အပိုင်း ၅၄
Viewers 44k

Chapter 54


ကျိမြန်က ကားစတီယာရင်ကို လက်တစ်ဖက်က ကိုင်လျက် ကျန်လက်တစ်ဖက်ဖြင့် သူ့နဖူးကို နှိပ်နေလိုက်သည်။ အတော်ကြာကာမှ တီးတိုးရေရွတ်လိုက်သည်။ 


"ကိုယ်လည်း မင်းနဲ့ လမ်းမခွဲချင်ပါဘူး မင်းရဲ့ အတွေးအခေါ်တွေကို ပြောင်းလဲစေချင်ရုံလေးတင် မင်းသာ ဒီလိုမျိုး အမြဲတမ်း အထိမခံဖြစ်နေမယ်ဆိုရင် ကိုယ်တို့ ဘယ်လိုမှ ရှေ့ဆက်သွားလို့ရမှာ မဟုတ်ဘူး ပြဿနာရဲ့ အရင်းခံက မင်း ကိုယ်မဟုတ်ဘူး ..." 


"ကျွန်တော်သိပါတယ် အဲဒါကြောင့် ပြုပြင်နေတာပေါ့ ..." 


သို့သော် လင်းလဲ့ယန်၏ ထိုအမည်ခံ ပြုပြင်မှုမှာ သူ့ခံယူချက်ကို ပြုပြင်ခြင်းမဟုတ်၊ လိင်စိတ်တိမ်းညွတ်မှုကိုသာ ပြောင်းလဲလိုက်ခြင်းဖြစ်သည်။ သူသာ ကောင်းကောင်း ဖုံးကွယ်ထားနိုင်ပါလျှင် ကျိမြန် သိလိမ့်မည်မဟုတ်ဟု တွေးထားပေသည်။ 


"အတတ်နိုင်ဆုံး ပြုပြင်နိုင်ရင်တော့ ကောင်းတာပေါ့ မလုပ်နိုင်ရင်လည်း မင်းကို တွန်းအားမပေးပါဘူး ..." 


ကျိမြန်က သူ့ကို ပြောလိုက်သည်။ 


"အရင် ပြန်နှင့်လိုက်တော့ ဒီရက်ပိုင်းထဲ ကိုယ် စိတ်မပါဘူး ..." 


လင်းလဲ့ယန်က သူ စိတ်လည်းမဆိုး၊ လမ်းလည်း မခွဲတော့မှန်း သေချာသည်အထိ အချိန်အကြာကြီး အကဲခတ်ပြီးကာမှသာ ကားပေါ်မှ ဆင်းသွားတော့သည်။ 


အနက်ရောင် SUV ကားက လမ်းထဲမှ ထွက်ခွါသွားပြီ ဖြစ်သော်ငြား လင်းလဲ့ယန်ကမူ နေရာတွင်သာ ငေးကြည့်နေဆဲဖြစ်သည်။ သူ့ထက် ခြေတစ်လှမ်း နောက်ကျပြီး ရောက်လာသော ချိန်ဖမ်းရှင်းက အမှောင်ထဲတွင် အကြာကြီး ရပ်နေပြီးကာမှ ထွက်လာကာ မေးလိုက်သည်။ 


"မင်းနဲ့ ကျိမြန်က ဘယ်လိုဆက်ဆံရေးလဲ ..." 


"ဒါက အရေးမကြီးပါဘူး ..." 


လင်းလဲ့ယန်က တစ်ဖြည်းဖြည်း အသိပြန်ကပ်လာခဲ့သည်။ 


"ဘယ်သူ့ကို လာလိမ်နေတာလဲ အရေးမကြီးလို့ သူ့အင်္ကျီစကို ဆွဲနိုင်တာလား အရေးမကြီးလို့ ကားထဲမှာ အကြာကြီး စကားပြောနေနိုင်တာလား ဒါကလည်း မင်းတို့နှစ်ယောက်ပဲလား ..." 


ချိန်ဖမ်းရှင်းက လက်မနှစ်ဖက်ကို မြှောက်ကာ နမ်းနေသည့်ဟန် လုပ်ပြလိုက်သည်။ 


"ပေါက်ကရတွေ လျှောက်ပြောမနေနဲ့ ကျိကောအတွက် မကောင်းဘူး ..." 


လင်းလဲ့ယန်က သူ့ကို ပြောလိုက်သည်။ 


"ကောင်းပြီ မပြောတော့ဘူး မင်းသာ ကျိမြန်က မင်းကောင်လေးလို့ ပြောလိုက်ရင် ဘာလို့ မင်းအတွက် အရင်းအမြစ်တွေရှာဖို့ ကြိုးစားနေတော့မှာလဲ သူ့ကိုပဲ ပြောလိုက်တော့မှာပေါ့ ဖာ့ခ် ရုပ်ရှင်ဧကရာဇ်နှစ်ယောက်နဲ့ တစ်ကားတည်း အတူတူရိုက်နိုင်တာ အံ့ဩစရာ မရှိတော့ပါဘူး လက်စသတ်တော့ ဒီလိုကိုး ..." 


သူက စိတ်လှုပ်ရှားစွာဖြင့် ရယ်မောလိုက်သည်။ 


"လဲ့ယန် မင်းမှာ ဒီလောက်ကောင်းတဲ့ နောက်ခံကြီး ရှိတာတောင် ပူပန်နေသေးတာလား အောင်မြင်ဖို့ဆိုတာ မင်းအပေါ်ပဲ မူတည်နေတာလေ ..." 


"အဓိပ္ပါယ်မရှိတာတွေ ငါက ကျိကောပေါ် မမှီခိုချင် ..." 


သူ့စကားပင် မဆုံးသေး။ အနည်းငယ် ဆွံ့အသွားရတော့သည်။ ယခုမူ ကျိမြန်အပေါ် မမှီခိုပါဟု ရဲရဲဝံ့ဝံ့ မပြောရဲတော့။ နှစ်ရှည်လများ ကျိမြန်အပေါ်တွင်သာ အားလုံးကို မှီခိုခဲ့ကာ ထိုသူက သူ့အတွက် ကျောင်းအပ်ပေး၊ကျောင်းလခနှင့် နေထိုင်စရိတ်တို့ကိုပါ လုံလုံလောက်လောက် ပေးခဲ့သည့်အပြင် တောက်ပသည့် အနာဂတ်တစ်ခုကိုပါ ‌ပေးအပ်ခဲ့သေးသည်။ ကျိမြန်သာ မရှိပါလျှင် ယခုလက်ရှိနေရာသို့ပင် ရောက်လာနိုင်မည် မဟုတ်ချေ။ 


"ရုပ်ရှင်ကိုပဲ ကောင်းကောင်း ရိုက်ချင်လို့ ဒီ‌နေ့လို ပါတီမျိုးကို မသွားတော့ဘူး ဟုတ်ပြီလား အဲဒီ့တင်းကျန်းက လူကောင်းမဟုတ်ဘူး..." 


လင်းလဲ့ယန်က အကြောင်းအရာကို အချိန်မီ ပြောင်းလဲလိုက်သည်။ 


ချိန်ဖမ်းရှင်းကမူ ဂရုမစိုက်။ 


"မသွားချင်ရင် မသွားနဲ့လေ ဘာပဲဖြစ်ဖြစ် ကျိမြန်က မင်းကို ဒီ့ထက်အဆင့်မြင့်တဲ့ ပါတီတွေ ခေါ်သွားပေးနိုင်တာပဲကို ဒါနဲ့ မင်းတို့နှစ်ယောက်က အတည်တွဲနေကြတာလား စပွန်ဆာသဘောမျိုးလား ..." 


"မဟုတ်ဘူး တကယ် အတည်တွဲနေကြတာ ..." 


ထိုအခါမှသာ လင်းလဲ့ယန်လည်း ပြုံးနိုင်တော့သည်။ 


နှစ်ဦးသား ဓာတ်လှေကားစီးကာ အိမ်ပြန်လာချိန်အထိ ချိန်ဖမ်းယွီမှာ ပြန်မရောက်သေး။ ဤအဆောက်အဦး၏ ၁၀ ထပ်မှ ၂၂ ထပ်မြောက်အထိကို အနုပညာရှင်များ နေထိုင်ရန် ကုမ္ပဏီမှ ငှားရမ်းပေးထားခြင်းဖြစ်သည်။ လင်းလဲ့ယန်က သူနှင့် ကျိမြန်အကြား ဆက်ဆံရေးကို အကြောင်းပြုကာ သူ့အခန်းနှင့် မျက်နှာချင်းဆိုင်အခန်းကို ချိန်ဖမ်းယွီအတွက် ပေးခဲ့သည်။ ချိန်ဖမ်းရှင်းက တစ်ယောက်တည်း နေနေသည့် သူ့ညီမ မလုံခြုံမည်ကို စိုးရိမ်သဖြင့် နေ့တိုင်း လာကြည့်တတ်ပေသည်။ 


အခန်းတံခါးကို ဖွင့်လိုက်သည့်အခါ ညီမဖြစ်သူကို မတွေ့ရဘဲ ဆိုဖာပေါ်တွင် ယွမ်သုံးသောင်း လေးသောင်းကျော် တန်ဖိုးရှိသည့် ဒီဇိုင်နာအိတ်အသစ်တစ်လုံးကိုသာ တွေ့လိုက်ရသည်။ 


"လဲ့ယန် ကြည့်ကြည့်ပါဦး ဒါက အစစ်လား ..." 


ချိန်ဖမ်းရှင်းက အိတ်ကိုမြှောက်ကာ အော်ပြောလိုက်သည်။ 


"အစစ် ဝယ်ရအောင် ရှောင်ယွီမှာ ဘယ်က ပိုက်ဆံရှိမှာလဲ အတုပဲနေမှာပေါ့ ..." 


လင်းလဲ့ယန်က အိတ်ကိုပင် ဂရုတစိုက် ကြည့်မနေဘဲ နွမ်းနယ်စွာဖြင့် ပြောလိုက်သည်။ 


"သွားအိပ်နှင့်တော့မယ် မင်းပဲ စောင့်နေလိုက်တော့ ..."


(ဒီမှာ သူရေးထားတာကလေ ချိန်ဖမ်းရှင်းနဲ့ လင်းလဲ့ယန်က တစ်ခန်း၊ ချိန်ဖမ်းယွီကတစ်ခန်း တိုက်ခန်းနှစ်ခန်း ခွဲထားကြတဲ့ သဘောပါ)


"သွားရအောင် သွားရအောင် ..." 


ယခုမူ ချိန်ဖမ်းရှင်းသည့် သူ့ငယ်သူငယ်ချင်းကို ငွေထုတ်ပေးသည့် နွားတစ်ကောင်နှယ် သဘောထားကာ ကျိမြန်နှင့် ဆက်ဆံရေးကို ထိန်းသိမ်းနိုင်စေရန် အလို့ငှာ အနားယူရန် ဆော်‌ဩလိုက်သည်။ ချိန်ဖမ်းယွီက ညတစ်နာရီကျော်ကာမှ မွှန်ထူနေသော ဝိုင်နံ့တို့နှင့်အတူ ပြန်ရောက်လာသည်။ ချိန်ဖမ်းရှင်းက စိတ်ကောင်းဝင်နေသည့်အတွက် သူမကို မဆူပူခဲ့။ ထိုအစား လင်းလဲ့ယန်နှင့် ကျိမြန်အကြောင်းကိုပင် ပြောပြလိုက်သေးသည်။ 


"အခုကြားလိုက်မိတာ တကယ်ကြီးလား ကျိကောက ဂေး ပြီးတော့ လဲ့ယန်ကောနဲ့ တွဲနေတာပေါ့ ..." 


ချိန်ဖမ်းယွီမှာ ချက်ခြင်းပင် အမူးပြေသွားတော့သည်။ သူမ၏ အမူအယာမှာ အနည်းငယ် ဟန်ပျက်နေသော်ငြား ခဏအကြာတွင် စိတ်လှုပ်ရှားမှုကြီးစွာဖြင့် အော်ပြောလိုက်သည်။ 


"ဒီလိုလား ကောကော ကျိမြန်နဲ့သာဆိုရင် လဲ့ယန်ကောက သေချာပေါက် နာမည်ကြီးလာမှာပဲ ဒါဆို ကောကလည်း ရွှေအဆင့် အကျိုးဆောင် ဖြစ်ပြီးတော့ ပိုက်ဆံတွေ အများကြီး ရလာမှာပေါ့ ..." 


"ဟုတ်တယ် ကောကောက မင်းကို သေချာပေါက် ကောင်းကောင်းထားနိုင်တော့မှာ ..." 


ချိန်ဖမ်းယွီက ညီမဖြစ်သူ၏ ခေါင်းကို ပွတ်ပေးရင်း အနာဂတ်အကြောင်း စိတ်ကူးယဉ်နေလိုက်ကြတော့သည်။ 


ကော့တေးပါတီ ပြီးကတည်းက လင်းလဲ့ယန်၏ စိတ်အခြေအနေမှာ ယခင်ထက် တည်ငြိမ်လာကာ အိမ်၊ ကုမ္ပဏီနှင့် စတူဒီယိုကိုသာ ကူးချည်သန်းချည် သွားလာနေသည်။ ရိုက်ကူးရေးကိုလည်း ပိုပြီး အာရုံစိုက်လာသည့်အတွက် လောကျန်းဝေ့မှာ အလွန် စိတ်ကျေနပ်လာတော့သည်။ မျိုးဆက်သစ် အနုပညာရှင်များအနက် ရှောင်ကျားရှုနှင့် လင်းလဲ့ယန်တို့မှာ အလားအလာအရှိဆုံးဖြစ်ကာ မှန်ကန်သည့် လမ်းကြောင်းကိုသာ ရွေးချယ်ပါလျှင် မုချ အောင်မြင်ပေမည်ဟုပင် တိတ်တဆိတ် ယုံကြည်ထားလိုက်တော့သည်။ 


လင်းလဲ့ယန်၏ ဇာတ်ကွက်အားလုံးကို ရိုက်ကူးပြီးနောက် အဖွဲ့သားများကို နှုတ်ဆက်ကာ သရုပ်‌ဆောင်အတန်း တက်ရန်အတွက် ကုမ္ပဏီသို့ ပြန်လာခဲ့လိုက်သည်။ ကာလတစ်ခုကြာ စနစ်တကျ လေ့ကျင့်အပြီးတွင် ဟွမ်ကျိကျင်းက ကျောင်းသားလေးယောက်ကို ဉာဏ်စမ်းတစ်ပုဒ် ပေးလိုက်သည်။ မေးခွန်းများကိုမူ အနက်ရောင် သေတ္တာထဲတွင် ဖွက်ထားသည်။ 


"အားလုံးပဲ ကိုယ် ဘာရမလဲ မဲနှိုက်ကြည့်လိုက်ကြ ပြီးရင် ကိုယ်ရတဲ့ဟာကို ရိုက်ကူးပြီး ငါ့ကို ပို့ပေးရမယ် မင်းတို့ရဲ့ သရုပ်ဖော်မှုအပေါ် မူတည်ပြီး သင့်လျော်တဲ့မှတ်ချက် ပြန်ပေးမယ် ဟုတ်ပြီလား မှတ်ထားနော် မင်းတို့မှာ ပြင်ဆင်ချိန် သုံးရက်ရှိတယ် ရုပ်ဖျက်ထားတာတောင်မှ မင်းတို့ကို တစ်ယောက်ယောက်က မှတ်မိသွားရင် ကျရှူံးတယ်လို့ သတ်မှတ်တယ် ..." 


ဟွမ်ကျိကျင်းက လက်ယပ်ခေါ်လိုက်သည်။ 


"ရှောင်ကျားရှု မင်းအရင်ဆုံး မဲလာနှိုက် ဘယ်လောက် ကံကောင်းသလဲ ကြည့်ကြရအောင် ..." 


ရှောင်ကျားရှုက စင်ပေါ် ပြေးတက်ကာ လက်ကို ပုံးထဲထည့်ကာ ဟိုဟိုဒီဒီ မွှေနှောက်လိုက်ပြီး စက္ကူဘောလုံးတစ်လုံးကို ဆွဲထုတ်လာသည်။ ထို့နောက်မှ ဘောလုံးကိုဖြည်ကာ ရေးထားသည့် စာကို ဖတ်ပြလိုက်သည်။ 


"tramp..." 


"ဒါက အခက်ကြီး‌တော့ မဟုတ်ပါဘူး ပြန်သွားပြီး ကောင်းကောင်း ပြင်ဆင်တော့ ..." 


ဟွမ်ကျိကျင်းက ပြုံးကာ ပြောလိုက်သည်။ 


ရှောင်ကျားရှုက တက်တက်ကြွကြွ ခေါင်းငြိမ့်ပြကာ သူ့နေရာသူပြန်၍ ဖုန်းထဲမှ အချက်အလက်များကို ရှာဖွေလိုက်သည်။ 


ဒုတိယမြောက် မဲနှိုက်သူမှာ ကလေးမျက်နှာပိုင်ရှင် ဂျက်စီဖြစ်ကာ သူ့နောက်တွင် မျက်နှာပင့်တင်ခွဲစိတ်ထားသည့် ဂျင်ရှီဂျွန်းက မဲနှိုက်လိုက်သည်။ နှစ်ဦးသားမှာ အသက်အရွယ်ကြီးရင့်သူနှင့် မသန်စွမ်း ဇာတ်ကောင်တို့ကို ရလိုက်ကာ နောက်ဆုံး မဲနှိုက်ရသည့် လင်းလဲ့ယန်မှာမူ "အမျိုးသမီး" ဟု ရေးထားသည့် စာရွက်ကို ရလိုက်သည်။ 


"အိုး နည်းနည်းလေး ကံဆိုးသွားပါ့လား မတူညီတဲ့ လိင်အမျိုးအစားကို ပြောင်းပြရမှာဆိုတော့လေ ဒါပေမယ့် မင်းမျက်နှာက တော်တော်လေး သွယ်လျပြီး ဘယ်လိုမိတ်ကပ်မျိုး ပြင်ပြင် အဆင်ပြေတော့ ပြဿနာတော့ မရှိပါဘူး အိုကေ ပြင်ဆင်ကြတော့ ..." 


ဟွမ်ကျိကျင်းက မဲနှိုက်သည့် ဖြစ်စဉ်တစ်လျောက်လုံး ရိုက်ကူးထားကာ မှတ်တမ်းဖိုင်ထဲသို့ ထည့်ထားလိုက်သည်။ 


ကျိမြန်နှင့် လင်းလဲ့ယန်တို့သည် သူ့ညီမဝမ်းကွဲလေးကို အင်တာဗျူးရန် ည ၁၁ နာရီအထိ အစီအစဉ် ဆွဲနေခဲ့ရသည်။ အင်တာဗျုးမည့်အချိန် နီးကပ်လာသည့်အခါ တံခါးအပြင်ဘက်စီမှ ဒေါက်ဖိနပ်သံကို ကြားလိုက်ရသည့်အတွက် ကျိမြန်က မျက်ခုံးကိုပင့်ကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ 


"ဟယ်လို CEO ကျန်း ကျွန်မက လင်းလဲ့ယန်ရဲ့ ဝမ်းကွဲ လင်းလဲ့လဲ့ပါ အခု အသက် ၂၀ ရှိပါပြီ တက္ကသိုလ်မှာ ပညာသင်နေပြီး ဘွဲ့ရဖို့တော့ တစ်နှစ်လိုပါသေးတယ် ဒီနေ့ ကုမ္ပဏီရဲ့ သင်တန်းသားအဖြစ် အရွေးချယ်ခံဖို့ ရောက်လာတာပါ ..." 


ရုံးခန်းထဲသို့ ရောက်လာပြီးနောက် လင်းလဲ့ယန်က သူ့ဇာတ်ကောင်အတိုင်း စိတ်လှုပ်ရှားစွာဖြင့် မိတ်ဆက်လိုက်သည်။ အတွင်းရေးမှူးက သူနှင့် ချိန်ဖမ်းရှင်းအတွက် ကော်ဖီများ လာငှဲ့ပေးလိုက်၏။ 


"အသက် ၂၀ မှ သင်တန်းသားအဖြစ် လာအရွေးခံတယ် နည်းနည်းတော့ အသက်ကြီးနေပြီနော် ..." 


ကျိမြန်က လုပ်ရိုးလုပ်စဉ်အတိုင်း ပြောရန် လိုအပ်သည်များကို အညှာအတာမဲ့စွာ ပြောလိုက်သည်။ 


လင်းလဲ့ယန်က သူ့ဖုန်းကို ဖျတ်ကနဲ ခိုးကြည့်လိုက်လျှင် တိုက်ရိုက်ထုတ်လွှင့်မှုမှာ လူစိတ်ဝင်စားမှု များပြားနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ အချို့က သူ့အမည်မှာ အလွန်အမင်း သာမန်ဆန်လွန်းသည်ဟု ပြောနေကြပြီး အချို့ကမူ သူ့အမူအယာများမှာ သဘာဝမကျဟု ဝေဖန်နေကြသည်။ မြှောက်ပင့်ချီးကျူးမှု အားလုံးမှာမူ ကျိမြန်အတွက်သီးသန့်သာ ဖြစ်ပေသည်။ 


နတ်ဘုရားကျိရဲ့ အပြင်မှာတွေ့ရတဲ့ပုံက စခရင်ထဲကအတိုင်း တစ်ပုံစံတည်းပဲနော် အမြဲလိုလို တင်းမာခက်ထန်ပြီး အရမ်းဟော့‌တဲ့ မိန်းမလှလေး ရှေ့မှာတောင် မျက်တောင်တစ်ချက် မခတ်ဘဲ အလုပ်အကြောင်း ပြောနေနိုင်သေးတယ် အလုပ်အပေါ် လေးစားတတ်တဲ့နေရာမှာတော့ သူ့ထက် သာတဲ့သူကို မရှိတော့ဘူး လာကြ လာကြ နတ်ဘုရားကျိကို ချီးကျူးလိုက်ကြရအောင် ... 


ချီးကျူးသည့် မှတ်ချက်တို့ တရစပ် ထွက်ပေါ်လာကြောင်း တွေ့လိုက်ရသည့်အခါ လင်းလဲ့ယန်၏ အကြည့်တို့ ဝင်းလက်သွားတော့သည်။ 


ကျိကောရဲ့ စွမ်းပကားကတော့ တကယ်ကို တွက်ဆထားတဲ့အတိုင်းပဲ မဟုတ်သေးဘူး ဖုန်းကို ဆက်ကြည့်နေလို့ မဖြစ်ဘူးလေ ကျိကောက သင်္ကာမကင်း ဖြစ်သွားလိမ့်မယ် ငါ တိုက်ရိုက်ထုတ်လွှင့်နေမှန်းသာ သူသိသွားရင် စိတ်ဆိုးလောက်လား ... 


ထိုသို့တွေးကာ ဖုန်းကို အိတ်ထဲသို့ အမြန် ဖွက်ထားလိုက်သည်။ 


တစ်ချိန်တည်းမှာပင် ကျိမြန်၏ မျက်လုံးထဲရှိ ပျော်ရွှင်နေသည့် အရိပ်အယောင်တို့မှာလည်း တစ်ဖြည်းဖြည်း မှိန်ဖျော့သွားတော့သည်။ သို့သော် အမူအယာမှာမူ ယခင်အတိုင်း တည်ကြည်နေဆဲဖြစ်သည့်အတွက် မည်သူကမှ မူမမှန်မှုကို သတိမထားမိလိုက်ကြ။ သူက ဆက်ပြောလိုက်သည်။ 


"မင်းရဲ့ အသက်က နည်းနည်းလေး ကြီးနေပြီ ဆိုပေမယ့် ရုပ်ရည်လေးတော့ ရှိသားပဲ ပြောင်မြောက်တဲ့ အရည်အချင်းပါ ရှိမယ်ဆိုရင်တော့ သင်တန်းသားအဖြစ် လေ့ကျင့်ပေးဖို့ ထိုက်တန်ပါတယ် ဒီနေ့အတွက် တစ်ခုခု ပြင်ဆင်လာခဲ့တယ် မဟုတ်လား ..." 


လင်းလဲ့ယန်က အရဲကိုးကာ ပြောလိုက်သည်။ 


"ကျွန်မ သီချင်းတစ်ပုဒ် ဆိုပြပါ့မယ် ..." 


ချိန်ဖမ်းရှင်းက သူ့ထံ ဂစ်တာတစ်လက်ကို ချက်ခြင်း ကမ်းပေးလိုက်သည်။ 


"စလို့ရပြီ ..." 


ကျိမြန်က လက်ကိုယမ်းကာ ပြောလိုက်သည်။ 


လင်းလဲ့ယန်မှာ ဂစ်တာတီးရာတွင် မညံ့လှ။ ဤသည်ကပင်လျှင် သူ့အတွက် ကောင်းကွက်တစ်ခု ဖြစ်နေသည်။ သို့သော် ယခုအချိန်တွင် မိန်းကလေးအဖြစ် သရုပ်ဆောင်နေရသည့်အတွက် ပိုပြီးမြင့်သည့် အသံဖြင့် သီဆိုရရာ နားထောင်၍ မကောင်းတော့ချေ။ 


ကျိမြန်က မျက်ခုံးတို့ကို စုကျုံ့ကာ နားထောင်နေပြီး တိုက်ရိုက်လွှင့်ခြင်းကို ကြည့်နေသည့် ပရိသတ်များကလည်း အူလှိုက်သည်းလှိုက် ရယ်မောရင်း နတ်ဘုရားကျိအပေါ် စာနာသည့် စကားလုံးများ အဆက်မပြတ် ပေးပို့နေလိုက်ကြသည်။ 


ဒီနှစ်တော့ သီချင်းဆိုရင်း သေသွားတဲ့သူဆိုပြီး သတင်းတက်လာတော့မှာပဲ ... 


သီချင်းအပြီးတွင် ကျိမြန်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ 


"မင်းကို ဂီတလောကထဲ မဝင်ဖို့ အကြံပေးချင်တယ် အဲဒီ့လောကထဲဝင်ရင် ဘာအနာဂတ်မှ ရှိတော့မှာ မဟုတ်ဘူး သီချင်းဆိုတာအပြင် တစ်ခြား ဘာလုပ်တတ်သေးလဲ ဥပမာပြောရရင် ကတာတို့ ဘာတို့ ..." 


ဒေါက်ဖိနပ်ကြီး စီးထားပြီး ဘယ်လိုလုပ် ကနိုင်မှာလဲ ... 


လင်းလဲ့ယန်က ကြောက်အားလန့်အားဖြင့် ခေါင်းယမ်းပြလိုက်သည်။ 


"CEO ကျိ ကျွန်မ ဘယ်လိုကရမလဲ မသိပါဘူး ..." 


"ဒါဆို ဘယ်လို သရုပ်ဆောင်ရမလဲရော သိလား ..."


"ဒါကိုတော့ ကျွန်မ လုပ်ပြနိုင်ပါတယ် ..." 


လင်းလဲ့ယန်က ယုံကြည်ချက်ပြည့်ဝနေဟန်ဖြင့် ရင်ကော့ခေါင်းမော့ကာ ပြောလိုက်သော်ငြား မို့တက်လာသည့် စနေနှစ်ခိုင်ကို တွေ့လိုက်ရသည့်အခါ တစ်ဖန် စိတ်ဓာတ်ကျသွားပြန်တော့သည်။ သူ့အမူအယာကြောင့် ကြည့်နေသူများမှာ ပွဲကျ၍ မဆုံးကြတော့ချေ။ ချိန်ဖမ်းရှင်းကမူ အကောင်းဆုံးရိုက်ချက် ရနိုင်ရန် အလို့ငှာ နေရာအနှံ့ ပြေးလွှားနေပြီး ကျိမြန်၏ မျက်နှာကိုပင် အနီးကပ် ရိုက်ပြလိုက်သေးသည်။ 


ကျိမြန်က သူ့ကို ခပ်တည်တည်ဖြင့် စိုက်ကြည့်လိုက်သည်။ 


"ဒါဆို ငိုတဲ့အခန်း သရုပ်ဆောင်ပြရင်ရော ..." 


ဟမ် ... 


လင်းလဲ့ယန်မှာ ဘာလုပ်၍ လုပ်ရမည်မှန်း မသိတော့။ ခေါင်းကိုသာ အသည်းအသန် ခါယမ်းပြလိုက်တော့သည်။ 


"မရဘူး ကျွန်မ ငိုလို့မရဘူး ..." 


"ဘာလို့လဲ ..."


Xxxxxx