အခန်း - (၁၈)
ထိုညက သူတို့နှစ်ဦးစလုံး အိပ်မပျော်နိုင်ခဲ့ကြပေ။
နှစ်ဦးသားမှာ ကိုယ်စီအတွေးများဖြင့် နစ်မွန်းနေခဲ့ကြသည်။ ပထမဆုံးအကြိမ်အဖြစ် ယန်ကျင့်ချင်းသည် ပူလောင်မှုနှင့်အတူ မခံမရပ်နိုင်အောင် ဂနာမငြိမ်ဖြစ်မှုကို ခံစားလိုက်ရသဖြင့် ထရပ်ကာ ကုတင်ဘေးရှိ ပြတင်းပေါက်ကို ဖွင့်လိုက်သည်။
သူသည် တစ်ယောက်တည်း ထိုင်လျှက် ညကောင်းကင်ယံကို ခဏတာမျှ ငေးကြည့်နေပြီးနောက် ရေအေးတစ်ခွက် ငှဲ့သောက်ကာ စိတ်ကို ရှင်းလင်းသွားအောင် အတင်းအဓမ္မ ကြိုးစားလိုက်သည်။
ဘာကို တွေးသင့်သည်၊ ဘာကို မတွေးသင့်ဘူးဆိုသောအချက်ကို လက်ရှိအချိန်တွင် ဘေးဖယ်ထားသင့်သည်။ ယခုအချိန်သည် ဝေခွဲမရဖြစ်နေရမည့်အချိန် လုံးဝမဟုတ်ပေ။
နောက်တစ်နေ့နံနက်တွင် ယန်ကျင့်ချင်းသည် သူ့ကို ရှောင်ဖယ်မနေခဲ့ပေ။ ထိုအစား သူသည် မနက်စာကို တည်ငြိမ်စွာ ပြင်ဆင်ထားခဲ့ပြီးနောက် ကိစ္စအချို့ကို သွားရောက်ဆောင်ရွက်ရန်ရှိသဖြင့် တစ်နာရီခန့်အကြာတွင် ပြန်လာခဲ့မည်ဖြစ်ကြောင်း ကျောက်ယန်ကို ပြောခဲ့သည်။
ကျောက်ယန်ကလည်း ထိုစကားကို အထွေအထူး မတွေးဘဲ “အင်း...” ဟုသာ ပြန်ဖြေခဲ့သည်။
ကျောက်ယန်သည် မျက်စိမမြင်ရသော်လည်း သူကိုယ်တိုင် အရာရာကို သင်ယူရန် တိတ်တဆိတ် ကြိုးစားနေသည်ကို ယန်ကျင့်ချင်းအနေဖြင့် အကြိမ်ကြိမ် သတိပြုမိခဲ့သည်။ တိုးတက်မှုက နှေးကွေးနေလျှင်ပင် သူသည် စူးစမ်းလေ့လာရန် ဝန်မလေးဘဲ စာအုပ်များကို လက်ဖြင့် စမ်းသပ်ကြည့်ကာ ဆေးဖက်ဝင်အပင်များကိုပင် နှာခေါင်းဖြင့် အနံ့ခံ၍ ခွဲခြားတတ်နေပြီဖြစ်သည်။
သူသည် မျက်စိမမြင်ရသော်လည်း အသုံးမကျသူတစ်ဦး မဟုတ်ပေ။ ကျောက်ယန်သည် အခြားသူများကို ဒုက္ခမပေးမိစေရန် အမြဲတမ်း အစွမ်းကုန် ကြိုးစားသူတစ်ဦး ဖြစ်သည်။
ယခုအခါ ယန်ကျင့်ချင်း၏အိမ်တွင် နေထိုင်ရင်း ကြက်စာကျွေးခြင်း၊ ငါးစာကျွေးခြင်းနှင့် ခွေးလေးအား အစာကျွေးခြင်းတို့ကို သူကိုယ်တိုင် လုပ်ဆောင်နိုင်နေပြီဖြစ်သလို အိမ်၏အပြင်အဆင်တစ်ခုလုံးကိုလည်း သူ၏ လက်ဖဝါးပေါ်တွင် တင်ထားသကဲ့သို့ အလွတ်ရနေပြီဖြစ်သည်။
ထိုအခြေအနေကိုတွေးမိသောအခါ ယန်ကျင့်ချင်းလည်း မတွေးဘဲ မနေနိုင်တော့ပေ။ အကယ်၍ ကျောက်ယန်၏အတိတ်အကြောင်းကိုသာ သူ သိခွင့်ရမည်ဆိုပါက မည်သို့သော စိတ်နှလုံးမရှိသူမျိုးက သူ့အပေါ် ဤမျှ ရက်စက်ခဲ့သနည်းဆိုသည်ကို သူ တကယ်ပင် သိချင်မိသည်။ ထိုလူများသည် ကျောက်ယန်၏အသက်ကို မသတ်ခဲ့ကြသော်လည်း သူ၏အာရုံခံစားမှုတစ်ခုကို နုတ်ယူခဲ့ကြသည်။ ဤသည်ကား အစွန်းရောက်လှသောရက်စက်မှုပင် ဖြစ်သည်။
ထိုအတွေးနှင့်အတူ သူ၏စိတ်ထဲတွင် လမ်းစတစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
အသက်ကို သတ်မည့်အစား လူကို မျက်စိကွယ်အောင် လုပ်ခဲ့ကြသည်မှာ သူ၏ရည်မှန်းချက် သို့မဟုတ် အခွင့်အရေး တစ်ခုခုကို ဆုပ်ကိုင်မရအောင် တားဆီးရန်များ ဖြစ်နေမလား။
ထိုအတွေးမှာ အကြောင်းမဲ့ သံသယတစ်ခု မဟုတ်ပေ။
ယခင်က ယန်ကျင့်ချင်းကို ကယ်တင်ခဲ့ဖူးသော သူ၏မေးွးစားဖခင်ဖြစ်သူ ပြောခဲ့ဖူးသည်မှာ ကိုယ်ကျိုးစီးပွားအတွက် ကြံစည်ကြသောအခါ ရည်ရွယ်ချက်မှာ အမြဲတမ်းလိုလို သတ်ပစ်မည်ဟူသောအကြံအစည်မျိုးမဟုတ်ဘဲ လူတစ်ဦးကို တစ်နည်းနည်းဖြင့် သေသည်ထက်ဆိုးအောင် ပြုလုပ်ရန်လည်း ဖြစ်နိုင်သည်ဟူ၍ပင်။
ရှေးခေတ်ကာလက အမျိုးသားတစ်ဦးသည် သူ တစ်ချိန်က ချစ်ခဲ့ဖူးသောအမျိုးသမီးကို သစ္စာဖောက်ခဲ့ပြီး သူမကို ကိုယ်ဝန်ပျက်ကျကာ ကျန်းမာရေးချို့တဲ့အောင် လုပ်ခဲ့သည်။ ထို့နောက် သူ၏မယားငယ်နှင့် ပူးပေါင်းကာ ထိုအမျိုးသမီး၏မိသားစုပိုင်ဆိုင်မှုများကို သိမ်းပိုက်ရန် ကြံစည်ကြပြီး အဆိပ်ကို အသုံးပြု၍ သူမ၏စကားပြောစွမ်းရည်ကို နုတ်ယူ၏။ ဤသို့ဖြင့် သူမအား တရားမျှတမှုအတွက် ဘယ်သောအခါမှ အော်ဟစ်မတိုင်ကြားနိုင်အောင် ဆွံ့အသူတစ်ဦး ဖြစ်စေခဲ့သည်။
သို့တည်းမဟုတ် အခြားကိစ္စတစ်ခုတွင် ချမ်းသာသောမိသားစုတစ်ခုက စာပေတတ်မြောက်ပြီး ဓားသိုင်းကျွမ်းကျင်သူတစ်ဦးကို သူတို့၏ကိုယ်ရံတော်အဖြစ် ခန့်အပ်ရန် ရှာဖွေခဲ့ကြသည်။ ဆင်းရဲသောမိသားစုမှ လာသောလျှောက်ထားသူတစ်ဦးသည် လမ်းခုလတ်တွင် လျှို့ဝှက်စွာ ထောင်ချောက်ဆင်ကာ သူ၏ပြိုင်ဘက်ကို ကိုယ်လက်အင်္ဂါ မသန်စွမ်းဖြစ်သွားအောင် လုပ်ခဲ့သည်။ သို့မှသာ ထိုသူသည် ထိုရာထူးကို ဘယ်တော့မှ မရယူနိုင်တော့မည်ဖြစ်သည်။
ဤအတိုင်းဆိုရလျှင် ကျောက်ယန်၏မျက်စိကွယ်မှုမှာလည်း အလားတူ အကြောင်းရင်းတစ်ခုခုကြောင့် ဖြစ်နိုင်သည်။
ထိုအတွေးဖြင့် ယန်ကျင့်ချင်းမှာ သက်ပြင်းအရှည်ကြီးချလိုက်မိ၏။ ထို့နောက်မှသာ သူသည် အိမ်နှင့် တော်တော်လေး ဝေးရာသို့ ရောက်နေပြီဖြစ်ကြောင်း သတိပြုမိတော့သည်။ သူ ပြန်လှည့်ကြည့်လိုက်သောအခါ တောင်ခြေရှိ လယ်ကွင်းပြင်များသို့ပင် ရောက်နေပြီဖြစ်သည်။
အရေးတကြီးလုပ်စရာမရှိသဖြင့် ယန်ကျင့်ချင်းသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ လူအချို့နှင့် နှုတ်ဆက်စကား ပြောဆိုပြီးနောက် လယ်ကွင်းများထဲသို့ ပို၍ နက်နက်ရှိုင်းရှိုင်း ဝင်လာခဲ့သည်။ မမျှော်လင့်ဘဲ ဝမ်ရှန့်နှင့် ချောင်ချောင်တို့ ဇနီးမောင်နှံကို ထိုနေရာတွင် တွေ့လိုက်ရပြီး သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး အလိုက်သင့်ကူညီရင်း ဘေးချင်းယှဉ်ကာ အလုပ်,လုပ်နေကြသည်။ သူတို့မှာ အလွန်အမင်း ချိုမြိန်ပြနေခြင်းမျိုးမရှိသော်လည်း သူတို့၏အပြုအမူများက ငြင်းပယ်၍မရသောရင်းနှီးမှုကို ပြသနေသည်။
ရွာသားအတော်များများမှာ စကားချို
ချိုလေးများအား ပြောတတ်သူများ မဟုတ်ကြပေ။ အိမ်ထောင်ကျပြီးသည်နှင့် ဇနီးမောင်နှံမှာ ဘဝကို အတူတကွ ဖြတ်သန်းကြရုံသာ ဖြစ်သည်။ ဝမ်ရှန့်မှာ အသစ်စက်စက် အိမ်ထောင်ရှင်ဘဝ၏ပျော်ရွှင်မှုကို ခံစားနေရဆဲဖြစ်ရာ သူ၏ဇနီးအပေါ် အထူးပင် ဂရုစိုက်လှသည်။
ဇနီးသည်ကို အမှန်တကယ် အလိုလိုက်တတ်သောအမျိုးသားမှာ ရှားပါးလှသဖြင့် ချောင်ချောင်မှာ သဘာဝအတိုင်းပင် ပျော်ရွှင်ပြီး စိတ်အေးချမ်းနေပုံရသည်။
သူတို့ စကားပြောပြီးမှသာ ယန်ကျင့်ချင်း အနီးအနားတွင် ရပ်နေသည်ကို သတိပြုမိကြသည်။ ဝမ်ရှန့်က သူ၏ပေါက်တူးကို ချက်ချင်းချကာ နဖူးမှ ချွေးများကိုသုတ်ပြီး ပြေးလာခဲ့သည်။ သူသည် ရေကို အဝသောက်လိုက်ရာ နေလောင်ထားသောသူ၏အသားအရည်ပေါ်တွင် ဖြူဖွေးသောသွားအချို့ ပေါ်လာသည်။ “ဘာလို့ ဒီကို ရောက်လာတာလဲ၊ မင်း ပုံမှန်ဆိုရင် မနက်ပိုင်း ဆေးမြစ်တွေ သွားရှာတတ်တယ်မဟုတ်ဘူးလား”
ယန်မိသားစုတွင် လယ်ယာမြေအများကြီး မရှိသောကြောင့် အဖိုးကြီးယန်မှာ အမြဲတမ်း ဆင်းရဲခဲ့ရခြင်းဖြစ်သည်။ သူတို့၏စားဝတ်နေရေးမှာ ကိုယ်တိုင်လုပ်အားနှင့် နှစ်ပေါင်းများစွာ အဖော်ပြုလာခဲ့သောအမဲလိုက်ကိရိယာများအပေါ်တွင်သာ မှီခိုနေရသည်။
ယန်ကျင့်ချင်းက ခေါင်းခါလိုက်ပြီး “အရေးတကြီး လုပ်စရာမရှိတဲ့အချိန်တွေလဲ ရှိတာပဲလေ၊ ဒီနေ့တော့ ဒီအတိုင်း လျှောက်ကြည့်ရအောင် လာခဲ့တာ” ဟု ပြောလိုက်သည်။
ထိုစကားဝိုင်းမှာ အမျိုးသားနှစ်ဦးကြားရှ် စကားပြောဆိုမှုသာဖြစ်သဖြင့် ချောင်ချောင်မှာ ဝင်မပါဘဲ လယ်ထဲတွင်သာ ဆက်လက် အလုပ်လုပ်နေခဲ့သည်။
ယန်ကျင့်ချင်းသည် ဝမ်ရှန့်ကို အကြာကြီး ဆွဲမထားချင်သော်လည်း ခဏမျှ စဉ်းစားပြီးနောက် သူက မေးလိုက်သည်။ “အိမ်ထောင်ကျသွားတာကို ဘယ်လိုခံစားရလဲ၊ အရင်ကနဲ့ ဘာတွေကွာခြားသွားလဲ”
“ဟဲဟဲ၊ ကွာတာပေါ့ကွ” ဝမ်ရှန့်က စပြီး ကြွားဝါတော့မည့်ဆဲဆဲမှာပင် တစ်ခုခုကို သတိရသွားကာ ယန်ကျင့်ချင်းကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။ “ဘာလို့ မေးတာလဲ၊ အစ်ကိုယန်... မင်းလဲ အိမ်ထောင်ပြုဖို့ စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်”
သူက ရယ်မောလိုက်သော်လည်း ယန်ကျင့်ချင်းမှာမူ တည်ငြိမ်စွာပင် ခေါင်းခါလိုက်သည်။ “မင်းနဲ့ မင်းမိန်းမ အဆင်ပြေပြေနေကြတာကို မြင်လို့ သိချင်လို့ မေးကြည့်တာပါ”
သူက ထိုသို့ပြောသဖြင့် ဝမ်ရှန့်လည်း ခေါင်းငြိမ့်ကာ သူ၏အတွေးများကို အားရပါးရ ဝေမျှတော့သည်။ “တော်တော်လေး ကွာခြားတယ်ကွ၊ အိမ်ထောင်မပြုခင်က ငါတစ်ယောက်တည်း အပြင်မှာ အလုပ်လုပ်ရတယ်၊ တစ်ခါတလေ အိမ်ပြန်ရောက်ရင် အရမ်းပင်ပန်းပေမဲ့ ငါ့ကို စောင့်နေမဲ့သူ မရှိဘူး၊ ဒါပေမဲ့ အခု မိန်းမရှိလာတော့ စကားပြောဖော် ရှိလာတယ်၊ အလုပ်က ပြန်လာရင် သူက ငါ့ကို ရေတစ်ခွက် ကမ်းပေးမဲ့လူ ရှိနေပြီ၊ ငါ ဘယ်လိုလုပ် မပျော်ဘဲနေပါ့မလဲ”
“ပြီးတော့လဲ မိန်းမရှိတော့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ထောက်ပံ့ပေးနိုင်တယ်လေ၊ ဘဝက ပိုပြီး ချောမွေ့လာသလို နေ့ရက်တိုင်းကလဲ ပိုပျော်ဖို့ ကောင်းလာတယ်” ဝမ်ရှန့်က ပြုံးလိုက်ပြီးနောက် အလုပ်လုပ်နေဆဲဖြစ်သောချောင်ချောင်ကို လှည့်ကြည့်ကာ သူမကို အနားယူရန် အတင်းသွားပြောတော့သည်။
သူတို့နှစ်ဦးမှာ တကယ်ပင် ချိုမြိန်လှသည်။
သူတို့နှစ်ဦးမှာ အလုပ်ရှုပ်နေကြသဖြင့် ယန်ကျင့်ချင်းလည်း အကြာကြီးမနေဘဲ ကိုယ့်ဘာသာ ပြန်လာခဲ့သည်။
သို့သော် ဝမ်ရှန့်၏အိမ်ထောင်သည်ဘဝနှင့် ပတ်သက်သောစကားလုံးများမှာ သူ၏စိတ်ထဲတွင် ကျန်ရစ်နေခဲ့သည်။ စဉ်းစားကြည့်လျှင် သူ၏မကြာသေးမီက နေ့ရက်များမှာလည်း အိမ်ထောင်ရှင်ဘဝနှင့် သိပ်ပြီး မထူးခြားလှပေ။ ယခင်က သူ၏အိမ်မှာ တိတ်ဆိတ်နေခဲ့ပြီး စကားပြောဖော်မရှိခဲ့ချေ။ သို့သော် ကျောက်ယန် ရောက်လာပြီးကတည်းက အိမ်ထဲတွင် အသံနှစ်သံ ရှိလာခဲ့သည်။
သူ အပြင်က ပြန်လာသောအခါ ကျောက်ယန်က ရေငှဲ့ပြီး စားပွဲပေါ်တွင် အဆင်သင့် တင်ထားတတ်သည်။
ထိုအပြုအမူမှာ အသစ်စက်စက် ဇနီးမောင်နှံများ လုပ်ဆောင်တတ်သောအရာမျိုးနှင့် မတူပေဘူးလား!
ယန်ကျင့်ချင်းသည် မိမိ၏အတွေးများကြောင့် ခဏတာမျှ ဇဝေဇဝါ ဖြစ်သွားရသည်။ သို့သော် အိမ်အပြန်လမ်းတွင် ပုံရိပ်အချို့က သူ၏စိတ်ထဲတွင် ဆက်တိုက် ပေါ်လာနေသည်။ ဥပမာအားဖြင့် နေဝင်ရီတရော အချိန်တွင် ကျောက်ယန်သည် အိမ်ရှေ့၌ ရပ်ကာ သူ့ကို တိတ်ဆိတ်စွာ စောင့်နေတတ်ပုံမျိုးပင်။
ဤမြင်ကွင်းမှာ လူတစ်ယောက် တောင့်တမိနိုင်သောအရာမျိုးလည်းဖြစ်သည်။
အပြင်တွင် ဆေးမြစ်အချို့နှင့် တောဟင်းသီးဟင်းရွက်အနည်းငယ်ကို အမှတ်တမဲ့ ခူးယူသွားပြီးနောက် ယန်ကျင့်ချင်းလည်း အိမ်သို့ ပြန်သယ်လာခဲ့သည်။ သေချာပါသည်၊ ကျောက်ယန်မှာ ခွေးလေးနှင့်အတူ ခြံထဲတွင် သူ့အား စောင့်နေသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် ပူပြင်းလှသောနေရောင်အောက်တွင် တိုက်ရိုက်ရပ်နေရလောက်အောင် မမိုက်မဲခဲ့ပေ။
ထိုအကြောင်းကိုတွေးမိသောအခါ ယန်ကျင့်ချင်းတစ်ယောက် ရုတ်တရက် ခပ်တိုးတိုး ရယ်မိသွားသည်။
ထိုရယ်သံကြောင့် ကျောက်ယန်က အနည်းငယ် ဇဝေဇဝါဖြင့် မေးလိုက်သည်။ “ဘာလို့ ရယ်နေတာလဲ”
ယန်ကျင့်ချင်း ဘယ်လိုပြန်ဖြေရမှန်း မသိပေ။ ထို့ကြောင့် သူလည်း ချောင်းအမြန်ဟန့်လိုက်ပြီး “ဘာမှမဟုတ်ပါဘူး၊ ဒီနေ့ညတော့ တောဟင်းသီးဟင်းရွက်ဆန်ပြုတ်ပဲ သောက်ကြရအောင်” ဟု ပြောလိုက်သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နောက်ဖေးခြံထဲမှ ကြက်ဥအကုန်လုံးကို ကျောက်ယန်က သိမ်းဆည်းထားခဲ့သည်။ ယန်ကျင့်ချင်း ဗီဒိုထဲတွင် ရှာကြည့်လိုက်ရာ ကြက်ဥငါးလုံး သိမ်းဆည်းထားသည်ကို တွေ့ရသည်။ ကြက်ပေါက်လေးများမှာ ကြီးလုနီးပါးဖြစ်နေပြီသော်လည်း ကြက်ဥ,ဥရန်အတွက်မူ အချိန်အတော်ကြာ လိုဦးမည်ဖြစ်သည်။
လောလောဆယ်တွင် အိမ်ထောင်စုအတွက်လိုအပ်သောကြက်ဥမှာ ကြက်မကြီးအပေါ်တွင်သာ မူတည်နေသည်။
အမဲလိုက်မထွက်ဖြစ်သည်မှာ ရက်အတော်ကြာပြီဖြစ်သဖြင့် ခဏမျှ စဉ်းစားပြီးနောက် ယန်ကျင့်ချင်းက ပြောလိုက်သည်။
"မနက်ဖြန်ကျရင် ငါ မင်းကို တောင်ပေါ်ခေါ်သွားမယ်၊ အခုတလော တောယုန်တွေ ပေါနေတယ်လို့ ကြားတယ်၊ ငါတို့ ယုန်သားကင်စားကြရင် ဘယ်လိုလဲ"
"ကောင်းပြီ" ကျောက်ယန်က ချက်ချင်းပင် သဘောတူလိုက်သည်။ သူသည် ယခင်က ယုန်သားကို တစ်ခါမျှ မစားဖူးခဲ့ချေ။
သူတို့၏စကားဝိုင်းမှာ ဘာမှမဖြစ်ခဲ့သလိုပင် ရိုးရှင်းလှသော်လည်း ဤကဲ့သို့ အဆင်ပြေပြေ နေထိုင်ရသည့်နေ့ရက်များမှာ ထာဝရ တည်မြဲနေမည်မဟုတ်ကြောင်း နှစ်ဦးသား စိတ်ထဲတွင် သိနေကြသည်။
ယခုအခါ ဇူလိုင်လလယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ယန်ကျင့်ချင်းက ရက်စွဲကို တွက်ချက်ကြည့်ရင်း အမှတ်တမဲ့ ပြောလိုက်သည်။ "မနက်ဖြန်က ဝိညာဉ်ပွဲတော်ဆိုတော့ ငါ့အဖေကို သွားကန်တော့ရမယ်"
"ဝိညာဉ်ပွဲတော်ဝန်းကျင်မှာ အပြင်ထွက်တာက မကောင်းဘူး၊ အဲ့ဒီတော့ ၂၀ ရက်နေ့ကျမှပဲ အမဲလိုက်ထွက်ကြရအောင်" ယန်ကျင့်ချင်းက ရက်ပြန်တွက်ပြီးနောက် သူတို့၏အစီအစဉ်ကို ပြောင်းလဲလိုက်သည်။
ကျောက်ယန်က "ကောင်းပါပြီ" ဟု ခပ်တိုးတိုး ပြန်ဖြေသည်။
ယန်ကျင့်ချင်းနှင့် လမ်းခွဲပြီးနောက် ကျောက်ယန်သည် ခွေးလေးကို ခြံထဲသို့ ခေါ်ဆောင်လာပြီး တံခါးကို ပိတ်လိုက်သည်။ ညဦးယံလေထုတွင် အေးမြမှုများ ပါရှိနေသည်။ သူသည် ပြတင်းပေါက်များကို ဘယ်တော့မှ ဖွင့်မထားတတ်လေရာ ဝတ်ထားသည့်အဝတ်အစားများအတိုင်းပင် လှဲလျောင်းလိုက်သည်။
ကျောက်ယန်သည် စောစောအိပ်ရန် ရည်ရွယ်ထားသည်။ သူသည် ကိုယ်ဟန်အနေအထားကို မတ်မတ်ထားပြီး လက်နှစ်ဖက်ကို ဝမ်းဗိုက်ပေါ်တွင် တင်လျှက် လှဲလျောင်းနေရင်း မကြာမီမှာပင် အိပ်ပျော်သွားတော့သည်။
အိပ်မောကျနေစဉ်အတွင်း သူသည် တစ်နေရာတွင် နိုးလာခဲ့သည်။ သို့သော် သူ ဘယ်ရောက်နေသလဲဆိုသည်ကို မသိချေ။ ပုံမှန်အားဖြင့် ဝေဝါးနေသောသူ၏အမြင်အာရုံမှာ ရုတ်တရက် ရှင်းလင်းသွားပြီး အချိန်အတော်ကြာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အလင်းရောင်ကို မြင်လိုက်ရသည်။
ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ ပြတ်သားထင်ရှားနေသည်။ သူ့ဘေးမှ ဖြတ်သွားသော မျက်နှာတိုင်းနှင့် အမူအရာတိုင်းကို အံ့သြစရာကောင်းလောက်အောင် ရှင်းလင်းစွာ မြင်နေရသည်။
သူ ဘယ်ရောက်နေသလဲဆိုသည်ကို ဇဝေဇဝါ ဖြစ်နေရင်း ကျောက်ယန်သည် လေထဲတွင် လွင့်မျောနေသကဲ့သို့ ခံစားနေရသလို သူ၏ခြေလှမ်းများမှာလည်း အလေးချိန်မရှိသလို ဖြစ်နေသည်။
သို့သော် မကြာမီမှာပင် ပတ်ဝန်းကျင်မှာ ပြန်လည်မှောင်မိုက်ကာ ဝေဝါးသွားပြန်သည်။ ချောက်ချားဖွယ်ကောင်းသောတိုးတိုးရေရွတ်သံများက သူ၏ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်နေကာ ဤနေရာသည် ကောင်းသောနေရာမဟုတ်ကြောင်း အဆက်မပြတ် သတိပေးနေသည်။ သူ အာရုံစိုက်လိုက်သည့်ခဏမှာပင် သူ၏ရှေ့၌ အရိပ်မည်းများ ပေါ်လာသည်။ သို့သော် ထိုသူတို့၏မျက်နှာများကိုမူ လုံးဝ မမြင်ရပေ။
အတွေးတစ်ခုက သူ၏စိတ်ထဲတွင် ပဲ့တင်ထပ်နေသည်။
'ဘာတွေ ဖြစ်ပျက်နေတာလဲ၊ ခုနကတင် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရတာ မဟုတ်ဘူးလား၊
ဘာဖြစ်လို့ တခြားသူတွေရဲ့မျက်နှာကို မြင်ရပြီး ငါ့ရှေ့က လူတွေရဲ့မျက်နှာကိုကျတော့ မမြင်ရတာလဲ'
သူ ဘာမှမပြောနိုင်ခင်မှာပင် ထိုအရိပ်မည်းက အရင် စကားပြောလာသည်။ “နှမြောစရာပဲ၊ မင်းက ငါ့ရဲ့ညီအငယ်ဆုံး ဖြစ်နေလို့ပေါ့၊ အဲ့ဒါကြောင့်လဲ ငါ မင်းကို ဘာမှလုပ်လို့မရတာ၊ ဒါပေမဲ့ ငါက ဘယ်လိုလူစားမျိုးလဲဆိုတာ မင်းသိပါတယ်၊ ငါက အငြိုးအတေးကို အမြဲတမ်း ပြန်ဆပ်တတ်တဲ့သူ၊ ငါ မပိုင်ဆိုင်ရတဲ့အရာဆိုရင်... ဖျက်ဆီးပစ်လိုက်တာက ပိုကောင်းတယ်”
“မင်းရဲ့မျက်လုံးတွေက မင်းအမေနဲ့ အတော်တူတာပဲ၊ အဲ့ဒီမျက်လုံးတွေကပဲ... ငါ့ကို စိတ်တိုအောင် လုပ်နေတာ” ထိုအသံမှာ နက်ရှိုင်းလှပြီး ရက်စက်ကြမ်းကြုတ်မှုများ ပါဝင်နေသဖြင့် လူကို ကြက်သီးထသွားစေသည်။
ဘေးဘက်မှ အခြားအသံတစ်သံ ထွက်ပေါ်လာပြန်သည်။ “ဒုတိယအစ်ကို၊ သူ့ကို ဘာလုပ်ဖို့ စီစဉ်ထားလဲ”
“သူ အခု သတိမေ့နေတာမဟုတ်လား၊ အဲ့ဒီအရာကို သူ့အပေါ်ကို အကုန်လောင်းချလိုက်” ထိုအသံမှာ တိုးလိုက် ကျယ်လိုက် ဖြစ်နေသည်။ “ပြီးရင် သူ့ကို လူသူမရှိတဲ့တစ်နေရာရာမှာ သွားပစ်ထားလိုက်၊ ဘယ်သူမှ ရှာမတွေ့သရွေ့တော့ သူ့လို အရေးမပါတဲ့သူမျိုးကို၊ အဖေက တကူးတက လိုက်ရှာနေမှာ မဟုတ်ပါဘူး၊ ဟုတ်တယ်မလား”
“သူ့ကို ဒီလောကကြီးကနေ ပျောက်ကွယ်သွားခိုင်းလိုက်၊ ကြည့်နေလိုက်၊ သူ ပျောက်သွားတာက သူ့ကို အလိုလိုက်လွန်းတဲ့အစ်ကိုကြီးကို ရူးသွားအောင် လုပ်လိမ့်မယ်၊ အဲ့ဒီအစ်ကိုသာ ကျရှုံးသွားရင်... ပြောစမ်းပါဦး၊ ဒီလောကမှာ ငါ့ကို ဘယ်သူက ယှဉ်နိုင်ဦးမှာလဲ”
“ဟားဟားဟားဟား...”
ရယ်သံများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ကျောက်ယန်မှာ အိပ်မက်ဆိုးတစ်ခုထဲတွင် ပိတ်မိနေပြီး တစ်ကိုယ်လုံး တုန်ရင်နေတော့သည်။ ထိတ်လန့်ဖွယ်ကောင်းသောမှတ်ဉာဏ်များက ရုတ်တရက် တိုးထွက်လာသော်လည်း လုံးဝဥဿုံ ပေါ်ထွက်လာခြင်းမရှိပေ။ ထိုပုံရိပ်များကို ဆုပ်ကိုင်၍မရသဖြင့် သူသည် ကုတင်ပေါ်တွင် နာကျင်စွာဖြင့်သာ လူးလိမ့်နေမိသည်။
ထိုနှိပ်စက်ညှဉ်းပန်းမှုမှာ မည်မျှကြာအောင် ကြာခဲ့သည်ကို သူ မသိပေ။
ထိုအချိန်တွင် ရင်းနှီးသောအသံတစ်ခုက သူ့ထံသို့ ရောက်ရှိလာပြီး သူ့ကို ပြန်လည်ဆွဲခေါ်လိုက်သည်။ "အားယန်! အားယန်... ထတော့"
ထိုအသံမှာ ဟာလာဟင်းလင်းဖြစ်မှုထဲမှ သူ့ကို ဆွဲထုတ်လိုက်သကဲ့သို့ပင်။
ကျောက်ယန်သည် အိပ်မက်ထဲမှ လန့်နိုးလာခဲ့ပြီး တစ်ကိုယ်လုံးမှာလည်း ချွေးအေးများဖြင့် စိုရွှဲနေသည်။ ကြောက်ရွံ့မှုများက သူ့ကို လွှမ်းမိုးထားဆဲပင်။ သူ၏လက်မောင်းကို တစ်စုံတစ်ယောက်က တင်းတင်းကြပ်ကြပ် ကိုင်ထားသည်ကို ခံစားလိုက်ရပြီးမှသာ ယန်ကျင့်ချင်းက သူ့ကို နှိုးလိုက်ခြင်းဖြစ်ကြောင်း သတိထားမိတော့သည်။ သူ၏နှုတ်ခမ်းများမှာ တုန်ရင်နေပြီး ယန်ကျင့်ချင်းရှိရာသို့ တိုးကပ်လိုက်မိသည်။ "အစ်ကိုကျင့်ချင်း..."
သူ၏ခန္ဓာကိုယ်မှာ ထိန်းမရအောင် ဆက်လက် တုန်ရင်နေဆဲဖြစ်သည်။
ယန်ကျင့်ချင်းမှာ ထိုမြင်ကွင်းကိုကြည့်ပြီး ရင်ထဲမှာ နာကျင်နေမိသည်။ ကျောက်ယန် ဘယ်လိုအိပ်မက်ဆိုးမျိုးနှင့် ကြုံတွေ့ခဲ့ရသလဲဆိုသည်ကို သူ မသိသော်လည်း ကျောက်ယန်၏တုံ့ပြန်မှုမှာ အလွန်ပင် ပြင်းထန်လှသည်။ အခြားနည်းလမ်းမရှိသဖြင့် သူသည် ကျောက်ယန်ကို ရင်ခွင်ထဲသို့ဆွဲသွင်းကာ ကျောကို အသာအယာ ပုတ်ပေးလိုက်သည်။ "ရပါတယ်၊ အားလုံး ပြီးသွားပြီ၊ အဆင်ပြေသွားမှာပါ"
"ဟူး..." ရင်ခွင်ထဲမှ လူသားမှာ အသက်ကို လုရှူနေရဆဲပင်။
ကျောက်ယန်သည် တစ်ဖက်လူ၏ရင်ခွင်ထဲသို့ ပို၍တိုးဝင်လိုက်ပြီး တုန်တုန်ရင်ရင်ဖြင့် စကားပြောလာသည်။ "အစ်ကိုကျင့်ချင်း၊ ကျွန်တော် တစ်ခုခုကို မှတ်မိသွားတယ်၊ မှတ်ဉာဏ်တစ်ခု ပြန်ရလာတယ်၊ ဒါပေမဲ့... သူတို့မျက်နှာတွေကို ကျွန်တော် ရှင်းရှင်းလင်းလင်း မမြင်ရသေးဘူး၊ ကျွန်တော် အခုထိ မသိသေးဘူး..."
စကားမဆုံးမီမှာပင် ယန်ကျင့်ချင်းက သူ့ကို ထပ်မံ နှစ်သိမ့်လိုက်သည်။ "အဆင်ပြေပါတယ်၊ အခုလောလောဆယ် အတင်းအဓမ္မ မှတ်မိအောင် မလုပ်နဲ့ဦး၊ မင်းရဲ့မှတ်ဉာဏ်တွေက ဒီလောက်အထိ နက်နက်ရှိုင်းရှိုင်း မြုပ်နှံနေတာဆိုရင်.. အဲ့ဒီထဲမှာ ရင်ဆိုင်ဖို့ အရမ်းနာကျင်စရာကောင်းတဲ့အရာတစ်ခုခု ရှိနေလို့ ဖြစ်လိမ့်မယ်၊ အဲ့ဒါတွေကို ပြန်မှတ်မိရတာက အရမ်းနာကျင်နေတယ်ဆိုရင်လဲ မေ့ပစ်လိုက်တာက ပိုကောင်းပါတယ်၊ အချိန်ယူပြီး အရင်ဆုံး စိတ်အေးအေးထားလိုက်ပါ၊ အလျင်လိုစရာမရှိပါဘူး"
-----