အပိုင်း ၁၂
Viewers 43k

Chapter 12


Super New Voice Generation ၏ ထိပ်သီးပြိုင်ပွဲဝင်ဆယ်ဦးမှာ အသီးသီး အေဂျင်စီကိုယ်စီ ရှာတွေ့သွားကြတော့သည်။ သို့သော် အနိုင်ရသွားသည့် ချန်ပီယံမှာမူ ပရိသတ်တွေ့ဆုံပွဲကိုပင် မတက်ရောက်သည့်အတွက် လူများ၏ အာရုံစိုက်မှုကို ခံလိုက်ရတော့သည်။ အချို့က သူမသည် အလုပ်ကြီးကြီးတစ်ခုကို စတင်ရန် ပြင်ဆင်နေသည်ဟု ထင်ကြပြီး သူမ စာချူပ်ချုပ်လိုက်သည့် အေဂျင်စီမှာ ထူးကဲကောင်းမွန်လွန်း၍ ကြေငြာရန် ရက်ကောင်းရက်မြတ်တစ်ရက်ကို ရှာဖွေကာ မီဒီယာများစွာ ဖိတ်ကြားပြီး လက်မှတ်ရေးထိုးသည့်ပွဲ ကျင်းပမည်ဟုပင် ဆိုလာကြတော့၏။ လီကျား၏ လတ်တလော ကျော်ကြားမှုအရ ဤစကားများမှာ ချဲ့ကားပြောဆိုထားသည်ဟု လုံးဝ မထင်ရပေ။ 


ထိုသတင်းများကို မြင်နေရသည့် လီကျားမှာမူ သည်းခံရန် ခဲယဉ်းလွန်းလှပေသည်။ သူမက ထျန်ထျန် entertainment ၏ ဥက္ကဌ ကျိုးနန်နှင့် တွေ့ဆုံကာ စာချုပ်အကြောင်း ဆွေးနွေးပြီးသည့်အပြင် ‌<<ရေခဲတုံးမင်းသား၏ ထက်မြတ်လှစွာသော ကြင်ယာတော်>> ဇာတ်ကားတွင် ဇာတ်လိုက်အဖြစ် ရွေးချယ်ခံရပြီး သူမ၏ သရုပ်ဆောင်မှုအပေါ် ဒါရိုက်တာက အံ့ဩချီးမွမ်းသည်များကိုပါ လက်ခံခဲ့ရပေသည်။ 


သူမ မထွက်ခွါမီ ဒါရိုက်တာက ပြောလိုက်သည်။ 


"မင်းရှိနေမှပဲ ငါလည်း စိတ်အေးရတော့တယ် ငါတို့က နာမည်ကြီးသရုပ်ဆောင် မငှားနိုင်တဲ့အပြင် ရန်ပုံငွေကလည်း အကန့်အသတ်နဲ့ ဖြစ်နေတယ်လေ ဒီဇာတ်လမ်းအတွက် မင်းကိုပဲ အားကိုးရတော့မှာပဲ ကြည့်ပါ့လား ဝတ်စုံကိုတောင် အဆင်သင့် မဝယ်နိုင်လို့ ဥက္ကဌရဲ့ သူငယ်ချင်းတစ်ယောက်က ကိုယ်တိုင် ချုပ်ပေးနေရတယ်လေ မိတ်ကပ်အတွက်လည်း ထောက်ပံ့မပေးနိုင်လို့ သရုပ်ဆောင်တွေမှာ ကိုယ်ပိုင်ပစ္စည်းတွေ သယ်လာရတယ် မင်းရဲ့ မိတ်ကပ်ပြင်တဲ့အရည်အချင်းက ကောင်းလို့ရှိရင် သရုပ်ဆောင်တွေ မိတ်ကပ်ပြန်လိမ်းတဲ့အခါ ကူပေးဦးနော် ..."


လီကျားက ဂရုတစိုက် နားထောင်ကာ အားလုံးကို သဘောတူပေးလိုက်သည်။ သူမက ချစ်စရာကောင်းကာ ဉာဏ်ထက်သည့်အပြင် အပြုအမူများမှာလည်း အလွန်ရွှင်လန်းတက်ကြွသည့်အတွက် ဒါရိုက်တာက သူမအပေါ် အကောင်းမြင်ကာ လူရွေးပွဲ ပြီးလျှင်ပြီးချင်း ဇာတ်လိုက်မင်းသမီးအဖြစ် ရွေးချယ်ခဲ့သည်။ ထိုသည်သာမက ‌ကျိုးနန်ကို ဖုန်းဆက်ကာ သူမအကြောင်း များစွာချီးကျူး‌ခဲ့သေးသည်။ ကျိုးနန်ကလည်း အလွန်ကျေနပ်သွားသည့်အတွက် သူမ၏ စာချုပ်ပါအချက်အလက်များကို ဖြေလျော့ပေးပြီးနောက် သူ့သူငယ်ချင်းကောင်းထံ ကိစ္စများ အခြေကျသွားပြီဖြစ်ကြောင်း အကြောင်းကြားလိုက်သည်။ 


ထိုအခါမှသာ ကျိမြန်လည်း စိတ်အေးရတော့သည်။ နောက်တစ်နေ့တွင် သူက ရှန်းရှဇာတ်လမ်းတစ်ပုဒ် ရိုက်ကူးရန် ဝူယီတောင်သို့ ထွက်လာရတော့သည်။ လတ်တလောတွင် သူသည် သရုပ်ဆောင်အလုပ်ကို တစ်ဖြည်းဖြည်း ရပ်နားကာ ဇာတ်လိုက်အဖြစ် သရုပ်ဆောင်ခြင်းမှာလည်း အလွန်ရှားပါးလာပေတော့သည်။ ယခုရိုက်ကူးရေးတွင်ပင် ဧည့်သရုပ်ဆောင်အဖြစ်သာ ပါဝင်ထားရာ ဇာတ်ညွှန်းအနည်းငယ်ကိုသာ ရိုက်ကူးရမည်ဖြစ်သည့်အတွက် သုံးရက်အတွင်းမှာပင် အားလုံးကို ပြီးစီးသွားတော့သည်။ ထို့နောက် မြို့တော်သို့ အမြန်ပြန်လာသော်ငြား အိမ်ပြန်လမ်းတွင် တစ်ခါမှ မကြုံဖူးသည့် အရာတစ်ခုကို ကြုံတွေ့လိုက်ရတော့သည်။ 


"ကျိကော ဟိုးက အလင်းတန်းကလေ ကောဆီကို ကပ်လာတဲ့ ပန်းကန်ပြားပျံများလားပဲနော် ..." 


သူ၏ ကိုယ်ရေးကိုယ်တာလက်ထောက်က ပြတင်းပေါက်အပြင်ဘက်ကို ညွှန်ပြရင်း မေးလိုက်သည်။ 


"ဘယ်မှာလဲ ..." 


ကျိမြန်ကလည်း လှမ်းကြည့်လိုက်သည်။ ထို့နောက်တွင်တော့ ကောင်းကင်ပြင်တွင် စက်ဝိုင်းသဏ္ဍာန် ရွေ့လျားနေသည့် အလင်းကြောင်းတစ်ခုကို တွေ့လိုက်ရတော့သည်။ အစောပိုင်းတွင် ၎င်း၏ အရှိန်က နှေးကွေးသော်ငြား မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားတော့၏။ 


"မကောင်းတော့ဘူး အဲဒါကြီးက ပြုတ်ကျလာပြီ ..." 


လက်ထောက်၏ စကားပင် မဆုံးသေး ကောင်းကင်မှ သံတုံးကြီးတစ်ခုက ကားပေါ်သို့ ပြုတ်ကျလာတော့သည်။ ကားက လမ်းပေါ်မှ လွင့်စင်သွားကာ တောင်ခြေအထိ အကြိမ်အနည်းငယ် လိမ့်ဆင်းသွားပြီး နောက်ဆုံးတွင် သစ်ပင်နှစ်ပင်အကြား ညပ်သွားတော့သည်။ လက်ထောက်နှင့် ယာဉ်မောင်းသူမှာမူ အစောပိုင်းကတည်းကပင် မေ့မြောနေပြီဖြစ်ပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရကာ သေအံ့မူးမူး ဖြစ်နေသည့် ကျိမြန်က ထူးဆန်းသော ဦးခေါင်းပုံစံပိုင်ရှင် လူသားတစ်ဦး သူ့အနား ချဉ်းကပ်လာသည်ကို သွေးစီးကြောင်းများကြားမှ လှမ်းမြင်လိုက်ရ‌သည်။ ၎င်းက ကြေမွနေသော ကားပြတင်းပေါက်အနားသို့ ရောက်လာကာ ကျိမြန်၏ နဖူးကို လက်ဖျားဖြင့် တို့်လိုက်လျှင် ရုတ်ချည်း နာကျင်လာသည့်အတွက် သတိလစ် မေ့မြောသွားရတော့သည်။ 


.........


ရှောင်ကျားရှုက နာကျင်မှုကို အံကြိတ်ရင်း ဖရုံသီးစွတ်ပြုတ်ကို လက်စသတ်လိုက်သည်။ ထို့နောက် ရုံးသို့ ပြန်လာချိန်တွင် မြောက်များစွာသော လက်ထောက်များက သူ့ပစ္စည်းများကို သိမ်းဆည်းနေကြကြောင်း တွေ့လိုက်ရတော့၏။ သူ့ လုပ်ဖော်ကိုင်ဖက်များ၏ တိတ်တခိုးအကြည့်များကြောင့် အနိုင်ကျင့်ခံရသည့်နှယ် ခံစားလိုက်ရသော်ငြား ခွင့်ပြုချက်မရှိဘဲ လီကျားကို ပိတ်ဆို့ခဲ့သည့် သူ့အပြုအမူသည် ကျိမြန်၏ သည်းခံနိုင်စွမ်းကို ထိပါးရာရောက်ကြောင်းကို သဘောပေါက်မိသည့်အတွက် ဤကဲ့သို့သော တုန့်ပြန်မှုမျိုးကို မျှော်လင့်ထားပြီးဖြစ်ပေသည်။ တော်ဝင်သရဖူသည် ကျိမြန်၏ ကိုယ်ပိုင်စတူဒီယိုဖြစ်ရာ သူအလိုရှိသူနှင့် စာချုပ်ချုပ်ဆိုနိုင်ပြီး အပြင်လူ တစ်ဦးတစ်ယောက်ကမှ ဝင်ရောက်စွက်ဖက်ခွင့် မရှိချေ။ သူက အန်ကယ်ရှုကို အထူးအရေးပေး၍သာ မဟုတ်ပါလျှင် လီကျားကို ပိတ်ဆို့ရန် ဖြစ်လာနိုင်မည် မဟုတ်ချေ။ 


ရှောင်ကျားရှုအနေဖြင့် ကျိမြန်အပေါ် မကျေနပ်မှု တစ်စုံတစ်ရာမျှ မရှိသည့်အတွက် လက်ထောက် ကမ်းပေးလာသော သူ့ကတ္ထူပုံးကို သယ်ကာ ကုမ္ပဏီမှ ထွက်ခွါရန် ပြင်ဆင်လိုက်တော့သည်။ 


"ဒီတိုင်း ထွက်သွားတော့မလို့လား ..." 


လက်ထောက်လေးက အံ့ဩတကြီးဖြင့် စပ်စုလိုက်သည်။ 


"ဌာနပြောင်းပေးဖို့ ဥက္ကဌကို သွားမရှာတော့ဘူးလား ..." 


"ဟင့်အင်း ... ဂွတ်ဘိုင် ..." 


ရှောင်ကျားရှုက ခေါင်းကို အသာယမ်းပြကာ ဓာတ်လှေကားဖြင့် ပထမထပ်ရှိ ကားပါကင်ဆီသို့ တိုက်ရိုက်ဆင်းသွားလိုက်တော့သည်။ 


ပထမဆုံး စမှားခဲ့တာက သူလေ ဘာလို့ အန်ကယ်ရှုကို သွားတိုင်နိုင်တော့မှာလဲ အလုပ်ဖြုတ်ခံရတော့လည်း ဖြုတ်ခံရတယ်ပဲ တွေးရမှာပေါ့ နောက်နေ့တွေကျ အလုပ်သစ်တစ်ခုလောက် ထပ်ရှာနိုင်မှာပါ ... 


ရှောင်ကျားရှုက ထိုသို့တွေးကာ အိမ်သို့သာ တန်းတန်းမတ်မတ် ပြန်သွားပြီး ဂိမ်းပြန်ဆော့နေလိုက်တော့သည်။ သို့သော် ပြီးခဲ့သည့်တစ်ခေါက်က ရခဲ့သည့် သင်ခန်းစာများအရ အသင့်စားသွားရည်စာများကိုမူ ထပ်မစားရဲတော့ချေ။ နေ့တိုင်း ဆန်ပြုတ်အလွတ်တစ်ပန်းကန်ကိုသာ သောက်နေသည့်အတွက် သူ့ပါးစပ်နာများလည်း မကြာခင်မှာပင် သက်သာသွားတော့သည်။ 


ရက်အနည်းငယ်အကြာ မနက်ခင်းတစ်ခုတွင် ... ရှောင်တင်းပန်းက သူနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ညီဖြစ်သူကို ကောက်ကာငင်ကာ မေးလိုက်သည်။ 


"မင်းကြည့်ရတာ ဒီရက်ပိုင်းမှာ တအားပျင်းရိနေသလိုပဲ ရှောင်အုပ်စုမှာ အလုပ်လာဆင်းချင်လား ..." 


"အာ ..." 


ရှောင်ကျားရှုက သူ့ကြက်ပေါင်များအား စားသောက်ခြင်းတွင်သာ အာရုံစူးစိုက်ထားရာ ထိုစကားများကို ကြားလိုက်ချိန်တွင် ချက်ခြင်း သဘောမပေါက်ခဲ့ချေ။ ကြက်သေသေသွားပြီး မျက်ဝန်းတစ်စုံကသာ အရူးသဖွယ် ပြူးကျယ်ထွက်လာတော့သည်။ 


"မရဘူး ရှောင်ရှုက အခုမှ ပြန်ရောက်ကာစပဲ ရှိသေးတယ် သူ့ကို အရင်ဆုံး အနားယူပါစေဦး ..." 


ရွှယ်မြောင်က ခပ်ဖျော့ဖျော့ပြုံးကာ ငြင်းလိုက်သည်။ သူ ပြန်ရောက်လာကာစက ရှောင်အုပ်စုတွင် အလုပ်ဝင်လုပ်လိုခဲ့သော်ငြား လူအိုကြီးနှင့် ရှောင်ချီကျဲတို့၏ အကြင်နာမဲ့ ရိုက်နှက်မှုကိုသာ ခံခဲ့ရသည့်အတွက် ရွှယ်မြောင်သည် သားဖြစ်သူကို တစ်သက်လုံး လွတ်လပ်မှုမရှိ၊ စိတ်ဓာတ်တက်ကြွမှု မရှိဘဲ ရှောင်မိသားစု၏ လှောင်ချိုင့်ထဲတွင်သာ နေစေခြင်းထက် အပြင်လောကတွင် ပျံသန်းခွင့်ပြုခြင်းက ပိုကောင်းကြောင်း သဘောပေါက်သွားတော့သည်။ 


ရှောင်တင်းပန်းက သူမကို စိုက်ကြည့်နေပြီးနောက် ညီဖြစ်သူကို ပြန်မေးလိုက်သည်။ 


"မင်းလည်း ဒီလိုပဲ တွေးတာလား ဘာမှမလုပ်ဘဲ ဒီတိုင်း ပျော်လိုက်ပါးလိုက်နဲ့ အချိန်ဖြုန်းချင်တာလား ..." 


"မဟုတ်ပါဘူး ..." 


ရှောင်ကျားရှုမှာလည်း ရှောင်အုပ်စုတွင် အလုပ်ဆင်းစေလိုသည့် သူ့အစ်ကိုကြီး၏ ရည်ရွယ်ချက်ကို နားမလည်နိုင်တော့ချေ။ 


အဘိုးနဲ့ အဖေက ဒါကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တာ မဟုတ်ဘူးလား ... 


သူက အလေးအနက် စဉ်းစားကာ ရှင်းပြလိုက်သည်။ 


"နောက်ပိုင်းကျ ကျွန်တော့်ကိုယ်ပိုင်အလုပ် တစ်ခုလောက် ရှာလိုက်ပါ့မယ် ရှောင်အုပ်စုမှာတော့ အလုပ်မဆင်းဖြစ်လောက်ဘူး တစ်ခြားနယ်ပယ်တွေကလည်း စိတ်ဝင်စားစရာကောင်းသလိုပဲ ..." 


"တကယ်လား ..." 


ရှောင်းတင်းပန်းက ခေါင်းငြိမ့်ပြလိုက်သည်။ 


"မင်းဆန္ဒရှိတာကိုပဲ ဦးစားပေးပါ ဒါပေမယ့် မင်းမှာ စိတ်ကူးတစ်ခုခု ရှိလာရင် ငါ့ကို မမေ့မလျော့ပြော ..." 


ရှောင်ကျားရှုက သူ့အစ်ကို၏ ဆိုလိုရင်းကို ကောင်းစွာ သဘော‌မပေါက်သေးသည့်တိုင် နာနာခံခံဖြင့် သဘောတူလိုက်လျှင် ထိပ်ဆုံးခုံတွင် ထိုင်နေသည့် ရှောင်ချီကျဲက မရွှင်မလန်းစွာဖြင့် ဖြတ်ပြောလိုက်တော့၏။ 


"မင်းပြန်လာတာဖြင့် လနဲ့ချီနေပြီ နေ့တိုင်း ဘယ်လို အပျော်ရှာရမလဲပဲ သိသေးတယ်လား နည်းနည်းပါးပါးလည်း အသိတရားလေးဘာလေး ရှိစမ်းပါဦး မင်းအစ်ကိုဆို ၁၈ နှစ်သားကတည်းက ..." 


ရွှယ်မြောင်မှာ ဆက်ပြီး သည်းမခံနိုင်တော့၍ တူကိုချကာ တင်းမာသော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ 


"ရှောင်ရှုပြန်လာဝောာ့ သူ့ကို ရှောင်အုပ်စုမှာ အလုပ်လုပ်ခိုင်းသေးတယ်လေ ဒါပေမယ့် ရှင်ပဲ အိမ်မှာ ငြိမ်ငြိမ်လေးနေပြီး ရတဲ့ရှယ်ယာတွေနဲ့ ထိုင်စားလို့ ပြောခဲ့တာလေ အခု သူ အိမ်မှာ ငြိမ်ငြိမ်လေး နေနေပြန်တော့လည်း အသိတရားမရှိလို့ဆိုပြီး ဆူပူနေပြန်ပြီ မေးပါရစေဦး ရှောင်ချီကျဲ ရှင်က ဘယ်လိုဖြစ်စေချင်တာလဲ ..."


အဖေရှောင် "ငါက စကားလေးတစ်ခွန်းနှစ်ခွန်းပဲ ပြောရသေးတာကို ဘာလို့ ဒီလောက်အထိ ဆတ်ဆတ်ထိမခံတွေ ဖြစ်နေတာလဲ ဒီကလေးက တစ်နေကုန် အခန်းထဲမှာပဲ ဂိမ်းထိုင်ဆော့နေပြီး စားဖို့တောင် ထွက်မလာဘူးလေ သူ့ကျန်းမာရေးထိခိုက်မှာကြောက်လို့ ပြောနေတာပေါ့ကွ ငါလည်း ကိုယ့်သားကို ဂရုစိုက်တတ်ပါတယ် ..." 


"ဘာတွေများ ဂရုစိုက်ပေးလို့လဲ ..." 


သွေးဆုံးချိန်ရောက်နေ၍လားတော့ မသိ။ ရွှယ်မြောင်၏ သည်းခံနိုင်သည့် အတိုင်းအတာမှာ တစ်ဖြည်းဖြည်း နိမ့်ပါးလာကာ ကလေးများရှေ့တွင်ပင် ရှောင်ချီကျဲနှင့် ခွန်းကြီးခွန်းငယ် စကားများသည်အထိ ဆိုးဝါးလာတော့သည်။ ရှောင်ကျားရှုကမူ ထမင်းအလုတ်အနည်းငယ်ကို အတင်းထည့်ကာ ဒုတိယထပ်ရှိ အိပ်ခန်းရှိရာသို့ ပြေးတက်သွားသော်ငြား ရှောင်တင်းပန်းကမူ သူ့နာမည်အတိုင်းပင် နေရာတွင်သာ စွဲစွဲမြဲမြဲ ထိုင်နေဆဲဖြစ်သည်။(သူ့နာမည်ထဲက တင်း ဆိုတဲ့ စကားလုံးက စွဲမြဲခြင်း၊ နေရာတကျဖြစ်ခြင်း၊ တည်ငြိမ်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်) သူက တည်ငြိမ်အေးဆေးစွာဖြင့် မနက်စာကို စားသောက်လိုက်ပြီးကာမှ ပြောလိုက်သည်။ 


"ဆယ်မိနစ်ပဲ ကျန်တော့တယ် စကားများမှာဆိုလည်း သွက်သွက်လေးလုပ်ကြ မြူနီစပယ်ခန်းမမှာ လုပ်မယ့် ရွေးကောက်ပွဲအစည်းအဝေးကို သွားတက်ရဦးမှာ ..." 


နီမြန်းနေသော လည်ပင်းနှင့်အတူ အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ရသော အဖေရှောင် "..." 


ရွှယ်မြောင်က လက်သုတ်ပဝါဖြင့် ပါးစပ်ကို သုတ်ပြီးနောက် ခေါင်းပြန်မော့လိုက်ချိန်တွင်မူ တင့်တယ်လှပကာ ကျက်သရေရှိသည့် အမျိုးသမီးအဖြစ်သို့ ပြန်‌လည်ရောက်ရှိသွားပြီဖြစ်သည်။ 


"တင်းပန်းရေ တောင်းပန်ပါတယ် အန်တီမေ့သွားတယ် မင်းကြည့်ရတာ ဘယ်လောက်မှလည်း မစားရသေးဘူး အစည်းအဝေးက ဘယ်အချိန်မှပြီးမယ် မသိရတော့ ထပ်စားလိုက်ဦးလေ အန်တီ ရှောင်လီကို ကားထုတ်ထားဖို့ ပြောလိုက်မယ် ..." 


သူမက လင်ပါသားအပေါ် သဘောထားကြီးကြီးမားမား မရှိသည့်တိုင် သူ့ကို မုန်းတီးခြင်း၊ နှိပ်စက်ခြင်းလည်း မရှိချေ။ သူမ ဝတ္တရားရှိသည့်အတိုင်း ဂရုတစိုက် စောင့်ရှောက်ပေးခဲ့သော်ငြား လင်ပါသားမှာ အစောကြီးကတည်းကပင် လူ့လောကနှင့် ထိတွေ့ဆက်ဆံခဲ့ပြီးဖြစ်သည့်အတွက် သူမအပေါ် မနွေးထွေးလှ။ နှစ်နှစ်ဆယ်ကျော် တစ်အိမ်တည်း အတူနေလာသည့်တိုင် သူတို့နှစ်ဦးကြား ဆက်ဆံရေးမှာ အပေါ်ယံမျှသာ ဖြစ်ပေသည်။ 


"အန်တီ့ကို ကျေးဇူးတင်ပါတယ် ဒါပေမယ့် ကျွန်တော် ဗိုက်ဝသွားပြီ ..." 


ရှောင်တင်းပန်းက ယဉ်ယဉ်ကျေးကျေးဖြင့် ငြင်းပယ်လိုက်သည်။ ထို့နောက် သူက အဖေရှောင်ကို ပြောလိုက်သည်။ 


"သွားရအောင် ..." 


ထိုအခါမှ အဖေရှောင်လည်း ဒေါသတကြီး မတ်တပ်ရပ်လိုက်တော့သည်။ 


ထိုသူနှစ်ဦး ထွက်သွားပြီးနောက် ရှောင်ကျားရှုက ကုတ်အင်္ကျီတစ်ထည်ကို ဝတ်လျက် အလောတကြီး ပြေးဆင်းလာတော့သည်။ 


"ဘယ်သွားမလို့လဲ ..." 


ရွှယ်မြောင်က သူ့နောက် ပြေးလိုက်ရင်း မေးလိုက်သည်။ 


"ကျိမြန်က ကားတိုက်မှု ဖြစ်လို့တဲ့ သူ့ကို သွားကြည့်လိုက်ဦးမယ် ..." 


စကားမဆုံးခင်မှာပင် ကားကိုမောင်းကာ အလောတကြီး ထွက်လာခဲ့လိုက်တော့သည်။ 


... 


ဆေးရုံ၏ VIP အခန်းထဲတွင် ကျိမြန်က ဖုန်းကို မျက်နှာသေဖြင့် စိုက်ကြည့်နေသည်။ သူ့ခေါင်းကိုလည်း ပတ်တီးများဖြင့် ရစ်ပတ်ထားသေး၏။ ဖန်ခွင်းက အနားသို့ရောက်လာကာ ဖုန်းကိုဆွဲယူရင်း စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။ 


"မင်းခေါင်းက ပြင်းပြင်းထန်ထန် ထိခိုက်သွားတာကို ဘာလို့ သတင်းတွေ လျှောက်ကြည့်နေတာလဲ မြန်မြန်လှဲပြီး အနားယူလိုက် ဥက္ကဌရှို့က မင်းရဲ့ အက်ဆီးဒန့်နဲ့ ပတ်သက်တဲ့ သတင်းတွေအကုန် ဖိနှိပ်ထားလို့ ပူမနေနဲ့တော့ ..."


"ရှောင်လျှို့နဲ့ ရှောင်ထောင်ရော အဆင်ပြေရဲ့လား ..." 


ကျိမြန်က မျက်လုံးတို့ကိုပိတ်ကာ လဲလျောင်းလိုက်သည်။ 


"သူတို့က အဆင်ပြေတယ် ဒဏ်ရာလေး နည်းနည်းပါးပါးပဲ ရတာ မနေ့ညကတည်းက ဆေးရုံက ဆင်းသွားကြပြီ ..." 


ဖန်ခွင်း၏ ဗိုက်ထဲတွင် ပြောလိုသည်များနှင့် ပြည့်နှက်နေသော်ငြား ကျိမြန်၏ အခြေအနေကို တွေ့ပြီးနောက်တွင်တော့ အားလုံးကို မျိုသိပ်ထားလိုက်ရတော့သည်။ 


ရှောင်လျှို့နဲ့ ရှောင်ထောင်က ဆေးမှားသောက်မိကြတာပဲ ဖြစ်ရမယ် ပန်းကန်ပြားပျံက သူတို့ကားကို တောင်အောက်အထိ တိုက်ချသွားတာလို့တောင် ရဲကို ပြောလိုက်သေးတယ် အဲဒါကြောင့်လည်း ရဲက ဆီးစစ်တာနဲ့ အရက်သောက်မသောက် စစ်တာတင် မကဘဲ စိတ်ပိုင်းဆိုင်ရာအခြေအနေကိုပါ စစ်လိုက်တာပေါ့ ဒီကိစ္စထဲ ကျိမြန်ကိုတောင် ဆွဲထည့်ခံလိုက်ရသေးတယ် သူ ဆေးသုံးထားသလား စစ်ချင်လို့ဆိုပြီး သတိလစ်နေတဲ့အချိန်မှာတင် သွေးကို ဖောက်ယူသွားကြပြီ ပန်းကန်ပြားပျံ ဟုတ်လား အဓိပ္ပါယ်မရှိတာတွေ ဒီအကြောင်းပြချက်က အရမ်းကို ယုတ္တိမဲ့လွန်းတယ် ရဲတွေကသာ စစ်ဆေးချက်ထဲမှာ ပြဿနာတစ်ခုခု ရှာတွေ့ကြည့် အဲဒီ့ ရွှံ့‌ဦးနှောက်အပြည့်နဲ့ နှစ်ကောင်ကို ကြော်စားပစ်မှာ ... 


Xxxxxxxx