အပိုင်း ၁၁၇
Viewers 45k

Chapter 117




ရိုက်ကူးရေး ရပ်တန့်လိုက်သည့် သတင်းမှာ များစွာ အံ့ဩဖွယ်ရာ မကောင်းလှ။ သုံးရက်နှင့် သုံးညတိုင်တိုင် ရိုက်ကူးခဲ့ပြီး ဖြစ်သည့်အပြင် လုံခြုံရေးနှင့် ပတ်သက်သည့် မတော်တဆများလည်း ကြီးကြီးမားမား ဖြစ်ခဲ့သည့်အတွက် ထုတ်လုပ်ရေးအဖွဲ့အနေဖြင့် သရုပ်ဆောင်များကို အလားတူဖြစ်ရပ်မျိုး ထပ်မံ ကြုံတွေ့စေတော့မည် မဟုတ်ချေ။ 


ဦးစွာ ပထမ ရှောင်ကျားရှု၏ ခြေထောက်တို့ စုတ်ပြဲကာ လမ်းတစ်ဝက်တွင်ပင် ရိုက်ကူးရေးမှ နုတ်ထွက်ခဲ့ရသည်။ ထို့နောက်တစ်ဖန် လင်းလဲ့ယန်မှာ လုံခြုံရေးစည်းကမ်းများကို မလိုက်နာသဖြင့် ရေစီးကြောင်းအတိုင်း မျောပါသွားလုမတတ် ကြုံတွေ့ခဲ့ရပေသည်။ ဤအပိုင်းများကို ဒါရိုက်တာက မည်သို့မည်ပုံ ဖြတ်ထုတ်မည်ပင် မခန့်မှန်းတတ်တော့။ "Adventures of the wilderness" ၏ ပထမပိုင်းသာ ရှိသေးသည့်အတွက် ကျေနပ်အားရမှုတို့ ပြည့်စုံနေရမည်ဖြစ်သည်။ 


ဒါရိုက်တာက ကျိမြန်အနား ချဉ်းကပ်ကာ မည်သို့ တည်းဖြတ်သင့်ကြောင်း ဆွေးနွေးလိုက်သည်။ PD က ထူးကဲလှသည့် ရိုက်ချက်တို့ကို မရိုက်ကူးခဲ့၍ မဟုတ်။ ရိုက်ကူးခဲ့သမျှ အများစုမှာ ရုပ်သံလွှင့်ရန် အဆင်မပြေ၍ဖြစ်သည်။ ထို့ကြောင့် ကျိမြန်၏ ခွင့်ပြုချက်ကို လာတောင်းရခြင်း ဖြစ်ပေသည်။ သူသာ သဘောတူပါလျှင် ပရိသတ်၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ရန် ပူပန်နေစရာ မလိုတော့ချေ။ 


ကျိမြန်၏ ဆေးလိပ်ပြာခွက်တစ်ခုလုံး ပြာတို့ဖြင့် ပြည့်နှက်နေကာ တည်းဖြတ်ရေး အခန်းကျဉ်းတစ်ခုလုံးလည်း ဆေးလိပ်မီးခိုးငွေ့တို့ ဖုံးလွှမ်းနေပေသည်။ ဒါရိုက်တာက လက်နှစ်ဖက်ဖြင့် ယပ်ခတ်ကာ မျက်နှာချင်းဆိုင်ရှိ ပြတင်းပေါက်ကို ဖွင့်လျက် သတိကြီးကြီးထားပြီး မေးလိုက်သည်။ 


"မစ္စတာကျိ ကြည့်လို့ပြီးသွားပြီလား ..." 


"နောက်တစ်ခေါက် ပြန်ကြည့်လိုက်ဦးမယ် ..." 


ဆေးလိပ်ကို ပြာခွက်ထဲ ထိုးချေလျက် နက်ရှိုင်းသည့်အသံဖြင့် ပြောလိုက်သည်။ 


"မိုးလေဝသက ဘာပြောလဲ ..." 


"နေ့ခင်းပိုင်းကျလည်း မိုးထပ်ရွာဦးမယ်တဲ့ ရဟတ်ယာဉ်က မနက်ဖြန်မှ ရောက်လာမှာဆိုတော့ ကျွန်တော်တို့တွေ ဒီမှာ တစ်ညထပ်အိပ်ရဦးမှာပါ ..." 


"Hmm ..." 


ကျိမြန်က ဗီဒီယိုကိုသာ နောက်တစ်ကြိမ် ပြန်ရစ်ပြီး အလေးအနက် ကြည့်နေလိုက်သည်။ စခရင်ပေါ်တွင် သူတို့ ကျွန်းပေါ် စရောက်သည့်နေ့ကို ပြသထားသည်။ ရှောင်ကျားရှု၏ တုနှိုင်းမဲ့သည့် မျက်နှာမှာ နေရောင်အောက်တွင် ဝင်းလက်နေကာ လေယာဉ်ပေါ်မှ ခုန်ဆင်းလိုက်သည်။ မည်သူမှ သူ့ကို စောင့်ကြည့်နေခြင်း မရှိဟု ထင်ထားသည့်အတွက် ခေါင်းကိုစောင်းကာ နားနှစ်ဖက်ကို အုပ်လျက် မျက်လုံးတို့ကို လှိမ့်လိုက်ရင်း "ဆူညံလိုက်တာ" ဟူသည့် စကားကို အသံတိတ် ထုတ်ပြောနေသည်။ 


သူ့အမူအယာမှာ အလွန်ပင် ထင်သာမြင်သာ ရှိလွန်းလှသည့်အတွက် ကျိမြန်လည်း ခပ်တိုးတိုး ရယ်မောလိုက်မိတော့သည်။ ထိုအချိန်မှာပင် ပျော်ရွှင်မှု မြစ်တစ်စင်း စီးဆင်းလာသည့်နှယ် အကြည့်မလွှဲချင်စရာ ကောင်းလောက်အောင်ပင် မျက်ဝန်းတစ်ခုလုံး တောက်ပလင်းလက်ကာ ပျော်ရွှင်သည့် အရိပ်အယောင်တို့ ဖုံးလွှမ်းသွားတော့သည်။ သူ၏ အံ့ဩနေသော အမူအယာမှာ လွန်စွာ သိသာထင်ရှား လှပလှ၍ သူ့အကြည့်နောက်သို့ လိုက်ကြည့်မိသော PD မှာ ကျိမြန်ကို မတော်တဆ ရိုက်ကူးမိသွားတော့သည်။ 


ထိုမြင်ကွင်းကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ကျိမြန်က သူပင် သတိမထားမိဘဲ လက်နှစ်ဖက်ကို ဒူးပေါ်တင်ကာ ခပ်မတ်မတ် ထိုင်လိုက်မိတော့သည်။ သူ့ပုံစံမှာ ထိုကလေး၏ မျက်ဝန်းထဲရှိ အဆုံးမရှိသော တွေ့လိုစိတ်၊ ပွေ့ဖက်လိုစိတ်၊ အတူတူရှိနေလိုစိတ်တို့ ပြည့်နှက်နေမှန်း သိဟန်ပေါ်သော်ငြား သူ့ကို ဘေးသို့ တွန်းခဲ့မိတော့သည်။ 


ဆေးလိပ်ဘူးကို တစ်ဖန် လှမ်းယူလိုက်သည့်အခါ တစ်လိပ်မှ မကျန်တော့။ 


လူ့သဘော လူ့မနောကို အင်မတန် ကျွမ်းကျင်လှသည့် ဒါရိုက်တာက သူ့ကိုယ်ပိုင် ဆေးလိပ်ဘူးကို ကမ်းပေးရင်း တီးတိုးအကြံပေးလိုက်သည်။ 


"မစ္စတာကျိ ဆေးလိပ်သောက်တာ လျော့သင့်တယ်နော် ..." 


ကျိမြန်ကမူ ဘာမှမပြော။ ဆေးလိပ်ကို မီးညှိလျက် စခရင်ကိုသာ မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေလိုက်သည်။ သူ့အာရုံကို ဆွဲဆောင်နိုင်ရန် အလို့ငှာ ရှောင်ကျားရှုက ခုန်ဆွခုန်ဆွ လုပ်နေပြီး အရွေးခံလိုက်ရသည်နှင့် တစ်ပြိုင်နက် သူ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ကာ နားနားကပ်၍ တီးတိုးပြောလိုက်၏။ 


"ကျိကော ကောကို သတိရနေတာ ..." 


အခြားသူများရှေ့တွင် သူသည် ယဉ်ကျေးသိမ်မွေ့သည့် ဂျူနီယာလေးတစ်ဦးဖြစ်ကာ အမြဲလိုလို သင့်လျော်စွာ နေထိုင်ပြုမူ ပြောဆိုတတ်ပေသည်။ သို့သော် ကျိမြန်၏ အရှေ့သို့ ရောက်သည့်အခါတွင်မူ သူ့အကြည့်တို့ ချက်ခြင်း ဝင်းလက်သွားပြီး စကားပိုများလာကာ အပြုံးတို့မှာလည်း ပိုမိုတောက်ပလာ‌သည်။ သူ့အပြုအမူတို့မှာလည်း ပိုမိုရိုးရှင်းကာ ကလေးဆန်လာသော်ငြား ဤသည်ကပင်လျှင် သူ၏ စရိုက်အစစ်အမှန် ဖြစ်ပေသည်။ ကျိမြန်၏ အရှေ့တွင် ဘယ်သောအခါကမှ ဖုံးကွယ်ခြင်း မရှိ။ သူ၏ အယုံကြည်ဆုံးနှင့် သက်တောင့်သက်သာ အဖြစ်ဆုံး အနေအထားကိုသာ ပြသထားပေသည်။ 


ထိုအချိန်က ကျိမြန်သည် ဤသို့ တစ်ဖွဲ့တည်း ဖြစ်သွားခြင်း‌အပေါ် မည်သို့မှ မခံစားခဲ့ရသော်လည်း ကင်မရာမှ တစ်ဆင့် ဘေးလူတစ်ဦးအနေဖြင့် ကြည့်လိုက်ကာမှ ထိုကောင်ငယ်လေး၏ သူ့အပေါ် မည်မျှ မှီခိုတတ်ပုံ၊ မည်မျှ ယုံကြည်ကာ မည်မျှ ချစ်တတ်ကြောင်း ရုတ်ချည်း သဘောပေါက်သွားတော့သည်။


သူက ရှောင်ကျားရှု၏ အပိုင်းတို့ကိုသာ လိုက်ကြည့်နေသည့်အတွက် ပင်လယ်ထဲဆင်းကာ ရေစိမ်သည့် အပိုင်းသို့ အလျင်အမြန် ရောက်ရှိသွားတော့သည်။ ကျိမြန်က လက်ထဲတွင် ဆေးလိပ်ကို ကိုင်ထားသော်ငြား တစ်ခါမှ မဖွာရသေး။ စိတ်အစုံမှာ လူငယ်လေး၏ အပြုံး၊အကြည့်၊ စကားနှင့် လှုပ်ရှားမှုတို့နောက် ဆွဲဆောင်ခံလိုက်ရကာ အခြားသူကို အာရုံစိုက်ရန်ပင် မေ့လျော့သွားတော့သည်။ 


ဆေးလိပ်ဖင်စီခံမှတစ်ဆင့် သူ့လက်ကို မီးစွဲလာကာမှသာ အသိပြန်ဝင်လာတော့၏။ မျက်လုံးကို တစ်ဖန် ပြန်မော့လိုက်သည့်အခါ ရှက်ရွံ့သည့် အပြုံးတို့ ဆင်မြန်းထားသော လူငယ်လေး ပျောက်ကွယ်သွားပြီး လင်းလဲ့ယန်သာ ပေါ်လာတော့သည်။ သူက ရှောင်ကျားရှုနှင့်အတူ အုန်းသီး သွားခူးလိုကြောင်း ပြောလာ၏။ 


ကျိမြန်က ရပ်သည့်ခလုတ်ကို နှိပ်လိုက်သည့်အခါ စခရင်တစ်ခုလုံးတွင် လင်းလဲ့ယန်၏ မျက်နှာသာ ပေါ်လာသည့်အတွက် မော်နီတာကိုပါ ချက်ခြင်း ပိတ်လိုက်တော့သည်။ သူ့ဆံပင်တို့ ရှုပ်ပွကာ အဝတ်အစားတို့ တွန့်ကြေနေပြီး မျက်လုံးမှာလည်း သွေးရောင်သဖွယ် ရဲရဲနီနေတော့သည်။ 


ဒါရိုက်တာက သူ့ကို တိတ်တိတ်လေး ခိုးကြည့်ပြီးကာမှ ခပ်တိုးတိုး မေးလိုက်၏။ 


"မစ္စတာကျိ ဒုတိယပိုင်းမှာ ခင်ဗျားရဲ့ ပုံစံက သိပ်မူမမှန်ဘူး ဘယ်လို ဖြတ်ပစ်သင့်တယ်လို့ ထင်လဲ ..." 


ဖုန်းကိုပဲ အမြဲတမ်း ကြည့်နေတယ် အသင်းသားတွေ အပေါ်လည်း ခဏခဏ ဒေါသထွက်တယ် ဒီတိုင်းသာဆို လူထုအမြင်တွေ ပျက်စီးကုန်တော့မှာပဲ ... 


"ကြိုက်သလိုဖြတ် မင်းဘာသာမင်းသာ ကြည့်လုပ်လိုက်တော့ ..." 


ကျိမြန်က လက်ကို ယမ်းပြကာ မျက်နှာကို အကြမ်းပတမ်း ပွတ်သပ်လိုက်သည်။ ထို လူထုအမြင်ဆိုသည်များကို ဂရုမစိုက်တော့။  ပိုပြီး ပြင်းပြင်းထန်ထန် ပြောရပါလျှင် မည်သည်ကိုမှ ဂရုမစိုက်ချင်တော့။ ကမ္ဘာလောကကြီး တစ်ခုလုံး အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ကောင်းနေကာ လူတိုင်း၏ အတွေးတို့ကို ဆက်တိုက် ကြားနေရသည့်တိုင် တစ်ခုကမှ သူကြားချင်၊ သူလိုချင်၊ သူခံစားချင်သည်တို့ မဟုတ်ချေ။ 


နေ့လည်ပိုင်း တစ်ရေးနိုးလာသည့်အခါ အထီးကျန်မှုကို ရုတ်ချည်းဆိုသလို ခံစားလိုက်ရတော့သည်။ သူ ဘယ်သူလဲ ဘာလုပ်သင့်လဲ ဆိုသည်များကိုလည်း နားမလည်တော့။ သူ့အတွက် အချိန်ဆိုသည့် အရာပင်လျှင် အဓိပ္ပါယ်မရှိတော့ချေ။ 


ဒါရိုက်တာက သူ့ကို ဂရုတစိုက် အကဲခတ်ကာ ပြောလိုက်သည်။ 


"ကောင်းပါပြီ ဒါဆို အားလုံးပြီးမှပဲ လာပြပါ့မယ် ပြန်သွားပြီး အိပ်ရင် အိပ်နေလိုက်ပါလား ဘာပဲဖြစ်ဖြစ် ရဟတ်ယာဉ်ကလည်း မနက်ဖြန်မနက်အထိ ရောက်သေးမှာ မဟုတ်ဘူးလေ ..." 


ကျိမြန်က ကုလားထိုင်ပေါ်တွင် ဗလာအကြည့်တို့ဖြင့် ထိုင်နေပြီး အတော်ကြာကာမှ သာမန်ကာလျှံကာ ပြန်ဖြေလိုက်သည်။ 


"ကောင်းပြီ ဒါဆို အရင်ပြန်နှင့်မယ် အပင်ပန်းခံလိုက်ကြပါဦး ..." 


အခန်းထဲသို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ဖုန်းကိုထုတ်ကာ WeChat နှင့် Weibo ကို ပထမဆုံး ဝင်ကြည့်လိုက်သည်။ သတင်းတစ်ခုမှ မထူးသေးကြောင်း တွေ့လိုက်ရသည့်အခါ သက်ပြင်းချလိုက်မိပြီး ဖိနှိပ်ထားသော နွမ်းနယ်မှုတို့ တရိပ်ရိပ် ထိုးတက်လာတော့သည်။ 


ရှောင်ကျားရှုထံ စာအရှည်ကြီး ပို့မည်ဟု ပြင်လိုက်ပြီးကာမှ အားလုံးကို ပြန်ဖျက်လိုက်၏။ ထိုသို့ ထပ်ကာထပ်ကာ လုပ်ပြီး နောက်ဆုံးတွင်တော့ "နေကောင်းလား" ဟူသည့် သုံးလုံးကိုသာ ပို့လိုက်နိုင်ပြီး ဖုန်းကို ကိုင်လျက် လှောင်ရယ်လိုက်သည်။ သူတို့နှစ်ဦး ပြောထားသည့်စာများ ရှိနေ‌၍သာ တော်သေးသည်။ အချို့မှာ အင်မတန် နွေးထွေးဖွယ်ကောင်းကာ အချို့မှာ ရယ်ရွှင်ဖွယ်၊ အချို့မှာမူ လွန်စွာ ချစ်စဖွယ် ကောင်းလှသည်။ selfie များလည်း အများအပြား ရှိနေကာ သူ့ကို မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေသည့် ရှောင်ကျားရှု၏ တောက်ပသော အကြည့်များကြောင့် နှလုံးသားထဲရှိ ပူပန်မှုအားလုံး ရုတ်ချည်း ငြိမ်သက်အေးဆေးသွားတော့သည်။ 


ထိုသို့ဖြင့် ယခင်ပြောထားသည့် စာများကို ပြန်ဖတ်ရင်း၊ ဓာတ်ပုံနှင့် စိတ်ဝင်စားစရာကောင်းသည်များကို သိမ်းထားရင်းဖြင့်ပင် နာရီပေါင်းများစွာ ကုန်ဆုံးသွားတော့သည်။ သူ့စိတ်နှလုံးတစ်ခုလုံး ငြိမ်သက်အေးဆေးနေသည့်အတွက် မိုးသီးမိုးပေါက်များ ပြတင်းပေါက်ကို ပြင်းထန်စွာ လာရောက်ရိုက်ခတ်နေကာ ကြမ်းပြင်တစ်ခုလုံး စိုစွတ်နေကြောင်းပင် သတိမထားမိတော့ချေ။ 


.....


တစ်ချိန်တည်းမှာပင် လင်းလဲ့ယန်ကလည်း ချိန်ဖမ်းရှင်းနှင့် ဖုန်းပြောနေသည်။ 


"မင်း မစ္စတာကျိကို ဘယ်လိုတောင် ရန်စလိုက်မိတာလဲ အခု သူက မင်းနဲ့ ရိုက်ထားသမျှပုံတွေ အကုန်လုံးကို ဖျက်ပစ်လိုက်ပြီ ..." 


"ဘယ်ဓာတ်ပုံ ..." 


လင်းလဲ့ယန်မှာ ကျိမြန်၏ ပြင်းထန်လှသော စကားကြမ်းများအောက်မှ ရုန်းထွက်မလာနိုင်သေး။ တစ်ဖက်သူ၏ ဒေါသကို ပထမဆုံးအကြိမ် နဖူးတွေ့ဒူးတွေ့ ကြုံဖူးခြင်းဖြစ်ကာ သူ့ကို အစိမ်းလိုက် ဝါးစားလိုက်တော့မည့်နှယ် လွန်စွာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။ ထို့အပြင် ကျိမြန်၏ စကားတို့မှာလည်း ယနေ့ဖြစ်ရပ်ကို ရည်စူးနေဟန် မတူ။ အခြားအဓိပ္ပါယ်တစ်ခုခု ရှိနေဟန်ပင်။ လတ်တလော ဖြစ်သွားသည့် ဖြစ်ရပ်ကို ရည်ညွှန်းနေဟန်လည်း ပေါ်နေသေးသည်။ 


"ငါ နိုးလို့ ပြောရင် နိုးပဲ ဘာမှ စောဒကတက်နေစရာ မရှိဘူး နားလည်လား ..." 


ဘယ်နေရာက မှားနေတာလဲ ဒီစကားက တောင်ကြားထဲကို သွားလို့ ပြောတာ မဟုတ်ဘူးလား ...


လင်းလဲ့ယန်မှာ တွေးလေလေ ကျောချမ်းလာမိလေပင်။ ဖုန်းကိုကိုင်ထားသည့်တိုင် ချိန်ဖမ်းရှင်း ပြောနေသည်များကို ဆက်နားမထောင်တော့ဘဲ ကျိမြန်၏ Weibo ကို သွားရှာလိုက်သည်။ ထိုအခါ သူ ပွဲဦးထွက်စဉ်က ကျိမြန် support လုပ်ပေးထားသည့် ဓာတ်ပုံအားလုံး အဖျက်ခံလိုက်ရပြီဖြစ်ကြောင်း တွေ့လိုက်ရတော့၏။ 


ထိုအချိန်များကို မှတ်မိနေ‌ပါသေးသည်။ ကုမ္ပဏီက သူ့ပွဲဦးထွက်ကို ကြေငြာပေးသည့်နေ့မှာ ရှောင်ကျားရှုနှင့် တစ်ရက်တည်း ဖြစ်နေသည့်အတွက် ပရိသတ်များက သူတို့နှစ်ဦးကို ယှဉ်ကြည့်ကြပေသည်။ သူ့ကို အားပေးသူများ တိုးပွားလာရန် အလို့ငှာ ကျိမြန်က နှစ်ယောက်အတူတူ ဓာတ်ပုံတွဲရိုက်ကာ Weibo တွင် တင်ပေးခဲ့သည့်အတွက်သာ အခြေအနေ ပြန်ကောင်းလာခဲ့ခြင်း ဖြစ်ပေသည်။ 


ဤသည်မှာ ကျိကောက သူ့ကို ဂရုစိုက်ပေးသည်ဆိုသည့် အထောက်အထားဖြစ်ကာ သူ့တစ်ဘဝလုံး ဂုဏ်အယူရဆုံး ဖြစ်ရပ်လည်း ဖြစ်ပေသည်။ 


ဒါပေမယ့် အခုမှ ဘာလို့ ဖျက်ပစ်ရတာလဲ သူတို့ လမ်းခွဲခဲ့တုန်းကတောင် ကျိကောက သူ့လမ်းကို ပိတ်ပစ်ဖို့ မလုပ်ခဲ့ဘဲနဲ့ ဘာလို့ အခုအချိန်အထိ စောင့်နေရတာလဲ... 


သူက လက်ထောက်ကို လှမ်းကြည့်ကာ တုန်ရီနေသည့် အသံဖြင့် ပြောလိုက်သည်။ 


"မင်းက Weibo မှာ လျှောက်ကြည့်ရတာကို သဘောကျတယ် မဟုတ်လား ဒါဆို ကျိကော ဘာလို့ ငါတို့ဓာတ်ပုံကို ဖျက်ပစ်လဲ သိလောက်မှာပေါ့ ဘာတွေ ဖြစ်သွားတာလဲ သိလား ..." 


"ကြည့်ရတာ ရှောင်ကျားရှုက အဲဒီ့ဓာတ်ပုံကို like ပေးလိုက်လို့ ထင်တယ် မစ္စတာကျိက သူ့ရဲ့ သစ္စာရှိမှုကို ပြသဖို့နဲ့ သင်္ကာမကင်းဖြစ်တာတွေကို ရှောင်ချင်လို့ နေမှာပေါ့ ..." 


လက်ထောက်က လည်ပင်းကို ဆန့်တန်းလျက် ထပ်ဖြည့်ပြောလိုက်သည်။ 


"ဒါက အင်တာနက်သုံးစွဲသူတွေ ပြောနေကြတဲ့ ဇာတ်ကွက်ပါ ကျွန်တော်လည်း အသေအချာတော့ မသိဘူး ဒါမှမဟုတ် မစ္စတာကျိကိုပဲ သွားမေးကြည့်ရင်ရော ..." 


သူကတော့ဖြင့် ဒီကောက်ချက်က အခြေအမြစ် မရှိဘူးလို့ မခံစားရပါဘူးနော် ရှောင်ကျားရှုက မစ္စတာကျိအတွက် သေချာပေါက်ကို ထူးရှယ်ပုဂ္ဂိုလ်ပဲ ... 


လင်းလဲ့ယန်က အတော်ကြာ ငိုင်ကျသွားပြီးကာမှ အက်ကွဲနေသည့် အသံဖြင့် ပြန်ပြောလိုက်သည်။ 


"ရှောင်ကျားရှုက like ပေးလို့ ကျိကောက ဖျက်ပစ်လိုက်တာတဲ့လား ... အဟက် ..." 


ခပ်တိုးတိုး လှောင်ရယ်ကာ အိပ်ယာပေါ် လှဲချရင်း တီးတိုး ရေရွတ်လိုက်တော့သည်။ 


"ရှောင်ကျားရှုက like ပေးလိုက်လို့တဲ့လား ..." 


ကျိကောက တကယ်ကို ရက်စက်တာပဲ သူက ရှောင်ကျားရှုကို တကယ်ကြီးကို ဂရုစိုက်တာပဲ ဟုတ်တယ် မဟုတ်လား စိတ်လွတ်သွားလောက်တဲ့အထိ၊ သည်းခံစိတ်တွေ ကုန်ဆုံးသွားတဲ့အထိ၊ ဆုံးဖြတ်နိုင်စွမ်းတွေ ပျောက်ကွယ်သွားတဲ့အထိ ပြီးတော့ သူ့လက်အောက်က အနုပညာရှင်ကိုတောင် ဖိနှိပ်နိုင်လောက်တဲ့အထိလေ သူ့ရဲ့ တုန့်ပြန်ချက်က ပြင်းထန်နေတော့ အစပိုင်းတုန်းက ငါ့ကိုယ်ငါ အနိုင်ရသွားပြီလို့ပဲ ထင်ခဲ့မိတာ သူလည်းပဲ ရှောင်ကျားရှုကို ကြိုက်နေတာ မဟုတ်လား မဟုတ်သေးဘူး ဒီလိုလေးတင် မဟုတ်ဘူး ရှောင်ကျားရှုနဲ့ ရှိနေတဲ့ အချိန်ဆို သူ့အပြုံးတွေက ဘယ်လောက် ညင်သာနေလဲ သိရဲ့လား မျက်ဝန်းထဲက အကြည့်တွေကအစ နွေးထွေးနေပြီးတော့ လောင်ကျွမ်းတော့မတတ် ပူပြင်းမှုတွေရယ် ထိန်းချုပ်မှုတွေရယ်ကိုပါ တစ်ပြိုင်တည်း တွေ့နေရတာ ... 


"ကြည့်ရတာ ငါတော့ အရူ

းထမိသွားပြီထင်တယ် ..." 


လင်းလဲ့ယန်မှာ ချက်ခြင်းပင် ခွန်အားဆုတ်ယုတ်ကာ ပြင်းထန်စွာ ချောင်းဆိုးလိုက်မိတော့သည်။ 



Xxxxxxx