အခန်း (၁၉)
ထိုနေ့မှစ၍ တုဇယ်ချန်းသည် လိပ်ခွံထဲ ဝင်ပုန်းနေသလို စကားမပြောတော့။
ထန်ရွှမ်သည် လူမမာ ခန္ဓာကိုယ်ဖြင့် သူ့ခုတင်ဘေးတွင် ငိုယိုကာ အားတင်းထားရန် ပြောသော်လည်း သူ မတုံ့ပြန်။
ရှောင်းမင်ကျန့်က တောင်းပန်တိုးလျှိုး ပြောသော်လည်း၊ ကျူးယန်လင်က နှာခေါင်းကို လက်ညှိုးထိုး ဆဲဆိုသော်လည်း သူ့တွင် ခံစားမှု မရှိတော့။
တုဟုန်ရိ ရောက်လာချိန်တွင်တော့ အနည်းငယ် ပြောင်းလဲသွားသည်။ ဖခင်ဖြစ်သူက မျက်ရည်ဝဲလျက် ပြောရှာသည်။
"စိတ်မပူပါနဲ့ သားရယ်... အားတင်းထားနော်။ အဖေ အကောင်းဆုံး ဆရာဝန်တွေ ရှာပြီး ကုပေးပါ့မယ်။ သား ပြန်ကောင်းလာမှာပါ"
တုဇယ်ချန်း မျက်လုံးများ လှုပ်ရှားသွားပြီး အတန်ကြာမှ ဖြေလိုက်သည်။
"ဟုတ်..."
ထန်ရွှမ်က ဝမ်းသာလွန်း၍ ငိုကြွေးလိုက်သည်။ ရှန်ယို့ယောင်ကမူ စိတ်မကောင်း ဖြစ်မိသည်။ ဒါ တုဇယ်ချန်း၏ နောက်ဆုံး မျှော်လင့်ချက် ဖြစ်သည်။ တကယ်လို့ တုဟုန်ရိက ဟန်ဆောင်နေခြင်းသာ ဖြစ်ခဲ့လျှင် တုဇယ်ချန်း လုံးဝ ပြိုလဲသွားလိမ့်မည်။
တစ်ပတ် ကုန်ဆုံးသွားသည်။ တုဟုန်ရိထံမှ ဘာသတင်းမှ မကြားရ။ အတွင်းရေးမှူးယန် တားဆီးထားသည် ဖြစ်စေ၊ မတားဆီးသည် ဖြစ်စေ သူ ရွေးချယ်လိုက်ပြီ ဖြစ်သည်။ တုဇယ်ချန်းကို ပြန်ကောင်းအောင် ကုမပေးတော့။ အရည်အချင်း မရှိသည့်တိုင် ကျန်းမာနေသော တုဇယ်ချန်းက ဒုက္ခပေးသော တုဇယ်ချန်းထက် ပိုအန္တရာယ် များသည်။ အန္တရာယ် ကင်းအောင် ဒုက္ခပေးထားလိုက်တာ ပိုကောင်းသည်။
သူ့ရင်ထဲမှ အဖေချစ် ဆိုသည်မှာ အောင်မြင်မှု၏ အရသာကြောင့် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။
တုဇယ်ချန်း၏ မျက်ဝန်းထဲမှ နောက်ဆုံး အလင်းရောင်လေး ပျောက်ကွယ်သွားသည်။
ချီကောင်းရီတို့ သူငယ်ချင်းတစ်သိုက် ရောက်လာပြီး ပျော်အောင် စကြသော်လည်း သူ မတုံ့ပြန်သဖြင့် နောက်ဆုံးတွင် သူ့ကို ဖက်ပြီး ငိုကြ၊ ဆဲကြနှင့် ပြန်သွားကြသည်။
တုဇယ်ချန်း စိတ်နှလုံး သေဆုံးနေပြီဖြစ်သည်။
ငရဲခန်းထဲ တခေါက် ရောက်သွားပြီး ပြန်လာရသလို လောကကြီးအကြောင်း သိသွားလေပြီ။ အမေ့ရဲ့ နာကျင်မှု၊ အဖေ့ရဲ့ ရက်စက်မှု၊ သူငယ်ချင်းတွေရဲ့ သနားမှု၊ ရှန်ယို့ယောင်ရဲ့ စိုးရိမ်မှု... အားလုံးကို သူ မြင်တတ်လာပြီ။
လောကကြီးက ဒီလိုပါပဲလား... ဘာမှ မထူးပါဘူးလေ။
"ရှင် ဘာလာလုပ်တာလဲ"
ရှန်ယို့ယောင်က အတွင်းရေးမှူးယန်ကို တံခါးဝတွင် ပိတ်ရပ်ထားလိုက်သည်။
"ရှန်ယို့ယောင်... ကိုယ့်ကိုယ်ကိုယ် တကယ်ပဲ တုသခင်မလေးလို့ ထင်နေတာလား"
အတွင်းရေးမှူးယန် ရယ်မောလိုက်သည်။
"ဥက္ကဋ္ဌကြီး မအားလို့ ကျွန်မကို လွှတ်လိုက်တာ။ သားကို ကြည့်ဖို့တောင် နင့်ခွင့်ပြုချက် လိုနေတာလား"
ရှန်ယို့ယောင်က သူမနှင့် စကားနိုင် မလုချင်။ တံခါးဝတွင်သာ ပိတ်ရပ်ထားလိုက်သည်။
"တုဇယ်ချန်းက ရှင့်ကို မတွေ့ချင်ဘူး။ ပြန်သွားပါ"
"သတ္တိ ကောင်းလှချည်လား"
အတွင်းရေးမှူးယန်က သူမကို အကဲခတ်လိုက်သည်။
"ကျူးယန်လင် လက်အောက် ရောက်သွားလို့လား။ ဒါမှမဟုတ် တုသခင်လေးက ကာကွယ်ပေးနိုင်သေးတယ် ထင်လို့ မောက်မာနေတာလား"
"တုသခင်လေး" ဆိုသော စကားလုံးကို သူမက လှောင်ပြောင်သလို ဖိပြောလိုက်သည်။
ရှန်ယို့ယောင် ဘာမှ ပြန်မပြောဘဲ လမ်းဖယ်မပေး။
"ဝင်လာခိုင်းလိုက်"
နောက်ကျောဘက်မှ တုဇယ်ချန်း၏ အက်ကွဲကွဲ အသံ ထွက်ပေါ်လာသည်။
ရှန်ယို့ယောင် အံ့သြစွာ လှည့်ကြည့်လိုက်သည်။ သူ စကားပြောလာလို့ အံ့သြရသလို ဒီမိန်းမ ယုတ်မာမှန်း သိရက်နဲ့ ဝင်ခွင့်ပေးလိုက်လို့လည်း အံ့သြရသည်။
"ဝင်လာခိုင်းလိုက်ပါ... မင်း ထွက်သွားတော့"
တုဇယ်ချန်းက အတင်း ပြောလိုက်သည်။
အတွင်းရေးမှူးယန်က မောက်မာစွာဖြင့် ရှန်ယို့ယောင်ကို တိုက်ပြီး ဝင်သွားသည်။ ရှန်ယို့ယောင် တွန့်ဆုတ်နေသော်လည်း တုဇယ်ချန်းက အော်ဟစ်လိုက်သည်။
"ငါ ထွက်သွားလို့ ပြောနေတယ်လေ... မကြားဘူးလား"
အခန်းထဲတွင် သူတို့နှစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။ အတွင်းရေးမှူးယန်က သူ့ကို ကြည့်ပြီး ပြုံးလိုက်သည်။
"မင်း ငါ့ကို တွေ့ချင်နေမယ် ဆိုတာ ငါ သိတယ်လေ။ အမှန်တရားကို ငါကလွဲပြီး ဘယ်သူ ပြောပြရဲမှာလဲ"
တုဇယ်ချန်းက ဘာမှ မပြော။ ဟုတ်သည်။ သူ အမှန်တရားကို သိချင်သည်။
အမှန်တရားကို မသိရသေးသရွေ့ သူ့စိတ်ထဲတွင် မျှော်လင့်ချက် မီးစလေး တစ်စ လင်းလက်နေဦးမည်။ အဲဒါက သူ့ကို ခံစားရ ခက်စေသည်။ ဖခင်ဖြစ်သူ သူ့ကို စွန့်ပစ်လိုက်ပြီ ဆိုတာကို အခုထိ လက်မခံချင်သေးသော မိမိကိုယ်ကို မုန်းတီးမိသည်။
ဒါကြောင့်... တစ်ယောက်ယောက်က ဒီမျှော်လင့်ချက် မီးစလေးကို လာငြှိမ်းသတ်ပေးဖို့ လိုသည်။ ဒါမှ သူ လုံးဝ အေးချမ်းသွားမှာ။
အတွင်းရေးမှူးယန်က သူ လိုချင်တာကို ဖြည့်ဆည်းပေးလိုက်သည်။
"နျန်ယန် ကုမ္ပဏီ ရောက်နေပြီ။ ဥက္ကဋ္ဌ လက်ထောက် ရာထူးနဲ့။ နှစ်ရက်ပဲ ရှိသေးပေမဲ့ တော်တော် အလုပ်ဖြစ်တယ်။ သူ့အဖေက သဘောကျနေတာ... သားအဖ နှစ်ယောက် ညီညွတ်ရင် ဘာမဆို ဖြစ်တယ်တဲ့။ ရှယ်ယာရှင်တွေ၊ ဒါရိုက်တာတွေကလည်း သူ့အရည်အချင်းကို ချီးကျူးနေကြတယ်"
"မင်းကိုတော့ အဲဒီလို မချီးကျူးဖူးကြဘူး မလား။ မင်းကို ချီးကျူးရင် ရုပ်ချောတယ်၊ ကံကောင်းတယ် ဆိုတာလောက်ပဲ ပြောကြတာ"
အတွင်းရေးမှူးယန်က သူ့ကို ကျေနပ်စွာ ကြည့်ပြီး ဆက်ပြောသည်။
"ဒါနဲ့... မင်းအဘိုး မိတ်ဆက်ပေးမယ် ဆိုတဲ့ ချန်ကောင်မလေးလေ... မင်း ဒုက္ခိတ ဖြစ်သွားပြီ ဆိုတော့ လာတောင် မကြည့်တော့ဘူး။ နျန်ယန် အဖေကတော့ ရန်မဖြစ်ချင်ဘူး ဆိုပြီး ထားလိုက်ပါတော့တဲ့။ ဒါပေမဲ့ ချန်မိသားစုက အဆင်ပြေတော့ နျန်ယန်နဲ့ စပြီး အဆက်အဆံလုပ်ခိုင်းနေပြီ"
"ကောင်မလေးက နျန်ယန်ကို သဘောကျတယ်။ နျန်ယန်က ငယ်ငယ်ချောချော၊ နိုင်ငံခြားဘွဲ့ရ ဆိုတော့ စကားပြောလို့ ကောင်းတာပေါ့။ သူက အဆင့်အတန်း မခွဲခြားဘူး၊ စိတ်ကြိုက်ပဲ ရွေးမယ် ဆိုပြီး နျန်ယန်နဲ့ ဒိတ်တောင် လုပ်ပြီးသွားပြီ..."
"ဪ... ပြောရဦးမယ်။ ဒီတစ်ခေါက် ငါ လာတာ မင်း ခြေထောက်ကိစ္စ ပြောမလို့။ တုဥက္ကဋ္ဌက မအားဘူးလေ။ အဘိုးထန် ဆုံးသွားတော့ ရှင်းစရာတွေ များနေတာနဲ့ အလုပ်ရှုပ်နေတယ်။ မင်းကို ဆရာဝန် ရှာပေးဖို့ ငါ့ကို တာဝန်လွှဲလိုက်တယ်"
"ငါ ကျွမ်းကျင်သူတွေနဲ့ မေးကြည့်ပြီးပြီ။ မင်းလို ကျောရိုးထိသွားပြီး အောက်ပိုင်းသေသွားတဲ့ လူနာမျိုးက ပြန်ကောင်းဖို့ လမ်းမမြင်ဘူးတဲ့။ အာရုံကြောတွေ ပြတ်သွားပြီလေ။ ပြီးတော့ အရိုးကျိုးတာလည်း ပါသေးတယ်... ပြန်ကောင်းမယ် ဆိုတာတွေက မင်းကို နှစ်သိမ့်ပေးနေကြတာပါ"
"သနားစရာ ကောင်းလိုက်တာ... ငါ့သဘော ပြောရရင် လူရာမဝင်တော့ရင်တောင် အမှန်ကို သိခွင့် ရှိသင့်တယ်လို့ ထင်တယ်။ အကုန် ဖုံးကွယ်ထားလို့ ဘယ်ဖြစ်မလဲ။ အနည်းဆုံးတော့ အဘိုး ဈာပနကို ကြည့်သင့်တာပေါ့။ ကိုယ်တိုင် မသွားနိုင်ရင်တောင် အွန်လိုင်းကနေ ကြည့်လို့ ရသားပဲ"
သူမက အိတ်ထဲမှ ဖုန်းတစ်လုံး ထုတ်ပြီး ကမ်းပေးလိုက်သည်။
"သိချင်တာ ရှိရင် အွန်လိုင်းမှာ ရှာကြည့်လိုက်။ ဒီတိုင်း လှဲနေရတာ ပျင်းစရာ ကောင်းတယ် မလား"
ကားတိုက်မှု ဖြစ်ပြီး နှစ်ပတ်အတွင်း အွန်လိုင်းတွင် သူ့အကြောင်း သတင်းတွေ အများကြီး တက်နေသည်။ နောက်ဆုံး သတင်း နှစ်ပုဒ်ကတော့ ဤသို့ဖြစ်သည်။
#အဘိုးထန် ကွယ်လွန်၊ မြေးဖြစ်သူ ကားတိုက်မှုကြောင့် ဈာပန မတက်ရောက်နိုင်#
#တုသခင်လေး လေဖြတ်သွားပြီ၊ အမွေဆက်ခံခွင့် ဆုံးရှုံးဖွယ်ရှိ#
#သခင်လေးတု ကားတိုက်မှု#
အရင်တုန်းကတော့ #သခင်လေးတု ဟန်ပြလက်ထပ်ပြီး ပရိသတ်ကို လိမ်လည်#၊ #သခင်လေးတု အာဏာပြ အနိုင်ကျင့်# စသည်တို့ ဖြစ်သည်။
သူ ကွန်းမန့်များကို ဖတ်ကြည့်လိုက်သည်။ အရင်က သူ့ကို ချစ်ပါတယ်၊ အားပေးပါတယ် ဆိုသူတွေက အခုတော့ ကျိန်စာတိုက်နေကြပြီ။
[ဝဋ်လည်တာပဲ... အာဏာပြချင်ဦးလေ။ ဘုရားသခင်က မျက်နှာသာ မပေးတော့ဘူး]
[ဘုရားရေ... ကျေးဇူးတင်ပါတယ်။ ရှောင်ရွှယ်လေး သနားပါတယ်။ ဒီ ခွေးမောင်နှံနှစ်ကောင် မကနိုင်တော့ဘူးပေါ့]
[လေဖြတ်နေလို့ အဘိုး ဈာပန မသွားနိုင်ဘူးတဲ့လား။ ဝှီးချဲနဲ့ သွားလို့ ရသားပဲ။ တကယ့် ကျေးဇူးကန်းတဲ့ကောင်]
[သနားစရာက တုအဖေကြီးပါ... ယောက္ခမ ဆုံး၊ သားက ကားတိုက်၊ မိန်းမက နာမကျန်း... ဒုက္ခတွေ ဝိုင်းနေရှာတယ်]
[ဒီလိုလူမျိုးက သေသွားတာ ပိုကောင်းတယ်။ ကျန်းမာတုန်းက လူတွေကို ဒုက္ခပေးတယ်၊ လေဖြတ်တော့လည်း လူ့အသိုင်းအဝိုင်းအတွက် ဝန်ထုပ်ဝန်ပိုးပဲ]
...
သူ ဖုန်းကို ကြောင်ငေးကြည့်နေစဉ် အသံဖိုင်တစ်ခုကို ဖွင့်မိလိုက်သည်။ အားလုံးက သူ့ကို အနိုင်ကျင့်သူဟု သတ်မှတ်သွားစေသည့် အသံဖိုင်ပင်။
"...အနုပညာလောကက ရှုပ်ထွေးတယ် ဆိုတာ... သူတို့က အမှားအမှန် ခွဲခြားတတ်တာ မဟုတ်ဘူး..."
"...ဒါနဲ့များ လက်ထပ်ပစ်လိုက်ရသလားကွာ..."
"...မင်းနဲ့ ဖန်ရွှယ်ယင်းနဲ့ ယူဖို့ ပြောနေကြတာ မဟုတ်လား..."
...
တုဟုန်ရိ၏ အသံကို ပြုပြင်ထားသော်လည်း စကားလုံးများက ရှင်းလင်းပြတ်သားနေသည်။ ဒါက အဖေ ခရီးက ပြန်ရောက်ရောက်ချင်း သူတို့ သားအဖ ပြောခဲ့သော စကားများပင်။ ဘေးနားတွင် အတွင်းရေးမှူးယန်ကလွဲ၍ ဘယ်သူမှ မရှိခဲ့။
တင်ထားသည့် အချိန်က သူ ကားတိုက်မှု ဖြစ်ပြီး ဒုတိယနေ့။ သူမသည် သူ့ကို အမွေဆက်ခံခွင့် ဆုံးရှုံးစေရုံမက ဘယ်လောကမှာမှ နေရာမရအောင် ဘာမှ သုံးစားမရအောင် ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။ ဖခင်ဖြစ်သူ ကိုယ်တိုင်ကလည်း ထောက်ခံပေးထားသည်။
သူ အောင်မြင်သွားပြီ။ ရင်ထဲက နောက်ဆုံး မျှော်လင့်ချက် မီးစလေး တငွေ့ငွေ့နှင့် ငြိမ်းသွားခဲ့ပြီ။
ပေါ့ပါးသွားလိုက်တာ။ လက်စားချေဖို့ မစဉ်းစားရတော့ဘူး။ ပြန်မတ်တတ်ရပ်ဖို့ မကြိုးစားရတော့ဘူး။ အဲဒီလူက သူ့ကို ချစ်နေသေးလား တွေးပူစရာ မလိုတော့ဘူး။ အားလုံးက သူ့ကို သေစေချင်နေကြတာပဲ။
ရှန်ယို့ယောင်သည် သူ့ကို ကြည့်ပြီး ရင်ပူနေသည်။ ကံကောင်းစွာဖြင့် သတင်းကောင်း တစ်ခု ရောက်လာသည်။ အဘိုးထန်၏ လူယုံတော်ပိုင် (ဦးလေးပိုင်) က ကျောရိုးအာရုံကြော ဆိုင်ရာ ကျွမ်းကျင် ဆရာဝန်ကြီး တစ်ဦးနှင့် ချိတ်ဆက်မိသွားသည်။
ဆရာဝန်ကြီးက စစ်ဆေးပြီးနောက် အချိန်မီသေးကြောင်း၊ ရွှေရောင်ကာလ မကျော်လွန်သေးကြောင်း၊ ယခုချက်ချင်း လေ့ကျင့်ခန်း စလုပ်လျှင် ပြန်ကောင်းနိုင်ခြေ များကြောင်း ပြောသည်။ အရိုးကျိုးထားသဖြင့် အခက်အခဲ ရှိနိုင်သော်လည်း အရိုးကိစ္စကို နောက်မှ ကုသ၍ ရသည်။ အဓိကကတော့ လေ့ကျင့်ခန်း လုပ်စဉ် နာကျင်မှုကို ခံနိုင်ရည် ရှိဖို့ပဲ လိုသည်။
မတ်တတ်ပြန်ရပ်နိုင်ခြင်းနှင့် ယှဉ်လျှင် အရိုးကျိုးခြင်းသည် ပြောပလောက်သော ကိစ္စမဟုတ်တော့။ ဆရာဝန်ကြီး၏ စကားကြောင့် အားလုံး စိတ်လှုပ်ရှား ဝမ်းသာနေကြသည်။ ဒီသတင်းကောင်းကြောင့် တုဇယ်ချန်း ပြန်လည် နိုးထလာလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော် မထင်မှတ်ထားသည်မှာ သူက ကုသမှုကို ငြင်းဆန်လိုက်ခြင်းပင်။
ဒီတစ်ခါတော့ ဘယ်သူကမှ သူ့အလိုကို လိုက်မနေကြတော့။ ရှောင်းမင်ကျန့်က သူ့ကို ပွေ့ချီပြီး ဝှီးချဲပေါ်တင်ကာ လျှပ်စစ်နှိုးဆွကုထုံးခံယူရန် အတင်းအကျပ် ခေါ်သွားလေသည်။
သို့သော် နှစ်ရက်တာ ကုသမှု ခံယူပြီးသည့်တိုင် တိုးတက်မှု မရှိ။ ခြေထောက်တွင် တုံ့ပြန်မှု ရှိနေပြီ ဖြစ်၍ မတ်တတ်ရပ်ရန် ကြိုးစားကြည့်သင့်ကြောင်း ဆရာဝန်များက ပြောသော်လည်း တုဇယ်ချန်းက ပူးပေါင်းဆောင်ရွက်ခြင်း မရှိပေ။
တစ်ရက်တွင် ရှန်ယို့ယောင်သည် ခုတင်ဘေး အံဆွဲများကို ရှင်းလင်းရင်း သူ ဝှက်ထားသော ဖုန်းကို တွေ့ရှိသွားသည်။ ဖုန်းထဲရှိ ရှာဖွေထားသော မှတ်တမ်းများနှင့် ဖုန်း၏ ဇာစ်မြစ်ကို တွေးမိလိုက်သောအခါ သူမ ရင်ထဲတွင် ဒေါသအိုး ပေါက်ကွဲသွားတော့သည်။
သူမ ကုထုံးခန်းသို့ အပြေးသွားလိုက်သည်။ ထုံးစံအတိုင်း တုဇယ်ချန်းက ငြင်းဆန်နေသည်။ ဆရာဝန်က မတ်တတ်ရပ်နိုင်ပြီ ဖြစ်ကြောင်း နာကျင်နိုင်သော်လည်း ကြိုးစားသင့်ကြောင်း ပြောနေသော်လည်း သူက ထိုင်မြဲအတိုင်း ထိုင်နေသည်။ ရှောင်းမင်ကျန့်က အတင်း ဆွဲထူသော်လည်း မရ။
"တုဇယ်ချန်း"
ရှန်ယို့ယောင်၏ အော်သံကြောင့် ရှောင်းမင်ကျန့် လန့်ဖျပ်သွားသည်။
ဒီကာလအတွင်း သူမ၏ စိတ်ရှည်သည်းခံမှုနှင့် ကြံ့ခိုင်မှုကို အားလုံး မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်။ တုဇယ်ချန်း၏ မုန်တိုင်းထန်သော နေ့ရက်များတွင် အားလုံး ဒေါသထွက်၊ ကြောက်ရွံ့၊ စိတ်ဓာတ်ကျခဲ့ကြသော်လည်း သူမကမူ မယိမ်းမယိုင် ကျောက်ဆောင်ပမာ ရှိနေခဲ့သည်။ တုဇယ်ချန်းကို နားလည်ပေးပြီး ဖိအားမပေးဘဲ တိတ်ဆိတ်စွာ စောင့်ရှောက်ပေးခဲ့သည်။
နေ့ရက်တိုင်းကို ပုံမှန် ဖြတ်သန်းရင်း အချိန်တန်လျှင် အရာရာ ပြီးဆုံးသွားမည်၊ နေရောင်ခြည် ပြန်လည် သာလိမ့်မည်ဟု ယုံကြည်နေသကဲ့သို့ပင်။
မသိလိုက်မသိဘာသာဖြင့် ဤစကားနည်းသော မိန်းကလေးသည် အားလုံး၏ ကျောထောက်နောက်ခံ ဖြစ်လာခဲ့ပြီး စိုးရိမ်ပူပန်မှုများကို ဖယ်ရှားပေးနိုင်သူ ဖြစ်လာခဲ့သည်။
ဒီလို မိန်းကလေးမျိုး ဒေါသထွက်လာပြီ ဆိုလျှင်တော့ မလွယ်ကူလှပေ။
သို့သော် တုဇယ်ချန်း ဂရုမစိုက်။ လောကကြီးကို အရှုံးပေးလိုက်ပြီ ဖြစ်ရာ ဒီထက် ပိုဆိုးစရာ မရှိတော့။ မျှော်လင့်ချက် အားလုံး စွန့်လွှတ်လိုက်ပြီးနောက် သေမည့်နေ့ကို ထိုင်စောင့်နေရခြင်းက ကောင်းမွန်သော ရွေးချယ်မှုဟု သူ ထင်နေသည်။
"ရှင် သူ့ရည်ရွယ်ချက်ကို မသိလို့လား။ အရှုံးပေးလိုက်ရုံနဲ့တင် အားမရဘဲ သူ ခင်းပေးထားတဲ့ လမ်းအတိုင်း လျှောက်နေရသလား။ ရှင် ရူးနေတာလား"
"ရှင့်ကို ချစ်တဲ့သူတွေ အများကြီး ရှိနေတာ မမြင်ဘူးလား။ ရှင့်အမေဆိုရင် ရှင့်အတွက်နဲ့ ကိုယ့်ရောဂါတောင် ကိုယ် ဂရုမစိုက်နိုင်တော့ဘူး။ ရှောင်းမင်ကျန့်က နေ့တိုင်း ဘေးမှာ စောင့်နေပေးတယ်။ အစ်ကိုကျူးဆိုရင် ကုမ္ပဏီမှာ ရှင့်ဘက်က ရပ်တည်ပေးလို့ ဖိနှိပ်ခံနေရတယ်။ သူတို့က ဘယ်သူ့အတွက်လဲ... ဘာအတွက် လုပ်နေကြတာလဲ။ ရှင် ထပြီး တိုက်ခိုက်ပါလို့ မတောင်းဆိုပါဘူး... ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အရှုံးပေးပြီး သူတို့စေတနာကို စော်ကားတာက တရားရဲ့လား"
"သူတို့ ချစ်တာကို ငါက လိုချင်လို့လား"
တုဇယ်ချန်း၏ အသံက အေးစက်နေပြီး စကားလုံးများက ရင့်သီးလှသည်။
"ငါ့မှာ မိသားစု နောက်ခံကလွဲရင် ချစ်စရာ ဘာမှ မရှိပါဘူး။ အခု အဲဒါလည်း မရှိတော့ဘူး ဆိုတော့... သူတို့က ဘာလို့ ငါ့ကို ချစ်နေရဦးမှာလဲ"
"ဒါဆို ရှင့်အမေကရော... ပြီးတော့ ရှင့်အဖေ... အခု ရှင့်အမေကို ကာကွယ်ပေးနိုင်မဲ့သူက ရှင်တစ်ယောက်တည်း ရှိတော့တာ။ ရှင်က သူ့ကို ရှင်လိုဘဝမျိုး ရောက်သွားစေချင်တာလား"
"ငါက ကာကွယ်ပေးမယ် ဟုတ်လား"
တုဇယ်ချန်းက ဟာသတစ်ခု ကြားလိုက်ရသလို ရယ်မောလိုက်သည်။
"ငါ့ကိုယ်ငါတောင် မကာကွယ်နိုင်တာ... သူ့ကို ဘယ်လို ကာကွယ်ရမှာလဲ။ ငါက ဘာမှ မလုပ်ဘဲ ငြိမ်ငြိမ်လေး နေပေးလိုက်တာက သူ့ကို အကောင်းဆုံး ကာကွယ်ပေးတာပဲ"
အသုံးမကျသော လူတစ်ယောက် ဖြစ်နေပါလျက်နှင့် ယုတ္တိရှိသယောင် ပြောဆိုနေသော သူ့ပုံစံကို ကြည့်ပြီး ရှန်ယို့ယောင် သွေးဆူလာသည်။ စက်သေနတ်ဖြင့် ပစ်သတ်ချင်စိတ် ပေါက်သွားသည်။
"ဆင်ခြေတွေ ပေးမနေပါနဲ့... ဒါတွေ အကုန်လုံးက ရှင် သူရဲဘောကြောင်လို့ ဖြစ်နေတာ။ ဘာမှ လုပ်နိုင်စွမ်း မရှိတော့ဘဲ သူများ သတ်သမျှ ငြိမ်ခံရတဲ့ အချိန်ရောက်မှ နောင်တရမှာလား"
သူမ၏ ဒေါသနှင့် ဆန့်ကျင်ဘက် တုဇယ်ချန်းက အေးဆေးပင်။
"ငါက အစကတည်းက ဘာမှ လုပ်နိုင်စွမ်း မရှိပါဘူး။ ဒါကြောင့် နောင်တရစရာလည်း မလိုဘူး"
"လုပ်နိုင်စွမ်း မရှိဘူး ဟုတ်လား... ကောင်းပြီလေ။ တကယ် လုပ်နိုင်စွမ်း မရှိဘူး ဆိုတာ ဘာလဲဆိုတာ ကျွန်မ ပြမယ်"
ရှန်ယို့ယောင်သည် စက်ပလပ်ကြိုးများကို ဆွဲဖြုတ်လိုက်သည်။ အားလုံး အံ့သြနေစဉ်မှာပင် သူ့ကို ပွေ့ချီပြီး ဝှီးချဲပေါ် တင်ကာ အပြင်သို့ တွန်းထုတ်သွားတော့သည်။
"ရှင် နောင်တရမလား၊ မရဘူးလား ဆိုတာ စမ်းကြည့်ကြတာပေါ့"
"ဟေ့... ဟေ့... ယို့ယောင် ဘာလုပ်မလို့လဲ"
ရှောင်းမင်ကျန့် အနောက်မှ ပြေးလိုက်လာသည်။
သဘောကောင်းသူများ ဒေါသထွက်လျှင် ကြောက်စရာ ကောင်းသည်ဟု ဆိုကြသည်။ ယခု အားလုံး လက်တွေ့ မြင်လိုက်ရပြီ။
ရှန်ယို့ယောင်သည် ဆေးရုံအပေါက်ဝတွင် တုဇယ်ချန်းကို ဝှီးချဲနှင့်တကွ ကားပေါ်သို့ ပစ်တင်လိုက်သည်။ ထိုမြင်ကွင်းကို သူငယ်ချင်းအား လာသတင်းမေးသော ချီကောင်းရီ၊ ဖန်ရှောင်ဖုန်းနှင့် ရှကျွင်းချီတို့ မြင်တွေ့သွားကြသည်။ သုံးယောက်သား ပါးစပ်အဟောင်းသား ဖြစ်ကျန်ရစ်ခဲ့သည်။
ဖန်ရှောင်ဖုန်းက ရေရွတ်လိုက်သည်။
"အဲဒီ ကောင်မလေးက အားသန်လိုက်တာ"
ချီကောင်းရီက ဆက်ပြောသည်။
"ငါ့အမြင်တော့ ဇယ်ချန်းကို လွှင့်ပစ်လိုက်သလိုပဲ"
ရှကျွင်းချီက သတိပေးလိုက်သည်။
"လိုက်ကြည့်ရအောင်"
သူတို့ သုံးယောက်နှင့် ရှောင်းမင်ကျန့်တို့ ကားနား ရောက်သွားချိန်တွင် တုဇယ်ချန်းက မေးနေသည်။
"ငါ့ကို ဘယ်ခေါ်သွားမလို့လဲ"
ပုံမှန် သဘောကောင်းသော ရှန်ယို့ယောင်က အေးစက်စွာ ပြန်ပြောလိုက်သည်။
"ဘာမှ မလုပ်နိုင်ဘူး ဆို... မေးနေပြီး ဘာလုပ်မှာလဲ။ ငြိမ်ငြိမ်လေး လိုက်ခဲ့ပြီး အသုံးမကျတဲ့ လူတစ်ယောက်လို နေလိုက်ပါ"
တုဇယ်ချန်းက မျက်နှာ ပျက်သွားပြီး ပါးစပ်ပိတ်နေလိုက်သည်။ ရှောင်းမင်ကျန့်က ကားမောင်းသူ နေရာမှ ရှန်ယို့ယောင်ကို သတိထားပြီး မေးလိုက်သည်။
"ငါတို့ လိုက်ခဲ့လို့ ရမလား"
ရှန်ယို့ယောင် ခေါင်းညိတ်ပြလိုက်သည်။ လေးယောက်သား ကားနောက်ခန်းထဲ တိုးဝှေ့ ဝင်ထိုင်လိုက်ကြသည်။ ရှောင်းမင်ကျန့်က တုဇယ်ချန်း၏ ဝှီးချဲကို သေချာ ထိန်းပေးထားသည်။
ရှန်ယို့ယောင်က တမင် လုပ်တာလား မသိ၊ ကားကို ဘရိတ်အုပ်လိုက်၊ စောင့်ထွက်လိုက် မောင်းနေသဖြင့် နောက်ခန်းမှ လူကောင်းလေးယောက်ပင် ယိမ်းထိုးနေကြသည်။ ခြေထောက် အားမရှိသော တုဇယ်ချန်း အဖို့ ဆိုဖွယ်ရာ မရှိတော့။
သူ့ရင်ထဲတွင် ဒေါသအငွေ့အသက်များ ပြန်လည် နိုးထလာသော်လည်း စောစောက ပြောခဲ့သော စကားများကို သတိရပြီး အောင့်အီး သည်းခံနေလိုက်သည်။
ကားသည် မြို့စွန်ရှိ ကုန်တိုက်တစ်ခု ရှေ့တွင် ရပ်တန့်သွားသည်။
…