Ch 13
Viewers 101

အခန်း(၁၃)

-သားရဲလေးများကို  ပြုစုပျိုးထောင်ပြီးနောက် စွန့်ပစ်နယ်မြေရှိ လူတိုင်း၏ အချစ်ကိုရရှိခြင်း-

 

အိမ်ရာ၀င်း အဝင်ဝတွင် တစ်စုံတစ်ယောက်က ရပ်တန့်ခြင်းခလုတ်ကို နှိပ်လိုက်သကဲ့သို့ အရာအားလုံး ငြိမ်သက်နေသည်။ လမ်းသွားလမ်းလာများ၏ ဆူညံသံများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး လေပြေသည်ပင် တိုက်ခတ်ခြင်းမရှိဘဲ ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေ၏။

​ရှောင်ဟေး လက်ရန်းကို အလွယ်တကူပဲ ခုန်ကျော်လိုက်ပြီး ဆံပင်ရွှေရောင်နှင့် လူငယ်လေးထံ ခြေလှမ်းကျဲကြီးများဖြင့် သွားလိုက်သည်။

​ပန်းရောင်မြေခွေးလေး မြေပြင်ပေါ် လိမ့်ဆင်းသွားသည့် အချိန်တွင်ပဲ ညှို့ဓာတ်ကလည်း အလိုလို ပျက်ပြယ်သွားပြီး ဝေ့ရှင်းလည်း ရုတ်တရက် သတိပြန်ဝင်လာ၏။  နာကျင်နေသည့် သူ့နားထင်ကို လက်ဖြင့် ဖိထားပြီး လက်ချောင်းလေးများကြားမှ အရှေ့သို့ ကြည့်လိုက်မိသည့်အခါ ၀ေ့ရှင်း မျက်စံလေးများပင် တုန်ရီသွားသည်။

 

‘​ခုနက ငါ ဘာဖြစ်သွားတာလဲ ဘာတွေ ဖြစ်နေတာလဲ’

 

​ဝေ့ရှင်းတစ်ယောက် ထိတ်လန့်ရန်ပင် အချိန်မရလိုက်ပေ။ သူ့ဘေးတွင် ရပ်နေသည့် ထန်ချီ ရုတ်တရက်ကြီး သတိလစ်သွားပြီး  မြေပြင်ပေါ် လဲကျသွားလို့ဖြစ်၏။

 

​"ထန်ချီ”

 

​သူ ထန်ချီကို အမြန်လှမ်းဖမ်းလိုက်သည်။ တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ရှိ လမ်းသွားလမ်းလာ တချို့လည်း အကြောင်းရင်း မရှိဘဲ မျက်လုံးများမှိတ်ပြီး မြေပြင်ပေါ် လဲနေကြသည်ကို မြင်လိုက်ရ၏။ ဝေ့ရှင်း၏ မျက်နှာအမူအရာ ချက်ချင်းပျက်သွားသည်။

​အခြားတစ်ဖက်တွင် ရှောင်ဟေးက ဆံပင်ရွှေရောင်နှင့် လူငယ်လေး၏ အရှေ့တည့်တည့်ကို ရောက်နေသည်။ သတ်ဖြတ်လိုသော အငွေ့အသက်များကို ပန်းရောင်မြေခွေးလေး အာရုံခံမိသဖြင့် အသည်းအသန် အော်ဟစ်နေသော်လည်း မမြင်နိုင်သည့် စွမ်းအားတစ်ခု၏ ဖိနှိပ်ထားခြင်းကြောင့် သူလည်း တစ်လက်မပင် မလှုပ်နိုင်ပေ။

 

​ရှောင်ဟေး သူ့လက်ဖ၀ါးကို မြှောက်လိုက်၏။ ရိုးရှင်းသော အမူအရာလေးသာ ဖြစ်သော်လည်း စာဝါငှက်၏ သွေးများကို ဆူပွက်သွားစေပြီး နှလုံးခုန်နှုန်းကိုလည်း အကန့်အသတ်ထိ ရောက်သွားစေသည်။ သူ့အရှေ့တွင် သေမင်းက မတ်တပ်ရပ်ပြီး အေးစိမ့်သော အကြည့်များနှင့် ကြည့်ကာ တံစဥ်းကို မြှောက်လိုက်သကဲ့သို့ သူ မြင်နေရ၏။

 

‘​မလုပ်ပါနဲ့ ငါ့ကို ချမ်းသာပေးပါ ကယ်ကြပါ ငါ တမင် မင်းကို ဆန့်ကျင်တာ မဟုတ်ပါဘူး’

 

​လူတစ်ယောက် တကယ့်ကို ထိတ်လန့်သွားသည့်အခါ စကားတစ်ခွန်းပင် မဟနိုင်ပေ။ ယခင်က ရှိခဲ့သော တည်ငြိမ်ခြင်း ဆင်ခြင်တုံတရားနှင့် အကြံအစည်များ အားလုံး ပြတင်းပေါက်အပြင်သို့ လွင့်စင်သွားသကဲ့သို့ပင်ဖြစ်သည်။

အားကျိုတစ်ယောက် အလွန်ကြောက်လန့်နေသဖြင့် သူကိုယ်တိုင်ပင် မသိလိုက်ဘဲ လက်သီးဆုပ်လိုက်မိပြီး လက်သည်းများက လက်ဖဝါးထဲ နစ်ဝင်သွား၍ သွေးများထွက်လာသည်။

ပြင်းထန်သော မုန်တိုင်းထဲ သစ်ကိုင်းကို အားကိုးတကြီး ဖက်တွယ်ထားသည့် သစ်ရွက်ခြောက်လေးကဲ့သို့ သူ့မျက်လုံးများက ပြူးကျယ်နေပြီး ဖြူဖျော့နေသည့် နှုတ်ခမ်းများကလည်း တဆက်ဆက် တုန်ရီနေ၏။

 

‘ချမ်းသာပေးပါ တောင်းပန်ပါတယ် မရည်ရွယ်ပါဘူး

ကျေးဇူးပြုပြီး ငါ အသက်ရှင်ချင်သေးတယ် တောင်းပန်ပါတယ် ကျေးဇူးပြုပြီး

မသေချင်သေးဘူး’

 

​"ရှောင်ဟေး”

 

အရေးကြီးသည့် အချိန်တွင် လူငယ်လေး၏ အသံ ထွက်ပေါ်လာခဲ့၏။ ​ရှောင်ဟေး လက်သည်းများက ဆံပင်ရွှေရောင်နှင့် လူငယ်လေး၏ နဖူးအရှေ့နားတွင် ရပ်တန့်သွားသည်။ နှစ်စက္ကန့်မျှ တိတ်ဆိတ်သွားသည့်အခါ သူ့အမြီးက စိတ်မရှည်သကဲ့သို့ ဟိုဘက် ဒီဘက်ကို ယမ်းနေ၏။

အော်ခေါ်လိုက်ရုံနှင့် ရှောင်ဟေး၏ သတ်ဖြတ်လိုစိတ်ကို လျှော့ချရန်  မလွယ်ကူကြောင်း ​ဝေ့ရှင်း သိသည်။ သို့သော် နေ့ခင်းကြောင်တောင် အချိန်တွင် ရှောင်ဟေးကို တစ်ခုခုလုပ်ခွင့် မပေးနိုင်ပေ။ ဤနေရာတွင် စောင့်ကြည့်ကင်မရာများ အပြည့်ရှိနေပြီး တစ်ခုခုဖြစ်သွားပါက ရှောင်ဟေး၏ တကယ့်အမှန်တရားသည် သေချာပေါက် ပေါ်သွားလိမ့်မည်။

​ဝေ့ရှင်း အားတတ်စေရန် သူ့ကိုယ်သူ ပြန်ဆိတ်လိုက်ပြီး တည်ငြိမ်သည့် အသံရစေရန် ထိန်း၍ ပြောလိုက်သည်။

 

 "ရှောင်ဟေး မင်း ငါ့ကို လာကြိုတာ မဟုတ်လား”

 

​"အဲဒါကို ဘာလို့ တခြားလူဆီကို ပြေးသွားရတာလဲ”

 

​ရှောင်ဟေး သူ့လက်သည်းကို ပြန်မရုတ်သေးပေ။ သို့သော် ယမ်းနေသည့် အမြီးလေး နည်းနည်း ငြိမ်သွား၏။

ထိုစဉ် ဝေ့ရှင်းအနေဖြင့်  သူ့အတွင်းစိတ်ထဲ ကိန်းအောင်းနေသည့် ပါရမီတစ်ခုကို ဖော်ထုတ်မိလိုက်၏။ ယခင်က တီဗီဇာတ်လမ်းများထဲ သူ တစ်ခါတစ်ရံ မြင်ဖူးခဲ့သည့် စကားလုံးများက ခေါင်းထဲတွင် တရစပ် ပေါ်လာပြီး အကုန်လုံးကို လွှတ်ခနဲ ပြောချလိုက်သည်။

 

​"ဒီနေ့ ငါ ပစ္စည်းတွေ အများကြီး သယ်လာရတာ လက်တွေလည်း နာနေပြီ ခြေထောက်တွေလည်း အားမရှိတော့ဘူး အရမ်းလည်း ပင်ပန်းနေပြီ ငါ မင်းကို ချီထားချင်တယ် အခုချက်ချင်း ဒီဘက်ကို လာပေးလို့ ရမလား”

 

​"ဘာလို့ မလာတာလဲ ဘာလို့ သူ့ကိုပဲ ကြည့်နေရတာလဲ သူက ငါ့ထက် ပိုအရေးကြီးနေလို့လား”

 

အလွန်အမင်း ရှက်ရွံ့နေခြင်းကို အံတုလျက် နောက်ဆုံး ဗုံးတစ်လုံးကဲ့သို့ စကားလုံးကို ​ဝေ့ရှင်း ထပ်ပြောလိုက်သည်။

 

​"ငါ သိပါပြီ မင်းက သူ့ကိုပဲ လိုချင်တာ ငါ့ကို မဟုတ်ဘူး”

 

​ဤနောက်ဆုံး စကားတစ်ခွန်းက အခြေအနေတစ်ခုလုံးကို ပြောင်းလဲပစ်လိုက်၏။ ရှောင်ဟေး၏ နှုတ်ခမ်းများ တင်းမာစွာ တွန့်သွားပြီး၊ နောက်ဆုံးတွင် သူ့လက်သည်းကို ပြန်ရုတ်ကာ ဝေ့ရှင်းထံ လျှောက်လာသည်။ သူ ဝေ့ရှင်းထံ မရောက်ခင်တွင် လူငယ်လေး၏ ဆီးကြိုပွေ့ဖက်ခြင်းကို ခံလိုက်ရသည်။

 

​"ငါ ဘာမှမဖြစ်ပါဘူး ဒဏ်ရာလည်း မရပါဘူး”

 

​မည်သည်ကြောင့် ရှောင်ဟေး  ဒေါသထွက်နေလဲဆိုသည်ကို ဝေ့ရှင်း သိ၏။ ထို့ကြောင့် ရှောင်ဟေး၏ ကြောင်နားရွက်လေးထံ တိုးကပ်ပြီး  တိုးတိုးလေးဖြင့် အကြိမ်ကြိမ် ပြောပြီး ချော့လိုက်သည်။

 

"ငါ တကယ် ဘာမှမဖြစ်ဘူး စိတ်မဆိုးနဲ့တော့နော်၊  ဟုတ်ပြီလား”

 

ဤအချိန်မှသာ ရှောင်ဟေး ဒေါသများ အမှန်တကယ် ပြေလျော့သွားတာဖြစ်၏။ လူငယ်လေးကို စိုးရိမ်မနေစေချင်ပေ၊ ထို့ကြောင့် စိတ်မဆိုးတော့ကြောင်း ပြသရန် ခေါင်းခါပြမည်ဟု လုပ်သည့်အချိန်တွင်... ရှက်ရွံ့ခြင်းကြောင့် နီရဲနေသည့် ဝေ့ရှင်း နားရွက်ဖျားလေးကို မြင်ပြီး သူ့အကြည့်များ အေးခဲသွား၏။

​ဖြူဝင်းသော အရေပြားပေါ် ပန်းရောင်သန်းနေသည့် ထိုနားရွက်လေးက အရမ်းကို နူးညံ့ပြီး ဆွဲဆောင်မှုရှိနေ၏။ မှော်ဂါထာဖြင့် ပြုစားခံလိုက်ရသကဲ့သိုပင် ရှောင်ဟေး သူ့ပါးစပ်လေးကို အနည်းငယ် ဟမိလိုက်သည်။

နူးညံ့နေသည့် ထိုနေရာလေးကို လျက်ရန် ပြင်လိုက်သည့် အချိန်တွင်ပဲ သူ ရုတ်တရက် သတိဝင်သွား၏။ မီးလောင်သွားသကဲ့သို့ သူ့ခေါင်းကို အမြန် ပြန်လွှဲလိုက်သည်။

 

သူ့ဖိအားများကို ​ရှောင်ဟေး ပြန်ရုတ်သိမ်းလိုက်ပြီးနောက် မြေပြင်ပေါ် လဲနေကျသည့် လမ်းသွားလမ်းလာများ ချက်ချင်းဆိုသလို နိုးလာကြပြီး ဇဝေဇဝါဖြစ်စွာ ပတ်ဝန်းကျင်ကို ကြည့်နေကြသည်။

​ထန်ချီလည်း အိပ်ချင်မူးတူးနှင့် မျက်လုံးဖွင့်လာပြီး ဝေ့ရှင်းကို အရင်မြင်လိုက်သည်။ ထို့နောက် မြေပြင်ပေါ် ပြန့်ကျဲနေသော စျေးဝယ်အိတ်နှင့် ပစ္စည်းများကို မြင်သွား၏။ သူ ချက်ချင်း သတိဝင်လာပြီး အော်လိုက်သည်။

 

"ဟာ... ငါ ဒါတွေကို ဘယ်အချိန်က လွှတ်ချလိုက်မိတာလဲ”

 

​တခြားလူများလည်း သတိပြန်ဝင်လာကြပြီး  အချင်းချင်း ပြောနေကြ၏။

 

 "ခုနက ဘာဖြစ်သွားတာလဲ"

 

"မသိဘူး ငါ ရုတ်တရက် ခေါင်းတွေ အရမ်းမူးသွားတာပဲ"

 

"ငါ ဘယ်လို လဲသွားတာလဲ နာလိုက်တာ နေပါဦး မင်းလည်း လဲတာပဲလား”

 

“ဘာတွေဖြစ်ကုန်တာလဲ လူတိုင်း ဘာလို့ မြေပေါ်မှာ လဲနေကြတာလဲ”

 

​ရှောင်ဟေး မြေခွေးလေးကို ကြည့်လိုက်ပြီး အမိန့်ပေးလိုက်သည်။

 

"ခုနက ဖြစ်ခဲ့တာတွေကို သူတို့ မေ့သွားအောင် လုပ်လိုက်"

 

မြေခွေးလေးကလည်း ချက်ချင်း နာခံ၏။ သူ့၏ စွမ်းအား အကျိုးသက်ရောက်သွားသည်နှင့်  လမ်းသွားလမ်းလာများက ခုနက ကိစ္စများကို ဆက်မတွေးတော့ဘဲ သူတို့ဘာသာ ဆက်သွားကြသည်။

​ဝေ့ရှင်း ထန်ချီကို ထူပေးလိုက်ပြီး နှစ်ယောက်သား ပစ္စည်းများကို အိတ်ထဲ ပြန်ထည့်လိုက်၏။ စာဝါငှက်၏ နှုတ်ခမ်းထောင့်တွင် သွေးစွန်းနေသည်ကို ဝေ့ရှင်း မြင်သဖြင့် အသင့်စား မုန့်ထုပ်တစ်ထုပ်ကို ကမ်းပေးလိုက်ပြီး ပြောလိုက်သည်။

 

 "ရော့ ဒါနဲ့ မင်းမျက်နှာကို ကွယ်ထားလိုက်"

 

​စာဝါငှက်၏ ကြောက်စိတ်များ မပြေသေးပေ။ တည်ငြိမ်သည့် လူငယ်လေး အသံကို ကြားသည်နှင့် သူ မုန့်ထုပ်ကို အမြန်ယူလိုက်ပြီး သူ့နှာခေါင်းရှေ့တွင် ကာထားလိုက်၏။ ထန်ချီက တစ်ခုခုကို သတိရသွားသကဲ့သို့ ၀ေ့ရှင်းကို လှမ်းကြည့်ပြီး မျက်မှောင်ကြုတ်ကာ မေးလာသည်။

 

"ဒါ ဘယ်သူလဲ”

 

အားကျို ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသော်လည်း ဝေ့ရှင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

 

"အမျိုးတွေဆီက ကလေးလေ လမ်းမှာ ဆုံလို့ အိမ်မှာ ကစားဖို့ ခေါ်လာတာ"

 

၀ေ့ရှင်း ပြောပြောဆိုဆိုဖြင့် နောက်ထပ် အိတ်တစ်လုံးကို စာဝါငှက်ထံ ပေးလိုက်ပြီး သူ့ခေါင်းလေးကို ပုတ်ကာ ပြောလိုက်သည်။

 

 "လာ အိမ်ပြန်ကြစို့"

 

​သူတို့နှစ်ယောက် ရင်းနှီးပုံရသည်ကို ထန်ချီ မြင်ပြီးနောက် သူ့ခေါင်းကို ကုတ်လျက်  သူ့သံသယများကို လျစ်လျူရှုလိုက်၏။

ထန်ချီကို နှုတ်ဆက်ပြီး အိမ်ပြန်ရောက်သည့် အချိန်တွင် အစိမ်းရောင် အမွှေးလုံးလေးက ကျည်ဆန်တစ်တောင်ကဲ့သို့ ခုန်အုပ်လာသဖြင့် ဝေ့ရှင်းခမျာ အမွှေးလုံး၏ အရှိန်နှင့် ဆောင့်မိပြီး  အတွင်းဒဏ်ရာပင်ရမတတ် ဖြစ်သွားသည်။

 

​"မြောင်”

( လိမ်လိမ်မာမာနဲ့ အိမ်စောင့်နေတာ စားစရာတွေ ဘယ်မှာလဲ စားကောင်းတာလေးတွေလေ)

 

​ဝေ့ရှင်း ရင်ထဲ စိုးရိမ်ပူပန်နေသမျှသည် အရည်လဲ့နေသော အားလွီ မျက်လုံးလေးများကို မြင်လိုက်ရသည်နှင့် ချက်ချင်း လွင့်စင်သွား၏။

​ဤအကောင်လေး တွေးနေသည့် အရာများကို ခန့်မှန်းရလွယ်ကူ‌လေသည်။ စျေးဝယ်အိတ်များကို မျှော်လင့်တကြီး စိုက်ကြည့်နေသည့် ပုံစံနှင့်တင် သူ မည်သည်ကို လိုချင်နေမှန်း သိသာလှ၏။

ဝေ့ရှင်းတစ်ယောက် မရယ်ဘဲ မနေနိုင်ပေ၊ စာဝါငှက် လက်ထဲရှိ အိတ်ကို ပြန်ယူလိုက်သည်။

 

"ဝယ်လာခဲ့တယ် ကြည့်စမ်း ဒီအိတ်တစ်အိတ်လုံးက မင်းအတွက်ပဲ ပျော်ပြီလား”

 

​အားလွီ စျေးဝယ်အိတ်ကို ဖက်ထားပြီး ခေါင်းတစ်ဝက်လောက် အိတ်ထဲနှစ်ကာ စစ်ဆေးနေပြီး ပျော်ရွှင်စွာ အော်နေ၏။

​လူတစ်ယောက်နှင့် ကြောင်လေးတစ်ကောင်က အချစ် ပိုနေကြသော်လည်း သူတို့ အနောက်ရှိ စာဝါငှက်နှင့် ပန်းရောင်မြေခွေးလေးကတော့ ကျောက်ရုပ်များကဲ့သို့  ရပ်ပြီး မှင်တက်နေ၏။

အသွင်ပြောင်း သားရဲများ၏ အရှိန်အဝါက လိမ်လို့မရသော သက်သေခံကတ်ပြားကဲ့သို့ပင်။ သူတို့အနေဖြင့် အဆိပ်ပြင်းမြွေပွေး၏  အငွေ့အသက်ကို လွဲမှားစရာ အကြောင်းမရှိပေ။

သို့သော်လည်း သူတို့ အရှေ့တွင် လူသားတစ်ယောက်ကို ချွဲနွဲ့ပြနေသည့် ဤအစိမ်းရောင် ကြောင်လေးက သွေးဆာနေတတ်သည့် နံပါတ်ခုနစ် ဖြစ်ကြောင်း ယုံကြည်ရန်ဆိုသည်မှာ ကောင်းကင်ကြီးက သူတို့ကို နောက်ပြောင်နေခြင်းဟုသာ ထင်ရပေမည်။

 

ခေတ္တမျှ အားလွီကို ပွတ်သပ်ပေးပြီးနောက် ဝေ့ရှင်း သက်ပြင်းအရှည်ကြီး ချလိုက်သည်။ သူ့စိတ်ထဲ ၀ေ၀ါးနေဆဲပင်။ ထိုစဉ် အသားစိမ်းများ ထည့်ထားသည့် အိတ်မှ ရေများစိမ့်ထွက်သည်ကို ၀ေ့ရှင်း မြင်လိုက်သဖြင့် အလျင်အမြန်ပဲ မီးဖိုချောင်ထဲ ယူသွားလိုက်၏။

​ဝေ့ရှင်း ထွက်သွားသည်နှင့် တစ်ပြိုင်နက် လေထုကြီးက ချက်ချင်း ပြောင်းလဲသွားလေသည်။ နွေးထွေးနေသည့် အခန်းအပူချိန်က ရေခဲမှတ်အထိ ရုတ်တရက် ကျဆင်းသွားသကဲ့သို့ ခံစားရပြီး သူတို့၏ ခြေဖျားလက်ဖျားများ အေးစက်လာ၏။

 

​အားလွီ စာဝါငှက်ကို ပတ်ပတ်လည် လှည့်ပြီး ကြည့်နေသည်။ ခေတ္တအကြာ အားလွီ ခန္ဓာကိုယ်က တရိပ်ရိပ် ရှည်ထွက်လာပြီး သူတို့အပေါ်တွင် ကြီးမားသည့် အရိပ်မည်းကြီးတစ်ခု ဖုံးလွှမ်းသွားသည်။

အားလွီက သူ့၏ ပုံစံအမှန်ကို ဖြည်းဖြည်းချင်း ပြန်ပြောင်းနေသကဲ့သို့ ထင်ရသော်လည်း တကယ်တမ်းတွင် အလွန် လျင်မြန်၏။ စာဝါငှက် တုံ့ပြန်ရန် အချိန်မရလိုက်ပေ၊ ကြီးမားသော မြွေကြီး၏ ခန္ဓာကိုယ်က သူ့ကို တင်းကြပ်စွာ ပတ်ထားပြီးဖြစ်သည်။

​သေမင်းထံမှ နောက်ထပ်တစ်ကြိမ် ခြိမ်းခြောက်ခြင်း ရောက်လာပြန်သဖြင့် စာဝါငှက် တစ်ကိုယ်လုံး တုန်ရီနေ၏။

 

 "မင်း ထုတ်လိုက်တဲ့ ဖိအားကို ငါ ခံစားမိတယ် မင်း ခုနက ဒေါသထွက်နေတာပဲ”

 

​အားလွီ ထိုသို့ပြောလာ၏။ ထိုစကားကို စာဝါငှက်၏ နား,နားတွင် ကပ်၍ ပြောနေခြင်းဖြစ်သော်လည်း တကယ်တမ်း ရှောင်ဟေးထံ ရည်ရွယ်ပြီး ပြောနေခြင်းပင်။

 

“အင်း”

 

​ရှောင်ဟေး သူတို့ဘေးမှ ဖြတ်လျှောက်သွားလျက် တိုတုတ်စွာ ပြန်ဖြေလိုက်သည်။ ​အားလွီက ဆက်ပြောလာ၏။

 

"မင်းကို ဒေါသထွက်စေမယ့် အခြေအနေက တစ်ခုပဲ ရှိတယ်”

 

​ရှောင်ဟေးက ပြန်လည်း မပြောသကဲ့သို့ ငြင်းလည်း မငြင်းပေ။ သို့နှင့် မြွေကြီးက သူ့အာရုံကို စာဝါငှက်ထံ ပြန်လှည့်လိုက်ပြီး ချွန်ထက်သည့် အဆိပ်အပြည့်နှင့် အစွယ်များကို ထုတ်ပြလိုက်၏။

 

"ငါ့ရဲ့ အနံ့ရော နံပါတ်တစ်ရဲ့ အနံ့ရော ရှိနေတဲ့ လူသားတစ်ယောက်ကို မင်းက ဘယ်လိုတောင် သတ္တိရှိရှိ အနိုင်ကျင့်ရဲတာလဲ ငှက်ကလေးရယ်”

 

​နောက်ဆုံးစကားလုံး အဆုံးသတ်သည်နှင့် နီရဲနေသည့် သူ့လျှာနှစ်ခွကြီးဖြင့် စာဝါငှက် လည်ပင်းကို လျက်လိုက်သည်။ အေးစက်စက်နှင့် ချွဲကျိနေသော အထိအတွေ့က အလွန် အန္တရာယ်များသည့် အငွေ့အသက်ကို ပေးနေ၏။

 

​’လူသားတွေကို မုန်းတီးလှပါတယ်ဆိုတဲ့ အသွင်ပြောင်း သားရဲတစ်ကောင်က လူသားတစ်ယောက်နဲ့ ဒီလောက် ရင်းနှီးလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ’

 

​အချိန်တိုလေးအတွင်း S အဆင့် သားရဲနှစ်ကောင်ထံမှ ဖိအားကို ခံလိုက်ရသဖြင့် စာဝါငှက်၏ စိတ်ဓာတ်လေး ပြိုလဲလုနီးပါး ဖြစ်သွားသည်။

 

‘ထရိုင်နိုဆောရပ်စ်ရော အဆိပ်ပြင်းမြွေပွေးကိုပါ တစ်ပြိုင်တည်း အပြစ်လုပ်မိသွားတာ... သူ အသက်ရှင်ဖို့ အခွင့်အရေးရှိဦးမှာလား’

 

​စာဝါငှက်က အခွင့်အရေး မရှိကြောင်းကို ခံစားနေရသဖြင့် မျှော်လင့်ချက်မဲ့ခြင်းများက သူ့ကို ဝါးမြိုသွား၏။ သူ့ကိုယ်သူ မုန်းတီးသည့် စိတ်များက ဆူးများကဲ့သို့ပင် နှလုံးသားထဲမှ အရှိန်အဟုန်ဖြင့် တိုးထွက်လာသည်။

 

‘​ဒီလောက်ကြာအောင် ထွက်ပြေးခဲ့ပေမဲ့ သေမင်းလက်က မလွတ်နိုင်သေးဘူး သူ ဘာလို့ ဒီလောက်တောင် အားနည်းနေရတာလဲ။ သူ ဘာလို့ စာဝါငှက် ဖြစ်နေရတာလဲ အသက်လုရမယ့်အချိန်မှာတောင် ဘာလို့ တုန်ရီနေတာကလွဲလို့ ဘာမှမတတ်နိုင်ရတာလဲ။ ​လှုပ်ရှားစမ်း၊ ပြန်တိုက်စမ်း အနည်းဆုံးတော့ တစ်ခုခုပြောစမ်း ဘာလို့ ငါက ပြန်ခုခံဖို့ မတတ်နိုင်ရတာလဲ’

 

​မြေခွေးလေးကတော့ စိုးရိမ်လွန်ပြီး ငိုချင်နေသည်။ သူက A အဆင့် ညှို့ဓာတ်သာ ရှိသဖြင့် S အဆင့် သားရဲများကို မလှည့်စားနိုင်ပေ။ သူလုပ်နိုင်သည်က အရှေ့သို့ ပြေးတက်ပြီး အဆိပ်ပြင်းမြွေပွေး၏ အမြီးဖျားကို ခုန်ကိုက်လိုက်ခြင်းသာ။

 

"နံပါတ်ခုနစ် ကျွန်တော်တို့ မှားသွားပါတယ် လူသားကို မစနောက်သင့်ပါဘူး ကျေးဇူးပြုပြီး ကျိုကျိုကို မစားပါနဲ့ သူ့ကို မစားပါနဲ့နော်”

[ကျိုကျို- စာ၀ါငှက်, အားကျို]

 

​"အားလွီ..."

 

​ရုတ်တရက် ထွက်လာသည့် ခေါ်သံကြောင့် မည်သည့် နေရာမှ စကိုက်ရမလဲဟု စဉ်းစားနေသည့် အဆိပ်ပြင်းမြွေပွေးက တစ်ကိုယ်လုံး တုန်တက်သွားပြီး အပြစ်ကင်းစင်သည့် အစိမ်းရောင် အမွှေးလုံးလေးအဖြစ် ချက်ချင်း ပြန်ပြောင်းလိုက်သည်။ ထို့ကြောင့် မြေခွေးလေး ကိုက်ချက်က လွဲချော်သွား၏။

မြေခွေးလေးကို လှမ်းဖမ်းရန် ​စာဝါငှက် အလိုအလျောက် ကြိုးစားလိုက်သော်လည်း သူ့တစ်ကိုယ်လုံး အားအင်ကုန်ခမ်းနေကြောင်း သူကိုယ်တိုင်ပင် သတိမထားမိပေ။ သူ မတ်တပ်ပင် မရပ်နိုင်ဘဲ နောက်သို့လန်ကျသွား၏။

ကြမ်းပြင်ပေါ် ​လဲကျမည်အထင်ဖြင့် သူ့ မျက်လုံးများကို ကြောက်လန့်တကြား မှိတ်လိုက်သော်လည်း ထင်မှတ်မထားဘဲ လူငယ်လေး၏ သွယ်လျသည့် ခန္ဓာကိုယ်လေးနှင့် သွားတိုက်မိပြီး အဖမ်းခံလိုက်ရသည်။

 စာဝါငှက်က ကြောင်တောင်တောင်လေး မော့ကြည့်လာသည့်အခါ သူ့မျက်လုံးထဲ ဝမ်းနည်းခြင်း ထိတ်လန့်ခြင်းနှင့် ကိုယ့်ကိုယ်ကိုယ် မုန်းတီးခြင်းများ ပြည့်နှက်နေသည်ကို ဝေ့ရှင်း အကုန်မြင်လိုက်ရ၏။

တစ်ချိန်တည်းတွင် အပေါ်သို့ မော့ကြည့်နေသည့် စာ၀ါငှက်ကလည်း လူငယ်လေး၏ သန့်ရှင်းစင်ကြယ်သော မေးရိုးနှင့် တုန်ရီနေသည့် မျက်လုံးများကို မြင်လိုက်ရ၏။ သို့သော် ခေတ္တမျှသာ ဖြစ်သည်။

​နောက်တစ်စက္ကန့်တွင် ဝေ့ရှင်းတစ်ယောက် မည်သည့်အရာကိုမျှ မမြင်သကဲ့သို့ ပြုံးလိုက်ပြီး အားလွီ နဖူးကို အသာလေး တောက်လိုက်သည်။

 

"ဘာဖြစ်နေတာလဲ ငါတို့ရဲ့ ဧည့်သည်အသစ်တွေကို မင်းက နှုတ်ဆက်နေတာလား”

 

​အားလွီ  သူ့ကို ခေါင်းလေးစောင်းပြီး ကြည့်လိုက်သည်။ ဤရက်ပိုင်းအတွင်း  လူသားများ၏ စကားလုံးများကို သူ လေ့လာနေခဲ့ခြင်းဖြစ်ပြီး သေမင်းကို စိန်ခေါ်နေကြသည့် ဤငှက်နှင့် မြေခွေးကို ဧည့်သည် ဟု ခေါ်ရလိမ့်မည်ကို သူ တစ်ခါမှ မတွေးထားမိပေ။

​မယုံကြည်နိုင်သည့် အားလွီ အမူအရာကို မြင်သည်နှင့် ဝေ့ရှင်း ကောင်လေး၏ ပုခုံးကို ပုတ်လိုက်သည်။

 

"မင်းတို့ကို မိတ်ဆက်ပေးပါရစေ။ ဒါက လမ်းမှာတွေ့တဲ့ ကလေးလေးလေ သူက အရမ်းဝေးတဲ့နေရာက လာတာ သေသေချာချာလည်း မနားရသေးဘူး ဒါကြောင့် ငါတို့ဆီမှာ ခဏလောက် နားဖို့ ခေါ်လာတာ”

 

​"အော်... ပြီးတော့ ဒါလေးက သူ့ရဲ့အဖော်လေးပေါ့”

 

​ဝေ့ရှင်းတစ်ယောက်ဘ ကြောင်တောင်တောင်လေး ဖြစ်နေသည့် မြေခွေးလေးကို ချီပြီး ဆိုဖာပေါ် တင်ပေးလိုက်ကာ စကားလမ်းကြောင်း လွှဲလိုက်၏။

 

"ဒီည ဘာစားကြမလဲ ဒီနေ့ ငါ ပါဝင်ပစ္စည်းတွေ အများကြီး ဝယ်လာတယ် ငါတို့ စားပွဲ အကြီးကြီးတစ်ခု ပြင်ကြတာပေါ့”

 

​လူငယ်လေးက အလွန် တည်ငြိမ်စွာဖြင့် စိတ်ထဲရှိသည့်အတိုင်း လုပ်ဆောင်နေပြီး မည်သို့ပင်ကြည့်ကြည့် ဟန်ဆောင်နေသည်ဟု မထင်ရပေ။

​စာဝါငှက်နှင့် မြေခွေးက ဝေ့ရှင်းကို စော်ကားမိသွားပြီဟု အသေအချာ ယုံကြည်ထားသည့် အားလွီလည်း ယခုအခါ ဇဝေဇဝါ ဖြစ်သွားပြီး ရှောင်ဟေးကို မသေချာသည့် အကြည့်များဖြင့် လှမ်းကြည့်လိုက်၏။ ရှောင်ဟေး မျက်မှောင် အနည်းငယ်ကြုတ်လိုက်သည်။

ရှောင်ဟေး စိတ်အေးစေရန် ​ဝေ့ရှင်း ပြုံးပြလိုက်ပြီး ပေပွနေသည့် စာဝါငှက်ကို ရေချိုးခန်းထဲ ခေါ်သွား၏။

​အမွှေးလုံးလေး အားလုံးကို ကျောခိုင်းလိုက်သည်နှင့် ၀ေ့ရှင်း နှုတ်ခမ်းပေါ်ရှိ အပြုံးက နည်းနည်း တင်းမာသွား၏။ ရေခဲသေတ္တာ တံခါးပေါ် ဖြတ်ခနဲ မြင်လိုက်ရသည့် အရိပ်ကို ပြန်တွေးမိပြီး သူ အနည်းမျှ ကြောင်အသွားသည်။

 

‘​အဲ့ဒါဆို အားလွီက မြွေကြီးပေါ့’

 

၀ေ့ရှင်းတစ်ယောက် ​သူ့နဖူးကို သူ ပြန်ပွတ်နေမိသည်။

 

‘သူ ကြောက်သလား ကြောက်တာပေါ့—မြို့ပြမှာ နေထိုင်နေတဲ့ လူတွေမှာ ဘယ်သူကများ ဒီလောက်ကြီးတဲ့ မြွေကြီးကို မြင်ဖူးမှာလဲ’

 

သို့ရာတွင် ယနေ့ တစ်နေ့တည်းမှာတင် ထိတ်လန့်စရာများ အကြိမ်ကြိမ် ကြုံခဲ့ရသဖြင့် သူ့၏ စိတ်ခံစားနိုင်စွမ်းက သူထင်ထားတာထက် ပိုပြီး ကြံ့ခိုင်နေပုံရသည်။ သူ ကြောက်နေသော်လည်း ထိုကြောက်စိတ်က သူ့ကို လွှမ်းမိုးမသွားပေ။ ကြောက်စိတ်ထက် အံ့ဩခြင်းနှင့် သိချင်စိတ်က ပိုများနေ၏။ ကူခွိုက် ဆိုသည်က မည်သည့်လျှို့ဝှက်ကုဒ် ဖြစ်မလဲဟု သူ အမြဲစဉ်းစားနေခဲ့၏။ ထိုအရာက အဆိပ်ပြင်းမြွေပွေး ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

​ထရိုင်နိုရန်နိုဆောရပ်စ် ဆိုသည်က နားလည်ရ လွယ်သည်။ ရှောင်ဟေး၏ သားရဲပုံစံကို သူ မြင်ဖူးပြီး မျိုးတုံးသွားသည့် ဒိုင်နိုဆောတစ်ကောင်နှင့် ဆင်တူ၏။ မည်သည့် အမျိုးအစားဖြစ်မလဲကိုတော့ မသေချာသဖြင့် အချိန်ရပါက သူ ရှာကြည့်ရမည်။

အားလွီကတော့ သူ့ကို အမြဲ ဖုံးကွယ်ထားပြီး သူ့ အသံအနည်းငယ်ကြားရုံနှင့် ပြာပြာသလဲ ဖြစ်နေတတ်၏၊ သူ့၏ အမှန်တရား ပေါ်သွားမည်ကို ကြောက်နေ၍ ဖြစ်လိမ့်မည်။ ​ဝေ့ရှင်း မထိန်းနိုင်ဘဲ ပြုံးလိုက်မိသည်။

 

‘အားလွီက သူ့ကို မသိစေချင်ဘူးဆိုရင်တော့ သူ ဘာမှမသိသလိုပဲ ဟန်ဆောင်ပေးထားလိုက်မယ်’

 

အတွေးများ ပျံ့လွင့်နေသော်လည်း သူ့လက်များကတော့ အလုပ်မအားပေ။ ဗီဒိုထဲရှိနေသော ပစ္စည်းများကို လိုက်ရှာနေ၏။ ရှောင်ဟေးနှင့် အားလွီတို့က သူတို့ပစ္စည်းများတွင် တခြားအနံ့များ စွဲမည်ကို မကြိုက်ကြသဖြင့် အရံအနေနှင့် ၀ယ်ထားသည် တဘက်အသစ် ရှိမလားကို သူ ရှာနေခြင်းပင်။

××××

 

​ရေချိုးခန်းထဲ ရောက်ကတည်းက အားကျိုတစ်ယောက် တောင့်တောင့်ကြီး မတ်တပ်ရပ်နေမိသည်။ အားကျို မှန်ဘက်သို့ လှည့်ကာ မှန်ထဲရှိ ကိုယ့်ပုံကိုယ် ဖြည်းဖြည်းချင်း ကြည့်လိုက်၏။

​ညစ်ပတ်ပေရေပြီး ဖရိုဖရဲ ဖြစ်နေသည့် ပုံစံ၊ အဝတ်အစားများကလည်း လိပ်တက်နေပြီး၊ နှာခေါင်းနှင့် ပါးစပ်တွင်လည်း သွေးစများ ခြောက်ကပ်နေ၏။  လဲကျသွားစဥ်က ကပ်ပါလာသည့် မြေကြီးများကလည်း ရွှေရောင်ဆံပင်တွင် ပေကျံနေသည်။ အချိန်အကြာကြီး မနားရသေးသည့်အပြင် ဆက်တိုက် ထိတ်လန့်ခဲ့ရသဖြင့် သူ့မျက်နှာပင် နေမကောင်းသည့်သူကဲ့သို့ ဖြူဖျော့နေ၏။

​ရှေ့ဆက်ပြီး ရင်ဆိုင်ရမည့် အရာများကိုလည်း မသိနိုင်သဖြင့် သူ့စိတ်ထဲ ကြောက်ရွံ့ခြင်းများ ကြီးစိုးနေဆဲပင်။ သို့သော်လည်း သူ့ဝိညာဉ်က ခန္ဓာကိုယ်ထဲမှ ထွက်သွားသကဲ့သို့ လေထဲ၀ဲပျံလျကာ  ကြောက်တတ်သည့် သူ့၏ ပုံစံကိုကြည့်ပြီး ထုံထိုင်းစွာ လှောင်ပြုံး ပြုံးနေသည်။

 

​အရမ်း သနားစရာ ကောင်းတာပဲ…

 

​ရုတ်တရက် ရေနွေးငွေ့များနှင့် နွေးထွေးသည့် တဘက်လေးက ညစ်ပတ်နေသော သူ့ပါးပြင်ပေါ် ရောက်လာပြီး အသာအယာ သုတ်ပေးနေ၏။

အားကျို ချက်ချင်း ခေါင်းမော့ကြည့်လိုက်သည့်အခါ ဝေ့ရှင်း၏ မျက်လုံးများနှင့် အကြည့်ချင်း ဆုံသွားသည်။ ဝေ့ရှင်း၏ မျက်လုံးထဲ ရှုပ်ထွေးနေသော ခံစားချက်များက သနားကြင်နာသည့် သက်ပြင်းတစ်ချက်အဖြစ် ပြောင်းလဲသွား၏။

 

​"မငိုပါနဲ့တော့"

 

‘​ငိုတယ်’

 

အားကျို၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က တစ်ပြိုင်တည်း အံ့ဩသွားပြီးနောက်၊ သူက ခါးသီးသည့် အပြုံးဖြင့် ခေါင်းခါလိုက်သည်။

 

‘သူက စာဝါငှက်လေ တိုက်ခိုက်ရေးစွမ်းရည် မရှိဘဲ အသွင်ပြောင်း သားရဲတွေကြားထဲ အလှပြသက်သက်ပဲ။ ခြိမ်းခြောက်ခံရတာက သူ့အတွက် ထမင်းစားရေသောက်လို ဖြစ်နေပြီး၊ သူ အသက်ရှင်မရှင်ဆိုတာက တခြားသူတွေရဲ့ စိတ်အခြေအနေအပေါ်မှာ  လုံးလုံးလျားလျား မူတည်နေတာ။

​သူက ဒါကို ကျင့်သားရနေပြီဖြစ်လို့ မငိုတာလည်း ကြာပါပြီ။ အခုမှ ဘယ်လိုလုပ် မျက်ရည်ကျနိုင်မှာလဲ’

 

သို့ရာတွင် စာဝါငှက် မသိလိုက်သည်က သူ ခေါင်းခါလိုက်သည့် အရှိန်ကြောင့် သူ့မျက်လုံးထဲ ဝေ့တက်နေသည် အရာများက လွင့်စင်ထွက်သွားခြင်းကိုပင်။

 

​ပေါက်...

​အချိန်အကြာကြီး ဖိနှိပ်ထားခဲ့သည့် ပူနွေးသော မျက်ရည်စက်များ ရုတ်တရက် စီးကျလာပြီး ဝေ့ရှင်း လက်ဖဝါးထဲသို့ ကျသွား၏။။