Chapter 2
Viewers 2

အခန်း၂ : ဝမ်ယန်ယွီ... အသက်ရာကျော်အထိ ရှင်သန်ရလိမ့်မယ် " host ဝမ်ယန်ယွီ... အိမ်မှ ကြိုဆိုပါတယ်။" မည်သည့် စိတ်ခံစားမှု အရိပ်အယောင်မျှ မရှိသော စက်ရုပ်ဆန်ဆန် အသံတစ်ခုက သူ၏နားအနီး၌ ထွက်ပေါ်လာသည်။ ဝမ်ယန်ယွီ ရေချိုးကန်ထဲ၌ မျက်လုံးများကို ဖွင့်လိုက်ပြီး၊ သူ့ရှေ့၌ ဝဲပျံနေသော Q ဗားရှင်း ဥက္ကာခဲရောင်သိုးထိန်းခွေးပုံစံ စနစ်လေး(system)ကို လှမ်းကြည့်လိုက်သည်။ “hostရဲ့ သံသရာလည်ပတ်ခြင်းက ပြီးဆုံးသွားပါပြီ။ နောက်ဆိုရင် hostဟာ ဇာတ်ညွှန်းရဲ့ ထိန်းချုပ်မှုကို ခံပြီး ဘဝကူးပြောင်းနေရတော့မှာ မဟုတ်ပါဘူး။ ဒီကမ္ဘာရဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ အကုန်လုံး လုံးဝပြီးဆုံးသွားတာနဲ့ လွတ်လပ်ခွင့်ရပါလိမ့်မယ်။" လွတ်လပ်ခွင့် တဲ့လား...။ စနစ်(system) ၏ စကားအပေါ် ဝမ်ယန်ယွီကတော့ ဟုတ်ပြီဟုလည်း မှတ်ချက်မပြုသလို၊ ငြင်းလည်းမငြင်းဘဲ တည်ငြိမ်နေမိသည်။ သူ မျက်လွှာကို ပင့်ရုံမျှ လှမ်းကြည့်ကာ မေးလိုက်၏။ "ဒါဆို... ငါ့ ရဲ့ မိဘတွေနဲ့ ညီမလေးရော" ဟင်းလင်းပြင်ထဲရှိ ခွေးကလေး(system)သည် သိသိသာသာပင် ဆွံ့အသွားပြီးနောက်၊ လူငယ်လေး၏ အနှစ်သာရမဲ့နေသော မျက်ဝန်းများကို ရှောင်လွှဲကာ ပြန်ပြောလိုက်၏။ "တောင်းပန်ပါတယ်... ကျွန်တော် hostကို ဒီအချိန်ကာလအထိပဲ ပို့ပေးနိုင်ခဲ့တာပါ။ hostရဲ့ မိသားစုနဲ့ အတိတ်က ဖြစ်ပျက်ခဲ့တာတွေက ဇာတ်လမ်းရဲ့ အမှားအယွင်းတစ်ခု ဖြစ်နေခဲ့လို့ပါ၊ အခုတော့ ပြင်ဆင်လိုက်ပါပြီ။ ကျွန်တော်လည်း သူတို့ကို ပြန်မခေါ်ပေးနိုင်တော့ပါဘူး” "ဒါပေမဲ့ ဇာတ်လမ်းရဲ့ ထိန်းချုပ်မှုကနေ ရုန်းထွက်နိုင်ခဲ့တဲ့အတွက် ရရှိတဲ့ ဆုလာဘ်အပြင်၊ host အရင်က သရုပ်ဆောင်ခဲ့ဖူးတဲ့ ဇာတ်ပို့တွေရဲ့ စွမ်းရည်တွေကိုလည်း ရရှိဦးမှာပါ။ အဲ့ဒီစွမ်းရည်တွေက အများကြီး အားလျော့သွားပြီဆိုပေမဲ့၊ hostရဲ့ နေ့စဉ်ဘဝကို ပိုပြီး အဆင်ပြေချောမွေ့အောင်တော့ သေချာပေါက် ကူညီပေးနိုင်ပါလိမ့်မယ်။ ဒါက hostရဲ့ ကြိုးစားအားထုတ်မှုအတွက် ပေးအပ်တဲ့ အပိုဆုလာဘ်ဖြစ်ပါတယ်။" မည်သည့် ခံစားချက်မျှ မပါဝင်သော စက်ရုပ်အသံက ဆက်လက် ထွက်ပေါ်နေဆဲ ဖြစ်သည်။ ဝမ်ယန်ယွီ ခေါင်းကို အသာမော့ကာ အေးစက်နေသော မျက်နှာကျက်ဆီသို့ ငေးကြည့်နေမိ၏။ သူ့ အသက် ၇ နှစ်အရွယ်ကတည်းက သူ့စိတ်ထဲတွင် စာအုပ်တစ်အုပ် ရှိနေခဲ့သည်။ ထိုစာအုပ်မှာ ဇာတ်လိုက်က အောက်ခြေကနေ အာဏာကို တဖြည်းဖြည်းချင်း တက်လှမ်းပြီး ရယူမည့် အမျိုးသားအသားပေး စိတ်ကူးယဉ်အမွှန်းတင် ဝတ္ထုတစ်အုပ်ပင် ဖြစ်သည်။ ကလေးဘဝတုန်းကတော့ ထိုစာအုပ်သည် ဘာကိုဆိုလိုမှန်း သူ နားမလည်ခဲ့ပေ။ ထိုအချိန်က သူ သိထားခဲ့သည်မှာ ထိုစာအုပ်ထဲတွင် မိမိနှင့် နာမည်တူသည့် 'ဝမ်ယန်ယွီ ' ဆိုသော ဇာတ်ကောင်တစ်ယောက် ပါဝင်နေသည်ဟူ၍သာဖြစ်ပြီး၊ တစ်ခုတည်းသော ကွဲပြားချက်မှာ စာအုပ်ထဲမှ ဝမ်ယန်ယွီတွင် မည်သည့်မိသားစုဝင်မျှ မရှိခြင်းဖြစ်သည်။ ထို့ကြောင့် သူ အရွယ်ရောက်လာသည့်တိုင်အောင် ထိုစာအုပ်ကို အလေးအနက်မထားဘဲ အမှတ်တမဲ့သာ သဘောထားခဲ့လေသည်။ သို့သော် သူ ဂျူနီယာအထက်တန်း တတိယနှစ်ရောက်သည့်အချိန်တွင် အရာအားလုံး ပြောင်းလဲသွားခဲ့သည်။ သူ၏ မိဘများနှင့် ညီမလေးတို့သည် ဆန်းကြယ်စွာဖြင့် ပျောက်ဆုံးသွားခဲ့ကြပြီး သူ ရှာဖွေနိုင်သမျှ နေရာအနှံ့ လိုက်လံရှာဖွေခဲ့သော်လည်း ဘာကိုမျှ ရှာမတွေ့ခဲ့ဘဲ၊ သူတို့ တည်ရှိခဲ့ဖူးကြောင်းကို သူတစ်ယောက်တည်းသာ မှတ်မိနေခဲ့တော့သည်။ နောက်ဆုံးတွင် သူနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သော သူငယ်ချင်းများပင် သူ့ကို စတင်မေ့လျော့လာကြသည်။ တစ်နှစ်ပတ်လုံး ပတ်ဝန်းကျင်ရှိ လူတိုင်းက သူ့ကို အရူးတစ်ယောက်လို ဆက်ဆံခဲ့ကြပြီး၊ နောက်ဆုံး၌ သူကိုယ်တိုင်ပင် မိမိကိုယ်မိမိ ရူးနေပြီလားဟု တွေးထင်လာမိသည်အထိ ဖြစ်ခဲ့ရသည်။ ရုပ်မြင်သံကြားထဲတွင် ‘ဖူဟန်ချွမ်း’ ကို သူ မြင်လိုက်ရသည့် အချိန်အထိပင် ဖြစ်သည်။ ထိုသူမှာ ‘ချင်းထူအန်း’ ဟုခေါ်သော စာအုပ်ထဲက ဇာတ်လိုက်ဖြစ်သူ ‘ဖူဟန်ချွမ်း’ နှင့် နာမည်ချင်း တူညီနေရုံသာမက ကံကြမ္မာချင်းပါ ထပ်တူကျနေခဲ့၏။ ထို့နောက်တွင်... ရင်းနှီးနေခဲ့သော ဇာတ်ကောင်ပေါင်းများစွာသည် တဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့ပြီး၊ ရင်းနှီးနေသော ဇာတ်ကွက်များကလည်း တစ်ခုပြီးတစ်ခု အသက်ဝင်လာခဲ့သည်။ သူကတော့ဖြင့်… ဇာတ်လိုက်နောက်ကို တကောက်ကောက် လိုက်ပါနှောက်ယှက်နေပြီး နောက်ဆုံးတွင် ကားအက်ဆီးဒင့်ဖြစ်ကာ အသက်ပျောက်ရမည့် ‘အမြှောက်စာ’ ဇာတ်ပို့ ‘ဝမ်ယန်ယွီ’ မျှသာ ဖြစ်နေခဲ့၏။ သူက ဇာတ်လမ်းထဲတွင် ခဏတဖြုတ်မျှသာ စာလုံးအနည်းငယ်ဖြင့် အစဖော်ခြင်းခံရသည့် အမြှောက်စာ ဇာတ်ကောင်သက်သက် ဖြစ်ပြီး၊ သူ သေဆုံးသွားသည်ကိုပင် ဇာတ်လိုက်၏ ပြိုင်ဘက်က လူထုဝေဖန်ရေး လှိုင်းလုံးများဖန်တီးကာ ဇာတ်လိုက်ကို ထိုးနှက်တိုက်ခိုက်ရန်အတွက် အသုံးချခြင်း ခံရမည်ဖြစ်သည်။ ထို့ကြောင့်ပင်... သူ့အတွက် မိသားစု၊ အတိတ် သို့မဟုတ် အနာဂတ် ဆိုသည်မှာ မလိုအပ်ခဲ့ခြင်းဖြစ်ပြီး၊ ဆရာဝန်တစ်ဦးအနေဖြင့် လူနာများကို ကုသကယ်တင်ပေးချင်သည့် သူ့၏ အိပ်မက်ကိုလည်း ဘယ်သောအခါမှ အကောင်အထည်ဖော်ခွင့် ရတော့မည် မဟုတ်ပေ။ သူ ဇာတ်ကွက်ကို ဆန့်ကျင်ရန်အတွက် မိမိတွင်ရှိသမျှ အရာအားလုံးကို ပုံအောပြီး မြို့တော်ဆေးတက္ကသိုလ်သို့ ဝင်ခွင့်ရအောင် ကြိုးစားခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင်တော့ ကြိုးဆွဲရာ ရုပ်သေးရုပ်တစ်ရုပ်လို ဖျော်ဖြေရေးလောကထဲသို့ ဇာတ်ကွက်၏ မောင်းနှင်မှုအတိုင်း မတတ်သာဘဲ မျောပါသွားခဲ့ရပြီး၊ မိမိ၏ သတ်မှတ်ထားသော ဇာတ်လမ်းကို အဆုံးသတ်ရန်အတွက် အချိန်ကိုက် ပေါ်ထွက်လာပြီး အချိန်ကိုက် သေဆုံးပေးရမည့် ကံကြမ္မာကိုသာ လက်ခံခဲ့ရလေသည်။ တစ်ခါတရံတွင် သူ မိမိ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်သော်လည်း၊ တစ်ခါတရံတွင်မူ မထိန်းချုပ်နိုင်ခဲ့ပေ။ သူ ဤဇာတ်ကွက်ကြီးထဲမှ ရုန်းထွက်ချင်လွန်းသဖြင့် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားခဲ့မိသည်။ ထိုအတောအတွင်းမှာပင် ဇာတ်လိုက်မင်းသားသည် သူနှင့် သူငယ်ချင်းဖြစ်လာခဲ့ပြီး သူ့အပေါ်တွင်လည်း အလွန်အမင်း ကောင်းမွန်ခဲ့ရှာသည်။ သူ၏ နောက်ဆုံးသေဆုံးမှုက ထိုသူကို ပြန်လည်နာကျင်စေမည့် လက်နက်တစ်ခု ဖြစ်မသွားစေချင်ခဲ့ပေ၊ သူက လွတ်လပ်မှုကိုသာ အလိုရှိခဲ့သည်။ ထို့ကြောင့် သူ၏ စိတ်အာရုံ ကြည်လင်နေသည့် အခိုက်အတန့်များတွင် ဇာတ်ကွက်ကို ဆန့်ကျင်ရန်အတွက် မိမိဘာသာ အဆုံးစီရင်ပြီး အဆုံးသတ်ရန် ကြိုးစားခဲ့ဖူးသည်။ သို့သော်လည်း ရလဒ်ကတော့ ထင်ရှားလွန်းလှပြီး... သူ ကျရှုံးခဲ့ရသည်။ ထို့အပြင် သူ...အမည်မသိ စနစ် (System) တစ်ခုနှင့်ပါ အတင်းအဓမ္မ ချည်နှောင်ခြင်း ခံခဲ့ရပြီး၊ ကမ္ဘာပေါင်းများစွာထဲသို့ လူဝင်စားအဖြစ် ဝင်ထွက်ကာ ထိုကမ္ဘာများ၏ ‘အမြှောက်စာ’ ဇာတ်ကောင်အဖြစ်သို့ အဖန်ဖန် ရောက်ရှိခဲ့ရပြန်သည်။ မိမိကိုယ်မိမိ မထိန်းချုပ်နိုင်ဘဲ သေခြင်းတရားဆီသို့ ထပ်တလဲလဲ ဦးတည်သွားနေရသည့် ဘဝဆိုးကြီးပင် ဖြစ်လေသည်။ အစပိုင်းတွင် ဇဝေဇဝါဖြစ်ခြင်း၊ ဒေါသထွက်ခြင်း၊ ကြောက်ရွံ့ခြင်းနှင့် စိတ်ပျက်ပြိုလဲခြင်းများ ကြုံတွေ့ခဲ့ရသော်လည်း၊ နောက်ဆုံးတွင်တော့ အရာအားလုံးက ထုံထိုင်းအေးစက်ခြင်းသို့ ကူးပြောင်းသွားခဲ့ပြီး မိမိကိုယ်မိမိ အမြှောက်စာသက်သက်မျှသာ ဖြစ်သည်ဆိုသည့် ကံကြမ္မာကို လက်ခံလိုက်ရတော့သည်။ 'ဖြစ်သမျှ အကြောင်း အကောင်းပဲပေါ့လေ...' ဟုသာ။ ကံကောင်းထောက်မစွာဖြင့် သူက ‘အမြှောက်စာ’ သက်သက်မျှသာ ဖြစ်ခဲ့သောကြောင့် အကြာဆုံး အသက်ရှင်ခဲ့ရသည့် အချိန်မှာ နှစ်နှစ်ခန့်သာ ရှိပြီး၊ အတိုတောင်းဆုံးမှာမူ နှစ်နာရီပင် မပြည့်ခဲ့ချေ။ ထို့ကြောင့် အလွန်ဆုံးတွက်လျှင် သူ၏ လူဝင်စားခရီးစဉ်မှာ နှစ်ပေါင်းတစ်ရာခန့်သာ ကြာမြင့်ခဲ့ပေလိမ့်မည်။ ရေချိုးခန်းထဲတွင် ရေများက တသွင်သွင် စီးဆင်းနေဆဲ။ ဝမ်ယန်ယွီ ရေချိုးကန်ထဲတွင် နောက်သို့ မှီချလိုက်ရင်း မိခင်ဖြစ်သူ၏ ရင်ခွင်ထဲတွင် ထွေးပွေ့ခံထားရသကဲ့သို့ စိတ်အေးချမ်း နွေးထွေးစေသည့် ရေနွေးနွေးများ၏ ပွတ်သပ်စီးဆင်းမှုကို ပခုံးနှင့် လည်ပင်းတစ်ဝိုက်တွင် ခံစားနေမိသည်။ သို့သော်လည်း မရေတွက်နိုင်သော လူဝင်စားကမ္ဘာများဆီမှ ရရှိလာခဲ့ပြီး သူ့ခန္ဓာကိုယ်ကို တစ်စစီ ဆုတ်ဖြဲလုနီးပါး ဖြစ်စေခဲ့သည့် ဒဏ်ရာဟောင်းကြီးကမူ သူ၏ ခါးအထက်တွင် ထင်ထင်ရှားရှား ရှိနေခဲ့၏။ တာဝန်ထမ်းဆောင်ခဲ့ရသည့် ကမ္ဘာများထဲတွင် သဘာဝအတိုင်း သေဆုံးခဲ့ရသည်များအပြင်၊ အကြိမ်ပေါင်းများစွာ ညှဉ်းပန်းနှိပ်စက်ခံရပြီး အသက်ပျောက်ခဲ့ရသည်များလည်း ရှိခဲ့သည်။ သူ သဘာဝလွန်ကမ္ဘာ၊ ကမ္ဘာပျက်ကမ္ဘာ၊ သဘာဝဘေးအန္တရာယ်ကမ္ဘာ၊ အဆုံးမဲ့ရှင်သန်ရေးကမ္ဘာနှင့် သာမန်လူသားကမ္ဘာများအထိ စုံလင်စွာ ဖြတ်သန်းခဲ့ရပြီး ထိုကမ္ဘာများဆီမှ ရရှိခဲ့သမျှ စွမ်းရည်များနှင့် ဒဏ်ရာဒဏ်ချက် အားလုံးကို မိမိနှင့်အတူ သယ်ဆောင်ကာ ပြန်လာခဲ့ခြင်း ဖြစ်သည်။ သူ...ယခုအရာက ဆုလာဘ်တစ်ခုလား၊ သို့မဟုတ် ပြစ်ဒဏ်တစ်ခုလား ဆိုသည်ကိုပင် မခွဲခြားနိုင်တော့ချေ။ သို့သော်လည်း သူ ဘာတတ်နိုင်ပါဦးမည်နည်း။ သူက ‘အမြှောက်စာ’ သက်သက်မျှသာ ဖြစ်ခဲ့ပြီး၊ သူ့ဘဝ၏ အခန်းကဏ္ဍမှာ ဇာတ်ကွက်ကို ရှေ့ဆက်မောင်းနှင်ပေးပြီးနောက် သေဆုံးပေးရန်သာ မဟုတ်ပါလား။ ခွေးပေါက်လေး(system)က လေထဲတွင် ဝဲပျံနေရင်း "ကျွန်တော် မကြာခင် ပြန်ရတော့မယ်" ဟု ဆိုလာသည်။ ဝမ်ယန်ယွီက မော့ကြည့်လိုက်ပြီး ၎င်းထံသို့ လက်ကမ်းပေးလိုက်၏။ ခွေးပေါက်လေးက အလိုက်တသိဖြင့် သူ၏ လက်ဖဝါးပြင်ကို နွေးထွေးညင်သာစွာ တိုးဝှေ့နှုတ်ဆက်လာခဲ့သည်။ " host ထမင်းမှန်မှန်စားဖို့ မမေ့ပါနဲ့၊ ထမင်းစားလို့မဝင်ရင် တစ်ခုခု သောက်ပေးပါ၊ ရေချိုးကန်ထဲမှာလည်း အိပ်မပျော်စေနဲ့နော်။ တကယ်လို့ အိပ်ချင်လာရင်လည်း ဗိုက်ပေါ်မှာ စောင်တစ်ထည်လောက် အုပ်ထားလိုက်ပါ၊ ရေထဲမှာပဲ မအိပ်ပါနဲ့၊ အကိုက်အခဲပျောက်ဆေးတွေကိုလည်း လျှော့သောက်ပါ။ တကယ်လို့ သတိလစ်တော့မလို ခံစားရရင်... သူငယ်ချင်းတစ်ယောက်ယောက်ဆီ ဖုန်းဆက်လိုက်ပါ။ တစ်ယောက်တည်း အောင့်အည်းမခံပါနဲ့။ ကောင်းကောင်းမွန်မွန် ရှင်သန်ပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါနော်။" အေးစက်နိုင်လှသော စက်ရုပ် အသံလေးထဲတွင် ရှားရှားပါးပါး ဂရုစိုက်ပူပန်မှု အရိပ်အယောင်တို့ စွက်ဖက်နေခဲ့သည်။ ဝမ်ယန်ယွီ ခွေးပေါက်လေး၏ မှာတမ်းခြွေချက်များကို ငြိမ်သက်စွာ နားထောင်နေရင်း၊ နောက်ဆုံးတွင်တော့ ၎င်း၏ နွေးထွေးလှသော ခန္ဓာကိုယ်လေးကို ထိတွေ့ခွင့် ရရှိသွားခဲ့လေတော့သည်။ "ငါ့ကို ဒီလောက်တောင် အကြာကြီး စောင့်ရှောက်ပေးခဲ့တာဆိုတော့... မင်းမှာလည်း ငါ့ အပေါ် သံယောဇဉ် နည်းနည်းဖြစ်ဖြစ် ရှိနေမှာပဲ မလား။ မင်းမသွားခင်... ငါ့မှာ အသက်ရှင်ဖို့ နှစ်ဘယ်လောက် ကျန်သေးလဲဆိုတာလေး ပြောပြပေးပါဦး။ ငါ့ရဲ့ နောက်ဆုံး ကားအက်ဆီးဒင့်က နောက်ဘယ်နှစ်နှစ်နေရင် ဖြစ်မှာလဲဟင်၊ အဲ့ဒါမှ ငါ အနားယူဖို့ ကြိုအစီအစဉ် ဆွဲထားလို့ရမှာလေ" ဝမ်ယန်ယွီက တည်ငြိမ်အေးဆေးစွာ မေးလိုက်သော်လည်း၊ သူ၏ နက်မှောင်သော ဆံနွယ်များမှာမူ သိသိသာသာပင် အရောင်မှိန်ဖျော့ လာခဲ့လေသည်။ ခွေးပေါက်လေး၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တောင့်တင်းသွားပြီး သူ့ကို အကြာကြီး စိုက်ကြည့်နေမိ၏။ အတော်ကြာမှပင် စက်ရုပ်အသံကြီးက ပျောက်ကွယ်သွားပြီး၊ ၎င်း၏နေရာတွင် တုန်ခါပြီး အက်ရှရှနိုင်လှသော အမျိုးသားတစ်ဦး၏ အသံအစစ်ဖြင့် အစားထိုး ထွက်ပေါ်လာခဲ့သည်။ "ဝမ်ယန်ယွီ... အသက်ရာကျော်အထိ ရှင်သန်ရလိမ့်မယ်" ခွေးပေါက်လေးက သူ၏ နဖူးပြင်ထက်သို့ အနမ်းတပွင့် ချွေကာ နှုတ်ဆက်လိုက်ပြီးနောက်၊ နွေးထွေးသော အထိအတွေ့နှင့်အတူ ထိုအသံပါ တစ်ပြိုင်နက်တည်း မှေးမှိန်ပျောက်ကွယ် သွားခဲ့လေတော့သည်။ "နှုတ်ဆက်ပါတယ်" ဝေဝေဝါးဝါး အသိစိတ်ထဲတွင်... မရေတွက်နိုင်သော ကမ္ဘာပေါင်းများစွာတစ်လျှောက် သူ့အနားမှာ အမြဲရှိနေပေးခဲ့သည့် ခွေးပေါက်လေးမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ "မင်းက သွားခါနီးကျမှ ငါ့ကို ကျိန်ဆဲသွားသေးတယ်ပေါ့လေ... တကယ့် ခွေးဆိုးလေးပဲ" ဝမ်ယန်ယွီက ခါးသီးစွာ ပြုံးလိုက်ရင်း ရေထဲသို့ ပြန်လည် လှဲချလိုက်မိတော့သည်။ သူ၏ အသိစိတ်အာရုံများက ဝေဝါးထွေပြားလာခဲ့ပြီး ဝမ်ယန်ယွီ မျက်လုံးများကို မှိတ်ချလိုက်တော့သည်။ ထိုအမျိုးသား၏ အသံကို သူ ယခင်က ဘယ်နေရာမှာ ကြားဖူးခဲ့ပါလိမ့် ဟု စဉ်းစားရန် ကြိုးစားနေမိသည်။ သူ စိတ်ကူးယဉ်အိမ်မက်များ၏ ထွေးပွေ့မှု၊ လက်တွေ့အမှန်နှင့် အမှားကို ခွဲခြားရခက်လှသည့် လွတ်လပ်မှုတို့ တည်ရှိရာ ရေနွေးကန်ထဲတွင် လှဲလျောင်းနေရင်း... တဖြည်းဖြည်းနှင့် အိပ်မောကျခြင်းဆီသို့ မျောလွင့်သွားခဲ့လေသည်။ #ဝမ်ယန်ယွီကယ်ဆယ်ခံရခြင်း #ဝမ်ယန်ယွီနှင့်ဖူဟန်ချွမ်း #ဝမ်ယန်ယွီရဲ့ဇွဲနပဲကြီးစွာလိုက်လံနှောင့်ယှက်မှု [ ဒီ ဝမ်ယန်ယွီ ကို တကယ် စိတ်ကုန်လှပြီ။ သူက ဘာလို့ အမြဲတမ်း ပြဿနာပဲ ရှာနေရတာလဲ။ ကိုယ်တိုင်ရော မောမသွားဘူးလားမသိဘူး။ ] [ အထက်တန်းလွှာထဲ တိုးဝင်ချင်တယ်ဆိုရင်တောင်... အနည်းဆုံးတော့ ကိုယ့်ခြေထောက်ကိုယ် ပြန်ကြည့်ပြီး တန်၊ မတန် စဉ်းစားသင့်တာပေါ့။ ] [ တကယ့်ကို အောက်တန်းကျပြီး ရွံစရာကောင်းလိုက်တာ။ ငါသာ ဖူဟန်ချွမ်း နေရာမှာဆိုရင် ရွံလွန်းလို့ သေသွားလောက်တယ်။ အဲ့ဒါကို ဆေးရုံအထိ ခေါ်သွားပေးသေးတယ်။ ဖူဟန်ချွမ်းက တကယ့် လူကောင်းလေးလို့ပဲ ပြောရမယ်။ ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်းစုကြီးရဲ့ ဥက္ကဋ္ဌ ဖြစ်လာတာ မဆန်းပါဘူး၊ စိတ်ထားက တကယ်ကို မြင့်မြတ်လွန်းတယ်။ ] [ သူ့ကို အကြာကြီး အားပေးလာခဲ့တဲ့ ဖန်တွေလည်း တကယ် စိတ်ပျက်ကုန်ကြပြီ။ ဒီလောက် လိမ္မာတဲ့ကလေးလေးက ဘာလို့ ဒီလိုမျိုး ဖြစ်သွားရတာလဲ ဆိုတာကို လုံးဝ နားမလည်နိုင်တော့ဘူး။ ပွဲဦးထွက်ပြီး သိပ်မကြာခင် နှစ်အနည်းငယ်အတွင်းမှာ ထိပ်တန်းစတား ဖြစ်ခဲ့တာကို... အခုတော့ ကိုယ့်ဘဝကိုယ် ဒီလို ဖျက်ဆီးပစ်လိုက်ပြီ။ သေချာမသိတဲ့လူဆိုရင် တစ်ခုခု ပူးကပ်ခံထားရတယ်လို့ တောင် ထင်မိမှာပဲ။ ] [ ဟူး... ဝမ်ယန်ယွီ ရဲ့ ရုပ်ရည်လေးကတော့ ငါ့အကြိုက်ပဲ။ သူ့ရဲ့ ပွဲဦးထွက်ဖျော်ဖြေပွဲတုန်းက ဆိုရင် ငါ့စိတ်ကို လုံးဝဖမ်းစားသွားခဲ့တာ၊ သူ့ကို ပြန်မကြိုက်တဲ့ ယောက်ျားတစ်ယောက်အတွက်နဲ့ ဘာလို့ ဒီလောက်တောင် မိုက်ရူးရဲဆန်ရတာလဲ မသိဘူး။ ] [ အီး... ဘယ်လိုပဲဖြစ်ဖြစ် ရွံဖို့ကောင်းလိုက်တာ။ သူက ယောက်ျားတစ်ယောက်ကို ဘယ်လိုတောင် ကြိုက်နိုင်ရတာလဲ။ ] [ ဝမ်ယန်ယွီ က သတင်းထောက်တွေကို ‘သူ ဖူဟန်ချွမ်း ကို မကြိုက်တော့ဘူး’ လို့ ပြောတုန်းက တကယ်ယုံတဲ့လူ ရှိလို့လား။ ငါကတော့ လုံးဝမယုံဘူး။ ] [ သူ့ရဲ့ နည်းလမ်းတွေအကုန် အလုပ်မဖြစ်တော့လို့ အခုကျမှ အထာပေးပြီး ပိုးပန်းရခက်တဲ့ နည်းကို သုံးနေတာနေမှာပေါ့။ ] [ ဝမ်ယန်ယွီက သူ့ရဲ့အရည်အချင်းတွေကို အလဟဿ ဖြုန်းတီးလိုက်တာပဲ။ သူ့ရုပ်ရည်လေးနဲ့ သူ့မှာရှိတဲ့ အခွင့်အလမ်းတွေနဲ့ဆို ထိပ်တန်းစတား အဆင့်မှာ အေးအေးဆေးဆေး နေလို့ရတာကို... ဒါမယ့် ဖူဟန်ချွမ်း နောက်ကိုလိုက်ပြီး လူတိုင်းသိအောင် လိုက်ပိုးပန်းပြဖို့ပဲ လုပ်ခဲ့တာလေ။ ဟိုက ပြတ်ပြတ်သားသား ငြင်းထားတာတောင် ဇွဲကောင်းကောင်းနဲ့ လိုက်နှောင့်ယှက်နေတုန်းပဲ။ ကိုယ့်သေတွင်းကိုယ် တူးနေသလိုပဲ။ ] [ ဟူး... ဘယ်လိုပဲဖြစ်ဖြစ် ငါကတော့ သူ့ကို တကယ် စိတ်ရင်းနဲ့ အားပေးခဲ့တဲ့ ဖန်အစစ်ပါ။ ဆေးရုံအပြင်ဘက်မှာ သူ့မျက်နှာလေး ဖြူလျော်နေတာကို မြင်ရတုန်းက ရင်ထဲမှာ နည်းနည်းတော့ သနားမိသွားသား။ ဒီကလေး ဘာတွေတွေးနေလဲဆိုတာကို တကယ်ပဲ နားမလည်နိုင်တော့ဘူး။ ] အွန်လိုင်းပေါ်တွင် ဝမ်ယန်ယွီနှင့် ပတ်သက်သည့် အငြင်းအခုံသံများမှာ အဆက်မပြတ် ဆူညံနေခဲ့သည်။ သရော်စာများနှင့် ကဲ့ရဲ့ရှုံ့ချသည့် မှတ်ချက်လှိုင်းလုံးကြီးများမှာလည်း သူ၏ လူမှုကွန်ရက် အကောင့်များဆီသို့ ရေလွှမ်းမိုးသည့်အလား အလုံးအရင်းဖြင့် ဝင်ရောက်လာခဲ့တော့သည်။