Part 617
“သမီးလေး ဘာဖြစ်တာလဲ...သမီးမစဉ်းစားနိုင်တာရှိရင် မားမားကိုလာပြောလေ"
သူမသားတွေအကုန်လုံး အတန်းထဲမှာရှိနေသဖြင့် သူမသမီးက အနိုင်ကျင့်ခံရမှာ မဟုတ်ဟု သူမထင်သည်။ အားဝမ်ကလည်း မိုင်စွေ့ကို စိတ်ဆိုးခံမှာမဟုတ်ချေ။ထို့ကြောင့် သူမကို စိတ်အနှောင့်အယှက်ဖြစ်စေသည် တစ်ခုခုတော့ ရှိမှာဖြစ်သလို ယောက်ျားလေးတွေကိုလည်း ပြောပြရန် ရှက်လွန်းနေ၍ဖြစ်ရမည်။
မိုင်စွေ့ နားမလည်နိုင်သောကြောင့် စိုးရိမ်စိတ်တွေ များလာပြီး စိုးရိမ်လေလေ နားမလည်နိုင်လေလေဖြစ်သဖြင့် မျက်ရည်များက ပုတီးစေ့များကဲ့သို့ကြွေကျလာပြီး လင်းလန်၏ရင်ခွင်ထဲသို့ သူမကိုယ်သူမ ပစ်ဝင်လိုက်ကာ ဆွဲဆွဲငင်ငင်ခေါ်တော့သည်။
"မားမား..."
လင်းလန် စကားမပြောဘဲ သူမဆံပင်တွေကို ပွတ်သပ်ရင်း စိတ်တည်ငြိမ်အောင် အရင်လုပ်လိုက်ပြီး ခဏအကြာတွင်မေးလိုက်၏။
"ဘာဖြစ်နေတာလဲ... မားမား ပြောပါဦး"
မိုင်စွေ့က ရှုပ်ထွေးနေသော မေးခွန်းကို ထုတ်ပြောလိုက်ပြီးနောက် လင်းလန်ကို မျက်ရည်များဝဲနေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
လင်းလန် မရယ်ဘဲမနေနိုင်ပါချေ။ မျက်တောင်မွှေးများပေါ်တွင် မျက်ရည်များဝေ့သီနေသော လှပပြီး တောက်ပသည့် ကောင်မလေးကို ကြည့်လိုက်ရင်း သူမ နာကျင်သွားမိပြန်ကာ မျက်ရည်များကို လက်ကိုင်ပုဝါဖြင့် သုတ်ပေးလိုက်၏။
"တုံးလိုက်တဲ့ သမီးလေး...အချိန်တိုင်း အရူးလုပ်ခံနေရလို့မဖြစ်ဘူးလေ...သမီးမှာ ပြဿနာရှိရင် မိဘတွေကို ပြန်လာပြီးပြောရမယ်လေ...သိလား"
မိုင်စွေ့က ခေါင်းညိတ်သည်။
“မားမား ဘာဖြစ်နေတာလဲ... မြို့ကြီးပြကြီးမှာ စာသင်တဲ့ ပညာတတ်လူငယ်တွေက ကျေးလက်တောရွာတွေမှာလာပြီး လယ်လုပ်ကြရတယ်... သူတို့သင်ယူထားတဲ့ ပညာက အလုပ်မှတ်တွေရဖို့ လုံးဝသုံးမရဘူး...ဒီလိုသာဆို
အစကတည်းက စာမသင်ဘဲ အလုပ်လုပ်ဖို့ ခွန်အားကို အားကိုးမှာပေါ့...အဲ့လိုဆို ခွန်အားတွေ ပိုရှိလာမှာ"
လင်းလန် သူမ၏သားသမီးများက ကြီးပြင်းလာသောအခါတွင် တွေးခေါ်နိုင်ကြလိမ့်မည်ဖြစ်သည့်အတွက် စိတ်သက်သာရာရသွားသည်။
သူမက တိုးတိုးလေးပြောလိုက်၏။
"မားမားရှေ့ကအရာတွေကို သမီးကိုမလိမ်ချင်ဘူး... အဖြစ်မှန်က အဲ့ဒီလိုပဲ...ကျေးလက်ကလူတွေ မြို့ထဲမဝင်ရဘူး... ကျောင်းပြီးရင် အိမ်ပြန်ကြတယ်... မြို့မှာ လူတွေအရမ်းများလို့ အလုပ်တွေ မစီစဉ်နိုင်ကြဘူး...အဲ့တော့ ဘွဲ့ရတွေထဲကနေ ဘွဲ့ရ တစ်သုတ်ကို ရွေးလိုက်တယ်... မြို့ နယ်တွေက မြို့တွေရဲ့ ဖိအားတွေကို လျှော့ချနိုင်တယ်လေ"
မိုင်စွေက မျက်တောင်လေးများ တဖျပ်ဖျပ်ခတ်ရင်း သူမကို ကြည့်လိုက်ပြီး ဤစကားက အလွန်ဆန်းသစ်သည်ဟု ခံစားရ၏။ အခြားမည်သူမျှ ထိုသို့မပြောကြပေ။
လင်းလန်က ပြုံးပြီး ဆက်ပြောသည်။
"မားမားတို့ ရေဒီယိုနားထောင်ခဲ့တယ်မဟုတ်ဘူးလား... အခက်အခဲတွေက ယာယီပဲ... ဂျပန်ဆန့်ကျင်ရေး ရှစ်နှစ်ဟာ အခက်ခဲဆုံးနဲ့ အမှောင်ဆုံးနေ့တွေပဲလေ...အဲ့ဒါတွေကလည်းအခု အတိတ်မှာပဲ ကျန်ခဲ့ပြီ မဟုတ်ဘူးလား...သုံးနှစ်တာအကြပ်အတည်းကာလက အရမ်းခက်ခဲတယ်...ဒါပေမဲ့ အဲဒီတုန်းကလည်း မားမားတို့ ပျော်ရွင်နေကြတုန်းပဲလေ... ကပ်ဆိုးကြီးကို ကျော်လွှားပြီးရင် အနာဂတ်မှာ ကောင်းချီးတွေ ရှိလာမယ်... တိုင်းပြည်လည်း ပိုကောင်းသထက်ကောင်းလာမယ်..."
သူမကခဏရပ်လိုက်ပြီးဆက်ပြောသည်။
"ပညာတတ်လူငယ်တွေကို ကျေးလက်ကို ပို့ရတာက... လုံလောက်တဲ့ ကျောထောက်နောက်ခံ အလုပ်တွေ မရှိလို့ပဲ... အတိအကျ ပြောရမယ်ဆိုရင် ဒါဟာ အသက်မွေးဝမ်းကြောင်း ပေါင်းစုံက ခွန်အားတွေ စုဆောင်းနေကြတယ်... လူ့အဖွဲ့အစည်းမှာ အရည်အချင်းရှိတဲ့ လူတွေ အများကြီး လိုအပ်နေတယ်ဆိုတာကိုပြသနေတာ...စုဆောင်းခြင်းက သတ်မှတ်ထားတဲ့ အဆင့်တစ်ခုကို ရောက်တဲ့အခါ ပြင်းပြင်းထန်ထန် ပေါက်ကွဲထွက်လာတဲ့ အခြေအနေတစ်ခုဖြစ်လာမှာ...ဒါက အရာဝတ္ထုတွေ ဖွံ့ဖြိုးတိုးတက်လာမှုရဲ့ မလွှဲမရှောင်သာတဲ့ နိယာမတရား တစ်မျိုးပဲ...အဲ့ဒီအချိန်ကျရင် လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးက ကမ္ဘာတုန်လောက်တဲ့ ပြောင်းလဲမှုတွေဖြစ်လာလိမ့်မယ်... အတားအဆီးတွေ ကျိုးပဲ့သွားပြီး ပညာက အင်အားဖြစ်လာလိမ့်မယ်... အဲ့ဒိအချိန်ကျရင် အပြင်ထွက်သရွေ့ အခွင့်အလမ်းတွေ ရှိလိမ့်မယ်...တောက ပညာတတ်တွေက မြို့ကိုတိုက်ရိုက်သွားလိမ့်မယ်...ဒါမှမဟုတ် ကျေးလက်မှာနေပြီး ကမ္ဘာသစ်ကိုတည်လိမ့်မယ်... စာမသင်လို့ ပညာမတတ်ရင် ကောင်းကောင်းထွက်သွားနိုင်ပါ့မလား”
မိုင်စွေ့၏ မျက်ရည်စများနှင့် မျက်လုံးများက မီးတောက်များ အရောင်လက်လာပြီး ရွှန်းရွှန်းဝေးအောင်တောက်ပလာတော့သည်။
"မားမား...မားမားဆိုလိုတာက အနာဂတ်က တောက်ပနေတယ်ပေါ့ ဟုတ်လား”
လင်းလန်က ခေါင်းညိတ်ပြီး သူမ၏ပါးပြင်နုနုများကို ကိုင်ကာ ပြုံး၍ ပြောလိုက်သည်။
"ဟုတ်တယ်... အနာဂတ်က တောက်ပနေတယ်... လက်တွေ့က ထင်ထားသလို မကောင်းဘူးဆိုရင်တောင် မားမားတို့က တိတ်တဆိတ် ခွန်အားတွေ စုဆောင်းပြီး ကိုယ့်ကိုကိုယ် လက်နက်မျိုးစုံတပ်ဆင်ထားရမယ်(အဆင်သင့်ဖြစ်အောင်ပြင်ဆင်ထားရမယ်) ... အဖြစ်မှန်ကို အစွဲအလမ်းကြီးပြီး မပြောင်းလဲဝံ့တဲ့သူတွေက အမြဲတမ်း ညည်းညူနေလိမ့်မယ်...ညည်းညူခြင်းက တိုးတက်အောင်မလုပ်နိုင်ဘူး... အခွင့်အလမ်းတွေ များလာရင်တောင်မှ တခြားသူတွေကိုပဲ အပြစ်တင်ပြီး အခွင့်အလမ်းကောင်းတွေ လက်လွတ်ဆုံးရှုံးစေခဲ့တဲ့ လူမှုရေးမမျှတမှုတွေအကြောင်း ညည်းညူနေရုံပဲတတ်နိုင်တယ်...ဒါပေမဲ့ သမီးတို့...သမီးတို့လို ပြင်ဆင်ထားတဲ့သူတွေက ပျံသန်းနိုင်၊ တက်နိုင်၊ ခေတ်သစ်ကို ဖွင့်လှစ်နိုင်မှာပါ"
မိုင်စွေ့က လင်းလန်ကို ချက်ချင်းပွေ့ဖက်လိုက်လေသည်။
"မားမားလည်း အဲဒီနေ့ကို စောင့်နေတာပဲ မဟုတ်လား"
လင်းလန်က အလေးအနက်ဆိုလိုက်၏။
"မားမားအတွက် ပစ္စုပ္ပန်က အကောင်းဆုံးပါပဲ... အတိတ်ကို မလွမ်းနဲ့ အနာဂတ်ကိုလည်း မမက်မောပါနဲ့... လာမည့်နေ့ရက်တိုင်းက တန်ဖိုးအရှိဆုံးပဲ”
အဘယ်ကြောင့်ဆိုသော် ယနေ့သည် အတိတ်၏အနာဂတ်ဖြစ်ပြီး အနာဂတ်၏အတိတ်လည်းဖြစ်သည်။
မိုင်စွေ့က သူမကို မော့ကြည့်လိုက်ပြီး ဤစာကြောင်းကို သူမစိတ်ထဲမှာ အခိုင်အမာ ရေးထိုးထားလိုက်သည်။
လင်းလန်က သူမကို ပွေ့ဖက်ကာ လှုပ်ယမ်းလိုက်ပြီး ဆို၏။
"မားမားတို့မကျော်နိုင်တဲ့ အတားအဆီးဆိုတာမရှိဘူးလို့ မှတ်ထားရမယ်နော်...လမ်းဆုံးဆိုတာဘယ်တော့မှ မရှိဘူး... အခက်အခဲတွေထက် နည်းလမ်းတွေ အမြဲရှိတယ်"
"မားမား..."
မိုင်စွေ့က မျက်ရည်များကြားကနေ ပြုံးလိုက်သည်။
"သမီး မှတ်ထားပါ့မယ်"
"သွား... ကိုယ့်အတွက်ကိုယ် စဉ်းစား ချေ"
လင်းလန် မျက်ရည်တွေကို သုတ်ပေးပြီးပခုံးကို ပုတ်ကာဆိုလိုက်၏။
"ကျောင်းမဆင်းသေးဘူး"
မိုင်စွေ့က ခေါင်းညိတ်ပြလိုက်သည်။ ပင်မခန်းမှာ ရပ်နေသည့် အားဝမ်ကိုတွေ့သောအခါ သူမ မနေနိုင်ဘဲ ရယ်မောရင်း ပြောလိုက်သည်။
" အယ် ...ဘာလို့ ပြန်လာတာလဲ "
အားဝမ် : "ငါ့ခရမ်းခွက်ကြော်က ငန်လို့... ပြန်လာပြီး ရေသောက်တာ"
လင်းလန် သူတို့ကို စကားနည်းနည်းပြောပြီး ကျောင်းသွားခိုင်းလိုက်၏။
မိုင်စွေ့နှင့်အားဝမ်တို့ ထွက်သွားသောအခါ သူမ၏ နှလုံးသားထဲတွင် အခိုးအငွေ့များ ကင်းစင်သွားကာ သူမ၏ ခြေလှမ်းများက ထူးထူးခြားခြား သွက်လက်နေပြီး သံစဥ်တစ်ခုကို မညည်းမိဘဲမနေနိုင်ပေ။
"တို့က ကွန်မြူနစ်ဝါဒကို ဆက်ခံသူများ~~"
အားဝမ်က ပြုံးပြီးဆိုသည်။
"ခေါင်းမာလွန်းမနေစမ်းပါနဲ့"
မိုင်စွေ့က ရှက်သွား၏။
"ဘယ်မှာခေါင်းမာလို့လဲ"
အားဝမ်က ပြုံးပြီး ဘာမှပြန်မပြောဘဲ ကျောင်းကိုသွားကာ ဆရာမကို အရင်တောင်းပန်ပြီး အတန်းတက်ရန် ပြန်ထိုင်လိုက်သည်။
Xxxxxxxx
Part 618
ဟန်ချင်းဖျင်က အတန်းပြီးသောအခါ မိုင်စွေ့ကို ခေါ်ပြီး မေးလာ၏။
"ကျောင်းသူမိုင်စွေ့ သမီး...အဆင်ပြေ သွားပြီလား"
မိုင်စွေ့က ချိုသာစွာ ပြုံးပြီးဆိုလိုက်သည်။
"ဟုတ်ကဲ့...မားမားက သမီးကိုပြောပြလို့ နားလည်သွားပြီ"
ဟန်ချင်းဖျင် အတော်လေးသိချင်သွားမိ၏။
"သူကဘာပြောလိုက်လို့ သမီးကနားလည်သွားတာလဲ"
မိုင်စွေ့: "ဆရာက ပြောတယ်လေ.. ကိုယ့်ကိုကိုယ်အတွက် သင်ယူနေတာ... သင်ယူခြင်းက ကိုယ့်ကို ပျော်ရွှင်စေတယ်၊ ပိုသိစေတယ်၊ လူတွေ ဘယ်လိုဖြစ်နေလဲ သိစေတယ်၊ ကမ္ဘာမြေကြီး ဘယ်လိုလည်ပတ်နေလဲသိစေတယ်... စာဖတ်တာက တက္ကသိုလ်တက်နိုင်အောင် မတက်နိုင်ရင်တောင် လယ်ထဲပြန်ရမှာဆိုတော့... သမီးအရမ်းပျော်တယ်...ဘာလို့လဲဆိုတော့ ကမ္ဘာကြီးက ဘယ်လိုပုံစံလဲဆိုတာ သိသွားသလို...ကိုယ် တစ်ယောက်တည်းအထီးကျန်နေမှာ မဟုတ်ဘူးဆိုတာကိုလည်း သိသွားတယ်လေ"
အထီးကျန်တယ်...
ဟန်ချင်းဖျင်က ရယ်မောလိုက်၏။ ကလေးတစ်ယောက်သည် အထီးကျန်သည်ဟု အမှန်တကယ်ပြောသော်လည်း သူ၏ အတွင်းစိတ်ခံစားချက်များကို လေးလေးနက်နက် ပြောပြခဲ့သည်။
မိုင်စွေ့က ပြုံးပြီးဆို၏။
"ဒါဆို ဆရာ ...မျှော်လင့်ချက်က ရောင်နီပျိုးနေ တယ်... သမီတို့ကလည်း အမြဲတမ်း အဆင်သင့်ဖြစ်နေတယ်ဆိုရင်... မျှော်လင့်ချက်တွေ ပေါ်လာတဲ့အခါ အသိပညာက တကယ်ပဲ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်လာနိုင်တယ်မဟုတ်လားဟင်"
ဟန်ချင်းဖျင် သူမကိုကြည့်လိုက်သည်။ မျှော်လင့်ချက်က ရောက်လာတော့မှာလား... မျှော်လင့်ချက်က ဘယ်လိုပုံစံလဲ... ဘယ်လိုအရာခဲ... ထွန်းတောက်မှာလား...
"သမီးအမေက သမီးကိုဒီလိုသင်ပေးခဲ့တာလား"
မိုင်စွေ့က ခေါင်းညိတ်ပြသည်။
"သမီးမားမားပြောတာမှန်တယ်လို့ထင်တယ်...သမီးက ငယ်သေးတယ် အနာဂတ်မှာအလားအလာတွေအဆုံးမဲ့ရှိတယ်လေ..."
ဟန်ချင်းဖျင် ခေါင်းညိတ်ပြီးဆိုလိုက်၏။
"ဒါပေါ့ တော်လိုက်တဲ့ကလေး...သမီးအမေမှန်တယ် ...သမီးက ငယ်သေးတယ်...ဒီကမ္ဘာမှာ အနိုင်ယူလို့မရဆုံးအရာက အချိန်ပဲ...ကြိုးစားထား"
"ကျေးဇူးတင်ပါတယ် ဆရာ"
မိုင်စွေ့နှင့်ဟန်ချင်းဖျင် စကားပြော ပြီးနောက် သူတို့ ဟောင်ဟုန်ကျန်းကို သွားရှာကြရာ သူမ၏မျက်လုံးများနီရဲနေသည်ကိုတွေ့လိုက်ရသောကြောင့် မိုင်စွေ့ အလျင်အမြန်တောင်းပန်လိုက်၏။
"အစ်မဟောင်.. တောင်းပန်ပါတယ်... အစ်မကို စိတ်မကောင်းဖြစ်စေမိခဲ့တယ်"
ဟောင်ဟုန်ကျန်းက ပြုံးပြီးပြောပါသည်။
"မဟုတ်ပါဘူးကွယ်"
မိုင်စွေ့ ဟန်ချင်းဖျင်ကို ပြောပြခဲ့သည့် ခံစားချက်တွေအကြောင်း ဟောင်ဟုန်ကျန်းကို ပြောပြခဲ့ပြီး နောက်ဆုံးမှာ သူမက ပြောလိုက်၏။
"အစ်မဟောင် စိတ်ဓာတ်မကျပါနဲ့...သမီးမားမားကပြောတယ်... မျှော်လင့်ချက်ဆိုတာ ရှိလာမှာ... အခွင့်အလမ်းက ပြင်ဆင်ထားတဲ့သူတွေအတွက် ပဲတဲ့... အဲ့ဒါကြောင့် စိတ်ဓာတ်မကျပါနဲ့နော်"
ဟောင်ဟုန်ကျန်း အမှန်တွင် သူမနှင့် ဟန်ချင်းဖျင် ပြောသည်ကို နားထောင်ပြီး စိတ်ထဲမှာ ဆက်တိုက် တွေးနေမိသည်။ကျေးလက်က အမျိုးသမီးတစ်ယောက်ဖြစ်သည့်လင်းလန်နှင့် ကျေးလက်က ကောင်မလေးဖြစ်သည့် မိုင်စွေ့တို့က ယခုလို အတွေးအမြင်တွေ ရှိလိမ့်မည်ဟု သူမမမျှော်လင့်ထားခဲ့ပေ။
ဤသည်က တကယ်ကို မရိုးရှင်းပါချေ။
သူမက စိတ်ရင်းဖြင့် ပြောလိုက်သည်။
"မိုင်စွေ့ ... ကျေးဇူးအများကြီးတင်ပါတယ်...ညီမလေးပြောလိုက်တဲ့အခါ အစ်မနှလုံးသားက ရုတ်တရက် ကြည်လင်လာတယ်"
" ကောင်းတာပေါ့"
မိုင်စွေ့က သူမလက်ကို ဆုပ်ကိုင်ပြီး အားပေးလိုက်၏။
"အားလုံးကြိုးစားကြပါစို့..."
မိုင်စွေ့၏ ကိစ္စကြောင့် နေ့လည်ကျောင်းဆင်းချိန် . ကလေးတွေကို မြန်မြန်တွေ့ရရန် မျှော်လင့်ပြီး လင်းလန်လမ်းဆုံမှာ စောင့်နေခဲ့သည်။
များမကြာမီတွင်၊ ကလေးများ ထုံးစံအတိုင်း အိမ်ပြန်ကြသည်ကို မြင်လိုက်ရသည်။ စန်းဝမ်နှင့်ရှောင်ဝမ်က သူတို့နောက်ကနေ လိုက်ပါလာကြသည်ကို တွေ့လိုက်ရသည်။သူတို့၏ အမူအရာများအရ ရှုပ်ယှက်ခတ်နေသော ပြဿနာများက လေထဲတွင် လွင့်ပျံသွားကြသည်မှာကြာလေပြီ။ မိုင်စွေ့နှင့် အားဝမ်က သူတို့နောက်တွင် စကားပြောနေကြပြီး တဝမ်က စကားမပြောသလို သဟဇာတဖြစ်နေမှုကိုလည်း မချိုးဖျက်ဘဲ သူတို့ဘေးနားကနေ လျှောက်နေ၏။
လင်းလန်က သူတို့ကို လက်ပြလိုက်သည်။
"မားမားးး"
ရှောင်ဝမ်က ရှေ့သို့ ပြေးလာပြီး လင်းလန်၏ ရင်ခွင်ထဲသို့ ပစ်ဝင်လိုက်သည်။
လင်းလန်က သူ့လက်လေးကို ကိုင်ကာ ကလေးတွေနှင့်အိမ်ပြန်သွားခဲ့သည်။မေးပြီးသည့်အခါ ကလေးတွေက ဖန်းရှောင်ကြောင့် ထိုသို့ခံစားရမှန်း သိလိုက်ရ၏။
အားဝမ်: "မားမား ပညာတတ်လူငယ်ဖန်းက အရမ်းမာနကြီးတဲ့သူတစ်ယောက်ဖြစ်သင့်တယ်... ဒါပေမဲ့ ထမင်းတစ်နပ်စာလောက်အတွက် အဲ့ဒီလို လုပ်ခဲ့တယ်... အဲဒါက လူတွေကို အရမ်းစိတ်ထိခိုက်စေတယ်... သူ့မိဘတွေက သူ့ကို အရမ်းချစ်ရမယ်လို့ ကျွန်တော်ထင်တယ်... သူက ဒီလိုခက်ခဲတဲ့ကာလကို ဖြတ်ကျော်နေရတယ်ဆိုတာကိုသာသူတို့သိရင် ဘယ်လိုစိတ်ဆင်းရဲရမှန်းမသိဖြစ်နေမှာကိုတောင် ကြောက်မိတယ်"
လင်းလန် သူမသားသမီးတွေကို ဦးနှောက်ဆေးရန် အခွင့်ကောင်းယူလိုက်သည်။
"မားမားသာ သူ့အမေဖြစ်ခဲ့ရင် အခုချိန်မှာ စိတ်ပူ၊ နောင်တရပြီး ကိုယ့်ကိုကိုယ် အပြစ်တင်မိလိမ့်မယ်... အရင်တုန်းက ငါ့သမီးလေးကို အလိုလိုက်ပြီး ဘာမှမလုပ်ခိုင်းတာမျိုးမလုပ်သင့်ခဲ့ဘူးဆိုပြီး ...မိဘအနေနဲ့ မင်းတို့ကို အနာဂတ်မပေးနိုင်ဘူး... ဒါပေမဲ့ မင်းတို့ကို ဆေးကြောဖို့၊ ချက်ပြုတ်ဖို့၊ ကိုယ့်ကိုကိုယ် ဂရုစိုက်တတ်ဖို့ သင်ပေးနိုင်တယ်...အဲ့ဒါမှ အနာဂတ်မှာမိဘတွေဆီကနေ ထွက်သွားတဲ့အခါ မိဘတွေကို စိတ်မပူစေဘဲ ကိုယ့်ကိုယ်ကို ကောင်းကောင်းဂရုစိုက်နိုင်လိမ့်မယ်"
ကလေးတွေအားလုံး အတွေးနယ်ချဲ့ကုန်ကြသည်။
ရှောင်ဝမ်က အလေးအနက်ဆိုလေ၏။
"အစ်ကိုကြီး...စန်းတိ... အဖေ မင်းတို့ကို ရိုက်တာ မင်းတို့အကျိုးအတွက်ပဲ"
တဝမ်: "..."
မင်းဘာလို့ ဒီကိစ္စကိုမမေ့နိုင်ရတာလဲ...
ရှောင်ဝမ် : "အစ်ကိုကြီးနဲ့စန်းတိ... အခုကစပြီးကျေးဇူးပြုပြီး ဟင်းချက်တတ်အောင်သင်ကြပါနော်...ကြိုးစားကြပါ"
စန်းဝမ်: "အာ...ရှောင်ဝမ်ကော မင်းက ပိုပိုဆိုးလာတယ်"
နေ့လယ်ခင်းတွင် ချီဖုန်းရှို့တစ်ယောက် သည်းမခံနိုင်သလိုခံစားလာရသည် နောက်ဆုံးတွင် ဖိနှိပ်ထားရသမျှပေါက်ထွက်လာကာ ပညာတတ်လူငယ်တစ်ယောက်၏ပုံစံ နည်းနည်းမှမကျန်တော့ဘဲ စပါးစေ့များကို မြေပြင်ပေါ်သို့ကျစေလိုက်တော့သည်။
ရလဒ်အနေဖြင့် ထိုအရာက ပညာတတ်လူရွယ်များဆီမှ အုပ်စုလိုက်ရန်ဖြစ်ခြင်းကို ဆွဲဆောင်လိုက်သလိုဖြစ်သွား၏။သူက အလွန်အမင်းပင် မှားယွင်းခံလိုက်ရသည်ဟုထင်ကာ စိတ်မကျေမနပ်ဖြစ်ပြီး ပါးစပ်က တတွတ်တွတ်ပြောနေ၏။
‘‘မင်းတို့က အားနည်းတဲ့သူကို လူအုပ်အင်အားနဲ့ အနိုင့်ကျင့်နေကြတာ ငါ。。ငါမင်းတို့ကိုတရားစွဲမယ်’’
သို့သော် မည်သူကမှသူ့အား အာရုံမစိုက်ကြပေ။ချီမင်က နောက်လှည့်လာကာ သူ့အားဒေါသတကြီး အော်ဟစ်လာ၏။
‘‘ဘာလို့ နင့်ကိုနင် အရမ်းဖြောင့်မတ်သလို လုပ်နေရတာလဲ၊ တကယ်လို့ မကျေမနပ်ဖြစ်တာ ရှိတယ်ဆိုရင်တောင် စားစရာနဲ့တော့ ဒေါသထွက်နေလို့မရဘူးလေ။အခုတော့ကောင်းရော။。。လူတွေအများကြီး နင်နဲ့အတူ အငတ်နေရတော့မယ်
အခုထိ နင်လုပ်တာယုတ္တိရှိတယ်ထင်နေတုန်းလား’’
ကံကောင်းထောက်မစွာနှင့် ရှန်ယွီက ဟောင်ဟုန်ကျန်းအား စားစရာများကို သိမ်းဆည်းဖို့ ခေါ်သွားလေသည်။ထိုသို့လုပ်ပြီးနောက် လူတိုင်းက တစ်ပိုင်းစီခွဲယူလိုက်ကြသည်။ အကြိမ်အနည်းငယ်သာ ကိုက်လိုက်ရပြီး ကုန်သွားလေသည်။ဘယ်သူကမှ ဗိုက်မပြည့်သွားချေ။
အလွန်ဒေါသထွက်လွန်းတာကြောင့် ဝူဝမ်ယီနှင့် ရှုတုန်ရှင်းတို့က ချီဖုန်းရှို့အား ထပ်မံရိုက်နှက်ကြတော့သည်။
ဝူဝမ်ယီ : ‘‘ဒီဘဝမှာ ငါနင့်ကိုခွင့်လွှတ်ဖို့ မျှော်လင့်မနေနဲ့။ ငါက စားစရာဖြုန်းတီးတဲ့သူတွေကို အမုန်းဆုံးဘဲ’’
Xxxxxxx