အခန်း(၁၁)
-သားရဲလေးများကို ပြုစုပျိုးထောင်ပြီးနောက် စွန့်ပစ်နယ်မြေရှိ လူတိုင်း၏
အချစ်ကိုရရှိခြင်း-
"...ဒီပေါက်ကွဲမှုအတွင်းမှာ ဗီဇပြောင်းလဲထားတဲ့
အသွင်ပြောင်းသားရဲ စုစုပေါင်း ၂၃ ကောင် ထွက်ပြေးသွားပါတယ် အဲဒီထဲက ၅ ကောင်ကို ပြန်ဖမ်းမိပြီး
၁၁ ကောင်ကတော့ လိုက်လံဖမ်းဆီးရင်း မတော်တဆ သေဆုံးသွားပါတယ်။ ကျန်တဲ့ အလွန်အန္တရာယ်များတဲ့ S အဆင့် သားရဲတွေဖြစ်တဲ့ ထရိုင်နိုဆောရက်စ်၊ အဆိပ်ပြင်း
မြွေပွေးနဲ့ အပြာရောင် ၀ေလငါးတို့ရဲ့ သဲလွန်စကိုတော့
အခုထိ မသိရသေးပါဘူး”
သုတေသနပညာရှင်က အစီရင်ခံစာကို ဆက်ဖတ်ပြနေစဥ်
သူ့မျက်နှာပေါ် ချွေးများစီးကျလာ၏။
"ပြီးတော့... နောက်ထပ် တစ်ခုရှိပါသေးတယ်..."
"ပြော"
သုတေသနပညာရှင်က ချက်ချင်းပဲ ခေါင်းငုံ့လိုက်ပြီး
တုန်ရီနေကာ သူ့အထက်လူကြီး၏ ဒေါသများနှင့် နီရဲနေသော မျက်နှာကို မကြည့်ရဲတော့ပေ။
"ဗိုင်းရပ်စ် ယိုစိမ့်မှုအတွက် တာဝန်ရှိသူတွေကိုတော့
တာဝန်ပေါ့လျော့မှုနဲ့ အဆုံးသတ်လိုက်ပါပြီ ကျန်ရှိတဲ့ အကျိုးဆက်တွေကို လိုက်လံဖြေရှင်းနေပေမဲ့
နေရာအသီးသီးမှာ ကူးစက်ခံရမှုတွေ စတင်ပေါ်ပေါက်နေပါတယ်”
"...နောက်ထပ် နှစ်လထက်မပိုတဲ့ အချိန်အတွင်းမှာ
ကူးစက်မှုဟာ အကြီးအကျယ် ပျံ့နှံ့သွားပါလိမ့်မယ် အဲဒီအချိန်ကျရင် ကျွန်တော်တို့ လျှို့ဝှက်လုပ်ဆောင်နေတဲ့
ဒီတားမြစ်စမ်းသပ်မှုတွေက သေချာပေါက် လူသိရှင်ကြား ပေါ်သွားမှာပါ”
"ပါဝင်ပတ်သက်သူ အားလုံး ဒုက္ခရောက်ကုန်လိမ့်မယ်
ဆရာ ကျွန်တော်တို့ကို ညွှန်ကြားချက် ပေးပါဦး”
သေသပ်စွာ ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားက
တိတ်ဆိတ်နေ၏။ သူ့လက်ချောင်းများဖြင့် နားထင်ကို ခပ်ပြင်းပြင်း ဖိထားလျက် မျက်နှာကတော့
အုံ့မှိုင်းနေကာ အတွေးပေါင်းစုံ ဖြတ်သန်းနေပုံရသည်။
ထိုလူလတ်ပိုင်းအရွယ် အမျိုးသားက သူ့လက်ထဲရှိ
ဖန်ခွက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်ကို မြင်သည်နှင့် သုတေသနပညာရှင် အတော်လေး
ထိတ်လန့်သွား၏။ ထိုခွက်နှင့် သူ့နဖူးကို အချိန်မရွေး ပေါက်ထည့်လိုက်မလားဟု သူ တွေးနေမိသည်။
နောက်ဆုံးတွင် ထိုအမျိုးသားက သက်ပြင်းအရှည်ကြီး
တစ်ချက်ချလိုက်၏။ သူက ရှတတအသံဖြင့် ပြောလာသည်။
"ပထမက အသွင်ပြောင်းသားရဲတွေ၊ အခုတော့ ဗိုင်းရပ်စ်ကူးစက်သူတွေ...
ဒါကို ဖုံးကွယ်ထားဖို့ နည်းလမ်းမရှိတော့ဘူး..."
သုတေသနပညာရှင်က သူ့၏ နှလုံးခုန်သံများ တစ်ချက်
ရပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ အကယ်၍ ဖုံးကွယ်ထားလို့ မရနိိုင်တော့ပါက သူတို့အားလုံး
တာဝန်ခံရမည်ဖြစ်ပြီး သေဒဏ်ကပင် အပေါ့ဆုံး ပြစ်ဒဏ် ဖြစ်နေလိမ့်မည်။ သူတို့က ကမ္ဘာကြီး၏
အပြစ်အကြီးမားဆုံး အပြစ်သားများ တကယ်ဖြစ်သွားပြီဟု သူ တွေးမိပြီး အလွန်ဝမ်းနည်းသွားသည်။
သို့သော် နောက်တစ်စက္ကန့်တွင် လူလတ်ပိုင်းအရွယ်
အမျိုးသားက သတင်းအချက်အလက်များ ဆက်ပြီး ဖုံးကွယ်ထားရန် ပြောလိုက်သည်ကို သူ ကြားလိုက်ရ၏။
သုတေသနပညာရှင်က အလွန် အံ့ဩသွားလေသည်။
"ဒါပေမဲ့ ဆရာ... ခုနကပဲ ဖုံးလို့မရတော့ဘူးလို့
ပြောခဲ့တာ မဟုတ်လား”
လူလတ်ပိုင်းအရွယ် အမျိုးသား ကုလားထိုင်ပေါ်
မှီချလိုက်ပြီး မျက်လုံးမှိတ်ထားလိုက်သည်။
"သတင်းတွေကို ဖိနှိပ်ထား အသံတိတ် ကိုင်တွယ်
ငါတို့ အချိန်ရသလောက် ဆွဲထားရမယ် ဒါမှမဟုတ် မင်းက..."
ရုတ်တရက် သူ့မျက်လုံးများကို ဖွင့်လိုက်သည့်အခါ
သူ့အကြည့်များက အဆိပ်သုတ်ထားသော ဓားမြှောင်တစ်ချောင်းကဲ့သို့ အေးစိမ့်နေ၏။
"မင်းက အမြန်သေချင်နေတာလား”
သုတေသနပညာရှင်က နောက်ထပ် စကားတစ်ခွန်းမှ မဟရဲတော့ပေ။
အစီရင်ခံစာကို စားပွဲပေါ်တင်ပြီး ထွက်ခွာရန် ပြင်နေတုန်း ထိုအမျိုးသားက အခြေစိုက်စခန်းထဲ
ကျန်နေသည့် အသွင်ပြောင်းသားရဲ အရေအတွက်ကို မေးလာ၏။ သုသေတနပညာရှင်က အမှန်အတိုင်း ဖြေလိုက်သည်။
ထိုအမျိုးသားက နှာခေါင်းရှုံ့လိုက်ပြီး အမိန့်ပေးလာ၏။
"စခန်းထဲက အခုလုပ်နေတဲ့ သုတေသနတွေ အကုန်ရပ်လိုက်
ရှိသမျှ အရင်းအမြစ်တွေအကုန်လုံးကို အသွင်ပြောင်းသားရဲတွေကို ထိန်းချုပ်နိုင်ဖို့ စမ်းသပ်မှုတွေထဲမှာပဲ
အကုန်ပုံအောလိုက်”
"နှစ်လအတွင်း ရလဒ်မထွက်လာရင် ဘယ်သူမှ
အသက်ရှင်စရာ မလိုဘူးလို့ သူတို့ကို ပြောလိုက် နားလည်လား”
အမျိုးသား၏ လေသံက မသိမသာ ပြောင်းလဲသွားသည်။
အသံက သိပ်မကျယ်သော်လည်း သွေးချောင်းစီးမည့် မုန်တိုင်းတစ်ခုကို ဖန်တီးနေသလိုပင်။ ပညာရှင်က
ကြောက်လန့်စွာ ပြန်ဖြေလိုက်ပြီး သူ့ရင်ထဲတွင်တော့ ထိတ်လန့်တုန်လှုပ်နေကာ ခြေဖျားလက်ဖျားများပင်
အေးစက်နေ၏။
စည်းမျဉ်းများအရဆိုပါက ပြန်ဖမ်းမိသော သားရဲများကို
ရှင်းပစ်ရမည် ဖြစ်သည်။ သို့ရာတွင် အမျိုးသားက ရှင်းပစ်ရမည့်အကြောင်း လုံးဝ ထည့်မပြောပေ။
ထိုအစား ဗိုင်းရပ်စ် ပျံ့နှံ့မှုမတိုင်ခင် ကျန်ရှိနေသည့် သားရဲများကို အမြန်ဆုံး အပြည့်အဝ
ထိန်းချုပ်နိုင်ရန်သာ လိုလားနေ၏။
...သူက ဒီသားရဲစစ်တပ်ကို သုံးပြီး အာဏာသိမ်းဖို့
ကြံစည်နေတာလား?
"နောက်တစ်ခုရှိသေးတယ်"
အမျိုးသားက တစ်ခုခုကို သတိရသွားပုံရသည်။
"S အဆင့်အထိ ရောက်နိုင်ချေရှိပြီး ပြောင်းလဲနိုင်စွမ်းရှိတဲ့
လှည့်စားတတ်တဲ့ မြေခွေးရော ရှိသေးလား”
သုသေတနပညာရှင်က အမြန်ပြန်ဖြေလိုက်၏။
"ဟုတ်ကဲ့ ရှိပါသေးတယ်”
"အဲဒီကောင်ကိုပဲ အဓိကထားပြီး ပျိုးထောင်
အမြန်ဆုံး အဆင့်တက်နိုင်မလားဆိုတာ ကြည့်စမ်း”
"ဟုတ်ကဲ့ပါ ဆရာ”
အခန်းထဲမှ ထွက်လာသည့် ပညာရှင်၏ ကျောပြင်တစ်ခုလုံး
ချွေးစေးများ ရွှဲစိုနေလေသည်။ အမျိုးသား၏ စကားများ နောက်ကွယ်ရှိ အဓိပ္ပာယ်ကို တွေးကြည့်မိသည့်အခါ
တစ်ကမ္ဘာလုံး မကြာခင်အချိန်တွင် ပြောင်းပြန်လှန်ခံရတော့မည်ကို သူ ခံစားလိုက်ရသည်။
”ဒါရိုက်တာ”
သူ့၏ သုတေသန လက်ထောက်တစ်ယောက်က စိုးရိမ်တကြီးဖြင့်
သူ့ထံ ပြေးလာသည်။
"ကျွန်တော်တို့ အခုပဲ ပြန်ရေတွက်ကြည့်တာ
C အဆင့် သားရဲတစ်ကောင် ပျောက်နေပါတယ်”
သုသေတနပညာရှင်က လန့်လွန်းသဖြင့် နှလုံးရပ်မတတ်
ဖြစ်သွား၏။ သူ အသည်းအသန် ပြန်မေးလိုက်သည်။
"လှည့်စားတတ်တဲ့ မြေခွေးရော အဲဒီ A အဆင့်
အကောင် ရှိသေးလား”
ဒါရိုက်တာ၏ မျက်နှာပေါ်ရှိ ထိတ်လန့်နေခြင်းကို
လက်ထောက်လေးပင် မြင်ပြီးလန့်သွား၏။
"ဟု-ဟုတ်ကဲ့... ရှိပါသေးတယ်”
"ငါ့ကို အခုချက်ချင်း ခေါ်သွားစမ်း”
နှစ်ယောက်သား သားရဲများကို ပိတ်လှောင်ထာသည့်
နေရာထံသို့ အပြေးအလွှား သွားလိုက်ကြ၏။ ပေါက်ကွဲမှုဖြစ်ပြီးကတည်းက B အဆင့်နှင့် Bအဆင့်အထက်
သားရဲအားလုံးကို သီးခြားအခန်းများတွင်သာ ပိတ်လှောင်ထားကြသည်။ အခန်းနံရံများကို အလွန်ခိုင်ခ့သော
သတ္တုစပ်များနှင်် တည်ဆောက်ထားသဖြင့် ယင်ကောင်တစ်ကောင်ပင် အထဲမဝင်နိုင်ပေ။ စင်္ကြံတစ်ခုလုံး
သားရဲများ၏ ဟိန်းဟောက်သံများက နားကွဲမတတ် ပဲ့တင်ထပ်နေသည်။
"ဒါရိုက်တာ ဒီအခန်းပါပဲ”
သုတေသနပညာရှင်က စောင့်ကြည့်အပေါက်မှ ချက်ချင်း
ချောင်းကြည့်လိုက်သည်။ သို့သော်လည်း အထဲတွင် မည်သည့်အရာမှ မရှိကြောင်းကို တွေ့လိုက်ရပြီး
သူ လန့်ဖျပ်သွားသည်။ ဒေါသတကြီးဖြင့် လုခြုံရေးအစောင့်၏ ကော်လာကို ဆွဲလိုက်သည်။
"ဒါကို မင်းက ရှိနေသေးတယ်လို့ ပြောတာလား
ငါ့ကို နောက်နေတာလား”
အစောင့်က ဇဝေဇဝါနှင့် အထဲငို့ ပြန်ကြည့်ပြီး
ဖြေလိုက်၏။
"ရှိပါတယ် ဆရာ... ဟိုမှာလေ သေသေချာချာ
ပြန်ကြည့်ပေးပါဦး”
သုတေသနပညာရှင်က ထပ်ကြည့်လိုက်သည့်အခါ စောစောက
မည်သည့်အရာမျှ မရှိသော အခန်းထဲတွင် ပန်းရောင်သဏ္ဌာန်ဖျော့ဖျော့လေး တစ်ခုကို ယခုအခါ
အမှန်တကယ် မြင်လိုက်ရသည်။
မည်သည်ကြောင့် ခုနက မမြင်မိကြောင်းကို သူကိုယ်တိုင်လည်း
မဝေခွဲနိုင်ပေ။ ခေတ္တမျှ ကြောင်အသွားပြီးနောက် သူ စိတ်အေးသွား၏။ ပြီးနောက် အစောင့်များကို
သေချာစွာ စောင့်ကြည့်ထားရန် အမိန့်ပေးခဲ့လိုက်သည်။
"အာ... လှည့်စားတတ်တဲ့ မြေခွေးက ဒီလောက်
အထင်အရှားကြီး ရှိနေတာကို ငါ ဘယ်လိုများ လွတ်သွားရတာလဲ"
သူ့အထက်လူကြီးက ထိုမြေခွေးလေး အဆင့်တက်လာသည့်အခါ
ထွက်ပြေးသွားသည့် တခြားသော S အဆင့် သားရဲများကို ပြန်ဖမ်းသည့်နေရာတွင် အသုံးချမည်ဖြစ်ကြောင်း
သူ နားလည်ထား၏။ မည်သည့်ကြောင့်ဆိိုသော် သားရဲများထဲတွင် ဤမြေခွေးတစ်ကောင်ကသာ တခြားသူများ၏
စိတ်အာရုံကို လှည့်စားနိုင်စွမ်း ရှိနေသည်။ သူ ထွက်သွားခါနီး လက်ထောက်က မေးလာ၏။
"ဆရာ၊ ပျောက်သွားတဲ့ C အဆင့် သားရဲအတွက်
ဘာလုပ်ရမလဲ”
"C အဆင့် တစ်ကောင်တည်း ပျောက်တာလား”
"ဟုတ်ကဲ့ သေသေချာချာ စစ်ပြီးပါပြီ”
"အဲဒီကောင်က ဘာမျိုးရိုးဗီဇလဲ"
"သူ့ မျိုးရိုးဗီဇ အစုံပါပဲ၊ ဒါပေမဲ့ သူ့ရဲ့
ပုံစံကတော့ စာ၀ါငှက်ပုံစံပါ..."
ထိုစကားကိုကြားသည်နှင့် သူ စိတ်မဝင်စားတော့ဘဲ
လက်ကာပြလိုက်၏။
"C အဆင့် ငှက်တစ်ကောင်ပဲဟာ ထွက်ပြေးသွားလည်း
သွားပါစေ ဂရုစိုက်မနေနဲ့တော့”
"ဒါပေမဲ့ အဲဒီငှက်က A အဆင့် သားရဲတွေပဲ
လုပ်နိုင်တဲ့ အတုခိုးခြင်းအတတ်ကို တတ်မြောက်ထားတာပါ ပြီးတော့ တခြားသားရဲမျိုးရိုးဗီဇ
နှစ်ခုကိုပါ ထပ်ပေါင်းပြီး အောင်အောင်မြင်မြင် အသက်ရှင်ကျန်ရစ်တဲ့ တစ်ကောင်ထဲသော အကောင်ပါ..."
လက်ထောက်က ဆက်ပြောရန် တွန့်ဆုတ်နေသော်လည်း ဒါရိုက်တာ၏
စိတ်ပျက်နေသော မျက်နှာကို မြင်လိုက်ရသဖြင့် စကားများကို ပြန်မျိုချလိုက်ရသည်။
တစ်ချိန်တည်းတွင် အပြင်လောက၏ လရောင်အောက်တွင်
ပိန်ပါးသည့် လူငယ်လေးတစ်ယောက်က လျှို့ဝှက်လမ်းမှ အလျင်အမြန် သွားနေ၏။ သူ့ရင်ခွင်ထဲတွင်
ပန်းရောင်အမွှေးနုလေးများနှင့် မြေခွေးလေးတစ်ကောင် ပါလာသည်။
"အားကျို ငါတို့ အဝေးကြီး ရောက်လာပြီ။
ငါတို့ ထားခဲ့တဲ့ လှည့်စားတဲ့အစွမ်းက နောက်ထပ် မိနစ် ၃၀ပဲ ခံတော့မယ်”
လူငယ်လေးက တည်ငြိမ်စွာပြောလိုက်၏။
"အဲဒါဆို မြန်မြန်သွားကြမယ် လမ်းမကြီးပေါ်ရောက်ရင်
ကားတစ်စီးတားပြီး မင်းက လူသားကို လှည့်စားပြီး ငါတို့ကို ကားပေါ်တင်သွားအောင် လုပ်ရမယ်”
မြေခွေးလေးက နာခံစွာ ခေါင်းညိတ်ပြီး သူ့ရင်ခွင်ထဲ
တိုးဝင်လိုက်၏။
"နံပါတ်တစ် ထရိုင်နိုဆောရပ်စ် (ရှောင်ဟေး)
ရှိတဲ့နေရာကို မင်း ခံစားမိသေးလား”
လူငယ်လေး
မေးသည့်အခါ မြေခွေးလေးက ခေါင်းခါပြ၏။
"အဲဒါဆို... နံပါတ်ခုနစ် အဆိပ်ပြင်း မြွေပွေးရော”
မြေခွေးလေးက တွန့်ဆုတ်နေပြီး လမ်းကြောင်းတစ်ခုကို
ညွှန်ပြလာသည်။
"အားကျို... ငါတို့ ဘာလို့ အပြာရောင်၀ေလငါးကို
သွားမရှာတာလဲ”
"အဲဒါက ပင်လယ်ထဲမှာ အရမ်းဝေးတယ် ပြီးတော့
အားလုံးက အတူတူပါပဲ”
လူငယ်လေးက အေးစက်စွာ ပြောလိုက်သည်။
"S အဆင့်အထိ ရောက်အောင် စမ်းသပ်မှုပေါင်းစုံကို
ကျော်ဖြတ်သွားတဲ့ သားရဲတွေထဲမှာ အေးဆေးတဲ့ကောင် တစ်ကောင်မှ မရှိဘူး သူတို့အတွက် ငါတို့က
အချိန်မရွေး စားလို့ရတဲ့ အသား ဒါမှမဟုတ် အချိန်မရွေး နှုတ်ပစ်လို့ရတဲ့ မြက်ပင်တွေလိုပဲ”
မြေခွေးလေးက ဝမ်းနည်းတကြီးဖြင့် ပြောလိုက်သည်။
"ဒါပေမဲ့... မြွေက မင်းကို စားလိမ့်မယ်”
"ငါတို့က မြွေကို ရှာနေတာမဟုတ်ဘူး သူ့ကိုသုံးပြီး
နံပါတ်တစ်ကို ရှာမလို့ မင်းရဲ့ ပုံစံအမှန်အတိုင်း အဆင့်တက်နိုင်ဖို့ S အဆင့် သားရဲတစ်ကောင်ရဲ့
အရှိန်အဝါ လိုအပ်တယ်။ ပြီးတော့ ငါတို့အတွက် အစွမ်းထက်တဲ့ အကာအကွယ်လည်း လိုတယ် နံပါတ်တစ်က...
အနည်းဆုံးတော့ တခြားသားရဲတွေကို ပြန်မစားဘူးလေ”
လူငယ်လေးက မျက်လုံးမှိတ်လိုက်ပြီး တိုးတိုးလေး
ရေရွတ်လိုက်သည်။
"ငါတို့သာ ပိုအစွမ်းထက်ရင်၊ သူတို့လို
S အဆင့် ဖြစ်ရင်... ဘယ်သူ့ရဲ့ လက်အောက်မှာမှ နေစရာ မလိုတော့ဘူး"
××××××
တနင်္ဂနွေ ပိတ်ရက်တွင် ဝေ့ရှင်း၏ အိမ်လေးထဲ
ဆူညံနေလေ၏။
"အားလွီ ငါ သိုလှောင်ခန်းထဲမှာ
သိမ်းထားတဲ့ အာလူးကြော်ထုပ်တွေကို မင်း ခိုးစားလိုက်တာလား”
အပြစ်ရှိနေသည့် အားလွီက အမြီးကုပ်ပြီး
ထွက်ပြေးရန် ကြိုးစားသော်လည်း ဝေ့ရှင်း
ဖမ်းမိသွား၏။
"မင်းက ထွက်တောင် ပြေးချင်သေးတာလား”
ဝေ့ရှင်းက ဆူရုံတင်မက အားလွီ၏ ဗိုက်ကိုပါ စစ်ဆေးကြည့်လိုက်သည်။
တော်သေး၏၊ သူ့ဗိုက်က ပြားနေဆဲပင်။ ဝေ့ရှင်း စိတ်တိုရသည်က အာလူးကြော်ထုပ်များကြောင့်
မဟုတ်ဘဲ တစ်အိမ်လုံး အာလူးကြော်အမှုန့်များ ပွနေ၍ ဖြစ်သည်။ ပြီးနောက် ဤနုံနုံအအကြောင်လေးက
အိတ်အခွံများကိုပါ ကိုက်ဖြတ်စားထား၏။
အကယ်၍ အားလွီက သာမန်ကြောင်မဟုတ်မှန်း သူ မသိခဲ့ပါက
အိတ်ခွံများ အူလမ်းကြောင်းထဲ ပိတ်နေမည်ကိုစိုးရိမ်ပြီး ယခုအချိန် ဆေးရုံသို့ အပြေးအလွှား
ခေါ်သွားမှာပင်။ ယခုတွင်မူ အရှက်မရှိသော အားလွီ၏ ပုံစံကို ကြည့်ပြီး ဝေ့ရှင်း သူ့ကို
ရှောင်ဟေး အရှေ့တွင် သွားထားလိုက်သည်။
"သူ့ကို စောင့်ကြည့်ထား ၁၀ မိနစ်လောက်
ဒီအတိုင်း မလှုပ်ဘဲ ရပ်နေခိုင်းလိုက်”
ရှောင်ဟေး: "..."
အားလွီ: "? “
အားလွီကတော့ တကယ့်ကို ဒေါသထွက်နေပြီဖြစ်သည်။
သူ့ကဲ့သို့ မြင့်မြတ်သည့် S အဆင့် သားရဲကြီးက လူသားတစ်ယောက်၏ အပြစ်ပေးခြင်းကို ခံနေရပြီး
ငြိမ်ငြိမ်ရပ်နေရသည်က သူ့အတွက် အကြီးမားဆုံး အရှက်ရခြင်းပင်။
‘ငါ သေရင် သေပါစေ မ ရပ် နိုင် ဘူး’
အားလွီစိတ်ထဲ တိတ်တဆိတ် ကြုံးဝါးလိုက်၏။ သို့သော်လည်း…၁၀
မိနစ်အကြာတွင်…
စူးရှသော ရှောင်ဟေး အကြည့်အောက်တွင် အားလွီခဗျာ
မလှုပ်ရဲဘဲ ‘အချိန်မပြည့်သေးဘူးလား…’ဆိုသည့် မျက်နှာအမူအရလေးဖြင့် အပြစ်လုပ်ထားသည့်
ကလေးလေးကဲ့သို့ ငြိမ်ကုပ်နေရ၏။
ဝေ့ရှင်းက သူ့လက်ပတ်နာရီကို
ကြည့်လိုက်ပြီး အချိန်ပြည့်သည်နှင့် မေးလိုက်၏။
"မစားသင့်တာတွေကို နောက်ထပ် ခိုးစားဦးမှာလား”
"မြောင်..."
အားလွီ နောက်တစ်ခါ မလုပ်ရဲတော့ပါဘူးဆိုသည့်
ပုံစံလေးဖြင့် အားနည်းစွာ အော်လိုက်၏။ ဝေ့ရှင်း သူ့ခေါင်းလေးကို ပွတ်သပ်ပေးပြီး ပါးလေးကို
ကုတ်ပေးလိုက်သည့်အခါ စိတ်ကောက်နေသော အမွှေးလုံးလေးက ကျေနပ်သွားပြီး "ဂူးဂူး"
မြည်သံလေးများ ထွက်လာလေသည်။
၀ေ့ရှင်း ဖုန်းကို တစ်ချက်ကြည့်လိုက်သည်၊ ထန်ချီနှင့်
ချိန်းထားသည့်အချိန်ရောက်ရန် နီးကပ်နေသဖြင့် သူ ပြင်ဆင်ပြီး အပြင်ထွက်ရန် လုပ်နေ၏။
"အိမ်မှာ လိမ်လိမ်မာမာနေ အိမ်စောင့်ကြဦးနော်
ပြန်လာရင် စားကောင်းတာလေးတွေ ဝယ်လာခဲ့မယ်”
ဝေ့ရှင်း အိမ်မှ ထွက်သွားသည်နှင့် တစ်ပြိုင်နက်
ခုနလေးတင် စိတ်ဓာတ်ကျနေသကဲ့သို ဟန်ဆောင်ထားသည့် အားလွီက ချက်ချင်းပင် လန်းဆန်း
တက်ကြွသွား၏။ သူက မြွေပွေးပုံစံ ချက်ချင်း ပြန်ပြောင်းလိုက်ပြီး အမြီးကို တစ်ချက်ခါကာ
တီဗီကို ဖတ်ခနဲ ဖွင့်လိုက်သည်။ ပြီးနောက် ကျားမရှိသည့် တောတွင် မျောက်က ဘုရင်လုပ်နေသကဲ့သို့
ပျော်ပါးစွာ ကခုန်နေ၏။
ရှောင်ဟေးအနေဖြင့် သူ့ကို ကြည့်၍ မရပေ ထို့ကြောင့်
ဗီဒိုအပေါ်သို့သာ ခုန်တက်သွားလိုက်သည်။
ထိုအချိန်တွင်
အလွန်ဝမ်းနည်းစရာကောင်းသော ဇာတ်လမ်းတွဲတစ်ခုကို အားလွီ ကျွမ်းကျင်စွာ ရှာဖွေတွေ့ရှိသွားသည်။
သုံးမိနစ်ပင် မပြည့်လိုက်ဘဲ သူက မင်းသမီးနေရာကို စျာန်၀င်စားသွားပြီး ရှိုက်ကြီးတငင်
ငိုပါလေ၏။
"သနားစရာကောင်းတဲ့ မိန်းကလေးပါလား မင်းက
သူ့ကို ဒီလောက်ချစ်တာကိုး အသုံးမကျတဲ့ ကောင်ကြီးရေ... အနောက်ကို တစ်ချက်လောက် လှည့်ကြည့်ပါဦး
ဟိုမှာ ငိုနေတာ မင်းမမြင်ဘူးလား”
အားလွီ၏
ဆူညံသံများကြောင့် ရှောင်ဟေး အိပ်မရတော့ဘဲ သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။
သူ့ စိတ်ထဲတွင်လည်း တွေးနေမိ၏။
"တော်သေးတာပေါ့... ဝေ့ရှင်းက ဒီငတုံးမြွေတစ်ကောင်တည်းကိုပဲ
ကောက်လာခဲ့လို့ အကယ်၍ နောက်ထပ် သားရဲတွေသာ ထပ်ပါလာရင် အိမ်ကတော့ ပျက်စီးတော့မှာပဲ”
ထိုအချိန်တွင် ရှောင်ဟေးအနေဖြင့် သူ့၏ စိုးရိမ်ပူပန်ခြင်းများ
မကြာခင် အချိန်တွင် တကယ်ဖြစ်လာမည့် အကြောင်းကို လုံးဝ မသိပေ။