Chapter - 39 : ဟီးဟီး... ကျွန်တော် ခင်ဗျားကို လှည့်စားလိုက်တာ ( 2 )
ကျန်ရှိသော သင်တန်းသား အနည်းငယ်သာ ရှိတော့သည်။ လူတိုင်း နောက်ဆုံးသော အဆင့် A အဖွဲ့ဝင် မည်သူဖြစ်မည်ကို ခန့်မှန်းနေကြ၏။
BTT အဖွဲ့ဝင်များသည်လည်း အတူတူပင်။ ၎င်းတို့သည် အကောင်းဆုံး ယှဥ်ပြိုင်သူ ဖြစ်နိုင်သည်ဟု ၎င်းတို့ ထင်မြင်သူအား ပြောဆိုကြသည်။
စုန့်ကျယ်နှင့် ဟန်ထျန်းယွီ နှစ်ဦးစလုံး အဆင့် B မှ ကွမ်းဟုန်လန် ဖြစ်လိမ့်မည်ဟု တွေးကြသည်။ ရွှီဟောက်မင်ကမူ အဆင့် C မှ ရွှီလဲ့လဲ့ ဖြစ်လိမ့်မည်ဟု တွေးနေလေသည်။
"ဒါ ကွမ်ဟုန်လန် ဖြစ်မှာ သေချာတယ်၊ သူသာ သူ့ရဲ့ ပထမဆုံး အကဲဖြတ်မှုအတွက် သီချင်းမှား မရွေးခဲ့ဘူးဆိုရင် သူ ပထမကတည်းက အဆင့် A မှာ ရှိနေမှာ"
"သူ့ကို ငါ သိလို့ ရမယ်လို့ တွေးတာ မဟုတ်ပါဘူး၊ အဓိကကတော့ ရွှီလဲ့လဲ့ရဲ့ အက အခြေခံက မဆိုးဘူး၊ သူ့ အဖွဲ့သားရဲ့ အားနည်းမှုကြောင့်သာ မဟုတ်ရင် သူ အဆင့် C ရမှာ မဟုတ်ဘူး..."
မည်သူမျှ အခြားသူအား စည်းရုံးနိုင်ခြင်း မရှိပေ။ ထို့နောက် ရွှီဟောက်မင်သည် လုရွှိအား မမေးဘဲ မနေနိုင်တော့ပေ။
"ရွှိကော၊ နောက်ဆုံး အဆင့် A ကို ဘယ်သူ ရမယ်လို့ ထင်လဲ"
လုရွှိ ထိုစကားအား ကြားသောအခါ ပတ်ဝန်းကျင်အား လှည့်လည်ကြည့်ရှုလိုက်သည်။ သူ၏ အကြည့်သည် အဆင့် F ရှိ သင်တန်းသားတစ်ဦးတွင် ရပ်တန့်သွား၏။ ထိုသူသည် ၁၇၃ စင်တီမီတာသာ ရှိလေသည်။ ခြေတံရှည်သော သင်တန်းသားများ အဖွဲ့၏ အလယ်တွင် ပိတ်မိနေ၏။ ထို့ကြောင့် သူ လုံးဝ ထင်ပေါ်ခြင်း မရှိပေ။ သူ၏ မျက်နှာသွင်ပြင်များသည် ချောမောသော်လည်း သာမန် သာဖြစ်၏။ ပထမတစ်ချက်ကြည့်လိုက်လျှင် သူသည် အလွန် မျက်စိပသာဒ မဖြစ်ပေ။
သူ၏ ပတ်ဝန်းကျင်ရှိ ထူးဆန်းသော အရှိန်အဝါကြောင့်သာ မဟုတ်ခဲ့လျှင် လုရွှိ သူ့အား လုံးဝ သတိထားမိမည် မဟုတ် ပေ။
"အဲဒါ ဘယ်သူလဲ"
"ဘယ်သူလဲ"
ရွှီဟောက်မင်သည် လုရွှိ ညွှန်ပြနေသည့် ဦးတည်ရာသို့ လိုက်ကြည့်လိုက်ပြီးနောက် သူ၏ နှုတ်ခမ်းများအား စေ့လိုက်သည်။
"ရွှိကော၊ မင်း အဆင့် F က လန်ကောင်းကျယ်ကို မေးနေတာလား"
လုရွှိသည် ရွှီဟောက်မင် တကယ် သိလိမ့်မည်ဟု မတွေထားဘဲ ရုတ်တရက် စိတ်ဝင်စားသွားကာ မေးလိုက်သည်။
"ခင်ဗျား သူ့ကို သိလား"
"အင်း... လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကုမ္ပဏီကနေ BTT အတွက် သင်တန်းသားတွေ စစ ခေါ်တုန်းက လန်ကောင်းကျယ်က နာမည်စာရင်းမှာ ပါဖူးတယ်၊ ဒါပေမဲ့ သူ့ရဲ့ အခြေခံတွေက အရမ်း ဆိုးလွန်းတယ်၊ ပြီးတော့ အကဲဖြတ်မှုတိုင်းမှာ နောက်ဆုံးပဲရတယ်... ကုမ္ပဏီက သူ့ကို ဖယ်လိုက်တဲ့အခါ သူ အစတုန်းက ငိုပြီး မထွက်သွားဘူး၊ ပြီးတော့ ကျိန်ဆဲပြီး ငါတို့ နောင်တရလိမ့်မယ်လို့တောင် ပြောတယ်..."
ရွှီဟောက်မင် ပခုံးတွန့်လိုက်သည်။ သူသည် ဤသူအား ကောင်းမွန်သော အထင်အမြင်မရှိပေ။
"ရွှိကော၊ သူ အဆင့် A ရလိမ့်မယ်လို့တော့ မထင်ဘူး မဟုတ်လား"
လုရွှိသည် လန်ကောင်းကျယ်အား စိုက်ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် ပြုံးနေသော်လည်း မပြုံးသကဲ့သို့ပင်။
"ဘာမှ သတ်မှတ်ထားတာ မရှိဘူးလေ၊ တစ်သန်းမှာ တစ်ယောက် ဖြစ်လာရင် ဘယ်လိုလုပ်မလဲ"
ရွှီဟောက်မင် သာမက ဟန်ထျန်းယွီပါ ဤဟာသသည် လက်တွေ့မကျဟု တွေးမိသည်။
"ဖြစ်နိုင်ခြေ လုံးဝမရှိဘူး၊ သူ ဝင်လာတည်းက အဆင့် F ရရင် သူ့မှာ ဘယ်လို စွမ်းရည်မျိုး ရှိနိုင်မှာလဲ"
၎င်းတို့ စကားပြောနေစဥ် လန်ကောင်းကျယ်သည် စင်ပေါ်သို့ လျှောက်လာ၏။
အဆင့် F သင်တန်းသားတစ်ဦး ဖြစ်သည်ကို မြင်သောအခါ ဆရာများသည် စိတ်မဝင်စားကြဘဲ သူ့အား ယဉ်ကျေးစွာ ဖျော်ဖြေမှု စတင်ရန်သာ ပြောလိုက်သည်။
ထူးဆန်းပေ၏။ စင်အနောက်တွင် အလွန် သာမန် ရုပ်ရည်ရှိသော လန်ကောင်းကျယ်သည် ရုတ်တရက် ကွဲပြားခြားနားသော လူတစ်ဦး ဖြစ်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်သည် ဂီတနှင့်အညီ လှုပ်ရှားနေ၏။ သူ၏ မျက်နှာသည် လူငယ်တို့၏ ယုံကြည်မှုဖြင့် ပြည့်နှက်နေသည်။
သူသည် ခန့်ညားခြင်း မရှိသော်လည်း သူ၏ ခိုင်မာသော အရှိန်အဝါသည် လူတိုင်းအား သူ့အပေါ်မှ မျက်လုံးမခွာနိုင်စေခဲ့ပေ။
သူ၏ အရပ်အမောင်းနှင့် အချိုးအစားများသည် သိပ်မကောင်းလှသော်လည်း သူ၏ ချောမွေ့စွာ စီးဆင်းနေသော လှုပ်ရှားမှုများက လူတိုင်း၏ မျက်လုံးများအား တောက်ပသွားစေပြီး သူ၏ အကသည် အမှန်တကယ် ထူးချွန်သည်ဟု ခံစားရစေသည်။
"ဒီကောင်က တော်တယ်၊ ငါ အရင်က သူ့ကို လုံးဝ သတိမထားမိဘူး!"
"သူ အဆင့် F လား၊ သူ ပွဲဦးထွက်နိုင်တဲ့ အရည်အချင်း ရှိတာ ရှင်းနေတာပဲ"
"သူသာ အဆင့် A ကို မရခဲ့ဘူးဆိုရင် ငါ ခေါင်းကို ဇောက်ထိုးလှန်ပြီး ဆေးပစ်လိုက်မယ်!"
လူတိုင်း၏ အကြည့်သည် လန်ကောင်းကျယ်၏ ကိုယ်ပေါ်တွင်သာ ရှိနေသည်။ ဆရာသုံးဦးပင်လျှင် ထိတ်လန့် သွားကြပြီး သူ့အား အဆင့် A ပေးရန် သဘောတူလိုက်ကြသည်။
ကျိရှိုးနျန်သည် သူ့ရှေ့မှ သင်တန်းသားအား ကြည့်လိုက်သည်။ သူ့အပေါ်တွင် မရှင်းပြနိုင်သော မှားယွင်းမှု တစ်ခုခု ရှိနေသော်လည်း မည်သို့ဆိုသည်ကို သူ မပြောနိုင်ခဲ့ပေ။
နောက်ဆုံးတွင် သူသည် အခြားဆရာများ၏ ထင်မြင်ချက်များအား ဆက်လက် လိုက်နာပြီး လန်ကောင်းကျယ်အား အဆင့် A ပေးလိုက်သည်။
"အဆင့် F ကနေ အဆင့် A အထိ၊ ဒါက တကယ်ကို စားပွဲတွေကို မှောက်ပစ်လိုက်တာပဲ"
"အဆင့် F မှာ ဒီလို နတ်ဘုရားတစ်ပါး ပုန်းအောင်းနေလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးခဲ့မိဘူး"
သင်တန်းသားများ အားလုံးပင် မဆိုထားနှင့် BTT အဖွဲ့ဝင်များပင်လျှင် ဤအရာအား မယုံနိုင်စရာဟု တွေးကြသည်။
ရွှီဟောက်မင်သည် သူ၏ ခေါင်းအား ဆက်လက် ခါယမ်းနေသည်။ ဟန်ထျန်းယွီမှာလည်း သူ့ကိုယ်သူ ရေရွတ်နေ၏။
"ဒါ တကယ်ကို တစ်သန်းမှာ တစ်ယောက်လား"
လုရွှိသာလျှင် အတည်ငြိမ်ဆုံးသူ ဖြစ်သည်။ လန်ကောင်းကျယ်သည် ခေါင်းအား မော့၊ ရင်ဘတ်အား ကော့၍ အဆင့် A ဆီသို့ လျှောက်သွားသည်ကို သူ ရိုးရိုးလေး ကြည့်နေလိုက်၏။
"မင်းနဲ့ ဒီလောက် စောစော ဆုံရမယ်လို့ မထင်ထားဘူး"
လန်ကောင်းကျယ်သည် BTT အဖွဲ့ဝင်များ၏ ရှေ့တွင် ရပ်လိုက်ပြီး ဤစကားများအား မပြောဘဲ မနေနိုင်တော့ပေ။
"လူတိုင်း ပိုကြိုးစားကြတာ ကောင်းမယ်၊ ငါ အားနည်းတဲ့သူတွေနဲ့ အဖွဲ့ မလုပ်ချင်ဘူး"
"မင်း အဲဒါ ဘာကို ဆိုလိုတာလဲ"
ရွှီဟောက်မင်သည် ထိုစကားကို ကြားသည်နှင့် ချက်ချင်းပင် ဒေါသထွက်လာသည်။
"ကဲပါလေ၊ လောင်ရွှီ စကားတွေအများကြီး မပြောနဲ့"
ရိုက်ကူးရေးမှာ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။ စုန့်ကျယ်သည် ဤအချိန်တွင် သူ့အား ရန်မဖြစ်စေချင်ပေ။
ရွှီဟောက်မင်၏ စိတ်ခံစားချက်များမှာ ရှုပ်ထွေးလို့နေသည်။ သူသည် တစ်ခုခု ပြောချင်နေဆဲ ဖြစ်သော်လည်း နောက်ဆုံးတွင် လုရွှိမှ သူ့အား ဆွဲထားသည်ကို သဘောပေါက်သောအခါ ခေါင်း ငုံ့လိုက်သည်။ ထိုအခါမှသာ သူ ကိုယ့်ကိုယ်ကို ထိန်းချုပ်လိုက်၏။
လုရွှိသည် သူ၏ ရှေ့မှ လူသစ်အား စိုက်ကြည့်လိုက်ပြီး ရုတ်တရက် သူ့နာမည်အား ခေါ်လိုက်သည်။
"လန်ကောင်းကျယ်"
ဤသူသည် မူလက BTT အဖွဲ့ဝင်များနှင့် ခေါင်းချင်းဆိုင်ရန် ဆန္ဒရှိသော်လည်း သူ၏ နာမည်အား ကြားသောအခါ လုရွှိအား စိုက်ကြည့်လိုက်သည်။
"ဘာလဲ"
လုရွှိသည် သူ၏ ရိုင်းစိုင်းသော သဘောထားကို လျစ်လျူရှုလိုက်ပြီး သူ့အား ကြင်နာစွာ သတိပေးခြင်းသာ ပြုလုပ်လိုက်သည်။
"နောက်ဆုံးမှာ မင်း ခိုးထားတဲ့အရာကို ပြန်ပေးရလိမ့်မယ်"
မူလက မာနကြီးပြီး ထောင်လွှားသော လန်ကောင်းကျယ်သည် ရုတ်တရက် ထိတ်လန့်သွား၏။ သူ သတိပြန်ဝင်လာပြီးနောက် လုရွှိအား တိုးတိုးလေး ပြောလိုက်သည်။
"မင်း ဘာပြောနေတာလဲဆိုတာ ငါ မသိဘူး"
သူ စကားပင် ပြန်မပြောရသေးမီ သူသည် ဘေးသို့ သွားကာ တိတ်ဆိတ်စွာ ရပ်နေ၏။ လုရွှိနှင့် ချက်ချင်းပင် ဝေးဝေးနေချင်လာသည်။
လုရွှိသည် သူ၏ အကြည့်အား လျှော့ချလိုက်သည်။ သူ၏ နှုတ်ခမ်းများသည် ကွေးညွှတ်နေ၏။ သူသည် သူ့သွားများအား လျှာဖြင့် လိုက်ပွတ်လိုက်ပြီး အတော်အတန် ကျေနပ်နေ၏။
နောက်ထပ် အော်ဒါတစ်ခု ရပြန်ပြီနဲ့တူတယ်...
ဤရှိုးတွင် ပါဝင်ရန် သင်တန်းသား ( ၁၀၀ ) ရောက်လာခဲ့သည်။ လူတိုင်းသည် ၂ မိနစ်သာ ကပြကြသော်လည်း ၎င်းတို့ အားလုံးကို ပေါင်းကြည့်လိုက်သောအခါ အတော်လေး ကြီးမားသော လုပ်ငန်းစဥ် ဖြစ်လာသည်။ ဆရာများ အတွက်လည်း တူညီသော အကအား အကြိမ်တစ်ရာ ကြည့်ရှုရခြင်းမှာ မလွယ်ကူပေ။
အနားယူချိန်နှင့် အပို ဗီဒီယိုရိုက်ကူးချိန် အပါအဝင် ရိုက်ကူးရေးတစ်ခုလုံးသည် ညဉ့်နက်မှသာ ပြီးဆုံးသွားသည်။
အဖွဲ့သစ်များ စီစဥ်ပြီးနောက် အကြီးမားဆုံး ဆိုင်းငံ့မှု သည် ကိုယ်စားပြုသီချင်း၏ စင်တာနေရာနှင့် ပတ်သက်သော သတင်း ဖြစ်သည်။
အဆင့် A ရှိသူများသည် လွန်စွာ တော်သော ပြိုင်ပွဲဝင်များ ဖြစ်ကြသည်။ စင်တာနေရာ ယူမည့်သူသည် ထို လူခုနစ်ဦးထဲမှ တစ်ဦး ဖြစ်သည်ကို သိရန် သိပ်မလိုအပ်ပေ။ လုရွှိနှင့် စုန့်ကျယ်တို့အတွက် အားပေးသံများသည် အထူးသဖြင့် ကျယ်လောင်သော်လည်း မည်သူ ရွေးချယ်ခံရမည်ကိုမူ ဆရာများ၏ ကြေညာချက် အပေါ်တွင်သာ မူတည်နေဆဲ ဖြစ်သည်။
တင်းမာပြီး စနစ်တကျ ဆွေးနွေးပြီးနောက် ကျိရှိုးနျန်သည် ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး အဆင့် A ဘက်သို့ ကြည့်လိုက်သည်။
"သင်တန်းသား ( ၁၀၀ ) ရဲ့ ဖျော်ဖြေမှုတွေကို ပြည့်ပြည့်စုံစုံ ကြည့်ပြီးနောက် ငါတို့ လေးယောက်လုံး ကိုယ်စားပြုသီချင်းရဲ့ စင်တာနေရာကို ယူမယ့်သူက လုရွှိပဲလို့ ဆုံးဖြတ်လိုက်တယ်"
"ဝါး!"
"တကယ် လုရွှိပဲ!"
"ရွှိကော အရမ်း အံ့ဩစရာကောင်းတယ်!"
ဧရိယာတစ်ခုလုံး ဂုဏ်ပြုသံများဖြင့် ပြည့်နှက်သွားသည်။ လူတိုင်းသည် လုရွှိထက် သိသိသာသာ ပို၍ စိတ်လှုပ်ရှားနေကြသည်။
ဒုတိယအကြိမ် အကဲဖြတ်ခြင်းအတွက် ရိုက်ကူးရေး ပြီးဆုံးသွား၏။ လုရွှိမှာ စင်ပေါ်တွင် ရပ်နေလေသည်။ ကျိရှိုးနျန်၏ နောက်ကွယ်တွင် ရပ်နေသော ဟယ့်ရှင်းဟွာအား မျက်ခုံးပင့်ပြီး လက်ညှိုးထိုးလိုက်သည်။
"လာပြီ!"
ဟယ့်ရှင်းဟွာသည် "အိုကေ" လက္ခဏာ ပြလိုက်ပြီးနောက် ကျိရှိုးနျန်၏ ဘေးသို့ ဝဲပျံသွားသည်။
"တစ်စုံတစ်ယောက်" သံသယဖြစ်ဖွယ် ရှိနေသည်ဟု ခံစားရသော်လည်း ကျိရှိုးနျန်သည် မည်သည့်အရာကိုမျှ မမြင်သကဲ့သို့ ဟန်ဆောင်နေဆဲ ဖြစ်သည်။
သူ ခြေလှမ်းနှစ်လှမ်း မလှမ်းရမီ သူ၏ နောက်ကွယ်မှ ထိုသူသည် ရုတ်တရက် သူ၏ အသံအား မြှင့်ကာ ပြောလိုက်သည်။
"အိုး... ရုပ်ရှင်ဧကရာဇ်၊ ခင်ဗျား ဖုန်း ပြုတ်ကျသွားပြီ!"
ကျိရှိုးနျန်သည် မသိစိတ်ဖြင့် ခေါင်းအား ငုံ့လိုက်သည်။ ချက်ချင်းပင် တစ်ခုခု မှားယွင်းနေသည်ကို သဘောပေါက်လိုက်၏။
"ဟီးဟီး... တောင်
းပန်ပါတယ်"
ဟယ့်ရှင်းဟွာသည် ကျိရှိုးနျန်၏ ရှေ့၌ ဝဲပျံနေ၏။ ထို့နောက်ရယ်မောကာ မျက်နှာရှုံ့ လိုက်သည်။
"ကျွန်တော် ခင်ဗျားကို ခုနက လှည့်စားလိုက်တာ"
~~~