Ch 25
Viewers 81

အခန်း (၂၅)

သူတို့ ပြန်သွားပြီးနောက် တုဇယ်ချန်းသည် စောစောက စိတ်ဓာတ်ကျနေသော ပုံစံ လုံးဝ ပျောက်ကွယ်သွားပြီး တက်ကြွ လန်းဆန်းစွာ ထထိုင်လိုက်သည်။ ရှန်ယို့ယောင်၏ လက်ကို ဆွဲယူကာ အားပါးတရ မေးလိုက်သည်။

"ရိုက်ကူးရေး မြန်လိုက်တာ... အဆင်ပြေရဲ့လား။ အနိုင်ကျင့်တဲ့သူတွေ ရှိလား"

ရှန်ယို့ယောင်က ရယ်မောလိုက်သည်။

"ကျွန်မကို ဘယ်သူက အနိုင်ကျင့်ရဲမှာလဲ။ အလုပ်မရှိ အကိုင်မရှိ လိုက်အနိုင်ကျင့်နေကြတာမှ မဟုတ်တာ"

အရင်တုန်းကဆိုလျှင် သူမသည် သဘောထားကြီးပြီး သည်းခံတတ်သူမို့ တစ်ခုခု ဖြစ်ခဲ့ရင်တောင် မျိုသိပ်ထားတတ်သည်ဟု တုဇယ်ချန်း ထင်မှတ်ခဲ့လိမ့်မည်။ သို့သော် ထိုလက်ဝှေ့ပွဲ နှစ်ပွဲကို မြင်တွေ့ပြီးနောက် သူမ၏ စိတ်ဓာတ်ခွန်အား မည်မျှ ကြီးမားကြောင်း သူ သိရှိသွားပြီ ဖြစ်သည်။ အခြားသူများ၏ လှောင်ပြောင်မှု၊ ဖိနှိပ်မှုများ ဆိုသည်မှာ သူမ မျက်လုံးထဲတွင် အမှုန်အမွှားလောက်သာ ဖြစ်ပေလိမ့်မည်။

သို့သော် နောက်တစ်နေ့တွင် ရှန်ယို့ယောင် ဒေါသထွက်စရာ ကိစ္စတစ်ခု ပေါ်ပေါက်လာခဲ့သည်။

ကျူးယန်လင်သည် မျက်နှာထား တင်းတင်းဖြင့် ဆေးရုံသို့ ရောက်လာပြီး သူတို့ကို အွန်လိုင်းသတင်းများ ကြည့်ရန် သတိပေးလိုက်သည်။

ယမန်နေ့က သူမကို ဝိုင်းရံခဲ့သော သတင်းထောက်များသည် သူမ၏ သတိပေးချက်ကို ဂရုမစိုက်ကြ။ သူမ ပြောလိုက်သော စကားတစ်ခွန်းကို အကြောင်းပြုပြီး သတင်းအမျိုးမျိုး ဖြန့်ချိနေကြသည်။

#တုဇယ်ချန်းသည် အဘိုးဖြစ်သူကို သေစေခဲ့သဖြင့် အမွေဆက်ခံခွင့် ဆုံးရှုံးဖွယ်ရှိ#

#ရှန်ယို့ယောင် စိတ်ကြမ်းဝင်၊ တုဇယ်ချန်း အမှန်တကယ် လေဖြတ်နေ#

#တုသခင်လေး အမှန်တကယ် ဒုက္ခိတ ဖြစ်သွားပြီ#

"သူတို့ ဘာလို့ ဒီလောက် ယုတ်မာရတာလဲ"

ရှန်ယို့ယောင်သည် ဖုန်းကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

"ကျွန်မ သတိပေးခဲ့သားပဲ"

ထို့နောက် ကျူးယန်လင်ကို မော့ကြည့်ပြီး မေးလိုက်သည်။

"အစ်ကိုကျူး... သူတို့ကို တရားစွဲလို့ ရမလား။ ဒါ ဂုဏ်သိက္ခာ ထိပါးတာပဲ မဟုတ်လား"

ကျူးယန်လင်က ခေါင်းညိတ်လိုက်သည်။

"ရပါတယ်။ ဒါကြောင့် ဒီကိစ္စ လာတိုင်ပင်တာ။ တရားစွဲရမှာပေါ့။ ဒါပေမဲ့ နိုင်ရင်တောင် ဇယ်ချန်းအတွက် ထိခိုက်မှုတော့ ရှိနေဦးမှာပဲ။ တချို့လူတွေက အမှန်တရားကို သိချင်ကြတာ မဟုတ်ဘူးလေ... ဇယ်ချန်း... စိတ်အေးအေးထားနော်"

တုဇယ်ချန်းက အံကြိတ်လိုက်သည်။

"သူတို့က စိတ်ကူးယဉ် ကောင်းကြတာပဲ။ ယို့ယောင်က စိတ်ကြမ်းဝင်တယ် ဟုတ်လား... ယို့ယောင်လောက် သဘောကောင်းတာ ဘယ်မှာ ရှိလို့လဲ။ ဖန်ရွှယ်ယင်းက ငါ့ကို နင်းချင်တိုင်း နင်းနေတာပဲ။ ငါ အလုပ်ရှုပ်နေတုန်း ငါ့ကို ဘာမှ မလုပ်နိုင်ဘူး ထင်နေတာလား"

သူ စိတ်ဆိုးနေသည်မှာ သူ့အကြောင်း ပြောခံရသောကြောင့် မဟုတ်ဘဲ ရှန်ယို့ယောင်ကို ထိခိုက်ပြောဆိုနေကြသောကြောင့် ဖြစ်ကြောင်း ကျူးယန်လင် သတိထားမိလိုက်သည်။

လေဖြတ်သွားခြင်းနှင့် အမွေဆက်ခံခွင့် ဆုံးရှုံးခြင်းတို့ကြောင့် တုဇယ်ချန်းသည် အသုံးမကျသော လူတစ်ယောက် အဖြစ် သတ်မှတ်ခံလိုက်ရပြီ ဖြစ်သည်။ ထိုမှတစ်ဆင့် ရှန်ယို့ယောင်ဘက်သို့ လှည့်ကာ တိုက်ခိုက်လာကြသည်။ သူမသည် အခွင့်ကောင်း ယူချင်လွန်း၍ ကြိုးစားပမ်းစား အကွက်ဆင်ခဲ့သော်လည်း နောက်ဆုံးတွင် ရွှေကိုင်းကို မမှီလိုက်ရဘဲ ချောက်ထဲ ပြုတ်ကျသွားပြီဟု လှောင်ပြောင်နေကြသည်။

တစ်ဖက်တွင်တော့ ဖန်ရွှယ်ယင်းကို ဝိုင်းဝန်း ဂုဏ်ပြုနေကြသည်။ ရှန်ယို့ယောင် ဝင်ရှုပ်လိုက်သဖြင့် ဖန်ရွှယ်ယင်းသည် ဒုက္ခိတ တုဇယ်ချန်း လက်မှ လွတ်မြောက်သွားရုံသာမက ယင်းဟောင်နှင့် စာချုပ်ချုပ်ဆိုခွင့် ရရှိသွားပြီ ဖြစ်သည်။ ယင်းဟောင် ကုမ္ပဏီက သူမကို တောင်းပန်သော အနေဖြင့် အခွင့်အရေး ကောင်းများ ပေးလိမ့်မည်ဟု ခန့်မှန်းနေကြသည်။

တုဇယ်ချန်း မရှိတော့သဖြင့် ဖန်ရွှယ်ယင်း၏ ဘဝ လမ်းကြောင်း ပွင့်သွားပြီဖြစ်သည်။

ရှန်ယို့ယောင် ကဲ့သို့ မိန်းမမျိုးကတော့ တုဇယ်ချန်းကို ကွာရှင်းဖို့ ကြိုးစားမှာ သေချာသည်။ သို့သော် သူမ ဆန္ဒရှိတိုင်း ကွာရှင်းလို့ ရပါ့မလား။ သူမကိုယ်တိုင် ယင်းဟောင်နှင့် စာချုပ်ချုပ်ထားသူ ဖြစ်ရာ တုဇယ်ချန်းက ဖိနှိပ်ချင်လျှင် နည်းလမ်းပေါင်းစုံ ရှိနေသည်။ ဒီလောကထဲ ဆက်မနေချင်တော့မှသာ လွတ်မြောက်နိုင်မည်။

[ရှန်ယို့ယောင် ငိုယိုပြီး ကွာရှင်းခွင့် တောင်းမဲ့ နေ့ကို စောင့်နေမယ်]

[ရှောင်ရွှယ်လေး တစ်နိုင်ငံလုံး ကျော်ကြားလာတာ မြင်ရင် သူ ဘယ်လို ခံစားရမလဲ မသိဘူး]

တုဇယ်ချန်းက အေးစက်စွာ ရယ်မောလိုက်သည်။

"စောင့်နေလိုက်... သူတို့ မြေကြီးထဲ ရောက်သွားရင်တောင် ငါ ကွာရှင်းပေးမှာ မဟုတ်ဘူး"

ရှန်ယို့ယောင်က ကြောင်သွားစဉ် သူ ဆက်ပြောလိုက်သည်။

"နောက်နှစ်ရက်နေရင် ကုမ္ပဏီ သွားကြမယ်"

"ဘာလုပ်မလို့လဲ"

ကျူးယန်လင်က နားမလည်ပေ။

"စာချုပ် သွားဖျက်မလို့"

တုဇယ်ချန်း ပြောလိုက်သည်။

"ငါ့ကို အသုံးမကျဘူးလို့ ပြောနေကြတယ် မလား။ အသုံးမကျတဲ့သူက သူတို့ကို ဒူးထောက်ခိုင်းပြမယ်"

ကျူးယန်လင်က မေးလိုက်သည်။

"မင်း ဘာဆက်လုပ်ဖို့ စိတ်ကူးထားလဲ"

"ယင်းဟောင်က ထွက်ပြီး ကိုယ်ပိုင် စတူဒီယို ထောင်မယ်"

တုဇယ်ချန်းက ပြောလိုက်သည်။

"ကျွန်တော် မေးဖူးတယ် မလား။ အစ်ကိုကျူး... ကျွန်တော်နဲ့ လက်တွဲမလား"

အရင်ကဆိုလျှင် ကျူးယန်လင် တွန့်ဆုတ်မိလိမ့်မည်။ သူသည် ယင်းဟောင်၏ ထိပ်တန်း မန်နေဂျာ ဖြစ်ပြီး လစာနှင့် ခံစားခွင့် ကောင်းမွန်သည်။ သို့သော် တုနျန်ယန် ရောက်လာပြီးနောက်ပိုင်း အတွင်းရေးမှူးယန်သည် သားဖြစ်သူအတွက် နေရာဖယ်ပေးရန် တုဇယ်ချန်းနှင့် ပတ်သက်သူများကို ဖိနှိပ်လာသဖြင့် အလုပ်လုပ်ရတာ စိတ်မပျော်တော့။ ယခု တုဇယ်ချန်းက ထပ်မေးလာသောအခါ စိတ်ဝင်စားသွားသည်။

"ငါကတော့ ကိစ္စမရှိပါဘူး"

သူ့အဆင့်အတန်း ရောက်နေလျှင် အဆက်အသွယ်နှင့် အရင်းအမြစ်များက သူ့လက်ထဲတွင် ရှိနေပြီ ဖြစ်သည်။ ကုမ္ပဏီမှ ခွဲထွက်လိုက်လျှင် ဖိအားများနိုင်သော်လည်း ကိုယ်ပိုင် လုပ်ငန်း ဖြစ်သွားမည်။

"ဒါပေမဲ့ စတူဒီယို သေးသေးလေး ဆိုရင် ကုမ္ပဏီဘက်က ဖိနှိပ်ရတာ ပိုလွယ်သွားမှာပေါ့"

တုဇယ်ချန်းက လှောင်ပြုံး ပြုံးလိုက်သည်။

"စိတ်မပူပါနဲ့... သူတို့ မလုပ်ရဲပါဘူး။ အခုချိန်မှာ သူတို့က ကျွန်တော့်ကို တောင်းပန်ရမဲ့ အချိန်ပဲ။ အစ်ကိုကျူး သေချာ စဉ်းစားပြီး အဖြေပြန်ပေးပါ"

တုသခင်လေး အသုံးမကျတော့ဘူး ဟူသော သတင်းများ ပျံ့နှံ့နေချိန်တွင် ကာယကံရှင် ကိုယ်တိုင် ယင်းဟောင် ကုမ္ပဏီ ရှေ့သို့ ရောက်ရှိလာသည်။

လူအများ ထင်ထားသလို စုတ်ပြတ်သတ်နေခြင်း မရှိ။ ကိုယ်ခန္ဓာ ပိန်သွားသော်လည်း မျက်နှာသွင်ပြင်က ပိုမို ပေါ်လွင်လာသည်။ နှာတံပေါ်တွင် မျက်မှန်အနက်ရောင်လေး တင်ထားသဖြင့် တည်ငြိမ်ရင့်ကျက်ဟန် ပေါက်နေသည်။

မီးခိုးရောင် ဆွယ်တာအင်္ကျီ ပွပွကြီး ဝတ်ထားသဖြင့် ပျင်းရိပျင်းတွဲ ပုံစံ ပေါက်နေသည်။ ဝှီးချဲ စီးထားသည်မှာ လမ်းမလျှောက်နိုင်လို့ မဟုတ်ဘဲ လမ်းလျှောက်ရမှာ ပျင်းလို့ သူများ တွန်းခိုင်းထားသည့် သခင်လေး တစ်ယောက်လို ဖြစ်နေသည်။

သူ့မျက်ဝန်းများက ဘေးပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သောအခါ စိတ်ဓာတ်ကျနေသည့် အရိပ်အယောင် လုံးဝ မရှိဘဲ ကိုယ့်ပိုင်နက်ကို လှည့်လည် စစ်ဆေးနေသော ဘုရင်တစ်ပါးလို မာန်ပါနေသည်။ ဝှီးချဲပေါ်တွင် ထိုင်နေသော်လည်း ရာဇပလ္လင်ပေါ် ထိုင်နေသကဲ့သို့ ခန့်ညားနေသည်။

သူ့ကို တွန်းပေးနေသော အမျိုးသမီးကို မော့ကြည့်လိုက်သည့် အခါတွင်တော့ အကြည့်များက နူးညံ့သွားသည်။

ရှန်ယို့ယောင်သည်လည်း စိတ်ဓာတ်ကျနေပုံ မရ။ ပေါ့ပေါ့ပါးပါး အဝတ်အစားဖြင့် တည်ငြိမ်အေးဆေးစွာ ရှိနေသည်။

"ဟိုဘက် သွားမယ်... ဥက္ကဋ္ဌ သီးသန့် ဓာတ်လှေကား စီးမယ်"

တုဇယ်ချန်းက လမ်းညွှန်လိုက်သည်။ အလိုအလျောက် မောင်းနှင်နိုင်သော ဝှီးချဲ ဖြစ်ပါလျက်နှင့် လူကို ခိုင်းစားနေသည်။

ရှန်ယို့ယောင်က သူ ညွှန်ကြားသည့်ဘက်သို့ တွန်းသွားလိုက်သည်။ တုဇယ်ချန်းက သက်ပြင်းချလိုက်သည်။

"ကြည်နူးစရာ ကောင်းလိုက်တာ..."

"ဘာကိုလဲ"

တုဇယ်ချန်းက မော့ကြည့်လိုက်သည်။ စကားမပြောခင် ရယ်မောလိုက်သည်။

"မတော်တဆမှုကြောင့် လေဖြတ်သွားတဲ့ ခင်ပွန်းသည်ကို ဇနီးသည်က မစွန့်မပစ်ဘဲ ပြုစုစောင့်ရှောက်နေတာလေ"

ရှန်ယို့ယောင်က သူ့ခေါင်းကို ကိုင်ပြီး ရှေ့ပြန်လှည့်ခိုင်းလိုက်သည်။

"ဘာတွေ လျှောက်ပြောနေတာလဲ"

တုဇယ်ချန်းက မရမက ပြန်မော့ကြည့်သည်။

"ငါ ပြောတာ မှားလို့လား။ မင်းက ငါ့ရဲ့ တရားဝင် ဇနီးသည်ပဲလေ"

ရှန်ယို့ယောင် ပြန်ပြောစရာ စကားမရှိ။ ထောင့်ချိုးကွေ့သည့် နေရာရောက်တော့ ဝှီးချဲ တည်ငြိမ်စေရန် လက်နှစ်ဖက်ဖြင့် ထိန်းကိုင်လိုက်သည်။ တုဇယ်ချန်း အခွင့်ကောင်းယူပြီး ပြန်မော့ကြည့်ကာ သဘောကျစွာ ရယ်မောနေသည်။

ရှန်ယို့ယောင်လည်း မနေနိုင်တော့ဘဲ ရယ်လိုက်မိသည်။

"ဘာဖြစ်နေတာလဲ"

တုဇယ်ချန်းက မျက်လုံး ပြူးပြလိုက်သည်။

"ခုနကပဲ မစွန့်မပစ်ဘူးလို့ ချီးကျူးနေတာကို... အခု ရွံသွားပြီလား"

"အစ်ကိုဇယ်ချန်း"

ရှေ့မှ မသေချာသော အသံတစ်ခု ထွက်ပေါ်လာသည်။

ကြည့်လိုက်ရာ လူငယ်တစ်ယောက်နှင့် မိန်းကလေး တစ်ယောက် ဓာတ်လှေကား ရှေ့တွင် ရပ်နေကြသည်။ လူငယ်က တုနျန်ယန် ဖြစ်ပြီး လွန်ခဲ့သော တစ်လကထက် ပိုမို ယုံကြည်မှု ရှိလာပုံရသည်။ မိန်းကလေးက အရပ်ရှည်ရှည်၊ ရုပ်ရည် သန့်ပြန့်ပြီး ပညာတတ်ဟန် ပေါက်နေသည်။ သူမသည် တုနျန်ယန်၏ လက်မောင်းကို ချိတ်ထားပြီး သိမ်မွေ့နူးညံ့ဟန် ဆောင်ထားသည်။

"တကယ်ပဲ အစ်ကိုကြီးကိုး"

တုနျန်ယန်က အံ့သြဝမ်းသာဟန် ပြလိုက်သည်။

ရှန်ယို့ယောင်သည် အလိုအလျောက်ပင် တုဇယ်ချန်း၏ ပခုံးပေါ်သို့ လက်တင်လိုက်မိသည်။

သူမ၏ စိုးရိမ်မှုကို ခံစားမိသဖြင့် တုဇယ်ချန်း စိတ်ထဲ ကြည်နူးသွားပြီး ဒေါသများ ပျောက်ကွယ်သွားသည်။ တုနျန်ယန်ကို ပြုံးပြလိုက်သည်။

"တွေ့ရတာ ဝမ်းသာပါတယ် မောင်ရင်... ဒါပေမဲ့ အစ်ကိုကြီး လို့တော့ မခေါ်ပါနဲ့။ တုဇယ်ချန်းလို့ပဲ ခေါ်ပါ။ ငါတို့က ရင်းနှီးတာမှ မဟုတ်တာ"

တုနျန်ယန်သည် တစ်လအတွင်း ဖခင်ဘေးနား နေခဲ့ရသဖြင့် အတွေ့အကြုံ ရလာပြီ ဖြစ်သည်။ တုဇယ်ချန်းက လေဖြတ်နေပြီ ဖြစ်သဖြင့် သူ့ကို အသိအမှတ် မပြုလည်း ကိစ္စမရှိ။ နောင်တစ်ချိန် သူ့လက်အောက်တွင် အလုပ်လုပ်ရမည့် သူသာ ဖြစ်သည်။

ထို့ကြောင့် စိတ်မဆိုးဘဲ ဘေးမှ မိန်းကလေးကို မိတ်ဆက်ပေးလိုက်သည်။

"အစ်ကိုတု... ဒါ ချန်ရွေ့ပါ။ ကျွန်တော့် ကောင်မလေးပါ။ ချန်လုပ်ငန်းစုရဲ့ သခင်မလေးလေ... ကြားဖူးမှာပါ"

တုဇယ်ချန်းက မှတ်မိလိုက်သည်။ ဒါ အဘိုးထန် သူ့ကို မိတ်ဆက်ပေးမည်ဟု ပြောခဲ့သည့် ကောင်မလေးပင်။ အဘိုးက တုဟုန်ရိနှင့် အတွင်းရေးမှူးယန်တို့ အကြောင်း ကြိုသိနေသဖြင့် သူ့ကို စမ်းသပ်ရန် ပြောခဲ့ခြင်း ဖြစ်မည်။

မည်သို့ပင် ဖြစ်စေ ချန်မိသားစုသည် အဘိုးထန်က သူ့အတွက် ရည်ရွယ်ခဲ့သော စေတနာ ဖြစ်သည်။ ယခု သူတို့က ထိုအရာကို သုံးပြီး သူ့ကို စော်ကားနေကြသည်။ တုဇယ်ချန်း၏ မျက်နှာက တင်းမာသွားသည်။

ချန်ရွေ့လည်း စိတ်တိုနေသည်။ တုနျန်ယန်က သူမကို သုံးပြီး တုဇယ်ချန်းကို တိုက်ခိုက်နေမှန်း သိလိုက်ရသည်။ တရားမဝင် သားမို့လို့ ဒီလောက် အောက်တန်းကျတာလား။

တုဇယ်ချန်းကို ကြည့်လိုက်တော့ တုနျန်ယန်ထက် အဆပေါင်းများစွာ ချောမောခန့်ညားနေသည်။ ဝှီးချဲပေါ် ရောက်မနေလျှင် သူမ၏ စိတ်ကူးထဲက ချစ်သူ ပုံစံပင်။ သို့သော် လက်တွေ့ဘဝကို လက်ခံရမည်။ အမွေဆက်ခံသူ မဖြစ်ရရင် နေပါစေ... ဒုက္ခိတ တစ်ယောက်ကိုတော့ မရွေးချယ်နိုင်ပေ။

ယခု တုနျန်ယန် ဘေးတွင် ရပ်နေပြီ ဖြစ်၍ သူ့မျက်နှာကို ထောက်ရမည်။

"မင်္ဂလာပါ... သခင်လေးတု"

တုဇယ်ချန်းက ပြန်ပြောရန် ပြင်လိုက်စဉ် နူးညံ့နွေးထွေးသော လက်တစ်ဖက်က သူ့ပါးကို လာကိုင်လိုက်သည်။ ထိုအထိအတွေ့ကြောင့် သူ့စိတ်ထဲမှ ဒေါသများ ချက်ချင်း ပျောက်ကွယ်သွားသည်။

ရှန်ယို့ယောင်က ဝင်ပြောလိုက်သည်။

"မင်္ဂလာပါ မိန်းကလေးချန်... အဘိုး ပြောပြလို့ သိထားပါတယ်"

ချန်ရွေ့ နားမလည်။

"ရှင်တို့က"

"ဟုတ်ပါတယ်"

ရှန်ယို့ယောင်က ပြုံးရယ်လျက် ပြောလိုက်သည်။ တုဇယ်ချန်း၏ ဆံပင်ကို ချစ်စနိုး သပ်တင်ပေးလိုက်သည်။

"အဘိုးက မိန်းကလေးချန် အကြောင်း ပြောဖူးပါတယ်။ နိုင်ငံခြားက ပြန်လာတယ်၊ တော်တယ်၊ တတ်တယ် ဆိုပြီး မိတ်ဆက်ပေးချင်နေတာ။ ဒါပေမဲ့ ကြားထဲမှာ ကိစ္စတွေ ဖြစ်သွားလို့ လက်လွှတ်လိုက်ရတာ"

သူမက တုနျန်ယန်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။

သူမက သူ့ဘက်ကနေ လက်တုံ့ပြန်ပေးနေတာပဲ။ တုဇယ်ချန်း၏ ရင်ထဲ ကြည်နူးသွားသည်။ ဘယ်သူ သိမလဲ... ဒါ အဘိုးက သူတို့ သားအမိအတွက် တမင် ထောင်ချောက် ဆင်ပေးခဲ့တာများလား။ ဒီလို မျက်နှာလိုမျက်နှာရ ရှိပြီး ဉာဏ်များတဲ့ မိန်းမမျိုးကို အိမ်ခေါ်တင်ရင် ဘယ်သူ ဒုက္ခရောက်မလဲ မသိနိုင်ဘူး။

ဘာပဲဖြစ်ဖြစ် သူ့အတွက်တော့ အခွင့်ကောင်းပဲ။ သူက ရှန်ယို့ယောင် လက်ကို ဆွဲယူပြီး ပါးပြင်ပေါ် ကပ်ထားလိုက်သည်။

"မင်း သဝန်တိုမှာ ကြောက်လို့ပါကွာ"

ထို့နောက် ရှန်ယို့ယောင်ကို ကြည့်ပြီး ပြောလိုက်သည်။

"တွေ့လား... သူများ ကောင်မလေး ဖြစ်သွားပြီ။ အခု စိတ်ချပြီမလား။ ကိုယ် ဘယ်လောက်ပဲ ဆိုးဆိုး... သူများ သုံးပြီးသား... အဲလေ... သူများ ကောင်မလေးကိုတော့ မလိုချင်ပါဘူးကွာ"

ရှန်ယို့ယောင် ရှက်သွားသော်လည်း တစ်ဖက်လူ နှစ်ယောက်၏ မျက်နှာပျက်နေပုံကို ကြည့်ပြီး ကျေနပ်သွားသည်။

တုဇယ်ချန်းက လူတစ်ဖက်သားကို ဒေါသထွက်အောင် လုပ်ရာတွင် ပါရမီပါသည်။ သုံးပြီးသား ဆိုတဲ့ စကားလုံးက သူများ သုံးပြီးသား ပစ္စည်းတွေ၊ မိန်းမတွေကို သူ စိတ်မဝင်စားဘူး ဆိုသည့် သဘောကို ပေါ်လွင်စေသည်။

တုနျန်ယန်က တုဇယ်ချန်းပိုင်တဲ့ မိန်းမကို လုယူနိုင်လိုက်ပြီ ထင်နေတာ။ တကယ်တမ်းကျတော့ ဟိုဘက်က စွန့်ပစ်လိုက်တာကို သူက ကောက်ယူထားမိသလို ဖြစ်သွားသည်။ စကားတစ်လုံးတည်းနဲ့ နှစ်ယောက်လုံးကို စော်ကားပစ်လိုက်ခြင်းပင်။ တကယ့်ကို... ပါရမီရှင်ပါပဲ။