Ch 21
Viewers 92

အခန်း (၂၁)

ဒုတိယပွဲစဉ် စတင်လေပြီ။ ပြိုင်ဘက်သည် ယခင် ဝံပုလွေမကဲ့သို့ အရပ်ရှည်သော်လည်း ပိုမို ကြံ့ခိုင်သန်မာသည်။ ဆံပင်ကို တိုကပ်နေအောင် ညှပ်ထားသဖြင့် ထောင်မှ ထွက်လာသော ရာဇဝတ်သားကြီး တစ်ဦးနှင့်ပင် တူနေသေးသည်။ ဤနေရာရှိ လက်ဝှေ့သမား အများစု ထိုကဲ့သို့ ဖြစ်နေသော်လည်း သူမကမူ သိသိသာသာ ပိုမို ထင်ရှားသည်။

ရှကျွင်းချီ သတင်းစုံစမ်းပြီး ပြန်ရောက်လာသည်။ မျက်နှာထားက အလွန် လေးနက်နေသည်။

"ဒါက စုန်းမတဲ့... စောစောက ဝံပုလွေမထက် တစ်ဆင့် ပိုမြင့်တယ်။ ဝံပုလွေမက သူမကို တစ်ခါမှ မနိုင်ဖူးဘူး"

"ဘာလို့ အဲဒီလို စီစဉ်ရတာလဲကွ"

ချီကောင်းရီ ငိုချင်လာသည်။

"သူမက ဒဏ်ရာရထားပြီလေ... ဘာလို့ ပိုတော်တဲ့သူနဲ့ ပေးတွေ့ရတာလဲ။ သူတို့ ဦးနှောက် ပျက်နေကြတာလား"

"ဒီလို ပွဲမျိုးက မမျှတလေ ပိုစိတ်လှုပ်ရှားဖို့ ကောင်းလေပဲ"

ရှကျွင်းချီက ပြောလိုက်သည်။

"လောင်းကြေးကလည်း ပိုမြင့်တယ်။ တွေ့လား... ၁:၁၀ တဲ့"

ဖန်ရှောင်ဖုန်းက ဒဏ်ရာဒဏ်ချက်များနှင့် ဘာမှ မဖြစ်သလို ရပ်နေသော ရှန်ယို့ယောင်ကို ကြည့်ပြီး မေးလိုက်သည်။

"သူမ မကြောက်ဘူးလားကွာ"

ရှကျွင်းချီက တုဇယ်ချန်းကို တစ်ချက်ကြည့်ပြီး ဖြေလိုက်သည်။

"လူဆိုတာ ကြောက်တတ်ကြတာပဲ။ ဒါပေမဲ့ တချို့လူတွေက အကြောက်တရားကို အနိုင်ယူနိုင်ကြတယ်။ တချို့လူတွေကျတော့ ခေါင်းဝင်ပုန်းနေကြတာပေါ့"

တုဇယ်ချန်း မော့ကြည့်လိုက်သည်။ ရှကျွင်းချီက သူ့မျက်လုံးများကို မကြည့်ဘဲ ဆက်ပြောသည်။

"ဒါကြောင့် သူက အမြဲတမ်း တည်ငြိမ်နေတာ။ ကြောက်နေလို့ အပိုပဲ ဆိုတာ သိလို့ ဖြေရှင်းဖို့ နည်းလမ်း ရှာတာလေ။ ဒီနေ့ သူ ဒီနေရာမှာ သေသွားရင်တောင် သူ ကြိုးစားခဲ့တယ် ဆိုတာကို ငါတို့ အမြဲ သတိရနေကြမှာ။ သူက လေးစားစရာ ကောင်းတဲ့ လူတစ်ယောက်ပဲ။ မင်းကတော့ ဒီအတိုင်း ထိုင်ကြည့်နေပြီး သေတဲ့အထိ နောင်တရနေရုံပဲ ရှိတော့မှာ"

တုဇယ်ချန်းက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ဝှီးချဲ လက်ရန်းကို အားပြုကာ ထရပ်ရန် ကြိုးစားသည်။ သို့သော် လုံလောက်သော နှိုးဆွမှုနှင့် ဆရာဝန်၏ လမ်းညွှန်မှု မပါဘဲ ထရပ်ရန် မဖြစ်နိုင်ပေ။

ပြိုင်ပွဲ စတင်ကြောင်း ခေါင်းလောင်းသံ မြည်လာသည်။ တုဇယ်ချန်းသည် မျက်နှာချင်းဆိုင် ရပ်နေသော နှစ်ယောက်ကို ကြည့်ပြီး ဝှီးချဲလက်ရန်းကို ထုရိုက်လိုက်ရာ လက်ခုံပေါ်မှ သွေးကြောများ ထောင်ထလာသည်။

စုန်းမသည် ဝံပုလွေမထက် သာလွန်သည်မှာ အမှန်ပင်။ ရှန်ယို့ယောင်ကလည်း ဒဏ်ရာရထားသဖြင့် အစပိုင်းတွင် အကြိတ်အနယ် ရှိသော်လည်း နောက်ပိုင်းတွင် တစ်ဖက်သတ် အရေးနိမ့်လာသည်။

စုန်းမသည် ဝံပုလွေမ၏ သင်ခန်းစာကို ယူထားသည်။ ရှန်ယို့ယောင်ကို မြေကြီးနှင့် လွတ်အောင် ကြိုးစားနေသော်လည်း ခြေထောက်ဖြင့် ညှပ်မခံရအောင် သတိထားနေသည်။ တိုက်စစ်ရော ခံစစ်ပါ ပြည့်စုံလွန်းလှသည်။

ရှန်ယို့ယောင်သည် ကြမ်းပြင်ပေါ်သို့ အကြိမ်ကြိမ် ပစ်ချခံနေရသည်။ လဲကျသွားတိုင်း ပါးစပ်မှ သွေးများ အန်ထွက်လာသည်။ သူမ၏ လက်မောင်းက နောက်တစ်ကြိမ် အဆစ်ပြုတ်သွားပြန်သည်။ လှပသော မျက်နှာလေးသည်လည်း ဖူးရောင်နေသဖြင့် မူလရုပ်ပင် မပေါ်တော့။

သို့သော် သူမ ပြန်မထနိုင်တော့ဘူးဟု ထင်ရသည့် အချိန်တိုင်းတွင် အံ့ဩဖွယ်ကောင်းလောက်အောင် ပြန်ထလာပြီး ဆက်လက် အရိုက်ခံနေပြန်သည်။

ချီကောင်းရီ သည်းမခံနိုင်တော့ဘဲ ငိုချလိုက်သည်။ မျက်နှာကို သုတ်ပြီး စင်ရှေ့သို့ ပြေးကာ အော်ဟစ်လိုက်သည်။

"အစ်မကြီး... အရှုံးပေးလိုက်ပါတော့ဗျာ... တော်ပါတော့"

ရှန်ယို့ယောင်က ကြမ်းပြင်ပေါ်တွင် ဖိချခံထားရသည်။ ကျောရိုး ကျိုးမတတ် နာကျင်နေသော်လည်း တုဇယ်ချန်းကို တစ်ချက် လှမ်းကြည့်ပြီး အကြည့်လွှဲကာ ပြိုင်ပွဲကို အာရုံစိုက်လိုက်သည်။

ဘာမှ မတတ်နိုင်ဘူး ဟုတ်လား။ တုဇယ်ချန်းက ဘာမှ မတတ်နိုင်ခြင်း ဆိုတာ ဘယ်လောက် ကြောက်စရာ ကောင်းလဲ ဆိုတာ မသိသေးဘူး။ အကျပ်အတည်း ထဲရောက်နေပြီး ရွေးချယ်စရာ မရှိတဲ့ အခြေအနေ၊ ကိုယ်တိုင် မကြိုးစားခဲ့လို့ နောင်တရနေရတဲ့ ခံစားချက်၊ ကိုယ့်အားနည်းချက်ကို မုန်းတီးမိတဲ့ ခံစားချက်... ဒါတွေကို သူ မသိသေးဘူး။ ရွေးချယ်ခွင့်က သူများလက်ထဲ ရောက်နေပြီး ကိုယ်ကတော့ သက်သောင့်သက်သာ လဲကျဖို့တောင် မရွေးချယ်နိုင်တဲ့ အဖြစ်မျိုး။

ဒါက သူမ ဖခင် သင်ပေးခဲ့တဲ့ ပထမဆုံး သင်ခန်းစာပဲ။ ဒါကြောင့် ဒီဘဝက လွတ်မြောက်ဖို့ သူမ အသက်နဲ့ရင်းပြီး ကြိုးစားခဲ့တယ်။ အနည်းဆုံးတော့ အကျပ်အတည်း ကြုံရင် ရုန်းကန်ခွင့် ရှိသေးတယ်လေ။ အစွမ်းကုန် ရုန်းကန်ပြီးမှ ရှုံးနိမ့်သွားရင်တောင် နောင်တရစရာ မရှိတော့ဘူး။

သူမ ယိုင်နဲ့နဲ့ဖြင့် ထပ်မံ ထရပ်လိုက်ပြန်သည်။ သူမ ဘာကို ဆိုလိုချင်လဲ ဆိုတာ အားလုံး သဘောပေါက်လိုက်ကြသည်။ တုဇယ်ချန်း မတ်တတ်မရပ်နိုင်သေးဘူး။

"သောက်ကျိုးနည်းကွာ"

ချီကောင်းရီက တုဇယ်ချန်းဆီ ပြန်ပြေးလာပြီး အော်ဟစ်လိုက်သည်။

"ဇယ်ချန်း... ကြိုးစားစမ်းပါကွာ။ ထရပ်လိုက်စမ်းပါ။ မင်းက ဟိုအစ်မလောက်တောင် စိတ်ဓာတ် မခိုင်မာဘူးလား။ ဒီနေ့ မင်း မထနိုင်ရင် ငါ မင်းကို တကယ် အထင်သေးသွားပြီ"

ဖန်ရှောင်ဖုန်းက သူ့ခြေထောက်ကို ကိုင်ထားပေးသည်။

"လာ... ဇယ်ချန်း... မင်း လုပ်နိုင်တယ်"

ရှကျွင်းချီက ဆရာဝန် ပို့လိုက်သော မက်ဆေ့ကို ဖတ်ပြီးနောက် သူတို့နှစ်ယောက်ကို ဖယ်လိုက်သည်။ တုဇယ်ချန်း၏ ကျောရိုး တစ်နေရာကို ဖိလိုက်သည်။

"ခံစားမှု ရှိလား"

တုဇယ်ချန်းက အံ့သြဝမ်းသာသွားသည်။

"ရှိတယ်... ရှိတယ်"

"ကောင်းပြီ... အဲဒီ ခံစားမှုအတိုင်း အားယူပြီး ထလိုက်"

တုဇယ်ချန်း၏ တင်ပါးက ဝှီးချဲနှင့် ကြွတက်လာသည်။ သို့သော် လမ်းတစ်ဝက်တွင် ကျောရိုးမှ စူးရှသော နာကျင်မှုကြောင့် ပြန်ထိုင်ချလိုက်ရသည်။

သို့သော် ချီကောင်းရီတို့ ဝမ်းသာအားရ ခုန်ပေါက်လိုက်ကြသည်။

"ရတော့မယ်... ရတော့မယ်... မင်း လုပ်နိုင်တယ်"

သူငယ်ချင်းများက ဝိုင်းဝန်း အားပေးနေကြသည်။

တုဇယ်ချန်းသည် စင်ပေါ်မှ ရှန်ယို့ယောင်ကို စိုက်ကြည့်ရင်း ဆက်လက် ကြိုးစားနေသည်။ မအောင်မြင်သေးသော်လည်း တစ်ကြိမ်ထက် တစ်ကြိမ် ပိုပြီး ကြွတက်လာသည်။

စုန်းမသည် ရှန်ယို့ယောင် ထပ်ခါထပ်ခါ ပြန်ထလာသည်ကို စိတ်မရှည်တော့။ အဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။ သေချင်သေပါစေတော့။ သူမ လေပေါ်သို့ ခုန်တက်လိုက်ပြီး ဒူးခေါင်းဖြင့် ရှန်ယို့ယောင်၏ ဦးခေါင်းကို ချိန်ရွယ်ကာ တိုက်ခိုက်လိုက်သည်။

ဒီတစ်ခါ ထိရင်တော့ မသေရင်တောင် အကြီးအကျယ် ဒုက္ခရောက်မှာ သေချာသည်။

"ရှန်ယို့ယောင်"

တုဇယ်ချန်းက အော်ဟစ်လိုက်ပြီး အားကုန်သုံးကာ မတ်တတ်ရပ်လိုက်သည်။

စင်ပေါ်တွင် စုန်းမ၏ တိုက်ကွက် လွဲချော်သွားသည်။ ယိုင်နဲ့နေသော ရှန်ယို့ယောင်က အော်ဟစ်ကာ ခုန်တက်လိုက်ပြီး စုန်းမ၏ ပေါင်ရင်းကို ကန်ချလိုက်သည်။

လေပေါ် ရောက်နေသော စုန်းမသည် ရှောင်တိမ်းရန် အခွင့်အရေး မရှိလိုက်ဘဲ လွင့်ထွက်သွားသည်။ ရှန်ယို့ယောင်က မယုံနိုင်စရာ အမြန်နှုန်းဖြင့် ပြေးလိုက်သွားပြီး နှစ်ချက်ဆင့် ကန်ကာ စင်အောက်သို့ တွန်းချလိုက်တော့သည်။

နိုင်သွားပြီ...

ရှန်ယို့ယောင် လှည့်ကြည့်လိုက်သည်။ ရေထဲမှ ဆယ်ထားသလို ချွေးများ ရွှဲနစ်နေသော တုဇယ်ချန်း မတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမ ပြုံးလိုက်သည်။ သူမ၏ မျက်ဝန်းထဲတွင် ကြယ်တာရာများ ပြန်လည် လင်းလက်လာသည်။ ထိုအလင်းရောင်သည် သူ့ကမ္ဘာကြီး တစ်ခုလုံးကို လင်းထိန်သွားစေပြီး အမှောင်ထုနှင့် မျှော်လင့်ချက်မဲ့ခြင်းများကို ဖယ်ရှားပေးလိုက်သည်။ နွံအိုင်ထဲတွင် ပန်းပွင့်လေးများ ပွင့်လန်းလာသကဲ့သို့ပင်။

တုဇယ်ချန်းက မျက်ရည်ဝဲလာသည်။ ရင်ထဲတွင် ဗုံတီးသံလို တဒုန်းဒုန်း ခုန်နေသည်။ ဒါက သူ ရှာဖွေတွေ့ရှိလိုက်သော သတ္တိသာမက ရင်ခုန်သံလည်း ဖြစ်သည်။

သူတို့ လူနာတင်ကားဖြင့် ပြန်လာကြသည်။ ရှန်ယို့ယောင်သာမက တုဇယ်ချန်းလည်း ဒုက္ခရောက်ခဲ့ရသည်။ သို့သော် သူ စိတ်ပေါ့ပါးနေသည်။ မတ်တတ်ရပ်လိုက်နိုင်သည့် အချိန်တွင် ပိုးအိမ်ထဲမှ ရုန်းထွက်လာသော လိပ်ပြာတစ်ကောင်လို ခံစားလိုက်ရသည်။ လွန်ခဲ့သော နာရီဝက်က သူ့ပုံစံကို ပြန်တွေးပြီး ရယ်ချင်မိသည်။

ချီကောင်းရီက မေ့မြောနေသော ရှန်ယို့ယောင်ကို ကြည့်ပြီး မေးလိုက်သည်။

"ဇယ်ချန်း... မင်း ဘယ်ကနေများ ဒီလို ရတနာမျိုး ရှာတွေ့ခဲ့တာလဲ"

ကြည့်တော့သာ ပျော့နွဲ့နွဲ့လေး... တကယ်တမ်းကျတော့ ကြောက်စရာ ကောင်းလိုက်တာ။ နောက်ဆို သူ့ကို မစရဲတော့ဘူး။

တုဇယ်ချန်းက သူမ၏ ဖူးရောင်နေသော မျက်နှာကို ရေခဲကပ်ပေးရင်း ပြုံးလိုက်သည်။

"ဘုရားသခင်က ငါ့ကို ပေးသနားတာလေ... ငါက သူ့ သားအရင်းကိုး"

သူ နောက်ပြောင်နေသည်ကို ကြည့်ပြီး သူငယ်ချင်းများ စိတ်အေးသွားကြသည်။ သွေးစွန်းသော ကမ္ဘာမှ ပြန်ထွက်လာချိန်တွင် ပြောင်းလဲသွားသူမှာ တုဇယ်ချန်း တစ်ယောက်တည်း မဟုတ်ပေ။

ဖန်ရှောင်ဖုန်းက ရယ်မောလိုက်သည်။

"မင်းအဖေ ကြားရင်တော့ မနာလို ဖြစ်နေဦးမယ်"

တုဇယ်ချန်းက တိတ်ဆိတ်သွားသည်။

"သူ နောက်ဆို ငါ့ကို ချစ်တော့မှာ မဟုတ်ဘူး... တကယ်တော့ သူ ငါ့ကို ဘယ်တုန်းကမှ မချစ်ခဲ့ဘူး"

ဒီကိစ္စကို ရင်ဆိုင်ရတာ အရင်ကလောက် မကြောက်တော့ဘူး။ ပိုးအိမ်ထဲက ထွက်လာပြီးချိန်မှာ ကမ္ဘာကြီးက ကျယ်ပြန့်မှန်း သိလိုက်ရပြီ။ ဘဝဆိုတာ အဖေနဲ့ အမေတင် မဟုတ်ဘူး... တခြား တန်ဖိုးရှိတဲ့ အရာတွေ ရှိသေးတယ် ဆိုတာ နားလည်လိုက်ပြီ။ အဖေ့ကိစ္စက လက်တွေ့ဘဝပဲ... ဒီအခက်အခဲကို ကျော်ဖြတ်ပြီး ကိုယ့်လမ်းကိုယ် ဆက်လျှောက်ရမှာပဲ။

ချီကောင်းရီတို့ သုံးယောက် အံ့သြသွားကြသည်။ သူ နောက်ပြောင်နေတာ မဟုတ်မှန်း သိလိုက်ကြသည်။

ရှောင်းမင်ကျန့်က ဝင်ရှင်းပြသည်။

"တုဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးယန်က ချစ်သူတွေလေ။ သူတို့ ကလေးကမှ တုဥက္ကဋ္ဌ တကယ် လိုချင်တဲ့ ဆက်ခံသူ အစစ်။ ဇယ်ချန်းက ဒီကိစ္စ သိသွားလို့ စိတ်လှုပ်ရှားပြီး ကားတိုက်မှု ဖြစ်ခဲ့တာ"

သုံးယောက်သား ထိတ်လန့်သွားကြသည်။ ရှကျွင်းချီက မေးလိုက်သည်။

"အခု ဥက္ကဋ္ဌနားမှာ ကပ်နေတဲ့ ကောင်လေးလား"

ဖန်ရှောင်ဖုန်းကလည်း ပြောသည်။

"အပြင်မှာ သတင်းထွက်နေတာက မင်းက အွန်လိုင်းက ဆဲဆိုသံတွေကြောင့် စိတ်မကောင်းဖြစ်ပြီး ကားတိုက်တာတဲ့... တချို့ကလည်း အရက်မူးပြီး မောင်းတာတဲ့"

တုဇယ်ချန်းက သဘောပေါက်လိုက်သည်။ ဒါ အဖေနဲ့ အတွင်းရေးမှူးယန်တို့ လက်ချက်ပဲ။

ရှကျွင်းချီက ပိုပြီး တည်ငြိမ်သူ ဖြစ်၍ စဉ်းစားလိုက်သည်။

"သူတို့ ပြောတာက အဘိုးထန် ဆုံးတာက မင်း ကားတိုက်မှု ဖြစ်လို့ စိတ်ထိခိုက်ပြီး ဆုံးတာတဲ့"

တုဇယ်ချန်းက ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်မီ ရှောင်းမင်ကျန့်က ဒေါသတကြီး ပြောလိုက်သည်။

"မဖြစ်နိုင်တာ... အဘိုးထန်ကို အတွင်းရေးမှူးယန် သတ်လိုက်တာ။ သူ တမင် လုပ်တာ"

အားလုံးက လန့်သွားကြသည်။ ရှကျွင်းချီ မျက်မှောင်ကြုတ်လိုက်သည်။

"ဘယ်လို ဖြစ်တာလဲ"

"ကားတိုက်မှု ဖြစ်တဲ့နေ့က ရှန်ယို့ယောင် ပါသွားတယ်"

ရှောင်းမင်ကျန့်က ရှန်ယို့ယောင်၏ သံသယများကို ပြောပြလိုက်သည်။

"...သူမက လက်လွှတ်လိုက်ရုံတင် မကဘူး... တုဥက္ကဋ္ဌကိုပါ ဆွဲချလိုက်သေးတယ်။ ရှန်ယို့ယောင်သာ အားမသန်ရင် မင်း သေပြီ။ မင်း ကားတိုက်မှု ဖြစ်ပြီးတော့ အားလုံးက မင်းအမေနဲ့ အဘိုးကို ဖုံးထားကြတာ။ သူမက ခိုးပြီး သတင်းပို့လိုက်လို့ မင်းအမေ အိပ်ရာထဲ လဲသွားပြီး အဘိုးထန် ဆုံးသွားရတာ"

ချီကောင်းရီ အသက်ရှူ မှားသွားသည်။

"သူက တစ်ချက်တည်းနဲ့ သုံးယောက်လုံး ရှင်းပစ်လိုက်တာပေါ့"

တုဇယ်ချန်းက တွေဝေစွာ မေးလိုက်သည်။

"အဘိုးက ငါ့ကြောင့် ဆုံးတာ မဟုတ်ဘူးပေါ့"

ရှောင်းမင်ကျန့် ကြောင်သွားသည်။

"မင်း ဘာလို့ အဲဒီလို တွေးရတာလဲ"

ချီကောင်းရီက ဝင်ပြောသည်။

"မင်း ရူးနေလား။ ဘယ်လိုပဲ တွေးတွေး တရားခံက တုဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးယန်လေ... မင်းနဲ့ ဘာဆိုင်လို့လဲ"

ရှောင်းမင်ကျန့် သတိရသွားသည်။

"မင်း ပထမဆုံး သတိရတုန်းက တွေ့တာ အတွင်းရေးမှူးယန် မလား။ ဒါဆို မင်း စိတ်ဓာတ်ကျသွားတာ သူ့စကားတွေ နားထောင်မိလို့လား"

ရှောင်းမင်ကျန့် ဒေါသထွက်သွားသည်။

"မင်းကလည်းကွာ... ပြန်မေးကြည့်ဖို့ ကောင်းတယ်"

တုဇယ်ချန်းက မျက်နှာအုပ်လိုက်သည်။

"ငါ့ကိုယ်ငါလည်း တော်တော် တုံးတယ်လို့ ထင်မိတယ်"

"ကဲပါ... ထားလိုက်ပါတော့"

ရှကျွင်းချီက နှစ်သိမ့်လိုက်သည်။

"ကားတိုက်မှုကနေ သတိရလာကာစ... အဘိုးဆုံးတဲ့ သတင်းပါ ကြားလိုက်ရတော့ စိတ်နဲ့ကိုယ်နဲ့ မကပ် ဖြစ်သွားမှာပေါ့။ အတွေးလွန်သွားတာ မဆန်းပါဘူး"

ဖန်ရှောင်ဖုန်းက အံ့သြမှု မပြေနိုင်သေး။

"တုဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးယန်က... မယုံနိုင်စရာပဲ။ တုဦးလေးက တော်တော် သန့်ရှင်းတဲ့သူပါ"

တုဇယ်ချန်းက ထိုနေ့က အတွင်းရေးမှူးယန် ပြောပြသည်များကို ပြန်ပြောပြလိုက်သည်။

"...သူ ပြောပုံအရ ဆိုရင် သူနဲ့ ငါ့အဖေက..."

သူ ခဏ ရပ်လိုက်ပြီး ပြင်ပြောလိုက်သည်။

"သူနဲ့ တုဟုန်ရိက ချစ်သူတွေတဲ့။ ငါ့အမေက တုဟုန်ရိကို ချစ်မိသွားလို့ သူက မယားငယ် ဖြစ်သွားရတာတဲ့။ ငါ မွေးလာတာက မတော်တဆတဲ့... သူတို့ မျှော်လင့်မထားဘူးတဲ့"

ထန်ရွှမ်က ကျန်းမာရေး မကောင်းသဖြင့် ကလေးယူရန် အစီအစဉ် မရှိခဲ့သည်ကို အားလုံး သိကြသည်။

ဒီမှာ ရှိနေသူတွေက အသိုင်းအဝိုင်းထဲက လူတွေမို့ ဇာတ်လမ်းကို ဆက်စပ်ကြည့်လိုက်သည်နှင့် သဘောပေါက်သွားကြသည်။

လွန်ခဲ့တဲ့ နှစ် ၃၀ က ထန်မိသားစု သခင်မလေးက လုပ်ငန်းစခါစ တုဟုန်ရိကို သဘောကျသွားတယ်။ သူမက ရောဂါသည် ဖြစ်ပြီး ကလေးမမွေးနိုင်ဘူး။ သူမနဲ့ လက်ထပ်လိုက်ရင် နှစ်အနည်းငယ် ကြာတဲ့အခါ ထန်မိသားစု ပိုင်ဆိုင်မှုတွေက တုဟုန်ရိ လက်ထဲ ရောက်လာမှာ သေချာတယ်။

ဒါကြောင့် သူက ချစ်သူကို လျှို့ဝှက်ထားလိုက်ပြီး ထန်သခင်မလေးနဲ့ လက်ထပ်လိုက်တာပေါ့။

အဲဒီအချိန်က သူ အသက် ၃၀ တောင် မပြည့်သေးဘူး။ ဒီလောက်ထိ ဉာဏ်နီဉာဏ်နက် များပြီး ဆယ်စုနှစ်ချီ ဟန်ဆောင်နိုင်ခဲ့တာ တော်တော် ကြောက်စရာ ကောင်းတာပဲ။

တုဇယ်ချန်း ဆက်ပြောသည်။

"ဒါပေမဲ့ ငါ့အမေက သူ့ကို ချစ်လွန်းလို့ အသက်နဲ့ရင်းပြီး ငါ့ကို မွေးလိုက်တယ်။ ဒါက သူတို့ အစီအစဉ်ကို ပျက်သွားစေတာပဲ။ အခု အောင်ပွဲခံရမဲ့ အချိန်ရောက်တော့ ငါက အနှောင့်အယှက် ဖြစ်နေတာပေါ့"

ရှကျွင်းချီက ထောက်ခံလိုက်သည်။

"မှန်တယ်... အခု သူတို့ အောင်ပွဲခံဖို့ အချိန်ရောက်ပြီဆိုတော့ မင်းကို ဖယ်ရှားချင်နေကြတာ"

"ဘယ်လို လုပ်ကြမလဲ"

ဖန်ရှောင်ဖုန်း စိတ်ပူလာသည်။

"တုဥက္ကဋ္ဌက ထန်မိသားစု လုပ်ငန်းတွေကို လွှဲပြောင်းယူဖို့ လုပ်နေပြီ"

"သူတို့ရဲ့ ယုတ်မာမှုကို လူသိရှင်ကြား ဖွင့်ချလိုက်ရင်ရော"

ချီကောင်းရီက အကြံပေးသည်။ သူက အငယ်ဆုံးမို့ တုဇယ်ချန်း အရင်ကလိုပဲ ရိုးသားလွန်းနေသည်။

ရှကျွင်းချီ မပြောခင် ဖန်ရှောင်ဖုန်းက ရှင်းပြလိုက်သည်။

"ဒါက စီးပွားရေးလေ။ ရှယ်ယာတွေ၊ စီမံခန့်ခွဲခွင့်တွေ၊ အမွေဆက်ခံခွင့်တွေ အားလုံးက စာချုပ်စာတမ်းနဲ့ သွားတာ။ ဒီကိစ္စကို ဖွင့်ချလိုက်ရုံနဲ့ သူတို့ နာမည်ပျက်ရုံလောက်ပဲ ရှိမယ်။ ထိခိုက်မှု ကြီးကြီးမားမား ရှိမှာ မဟုတ်ဘူး။ သမိုင်းကို အနိုင်ရသူက ရေးတာပဲလေ။ ထန်မိသားစု လုပ်ငန်းတွေ တုဟုန်ရိ လက်ထဲ ရောက်သွားပြီး တုကတော်နဲ့ ဇယ်ချန်းကိုပါ နှိပ်ကွပ်လိုက်နိုင်ရင် သူ့နာမည်ကို ပြန်ဆေးကြောဖို့က လွယ်လွယ်လေးပဲ"

"ဒါဆို ဒီအတိုင်း ကြည့်နေရမှာလား"

ချီကောင်းရီ မကျေမနပ် ဖြစ်နေသည်။

"သူ ထန်မိသားစု လုပ်ငန်းတွေကို ယူပြီး တုကတော်နဲ့ ဇယ်ချန်းကို ဒုက္ခပေးမှာကို လက်ပိုက်ကြည့်နေရမှာလား"

တုဇယ်ချန်း ခဏ တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။

"ဒီကိစ္စကို လောလောဆယ် မဖွင့်ချချင်သေးဘူး။ အမေ ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး။ သူ့ကျန်းမာရေးက အဆင်မပြေဘူး"

အားလုံး ထန်ရွှမ်၏ ပိန်လှီနေသော ပုံစံကို တွေးမိပြီး တိတ်ဆိတ်သွားကြသည်။ လူက ပိုအရေးကြီးသည်။

"သူတို့ လိုချင်ရင် ယူသွားပါစေ... ဘာမှ မဖြစ်ပါဘူး"

တုဇယ်ချန်းက ပြောလိုက်သည်။

"အမေ ကျန်းမာနေသရွေ့... တစ်နေ့ကျရင် ငါတို့ ပိုင်တဲ့အရာတွေကို ငါ ပြန်ယူမယ်"

သူ့မျက်ဝန်းများက ပြတ်သားနေသည်။ မတ်တတ်ပြန်ရပ်နိုင်သည့် အချိန်ကစပြီး အရာရာကို ရင်ဆိုင်ရဲသည့် သတ္တိများ ရရှိလာခဲ့သည်။ လေဖြတ်တာတောင် ပြန်ထနိုင်သေးတာပဲ... ဘာမဖြစ်နိုင်စရာ ရှိလို့လဲ။

ရှကျွင်းချီက ပခုံးကို ပုတ်ပေးလိုက်သည်။

"ကောင်းပါတယ်။ မင်းက ၂၄ နှစ်ပဲ ရှိသေးတာ... စီးပွားရေး အသစ် စလုပ်တယ်လို့ သဘောထားလိုက်ပေါ့။ ထန်မိသားစု လုပ်ငန်းတွေလည်း အဘိုးထန် လက်ထက်ကျမှ ကြီးပွားလာတာပဲလေ။ ပြီးတော့... အဘိုးထန်က မင်းတို့ သားအမိအတွက် တစ်ခုခုတော့ ချန်ထားခဲ့မှာပါ... ဘာမှ မကျန်ရလောက်အောင်တော့ မဖြစ်နိုင်ပါဘူး"

ဖန်ရှောင်ဖုန်းကလည်း အားပေးသည်။

"ဟုတ်တယ်... လိုအပ်တာ ရှိရင် ပြော။ ငါတို့ အားလုံး ကူညီပေးမယ်"

"ဟုတ်တယ်... ကောင်းကောင်း ရှင်သန်ပြလိုက်။ လူရာဝင်အောင် နေပြလိုက်"

ချီကောင်းရီက အော်ပြောလိုက်သည်။

"နောက်ဆုံးကျရင် မင်းအဖေရှေ့မှာ မတ်မတ်ရပ်ပြီး သူ့ကို နောင်တရအောင် လုပ်ပြလိုက်"

တုဇယ်ချန်းသည် သူငယ်ချင်းများကို ကြည့်ပြီး ရင်ထဲ နွေးထွေးသွားသည်။ သူ ဘာလို့ သူ့ကမ္ဘာကြီး မည်းမှောင်နေတယ်လို့ ထင်ခဲ့မိပါလိမ့်။ သူ့ဘေးနားမှာ ဒီလောက် ချစ်ခင်ရတဲ့ သူတွေ ရှိနေတာပဲ။

"မဖြစ်နိုင်ပါဘူး..."

ထမ်းစင်ပေါ်တွင် အိပ်နေသော ရှန်ယို့ယောင်က ရုတ်တရက် ထပြောလိုက်သည်။

"ဟောဗျာ... အစ်မကြီး... ရုတ်တရက် ထပြောတော့ လန့်သွားတာပဲ"

ချီကောင်းရီ အော်လိုက်သည်။

တုဇယ်ချန်းက ငုံ့ကြည့်လိုက်သည်။

"ဘယ်လိုလဲ... ဘယ်နား နာသေးလဲ"

ရှန်ယို့ယောင် ခေါင်းခါလိုက်သည်။ ပြီးမှ ဆက်ပြောသည်။

"စိတ်မပူပါနဲ့... တုဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးယန် အောင်မြင်မှာ မဟုတ်ပါဘူး။ အဘိုးထန်က ဒီကိစ္စကို သိပြီးသားပါ"

အားလုံး အံ့သြတုန်လှုပ်သွားကြသည်။

ချီကောင်းရီက ဟားတိုက် ရယ်မောလိုက်သည်။

"ဒါဆို ဟိုနှစ်ယောက်က လူပြက် လုပ်နေကြတာပေါ့"