတ်လိုက်ရင်း ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
"မြို့တော်ဆင်ခြေဖုံးမှာ သူမအတွက် ခန်းဝင်ပစ္စည်းအဖြစ် ပေးအပ်ဖို့ စံအိမ်တစ်လုံးတောင် ထည့်သွင်းပေးပြီးပြီ မလား။ ဘာဖြစ်လို့ နောက်ထပ်တစ်လုံးကို ထပ်ပြီး လိုချင်နေရတာလဲ"
လက်ရှိအချိန်တွင် ရေပူစမ်းစံအိမ်များ၏ ဈေးနှုန်းမှာ အလွန်တရာ မြင့်မားနေကာ ဆက်လက်၍လည်း မြင့်တက်နေဆဲ ဖြစ်သည်။ ထိုမျှ အဖိုးတန်လှသည့် အရာကို သူမ၏ ညီမအတွက် ခန်းဝင်ပစ္စည်းအဖြစ် ထပ်မံပေးလိုကြောင်း ကြားရသောအခါ သူ ဆွံ့အသွားခဲ့ရသည်။ ဒါတောင်မှ မိမိ၏ သမီးအရင်း မဟုတ်သေးဘဲ ခယ်မဖြစ်သူ၏ လက်ထပ်ပွဲအတွက် သူသည် ငွေကြေးအမြောက်အမြောက်ကို သုံးစွဲပေးပြီး ဖြစ်သည်။ ထိုအတောမသတ်နိုင်သော လောဘကြောင့် သူ့ဇနီးအပေါ် စိတ်ထဲကနေ အနည်းငယ် မကျေမနပ် ဖြစ်သွားခဲ့ရသည်။
ကောချွန်းရုသည်လည်း သူ့ကို ကြည့်ကာ မပျော်မရွှင် ဖြစ်သွားခဲ့ရသည်။ နောက်ထပ် ရေပူစမ်းစံအိမ်တစ်လုံးကို ထပ်မံပေးအပ်ခြင်းက ဘာများ အခက်အခဲ ရှိလို့လဲ။ သူမက မကျေမနပ်ဖြင့် ပြောလိုက်သည်။
"ကျွန်မက ညီမလေးကို ဒုတိယမင်းသားရဲ့ အိမ်တော်ထဲကို ပိုပြီးတော့ ခမ်းခမ်းနားနားနဲ့ သိက္ခာရှိရှိ ဝင်ရောက်စေချင်လို့ပါ။ သူမနဲ့ ဒုတိယမင်းသားတို့ကြားက ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာအောင် ရေပူစမ်းမှာ အတူတူ ရေသွားစိမ်စေချင်တဲ့ ဆန္ဒကြောင့်ပါ"
သို့သော် ယခုတစ်ကြိမ်တွင်မူ ရှောင်ယွမ်ရှစ်သည် ဘယ်လိုမှ မလိုက်လျောခဲ့ပေ။
"အဲဒီ ရေပူစမ်းစံအိမ်ကို ကိုယ်တိုင် သုံးစွဲနေတာလေ။ ဒါကြောင့် ဒီအတိုင်းပဲ ထားလိုက်တော့။"
သူက ကောချွန်းရု၏ ခေါင်းကို ချစ်စနိုးပုတ်ရင်း အလေးအနက် ပြောဆိုလိုက်သည်။
"ချွန်းရု... ကိုယ်တို့ မိသားစုရဲ့ အခြေခံအုတ်မြစ်က အစကတည်းက ခိုင်မာနေတာ မဟုတ်ဘူးနော်။ မင်းရဲ့ မောင်ဖြစ်သူကိုလည်း ငွေကြေးအမြောက်အမြောက် ပေးအပ်ခဲ့ပြီးပြီ ဖြစ်သလို မင်းရဲ့ ညီမအတွက်လည်း ခန်းဝင်ပစ္စည်းတွေကို အများကြီး ပြင်ဆင်ပေးထားခဲ့ပြီးပြီမို့... စံအိမ်တော်ရဲ့ ဘဏ္ဍာတိုက်မှာ ပိုက်ဆံ သိပ်မကျန်တော့ဘူး။ ကိုယ့်ရဲ့ သားကြီး လက်ထပ်တုန်းကတောင် ကိုယ် ဘာမှ မပေးခဲ့ရဘူး။ သူတို့ရဲ့ ယောက်ဖ၊ ခဲအိုတစ်ယောက်အနေနဲ့ မင်းရဲ့ မောင်နဲ့ ညီမအပေါ်ကို ကိုယ် အစွမ်းကုန် ဂရုစိုက်ပေးခဲ့ပြီးပြီ"
သူက အဓိပ္ပာယ်ပါပါဖြင့် ဆက်ပြောသည်။
"နောင်ကျရင် ကိုယ်တို့ရဲ့ မိသားစု အကျိုးစီးပွားကိုလည်း မင်းဘက်က ပိုပြီးတော့ တွေးတောငဲ့ညှာပေးဖို့ မျှော်လင့်တယ်"
ကောချွန်းရုသည် စိတ်ထဲ၌ ပိုမို၍ မကျေမချမ်း ဖြစ်လာခဲ့ရသည်။ သူတို့ လင်မယားကြားတွင် ကလေးမရှိမှတော့... မိမိ၏ မောင်နှင့် ညီမကိုသာ ပိုမို၍ ပေးကမ်းထောက်ပံ့သင့်သည် မဟုတ်ပါလား။ ရှောင်ယွမ်ရှစ်သည် ရှောင်ဟန်ကျန့်တို့ မောင်နှမများကို စည်းစိမ်များ ခွဲဝေလျော်ပေးချင်နေခြင်းလား။ အိပ်မက်မက်နေလိုက်။ သူမအနေဖြင့် ထိုအရာကို ဘယ်လိုမှ ခွင့်ပြုပေးမည် မဟုတ်ချေ။ ဒါ့အပြင် အနာဂတ်တွင် သူမ၌ ကိုယ်ပိုင်သားသမီး ရှိလာခဲ့ပါက ငွေကြေးပြဿနာ ရှိလာနိုင်သည်။ သူမ၏ မောင်နှင့် ညီမဆိုသည်မှာ သူမ၏ အဓိက ထောက်တိုင်များ ဖြစ်ကြသည်။ အခြားသော မိန်းမဆိုးများ၏ သားသမီးများကိုမူ သူမအနေဖြင့် အကျိုးခံစားခွင့် လုံးဝ မပေးနိုင်ချေ။
သို့သော်လည်း ရှောင်ယွမ်ရှစ်၏ တင်းမာခက်ထန်နေသော မျက်နှာထားကို မြင်တွေ့လိုက်ရသည့်အပြင်... မိမိ၏ ညီမအတွက် ဝယ်ယူပြင်ဆင်ပေးထားသည့် ခန်းဝင်ပစ္စည်းများကို ပြန်လည်တွေးတောလိုက်သောအခါ တကယ်ပင် စံအိမ်တော်၏ ငွေကြေးအမြောက်အမြောက်ကို ထုတ်ယူသုံးစွဲထားမိခြင်း ဖြစ်သည်။ သူမသည် ရှောင်ယွမ်ရှစ်၏ သည်းခံနိုင်စွမ်း အကန့်အသတ်ကို ထပ်မကျော်ရဲတော့သဖြင့် လျှော့ပေးလိုက်ရသည်။
"ဟုတ်ပါပြီရှင်... ဒါဆိုရင်လည်း အဲဒီ ရေပူစမ်းစံအိမ်ကို မတောင်းတော့ပါဘူး"
သို့သော်ငြားလည်း သူမ၏ စိတ်ထဲ၌ ရှောင်ယွမ်ရှစ်အပေါ် ပိုမို၍ အေးစက်စိမ်းကားသွားခဲ့ရသည်။ သူမက အေးစက်စက် လေသံဖြင့် မေးလိုက်သည်။
"စစ်သူကြီး... ဒီညကော ကျွန်မရဲ့ အဆောင်မှာပဲ အိပ်စက်အနားယူမှာလားရှင်"
ဟိုးတုန်းကဆိုလျှင် ရှောင်ယွမ်ရှစ်သည် သူမကို အမျိုးမျိုး ချော့မြူဖျော်ဖြေပြီး သူမ၏ အဆောင်၌သာ အမြဲတမ်း ညအိပ် နေထိုင်လေ့ရှိသည်။ သူမ၏ စိတ်အခြေအနေ မကြည်မလင် ဖြစ်နေသည်ကို မြင်သောအခါ ရှောင်ယွမ်ရှစ်သည် စတင်၍ ချော့မြူရန် စဉ်းစားမိခဲ့သည်။ သို့သော်လည်း လျိုရု၏ နူးညံ့သိမ်မွေ့ကာ အရာရာကို တွေးတောငဲ့ညှာတတ်မှုနှင့် နှိုင်းယှဉ်လိုက်ပါက... သူ့ဇနီး ကောချွန်းရု၏ စိတ်နေသဘောထားမှာ ပိုမို၍ အပြောင်းအလဲမြန်ကာ အတ္တကြီးလွန်းလှသည်။ သူမသည် မိမိ၏ မောင်အတွက် ငွေကြေးအမြောက်အမြောက်ကို သုံးစွဲခဲ့သဖြင့် မိမိ စိတ်မကြည်မလင် ဖြစ်နေရသည့် ကြားထဲမှ သူမကပါ မိမိအပေါ် ထပ်ပြီး စိတ်ကောက် ဒေါသထွက်နေသေးသည်။
သူသည် ကောချွန်းရုကို ဖက်ထားသည့် လက်များကို ဖယ်ရှားလိုက်ပြီး ချက်ချင်းပင် မတ်တပ်ရပ်လိုက်သည်။
"ကိုယ် အရေးကြီးတဲ့ စစ်ရေးအလုပ်တွေ ရှိသေးလို့ စာဖတ်ခန်းထဲကို အခုပဲ သွားတော့မယ်။ ဒီည ဒီမှာ မအိပ်တော့ဘူး"
ထို့နောက်တွင်မူ သူမ၏ ပြန်လည်တုံ့ပြန်ပြောဆိုမည့် စကားကိုပင် ငံ့လင့်မနေတော့ဘဲ အဆောင်ပြင်သို့ လှည့်ထွက်သွားခဲ့လေသည်။
ကောချွန်းရုတစ်ယောက် နေရာတွင်တင် ကြက်သေသေ၍ ကျန်ရစ်ခဲ့ရသည်။ ထိုအောက်တန်းစား ယောက်ျားသည် မိမိကို လုံးဝ မချော့မြူသည့်အပြင် တကယ်ပဲ လှည့်ထွက်သွားခဲ့ချေပြီ။
အချိန်အနည်းငယ်မျှ ကြာပြီးနောက်တွင်မူ... ရှောင်ယွမ်ရှစ်သည် စာဖတ်ခန်းသို့ သွားရောက်ခြင်း မရှိဘဲ ထောင်လျို၏ အဆောင်သို့ တန်းတန်းမတ်မတ် သွားရောက်လိုက်ခြင်း ဖြစ်ကြောင်း အနီးကပ် အစေခံမလေး၏ သတင်းပေးချက်ကို ကြားသိလိုက်ရသည်။ သူမသည် ပြင်းထန်သော နာကျည်းမှုများနှင့်အတူ ကုတင်ပေါ်သို့ လှဲချကာ တရှုံ့ရှုံ့ ငိုကြွေးမိသည်။
စောစောက ဒုတိယမင်းသားနှင့် ညီမဖြစ်သူ ကောချွန်းယင်းတို့ သဘောကျနှစ်သက်စေရန်အတွက် ရှောင်ယွမ်ရှစ် ခိုင်းစေခဲ့သည့် လုပ်ရပ်ကို လုပ်ဆောင်ပေးရန် ဆုံးဖြတ်ခဲ့မိသည်ကိုပင် သူမ ကိုယ့်ကိုယ်ကိုယ် လွန်စွာ မုန်းတီးမိနေသည်။ သူမ၏ ညီမဖြစ်သူသာ ဒုတိယမင်းသား၏ အိမ်တော်အတွင်း၌ ခြေကုပ်မြဲမြံသွားသည့် နေ့ကျမှသာ... ထိုအောက်တန်းစား အပျက်မ ထောင်လျိုကို ဘယ်လို နှိပ်ကွက်ပြမလဲဆိုတာ စောင့်ကြည့်ကြသေးတာပေါ့။
***