Chapter -4
Viewers 38

အခန်း - (၄)


သူတို့သုံးယောက်သည် ကျောက်ယန်အတွက် အလုပ်ရှုပ်နေခဲ့ကြ၏။ မွန်းတည့်ချိန်တွင် ယန်ကျင့်ချင်းသည် ကျန်ရှိနေသောတောကြက်တစ်ဝက်ကို သဘာဝအတိုင်းပင် ချက်ပြုတ်လိုက်၏။


အစောပိုင်းကမူ ကျောက်ယန် အားရှိစေရန် စွပ်ပြုတ်လုပ်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ လူစုံနေပြီး အဒေါ်လီကလည်း ကူညီပေးနေသဖြင့် ကြက်သားဟင်းတစ်ပွဲကိုသာ ပြင်ဆင်လိုက်သည်။


ဆယ်စုနှစ်ပေါင်းများစွာ ဟင်းချက်လာခဲ့သော အဒေါ်လီ၏လက်ရာမှာ ယန်ကျင့်ချင်းထက် အဆပေါင်းများစွာ သာလွန်နေသည်မှာ အံ့သြစရာမဟုတ်ပေ။ အရသာမှာ လျှာပေါ်တွင် စွဲကျန်နေပြီး မွှေးရနံ့မှာလည်း သင်းပျံ့နေတော့သည်။


အချိန်ကိုက် ကူညီမည့်သူနှစ်ယောက် ရောက်လာခဲ့သဖြင့် နေ့လယ်စာကို ဤသို့ပင် ပြင်ဆင်လိုက်သည်။ သူတို့က အိမ်တွင်နေ၍ ကျောက်ယန်ကို စောင့်ရှောက်ပေးရန်ပင် ကမ်းလှမ်းကြ၏။ ယန်ကျင့်ချင်းသည် ခေတ္တမျှ စဉ်းစားပြီးနောက် ဈေးသို့သွားရန် ဆုံးဖြတ်လိုက်သည်။


သူသည် ငွေစအနည်းငယ်ပါသောအိတ်ငယ်လေးကိုယူကာ ရွာထိပ်ရှိ တစ်စုံတစ်ယောက်ထံမှ လှည်းတစ်စီးကိုငှားရမ်းပြီး ဈေးသို့ မောင်းနှင်လာခဲ့သည်။ လမ်းခရီးမှာ တောင်ခြေကို ဖြတ်သန်းသွားရသည်။ လှည်းကလေးမှာ အေးအေးဆေးဆေးပင် သွားနေပြီး လမ်းတွင်လည်း လူသူကင်းမဲ့နေသဖြင့် ယန်ကျင့်ချင်းသည် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရန် အခွင့်အရေး ရလိုက်သည်။ ဤနေရာမှာ နေထိုင်ရန် ကောင်းပုံရပြီး အနားရှိ မြေရိုင်းများကိုသာ စိုက်ပျိုးနိုင်ပါက တစ်နေ့တွင် အသုံးဝင်လာနိုင်ပေသည်။


သို့သော် ဤနေရာမှာ တစ်ချက်ကြည့်ရုံသာ တန်ဖိုးရှိသည်။ ကုန်သည်များမှာ တောနက်ထဲသို့လာလေ့မရှိသည့်အပြင် လမ်းဘေးရှိ အိမ်များကိုလည်း အလွယ်တကူ မြင်နိုင်ပေသည်။ 


ကျောက်ယန်အတွက်မူ ဤနေရာမှာ မလုံခြုံပေ။ အကယ်၍ ဓားပြများ သို့မဟုတ် လူဆိုးများသာဖြတ်သွားပါက ကျောက်ယန်မှာ မိမိကိုယ်ကို ကာကွယ်နိုင်မည်မဟုတ်ပေ။


ထိုအတွေးများကို ဘေးဖယ်ထားလိုက်ပြီးနောက်တွင် ရှေ့တွင်ရှိသောတံတားအောက်ရှိ မြစ်ထဲတွင် ကူးခတ်နေသောဘဲအုပ်ကြီးကို ယန်ကျင့်ချင်း မြင်လိုက်ရသည်။


သိသာထင်ရှားစွာပင် တစ်စုံတစ်ယောက်က ဤနေရာတွင် ဘဲမွေးမြူထားခြင်းဖြစ်ရပေမည်။ သူသည် ဘဲအချို့ဝယ်ရန် ကောင်းမလားဟု ခေတ္တမျှ ငေးကြည့်ရင်း စဉ်းစားနေမိသည်။

သို့သော် ထိုအကြံကို ချက်ချင်းပင် လက်လွှတ်လိုက်သည်။ အရာအားလုံးကို တစ်ပြိုင်နက် ဝယ်ယူရန်မှာ မဖြစ်နိုင်ပေ။ ထိုဘဲများကို ထိန်းကျောင်းရသည်မှာလည်း လက်ဝင်လွန်းလှသည်။ ထိုအတွေးမှာ ရုတ်တရက် ပေါ်လာသောအတွေးမျှသာဖြစ်၏။ မွေးမြူရန် တတ်နိုင်မတတ်နိုင်ဆိုသည်မှာ အခြားကိစ္စတစ်ခုသာ ဖြစ်ပေသည်။


တစ်နာရီကျော် ခရီးနှင်ပြီးနောက် သူသည် အနီးဆုံးဈေးသို့ ရောက်ရှိလာခဲ့သည်။


နေ့လယ်စာစားပြီးချိန်ဖြစ်သဖြင့် ဈေးမှာ နံနက်ခင်းလောက် မစည်ကားတော့ပေ။ လမ်းမပေါ်တွင် လူသူကျဲပါးနေခြင်းမှာ ယန်ကျင့်ချင်းအတွက် အခွင့်ကောင်းဖြစ်သွားသည်။ သူသည် ကြက်ဘဲအရောင်းဆိုင်သို့ တန်းတန်းမတ်မတ်သွားကာ ဆိုင်ရှင်ကို ရှာပြီး အလွန်အမင်း မဝလွန်း၊ မပိန်လွန်းသောကြက်မတစ်ကောင်နှင့် ကြက်ပေါက်လေးသုံးကောင်ကို ရွေးချယ်ကာ ထွက်လာခဲ့သည်။


ကြက်များကိုဝယ်ပြီးနောက် သူ၏နောက်ထပ်မှတ်တိုင်မှာ အဝတ်အထည်ဆိုင်ပင် ဖြစ်သည်။ ချမ်းသာသောသူများမှာ အကောင်းစားပိတ်စများကိုဝယ်ယူကာ အပ်ချုပ်ဆိုင်တွင် အတိုင်းအထွာဖြင့် အပ်နှံလေ့ရှိကြသည်။ သို့သော် သူ့ကဲ့သို့ ငွေကြေးမချမ်းသာသူများအတွက်မူ အသင့်ဝတ်အဝတ်အစားများကို ဝယ်ယူခြင်းကသာ တစ်ခုတည်းသော ရွေးချယ်မှုပင်ဖြစ်သည်။


အဝတ်အစားများကို ဈေးအပေါဆုံး ပိတ်စများဖြင့် ချုပ်လုပ်ထားသည်။ ကျောက်ယန်အတွက်ဖြစ်သည်ကသာမက လဲလှယ်လျှော်ဖွပ်ရန် တစ်စုံတည်းနှင့် မလုံလောက်သည်ကတစ်ကြောင်းကြောင့် ယန်ကျင့်ချင်းသည် အဝတ်အစားသုံးစုံကို ဂရုတစိုက် ရွေးချယ်ခဲ့သည်။ တစ်စုံမှာ အေးသောရာသီတွင် နွေးထွေးစေရန်ဖြစ်သဖြင့် အနည်းငယ်ထူထဲနေပြီး ကျန်နှစ်စုံမှာ နွေရာသီနှင့် သင့်တော်သောပေါ့ပါးသည့်ပိတ်စများ ဖြစ်သည်။


ဤလိုအပ်ချက်နှစ်ခုကို ဝယ်ယူပြီးနောက် သူ၏ငွေအိတ်ထဲတွင် အကြွေစေ့ အနည်းငယ်သာ ကျန်တော့သည်။


သူသည် ထပ်မံ၍ အသုံးမပြုတော့ရန် ဆုံးဖြတ်လိုက်ပြီး လှည်းဖြင့် အိမ်သို့ပြန်ရန် ပြင်ဆင်လိုက်သည်။


သူ လှည်းပေါ်သို့ တက်တော့မည့်အချိန်တွင် အနားရှိ ဆေးဆိုင်ငယ်လေးတစ်ခုကို သူ၏ အကြည့်က ရောက်သွားသည်။ ခေါင်းမော့ကြည့်လိုက်ရာ ဆိုင်ရှင် ကပ်ထားသော ကြေညာချက်ကြီးတစ်ခုကို တွေ့လိုက်ရ၏။ 

ထိုကြေညာချက်တွင် "တောင်ကမ်းပါးယံ သို့မဟုတ် ကျောက်ဆောင်အစွန်းများတွင် ပေါက်ရောက်တတ်သောရှားပါးဆေးမြစ် 'ဟွမ်ယွဲ့လင်း' ကို ရှာဖွေနေပါသည်" ဟု ရေးထားသည်။


ထိုဆေးမြစ်မှာ အလွန်တန်ဖိုးကြီးရုံသာမက ရှာဖွေရန်လည်း အလွန်ခက်ခဲလှသည်။ ထိုဆေးမြစ်ကို သွားယူရန်မှာ အန္တရာယ်များလှသဖြင့် ချမ်းသာချင်ရုံမျှဖြင့် သာမန်လူများ သွားယူနိုင်သည့်အရာမဟုတ်ပေ။


သို့သော် ထိုအမည်မှာ ယန်ကျင့်ချင်းအတွက် ရင်းနှီးနေသလို ခံစားလိုက်ရသည်။


သူ့ကို ကယ်တင်ပြီးစအချိန်က သူ၏ခန္ဓာကိုယ်ထဲတွင် အအေးဓာတ်များ လွန်ကဲနေပြီး အဖျားမှာလည်း လုံးဝမကျဘဲရှိနေစဉ် ယန်ရှန့် (သူ၏မွေးစားဖခင်)က ဤဆေးမြစ်ကိုပင် ကြိတ်၍ဆေးဖော်စပ်ပေးကာ သူ့ကို ကုသပေးခဲ့ဖူးသည်ကို သတိရသွား၏။ 


"ဟွမ်ယွဲ့လင်း" ၏အဓိကအာနိသင်မှာ ခန္ဓာကိုယ်အတွင်းရှိ အအေးဓာတ်ကို မောင်းထုတ်ပေးပြီး သွေးလေလည်ပတ်မှုကို ကောင်းမွန်စေကာ အားအင်ပြန်လည်ပြည့်ဖြိုးစေခြင်းဖြစ်သည်။ ထိုဆေးမြစ်၏အစွမ်းထက်ပုံမှာ လင်ဇီးမှိုထက်ပင် နှစ်ဆမျှ သာလွန်ပြီး ချက်ချင်းပင် သိသာစေသည်ဟု ဆိုကြသည်။


ယန်ရှန့်သည် ရံဖန်ရံခါတွင် "ဟွမ်ယွဲ့လင်း" တစ်စုံနှစ်စုံကို အပြင်မှ ယူဆောင်လာကာ ဆေးခြောက်အဖြစ် လုပ်လေ့ရှိသည်။ ကျောက်ကျားရွာအနီးတစ်ဝိုက်ရှိ တောင်တန်းများတွင် ဤဆေးမြစ်များစွာ ရှိနေနိုင်သေးသည်ဟု ယန်ကျင့်ချင်း၏စိတ်ထဲတွင် ရဲရဲဝံ့ဝံ့ တွေးတောမိလိုက်သည်။ သူသည် နောက်သို့လှည့်ကာ ဆေးဆိုင်တံခါးကို ခေါက်လိုက်၏။ ဆိုင်ရှင်က အထဲသို့ ဖိတ်ခေါ်သောအခါ တည့်တိုးပင်မေးလိုက်သည်။ 


"ကျွန်တော်က ဒီအနီးနားက ကျောက်ကျားရွာကပါ၊ အဲ့ဒီတောင်ပေါ်မှာ 'ဟွမ်ယွဲ့လင်း' ဆေးမြစ်တွေ ပေါက်နေတုန်းပဲ ရှိပါသေးတယ်၊ တကယ်လို့ ကျွန်တော် ရှာပေးနိုင်ရင် ခင်ဗျား ငွေဘယ်လောက် ပေးမလဲ"


သူ၏မေးခွန်းမှာ တိုက်ရိုက်ဆန်လှသော်လည်း ဆေးဆိုင်ရှင်မှာ "ဟွမ်ယွဲ့လင်း" ကို အသည်းအသန် လိုအပ်နေသူဖြစ်သည်။ သူ၏ အထက်လူကြီးများက သူ့ကို ဖိအားပေးနေကြပြီး ဤဆေးမြစ်ကို အမြောက်အမြား ရှာပေးနိုင်သူအား ငွေဒင်္ဂါးတစ်ရာအထိ ဆုကြေးပေးမည်ဟု ဆိုထားသည်။ ဆေးမြစ်၏ရှားပါးမှုနှင့် တန်ဖိုးကြောင့် ဆိုင်ရှင်၏မျက်လုံးများ တောက်ပသွားကာ ပြန်ဖြေလိုက်၏။ 


"အကယ်၍ တစ်ပင်တည်းဆိုရင်တော့ သိပ်မရဘူးပေါ့၊ ဒါပေမဲ့... မင်းသာ အလေးချိန် ကျင်းတစ်ဝက် ဒါမှမဟုတ် တစ်ကျင်းအပြည့် ရှာပေးနိုင်ရင် အနည်းဆုံး ငွေဒင်္ဂါးဆယ်ပြားလောက် ငါပေးနိုင်ပါတယ်"


ယန်ကျင့်ချင်းက စဉ်းစားဟန်ဖြင့် ခေါင်းငြိမ့်ကာ သဘောတူလိုက်သည်။


ဆေးဆိုင်ရှင်သည် သူ့ရှေ့မှ လူငယ်ကို အကဲခတ်ကြည့်လိုက်ရာ ခန့်ညားပြီး ယဉ်ကျေးပုံရသော်လည်း ငွေကြေးချို့တဲ့နေသည်မှာ ထင်ရှားလှသဖြင့် စူးစမ်းစွာ မေးလိုက်မိသည်။ "မင်း တကယ်ပဲ သွားရှာဖို့ စဉ်းစားနေတာလား၊ အန္တရာယ်ကို မကြောက်ဘူးလား၊ မင်းက ငယ်ငယ်လေးရှိပါသေးတယ်၊ ဘာလို့ စာမေးပွဲတွေ ဖြေပြီး အစိုးရအရာရှိလမ်းကြောင်းကို မလိုက်တာလဲ"


စာမေးပွဲများကိုအောင်မြင်ပြီး ရာထူးဂုဏ်ရှိန်ရရှိခြင်းမှာ အန္တရာယ်များလှသောတောင်ကမ်းပါးယံများတွင် လှည့်လည်သွားလာနေခြင်းထက် အများကြီး ပိုမိုဘေးကင်းပြီး အလားအလာ ကောင်းသောလမ်း ဖြစ်ပေသည်။


ယန်ကျင့်ချင်းက သက်ပြင်းချလိုက်ပြီး တွန့်ဆုတ်နေပြီးမှ ပြောလိုက်၏။ "ကျွန်တော် မလုပ်ချင်လို့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကျွန်တော့်မှာ..."


သူသည် ခေတ္တမျှ ရပ်တန့်သွားပြီးမှ ရှင်းပြလိုက်သည်။ "ကျွန်တော့်မှာ အစ်ကိုတစ်ယောက် ရှိဖူးတယ်၊ သူ စာမေးပွဲသွားဖြေတုန်းက အလိုလိုက်ခံထားရတဲ့မှူးမတ်သားတစ်ယောက်ရဲ့မတရားစွပ်စွဲမှုကို ခံရပြီး ထောင်ထဲမှာပဲ ဆုံးသွားခဲ့တယ်၊ အဲ့ဒါကြောင့်ပဲ ကျွန်တော့်အဖေက အဲ့ဒီလို အရာတွေကို စိတ်ကုန်သွားခဲ့တယ်လေ၊ ဂုဏ်ပကာသနတွေနောက်ကို လိုက်နေတာထက် ရိုးရိုးသားသားနဲ့ အေးအေးဆေးဆေးနေထိုင်သွားတာက ပိုကောင်းတယ်လို့ သူက သင်ပေးခဲ့တယ်"


ထိုစကားကိုကြားသောအခါ ဆေးဆိုင်ရှင်မှာလည်း နားလည်သွားပုံရပြီး လိုက်လျောညီထွေစွာပင် သက်ပြင်းချလိုက်မိသည်။


ထိုအကြောင်းအရာကို ဆက်မပြောလိုသဖြင့် ယန်ကျင့်ချင်းသည် ဆိုင်ရှင်ကို ကျေးဇူးတင်စကားဆိုကာ ထွက်ရန် ပြင်လိုက်သည်။ သူ အပြင်သို့ ထွက်ခါနီးတွင် ဆိုင်ရှင်က လှမ်းခေါ်ပြီး ပြော၏။ "မင်းကို တစ်ခုခုပေးလိုက်ဦးမယ်၊ ဒါက ဆေးမြစ်တွေရဲ့ပုံစံကို အသေးစိတ် ဆွဲထားတဲ့စာအုပ်လေးပဲ၊ မင်း မှားပြီး မခူးမိအောင်ပေါ့"


ထိုစာအုပ်မှာ ရှေးဟောင်းစာအုပ်ငယ်လေး ဖြစ်ပြီး လေးငါးမျက်နှာခန့်သာရှိသော်လည်း ရှားပါးဆေးမြစ်အမျိုးမျိုး၏ပုံများကို အသေးစိတ် ဖော်ပြထားသည်။ ပုံများကို ကြည့်ခြင်းအားဖြင့် ထိုအပင်များမှာ တောင်ကမ်းပါးယံများတွင် ပေါက်ရောက်လေ့ရှိသောအပင်များ ဖြစ်သည်ကို သိလိုက်ရသည်။ 


ယန်ကျင့်ချင်းက ကျေးဇူးတင်စွာဖြင့် လက်ခံလိုက်၏။ "ကျေးဇူးတင်ပါတယ်ခင်ဗျာ"


ယနေ့၏ခရီးစဉ်မှာ အတော်လေး အကျိုးရှိသည်ဟု ခံစားရသဖြင့် ယန်ကျင့်ချင်းသည် လှည်းပေါ်သို့ပြန်တက်ကာ အိမ်သို့ ထွက်လာခဲ့သည်။ သူ ဈေးမှ ထွက်ခါနီးတွင် အလှဆင်ပစ္စည်းများနှင့် လက်ဝတ်ရတနာများ ရောင်းချသောဆိုင်တစ်ဆိုင်ကို ဖြတ်သွားမိသည်။ သူသည် ဤအတိုင်းဖြတ်သွားရန် ရည်ရွယ်ခဲ့သော်လည်း သူ၏ထက်မြက်သောအမြင်အာရုံကြောင့် ဆိုင်တွင် ခင်းကျင်းပြသထားသော အရောင်အသွေးစုံလင်သည့်ပိုးဖဲကြိုးလေးများကို မြင်လိုက်ရသည်။


ရုတ်တရက် အကြံတစ်ခုက သူ၏စိတ်ထဲတွင် လျှပ်ခနဲ ပေါ်လာ၏။


သူသည် အဖြူရောင်ပိုးစတစ်စ၏ဈေးနှုန်းကို မေးမြန်းလိုက်သည်။


ထိုပိုးစမှာ ဈေးမကြီးပေ။ ယန်ကျင့်ချင်းသည် သူအလိုရှိသောပုံစံကို ဆိုင်ရှင်နှင့်တိုင်ပင်ကာ ပိုးစကို အတိုင်းအတာအတိုင်း ဖြတ်ခိုင်းပြီး အိတ်ထဲသို့ သေသေချာချာထည့်ကာ ထွက်ခွာလာခဲ့သည်။


အိမ်အပြန်လမ်းမှာ ရှည်လျားပြီး ကွေ့ကောက်လှသည်။ ကောက်ရိုးဦးထုပ်ကို ဆောင်းလျှက် တောင်တန်းများကြားမှ ပဲ့တင်ထပ်နေသောတေးသံသာလေးများနှင့်အတူ သူသည် အိမ်ဝင်းအတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ 


သူ ရောက်ရှိလာချိန်တွင် အဒေါ်လီနှင့် လီရွှမ်းလင်တို့ ပြန်သွားကြသည်မှာ မကြာသေးပုံရ၏။ အိမ်လေးအတွင်းမှာ နွေးထွေးမှုများဖြင့် ပြည့်နှက်နေလေတော့သည်။


လှုပ်ရှားသံကိုကြားရသည်နှင့် ကျောက်ယန်သည် ကုတင်ပေါ်မှထကာ တိုးညှင်းစွာ မေးလိုက်၏။ "အစ်ကိုကျင့်ချင်း... ပြန်ရောက်ပြီလား"


"အင်း" ယန်ကျင့်ချင်း၏အသံတွင် ပျော်ရွှင်မြူးကြွသောလေသံလေး ပါဝင်နေသည်။ သူသည် ဝယ်လာသောအဖြူရောင်ပိုးစကို အရင်ထုတ်လိုက်ပြီး ကျောက်ယန်ကို ပတ်ပေးရန် ပြင်လိုက်စဉ် ကျောက်ယန်၏မျက်နှာနှင့် မျက်လုံးတစ်ဝိုက်မှာ ယခင်ကကဲ့သို့ မဟုတ်တော့ဘဲ ပြောင်းလဲနေသည်ကို အံ့သြစွာ တွေ့လိုက်ရသည်။


သူ၏မျက်နှာပေါ်မှ အမှတ်အသားများမှာ လုံးဝနီးပါး ပျောက်ကွယ်သွားပြီဖြစ်သည်။ ဒဏ်ရာများတွင် ကပ်ငြိနေသောသွေးခြောက်များပင် သန့်စင်သွားသဖြင့် သူ၏အသားအရေမှာ သိသိသာသာ ကြည်လင်ကောင်းမွန်လာသည်။ ယန်ကျင့်ချင်း ခေတ္တမျှ တွန့်ဆုတ်သွားမိ၏။ ဤသည်မှာ လီရွှမ်းလင်က ကူညီပေးခဲ့ခြင်း ဖြစ်ရပေမည်။


"မင်းရဲ့မျက်လုံးတွေက အများကြီး သက်သာသွားပုံရတယ်၊ မိန်းကလေးလီက ကူညီပေးခဲ့တာလား၊ သူ ဘယ်လိုလုပ်ပေးတာလဲ၊ နောက်တစ်ခါ ငါကူညီနိုင်အောင် ငါလဲ သင်ထားရမယ်" အမှန်စင်စစ် သူတို့အနေဖြင့် အခြားသူများကို အမြဲဒုက္ခမပေးသင့်ပေ။ အထူးသဖြင့် ကျား၊ မ ကွဲပြားမှုကြောင့် မလိုအပ်သောအတင်းအဖျင်းစကားများ ထွက်လာနိုင်သောကြောင့်ဖြစ်သည်။


အဒေါ်လီကလည်း အိမ်ထောင်ဖက် ရှာပေးချင်သည့်သဘောမျိုး အရိပ်အယောင် ပြထားဖူးရာ အသွားအလာ အဆက်အသွယ်များလွန်းပါက အခြားသူများက ကောလာဟလများ ဖြန့်ကြပေလိမ့်မည်။ ထိုအရာများသည် ထိုမိန်းကလေး၏ဂုဏ်သိက္ခာအတွက် မကောင်းနိုင်ပေ။ 


လက်ရှိတွင် ယန်ကျင့်ချင်းထံ၌ အိမ်ထောင်ပြုမည့်အစီအစဉ်မျိုး အမှန်တကယ် မရှိသလို အခြားသူတစ်ဦးကိုလည်း မလိုအပ်သော ပြဿနာများနှင့် မရင်ဆိုင်စေလိုပေ။


ကျောက်ယန်က အလေးအနက် ခေါင်းငြိမ့်ပြသည်။ "မိန်းကလေးလီက ကူညီပေးတာပါ၊ သူက ရေနွေးထဲကို တစ်ခုခု ထည့်သုံးသွားပုံရတယ်၊ အဲ့ဒါက အေးမြပြီး စိတ်ကို ကြည်လင်စေတယ်၊ ကျွန်တော့်ရဲ့မသက်မသာဖြစ်မှုတွေလဲ ချက်ချင်း ပျောက်သွားတော့တာပဲ"


"ဒါဆို နောက်တစ်ခါကျရင် အဲ့ဒါကို ဘယ်လိုပြင်ဆင်ရမလဲဆိုတာ သူ့ကို မေးကြည့်ရမယ်" ဟု ယန်ကျင့်ချင်းက ပြောရင်း အဖြူရောင်ပိုးစကို ဂရုတစိုက် ယူလိုက်သည်။ သူက လေးလေးနက်နက် ပြောလိုက်သည်။ "ဒီနေ့ ဈေးဝယ်ရင်းနဲ့ ဒီပိုးဖြူစလေးကို တွေ့လို့ ဝယ်လာတာ၊ မင်းရဲ့မျက်လုံးကို အလင်းရောင်နဲ့ မထိတွေ့သင့်ဘူးလို့ သူပြောခဲ့တာကို သတိရလို့လေ၊ အဲ့ဒါကြောင့် မင်းရဲ့မျက်လုံးတွေကို ကာကွယ်ဖို့ ဒါလေးနဲ့ စည်းပေးထားရင် ဘယ်လိုလဲ"


"...ကောင်းပါပြီ" ကျောက်ယန်သည်လည်း ထိုလုပ်ရပ်၏ဆိုလိုရင်းကို နားလည်၏။ သူ၏လက်ရှိအခြေအနေကို ပြောင်းလဲရန် မတတ်နိုင်သော်လည်း အနာဂတ်တွင် အံ့သြဖွယ်ရာအောင်မြင်မှုတစ်ခု ရလာလိမ့်မည်ဟုသာ သူ မျှော်လင့်နိုင်တော့သည်။


အဖြူရောင်ပိုးစကို စည်းနှောင်ပြီးနောက်တွင် ကျောက်ယန်မှာ ပို၍ပင် တည်ငြိမ်သွားပုံရသည်။ ဖော်ပြရမည်ဆိုလျှင် သူသည် လှပကျော့ရှင်းပြီး ငြိမ်သက်နေသောကျောက်စိမ်းရုပ်လေးနှင့်ပင် တူလှ၏။ သူသည် ဖြူစင်သန့်ရှင်းသောအငွေ့အသက်ကို ထုတ်လွှတ်နေသည်။ ထိုအငွေ့အသက်မှာ စိတ်ဓာတ်ပျော့ညံ့ခြင်းမျိုးမဟုတ်ဘဲ အေးဆေးတည်ငြိမ်ပြီး စောင့်စည်းတတ်ခြင်းမျိုးဖြစ်သည်။


"မနက်ဖြန်ကျရင် မင်း လမ်းလျှောက်နိုင်တော့မှာပါ၊ ဒီနေ့တော့ အနားယူလိုက်ဦး" ဟု ယန်ကျင့်ချင်းက ပြောလိုက်သည်။ အချိန်စောနေသေးသည်ကိုသတိပြုမိသဖြင့် သူက ဆက်ပြောလိုက်၏။ "ငါ အပြင်ထွက်ပြီး ကြက်တွေအတွက် ခြံလေးတစ်ခု သွားလုပ်လိုက်ဦးမယ်၊ သူတို့ ကြီးလာရင် ငါတို့ ချက်စားလို့ရတာပေါ့၊ ကြက်မကြီးက ဥ၊ ဥလာရင်တော့...ဥအများကြီရအောင် ဆက်မွေးထားကြမယ်"


ကျေးလက်တွင် အချို့သူများက ဥများ သားဖောက်နိုင်ရန် ကြက်ဖများကို ကြက်မများနှင့်အတူ သီးသန့်မွေးမြူကြသော်လည်း ယန်ကျင့်ချင်းမှာမူ ထိုကြက်များကို မည်မျှကြာကြာ မွေးဖြစ်မည်ကို မသေချာသဖြင့် လောလောဆယ် ထိုအလုပ်ကို မလုပ်တော့ပေ။


သူသည် ထရပ်ကာ အပြင်သို့ ထွက်ခဲ့သည်။ အိမ်ရှေ့နှင့် အိမ်နောက်ဘက်ခြံဝင်းနှစ်ခုလုံးတွင် မြေကွက်လပ်အကျယ်ကြီး ရှိပေသည်။

သို့သော် ယခင်က သူသည် ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်းမရှိခဲ့သဖြင့် မြေရိုင်းများမှာ ပေါင်းမြက်များဖြင့် ဖုံးလွှမ်းနေသည်။ ယန်ကျင့်ချင်းသည် ပေါက်ပြားကိုယူကာ အချိန်အတော်ကြာအောင် လုပ်ကိုင်ခဲ့သည်။ သူ၏ လက်ဖဝါးများတွင် အလုပ်လုပ်ရသဖြင့် အမှတ်အသားသစ်အချို့ ပေါ်လာသော်လည်း အသားအရေမှာမူ သိသိသာသာ ချောမွေ့နေဆဲ ဖြစ်သည်။ ထိုအရာမှာ လွန်ခဲ့သော ၁၅ နှစ်ခန့်က အေးအေးဆေးဆေးနှင့် အနားယူနေထိုင်ခဲ့မှု၏ရလဒ်ဖြစ်ပေလိမ့်မည်။


သို့သော် ယခုမူ သူ ဤနေရာသို့ရောက်နေပြီဖြစ်သလို ထိုအရာများမှာ အတိတ်တွင် ကျန်ရစ်ခဲ့ပြီး အရေးမကြီးတော့ပေ။


သူသည် ဘာမျှမမှတ်မိတော့သဖြင့် မကျေနပ်ချက်များလည်း မရှိပေ။ နှစ်ပေါင်းများစွာအတွင်း အချို့လူများက သူ၏လက်များမှာ ဤမျှနုနယ်နေသည်ကိုကြည့်ခြင်းအားဖြင့် သူသည် တစ်ချိန်က ချမ်းသာသောမိသားစုမှ သခင်လေးတစ်ဦးဖြစ်နိုင်သည်ဟု ခန့်မှန်းခဲ့ကြဖူးသည်။ တစ်ခါတစ်ရံတွင် သူတို့က သူ့ကို သနားကြသော်လည်း ယန်ကျင့်ချင်းအတွက်မူ ထိုသူများမှာ ဖြတ်သွားဖြတ်လာသူစိမ်းများသာ ဖြစ်သည်။


သူ အလုပ်,လုပ်နေစဉ် ယန်ကျင့်ချင်း၏ရှည်လျားသောဆံပင်အနက်ရောင်များမှာ ရှေ့သို့ဝဲကျလာကာ ရေတံခွန်တစ်ခုကဲ့သို့ စီးကျနေပြီး နေရောင်အောက်တွင် တောက်ပနေတော့သည်။


မကြာမီမှာပင် သူသည် အိမ်နောက်ဖေးခြံဝင်းတစ်ခုလုံးကို ရှင်းလင်းပြီးသွားခဲ့သည်။ အသစ်တူးဆွထားသောမြေဆီလွှာမှာ စိုစွတ်နေသေးသဖြင့် ခြံမခတ်မီ နေပူလှန်းထားရမည်ဟု သူ ဆုံးဖြတ်လိုက်သည်။ လောလောဆယ်တွင် ကြက်များကို အိမ်နောက်ဖေးတွင်ပင် ထားမည်ဖြစ်သည်။ အိမ်ရှေ့ခြံဝင်းတွင်မူ ရေကန်ငယ်လေးတစ်ခုတူးရန် သူ စဉ်းစားနေမိသော်လည်း ထိုစီမံကိန်းမှာ လောလောဆယ်တွင် ကြီးကျယ်လွန်းလှသဖြင့် နောက်မှသာ လုပ်ရန် ချန်ထားလိုက်သည်။


တောကြက်သားသည်ကား နေ့လယ်ကတည်းက လုံးဝကုန်သွားပြီဖြစ်သည်။ ညစာအတွက် များများစားစားမကျန်တော့သဖြင့် ယန်ကျင့်ချင်းသည် ဝက်သားအနည်းငယ်နှင့် မှိုအချို့ကိုထည့်ကာ ဆန်ပြုတ်လေး ပြုတ်လိုက်သည်။ အရသာမှာ အထူးအဆန်းမဟုတ်သော်လည်း အသားပါသဖြင့် ပေါ့ပျက်ပျက်ကြီးဖြစ်မနေပေ။


အစောပိုင်းက အဒေါ်လီ၏လက်ရာကို သတိရသွားသဖြင့် ယန်ကျင့်ချင်းမှာ အနည်းငယ် အားနာသွားပြီး ကျောက်ယန်ကို ပြောလိုက်မိသည်။ "ငါ့လက်ရာက အဒေါ်လီလောက်တော့ မကောင်းဘူး၊ သူချက်သလောက် ဘယ်လိုမှ စားမကောင်းဘူး"


"မဟုတ်တာ... အရမ်းကောင်းပါတယ်" ကျောက်ယန်က အစားအစာကို အမှန်တကယ် နှစ်သက်ပုံရပြီး စိတ်ရင်းဖြင့် ပြောသည်။ "ကျွန်တော့်အတွက်တော့ အရသာက တကယ့်ကို ထူးကဲပါတယ်၊ အစ်ကိုကျင့်ချင်း

က သိပ်ကို စိတ်ထားကောင်းတဲ့လူပါ၊ ကျွန်တော့်လို သူစိမ်းတစ်ယောက်အတွက် ဒီလောက်အများကြီးလုပ်ပေးတာ... ကျွန်တော် ဘယ်လိုပြန်ကျေးဇူးဆပ်ရမလဲတောင် မသိတော့ပါဘူးဗျာ"


-----