အပိုင်း ၆၄
Viewers 44k

Chapter 64


လင်းလဲ့ယန်မှာ တစ်ဖက်တွင် ရှောင်ကျားရှုတစ်ယောက် နာမည်ပျက်ဆေးကြောနိုင်စေရန် မျှော်လင့်မိနေပြီး တစ်ဖက်တွင်မူ ပျောက်ကွယ်သွားနိုင်စေရန်လည်း မျှော်လင့်နေမိသည်။ သို့မှသာ ရှောင်ကျားရှု၏ ဖြစ်တည်မှုက သူ့ကို မခြိမ်းခြောက်နိုင်တော့မှာ ဖြစ်သည်။ ထိုသို့တွေးနေစဉ်မှာပင် သတင်းထူးတစ်ခုကို ကြားလိုက်ရပြန်သည်။ ရှောင်ကျားရှုက ဖြစ်ပျက်ခဲ့သည်များကို ရှင်းလင်းရန် လေးနာရီခွဲတွင် သတင်းစာရှင်းလင်းပွဲတစ်ခု ကျင်းပမည်ဟု ကြေငြာလိုက်သည်နှင့်တစ်ပြိုင်နက် မြောက်များစွာသော အင်တာနက်သုံးစွဲသူများက တိုက်ရိုက်လွှင့်သည့်အခန်းတွင် အဆင်သင့်စောင့်နေကြတော့သည်။ 


"မြန်မြန်လေး တိုက်ရိုက်လွှင့်တဲ့နေရာကို မြန်မြန်လေး လာခဲ့ကြ ..." 


စီနီယာအစ်မက တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းထဲသို့ ရောက်သည်နှင့်တစ်ပြိုင်နက် စူးစူးဝါးဝါး အော်ဟစ်လိုက်တော့သည်။ 


"အားးးးးး အိပ်မက်မက်နေတာလား ဒါက ရွှယ်မြောင် ဟုတ်တယ်မဟုတ်လား ငါ့ရဲ့ နတ်ဘုရားမ ရွှယ်မြောင်လေ ..." 


စီနီယာအစ်ကိုမှာမူ သူမကိုပင် ပြန်မဖြေနိုင်သေး။ ပါးစပ်အဟောင်းသားနှင့်သာ ငေးကြည့်နေလိုက်သည်။ 


ညှို့ဓာတ်ပြင်းသည့် ကောက်ကြောင်းတို့ကို ပေါ်လွင်စေသည့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ပေါ်ထွက်လာသည်။ အနက်ရောင်ဆံနွယ်တို့က ပုခုံးထက်သို့ ကပိုကရို ကျဆင်းနေပြီး လှုပ်ရှားမှုတိုင်းမှာလည်း စွဲမက်ဖွယ်ရာပင်။ မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကပင်လျှင် အကြည့်မလွှဲနိုင်လောက်အောင် ထူးထူးခြားခြား ထင်းထွက်နေကာ ရှည်လျားလှသည့် မျက်ခုံးအစုံတို့က လွှမ်းမိုးတတ်သည့် အငွေ့အသက် ပေးစွမ်းနေသည်။ နှုတ်ခမ်းနှင့် လက်သည်းတို့က သွေးနီရောင်သဖွယ် ရဲရဲစိုနေပြီး ပျောက်ကွဲထွက်လုမတတ် အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။


သူမ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် နံဘေးမှ လိုက်ပါလာသူအားလုံး ပျောက်ကွယ်သွားသည့်နှယ် ကင်မရာတို့က သူမတစ်ယောက်တည်းကိုသာ ချိန်ရွယ်လိုက်ကြသည်။ လက်ရှိဖြစ်ရပ်၏ ကာယကံရှင်ကိုပင် အာရုံမထားကြတော့။ 


ရှောင်ကျားရှုက သူမအတွက် ထိုင်ခုံတစ်ခုံ ဆွဲထုတ်ပေးကာ ဘေးမှ ဝင်ထိုင်လိုက်သည်။ အဘိုးရှောင်က သူမ၏ နောက်ကြောင်းကို ဖျောက်ဖျက်ကာ အနုပညာလောကမှ နုတ်ထွက်ရန် အမိန့်ပေးခဲ့သည့်အတွက် အထက်တန်းလွှာအနည်းစုသာလျှင် သူမ၏ ခင်ပွန်းနှင့် မိသားစုနောက်ခံအကြောင်း သိထားကြသည်။ အများစုကမူ သူမကို နိုင်ငံခြား ထွက်သွားသလား သို့မဟုတ် ပုန်းအောင်းနေသလား သို့်မဟုတ် လက်စဖျောက်ခံလိုက်ရလေသလားဟုသာ တွေးမိကြသည်။ 


တစ်ခေတ်တစ်ခါက နတ်ဘုရားမ ပြန်လည်ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည့်အခါ ပရိသတ်များအားလုံး အရူးအမူး ဝမ်းသာလုံးစို့ကုန်ကြပြီး ကိုယ့်မျက်စိကိုပင် မယုံနိုင်ကြတော့။ 


သူမက လုံးဝကို အိုမလာဘူးနော် လောကဓံရဲ့ တိုက်စားမှုတွေအောက်မှာ ပိုပြီးတောင် မျက်စိကျိန်းလောက်စရာ ကောင်းလာတာပဲ ... 


"မိတ်ဆက်ပေးပါရစေ ဒါက ကျွန်မရဲ့သား ရှောင်ကျားရှုပါ ..." 


သေးသွယ်လှသည့် လက်ချောင်းလေးများကို သူ့ပုခုံးပေါ် တင်လိုက်ရင်း ဆက်ပြောလိုက်သည်။ 


"ပြီးတော့ ကျွန်မရဲ့သားကို နာမည်ဖျက်ဖို့ ကြိုတင်ကြံစည်ထားတဲ့ လုပ်ရပ်တွေအားလုံးကို တစ်ခုချင်းစီ ရှင်းပြပေးပါ့မယ် ပထမဆုံးတစ်ခုကတော့ ဆေးသုံးတဲ့ကိစ္စပေါ့နော် ဒီဟာက ကျွန်မသားရဲ့ ပြီးခဲ့တဲ့သုံးနှစ်အတွင်း ဆေးစစ်ချက်မှတ်တမ်းတွေပါ ..." 


သူမက ရီမုကိုသုံးကာ PowerPoint presentation ကို ဖွင့်ပြလိုက်သည်။ အားလုံး ပြတ်ပြတ်သားသား မြင်နိုင်ရန်အလို့ငှာ အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာမှ ထောက်ခံချက်တံဆိပ်တုံး ပါရှိသည့် ဆေးစစ်ချက်မှတ်တမ်းများကို တစ်ခုချင်း ပုံကြီးချဲ့ကာ ပြသလိုက်သည်။ 


သတင်းထောက်များက ကင်မရာများကို မြှောက်ကာ အလောတကြီး ဓာတ်ပုံရိုက်လိုက်ကြသည်။ 


"နောက်တစ်ခုကတော့ အပျော်အပါး လိုက်စားပြီး ပညာသင်ကြားရေးကို လျစ်လျူရှုထားတယ်ဆိုတဲ့ စွပ်စွဲချက် ဒါတွေက ကျွန်မသား နိုင်ငံခြားမှာ နေခဲ့တုန်းက ရခဲ့တဲ့ အမှတ်စာရင်း၊ ဆုတံဆိပ်၊ ဆုဒိုင်းနဲ့ ပညာသင်ဆုရထားတဲ့ အသိအမှတ်ပြု လက်မှတ်နဲ့ ဒီပလိုမာစာရွက်စာတမ်းတွေ ..." 


ဤတစ်ကြိမ် ပြသသည့် slide များမှာ ပထမတစ်ခုထက် ပိုမိုများပြားကာ နှစ်စဉ်နှစ်တိုင်း ရရှိခဲ့သည့် ဂုဏ်ထူးများနှင့် ပညာသင်ဆုများကို တစ်ခုပြီးတစ်ခု ပြသလိုက်သည်။ သူ့ရမှတ်များမှာ ကျောင်းသားများအနက် အကောင်းဆုံးဖြစ်သည့်အပြင် လေးနှစ်တက်ရမည့် သင်ရိုးကိုလည်း နှစ်နှစ်တည်းနှင့် အောင်မြင်နိုင်ခဲ့သည်။ သူ၏ ပညာရေးထူးချွန်မှုမှာ သံသယဝင်ဖွယ်ရာ မရှိချေ။ 


၎င်းတို့ကို ပြသပြီး တစ်မိနစ်ခွဲခန့်အကြာတွင် ရွှယ်မြောင်က ဆက်ပြောလိုက်သည်။ 


"တတိယတစ်ချက်က ကားတိုက်ပြီး ထွက်ပြေးတယ်ဆိုတဲ့ကိစ္စ ရှင်တို့အားလုံး မြင်နေရတာကတော့ ဒေသခံရဲတပ်ဖွဲ့က ပေးပို့ထားတဲ့ စစ်ဆေးမှုမှတ်တမ်း မိတ္တူပါ ကွယ်လွန်သူရဲ့ နာမည်က ဟဲရင် အသက်က ၁၆ နှစ် ပြီးတော့ လီကျားအာကို မုဒိန်းကျင့်ခဲ့တယ်ဆိုတဲ့တစ်ယောက်ပေါ့ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ရှင်းမပြခင် အသံဖိုင်လေးတစ်ခုလောက် အရင်ဆုံး ဖွင့်ပြချင်ပါတယ် ဒီအသံဖိုင် အစစ်ဟုတ်မဟုတ် သံသယမဝင်ရအောင် ဒီရှင်းလင်းပွဲပြီးတာနဲ့ တရားရုံးတော်ကို တင်ပြပြီး အစစ်ဟုတ်မဟုတ် စစ်ဆေးပေးဖို့ တောင်းဆိုမှာဖြစ်လို့ စိတ်ပူနေဖို့ မလိုအပ်ပါဘူး ..." 


သူမက အသံသွင်းစက်ကို မိုက်ခရိုဖုန်းအနား ထားကာ အသံကို အမြင့်ဆုံးအထိ ချဲ့လိုက်သည်။ 


အားလုံး အာရုံတစိုက် နားထောင်နေကြသည့်အတွက် သတင်းထောက်တို့မှာ အငြင်းပွားဖွယ် မေးခွန်းများပင် မမေးနိုင်တော့။ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသူအားလုံးလည်း ဆွံ့အသွားရတော့သည်။ ရွှယ်မြောင်က အားလုံးကို ကျကျနန ပြင်ဆင်လာကာ အရှိန်အဟုန်မှာလည်း အလွန်ပြင်းထန်လှသည့်အတွက် လက်သီး‌ချက်ပေါင်းများစွာဖြင့် ထိုးသွင်းခံလိုက်ရသည့်အတိုင်းပင်။ 


ရှောင်ကျားရှုကို အနုပညာလောကမှသာမက တရုတ်ပြည်မှ နှင်ထုတ်နိုင်ရန်အတွက် အချို့လူများသည် သူ့ကို တမင်တကာ နာမည်ဖျက်ရန် အားသွန်ခွန်စိုက် ကြိုးစားလိုက်ကြပြီး အချိန်တိုအတွင်းမှာပင် ရေတပ်အင်အားအများအပြားကိုပါ ငှားရမ်းလိုက်ကြသည်။ ငွေအားလူအား အမြောက်အများ အသုံးပြုထားသည့်အတွက် မကောင်းစကားတစ်ခွန်းစီကပင်လျှင် နိုင်ငံ၏ စာရိတ္တစံချိန်စံနှုန်းများနှင့် ကိုက်ညီနေရာ ဤဖြစ်ရပ်မှာ အလွန်ဆိုးဆိုးဝါးဝါး နာမည်ကြီးထွားလာခဲ့တော့သည်။ 


ရှောင်ကျားရှု၏ အခြေအနေကို အကျဉ်းချုပ်ပြရပါလျှင် "အင်တာနက်တစ်ခွင်ကို မကောင်းသတင်းများဖြင့် ပြည့်နှက်စေသူ" ဟု ပြောရပေလိမ့်မည်။ တစ်ညတာ ကုန်ဆုံးပြီးနောက်တွင်တော့ သူသည် နိုင်ငံတော်အဆင့် စာရိတ္တချို့ယွင်းသူဘဝသို့ ကျရောက်သွားတော့သည်။ ကျိကွမ် entertainment နှင့် ချန်းယွဲ့ဟော်တယ်တို့၏ လုပ်ရပ်များက လူထု၏ ဝေဖန်ခွဲခြားနိုင်စွမ်းကို မျက်ကန်းတစ္ဆေအဖြစ်အထိ တွန်းပို့နိုင်ခဲ့တော့သည်။ 


ပါဝင်ပတ်သက်နေသူများက တစ်ယောက်ပြီးတစ်ယောက် သတင်းစာရှင်းလင်းပွဲ ကျင်းပလာကြပြီး ဦးစွာ ပထမ လီကျားအာ၏ ရင်နင့်ဖွယ်ဖြစ်ရပ်၊ ထို့နောက် ရွမ်လင်ယီ၏ ထောက်ခံချက်ကို ကြားဖြတ်ယူလိုက်မှုတို့ကြောင့် ရှောင်ကျားရှုမှာ ရှေ့ဆက်တိုးရန် လမ်းမရှိတော့။ လူတိုင်းက သူ့တုန့်ပြန်မှုကို စောင့်ဆိုင်းနေကြရာ သတင်းစာရှင်းလင်းပွဲ ကျင်းပမည်ဟု သိလိုက်ရသည်နှင့်တစ်ပြိုင်နက် တိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်းတိုင်းတွင် ကြည့်ရှုသူများဖြင့် ပြည့်နှက်သွားတော့သည်။ 


ယခုအချိန်တွင် ကျိကွမ်မှ အနုပညာရှင်များအားလုံး စုစည်းကာ အောင်ပွဲခံရန် ပြင်ဆင်နေကြသည်။ ရွမ်လင်ယီမှာ ကျိကွမ်၏ ထိပ်သီးမင်းသမီးတစ်လက်ဖြစ်ရာ ချန်းယွဲ့ဟော်တယ်၏ ထောက်ခံချက်ကို လုယူနိုင်ရန်အတွက် ကုမ္ပဏီရှိ အနုပညာရှင်များက သူတို့ဘော့စ် ညွှန်ကြားသည့်အတိုင်း ရှောင်ကျားရှုကို ဝိုင်းဝန်းတိုက်ခိုက်လိုက်ကြတော့သည်။ အများထက် သတ္တိထူးလှသူ လီကျားအာမှာမူ ရှောင်ကျားရှုကို သေသည်အထိ တွန်းပို့နိုင်စေရန်အလို့ငှာ သူမ၏ စက်ဆုပ်ရွံရှာဖွယ် လှည့်ကွက်ကိုပါ ထုတ်သုံးလာခဲ့သေးသည်။ 


သတင်းစာရှင်းလင်းပွဲအပြီး နားနေခန်းသို့ ပြန်လာချိန်တွင် သူမ၏ မျက်နှာတစ်ခုလုံး နီရဲကာ မျက်လုံးတို့ ဖောင်းအစ်နေသော်ငြား အကြည့်တို့မှာမူ ဆုံးဖြတ်ချက် ပြတ်သားနေဟန် အပြည့်ပင်။ သူမနှင့် တစ်ချိန်တည်း ပွဲဦးထွက်ခဲ့ကြသူများအားလုံးက သူမကို သူရဲကောင်းတစ်ဦးနှယ် သိမ်းကြုံးပွေ့ဖက်လိုက်ကြသည်။ 


"တော်လိုက်တာ ..." 


"လူတိုင်းက မင်းကို အားပေးနေတယ်နော် ..." 


"အတိတ်က အတိတ်ပဲ အခု မင်းမှာ ပိုပြီးကောင်းတဲ့ မနက်ဖြန်တွေ ရှိနေပြီနော် ..." 


"အဲဒီ့ခွေးကောင်က သေချာပေါက် အပြစ်ပေးခံရတော့မှာပါ ..." 


လူတိုင်းက အပေါ်ယံတွင်မူ သူမကို စိတ်ပါလက်ပါ နှစ်သိမ့်ပေးနေကြသော်ငြား သူတို့၏ စိတ်ထဲရှိ အတွေးတို့ကိုမူ မည်သူမှ မသိနိုင်ချေ။ 


လီကျားအာက ကံကောင်းလိုက်တာ ကျောက်ဆောင်နဲ့ ရိုက်မိပြီး အောက်ခြေအထိ ပြုတ်ကျသွားတာတောင် ရှောင်ကျားရှုကို ခုတုံးလုပ်ပြီး ပြန်တက်လာနိုင်သေးတယ် မုဒိန်းကျင့်ခံရတော့ရော ဘာဖြစ်လဲ နာမည်သာကြီးသွားရင် သူမအတွက် ဘောက်ဆူးသဘောမျိုးတောင် ဖြစ်သွားသေးတယ် အခုဆို လူတိုင်းက ဒီလိုလူမျိုးကိုတောင် ပိုသဘောကျလာကြသေးတယ် အင်အားကြီးတဲ့သူကို မကြောက်၊ ကိုယ့်ကိုယ်ကို အားကိုးတတ်တဲ့သူမျိုးလေ ... 


"‌ကျေးဇူးပါ အားလုံးကို ကျေးဇူးပါ ..." 


သူမက ကျေးဇူးတင်စိတ်အပြည့်ဖြင့် လူရှင်းသည့် ထောင့်တစ်ထောင့်တွင် ထိုင်ကာ ခေါင်းကိုငုံ့လျက် မျက်ရည်သုတ်ဟန်ဆောင်ရင်း ခိုးရယ်လိုက်သည်။ 


တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဒီလိုနေ့မျိုး ရောက်လာမယ်လို့ သိသားပဲ ရှောင်ကျားရှု နင်ဘယ်လောက်ရူးရူး ရွမ်လင်ယီထက်တော့ ရူးနိုင်မှာတဲ့လား သူမရဲ့နောက်မှာ ရှောင်ဆေးဝါးလုပ်ငန်းစုရဲ့ စတုတ္ထသခင်လေး တစ်ယောက်လုံး ရှိနေတာလေ ... 


မျက်လုံးနှစ်ဖက်လုံး ရဲရဲနီလာစေရန် တမင်တကာ ပွတ်သပ်လိုက်ပြီးကာမှ တီဗီကို ငေးကြည့်လိုက်သည်။ လေးနာရီ ထိုးနေပြီဖြစ်သည့်အတွက် ရွမ်လင်ယီ၏ စာချုပ်ချုပ်သည့်ပွဲ စတင်တော့မည်ဖြစ်သည်။ 


ထောက်ခံချက်တစ်ခုအတွက် တစ်နှစ်ကို ယွမ်လေးဆယ့်ငါးသန်းတဲ့ အဆုံးသတ်မှာ ဘယ်သူက ဒါကို ပိုင်ဆိုင်နိုင်မှာလဲ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ငါလည်း ဒီလိုနေ့ရက်မျိုး ပိုင်ဆိုင်လာနိုင်ရင် ... 


စိတ်ကူးယဉ်မှုကြား နစ်မြောနေစဉ် ရှောင်မိသားစု၏ ခေါင်းဆောင်အစစ်အမှန် ရောက်လာကာ နေရာတွင်ပင် ဗုံးအကြီးကြီးတစ်လုံး ကျဲချလိုက်သည့်အတွက် အခြေအနေအားလုံး ကပြောင်းကပြန် ဖြစ်သွားတော့သည်။ 


ရှောင်ကျားရှုက သူ့ညီအရင်းတဲ့လား ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ရှောင်မျိုးဆက်တွေအားလုံးကို နာမည်မှာ "တင်း" ထည့်ထားတာဆို ရှောင်ကျားရှုက ဘာလို့ ... 


အခြေအနေအားလုံး ရုတ်ချည်း ပြောင်းလဲသွားသည့်အပြင် ရွမ်လင်ယီကလည်း ရှောင်တင်းပန်း၏ အသိအမှတ်ပြုခြင်းကို မခံရဘဲ ခန်းမအပြင်ဘက်သို့ ဆွဲထုတ်ခံလိုက်ရတော့သည်။ တဆတ်ဆတ် တုန်ရီနေသော နောက်ကျောပြင်နှင့်အတူ တစ်လှမ်းချင်း ပြန်ထွက်လာရသည့် ခြေလှမ်းများမှာ သူမ၏ အသက်မွေးဝမ်းကျောင်း အဆုံးသတ်သွားပြီဟု ဖော်ပြနေသယောင်။ ရှောင်အုပ်စု၏ ထောက်ခံချက်ကို လုယူရန် ညစ်ပတ်သည့် လှည့်ကွက်များ သုံးခဲ့သည့်အတွက်အရှက်တကွဲ အကျိုးနည်းရသည့်အပြင် ထောင်ထဲသို့ပါ အလည်သွားရ‌နိုင်ကြောင်း အားလုံး သိသွားကြတော့သည်။ 


ခန်းမတစ်ခုလုံး အပ်ကျသံပင် ကြားရမတတ် အသံတိတ်သွားပြီး အနုပညာရှင်များကလည်း ကြောက်အားလန့်အားဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ နောက်တစ်မိနစ်အတွင်း သူတို့၏ မန်နေဂျာများက ဆက်သွယ်လာကာ ပါးစပ်ပိတ်ထားရန်နှင့် တင်ထားသမျှ ပို့စ်အားလုံကို ဖျက်ပစ်ရန် ညွှန်ကြားလာကြတော့သည်။ 


ထိုအလှည့်အပြောင်းကြောင့် ကြောင်အနေရရှာသူ လီကျားအာမှာ လမ်းဆုံးသွားချေပြီ။ တစ်ဖက်မှ တန်ပြန်တိုက်ကွက်များမှာ ပို၍ပင် ဆိုးဝါးလှသည်။ တစ်ခေတ်တစ်ခါက အာရှတိုက်၏ နတ်ဘုရားမ ‌ရွှယ်မြောင်သည် ရှောင်ကျားရှု၏ မိခင် ဖြစ်နေသည့်အပြင် နှစ် ၂၀ ကြာပြီးကာမှ အများအရှေ့သို့ ပထမဆုံးအကြိမ် ပြန်လည်ထွက်ပေါ်လာခြင်းမှာလည်း သားဖြစ်သူ၏ သတင်းမှားများကို ကူညီရှင်းလင်းပေးရန်ပင်ဖြစ်သည်။ 


သူမတွင် သက်သေရှိသည် မရှိသည်ကို မဆိုထားနှင့်၊ သူမ ထွက်ပေါ်လာသည်ကပင်လျှင် ပရိသတ်များအဖို့ ရူးသွပ်လောက်ဖွယ်ရာ ဖြစ်နေတော့သည်။ ရုတ်ချည်း ရူးသွပ်သွားသည့်နှယ် သည်းသည်းမည်းမည်း အော်ဟစ်လိုက်ကြတော့သည်။ 


နတ်ဘုရားမရေ ဆက်မပြောပါနဲ့တော့ ငါတို့တွေ ရှောင်ကျားရှုကို ဒီတိုင်းပဲ ခွင့်လွှတ်လိုက်လို့ မရဘူးလား သူမက မင်းရဲ့သားဆိုတော့ သေချာပေါက် လူကောင်းတစ်ယောက်ပဲ ဖြစ်ရမယ် ... 


လီကျားအာ၏ နှလုံးသားတစ်ခုလုံး အေးခဲသွားကာ မှတ်ချက်များကို မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်နေလိုက်သည်။ 


ရွှယ်မြောင်ရဲ့ လွှမ်းမိုးနိုင်စွမ်းကကို သက်သေတစ်ခုလိုပဲ ပိုပြီး ကြောက်စရာကောင်းတာက ဘာလဲသိလား သူမမှာ သက်သေတွေ အများကြီး ရှိနေတယ်ဆိုတဲ့ အချက်ပဲ ... 


အသံဖိုင်ကို ဖွင့်ပြလိုက်ချိန်တွင်တော့ သူမ၏ မျက်လုံးထဲတွင် သွေးနီရောင်စာလုံးနှစ်လုံးသာ မြင်ယောင်လိုက်မိတော့သည်။ 


"သွားပြီ" 


လီကျားအာသည် သူမ၏ တမူထူးခြားလှသည့် အသံကြောင့် အဆိုပြိုင်ပွဲတွင် အနိုင်ရခဲ့ခြင်းဖြစ်သည်။ သူမ၏ အသံမှာ အခြားမိန်းကလေးများကဲ့သို့ ချိုမြကြည်လင်မနေ၊ သတ္ထုချောင်းများ အချင်းချင်း ရိုက်ခတ်လိုက်သည့်နှယ် ဩရှကာ အေးစက်နေသည့်အတွက် တစ်ခါကြားဖူးလျှင် တစ်သက် မမေ့လောက်စရာပင်။ ထို့ကြောင့်လည်း အသံဖိုင်ထွက်လာသည်နှင့်တစ်ပြိုင်နက် ထိုအသံမှာ အစစ်ဟုတ်မဟုတ် အားလုံး သိရှိသွားကြခြင်းဖြစ်သည်။ 


သူမက ဟဲရီကို သူမ မည်မျှအထိ စရိုက်ဆန်လှကြောင်းနှင့် သူ့ကို အရူးတစ်ယောက်ကဲ့သို့ သဘောထား‌ခဲ့ကြောင်း တမင်တကာ ပြောပြကာ မခံချင်အောင် ရန်စခဲ့သည်။ အများပြည်သူရှေ့တွင် ထုတ်မပြခဲ့သည့် ထိုမုဒိန်းမှုနောက်ကွယ်က အမှန်တရားကိုပါ အလွန်အမင်း ရက်စက်ကြမ်းကြုတ်ကာ အရှက်ကင်းမဲ့သည့် နည်းလမ်းမျိုးဖြင့် ပြောပြခဲ့သည်။ ဟဲရီမှာ ဒေါသထွက်လွန်း၍ စကားတစ်ခွန်းမှပင် မပြောနိုင်။ တစ်လျှောက်လုံး ကမောက်ကမ ဖြစ်နေသည့် အသက်ရှူသံပြင်းပြင်းတို့ကိုသာ ကြားနေရသည်။ ထို့နောက် တစ်ခုခု ပေါက်ကွဲသွားသည့်နှယ် ဘန်းခနဲ အသံအကျယ်ကြီးတစ်ခု ထွက်လာကာ အသံဖိုင်မှာလည်း ပြတ်တောင်းပြတ်တောင်းသာ ကြားရတော့သည်။ 


Xxxxxxx