Chapter - 13
Viewers 41

အခန်း - (၁၃)


သို့သော်လည်း သူ၏အရွယ်အရ ကလေးတစ်ယောက်ကဲ့သို့ အချိုမုန့်များကို မက်မောခြင်း မရှိတော့ပေ။


သို့သော် ကျောက်ယန်ကို မြည်းစမ်းကြည့်စေချင်သည်။ ထိုမုန့်မှာ တော်တော်လေးကို ချိုပေလိမ့်မည်။


သူတို့သည် စကားပြောရင်းဆိုရင်းနှင့်ပင် လူစုလေးမှာ သတိမထားမိဘဲ မုန့်ဆိုင်ရှေ့သို့ ရောက်သွားကြသည်။ 


ယန်ကျင့်ချင်းက သကြားကိတ်သုံးခုမှာရန် ပြင်လိုက်စဉ်မှာပင် ချန်ထန်းက သူ့ကို အမြန်တားလိုက်ပြီး “သကြားကိတ် သုံးခုပေးပါ” ဟု ဦးအောင် ပြောလိုက်သည်။


သူသည် ဆိုင်ရှင်ထံသို့ ငွေချေလိုက်ပြီးနောက် ကျန်နှစ်ယောက်ကို မုန့်များ ဝေပေးလိုက်သည်။


ယန်ကျင့်ချင်းက ဇဝေဇဝါဖြင့် မျက်မှောင်ကြုတ်ကာ “ဘာလုပ်တာလဲ၊ မင်း ငါတို့ကို ဝယ်ကျွေးစရာမလိုပါဘူးကွာ” ဟု ပြောလိုက်သည်။


သို့သော် ချန်ထန်းမှာ စာပေသင်ကြားနေသည့် ပညာရှင်တစ်ဦးပီပီ လူမှုရေးနှင့် ကျင့်ဝတ်များကို နားလည်သူဖြစ်သည်။ သူက ချက်ချင်းပင် ရှင်းပြလိုက်သည်။ “စားစရာတွေကော၊ ကစားစရာတွေကော အများကြီးရှိတာပဲ၊ တစ်ယောက်တစ်လှည့်စီ ဝယ်ကျွေးကြတာပေါ့၊ ဒါမှ အပြန်အလှန်ဖြစ်သွားမှာ၊ ဘယ်သူမှလဲ အားနာနေစရာမလိုတော့ဘူးလေ”


ထိုစကားကိုကြားသောအခါ ကျောက်ယန်က ခပ်တိုးတိုး ရယ်မောရင်း မှတ်ချက်ပေးလိုက်သည်။


“မင်းက တကယ့်ကိုစကားပြောတတ်တာပဲ”


ချန်ထန်းသည် အတော်လေး လူကဲခတ်တော်သူဖြစ်သည်။ ယန်ကျင့်ချင်းမှာ တာဝန်သိစိတ် အလွန်ပြင်းထန်သူဖြစ်ကြောင်းကို သူ သိနေသဖြင့် သူသည် နောက်လိုက်လေးတစ်ယောက်ကဲ့သို့ လိုက်ပါလာခြင်းဖြစ်သည်။ ယန်ကျင့်ချင်းသည် အသက်အနည်းငယ် ပိုကြီးသူဖြစ်သဖြင့် သူတို့ကို အမြဲစောင့်ရှောက်ပေးရန် လိုအပ်သည်ဟု ခံစားနေတတ်သည်။


ငွေကြေးအကြောင်းပြောဆိုခြင်းက ဆက်ဆံရေးကို တင်းမာစေနိုင်၏။ 


သူတို့အားလုံး အတူရှိနေကြသည်ဖြစ်ရာ ဤမုန့်လေးများက သူတို့ကြားမှ ပေါင်းကူးတံတားတစ်ခု ဖြစ်လာခဲ့သည်။


နောက်ပိုင်းတွင် ယန်ကျင့်ချင်းက သူတို့နှစ်ဦးကို ထန်ဟုလူတစ်ခုစီ ပြန်ဝယ်ပေးလိုက်သဖြင့် အပြန်အလှန် အညီအမျှ ဖြစ်သွားတော့သည်။


နေ့လယ်ပိုင်းသို့ရောက်လာသည်နှင့် နေ၏အပူချိန်မှာ ပြင်းထန်လှခဲ့သည်။ ခဏတာမျှ စဉ်းစားပြီးနောက် ယန်ကျင့်ချင်းသည် ခဏနားရန် ဆုံးဖြတ်လိုက်သည်။ နားခိုရန် နေရာရှာတော့မည့်ဆဲဆဲမှာပင် ချန်ထန်းက အကြံပြုလာသည်။ "လက်ဖက်ရည်ဆိုင် သွားကြရအောင်၊ လက်ဖက်ရည်ကြမ်းတစ်အိုးက သိပ်မပေးရပါဘူး၊ ခရီးသွားတွေ ရေငတ်ပြေဖို့အတွက် သီးသန့်လုပ်ထားတာ"


လက်ဖက်ရည်ကြမ်းမှာ လက်ဖက်ရည်ဆိုင်တွင် ဈေးအသက်သာဆုံး ရွေးချယ်မှုဖြစ်သည်။ လမ်းမပေါ်တွင် လမ်းသွားလမ်းလာများ နားခိုနိုင်သည့်နေရာသိပ်မရှိဘဲ လက်ဖက်ရည်ဆိုင်များတွင်သာ ထိုင်ခုံများ ရှိတတ်သည်။ 


သို့သော် သူတို့ သေသေချာချာ ရွေးချယ်ရပေမည်။ သူကောင်းမျိုးများ သွားသည့်ဇိမ်ခံဆိုင်ကြီးများကို ရှောင်ရှားပြီး လက်ဖက်ရည်ဆိုင် သေးသေးလေးများကသာ သူတို့အတွက် အကောင်းဆုံး ဖြစ်သည်။


သို့ဖြစ်ရာ ယန်ကျင့်ချင်းလည်း သဘောတူလိုက်သည်။ သူတို့သည် ရိုးရှင်းသောလက်ဖက်ရည်ဆိုင်လေးတစ်ခုအတွင်း ဝင်ကာ ထိုင်ခုံယူလိုက်ကြ၏။ စားပွဲပေါ်သို့ လက်ဖက်ရည်အိုးတစ်အိုး ရောက်လာသည်နှင့် အေးအေးဆေးဆေး သောက်နေကြတော့သည်။


အပြင်တွင် ပူအိုက်နေသဖြင့် ဤကဲ့သို့ ထိုင်ပြီး အပူဖြေရသည်မှာ တော်တော်လေး သက်သောင့်သက်သာ ရှိလှသည်။


သူတို့ထိုင်နေကြစဉ် လူအများ၏အာရုံစိုက်ခြင်းကို ခံရသည်။ ထက်မြက်သောအကြည့်ရှိသည့်အမျိုးသမီးငယ်အချို့မှာ သူတို့၏လက်ကိုင်ပဝါများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကြပြီး သူတို့ကို မဝံ့မရဲခိုးကြည့်နေကြသည်။ သူတို့၏မျက်နှာများမှာ ငြင်းမရလောက်အောင် ချောမောကြသော်လည်း သူတို့ဝတ်ဆင်ထားသည့်ကြမ်းတမ်းသောလျှော်ထည်အဝတ်အစားများက သူတို့ကို ကျေးလက်ဆန်စေသည်။


ထိုလူများ၏စူးစမ်းချင်စိတ်မှာ ခဏမျှသာဖြစ်သည်။ မကြာမီမှာပင် အခြားဧည့်သည်များသည် သူတို့၏ကိုယ်ပိုင်စကားဝိုင်းများကို ပြန်လည်စတင်ကြတော့သည်။


ဆိုရိုးစကားအတိုင်းပင် သာမန်လူတန်းစားများ၏လက်ဖက်ရည်ဆိုင်များမှာ လောကီသတင်းအရပ်ရပ်ကို ကြားနိုင်သည့်နေရာများပင် ဖြစ်သည်။


ကျောက်ယန်က လက်ဖက်ရည်ကို မြိန်ယှက်စွာ သောက်နေစဉ် ဘေးစားပွဲမှ စကားသံများသည် သူ၏နားထဲသို့ တိုးဝင်လာခဲ့သည်။

“မင်း ကြားပြီးပြီလား၊ အိမ်ရှေ့မင်းသားက အသည်းအသန်ဖျားနေတာတဲ့၊ တခြား မင်းသားတွေကလဲ သားရဲတွေ သားကောင်ကို ချောင်းနေသလိုပဲ ထီးနန်းကို မျက်စိကျနေကြတယ်” ထိုအသံမှာ အနည်းငယ်စူးရှနေသလို ပြောနေသည့်သူမှာလည်း ပိန်လှီလှီလူတစ်ယောက်ဖြစ်သည်။


သူ့ဘေးမှလူကလည်း ကြားဖြတ်ပြောလိုက်၏။ “နန်းတွင်းကိစ္စတွေက ငါတို့လိုလူတွေ စိတ်ကြိုက် အတင်းပြောလို့ရတဲ့အရာတွေလား၊ လျှာအဖြတ်ခံရမှာ မကြောက်ဘူးလား”


“ပြောတော့ ဘာဖြစ်မှာလဲ၊ ဒီလိုနေရာမျိုးမှာ လူတွေက ဒီအကြောင်းပဲ ပြောနေကြတာပဲကိုး” ဟု ထိုလူက လှောင်ပြောင်ပြီးနောက် ဆက်ပြောသည်။ “အခုရှိတဲ့မင်းသားတွေထဲမှာ ဘယ်သူက အခွင့်အရေးအများဆုံးလဲ”


ဤကဲ့သို့သောကိစ္စများကို ခန့်မှန်းရသည်မှာ အန္တရာယ်များသော်လည်း အလွန်သတိကြီးသူများကိုပင် စိတ်လှုပ်ရှားစေသည့်အကြောင်းအရာဖြစ်သည်။


သူက စကားစလိုက်သည်နှင့် အခြားသူများကလည်း စိတ်ဝင်တစား ဖြစ်လာကြသည်။


ထို့နောက် အသံများစွာ ရောထွေးထွက်ပေါ်လာသည်။ “တတိယမင်းသားကတော့ စိတ်နေစိတ်ထား ထူးဆန်းတယ်၊ သူ့အကြောင်း သတင်းဆိုးတွေ အများကြီးကြားဖူးတယ်၊ လူတွေက သူ့ကို တော်တော်ကြောက်ပုံရတယ်”


“မင်းသားတွေထဲမှာ ငါးယောက်မြောက်မင်းသားကတော့ အေးဆေးတည်ငြိမ်ပြီး စိတ်ထားအနုဆုံးပဲ၊ ထိုက်တောင်ကြီးရှေ့မှာ ပြိုကျနေရင်တောင် သူက တည်တည်ငြိမ်ငြိမ် နေနိုင်တယ်လို့ ဧကရာဇ်မင်းမြတ်က ခဏခဏ ချီးကျူးတတ်တယ်၊ ဒါပေမဲ့ အဲ့ဒီလိုဆိုရင် သူက အရမ်းဉာဏ်များပြီး အကွက်စေ့တဲ့သူလို့ မဆိုနိုင်ဘူးလား”


ကျောက်ယန်သည် စကားလုံးတိုင်းကို ငြိမ်သက်စွာ နားထောင်နေသည်။


ယန်ကျင့်ချင်းလည်း ထိုစကားဝိုင်းကို သတိပြုမိသည်။ သူက အထူးတလည် စိတ်ဝင်စားခြင်း မရှိသော်လည်း ထိုကိစ္စမှာ နန်းတွင်းနှင့် သက်ဆိုင်သည့်ကိစ္စဖြစ်သဖြင့် ငြိမ်သက်စွာ နားထောင်နေမိသည်။ သူသည် မိမိအတွက် လက်ဖက်ရည်တစ်ခွက်ထပ်ငှဲ့ပြီး ထိုလူစုကို တိတ်တဆိတ် စောင့်ကြည့်နေသည်။


သူတို့၏စားပွဲပေါ်တွင် မြေပဲများ ရှိနေကြ၏။ စားစရာ၊ သောက်စရာရှိနေသောကြောင့်အေးအေးဆေးဆေး ပြောနိုင်ကြခြင်းမှာ အံ့သြစရာမဟုတ်ပေ။


ဝတ်ရုံပြာဝတ်ဆင်ထားသူတစ်ဦးက မှတ်ချက်ပေးသည်။ “ဒါပေမဲ့ ငါးယောက်မြောက်မင်းသားက အိမ်ထောင်ပြုရမဲ့အရွယ်ကို ကျော်နေပြီ၊ အခုထိလဲ ကြင်ယာတော်မယူသေးဘူး၊ အဲ့ဒါကိုကော မင်းတို့ ဘယ်လိုမြင်လဲ”


“သင့်တော်တဲ့အရာရှိသမီးကို မတွေ့သေးလို့လား” တစ်စုံတစ်ယောက်က စဉ်းစားရင်း ဆိုသည်။ “ဒါပေမဲ့ သူ အိမ်ထောင်ပြုတာ၊ မပြုတာက အဓိကပြဿနာ မဟုတ်ပါဘူး၊ အိမ်ရှေ့မင်းသားရဲ့ရာထူးက မတည်မငြိမ် ဖြစ်နေတော့ မင်းသားအားလုံးမှာ နန်းလျာဖြစ်ဖို့ အခွင့်အရေးရှိနေတာပဲ၊ အဲ့ဒီအခွင့်အရေးအတွက် အသေအလဲတိုက်ပွဲဝင်မဲ့သူတွေ အများကြီးရှိမှာပဲ”


သူတို့သည် သာမန်လေလွင့်လူငယ်များကဲ့သို့ မဟုတ်ဘဲ တည်တည်ငြိမ်ငြိမ်နှင့် အေးဆေးစွာ ဆက်လက်ဆွေးနွေးနေကြသည်။ သို့သော် မကြာမီမှာပင် သူတို့သည် စားပွဲကို ထိုအတိုင်း ထားရစ်ခဲ့ကာ အသီးသီး လမ်းခွဲသွားကြတော့သည်။


ယန်ကျင့်ချင်းက စားပွဲကို လက်ချောင်းဖြင့် ခေါက်ကာ ချန်ထန်းကို မေးလိုက်သည်။ “မင်း သူတို့စကားကို စိတ်မဝင်စားသလိုပဲ၊ ဒါပေမဲ့ ဘာလို့ အသေအချာ နားထောင်နေရတာလဲ”


အိမ်ရှိ စာအုပ်များတွင် လက်ရှိမင်းဆက်၏ဖြစ်ရပ်များကို မှတ်တမ်းတင်ထားသော်လည်း ထိုမှတ်တမ်းများမှာ လွန်ခဲ့သော နှစ်များစွာက ဖြစ်ရပ်များသာဖြစ်သည်။ မကြာသေးမီ နှစ်များအတွင်း ဘာတွေဖြစ်ပျက်ခဲ့သည်ကို ယန်ကျင့်ချင်း ဘာမျှမသိချေ။ 


ချန်ထန်းက ခေါင်းငြိမ့်ပြီး အသံကိုနှိမ့်ကာ ကျန်နှစ်ယောက်ကို ရှင်းပြတော့သည်။ သို့သော် သူ၏စကားအများစုမှာ ကျောက်ယန်ထံသို့သာ ဦးတည်နေ၏။ “အိမ်ရှေ့မင်းသားရဲ့ နာမည်က ‘ချင်းယွဲ့’တဲ့၊ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကအထိ သူ ကျန်းမာရေးကောင်းပါသေးတယ်၊ ဒါပေမဲ့ တစ်ညမှာ သူ ရုတ်တရက် လေဖြတ်သွားပြီး အဲ့ဒီကတည်းက သူ့ရဲ့ခန္ဓာကိုယ်က ပျက်စီးလာတာပဲ”


ချန်ထန်း၏အဆိုအရ ချင်းယွဲ့သည် အသက်ငါးနှစ်အရွယ်မှာပင် အိမ်ရှေ့မင်းသားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။ သူသည် မိဖုရားခေါင်ကြီး၏တစ်ဦးတည်းသောသားဖြစ်သည်။ ဧကရာဇ်သည် ပညာရှိသောမင်းတစ်ပါးဖြစ်သော်လည်း နန်းတွင်း၌ မောင်းမမိဿံများစွာ ရှိနေသဖြင့် နန်းလျာလုပွဲမှာ သွေးချောင်းစီးခဲ့ရသည်။


နန်းတွင်း၌ ပြောမပြနိုင်သောလျှို့ဝှက်ချက်များစွာ ရှိသည်။ ချန်ထန်း ကြားဖူးသလောက်ဆိုလျှင် ဤမင်းသားများ၏မျိုးဆက်တစ်ခုတည်းမှာပင် အနည်းဆုံး ခုနစ်ဦး သို့မဟုတ် ရှစ်ဦးခန့်မှာ ထူးဆန်းသောအကြောင်းရင်းများဖြင့် သေဆုံးခဲ့ရသည်။ အချို့မှာ အသက်ဆယ်နှစ်ပင် မပြည့်သေးပေ။ ရုတ်တရက် ဖျားနာခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်းကြောင့်ဖြစ်စေ၊ သေဆုံးခဲ့ကြရသည်။ ထိုသေဆုံးမှုများမှာ နန်းတွင်း၏အရိပ်မည်းများနှင့် ကင်းရှင်းနိုင်မည်မဟုတ်ပေ။


ဤမျှသိထားရုံနှင့် လုံလောက်ပြီဖြစ်သည်။ ယန်ကျင့်ချင်းသည် နန်းတွင်းရေးရာများကို ထဲထဲဝင်ဝင် သိလိုစိတ်မရှိပေ။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် တစ်သက်လုံးနန်းတော်နှင့် မည်သို့မျှ ပတ်သက်ရလိမ့်မည်မဟုတ်သောကြောင့်ဖြစ်သည်။ ထို့အစား သူသည် လက်ဖက်ရည် တစ်ခွက်ထပ်မှာလိုက်ပြီး ကျောက်ယန်ကို ပြောလိုက်သည်။ “ငါ ငါးသားပေါက်လေးတွေ သွားဝယ်လိုက်ဦးမယ်၊ မင်းတို့ ဒီမှာခဏစောင့်နေကြ၊ ပြီးရင် ငါတို့ အိမ်တန်းပြန်ကြတာပေါ့”


“ကောင်းပါပြီ” ဟု ကျောက်ယန်က ချက်ချင်းပြန်ဖြေလိုက်သည်။


ယန်ကျင့်ချင်း ထွက်သွားသည်နှင့် ချန်ထန်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ အနီးနားတွင် လူသိပ်မရှိသည်ကို တွေ့ရသည်။ သူ၏ အကြည့်မှာ ကျောက်ယန်၏လည်ပင်းဆီသို့ အမှတ်မထင် ရောက်သွားသည်။ ထိုကဲ့သို့သောအမှတ်အသားမှာ ပေါ်လွင်သောနေရာတွင် ရှိလေ့မရှိသဖြင့် အင်္ကျီကော်လာအောက်တွင် ကွယ်နေတတ်သည်။ သို့သော် သူ စိုက်ကြည့်နေပုံမှာ ကာမရမ္မက်ကြီးသောလူတစ်ယောက်နှင့် တူနေတော့သည်။


ကံကောင်းသည်မှာ ကျောက်ယန်က သတိမထားမိခြင်းပင်။


စူးစမ်းချင်စိတ်ကြောင့် ချန်ထန်းသည် ထိုအမှတ်အသားကို မြင်အောင် ကြည့်လိုက်သည်။ ထိုအမှတ်အသားမှာ အမှန်တကယ် သေးငယ်သော်လည်း အတွင်းဘက်သို့ နက်ရှိုင်းစွာ ရှိနေသည်။ သူ၏ခံစားချက်များမှာ ရှုပ်ထွေးနေပြီး စိတ်ထဲမှ တွေးနေမိသည်။ 


'နောက်ဆုံးတော့ သူက ‘ရွှမ်းအာ’တစ်ယောက်ပဲ၊ ဘာလို့ အဲ့ဒီတုန်းက မြစ်ကမ်းနားမှာ ဒီလောက် ရက်ရက်စက်စက် အစွန့်ပစ်ခံခဲ့ရတာလဲ'


သူသည် ကျောက်ယန်၏ဒဏ်ရာများကို ကိုယ်တိုင် မမြင်ဖူးခဲ့ပေ။ 


'ဓားပြတွေက တစ်ခုခုကို လိုချင်လို့များလား၊ ငွေကြေးလား... ဒါမှမဟုတ် တခြားတစ်ခုခုလား'


ချန်ထန်း၏အကြည့်တို့သည် ကျောက်ယန်၏ မျက်နှာထံသို့ ရောက်ရှိသွားသည်။ သေချာကြည့်လျှင် သူ၏ရုပ်ရည်မှာ အပြစ်ပြောစရာမရှိဘဲ စင်ကြယ်သန့်ရှင်းကာ နုနယ်ချောမောလှသည်။ မျက်လုံးများကို ပိုးသားဖြူဖြင့် စည်းထားသည့်တိုင် သာမန်လူများနှင့် မတူသော မြင့်မြတ်သည့်အငွေ့အသက်တို့ ကိန်းအောင်းနေဆဲပင်။ 'မဖြစ်နိုင်တာ... ဟုတ်ပါ့မလား၊ သူက ရန်ဖြစ်ရင်း ရှုံးနိမ့်ခဲ့တာပဲဖြစ်မှာပါ၊ ကျောက်ယန်က သိုင်းပညာကျွမ်းကျင်တာပဲ မဟုတ်လား'


ဤသို့ တွေးတောနေရင်းမှ မိမိကိုယ်မိမိ နယ်ကျွံသွားမှန်း သိလိုက်သဖြင့် ချန်ထန်းတစ်ယောက် အပြစ်မကင်းသလို ခံစားလိုက်ရသည်။ သူသည် ကျောက်ယန်ထံသို့ လက်ဖက်ရည်ခွက်ကို အမြန်တိုးပေးလိုက်ပြီး မျက်နှာချိုသွေးကာ “ဒါက အရသာတစ်မျိုးပဲ၊ မြည်းကြည့်ပါဦး” ဟု ပြောလိုက်သည်။


ကျောက်ယန်သည် ချန်ထန်းကို သူငယ်ချင်းတစ်ယောက်ဟု သတ်မှတ်ထားပြီးသားဖြစ်သဖြင့် ကျောက်ယန်က ငြင်းပယ်ခြင်းမရှိပေ။ သူက ခွက်ကို လှမ်းယူလိုက်ရာတွင် သူတို့နှစ်ဦး၏လက်ချောင်းထိပ်လေးများ အချင်းချင်း ထိမိသွားသည်။ 


ရုတ်ချည်းဆိုသလိုပင် ချန်ထန်း၏ကိုယ်ထဲ၌ တုန်လှုပ်မှုတစ်ခု ဖြတ်ပြေးသွား၏။


ဤခံစားချက်သည်ကား... တစ်မျိုးလေးဖြစ်နေ၏။ ထူးဆန်းစွာပင် စွဲမက်ဖွယ်ကောင်းနေသည်။


သူသည် မိမိကိုယ်မိမိပင် ပြန်၍မေးခွန်းထုတ်မိသည်။ သူသည် စာပေပညာရပ်ကို အချိန်အကြာကြီးဖတ်နေခဲ့ပြီး အမျိုးသမီးများနှင့်လည်း မကြုံဖူးသဖြင့် လောကအတွေ့အကြုံများ ကင်းမဲ့နေ၍လား။ ဤကဲ့သို့ ခဏတာ ထိတွေ့မှုလေးကပင် သူ၏အာရုံခံစားမှုများကို လှုပ်ခတ်စေသလား။ သူသည် ထိုလှုပ်ရှားမှုကို ထိန်းချုပ်ရန် ကြိုးစားရင်း မေးစေ့ကို လက်ဖြင့်ထောက်ကာ ကျောက်ယန်ကို စိုက်ကြည့်နေမိတော့သည်။


ကျောက်ယန်မှာ မျက်စိမမြင်ရသော်လည်း အလင်းရောင်အပေါ် အနည်းငယ် အာရုံခံနိုင်စွမ်းရှိသဖြင့် မိမိကို စိုက်ကြည့်နေသည်ကို သတိပြုမိပုံရသည်။ သူ၏မျက်နှာပေါ်တွင် မကျေနပ်သည့်အရိပ်အယောင် အနည်းငယ် ဖြတ်ပြေးသွားသည်။ သူ၏အသံမှာ ပင်ကိုယ်ကပင် အေးစက်လှသဖြင့် သူ၏မေးခွန်းမှာ စစ်မေးနေသကဲ့သို့ ထွက်လာသည်။ “ကျွန်တော့်မျက်နှာမှာ တစ်ခုခုရှိနေလို့လား”


ထိုအသံကြောင့် ချန်ထန်းတစ်ယောက်လည်း ချက်ချင်း သတိပြန်ဝင်လာပြီး “အာ... မရှိပါဘူး” ဟု ကမန်းကတန်း ဖြေလိုက်သည်။


သူသည် သံသယဖြစ်နေဆဲဖြစ်ပြီး ကျောက်ယန်၏မျက်လုံးများမှာ အတော်ပင် လျှို့ဝှက်ဆန်းကြယ်သည်ဟု ထင်မြင်မိသည်။ “မင်းက မျက်စိမမြင်ရဘူးမဟုတ်လား၊ ဒါကို ဘယ်လိုလုပ်ပြီး...”


သို့သော် စကားပြောထွက်သွားသည့်ခဏမှာပင် မိမိကိုယ်မိမိ ဖော်ကောင်လုပ်မိမှန်း သူ သိလိုက်သည်။ ကျောက်ယန်က ထိုအချက်ကို ချက်ချင်းပင် ရိပ်မိသွားပြီး သတိကြီးစွာဖြင့် မျက်နှာကို အနည်းငယ်လွှဲလိုက်ကာ “အလင်းရောင် ခပ်ဖျော့ဖျော့ကိုတော့ ကျွန်တော် ခံစားလို့ရတယ်” ဟု ပြီးစလွယ်ပြန်ဖြေလိုက်သည်။


ချန်ထန်းမှာ အပြစ်မကင်းသလို ခံစားရသဖြင့် ဘာပြောရမှန်းမသိဘဲ အချိန်အတော်ကြာ တိတ်ဆိတ်သွားတော့သည်။


အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက် ယန်ကျင့်ချင်း ပြန်ရောက်လာသည်။ သူသည် ဝယ်လာသမျှကို လှည်းနောက်ခန်းသို့ တင်လိုက်သည်။ အိမ်အပြန်လမ်းတွင် ကျောက်ယန်သည် နောက်ခန်း၌ ထိုင်လိုက်လာရင်း အနည်းငယ် ပင်ပန်းနေပုံရသည်။


လာစဉ်က စကားအလွန်ပြောခဲ့သောချန်ထန်းမှာမူ အပြန်တွင် တိတ်ဆိတ်နေသည်။ အပြင်လူတစ်ယောက် ပါနေသဖြင့် ယန်ကျင့်ချင်းလည်း စကားသိပ်မပြောဖြစ်ပေ။ အိမ်ပြန်ရောက်သောအခါ ချန်ထန်းက အလောတကြီးပင် နှုတ်ဆက်ပြီး ထွက်ခွာသွားတော့သည်။


သူ ဤကဲ့သို့ အလျင်စလိုထွက်သွားသည်ကိုမြင်ရသည်မှာ ယန်ကျင့်ချင်းအတွက် အတော်ပင် ထူးဆန်းနေသည်။


ပစ္စည်းများကို လှည်းပေါ်မှ ချရန် ပြင်နေစဉ် ကျောက်ယန်က သူ၏အင်္ကျီကော်လာကို ဆွဲနေသည်ကို သတိပြုမိလိုက်သည်။ သူ ခေါင်းငုံ့ကာ “ဘာဖြစ်လို့လဲ” ဟု မေးလိုက်သည်။


ကျောက်ယန်က တိုးတိုးလေး ပြောလိုက်သည်။ “အစ်ကိုကျင့်ချင်း... ကျွန်တော် တခြားလူတွေ ပါလာတာကို အသားမကျသေးဘူး၊ နောက်တစ်ခါကျရင် ဘယ်သူ့ကိုမှ မခေါ်ဘဲ သွားလို့ရမလား”


သူ၏အသံထဲတွင် အားကိုးရာမဲ့သည့်အရိပ်အယောင် အမြဲပါနေတတ်သဖြင့် ယန်ကျင့်ချင်း၏နှလုံးသားထဲတွင် တစ်မျိုးလေး ခံစားလိုက်ရကာ ဂရုဏာသက်မိသွားသည်။ သူသည် ကလေးတစ်ယောက်ကို ချော့မြူသကဲ့သို့ပင် ချက်ချင်း ကတိပေးလိုက်သည်။ “ကောင်းပြီလေ၊ မင်းမကြိုက်ရင် ဘယ်သူ့ကိုမှ မခေါ်တော့ဘူး၊ ငါလဲ မခေါ်ချင်ပါဘူးကွာ၊ ဒါပေမဲ့ သူက ငါ့နောက်ကို တကောက်ကောက် လိုက်နေတာကိုး”


ကျောက်ယန်က "အင်း..." ဟု ခပ်တိုးတိုး တုံ့ပြန်လိုက်သည်။


အမှန်တရားကို သူ ကောင်းကောင်း သိသည်။ သူ၏အမှတ်အသားကို ဖုံးကွယ်ထားရန်မှာ ပို၍ခက်ခဲလာပုံရပြီး ထိုကောင်လေးက သူ့ကို ပြောင်ပြောင်တင်းတင်း စိုက်ကြည့်နေခြင်းမှာ ထိုကြောင့်ပင်ဖြစ်လိမ့်မည်။ သူသည် ထိုသို့သောပေါ့ပျက်ပျက်နှင့် အထင်သေးသည့် အကြည့်မျိုးကို အလွန်ပင် စက်ဆုပ်ရွံရှာသည်။ 


သူ့ကို မွန်းကျပ်စေသည့်ရွာထဲမှ အဒေါ်ကြီးများ၏အကြည့်မျိုးနှင့် အတူတူပင်။


ယန်ကျင့်ချင်း၏ရှေ့တွင်သာ သူသည် စစ်မှန်သောလေးစားမှုကို ခံစားရသည်။ ယနေ့ ချန်ထန်း၏အကြည့်ကို သတိပြုမိပြီးနောက် သူ၏စိတ်ထဲတွင် တစ်ခုခုကို ပြန်လည်သတိရလာသည်။ သူ၏ဝေဝါးနေသောမှတ်ဉာဏ်များထဲတွင် တစ်ချိန်က သူ့ကို ထိုကဲ့သို့ရွံရှာဖွယ်ကောင်းသောအကြည့်မျိုးဖြင့် ကြည့်ခဲ့သူ တစ်စုံတစ်ယောက်ရှိခဲ့ဖူးပါသလား။


ထိုသို့သော ရွံရှာဖွယ်အကြည့်မျိုး...


သူ၏မျက်မမြင်ဖြစ်နေမှုကို အခွင့်ကောင်းယူကာ ထိုကဲ့သို့သောရည်ရွယ်ချက်များ ထားရှိခြင်းကို တွေးမိရုံနှင့်ပင် ကျောက်ယန်သည် ယန်ကျင့်ချင်းကို ပို၍ပင် အားကိုးတွယ်တာမိသွားတော့သည်။


အလုပ်များအားလုံး ပြီးဆုံးသွားပြီးနောက် ယန်ကျင့်ချင်းသည် ကန်တူးဖော်ခြင်းကို အပြီးသတ်ကာ ငါးသားပေါက်များအားလုံးကို ရေထဲသို့ လွှတ်လိုက်သည်။ သို့သော် ကန်တွင် ခြံစည်းရိုးမရှိသေးသဖြင့် နောင်မှ ဆက်လုပ်ရန် စီစဉ်လိုက်သည်။


ကျောက်ယန်က ရှေ့မှ လျှောက်သွားပြီး ယန်ကျင့်ချင်းက အနောက်မှ လိုက်လာသည်။ သူတို့၏ခွေးလေးမှာ အိမ်ရှေ့သို့ အပြေးထွက်လာကာ ပျော်ရွှင်စွာ ဟောင်နေတော့သည်။ 


ယန်ကျင့်ချင်းသည် ယနေ့ ဈေးမှ ငါးတစ်ကောင်နှင့် ပဲပြားအချို့ ဝယ်လာခဲ့သဖြင့် ခွေးပေါက်လေးအတွက်လည်း စားစရာအကောင်းစားရပေလိမ့်မည်။


ထိုညတွင် သူသည် ပဲပြားငါးဟင်းချိုပူပူလေးကို ပြင်ဆင်ပေးလိုက်ရာ ကျောက်ယန်မှာ အလွန်ဝမ်းသာသွားသည်။ “မွှေးနေတာပဲ၊ ဒါပေမဲ့ အစ်ကိုကျင့်ချင်း... အစ်ကိုက အမြဲတမ်း ဒါတွေ အများကြီးဝယ်နေတာ၊ ပိုက်ဆံက...”


သူသည် ကုန်ကျစရိတ်များကို စိုးရိမ်နေဆဲဖြစ်သဖြင့် စကားစကို ဖြတ်လိုက်သည်။ 


ယန်ကျင့်ချင်းက ရယ်မောလိုက်ပြီး “မစိုးရိမ်ပါနဲ့၊ ပိုက်ဆံတွေ အများကြီး ရှိပါသေးတယ်၊ မင်းကို ကျွေးရုံနဲ့တော့ ငါ မွဲမသွားပါဘူး” ဟု ပြောလိုက်သည်။


-----