အခန်း (၁၃)
ရှန်ယို့ယောင်အတွက်တော့ ဒါသည် အခမဲ့ ကြော်ငြာသဘော ဖြစ်သွားသည်။ ကျူးယန်လင်က အခွင့်အရေးကို လက်လွတ်မခံဘဲ သူမနှင့် စတန့်သမားတို့ တိုက်ခိုက်သည့် ဗီဒီယိုကိုပါ ထပ်တင်ပေးလိုက်သည်။ သူမ၏ လှုပ်ရှားမှုများက သပ်ရပ်လှပပြီး မောက်ရှန်းရှန်း၏ ပျော့နွဲ့နွဲ့ လှုပ်ရှားမှုများနှင့် ယှဉ်လိုက်လျှင် မိုးနှင့်မြေလို ကွာခြားနေသည်။
[ဝိုး... ရှန်ယို့ယောင်က တကယ် မိုက်တာပဲ]
[တစ်မိနစ်တောင် မပြည့်ဘူး... သွေးတွေ ဆူပွက်လာသလိုပဲ]
[သူ့ရဲ့ အက်ရှင်ကားတွေကို ကြည့်ချင်လာပြီ]
[ပညာရှင်တွေက ပြောတယ်... ရှန်ယို့ယောင်က တကယ် တတ်တာတဲ့။ သူ ဇာတ်ညွှန်းကို ဘယ်လောက် လေးစားလဲ ဆိုတာ သိသာတယ်]
[နှမြောစရာပဲ... ဒါရိုက်တာ မကောင်းတာနဲ့ တွေ့သွားတာ။ သခင်လေးတု ပြောသလို ဝမ်ဟောင်လို လူစားမျိုးက အနုပညာလောကရဲ့ အဆိပ်အတောက်ပဲ]
[ရှန်ယို့ယောင်ရဲ့ လက်ရာတွေကို စောင့်မျှော်နေပါမယ်]
...
ဒီဗီဒီယိုဖိုင် ပျံ့နှံ့သွားပြီးနောက် ဒါရိုက်တာဟူက တွေ့ရှိသွားသည်။
သူသည် ကိုယ်ခံပညာ ဇာတ်ကားတစ်ကား ရိုက်ကူးနေပြီး ခေါင်းဆောင် မင်းသားမင်းသမီးများ ရွေးချယ်ပြီး ဖြစ်သည်။ သို့သော် ရိုက်ကူးနေစဉ် ဇာတ်ကောင် အသစ်တစ်ခု ထပ်ထည့်ရန် လိုအပ်လာသည်။ ဇာတ်ဝင်ခန်း နည်းသော်လည်း ဇာတ်သိမ်းပိုင်းတွင် အရေးကြီးသော တိုက်ခိုက်မှု တစ်ခု ပါဝင်သည်။
ကိုယ်ခံပညာ နည်းပြက ဗီဒီယိုကို ကြည့်ပြီး ရှန်ယို့ယောင်သည် ကျွမ်းကျင်မှု ရှိကြောင်း ထောက်ခံသဖြင့် သူမကို ကမ်းလှမ်းရန် ဆုံးဖြတ်လိုက်သည်။ သူမက လက်ရှိ ရေပန်းစားနေသူ ဖြစ်သဖြင့် ဇာတ်ကားအတွက်လည်း အကျိုးရှိနိုင်သည်။
ရှန်ယို့ယောင် ကံကောင်းနေသလောက် ဖန်ရွှယ်ယင်းကမူ ချောက်ကမ်းပါးထဲ ကျသွားသလို ဖြစ်နေသည်။ ရက်ပိုင်းအတွင်း တစ်နိုင်ငံလုံး သနားသော မိန်းကလေးဘဝမှ လူတိုင်း ရွံရှာသော မိန်းမဘဝသို့ ရောက်ရှိသွားသည်။ သူမသည် အရာအားလုံး၏ တရားခံ ဖြစ်ပြီး သူတစ်ပါးကို ဒုက္ခပေးရန် ကြံစည်ခဲ့သဖြင့် ပြန်လည် ပေးဆပ်ရခြင်းက တုဇယ်ချန်းတို့ ခံစားခဲ့ရသည်ထက် အဆပေါင်းများစွာ ပိုမို ပြင်းထန်သည်။
#ဖန်ရွှယ်ယင်း ကျေးဇူးကန်းတဲ့ ကြောင်သူတော်#၊ #ဖန်ရွှယ်ယင်း အနုပညာလောကမှ ထွက်သွား# စသော ခေါင်းစဉ်များက Hot Search တွင် နေရာယူထားပြီး တုဇယ်ချန်းတို့၏ သတင်းများကို ကျော်တက်သွားသည်။
ကျူးယန်လင်သည် ဖန်ရွှယ်ယင်း၏ ကိုယ်ပိုင် မီဒီယာအဖွဲ့ထက် ပိုမို ကျွမ်းကျင်သည်။ သူသည် သတင်းများကို တဖြည်းဖြည်းချင်း ထုတ်လွှင့်ပြီး ပရိသတ်ကို ဆွဲဆောင်ထားသည်။ အထူးသဖြင့် ရွမ်ဟုန်လန်၏ အင်တာဗျူး ဗီဒီယို ထွက်လာချိန်တွင် ဖန်ရွှယ်ယင်း နာလန်မထူနိုင်တော့။
ရွမ်ဟုန်လန်သည် ရိုးသားသော လူငယ်တစ်ဦး ဖြစ်ပြီး စီးပွားရေး လုပ်ငန်း စတင်ရန် ကြိုးစားနေသူ ဖြစ်ရာ အနုပညာလောက အကြောင်းကို နားမလည်။ သတင်းထောက်က ခိုးရိုက်ပြီး မေးမြန်းသောအခါ အကုန် ဖြေလိုက်မိသည်။
"ကျွန်တော်တို့ တက္ကသိုလ် ကတည်းက သိတာပါ"
"အွန်လိုင်းက သတင်းတွေက ကောလာဟလတွေပါ။ သူက နာမည်ကြီးဖို့ လိုလို့ လုပ်တာလို့ ပြောပြထားပါတယ်။ ကျွန်တော် သူ့ကို ယုံကြည်ပါတယ်"
"ဟုတ်ကဲ့... လက်ထပ်ခွင့် တောင်းပြီးပါပြီ။ အကောင်းဆုံး မင်္ဂလာပွဲလေး စီစဉ်ပေးချင်ပါတယ်"
...
လင်းန ဗီဒီယိုကို ပိတ်လိုက်ပြီး မျက်နှာပျက်နေသော ဖန်ရွှယ်ယင်းကို ပြောလိုက်သည်။
"မကြည့်ပါနဲ့တော့... စိတ်ညစ်စရာပဲ ရှိမှာ။ ကောင်းကောင်း အနားယူလိုက်ပါ"
"ငါ ဘယ်လို လုပ်ပြီး အနားယူနိုင်မှာလဲ"
ဖန်ရွှယ်ယင်း အော်ဟစ်လိုက်သည်။
"တုဇယ်ချန်းက ဘာလို့ ငါ့ကို ဒီလို လုပ်ရတာလဲ။ ငါ့ကို ဘာလို့ ရက်ရက်စက်စက် ဒုက္ခပေးရတာလဲ"
နောက်ထပ် တစ်ပတ်လောက် စောင့်လိုက်ရင် သူ ဘာမှ လုပ်နိုင်တော့မှာ မဟုတ်ဘူး။ တစ်ပတ်လေး အတွင်းမှာ ငါ့ဘဝ ပြောင်းလဲသွားနိုင်တာကို...။
လက်တစ်ကမ်း အလိုမှ ဆုံးရှုံးလိုက်ရသော ရတနာများကြောင့် ဖန်ရွှယ်ယင်း စိတ်ဖောက်ပြန်လုမတတ် ဖြစ်သွားသည်။ တုဇယ်ချန်းက သူမကို ဘာကြောင့် သံသယ ဝင်သွားလဲ ဆိုတာ စဉ်းစားမရ ဖြစ်နေသည်။ သူမ သေချာ စီစဉ်ထားခဲ့တာပဲလေ။
သူမ နောင်တရမည့် အရိပ်အယောင် မတွေ့သဖြင့် လင်းန ဒေါသထွက်လာသည်။
"နင်က အရင် စလုပ်တာလေ... မေ့နေပြီလား"
ရာစုသစ် ကုမ္ပဏီ၏ ရွှေအဆင့် မန်နေဂျာ တစ်ယောက်အနေဖြင့် ဒီလို အဖြစ်မျိုး မကြုံဖူးပေ။ လူကြီးတွေ ဆူတာလည်း ခံလိုက်ရပြီးပြီဖြစ်သည်။
"ငါ နင့်ကို သတိပေးခဲ့တယ် မဟုတ်လား။ နားမထောင်ဘဲ ကိုယ့်သဘောနဲ့ကိုယ် လုပ်တော့ အခု ဘာအကျိုး ရလဲ"
"ပြီးတော့... နင်က ဘာလို့ ရွမ်ဟုန်လန်နဲ့ ဖောက်ပြန်ရတာလဲ။ နင် တုဇယ်ချန်းနဲ့ လက်ထပ်ထားတာ ဘယ်လောက် ကြာသေးလို့လဲ။ စိတ်ပြောင်းတာ မြန်လွန်းမနေဘူးလား"
"ငါက ရွမ်ဟုန်လန်ကိုပဲ ချစ်တာ"
ဖန်ရွှယ်ယင်း ပြန်အော်သည်။
"တုဇယ်ချန်းလို လူညံ့က ဘာမို့လို့လဲ"
သူမတွင် ရှန်ယို့ယောင်လို စိတ်ဓာတ်ခွန်အား မရှိပေ။ အွန်လိုင်းမှ တိုက်ခိုက်မှုများကြောင့် စိတ်ဖိစီးနေပြီး ဆင်ခြင်တုံတရား ကင်းမဲ့နေပြီ။
လင်းနက သူမ၏ အရှက်မဲ့မှုကို အံ့သြမိသည်။ မကြိုက်ရင် ဘာလို့ အသေအလဲ လိုက်ခဲ့သေးလဲ။ ဒါဆို တုဇယ်ချန်း ပြောသလိုပဲ ပစ္စည်းဥစ္စာ လိုချင်လို့ လိမ်ယူတာ သေချာနေပြီပေါ့။
"သူ ညံ့တာ မညံ့တာ ထားလိုက်။ နင် လိမ်လည် လက်ထပ်တယ် ဆိုတာကတော့ ငြင်းမရဘူး။ သူ့ရှေ့နေတွေ ဆက်သွယ်လာတယ်။ နင် ယူထားတဲ့ ပိုက်ဆံတွေကို တစ်ပြားမကျန် ပြန်ပေးပါတဲ့။ အချိန် တစ်ပတ် ပေးမယ်တဲ့"
"ဘာ... ဘာလို့ ပေးရမှာလဲ"
ဖန်ရွှယ်ယင်း ငြင်းဆန်လိုက်သည်။
"ငါ လိမ်တာ မဟုတ်ဘူး။ သူက သူ့သဘောနဲ့သူ ပေးတာ"
အဲဒီ ပိုက်ဆံတွေ ရဖို့ သူမ ဘယ်လောက် ကြိုးစားခဲ့ရလဲ။ ပိုက်ဆံလိုချင်လို့ သူ့ကို ထောင်ချောက်ဆင်ခဲ့တာ မဟုတ်လား။
လင်းနက သူမကို ဆက်မပြောချင်တော့။
"နင် မပေးချင်ရင်လည်း နေပေါ့။ တရားရုံးမှာ တွေ့ရုံပဲ ရှိတာပဲ။ သန်းချီတဲ့ ပမာဏ ဆိုတော့ ပိုက်ဆံ ပြန်ပေးရုံနဲ့ ပြီးမှာ မဟုတ်ဘူး... ထောင်ပါ ကျနိုင်တယ်။ သေချာ စဉ်းစားပါ"
"ပြီးတော့... နင့်ရဲ့ ကြော်ငြာတွေ၊ ပွဲတွေ အကုန်လုံး အဖြုတ်ခံရပြီ။ ကုမ္ပဏီက လျော်ကြေးတွေ အများကြီး ပေးလိုက်ရလို့ နင့်ကို မကျေနပ်ဘူး။ လူကြီးတွေက နင့်ကို ခဏ နားခိုင်းထားတယ်"
နားခိုင်းတယ် ဆိုတာ အနုပညာလောကက ထုတ်ပယ်လိုက်တာနဲ့ အတူတူပဲ ဆိုတာ နှစ်ယောက်လုံး သိကြသည်။ တုဇယ်ချန်း၏ စရိုက်နှင့်ဆိုလျှင် ဒီလောကမှာ သူမ နေရာရဖို့ မလွယ်တော့။
"အခု ငါ့ကို စွန့်ပစ်တာ စောလွန်းမနေဘူးလား"
ဖန်ရွှယ်ယင်းက မဲ့ပြုံး ပြုံးလိုက်သည်။
လင်းန စကားဆက်မပြောဘဲ ထွက်သွားသည်။ ဒီမိန်းမ စိတ်ပုံမှန် မဟုတ်တော့ဘူးဟု တွေးမိသည်။ တုဇယ်ချန်းကို အကြောင်းမဲ့ သက်သက် အထင်သေးနေသည်။
"ငါ စာချုပ် ဖျက်သိမ်းမယ်... နင်တို့ နောင်တရစေရမယ်"
ဖန်ရွှယ်ယင်း လှမ်းအော်လိုက်သည်။
လင်းန ထွက်သွားပြီးနောက် ရွမ်ဟုန်လန် ဖုန်းဆက်လာသည်။
ဖန်ရွှယ်ယင်း အသံကို ပြုပြင်လိုက်ပြီး ရွှင်မြူးစွာ ထူးလိုက်သည်။
"ဟလို... ဟုန်လန်"
"တောင်းပန်ပါတယ်ကွာ... ငါ အင်တာဗျူး ဗီဒီယို တွေ့ပြီးပြီ။ ငါ့ကြောင့် မင်း ဒုက္ခရောက်ကုန်ပြီ။ အဆင်ပြေရဲ့လား"
ရွမ်ဟုန်လန်က စိုးရိမ်တကြီး မေးရှာသည်။
"ရပါတယ်... ငါက အစကတည်းက ရိုးသားလွန်းခဲ့တာကိုး။ အနုပညာလောက ဆိုတာ ကြောက်စရာ ကောင်းမှန်း အခုမှ သိတော့တယ်။ အဖြူကို အမည်း ဖြစ်အောင် လုပ်နိုင်ကြတယ်လေ"
ဖန်ရွှယ်ယင်းက သက်ပြင်းချလိုက်သည်။
"မင်း သရုပ်ဆောင် မလုပ်ပါနဲ့တော့လား။ ငါ မင်းကို ကျွေးထားနိုင်ပါတယ်"
ရွမ်ဟုန်လန်၏ စကားကြောင့် ဖန်ရွှယ်ယင်း သဘောပေါက်သွားသည်။ ဟုတ်သားပဲ... သူမ ဘာလို့ စိတ်ညစ်နေရမှာလဲ။
သရုပ်ဆောင် ဆိုတာ သူမ ဘဝ မြင့်မားဖို့အတွက် ခဏတာ လုပ်ရတဲ့ အလုပ်တစ်ခုပဲလေ။ ရွမ်ကတော် ဖြစ်ပြီး အထက်တန်းလွှာ ရောက်ဖို့က အဓိကပဲ။
အနုပညာလောကထဲ မနေရတော့ ဘာဖြစ်လဲ။ တုဇယ်ချန်းတို့ အောင်မြင်ချင် အောင်မြင်ပါစေ။ နောင်တစ်ချိန် သူတို့က သူမကို ခေါင်းငုံ့ ဆက်ဆံရမှာပဲ။
"တုသခင်လေးက ငါ့ကို ပိတ်ပင်ထားတယ်။ ငါ ဆက်လုပ်ချင်လည်း မရတော့ဘူး။ ဒါတွေ အကုန်လုံး နင့်ကြောင့် ဖြစ်ရတာနော်... နင် တာဝန်ယူရမယ်"
ဖန်ရွှယ်ယင်းက ချွဲနွဲ့ပြီး ပြောလိုက်သည်။
"စိတ်ချပါ... ငါ တာဝန်ယူမှာပါ။ ရွှယ်ယင်း... မင်းက ငါ တွေ့ဖူးသမျှထဲမှာ စိတ်ဓာတ် အကြံ့ခိုင်ဆုံး မိန်းကလေးပဲ"
"ပြီးတော့... ဒီကုမ္ပဏီက မင်း ပိုင်တာ တစ်ဝက် ပါတယ်လေ။ မင်းသာ ငွေမထုတ်ပေးရင် ငါတို့ ဒီလောက် မြန်မြန် အောင်မြင်လာမှာ မဟုတ်ဘူး"
ဖန်ရွှယ်ယင်း မျက်လုံး အရောင်တောက်သွားသည်။
"ဂိမ်း ထွက်လာပြီလား"
"အဓိက အပိုင်း ပြီးသွားပြီ"
ရွမ်ဟုန်လန်က ယုံကြည်မှု ရှိစွာ ပြောလိုက်သည်။
"ငါ့ကို ယုံပါ... မင်းရဲ့ ရွေးချယ်မှု မှန်ကန်ကြောင်း သက်သေပြပါ့မယ်။ မင်းကို အကောင်းဆုံး မင်္ဂလာပွဲလေး ဖန်တီးပေးမယ်"
ရွမ်ဟုန်လန်၏ စကားကြောင့် ဖန်ရွှယ်ယင်း စိတ်သက်သာရာ ရသွားပြီး အသိစိတ် ပြန်ဝင်လာသည်။ အချိန် တစ်ပတ်လောက် သည်းခံလိုက်ရုံပဲ။
တုဇယ်ချန်းက မကြာခင် သူ့ကိစ္စသူ ရှင်းဖို့ အလုပ်ရှုပ်သွားလိမ့်မယ်။ အနုပညာလောက ကိစ္စတွေ၊ သူမ လိမ်လည်တဲ့ ကိစ္စတွေကို ဂရုစိုက်အားတော့မှာ မဟုတ်ဘူး။
အဲဒီအချိန်ကျရင် သူမက သူ့ကို ပြန်နှိပ်ကွပ်လို့ ရပြီ။
ဖန်ရွှယ်ယင်း စိတ်လှုပ်ရှားလာသည်။ သူမ ဘာလို့ အစကတည်းက မတွေးမိခဲ့ပါလိမ့်။ အဲဒီလူနဲ့ စောစောစီးစီး လက်တွဲခဲ့သင့်တာ။ အတိတ်ဘဝတုန်းက ရန်သူ ဖြစ်ခဲ့ပေမဲ့ ဒီဘဝမှာတော့ တုဇယ်ချန်းက သူမရဲ့ ရန်သူ ဖြစ်နေပြီပဲ။ သူက ရက်စက်မှတော့ သူမက ဘာလို့ သံယောဇဉ် ထားနေရမှာလဲ။
…