ငါက ချိန်းတွေ့ဖို့ မသင့်တော်ဘူးလို့ ထင်တယ်
အခန်း ၁
နေသာပြီး တိမ်ကင်းစင်တဲ့ တနင်္ဂနွေနေ့တစ်ရက်မှာ ကျယ်ပြောလှတဲ့ လမ်းမကြီးတလျှောက် ကားတန်း ရှည်ကြီးက မြို့ကြီးကို လှုပ်ရှားသက်ဝင်စေသည်။
တန်ဖိုးကြီးအိမ်ယာတစ်ခုအတွင်း အရပ်ရှည်ရှည် အမျိုးသားတစ်ယောက် ကိုယ်လုံးပေါ်မှန်ရှေ့မှာ မတ် တပ်ရပ်လျက် လည်စည်းကို သေချာစည်းနှောင်နေသည်။ လည်စည်း စည်းပြီးချိန်တွင် စားပွဲပေါ်က ဖုန်း မြည်လာသည်။ သူ လျှောက်သွားပြီး ဖုန်းကိုင်လိုက်ရင်း "မင်္ဂလာနံနံခင်းပါ မရီး"
"ကျစ်ကျိုး...ဒီနေ့ Miss ဖန့် တွေ့ဖို့ ချိန်းထားတာ မမေ့ဘူးမလား" သူ့ရဲ့ မရီးက စကားခံမနေဘဲ လိုရင်း ကို တိုက်ရိုက်ပြောသည်။
"ကျွန်တော် မမေ့ပါဘူး။ သွားဖို့ ပြင်နေတာလေ" ကျန်းကျစ်ကျိုးက ပြန်ဖြေလိုက်သည်။
သူ့မရီးက အံ့သြဟန်နဲ့ “မနက် ၁၀ နာရီမှ တွေ့မှာ မဟုတ်လား.. အစောကြီး သွားတော့မလို့လား"
"အမ်း...ယာဉ်ကြောကျပ်နေမစိုးလို့"
သူ့မရီးက သဘောတူသလို ခေါင်းညိတ်လိုက်ရင်း "ကောင်းပါတယ် ယောင်္ကျားလေးက အရင်ရောက်နှင့် တာ" ပြောပြီးတာနဲ့ နောက်ခေါင်းစဉ်တစ်ခု ပြောင်းသွားသည်။ "ရှေ့ဆက်ချင်တယ်ဆိုရင် အခုမှတွေ့တဲ့ မိန်းကလေးကို ချစ်သူရှိခဲ့ဖူးလားလို့ မမေးနဲ့ဦး။ အဲ့လိုမေးခွန်း အမေးခံရတာ ဘယ်မိန်းကလေးမှ မကြိုက် ကြဘူး"
ကျန်းကျစ်ကျိုး - "အဲ့လိုမေးတာ ရိုင်းမှန်း ကျွန်တော်သိပါတယ်။ ရှေ့ဆက်ချင်စိတ်မရှိရင် တစ်ဖက်လူကို အလေးမထားတတ်တာ ကျွန်တော့်ကိုယ် ကျွန်တော်လဲ သိပါတယ်။ "
"အဲ့လိုမလုပ်ရဘူးလေ။ အကယ်၍များ မင်းက မိန်းကလေးနဲ့ အဆင်ပြေပြီး တစ်ယောက်နဲ့တစ်ယောက် အလွန်နှစ်သက်ကြတယ်ဆိုရင် အဲ့လိုဂရုမစိုက်ဘဲနေမလား"
"ကျွန်တော်လဲ အရင်က အဲ့လိုခိုင်မြဲချင်ခဲ့ဖူးတယ်။ ဒါပေမယ့် မှားသွားခဲ့တယ် "
"ထားလိုက်ပါ...အစ်မပြောတာ ကျိုးကြောင်းဆီလျော်ပါတယ်။ ဒီဆယ်စုနှစ်မှာ အထက်တန်းကျောင်းသူ တွေအားလုံး ချစ်သူတွေရှိနေကြတာလေ။ အသက် ၂၅-၂၆ အမျိုးသမီးက ရည်စားမရှိဘူးတဲ့လား?"
ကျန်းကျစ်ကျိုးက သက်ပြင်းကို သိသာစွာချလိုက်ရင်း "အစ်မပြောတာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်လဲ မတတ်နိုင်ဘူး.. စိတ်ရောဂါကုဆရာဝန်နဲ့တောင် ပြပြီးပြီလေ"
သူပြောတာကို နားထောင်ပြီး သူ့မရီးက သူ့ကို အပြေးအလွှားပြန်နှစ်သိမ့်သည်။ "အေးပါ အေးပါ ဒီတစ်ခါ တွေ့မယ့် Miss ဖန့် ကို ငါမေးကြည့်ပြီးပါပြီ။ သူက တစ်ခါမှ ရည်စားမထားခဲ့ဘူးတဲ့....သူက လှလဲ လှ တယ်..ကျက်သရေလဲရှိတယ်။ မင်းက သူနဲ့ အဆင်ပြေအောင်ကြိုးစားယုံပဲ"
"ဟုတ်ကဲ့ပါ"
"ဒါဆို အစ်မ မင်းကို ထပ်မနှောင့်ယှက်တော့ဘူးနော်.. ဒီနေ့ အဆင်ပြေပါစေ"
ကျန်းကျစ်ကျိုး ဖုန်းချပြီးနောက် ကုတ်အင်္ကျီဝတ်လိုက်သည်။ ပြီးမှ သူ့ကိုယ်သူ မှန်ထဲကြည့်ပြီး ထွက်ခဲ့ လိုက်သည်။
သူ့အခန်းရှိတဲ့ (၁၈) ထပ်မြောက်မှာ အပေါ်ထပ်က ဆင်းလာမယ့် ဓာတ်လှေကားကို စောင့်နေခဲ့သည်။ ဓာတ်လှေကား ရောက်လာတော့ အထဲမှာ ဆံပင်အညိုဖျော့ရောင် ခပ်ကောက်ကောက်နဲ့ ဆံပင်ကျော လယ်လောက်ရှိတဲ့ အမျိုးသမီးတစ်ယောက်ကို မြင်ရသည်။ သူမက အညိုဖျော့ရောင် လောင်းကုတ်ရှည် ကို ဝတ်ထားသည်။ ကျန်းကျစ်ကျိုး ဓာတ်လှေကား တစ်ဖက်ခြမ်းကို ကပ်မရပ်ခင် သူမကို ခဏကြည့်ပြီး ပထမထပ် ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်သည်။
တံခါးပိတ်သွားတာနဲ့တစ်ပြိုင်နက် ဓာတ်လှေကားအောက်က အောက်ကို ဆင်းသွားတော့သည်။ ရှောင်ဝေ့ လဲ ဓာတ်လှေကား တစ်ဖက်ခြမ်းမှာ ရပ်နေတဲ့ အမျိုးသားကို တစ်ချက်ကြည့်ပြီး မျက်စိကို ဟိုဟိုဒီဒီ လွှဲ လိုက်သည်။
သူမပတ်ဝန်းကျင်မှာ ဒီလူကို မြင်ဖူးနေသည်။ သူမအောက်ထပ်မှာ နေပေမယ့် သူတို့ နှစ်ယောက် တစ်ခါမှ စကားမပြောဖူးသလို သူ့နာမည်ကိုလဲ မသိပါ။ အခြားသူတွေခေါ်ခေါ်နေတာတော့ “Mr. ကျန်း” ဆိုလား ကြားဖူးသည်။
သူတို့နှစ်ယောက် မရင်းနှီးတာ ယုတ္တိရှိပေမယ့် သူမက ဘာ့ကြောင့် ဒီ “Mr. ကျန်း” မခင်ချင် ဖြစ်နေလဲ တော့ မသိပါ။ သူမစိတ်ထဲ သူကလဲ သူမကို မနှစ်သက်ဘူးလို့ အမြဲခံစားနေရသည်။ ယခုကဲ့သို့ ဓာတ်လှေ ကားထဲ ဆုံဖြစ်လျှင် သူက သူမမှာ ကူးစက်ရောဂါရှိနေသလို သူမရှိရာဖက်နှင့် ခပ်ဝေးဝေးမှာ ရပ်နေလေ့ ရှိသည်။
ရှဝေ့ က သူမရဲ့ ဆံပင်ကို နားရွက်နောက်ပို့လိုက်သည်။ သူကလဲ သူမကို မကြိုက်သလို သူမကလဲ သူ့ကို မကြိုက်ပေါင်။ သူမ ဆံပင်ကို သိမ်းလိုက်တော့ ကျန်းကျစ်ကျိုးက သူမရဲ့ ပန်းရောင်ဖျော့ဖျော့ လက်သည်းဆိုးဆေးကို သတိထားလိုက်မိသည်။ လက်ကလေးကို ပိုပြီးတောက်ပ လင်းလက်နေအောင် ဘာကပ်ထားလဲ သူလဲ မသိပေ။
ပထမထပ်ကို ဓာတ်လှေကား ရောက်တော့ ဖိနပ်အမြင့်စီးထားတဲ့ ရှဝေ့ က အရင်ထွက် လှမ်းထွက် လိုက်သည်။ အဲ့ဒီ 'Mr. ကျန်း' လဲ သူမနောက်က ထွက်လိုက်လာသည်။ ရုတ်တရက်ဆိုသလိုပဲ သူမနောက်က လေက ပိုပြီးလတ်ဆတ်သွားသလို ခံစားလိုက်ရသည်။
ယနေ့ ရာသီဥတုအလွန်သာယာသဖြင့် အိမ်ယာဘေး၌ရှိသော ဥယျာဉ်ထဲက ရေကန်များသည် နေရောင် ကြောင့် တလက်လက်တောက်ပနေကြသည်။ သူမလမ်းလျှောက်နေရင်း ပန်းမျိုးစုံဖူးပွင့်နေတာက အရင် ကထက် ပိုပြီး လှနေသလိုပင်။
သူမတို့ အိမ်ယာဝင်းကိုကျော်လာတော့ သူမက ဘယ်ဖက်ကို ကွေ့ပြီး လမ်းအတိုင်းလျှောက်ခဲ့သည်။ မြေအောက်ရထားဘူတာထဲဝင်ပြီး မြေအောက်ရထားစီးရင်း ၁၀ မိနစ်ကြာတော့ သူမဖွင့်ထားတဲ့ လက် သည်းအလှပြင်ဆိုင်ကို ရောက်လာသည်။
ရှဝေ့က ဒီဆိုင်ကို ဖွင့်ခဲ့သည်မှာ တစ်နှစ်ရှိပြီဖြစ်၏။ ဆိုင်ကသိပ်မကြီးပေမယ့် နေရာက ကောင်းသည်။ Starlight Plaza နှင့်နီးသဖြင့် လူစည်ကားသည်။ လက်သည်းအလှပြင်ဆိုင်မှာ သူမအပါအဝင် မကြာခင် က ခန့်ထားသော လက်သည်းအလှပြင်ဝန်ထမ်း နှစ်ယောက်ရှိသည်။ ယနေ့က စနေဖြစ်သဖြင့် ကာစတန် မာတွေက အရင်ရက်တွေထက် ပိုများသောကြောင့် ရှဝေ့ ဆိုင်ရောက်သည်နှင့် အလုပ်များနေတော့ သည်။
ဆိုင်တံခါးမှာ တပ်ထားတဲ့ ခေါင်းလောင်းလေးမြည်သဖြင့် ရှဝေ့ ခေါင်းမော့ပြီး ကြည့်လိုက်သည်။ မကြာခဏ လက်သည်းလာပြင်တဲ့ မိန်းကလေးငယ်လေးဖြစ်ပြီး သူမနောက်မှာ ပါလာနေကြ အရပ်ရှည် ရှည် ရုပ်ချောချော သူမအစ်ကိုဆိုသူ ပါလာသည်။
ထိုလူနဲ့ အကြည့်ချင်းဆုံသည့်ခဏ ရှဝေ့ ရင်ခုန်သွားသည်။ "ညီမလေး လက်သည်းပြင်တာကို လိုက် လာ ပေးတာလား"
အမျိုးသားကြည့်ရတာ နည်းနည်းစိတ်လှုပ်ရှားနေသလိုပင်.. သူက ခပ်တိုးတိုးပဲ တုန့်ပြန်သည်။ "အင်း.."
အလှပြင်ဆိုင်က လူစည်ကားပြီး ရှုပ်နေသောကြောင့် ရှဝေ့က သူတို့ကို ပြုံးပြပြီး ပြောလိုက်သည်။ "ခဏထိုင်ကြပါဦးနော် ကျွန်မ ပြီးခါနီးပါပြီ"
"အိုကေပါ" မိန်းကလေးက ဆိုဖာပေါ်ထိုင်ရင်းပြောသည်။ ပြီးတော့ သူမအစ်ကိုကို စနောက်နေ၏။
"ကိုယ့် ကိုကိုယ်လဲ ကြည့်ပါဦး.. ညီမ ဒီဆိုင်လာတိုင်း လိုက်လိုက်လာတယ်.. ဒီတစ်ခါ ဆိုင်ရှင်ကို အစ်ကို့ လက် သည်း ပြင်ခိုင်းလိုက်ပါလား"
"..." အမျိုးသားက ခဏ မျက်မှောင်ကျုံ့သွားရင်း ပြောလိုက်သည်။ "ပြဿနာ မရှာစမ်းနဲ့"
"ပြဿနာရှာတာတဲ့လား။ အစ်ကို ညီမနဲ့ လိုက်လာတိုင်း မျက်လုံးက တခြားရောက်နေတာမလား..."
ရှဝေ့က သူတို့ကို ကြည့်မနေပေမယ့် သူတို့ပြောတာတွေ ကြားနေရ၏။ သူတို့ပြောနေတာတွေက သူမကို ရင်ခုန်သံတွေ မြန်လာစေပြန်သည်။ သူမ လုပ်ပေးလက်စ customer ကို လက်သည်းပြင်ပေးပြီး တော့ ဘေးက မိန်းကလေးကို မခေါ်ခင် လက်ဆေးလိုက်သည်။
"ဒီတစ်ခါ ဘယ်လိုပုံစံလေး လုပ်ချင်လဲ ညီမ"
"အွန်း...." မိန်းကလေးက ခဏစဉ်းစားပြီး ရှဝေ့ ရဲ့လက်ကို လက်ညှိုးထိုးလျှက် "အစ်မလိုလေး လုပ် ပေး အဲ့ဒါလေး လှတယ်"
"အိုကေပါ"
ရှဝေ့ ထင်နေတာ မှန်သလား မှားသလားတော့ မသိပါ။ သူမကတော့ မျက်နှာချင်းဆိုင်ထိုင်နေတဲ့ အမျိုးသားက သူမကို စိုက်ကြည့်နေတယ်လို့ အမြဲခံစားရသည်။ သူမက ခေါင်းငုံ့ထားပေမယ့် သူ့ရဲ့ အကြည့်ကို သိနေသည်။ သူမ ရင်ခုန်သံတွေမြန်နေတုန်း သူမရှေ့က မိန်းကလေးက တခစ်ခစ်ထရယ်၏။
"ကိုကို နည်းနည်းပါးပါး ထိန်းသိမ်းပါဦး။ သူများကို တအားစိုက်ကြည့်မနေနဲ့လေ။ ညီမ လက်သည်း ပြင် ပြီးရင် ငွေရှင်းဖို့ အစ်ကို့ကို ခေါ်ပါ့မယ်"
"..." အမျိုးသားက သူ့အကြည့်ကို ညင်သာစွာ ရုတ်သိမ်းလိုက်ပြီး မနေတတ်စွာ ချောင်းဆိုးလိုက်သည်။ ထို့နောက် ဆိုဖာပေါ်က ဖက်ရှင်မဂ္ဂဇင်းတစ်အုပ် ကောက်ယူလိုက်ပြီး စာအုပ်ဖတ်နေ၏။
ရှဝေ့က မိန်းကလေးရဲ့ လက်သည်းကို ကျွမ်းကျင်စွာ အလှဆင်ပေးလိုက်သည်။ မိန်းကလေးက ပန်းပွင့်ဒီဇိုင်းခပ်ရှုပ်ရှုပ်ကို ရွေးပေမယ့် သူမအတွက် မိနစ် ၃၀ ပဲကြာသည်။
"ကြည့်ပါဦး ဘယ်လိုလဲ"
"လှလိုက်တာ" မိန်းကလေးက သူမလက်တွေကို အစ်ကို့ရှေ့ ထောင်ပြရင်း စိတ်လှုပ်ရှားပျော်ရွှင်စွာဖြင့် "လှတယ်နော်"
အမျိုးသားက ခပ်ဖျော့ဖျော့ပြုံးရင်း "နင့်လက်ကို တစ်ညနေလုံးနဲ့ တစ်ညလုံး ကြည့်နေလိုက်တော့"
"ဟမ်း "
ငွေပေးချေပြီးနောက် အမျိုးသားက ရှဝေ့ ရှေ့မှာ ရပ်လိုက်သည်။ သူမက သူ့ကို ဂရုမထားဘဲ မိန်းကလေးကို နံပါတ်ပြားလေးပေးပြီး "pin နံပါတ်လေး ထည့်ပေးပါ"
"အိုကေပါ" မိန်းကလေးက နံပါတ်ခြောက်လုံးပါ pin နံပါတ်ကို ရိုက်ပြီး enter နှိပ်လိုက်သည်။ သူမဖုန်းကို အိတ်ထဲထည့်ပြီး မလှုပ်မရှားရပ်နေတဲ့ အစ်ကိုကို ကြည့်လျှက် "မပြန်တော့ဘူးလား"
အမျိုးသားက သူ့နှုတ်ခမ်းကို ဖိပိတ်ထားသည်။ သူက ရှဝေ့ ကိုကြည့်ပြီး သေခြင်းတရားကို တည်တည် ငြိမ်ငြိမ် ရင်ဆိုင်သည့်အနေအထားဖြင့် "ကျွန်တော်နဲ့ နေ့လည်စာ လိုက်စားနိုင်မလား"
Starlight General Merchandise အတွင်းရှိ ကော်ဖီဆိုင်တွင် အရပ်ရှည်ရှည်အမျိုးသမီးက နွေးထွေးစွာ ပြုံးပြရင်း "ဟဲလို Mr. ကျန်း ကျွန်မက ဖန့်ဝမ် ပါ"
ဖန့်ဝမ် က သူမရဲ့ ဒီတစ်ကြိမ် ဖူးစက်ဖက်တွေ့ခြင်း (blind date) ကို ကျေနပ်နေသည်။ ဒီ Mr. ကျန်း က ဓာတ်ပုံထဲမှာထက် အပြင်မှာ ပိုပြီး ချောသည်လေ။
ကျန်းကျစ်ကျိုးလဲ သူမကို ကြည့်ရင်း မျက်ခုံးပင့် သွားသည်။ သူမက ပန်းရောင်ဖျော့ဖျော့ဝတ်စုံကို ဝတ်ထားသည်။ သူမဝတ်စုံအရောင်က ဒီမနက် ဓာတ် လှေကားမှာ ဆုံခဲ့တဲ့ အမျိုးသမီးရဲ့ လက်သည်းအရောင်ကို သတိရမိစေသည်။ သူက မတ်တပ်ရပ်ပြီး ယဉ်ကျေးစွာပဲ ဖန့်ဝမ်ကို နှုတ်ဆက်လိုက်သည်။
"ဟဲလို Miss ဖန့် ကျွန်တော်က ကျန်းကျစ်ကျိုး ပါ"
ဖန့်ဝမ် က သူနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်သည်။ သူမရဲ့ လှုပ်ရှားမှုတိုင်းက ချမ်းသာတဲ့ မိသားစု က ပေါက်ဖွားလာသူဆိုတာ သိသာစေသည်။ "Mr. ကျန်း ကို အကြာကြီး စောင့်ရစေလို့ တောင်းပန်ပါ တယ်ရှင်"
"ရပါတယ်ဗျ ကျွန်တော်က စောပြီး ထွက်လာလိုက်တာပါ" ကျန်းကျစ်ကျိုး လဲ ပြန်ထိုင်လိုက်သည်။ သူမကို အရင်က ချစ်သူထားခဲ့သလားဆိုတာ မမေးသင့်တဲ့ကြောင်း သူ့ရဲ့ မရီးက သူ့ကို ဒီမနက် သတိပေး လိုက်ပေမယ့် သူက ဒီကိစ္စကို အစကတည်းက ရှင်းရှင်းလင်းလင်းဖြစ်ချင်သဖြင့် "Miss ဖန့် ကျွန်တော် ဒီလိုမေးတာ နည်းနည်းရိုင်းသလို ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့် မရီးက Miss ဖန့် မှာ အရင်က ရည်းစားမထားခဲ့ဘူး ပြောလို့ပါ။ ဟုတ်ပါသလားခင်ဗျာ"
Mr. ကျန်း ရဲ့ ပိုးမွှားကြောက်ရောဂါကို သိထားတဲ့ ဖန့်ဝမ် က အောင်သွယ်တော်ဆီကနေ ဒီအကြောင်း ကြားထားဖူးပြီးဖြစ်သဖြင့် သူ့မေးခွန်းကို တအံ့တသြမဖြစ်ဘဲ ပြုံးလျက် "ကျွန်မ မထားဖူးပါဘူး"
ကျန်းကျစ်ကျိုးက သူမကို မေးခွန်းတွေ ဆက်မမေးတော့ပါပေ။ တစ်ဖက်က ဖန့်ဝမ် က နည်းနည်း သတိထားပြီး "Mr. ကျန်း ရော အရင်က ချစ်သူရှိခဲ့ဖူးလားဟင်?"
"မရှိပါဘူး" ကျန်းကျစ်ကျိုး ရဲ့ လေသံက ကိုယ့်ကိုကိုယ် လှောင်ပြောင်နေသလိုပင်။
"ကျွန်တော့်မှာ ပြဿနာနည်းနည်းရှိလို့ အရင်က blind date တွေ တစ်ခါမှ မအောင်မြင်ခဲ့ဘူး"
ဖန့်ဝမ် သူ့စကားကြားတော့ အပြုံးပျောက်ကွယ်သွားလျက် "ကျောင်းမှာတုန်းကလဲ ချစ်သူမရှိခဲ့ဘူး လား?"
"စာသင်ချိန် အတန်းတက်တာကလွဲလို့ ကျန်တဲ့အချိန်က အဖေ့ဆီမှာ ချက်ပြုတ်နည်း သင်နေခဲ့ရတာပါ။ ကျွန်တော့်မှာ အားချိန်မရှိခဲ့ဘူး"
ဖန့်ဝမ် နားလည်စွာနဲ့ ခေါင်းညိတ်လိုက်ပြီး သူ့ကို ပြုံးကြည့်ရင်းကပင် "ရိုးသားစွာ ပြောတဲ့ Mr. ကျန်း ကြောင့် တရုတ်ဟင်းလျာ စားဖိုမှူးတွေအပေါ် ကျွန်မသဘောထား ပြောင်းသွားပါပြီ။ တရုတ်ဟင်းလျာ စားဖိုမှူးတွေအားလုံး အဆီပြန်နေတဲ့ မျက်နှာရှိတယ်လို့ ထင်ခဲ့တာ ရှင်ကတော့ အနောက်တိုင်းအစား အစာ စားဖိုမှုးနဲ့ ပိုတူနေတယ်"
"တရုတ်ဟင်းလျာတွေက အနောက်တိုင်း အစားအစာထက် ပိုပြီး အရသာပေးစွမ်းနိုင်ပါတယ်” ကျန်းကျစ်ကျိုးက ခုခံပြောဆိုသည်။
ဖန့်ဝမ် - "ဟုတ်တာပေါ့ ထျန်းရှ စားသောက်ဆိုင်က ဟင်းပွဲတွေအားလုံးက တကယ့် အနုပညာပဲ လက်ရာပါပဲ"
နှစ်ယောက်သား စကားပြောနေစဉ် ရှဝေ့က မောင်နှမနှစ်ယောက်ကို ဆိုင်တံခါးအထိ လိုက်ပို့ပေး လိုက်ပြီး သူမက အိတ်ထဲက ဖုန်းကို ခပ်မြန်မြန်ယူ၍ သူငယ်ချင်းတွေ စကားဝိုင်းကို ဖွင့်လိုက်သည်။
ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - ငါ အရင်က နင်တို့ကို ပြောဖူးတဲ့ ခပ်ချောချော ယောက်ျားကို မှတ်မိတယ် မဟုတ်လား။ သူ ဒီနေ့ ငါ့ကို နေ့လည်စာစားဖို့ ဖိတ်တယ်
ချစ်စရာ ဆွိတီလေး - သူ့ညီမ လက်သည်းပြင်တာကို လိုက်လာပေးတဲ့ ကိုလူချောလား
ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - ခေါင်းညိတ် ခေါင်းညိတ်
ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - ကြည့်စမ်း..သူ့မှာ မကောင်းတဲ့အကြံအစည်ရှိနေတယ်လို့ ငါ မပြောဘူးလား... တွေ့ပြီလား..
ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - တုန်လှုပ်တဲ့ အသံနဲ့ သဘောတူ
ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - .... အလားအလာကောင်း (နှာခေါင်းနှိုက်)
ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - နင်တို့ မသိပါဘူး။ ငါ သူရင်ခုန်နေတာ မြင်ခဲ့တယ်။ ငါ အချစ်ကို တစ်ဖန် တွေ့ရှိသွားပြီ
ချစ်စရာ ဆွိတီလေး - ကြိုးစား ကြိုးစား
5kg မကျရင် နာမည်မပြောင်း - နင် ထပ်ပြီး မခံစားရသရွေ့ပေါ့ (မျက်လုံးလှန်ကြည့်)
ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - မှားနေပြီ မှားနေပြီ ဒီတစ်ခါတော့ အောင်မြင်မှာပါ!
5kg မကျရင် နာမည်မပြောင်း - နင်က အမြဲတမ်း အဲ့လိုပဲထင်နေတာလေ အဆုံးသတ်ကျ ထားခဲ့ခံရတာ နင်ပဲလေ အစ်မကြီး (မျက်လုံးလှန်ကြည့်) ဒါပေမယ့် နင်လို မိန်းမဆီကို ဘုရားသခင်က အမြဲတမ်း လူချောလေးတွေပဲ ပို့ပေးနေတာပါ။ မိုးနတ်မင်းက မတရားဘူး
ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - မိုးနတ်မင်းက မတရားဘူး! +1
ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - နင်တို့အားလုံး ငါ့ကို မနာလိုဖြစ်နေတာ ငါသိပါတယ် (မျက်လုံးလှန်ကြည့်)
5kg မကျရင် နာမည်မပြောင်း - အခုထိ အပျိုစင်ဖြစ်နေတာကို မနာလိုဖြစ်ရမှာလား။
ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - goodbye
ချစ်စရာ ဆွိတီလေး - အဲ့ဒီ ကိုလူချောနာမည် သိပြီလား။
ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - အခုမှ သိတာ သူ့နာမည် ယဲ့ခိုင် တဲ့ (ရှက်နေ)