အပိုင်း ၇၄
Viewers 43k

Chapter 74


သူတို့ ဘာတွေ လုပ်ခဲ့မိတာလဲ ကိုယ့်လက်ထဲ ရောက်တော့မယ့် ဇာတ်ကောင်နေရာကိုတောင် လက်လွှတ်လိုက်ရတော့မလို့ ... 


"ရေတပ်တွေ ထပ်ငှားဖို့ PR ဌာနကို ညွှန်ကြားပြီးပြီ သူတို့က မင်းကို မဲပေးတဲ့နေရာမှာ အပြတ်အသက် နိုင်သွားအောင် လုပ်ပေးလိမ့်မယ် ဒါပေမယ့် အင်တာနက်သုံးစွဲသူတွေ ယုံတာ မယုံတာကတော့ ငါလည်း မထိန်းချုပ်နိုင်ဘူး ရိုက်ကူးရေး အစပိုင်းကတည်းက ချောချောမွေ့မွေ့ မဖြစ်တဲ့အပြင် ရိုက်ကူးရေးတောင် မစရသေးဘူး ဇာတ်လိုက်နေရာက အပြောင်းအလဲ ဖြစ်နေပြီ မင်းတို့နှစ်ယောက် ဘာရော ဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်ခဲ့လဲ ..." 


ကျိမြန်က သူတို့စကားကိုပင် နားမထောင်၊ လကကိုသာ အသာယမ်းပြလိုက်တော့သည်။ 


"သွား သွား ပြန်ပြီးတော့ပဲ ဇာတ်ညွှန်းကို သေချာဖတ်နေတော့ ဇာတ်ကောင်ကို မရှုပ်ထွေးစေနဲ့ မဟုတ်ရင် အနာဂတ်မှာ တစ်ခြားတစ်ယောက်က ဒီကိစ္စကို ပြန်အစဖော်လာလိမ့်မယ် ..." 


သူ့စကားများမှာ အမှန်ပင်ဖြစ်သည်။ လင်းလဲ့ယန်သာ ပရိသတ်စိတ်တိုင်းကျ မဖြစ်ခဲ့ပါလျှင် ယနေ့မဲရလဒ်များကို တစ်ဖန် အစပြန်ဖော်လာလိမ့်ဦးမည်ဖြစ်ပြီး ရိုက်ကူးရေးအဖွဲ့အတွင်း၌ပင်လျှင် ခွဲခြားမှုများ ရှိလာနိုင်ပေသည်။ ဝမ်းသာအားရ လှောင်ပြောင်ထေ့ငေ့ါကြမည့်သူများလည်း အများအပြား ရှိလာဦးမည်ဖြစ်သည်။ 


"ဟေး ကြည့်ပါဦး မင်းတို့တွေ ရှောင်ကျားရှုကိုပဲ ရွေးခဲ့သင့်တာ အခုတော့ ရှုပ်ထွေးကုန်ပြီ မဟုတ်လား" 


ထို့အပြင် လင်းလဲ့ယန်က ကောင်းကောင်းမွန်မွန် သရုပ်ဆောင်နိုင်ခဲ့ပါလျှင်လည်း ဤသို့ ပြောကြလိမ့်ဦးမည်ဖြစ်သည်။ 


"ရှောင်ကျားရှုကိုသာ ဇာတ်လိုက်နေရာ ပေးလိုက်ရင် ဒီ့ထက်တောင် ကောင်းကောင်းသရုပ်ဆောင်ပြနိုင်လိမ့်ဦးမယ် " 


သရုပ်ဆောင်ကောင်းပါလျှင် သာမန်မျှသာ ဖြစ်သော်လည်း မကောင်းလျှင်မူ ပရိသတ်က လုံးဝ လက်သင့်ခံမည် မဟုတ်ချေ။ 


လဲ့ယန်က ဖိအားများနေတယ်လို့ ပြောဦးမှာလား ဒါက ကိုယ့်ကိုယ်ကို မြှပ်နှံဖို့ တွင်းတူးမိသလိုပဲကွ ... 


ချိန်ဖမ်းရှင်းမှာ အူများပင် စိမ်းပုတ်လာသည်အထိ နောင်တရလာတော့သည်။ သူက တိုးလျှိုးတောင်းပန်လိုဟန်ဖြင့် လင်းလဲ့ယန်ကို ဆက်တိုက် စိုက်ကြည့်နေသော်ငြား လင်းလဲ့ယန်ကမူ ခေါင်းငိုက်စိုက်ချလျက် မြေကြီးပေါ်သာ‌ ငေးကြည့်နေသည်။ သူ မည်သည်ကို တွေးနေသလဲတော့ မည်သူမှ မသိနိုင်ချေ။ 


ချိန်ဖမ်းရှင်းကို စိတ်တိုလားဆို တိုတာပေါ့ ဒါပေမယ့် ဒီဇာတ်ကောင်ကို စိတ်ပါလက်ပါနဲ့ သရုပ်ဆောင်ရုံကလွဲလို့ ရွေးစရာမှ မရှိတော့တာ ... 


"ကျိကော တောင်းပန်ပါတယ် ကောကို ဒုက္ခပေးမိသလို ဖြစ်သွားပြီ ..." 


သူက ခေါင်းပြန်မော့ကာ နီရဲနေသော မျက်ဝန်းများနှင့်အတူ တောင်းပန်လိုက်သည်။ 


"စိတ်အေးလက်အေးနဲ့သာ ရုပ်ရှင်ရိုက်ဖို့ လုပ်တော့ ဒီလိုကိစ္စမျိုး ထပ်ဖြစ်မလာစေနဲ့ ..." 


ကျိမြန်က ပထမဆုံးအကြိမ် ဤကဲ့သို့ ပြောဖူးခြင်းဖြစ်သည်။ 


"နားလည်ပါပြီ ..." 


လင်းလဲ့ယန်က ထိုနေရာတွင် ဆက်ပြီး ရပ်နေသေးသော်ငြား ကျိမြန်က ဘာမှ ပြောမလာတော့သည့်အတွက် ရှက်အားတကြီးဖြင့် ထွက်သွားလိုက်ရတော့သည်။ 


ကျိကောက သူနဲ့ စကားပြောဆိုရမှာကို တစ်ဖြည်းဖြည်း စိတ်မပါတော့သလို ခံစားနေရတယ် သူ့စိတ်ကပဲ အတွေးလွန်နေတာလား ... 


PR ဌာနမှာ တစ်နေ့ခင်းလုံး လူထုအမြင်ကို ကိုင်‌တွယ်ရင်း အလုပ်များနေခဲ့ပြီး အလုပ်ဆင်းတော့မည် ပြုစဉ်မှာပင် နောက်ထပ် ဗုံးအကြီးကြီးတစ်လုံးကို မျက်မြင်ကြုံတွေ့လိုက်ရပြန်တော့သည်။ အကြီးစား marketing account တစ်ခုက သူတို့တွင် ကျိမြန်၏ လျှို့ဝှက်ချက်တစ်ခု ရှိနေသည်ဟု အကြောင်းကြားလာသည်။ ပေးပို့သူက လင်းလဲ့ယန်နှင့် ကျိမြန်တို့မှာ ဂေးများ ဖြစ်ကြောင်းကို နှစ်ဦးသား ပူးပူးကပ်ကပ် ရိုက်ထားသည့် ဓာတ်ပုံများ၊ စာပို့မှတ်တမ်းများနှင့်တကွ အခိုင်အမာပြောလာပြီး သူ့ကို ယွမ်ငါးသန်း ပေးရမည်ဟုပါ တောင်းဆိုလာသည့်အတွက် ထိုအကြောင်းကို သိသိချင်း marketing account က ကွမ်ရှီစတူဒီယိုကို အကြောင်းကြားလာခြင်းဖြစ်သည်။ အမှန်စင်စစ်တွင် ထို account မှာ ကွမ်ရှီက ပရိုမိုးရှင်းဆင်းရန် အလို့ငှာ စီစဉ်ထားသည့် account တစ်ခုသာ ဖြစ်သည့်အတွက် ကွမ်ရှီလက်အောက်ခံ channel ဟုပင် ဆိုနိုင်ပေသည်။ 


ဖန်ခွင်းမှာ ထိုကိစ္စများကြောင့် ရူးလိုစိတ်ပင် ပေါက်သွားတော့သည်။ ဓာတ်ပုံနှင့် စာပို့ထားသည့် မှတ်တမ်းများကို တွေ့လိုက်ရချိန်တွင် ဒေါသထွက်လွန်း၍ မီးခိုးငွေ့များပင် ထွက်ပေါ်လာတော့မယောင်။ 


ဒီ‌ေ_ာက်ရေးမပါတဲ့ ဟာတွေက ပါပါရာဇီတွေ ရိုက်ယူလို့ ရတဲ့ဟာ လုံးဝ မဟုတ်ဘူး ကျိမြန် ဒါမှမဟုတ် လင်းလဲ့ယန် တစ်ယောက်ယောက်ရဲ့ ဖုန်းထဲက ရလာတာပဲ ဒီလောက် မျက်နှာကြီးနှစ်ခုကို ကပ်ထားပြီး ပြုံးပြုံးကြီး ရိုက်ထားတဲ့ ဓာတ်ပုံက မင်းတို့ကြီးတော်ကြီးပဲ ခိုးရိုက်ထားတာ ဖြစ်နေ ...


ကျိမြန်က ဓာတ်ပုံများကို အချိန်အတော်ကြာ စိုက်ကြည့်နေလိုက်သည်။ သူ့ပုံစံမှာ အတော်လေး တည်ငြိမ်နေဟန်ပင်။ သူ့တွင် ဓာတ်ပုံရိုက်ထားတတ်သည့်အကျင့် မရှိသည့်အတွက် သူ့ဖုန်းထဲတွင် ပြီးခဲ့သည့်နှစ်များအတွင်း လင်းလဲ့ယန်၏ ဓာတ်ပုံအချို့ကို သိမ်းထားသည်မှလွဲ၍ နှစ်ယောက်တွဲပုံ တစ်ပုံမှ မရှိပေ။ ထို့ကြောင့် ဤပုံများမှာ သူ့ဖုန်းထဲမှ ထွက်လာခြင်း လုံးဝ မဟုတ်နိုင်။ 


"လဲ့ယန်နဲ့ ချိန်ဖမ်းရှင်းကို လှမ်းခေါ်လိုက် ..." 


သူက များစွာ အလေးမထားဟန်ဖြင့် ပြောလိုက်သည်။ 


"အဆင်ပြေရဲ့လား ..." 


ဖန်ခွင်းက သူ့ကို စိုးရိမ်တကြီး မေးလိုက်သည်။ 


"အဆင်ပြေပါတယ် ..." 


သူ့အမူအယာမှာ စိုးစဉ်းမျှပင် ပြောင်းလဲမသွား။ 


အဆင်ပြေကြောင်း အတည်ပြုပြီးကာမှ ဖန်ခွင်းက လင်းလဲ့ယန်နှင့် ချိန်ဖမ်းရှင်းတို့ကို လှမ်းခေါ်လိုက်သည်။ 


"မင်းမှာ ဒီဓာတ်ပုံတွေ ရှိလား..." 


ကျိမြန်က ဓာတ်ပုံများကို လင်းလဲ့ယန်အရှေ့သို့ တွန်းပို့လိုက်သည်။ ဓာတ်ပုံထဲရှိ လူနှစ်ဦးမှာ မသင့်လျော်သည့် အပြုအမူမျိုး လုပ်နေခြင်းမဟုတ်၊ အမျိုးသားများအကြား လုပ်လေ့လုပ်ထရှိသည့်အတိုင်း ပုခုံးကိုသာ ဖက်ထားခြင်း ဖြစ်သော်လည်း ဆင်တူအင်္ကျီ ဝတ်ထားပြီး အဓိပ္ပါယ်လွဲမှား‌စေနိုင်သည့် အမူအယာမျိုး လုပ်ထားသည့် ဓာတ်ပုံတစ်ပုံလည်း ပါဝင်နေသေးသည်။ ထိုဓာတ်ပုံသာ ပြင်ပသို့ ပျံ့နှံ့သွားပါလျှင် သံသယဝင်မှုတို့ ကြီးထွားလာမည်ဖြစ်သည်။ 


လင်းလဲ့ယန်မှာ ဘာကြောင့် ဤသို့ အမေးခံရမှန်း မသိသေးသော်ငြား ဂရုတစိုက် ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။ 


"ဒါတွေက ကျွန်တော် ရိုက်ထားတာတွေပါ ကျိကော ဘာဖြစ်လို့ ဒါတွေကို print ထုတ်ထားတာလဲ နေပါဦး မဟုတ်သေးဘူး ကောကို ဒါတွေမှ မပို့ဖူးဘဲနဲ့ ဘယ်ကနေ ဘယ်လို ရလာတာလဲ ..." 


"ခဏနေရင် သိလိမ့်မယ် ..." 


ကျိမြန်က ဖန်ခွင်းကို မေးဆတ်ပြလိုက်သည်။ 


"ငါ့ကို ဆေးလိပ်တစ်လိပ်လောက် ပေးဦး ..." 


ဖန်ခွင်းက ဆေးလိပ်ကို မီးညှိကာ သူ့ကို ကမ်းပေးလိုက်သည်။ ထို့နောက် သူ့အတွက်ပါ တစ်လိပ် မီးညှိလိုက်သည်။ သူသည် ငါးနှစ်ကြာ ဆေးလိပ်ဖြတ်ထားခဲ့သူဖြစ်၏။ 


လင်းလဲ့ယန်မှာ တစ်ဖြည်းဖြည်း စိတ်ပူပန်လာရတော့၏။ သူသည် ကျိမြန်နှင့် များစွာ အချိန်ကုန်‌ဆုံးဖူးရာ လွင့်ထွက်နေသော ဖိအားတို့ကို မခံစားမိစရာအကြောင်း မရှိပေ။ သူ့အမူအယာမှာ ညင်သာကာ လှုပ်ရှားမှုတို့မှာ တည်ငြိမ်နေသည့်တိုင် မျက်ဆံတို့မှာမူ အလင်းရောင် မရှိ၊ လုံးဝဥဿုံ အမှောင်ဖုံးနှင့်နေပြီဖြစ်သည်။ 


"ဘာလို့ ကွမ်ရှီကို ခေါ်လာတာလဲ ငွေပေးမှာလား မပေးဘူးလား ..." 


ရင်းနှီးနေသည့် အသံတစ်ခုကို တံခါးအပြင်ဘက်မှ ကြားလိုက်ရသည်။ တစ်ခဏအကြာတွင်တော့ ချိန်ဖမ်းယွီကို စိုးရိမ်နေဟန် မျက်နှာထားနှင့် လူသန်ကြီးနှစ်ဦးက ရုံးခန်းထဲ ဆွဲခေါ်လာသည်။ လင်းလဲ့ယန်နှင့် ချိန်ဖမ်းရှင်းကို မြင်လိုက်သည့်အခါ သူမက အနည်းငယ် စိတ်အေးသွားသော်ငြား ကျိမြန်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် မျက်နှာတစ်ခုလုံး ရုတ်ချည်း ဖြူလျော်သွားတော့သည်။ 


"အ ... အစ်ကိုကြီး ... ရှင်တို့တွေ အကုန်လုံး သိသွားကြပြီလား ..." 


သူမက ရုန်းကန်နေခြင်းကို ရပ်တန့်ကာ လင်းလဲ့ယန်နောက်သို့ ဝင်ပုန်းနေလိုက်တော့သည်။ အစ်ကိုအရင်းဖြစ်သူက သူမကို ကာကွယ်မပေးနိုင်။ လင်းလဲ့ယန်ကသာလျှင် ကျိမြန်၏ ဒေါသတို့ကို လွင့်စင်ပပျောက်စေနိုင်မည်ဖြစ်သည်။ 


သိတယ် ဘာကြီးလဲ ... 


လင်းလဲ့ယန်နှင့် ချိန်ဖမ်းရှင်းတို့ အကြည့်ချင်း ဆုံသွားကြတော့သည်။ နှစ်ဦးလုံး၏ မျက်နှာမှာလည်း ဝေခွဲမရမှုတို့ ပြည့်နှက်နေသည်။ 


ကျိမြန်က ခပ်ဖြည်းဖြည်း မေးလိုက်သည်။ 


"ဒီရက်ပိုင်းထဲ သူမက မင်းဘေးနားမှာ ရှိနေခဲ့သေးလား ..." 


"ဟုတ်ကဲ့ အာ ရှောင်ယွီက အိမ်မှာ နေရတာ ပျင်းတယ်လို့ ပြောလို့ သူမကို အပြင်ခေါ်လာလိုက်တာ ဒါအတွက် လစာမယူပါဘူးတဲ့ ..." 


လင်းလဲ့ယန်မှာ ပြင်းထန်လှသည့် ကြောက်ရွံ့စိတ်ကို ခံစားမိလာသည့်အတွက် အင်္ကျီစကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။ 


"သူမက မင်းဖုန်း‌ထဲကနေ ဒီပုံတွေကို ခိုးသွားတယ် စာပို့ထားတာတွေကိုရောပဲ ပြီးတော့ ငါ့လက်အောက်က channel တစ်ခုကို ယွမ်ငါးသန်းနဲ့ လာရောင်းတယ် တစ်ခြား account တစ်ခုကိုသာ သွားရောင်းခဲ့မိရင် ဒီသတင်းက အခုအချိန်လောက်ဆို ပွထနေလောက်ပြီ ဒါမှမဟုတ် သူရောင်းလိုက်တဲ့သူက ငါ့ကို ဆယ်သန်း ဒါမှမဟုတ် ဒီထက်ပိုပြီးလည်း ဈေးမြှင့်ပြီး လာရောင်းချင်ရောင်းနေမှာ လဲ့ယန် မင်း ဒီကိစ္စကို ဘယ်လိုကိုင်တွယ်မလဲ ..." 


ကျိမြန်၏ လေသံမှာ သူစိမ်းတစ်ယောက်အကြောင်း ပြောနေသည့်ဟန် အလွန်တည်ငြိမ်နေပေသည်။ 


လင်းလဲ့ယန်၏ ဦးနှောက်တစ်ခုလုံး ချာချာလည်လာကာ ဘာကိုမှ မစဉ်းစားနိုင်တော့။ သူ့အစား ချိန်ဖမ်းရှင်းက အံကို တင်းတင်းကြိတ်လျက် အော်ဟစ်လိုက်သည်။ 


"နင်က လဲ့ယန်ရဲ့ ဓာတ်ပုံနဲ့ စာပို့ထားတဲ့ မှတ်တမ်းတွေကို ခိုးထားတယ် ဟုတ်လား ဘာလို့ ဒီလိုမျိုး လုပ်ခဲ့တာလဲ ဟင် ပိုက်ဆံ ဒီလောက်တောင် လိုနေတာလား ..."


ချိန်ဖမ်းယွီက ငိုကြီးချက်မဖြင့် ရှင်းပြလာသည်။ "တမန်တော်" ကို ရိုက်ကူးစဉ်အတွင်း သူမသည် ရိုက်ကွင်းထဲရှိ ဇာတ်ရန်အချို့နှင့် သိကျွမ်းခဲ့သည်။ ထိုသူများ၏ ကိုယ်ပိုင်ဘဝမှာ ရှုပ်ထွေးပွေလီကာ အကျင့်စာရိတ္တ ချို့ယွင်းလှပြီး နေ့ရှိသရွေ့ မည်သို့မည်ပုံ ဖြုန်းတီးကာ သောက်စားပျော်ပါး ပြဿနာရှာရမလဲကိုသာ တွေးနေတတ်သည့် လူစားမျိုး ဖြစ်သည်။ ငွေကို မည်မျှပင် ခက်ခက်ခဲခဲ ရှာထားရပါစေ မနက်ဖြန်မရှိသည့်နှယ် အကြွင်းမဲ့ သုံးဖြုန်းပစ်ကြသည်။ ချိန်ဖမ်းယွီမှာ စိတ်ကူးယဉ်ဆန်ကာ အသိဉာဏ်နုံနဲသည့်အတွက် ထိုသူများ၏ လွှမ်းမိုးမှုကို အလွယ်တကူ ခံလိုက်ရပြီး "ဒီနေ့ ဝိုင်ရှိလို့ ဒီနေ့မူးအောင်သောက်မယ်" ဟူသည့် လူစားမျိုး ဖြစ်လာတော့သည်။ ချိန်ဖမ်းရှင်းထံမှ ငွေစအချို့ စတင်ခိုးယူလာကာ ခိုးယူ၍ မရသည့်အခါ ထိုသူများ၏ စကားကို နား‌ယောင်ကာ အင်တာနက်ပေါ်မှ ငွေချေးလိုက်တော့သည်။ ထိုသည်သာမက အကြွေးဝယ်ကတ်ပေါင်းများစွာကိုပါ လျှောက်ထားခဲ့ရင်း တစ်ဖြည်းဖြည်း ‌ယွမ်တစ်သန်းထက်မနည်း အကြွေးတင်လာတော့သည်။ 


အွန်လိုင်းပေါ်မှ ငွေချေးပေးသူများကလည်း သူမကို အဆက်မပြတ် ဖုန်းခေါ်လာကာ စတင်ငွေချေးခဲ့စဉ်က သူမကိုယ်တိုင် ရိုက်ပေးခဲ့သည့် ကိုယ်လုံးတီးပုံများကို ဖြန့်ပစ်မည်ဟုပင် ခြိမ်းခြောက်လာသည့်အတွက် ထိုဓာတ်ပုံများနှင့် စာပို့မှတ်တမ်းများကို ခိုးယူခဲ့ခြင်း ဖြစ်ပေသည်။ 


သူမက လင်းလဲ့ယန်၏ ခြေအစုံကို ပွေ့ဖက်လျက် ခေါင်းကို အသည်းအသန် ခါယမ်းရင်း အသနားခံလိုက်သည်။ မျက်ရည်နှာရည်တို့ဖြင့် စိုရွှဲနေသည့် မျက်နှာမှာ အလွန် သနားဖွယ်ရာပင်။ 


လင်းလဲ့ယန်မှာလည်း စိတ်ရှုပ်ထွေးနေမိတော့သည်။ 


ဒါကြီးကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ ဘယ်လိုလုပ် သိမှာလဲ ... 


သူက ငိုယိုနေသော ချိန်ဖမ်းယွီကိုတစ်လှည့်၊ အသနားခံနေသော ချိန်ဖမ်းရှင်းတစ်လှည့် ကြည့်ရင်း အံကိုကြိတ်လျက် ပြောလိုက်သည်။ 


"ကျိကော သူတို့ကို ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးလိုက်ပါ ဘာပဲဖြစ်ဖြစ် ဓာတ်ပုံတွေက ကျွန်တော်တို့ ကုမ္ပဏီကိုပဲ ရောက်လာတာဆိုတော့ ဘာမှ မဆုံးရှုံးသွားဘူးလေ ရှောင်ယွီကို စာသေချာလေ့လာနိုင်အောင် ဘော်ဒါဆောင်ကို ပို့လိုက်ပါ့မယ် ဖန်ရှင်းကလည်း သူမကို သေချာစောင့်ကြည့်မှာပါ သူမက ငယ်သေးတော့ အမှားလုပ်မိတယ်ဆိုတာ ဖြစ်တတ်ပါတယ် အရမ်းကြီး ပြင်းပြင်းထန်ထန် ကိုင်တွယ်လို့ မရဘူးလေ ..." 


"မင်းကို သစ္စာဖောက်သွားတာတောင် ခွင့်လွှတ်ချင်သေးတယ်ပေါ့ ..." 


ကျိမြန်က ဆေးလိပ်ငွေ့များအကြားမှ စိုက်ကြည့်ကာ ပြောလိုက်သည်။ 


လင်းလဲ့ယန်မှာ သူ့ကိုပင် ပြန်မကြည့်ရဲတော့။ ခေါင်းကို ငုံ့လျက်သာ ပြောလိုက်‌တော့သည်။ 


"သူမက မချင့်ချိန်တတ်သေးလို့ပါ ..." 


ချိန်ဖမ်းရှင်းက သူ့ညီအစ်ကိုဆိုတော့ ဒီကိစ္စလေးကြောင့်နဲ့ လက်လွတ်လိုက်လို့ မရဘူးလေ ဘာပဲဖြစ်ဖြစ် ဘယ်သူမှလည်း အကြီးအကျယ် မထိခိုက်သွားတဲ့ဟာကို ပြီးတော့ ရှောင်ယွီကိုလည်း တင်းတင်းကြပ်ကြပ် စောင့်ကြည့်တော့မှာ‌ဆိုတော့ စိတ်တိုတယ်ဆိုဦးတောင် ဘာထပ်လုပ်နိုင်ဦးမှာလဲ ... 


"သူမ ချေးထားတဲ့ ပိုက်ဆံတွေကိုရော ..." 


"ကျွန်တော် ကူဆပ်ပေးပါ့မယ် ..." 


လင်းလဲ့ယန်မှာ ယခုအချိန်တွင် အလွယ်တကူ ငွေရှာနိုင်နေပြီ ဖြစ်သည့်အတွက် ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။ သူက ‌ချိန်ဖမ်းယွီကိုပင် ဆူပူလိုက်သေးသည်။ 


"ရှောင်ယွီ အခုအထိ ကျိကောကို မတောင်းပန်သေးဘူးလား ..." 


ချိန်ဖမ်းရှင်းနှင့် ချိန်ဖမ်းယွီတို့ နှစ်ဦးသား အလျင်အမြန် တောင်းပန်လိုက်ကြသည်။ လင်းလဲ့ယန်က သူတို့ကို အာမခံပေးထားသည့်အတွက် ကျိမြန်က ထိုအကြောင်းနှင့် ပတ်သက်၍ ထပ်ပြီး အာရုံစိုက်တော့မည်မဟုတ်ဟု ထင်ထားကြဟန်ပင်။ 


ကျိမြန်က ဆေးလိပ်ကို ကိုင်ထားရင်း မဆိုင်းမတွ ပြောလိုက်သည်။ 


"ငါ ဘယ်လိုကိုင်တွယ်မလဲဆိုတာကို ပြောပြမယ် ပထမအချက်အနေနဲ့ ချိန်ဖမ်းယွီကို ဇာတိပြန်ပို့လိုက် ဒုတိယအချက်က ချိန်ဖမ်းရှင်းကို အလုပ်ဖြုတ် တတိယတစ်ခုအနေနဲ့ ကုမ္ပဏီက သူတို့ရဲ့ အကြွေးတွေကို ကူဆပ်‌ပေးထားမယ် ဒါပေမယ့် သန်းနှစ်ဆယ် IOU ရေးပေးရမယ် သူတို့တွေ စိတ်ပြောင်းသွားရင် ကုမ္ပဏီက ဆပ်ပေးထားရတဲ့ ငွေကြေးကို တရားစွဲပြီး ပြန်တောင်းရအောင်လို့ ဒါမှလည်း နှစ်ဦးနှစ်ဖက် စိတ်အေးရမှာ ကုမ္ပဏီက ဒီပိုက်‌ဆံကို အလကား ဆပ်ပေးလိုက်မှာ မဟုတ်ဘူး လင်းလဲ့ယန်ရဲ့ ဝင်ငွေထဲကနေပဲ တစ်ဖြည်းဖြည်း ပြန်ဖျက်သွားမှာ မကျေနပ်တာရှိလား ..."


"ကျိကော ..." 


လင်းလဲ့ယန်က မယုံနိုင်ဟန် ဖြစ်နေစဉ် ချိန်ဖမ်းရှင်းနှင့် ချိန်ဖမ်းယွီတို့်မှာမူ ဒူးညွတ်ခွေကျမတတ် ထိတ်လန့်နေပေသည်။ 


Xxxxxxxx