အပိုင်း ၉
Viewers 45k

Chapter 9


 


အပြင်ဘက်မှ အသံများ ကြားလိုက်ရသည့်အတွက် လီကျားလည်း ဧည့်ခန်းထဲမှ ထွက်လာတော့သည်။ သူမ၏ အမူအယာတို့မှာ တင်းတောင့်နေသည့်တိုင် အပြုံးတို့မှာတော့ ချိုမြိန်မှုတို့ဖြင့် ပြည့်လျှံနေဆဲဖြစ်သည်။ ကျိမြန်နှင့် ဖန်ခွင်းတို့ကို တလေးတစား နှုတ်ဆက်ပြီးနောက် ရှောင်ကျားရှုကို တွေ့လိုက်ရချိန်တွင် ထိတ်လန့်သွားလေဟန်ဖြင့် ကိုယ်ကို နောက်သို့ အနည်းငယ်ရို့လိုက်သည်။ ရှောင်ကျားရှုကမူ သူမကို သာမန်ကာလျှံကာသာ စိုက်ကြည့်ရင်း ပြောလိုက်သည်။ 


"မနေ့က မင်းရဲ့ပလက်စတစ်ဆာဂျရီ မလုပ်ခင်က ပုံတွေ ကြည့်ပြီးပြီ အရမ်းရုပ်ဆိုးတာပဲ ဒါပေမယ့် အခုရုပ်က ပိုပြီးတောင် ဆိုးနေသေးတယ် ..." 


လီကျား "..." 


ကျိမြန်က ရုံခန်းတံခါးကို တွန်းဖွင့်ရင်း နောက်ပြန်လှည့်မကြည့်ဘဲ ပြောလိုက်သည်။ 


"လက်ထောက်ရှောင်ကို ဥက္ကဌ ရုံးခန်းကို ဖို‌င်လေးတစ်ဖိုင် သွား‌ပို့ပေးဖို့ အကူအညီ တောင်းရတော့မှာပဲ ..." 


ရှောင်ကျားရှုက မသိလိုက်စွာဖြင့်ပင် ကျောကို ဆန့်တန်းကာ အလေးအနက် ပြန်ဖြေလိုက်သည်။ 


"ဟုတ်ကဲ့ ဘယ်ဖိုင်ကို ပို့ပေးရမလဲ ..." 


ထို့နောက် သူက ဖိုင်တွဲများကို တလက်လက်တောက်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်တော့၏။ 


ကျိမြန်က ဖန်ခွင်းကို မေးငေါ့ပြရင်း ပြောလိုက်သည်။ 


"သူ့ကို "ထူးရှယ်လက်တွဲဖော်" ပရိုဂရမ်ရဲ့ဖိုင်လေး ပေးလိုက်ပါ ..." 


"ထူးရှယ်လက်‌တွဲဖော်" သည် တော်ဝင်သရဖူ စတူဒီယိုက ရင်းနှီးမြှုပ်နှံကာ ရိုက်ကူးရန် စီစဉ်နေသည့် reality show တစ်ခု ဖြစ်သည်။ သရဖူခေတ်မှ အနုပညာရှင်အချို့လည်း ပါဝင်မည်ဖြစ်ကာ ပရိုဂရမ်အတွက် လိုအပ်သည်များအားလုံးကို ရှို့ချန်ယုနှင့် တိုင်ပင်ဆွေးနွေး ဆုံးဖြတ်ပြီး ဖြစ်သည့်အတွက် မည်သည့်အစီအစဉ်ကိုမှ ပေးပို့ရန် မလိုတော့ချေ။ သို့သော် သခင်လေးရှောင်၏ အကျင့်စရိုက်မှာ ကျိမြန်ပင်လျှင် သည်းမခံနိုင်သည့်အတွက် သူ့ကို ပထုတ်ရန် အကြောင်းရှာလိုက်ခြင်း ဖြစ်ပေသည်။ 


ဖန်ခွင်းကလည်း သူဆိုလိုချင်သည်ကို သဘောပေါက်သည့်အတွက် သခင်လေးရှောင်လက်ထဲသို့ ဖိုင်ကို ချက်ခြင်းထည့်ပေးလိုက်သည်။ 


ဖိုင်ကိုတစ်လှည့်၊ လီကျားကို တစ်လှည့် စိုက်ကြည့်ရင်း ရှောင်ကျားရှု၏ မျက်ဝန်းတို့တွင် ရှုပ်ထွေးမှုတို့ ပြည့်နှက်သွားတော့သည်။ သူက ထိုမိန်းကလေး ပြောလာမည့် စကားများကို နားထောင်ချင်သော်ငြား ဤသည်မှာလည်း ရုံးထဲသို့ ရောက်ပြီးနောက် ပထမဆုံး ရလာသည့်တာဝန် ဖြစ်သည့်အတွက် ငြင်းဆန်ရန် ခွန်အားမရှိချေ။ နောက်ဆုံးတွင်တော့ အလုပ်လုပ်လိုစိတ်က လက်စားခြေလိုစိတ်ကို အနိုင်ရသွားတော့သည်။ 


"အခုပဲ သွားပေးလိုက်ပါ့မယ် ..." 


သူထွက်သွားပြီးနောက် ဖန်ခွင်းက ရယ်ကာမောကာဖြင့် ရှင်းပြလာသည်။ 


"သူက ဒီကို အဆက်အသွယ်ကနေတစ်ဆင့် အပျော်ရှာဖို့ ရောက်လာတာလေ သူ့ကို အာရုံစိုက်မနေနဲ့ ..." 


"အစောပိုင်းကတော့ နည်းနည်းလေး ကြောက်မိပေမယ့် ကျိကောရော ခွင်းကောရော ရှိနေတော့ ကြောက်တဲ့စိတ်တွေ တစ်ဖြည်းဖြည်း ပျောက်သွားပါပြီ သိပ်မကြာခင် အသားကျလာမယ် ထင်ပါတယ် ..."


သူမက လက်ကို တင်းတင်းကြပ်ကြပ် ပိုက်ထားရင်း ပြောလိုက်သည်။ သူမ၏ မျက်နှာမှာလည်း သေလုမျောပါး ဖြစ်နေသည်ဟု ထင်ရလောက်အောင်ပင် ဖြူဖျော့နေပေသည်။ ထိုမတော်တဆမှု ဖြစ်ပြီးကတည်းက ယောကျာ်းများအပေါ် ကြောက်ရွံ့စိတ် တိုးပွားလာကာ သူမအပေါ် အထူးတလည် စိတ်ဝင်စားဟန်ပြသည့် ယောကျာ်းများကို များစွာ ကြောက်ရွံ့လာ‌မိတော့သည်။ 


"ဒီလိုကိစ္စမျိုးနဲ့ အသားကျသွားစရာအကြောင်း မရှိဘူး တကယ်လို့ သူက နှောင့်ယှက်ရဲရင် ငါ့ကို ချက်ခြင်းလာပြောလှည့် ..." 


ကျိမြန်၏ အသံမှာ ညင်သာနေသော်ငြား သူ့သဘောထားမှာမူ အားမာန်အပြည့်ဖြင့် ခိုင်မာလှပေသည်။ 


လီကျား၏ ဖြူဖျော့နေသော မျက်နှာမှာ ပန်းသွေးရောင်တို့ လွှမ်းသွားတော့သည်။ 


"ကျိကောကို ကျေးဇူးတင်ပါတယ် ဒီရက်ပိုင်းထဲမှာ အများကြီး အနှောင့်အယှက် ဖြစ်စေမိပြီ ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်မအတွက် ဇာတ်လမ်းတစ်ခု ရှာပေးခဲ့ပေမယ့် အဲဒါကို ငြင်းခဲ့တာ ..." 


အလွန်အမင်း အားတုံ့အားနာ ဖြစ်သွားသည့်အတွက် ခေါင်းငိုက်စိုက်ချကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။ ကျိမြန်က သူမကို များစွာ ကူညီပေးခဲ့သော်ငြား သူမကမူ ကောင်းသည်ဆိုးသည် မစဉ်းစားဘဲ ထိုဇာတ်လမ်းတွဲကို ငြင်းဆန်ခဲ့မိသည်။ ဘယ်လိုလူမဆို မကျေမနပ် ဖြစ်မှာပဲလေ ဟုတ်တယ်မဟုတ်လား ... 


သို့သော် ကျိမြန်ကမူ ယခင်အတိုင်း ညင်သာနေဆဲဖြစ်သည်။ 


"ဘာလို့ ငြင်းလိုက်တာလဲ မင်းနဲ့ မကိုက်ညီတာ တစ်ခုခုများ ရှိနေလို့လား ..." 


"ဟုတ်ကဲ့ အဆင်မပြေတာလေးတွေ ရှိနေလို့ပါ အဲဒီ့ဇာတ်ကားက ကန့်သတ်ဧရိယာမှာ ရိုက်မှာတဲ့လေ ရိုက်ကူးရေးစတာနဲ့ တစ်ပြိုင်နက် နှစ်လလုံးလုံး တောင်ကြားထဲမှာပဲ နေရတော့မှာ ကျိကောလည်း သိတဲ့အတိုင်းပဲ ပြီးခဲ့တဲ့ နှစ်တွေမှာ ကျွန်မက အလုပ်ပေါင်းစုံကို လုပ်ဖူးတဲ့အတွက် အခက်အခဲဆိုတာမျိုးက ကျွန်မအတွက်တော့ စာမဖွဲ့လောက်တော့ပါဘူး ဒါပေမယ့် အမေ့ရဲ့ကျန်းမာရေးကိုတော့ စိတ်ပူမိတယ် တကယ်လို့ ကျွန်မသာ သူမရဲ့အနားမှာ ရှိ‌မနေရင် သူမ တစ်ယောက်တည်း ဖြစ်နေမှာလေ ပထမဆုံး ငွေနည်းနည်းလောက်ရှာ ၊ သူနာပြုတစ်ယောက်လောက် ငှားပြီး သူမရဲ့ ကျန်းမာရေး ပြန်ကောင်းလာတဲ့အချိန်မှ ကျွန်မ ရုပ်ရှင်ပဲရိုက်ရိုက်၊ ဖျော်ဖြေရေးပဲလုပ်လုပ် ဘယ်နေရာမဆို သူမကို ခေါ်သွားမယ်လို့ စဉ်းစားထားလို့ပါ ..." 


ထိုသို့ပြောနေစဉ်အတွင်း သူမ၏ အပြုံးတို့မှာ ပိုပြီး ရွှင်လန်းလာကာ မျက်ဝန်းထဲရှိ ဝေဝါးမှုတို့မှာလည်း လွင့်စင်သွားတော့သည်။ အနာဂတ်အတွက် မျှော်လင့်ချက်တို့ ပြည့်လျှံနေသည့် သားသမီးဝတ္တရား ကျေပွန်သူတစ်ဦး ဖြစ်ကြောင်း အတိုင်းသား မြင်နေရပေသည်။ 


သူမ၏ အတွေ့အကြုံများကြောင့် ကျိမြန်၏ စိတ်နှလုံးတို့ ထိရှသွားရတော့သည်။ သူမက ကောင်းခြင်းဆိုးခြင်းကိုပင် ခွဲခွဲခြားခြား မမြင်တတ်ဟု ထင်မြင်သွားရမည့်အစား အမြင်ကောင်းတို့သာ တိုးပွားသွားတော့သည်။ သူမကို မိတ်ဆက်ပေးခဲ့သည့် ဇာတ်လမ်းတွဲမှာ အကြီးစားထုတ်လုပ်ရေးတစ်ခုမှ စီစဉ်ထားကာ နာမည်ကြီးဒါရိုက်တာဖြင့် ရိုက်ကူးမည့်ဇာတ်လမ်း ဖြစ်သည်။ ရိုက်ကူးရေး မစတင်ခင်ကတည်းကပင် နိုင်ငံပိုင်ရုပ်သံလိုင်း၌ ထုတ်လွှင့်ရန် စီစဉ်ထားပြီးဖြစ်ကာ တတိယဇာတ်ပို့အမျိုးသမီးကပင်လျှင် screen-time များစွာ ရနိုင်သည့်အတွက် ဤဇာတ်ကားတွင် အရံအဖြစ် သရုပ်ဆောင်နိုင်ရန်ကိုပင် လူအများအပြား တိုက်ခိုက်နေကြပေသည်။ လီကျားက သူမ၏ မိခင်အတွက်ကြောင့် ဤဇာတ်လမ်းကို ငြင်းလိုက်ခြင်းမှာ လက်ထဲရောက်လာသည့် ထမင်းလုပ်အား ပုတ်ချလိုက်ခြင်းနှင့် အတူတူပင်ဖြစ်သည်။ ရုတ်ချည်း ကျော်ကြားလာမည့် အခွင့်အရေးအား ငြင်းပယ်ရန် သူမကိုယ်တိုင်လည်း ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရမည်ဖြစ်သည်။ 


မိသားစုနဲ့ အောင်မြင်မှု ဒီနှစ်ခုမှာ ဘယ်ဟာက ပိုအရေးပါလဲ ... 


အများစုက မိသားစုဟု ဟန်ဆောင်ပန်ဆောင် ဖြေဆိုကြမည်ဖြစ်သော်ငြား တကယ့်လက်တွေ့တွင်မူ အောင်မြင်မှုကိုသာ ရွေးချယ်ကြမည်ဖြစ်သည်။ ဤမျှ ငယ်ရွယ်သော အသက်အရွယ်မှာပင် လီကျားသည် သာမန်သူတို့ မစွမ်းနိုင်သည့် ကိစ္စတစ်ခုကို ‌ဆောင်ရွက်နိုင်ခဲ့ရာ သူမ၏ သဘောသဘာဝ၊ စိတ်နေစိတ်ထား၊ အမူအကျင့်နှင့် ပါရမီတို့မှာ လူသာမန်တို့ထက် များစွာ သာလွန်နေပေသည်။ သူမကိုသာ ကောင်းစွာ ပျိုးထောင်ပေးပါလျှင် မုချ ကြီးထွားလာမည်ဖြစ်သည်။ 


ကျိမြန်က ထိုကဲ့သို့လူများကို လေးစားတတ်သည့်အတွက် သူမအပေါ် သူ၏ သဘောထားမှာ ပို၍ပင် နွေးထွေးလာတော့သည်။ သူက နှစ်သိမ့်ပေးလိုက်သည်။ 


"မဟုတ်တာ ပြီးခဲ့တာတွေလည်း ပြီးပါစေတော့ နောက်မှ မင်းအတွက် သင့်တော်တာတစ်ခု ထပ်ရှာပေးမယ် မင်းရဲ့ ရုပ်ရည်သွင်ပြင်က ထူးထူးကဲကဲကို ကောင်းတဲ့အပြင် သရုပ်ဆောင်တဲ့ အပိုင်းမှာလည်း ပါရမီပါပြီးသားဆိုတော့ အဆိုတော်အလုပ်မှာရော သရုပ်ဆောင်အလုပ်မှာရော သေချာပေါက် အောင်မြင်နိုင်မှာ ကျိန်းသေတယ် ..." 


"ကျေးဇူးတင်ပါတယ် ကျိကော ..." 


သူမက ကျေးဇူးတင်စိတ်အပြည့်ဖြင့် ဦးညွတ်လိုက်သည်။ 


ထိုစဉ် လက်ထောက်တစ်ဦးက စာချုပ်ကို ယူလာရာ ကျိမြန်က သူမကို စေ့စေ့စပ်စပ် ဖတ်ရှုရန် ပေးတော့မည့် အချိန်မှာပင် ရှို့ချန်ယုက သူ့ကို ဖုန်းဆက်လာသည်။ တစ်ဖက်သူ၏ စကားများကို မကြားရသော်ငြား ကျိမြန်၏ စိတ်အေးလက်အေး အမူအယာမှာ လေးနက်တင်းမာသည့်ဘက်သို့ ကူးပြောင်းသွားတော့သည်။ 


"ဘာလို့လဲ ..." 


သူက အသံ ခပ်နိမ့်နိမ့်ဖြင့် မေးလိုက်သည်။


"သူမက မထိသင့်တဲ့တစ်ယောက်ကို ထိပါးထားတယ် တော်ဝင်သရဖူမှာရော ကံကောင်းခြင်းရေစင်မှာပါ သူမအတွက် နေရာမရှိဘူး ရှောင်မြန် အတိတ်မှာ မင်းကို ကယ်တင်ပေးခဲ့ဖူးတဲ့ ကျေးဇူးကို ထောက်ထားပြီး သူမကို စွန့်လွှတ်လိုက်ပါတော့ ..." 


ရှို့ချန်ယုမှာ အတိတ်က ကျေးဇူးရှိခဲ့ဖူးသည့်အကြောင်း တစ်ကြိမ်တစ်ခါမှပင် ထုတ်မပြောဖူး။ အတင်းအကြပ် ကျေးဇူးပြန်ဆပ်ခိုင်းရလောက်သည်အထိ စိတ်သဘောထား ကျဉ်းမြောင်းသူလည်း မဟုတ်ရာ ဤသည်မှာ ပထမဆုံးအကြိမ် ထုတ်ပြောလာခြင်းပင် ဖြစ်ပေသည်။ 


ကျိမြန်က ဘာများ ပြောနိုင်တော့မှာတဲ့လဲ ... 


သူက ရှို့ချန်ယုကို လေးစားသော်ငြား ဖုန်းချပြီးနောက် ချက်ခြင်း စာချုပ်ကို မဖျက်သိမ်းလိုက်။ လီကျားအား ဤကဲ့သို့ ဖျက်ဆီးလိုက်ခြင်းကို လက်မခံနိုင်ရာ သူမအတွက် နည်းလမ်းတစ်ခု ရှာပေးရဦးမည်ဖြစ်သည်။ အခြားသူတစ်ဦး၏ ကံကြမ္မာကို အရုပ်တစ်ရုပ်နှယ် စိတ်တိုင်းကျ ဆော့ကစားကာ ဘုရားသခင်နှယ် မိုးထက်မှ ‌ငုံ့ကြည့်ရင်း ထင်သလို ဝင်ရောက်စွက်ဖက်တတ်သူများမှာ အလွန်ပင် ရွံရှာစက်ဆုပ်ဖွယ် ကောင်းလှပေသည်။ 


"ကျားအာ ငါတို့ မင်းနဲ့ စာချုပ်ချုပ်လို့ မရတော့ဘူး ..." 


ကျပန်းအကြောင်းပြချက်တစ်ခုပေးကာ သူမကို မဆုံးနိုင်တော့သည့် မျှော်လင့်ချက်တို့ဖြင့် စောင့်ဆိုင်းခိုငးမည့်အစား သူက တည့်တိုး အသိပေးလိုက်သည်။ 


"ဘာ... ဘာလို့လဲ ..." 


လီကျားမှာ ဖြစ်ပျက်သွားသည်များကို လိုက်မမီတော့ချေ။ 


"မင်းကို တစ်ယောက်ယောက်က ဖိနှိပ်ချင်နေတယ် ..." 


ကျိမြန်က ပြောလိုက်သည်။ 


"ဟိုလူတွေက မင်းကို ရှာတွေ့သွားလို့များလား ..." 


"မဖြစ်နိုင်ဘူး ..." 


လီကျားက ချက်ခြင်း ငြင်းပယ်လိုက်သည်။ ထို့နောက်မှ တစ်ခုခုကို သတိရသွားဟန်ဖြင့် ရှင်းပြလိုက်သည်။ 


"သူတို့ တစ်မိသားစုလုံးက ပိုင်ဆိုင်သမျှ အကုန်ရောင်းချပြီး ဩစတေးလျကို ပြောင်းသွားကြတာလေ ဒီကိုပြန်လာပြီး ကျွန်မကို ရှာတွေ့သွားစရာ အကြောင်းမရှိဘူး ကျိကော ကျွန်မကို ဘာတွေ ဖြစ်ကုန်သလဲဆိုတာ ကူပြီး စုံစမ်းပေးလို့ ရမလားဟင် တစ်ခြား ဘယ်သူ့ကိုမှလဲ အပြစ်မပြုမိဘဲနဲ့ ဘာလို့ ကျွန်မကို ဖိနှိပ်ချင်နေကြတာလဲ မသိဘူး ဘာလို့ ဒီလို လုပ်ရက်ကြတာလဲ ..." 


သူမ၏ မျက်ဝန်းတို့မှာ ရဲရဲနီလာသည့်တိုင် မျက်ရည် ကျမလာစေရန် ခေါင်းမာမာနှင့် တင်းခံထားဆဲဖြစ်သည်။ 


"ငါ စုံစမ်းကြည့်လိုက်မယ် ..." 


ဖန်ခွင်းမှာလည်း အတော် ထိတ်လန့်သွားပေသည်။ သူက ချက်ခြင်း တံခါးကိုဖွင့်ကာ အပြင်သို့ ပြေးထွက်သွားသည်။ သရဖူခေတ်သည် ပြည်တွင်း၌ ထိပ်သီးအနုပညာကုမ္ပဏီဖြစ်ကာ ကံကောင်းခြင်းရေစင်မှာလည်း စီမံခန့်ခွဲရေး ကုမ္ပဏီများအနက် ထိပ်ဆုံးသုံးခု စာရင်းဝင်ဖြစ်သည်။ ထိုနှစ်ခုကသာ အနုပညာရှင်တစ်ဦးကို ပိတ်ဆို့ရန် ဆုံးဖြတ်လိုက်ပါလျှင် အနုပညာလောကတွင် နောက်တစ်ကြိမ် ပြန်လည်ရပ်တည်နိုင်ရန် ခဲယဉ်းသွားပြီဖြစ်သည်။ ကျိမြန်ကဲ့သို့ နောက်ခံတောင့်တင်းသည့် ကြယ်ပွင့်တစ်ဦးပင်လျှင် အလုံးစုံပုံအောပြီး ကူညီမှသာ အခွင့်အရေးအချို့ ရလာမည်ဖြစ်သည်။ 


လီကျားမှာ ရေခဲတွင်းနက်ထဲသို့ ပြုတ်ကျသွားသည့်နှယ် တဆတ်ဆတ် တုန်ရီလာတော့သည်။ သို့သော် လက်နှစ်ဖက်ကို တင်းတင်းကြပ်ကြပ် ပွေ့ပိုက်ရင်း သူမကိုယ်သူမ ပြန်လည်ထိန်းချုပ်ကာ ခေါင်းကိုငုံ့၍ ခါးသီးစွာ ပြုံးလိုက်၏။ ပြီးခဲ့သည့် နှစ်ပိုင်းအတွင်း အခက်အခဲ အကြပ်အတည်းများစွာကို ရင်ဆိုင်ခဲ့ရရာ နိမ့်တုံမြင့်တုံ ဒုက္ခမျိုးစုံကို နေသားကျနေပြီဖြစ်သည့်အတွက် ဤအခက်ကြုံမှုလေး တစ်ခုက သူမ၏ စိတ်ဆန္ဒနှင့် ဆုံးဖြတ်ချက်ကို ယိုင်နဲ့စေမည် မဟုတ်ချေ။ 


"ဒါနဲ့ ပတ်သက်ပြီး မပူပါနဲ့ ကျိကော ဒီကိစ္စကို အာရုံစိုက်နေဖို့ မလိုပါဘူး ကောင်းကင်ဘုံက လူတစ်ယောက်ရဲ့ တက်လမ်းကို လုံးဝဥဿုံ ပိတ်ဆို့ထားမှာ မဟုတ်တော့ ဒီတစ်လမ်း ပိတ်သွားရင် နောက်တစ်လမ်း ဖောက်ကြည့်ဖို့ ကြိုးစားလိုက်ပါ့မယ် ပြောရရင် ကျွန်မဘဝအတွက် ကြောက်စရာအကောင်းဆုံးလို့ ပြောရလောက်တဲ့ အခြေအနေမျိုးကနေတောင် ရုန်းထွက်လာနိုင်တာဆိုတော့ ဒီကိစ္စလေးလောက်ကိုတော့ ကြောက်မနေတော့ပါဘူး ..." 


သူမက မတ်တပ်ထရပ်ကာ တရိုတသေ ဦးညွတ်ပြီး အရိုအသေပြုလိုက်သည်။ သူမ၏ မျက်ဝန်းများမှာ နီမြန်းနေသည့်တိုင် အပြုံးဖျော့ဖျော့တစ်ခုကိုတော့ ဆင်မြန်းထားဆဲဖြစ်သည်။ 


ကျိမြန်မှာ သူမ၏ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် ရဲစွမ်းသတ္တိရှိမှုတို့ကြောင့် ရင်ထဲ ထိရှသွားရတော့သည်။ သူက လက်ကို အသာမြှောက်ကာ ပြောလိုက်သည်။ 


"အိမ်ကို အရင်ပြန်လိုက်ပါ ငါ မင်းအတွက် ကူညီပေးနိုင်မယ့်သူ တစ်ယောက်လောက် ရှာလိုက်ဦးမယ် ပြီးတော့ ဒီ ခဲယဉ်းစေမှုတွေရဲ့ နောက်ကွယ်က တရားခံကိုရောပေါ့ ထုတ်ပြောလို့ ရတာနဲ့ တစ်ပြိုင်နက် မင်းကို အကြောင်းကြားပါ့မယ် ..." 


"မဟုတ်တာ မဟုတ်တာ ဒါက အရမ်းကို အားနာစရာ ကောင်းလွန်းနေပါပြီ ..." 


လီကျားက လက်တို့ကို အထပ်ထပ်အခါခါ ဝှေ့ယမ်းပြလိုက်ကာ ပျောက်ကွယ်လုနီးပါး ဖြစ်နေခဲ့သည့် မျက်ရည်တို့မှာလည်း တစ်ဖန် ရစ်သိုင်းလာပြန်တော့၏။ ဤကဲ့သို့ ဂရုစိုက်ပေးမှုကို လက်ခံရသည်မှာ အလွန်ထူးကဲလွန်းနေသည့်အတွက် သူမ၏ ခံစားချက်ကို ချုပ်တည်းခြင်းငှာ မစွမ်းသာတော့ချေ။ 


"ဒါက အားနာစရာမှ မဟုတ်တာ စကားလေး တစ်ခွန်းနှစ်ခွန်းလောက် ပြောပေးရုံပဲလေ ဒီမှာပဲ ထိုင်နေလိုက် ခဏနေ ပြန်လာခဲ့မယ် ..." 


ကျိမြန်က သူမကို ထိုင်နေရန် လက်ဟန်ခြေဟန်ပြကာ ကော်ဖီအသစ်တစ်ခွက် ယူလာပေးရန် လက်ထောက်ကို မှာကြားပြီးနောက် အပေါ်ထပ်ရှိ ဥက္ကဌရုံးခန်းသို့ ထွက်လာလိုက်သည်။


Xxxxxxx