အပိုင်း ၁၃၁
Viewers 44k

Chapter 131




နောက်ဆုံးတွင်တော့ ရှောင်ကျားရှု၏ ပြင်သစ်အနမ်းအချို့ ခိုးယူလိုသောဆန္ဒ ပြည့်ဝသွားကာ လေပြတ်လပ်၍ မူးမေ့လဲလုမတတ် ဖြစ်သွားတော့သည်။ 


ကျိကောရဲ့ နမ်းတဲ့ နည်းစနစ်က တကယ်ကို ပုံကြီးချဲ့ထားတာ မဟုတ်ဘူးပဲ နူးညံ့နေတဲ့ လျာက ငါ့လျာကို ရစ်ပတ်နေတာ သူ့ရဲ့ ထူးခြားတဲ့ ရနံ့တွေ လွှမ်းနေတဲ့ ခံတွင်းရည်ကို ငါ့ပါးစပ်ထဲ ထည့်ပြီး  ငါ့ခံတွင်းရည်တွေကိုလည်း နည်းနည်းစီ ပြန်စုပ်ယူသွားတာ ... အနမ်းကလည်း လူလိုပဲ တစ်ခါတစ်လေမှာ နူးညံ့ပြီး မခွဲခွါချင်စရာ တစ်ခါတစ်လေမှာ အရိုင်းဆန်ပြီး လွှမ်းမိုးချင်စိတ်တွေ အပြည့်နဲ့ ဘယ်လိုမှကို ငြင်းရက်စရာ မရှိဘူး ... 


ဖြစ်နိုင်ပါလျှင် ရှောင်ကျားရှုသည် ကျိမြန်ကို ကမ္ဘာပျက်သုဉ်းသွားသည်အထိ ဤသို့ နမ်းရှိုက်လိုပေသည်။ သူ့ဦးနှောက်မှာ အောက်စီဂျင် ပြတ်တောက်သွားသော်ငြား နှလုံးသားမှာမူ မီးရှူးမီးပန်းတို့ ပစ်ဖောက်ထားသည့်နှယ်။ 


"ပျော်ရွှင်မှုတွေ ပေါက်ကွဲထွက်လာတယ်" ဆိုတဲ့ Expression မျိုး ရှိနေတာ မထူးဆန်းတော့ပါဘူး ကြည့်ရတာ ဒါကို တီထွင်ခဲ့တဲ့လူကလည်း ဒါမျိုး ခံစားဖူးတယ်ထင်တယ် ... 


သူ့စိတ်ထဲမှ ပီတိ၊ ချစ်စိတ်နှင့် ခံစားချက်အားလုံးမှာ ကျိမြန်၏ စိတ်ထဲသို့ပါ ကူးစက်လာရာ သူ့ကို ပို၍ပင် နက်ရှိုင်းစွာ နမ်းရှိုက်လိုက်မိတော့သည်။ ကြောက်မက်ဖွယ် လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားမိသည့်တိုင် ယခုလက်ရှိ ဆုံးဖြတ်ချက်မှာ မမှားကြောင်း သိနေပေသည်။ ရှောင်ကျားရှုမှာ လွန်စွာ ထိုက်တန်လှရာ သူ့အနေဖြင့် အနည်းဆုံး တစ်ကြိမ်‌ ကြိုးစားကြည့်သင့်ပေသည်။ 


နောက်ထပ်ဆယ်မိနစ် ကြာပြီးသည့်နောက်တွင်တော့ ‌ကျောက်ချွမ်က တံခါးကို တွန်းဖွင့်ကာ နှိုးဆော်လိုက်တော့သည်။ 


"မင်းတို့နှစ်ယောက် မပြီးသေးဘူးလား နောက်ထပ်တစ်ခန်း ရိုက်စရာရှိသေးတယ်ကွ ..."



ရိုက်ကူးရေးဟူသည့် အသံကို ကြားလိုက်ကာမှ အချစ်နွံထဲ နစ်မြောနေသော ရှောင်ကျားရှုလည်း အသိစိတ် ပြန်ဝင်လာကာ ကျိမြန်ကို တွန်းထုတ်လိုက်မိ၏။ တစ်ဖန် သူ့ကို ပြန်ဆွဲဖက်လိုက်ပြန်သည်။ ဤသို့ ဆွဲလိုက်ရုန်းလိုက် အခြေအနေကြောင့် ကျိမြန်မှာ ဟန်မဆောင်နိုင်လောက်အောက်ပင် ခပ်ဖွဖွ ရယ်မောမိကာ သူ့နှုတ်ခမ်းကို တစ်ဖန် ငုံ့နမ်းလိုက်ပြီးကာမှ ဆွဲထူလိုက်၏။ နှစ်ဦးလုံးမှာ မြေပြင်ပေါ်တွင် ငုတ်တုတ်ထိုင်နေကြခြင်းဖြစ်ရာ တစ်ကိုယ်လုံး ဖုန်များဖြင့် ပေရေညစ်ပတ်နေတော့သည်။ အထူးသဖြင့် ကျိမြန်၏ ဈေးကြီးပေးဝယ်ထားရသော အနောက်တိုင်းဝတ်စုံမှာ ဒူးနေရာ နှစ်ဖက်လုံး ဖုန်မှုန့်များ ပေကျံနေကာ ပြောင်စင်အောင်ပင် ခါထုတ်၍ မရတော့။ လုံးဝ ပျက်စီးသွားပေတော့သည်။ 


သို့သော် သူကတော့ အမှုထားဟန်မတူ။ ကိုယ်ကိုကိုင်းကာ ရှောင်ကျားရှုကိုသာ သပ်သပ်ရပ်ရပ်ဖြစ်အောင် ကူညီပေးလိုက်သည်။ လက်ကိုင်ပဝါကိုထုတ်ကာ ရှောင်ကျားရှု၏ မျက်နှာအား သုတ်ပေးနေသည့် သူ့အပြုအမူအားလုံးမှာ လွန်စွာ ညင်သာသိမ်မွေ့နေကာ သုတ်‌ပေးနေချိန်အတွင်း ရှောင်ကျားရှု၏ မျက်နှာတစ်ခုလုံး ပူပြင်းကာ ပါးနှစ်ဖက်မှာလည်း နီမြန်းနေကြောင်း သတိထားမိလိုက်သည်။ လွန်စွာ ချစ်ဖို့ကောင်းလှသည့်အတွက် ကိုယ်ကိုညွတ်ကာ နောက်တစ်ကြိမ် ငုံ့နမ်းမိလိုက်ပြန်တော့သည်။ 


ခွေးစာ တစ်ဇလုံကြီး အကျွေးခံလိုက်ရသည့် ကျောက်ချွမ်နှင့် ဝူချွမ်းရီတို့၏ အမူအယာကိုမူ ဖော်ပြ၍ပင် မစွမ်းသာတော့ချေ။ 


"ကျိကောရေ အလုပ်တွေ ပြီးမှပဲ ဇာတ်လမ်းပြန်ဆက်လို့ ရမလား ရိုက်ကူးရေးကိုပဲ အရင်ဆုံး ပြန်စလိုက်ကြရအောင်လေ ..."‌ 


ကျောက်ချွမ်က ရှောင်ကျားရှုကို လက်ယပ်ခေါ်လိုက်သည်။ 


"ရှောင်ရှု မင်း သရုပ်ဆောင်ထားတာကို ပြန်ကြည့်ကြည့်လိုက်ဦး အဆင်ပြေရင်တော့ ကိစ္စမရှိဘူး ဒါပေမယ့် ထွက်လာတဲ့ ရလဒ်က သိပ်ပြီး စိတ်တိုင်းကျစရာ မကောင်းရင် နောက်တစ်ခေါက် ပြန်ရိုက်ရမယ်နော် ..." 


"ကောင်းပြီလေ ..." 


ရှောင်ကျားရှုက ခေါင်းငြိမ့်ပြကာ ကျိမြန်၏ လက်ကို ဂရုတစိုက် ဆုပ်ကိုင်ထားလိုက်သည်။ 


သူတို့က တရားဝင် တွဲဖြစ်သွားပြီဆိုတော့ နည်းနည်းလောက် ပူးကပ်နေလို့ရပြီ မဟုတ်လား ... 


ကျိမြန်က မျက်လွှာချလျက် ပြုံးလိုက်သည်။ ထို့နောက် မကျေနပ်သည့် အမူအယာကို ပြလျက် လက်ကို ပြန်ဆွဲထုတ်သွားပြီးကာမှ တင်းတင်းကြပ်ကြပ် လက်ချင်းယှက်ကာ ပြန်လည်ဆုပ်ကိုင်ရင်း တီးတိုးပြောလိုက်သည်။ 


"စုံတွဲတွေဆိုတာ လက်ကို ဒီလိုမျိုး ကိုင်ရမှာလေ ဒါမှ လွယ်လွယ်နဲ့ ပြုတ်မသွားမှာ ..." 


ရှောင်ကျားရှု၏ မျက်ခုံးတို့ ချက်ခြင်း ပြေလျော့ကာ မျက်ဝန်းတစ်ခုလုံး အလင်းရောင်တို့ဖြင့် တောက်ပ‌သွားတော့သည်။ 


သူက ကျိကောကို တကယ်ကို အများကြီး အများကြီး ချစ်တာ အခုဖြစ်နေတာတွေက အိပ်မက်လိုပဲ နည်းနည်းလေး ကယောင်ချောက်ခြားနဲ့ စိတ်လှုပ်ရှားမိနေသလိုပဲ နိုးလာရင် ကျိကောက သူ့ကို ထားသွားမှာလား ဆိုပြီး တွေးကြောက်နေခဲ့ရတာ အခု လက်ကို ဒီလိုမျိုး ကိုင်ထားရတော့ ကောင်းလိုက်တာ လွယ်လွယ်နဲ့ လက်တွဲပြုတ်မသွားတော့ဘူးပေါ့ ... 


ထိုသို့ တွေးရင်း ကလေးတစ်ယောက်ကဲ့သို့ပင် လက်ကို တင်းတင်းဆုပ်လိုက်၊ ပြန်လျော့ပေးလိုက်နှင့် အကြိမ်ကြိမ်အဖန်ဖန် အလုပ်များပြီးကာမှ ကျိမြန်၏ လက်မောင်းကို ဆွဲလျက် လှုပ်ယမ်းလိုက်တော့သည်။ 


ကျိမြန်က နဖူးကို ကိုင်လျက် ခပ်တိုးတိုး ရယ်မောလိုက်၏။


သွားပါပြီ ဒီရည်းစားသေးသေးလေးက တအားကို ချစ်ဖို့ကောင်းတာပဲ ဒီတိုင်းသာ ဆက်ဖြစ်နေရင် သူတော့ ဘယ်လိုနေရတော့မလဲ သွေးကန်တစ်ခုလုံး ကုန်သွားတဲ့ ခံစားချက်မျိုး ... 


ရှောင်ကျားရှုက အသစ်စက်စက်ရည်းစားလေး၏ လက်ကိုဆွဲကာ မော်နီတာရှေ့တွင် စိတ်ပျက်လက်ပျက် ရပ်နေလိုက်သည်။  ကျောက်ချွမ်က စခရင်ကို ညွှန်ပြကာ ပြောလိုက်၏။ 


"ရှောင်ရှု ငါ အစောပိုင်းတုန်းက မင်းကို ဟာသကား ရိုက်ရောရိုက်နိုင်ပါ့မလားလို့ တွေးခဲ့မိဖူးတယ် မင်းရဲ့ မျက်နှာက ဟာသကားအတွက်ဆို အရမ်းချောနေလွန်းလို့လေ ပရိသတ်က မင်းကိုမြင်ရင် မရယ်ကြမှာကို ကြောက်နေခဲ့တာ ဒါပေမယ့် အခု မင်းသရုပ်ဆောင်သွားတာကို ကြည့်လိုက်တော့မှ ‌ေ-ာက်ရမ်းကို ခံစားချက်ကို ထိမိအောင် သရုပ်ဆောင်ပြနိုင်တာပဲ အရမ်းလည်း ရယ်စရာကောင်းနေသေးတယ် မင်းကလေ တကယ်ကို လက်တွေကျကျနဲ့ အရမ်း ရယ်စရာကောင်းအောင်ကို ငိုတတ်တာ ဒီနှာရည်ပူဖောင်းတွေကိုပဲ ကြည့်ကြည့်လိုက် ဒါက တကယ်ကို အပြီးသတ်ရိုက်ချက်ပဲကွ ပြီးတော့ မင်းအသံကလည်း တော်တော်လေးကို ကောင်းတယ် ဒီ စူးစူးဝါးဝါး အော်နေတဲ့ အသံကို နားထောင်ကြည့်လိုက် ဘယ်လောက်တောင် သနားစရာကောင်းလိုက်သလဲ မင်းဘယ်လောက်တောင် ကြောက်နေသလဲဆိုတာကို ရှင်းရှင်းလင်းလင်းကြီးကို မြင်ယောင်နေရတယ် မင်းအဖေက ကားတိုက်မလို ဖြစ်သွားတာ မထူးဆန်းတော့ပါဘူး ..." 


ရှောင်ကျားရှု၏ ပါးနှစ်ဖက်လုံး နှင်းဆီပန်းခင်းသဖွယ် နီမြန်းလာတော့သည်။ 


ကျိကောကို ဒီနား ဆွဲခေါ်လာမိတာ တကယ် နောင်တရနေပြီ သူ ဒီလောက်အထိ ရုပ်ဆိုးပန်းဆိုးကြီး သရုပ်ဆောင်မိခဲ့မှန်းသာ ကြိုသိနေရင် ကျိကောကို အပြင်ဘက်မှာပဲ စောင့်ခိုင်းမိမှာ အခုမှ ရည်းစားဖြစ်ရုံလေးပဲ ရှိသေးတယ် ရှက်စရာအကောင်းဆုံး ပုံရိပ်ကို ထုတ်ပြမိနေပြီ ရှေ့လျှောက် ဘာရော ဆက်လုပ်ရတော့မှာလဲ ဟမ် ... 


မော်နီတာကို အာရုံစိုက်ကာ စိုက်ကြည့်နေသည့် ကျိမြန်က ရယ်ချင်စိတ်ကို ထိန်းချုပ်လျက် သူ့ခေါင်းကို ပွတ်သပ်ပေးကာ ချီးကျူးလိုက်သည်။ 


"အရမ်းတော်တယ် ..." 


"တကယ်ကြီးလား ..." 


ရှောင်ကျားရှုက သတိကြီးကြီးထားကာ အတည်ပြုလိုက်သည်။ 


"တကယ်ပေါ့ ..." 


ကျိမြန်က ပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။ 


ထိုအခါမှ ရှောင်ကျားရှုလည်း စိတ်သက်သာရာ ရသွားတော့သည်။ 


ကျိကောရဲ့ အသိအမှတ်ပြုတာကို ခံရတာက ပိုကောင်းတယ် သူက သရုပ်ဆောင်တစ်ယောက်ဆိုတော့ သေချာပေါက်ကို ဇာတ်ကောင်အမျိုးမျိုးကို သရုပ်ဆောင်ရမှာပဲလေ စခရင်ပေါ်မှာ လှပခန့်ညားတဲ့ ပုံရိပ်ကိုပဲ အမြဲတမ်း ပြနေလို့မှ မရတာ ... 


သူ့ကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်နေသည့် ကျိမြန်၏ အကြည့်တို့မှာ ပိုမိုညင်သာလာတော့သည်။ "မင်းရဲ့ နှလုံးသား အောက်ခြေအထိ ရယ်မောအောင် စွမ်းဆောင်နိုင်တဲ့သူကို တွေ့ရင် သူနဲ့ ချစ်ကျွမ်းမဝင်ချင်လို့ကို မရတော့ဘူး" ဟူသည့် ဆိုရိုးကိုပင် သတိရမိသွားတော့သည်။ ဟိုးယခင်ကတည်းက ရှောင်ကျားရှုနှင့် တွေ့လေတိုင်း သူ့နှလုံးသားအောက်ခြေမှ ပျော်ရွှင်မှုတို့ လှိုက်တက်လာကာ အပြုံးအဖြစ် လျှံထွက်လာလေ့ ရှိပေသည်။ 


ကြည့်ရတာ ဒီလိုဖြစ်နေခဲ့တာကိုး ... 


"ဒီနေ့ ရှောင်ရှုက ဘယ်နှခန်း ရိုက်ရမှာလဲ ..." 


သူက အက်ကွဲနေသည့် အသံဖြင့် မေးလိုက်သည်။ သူ့အတွေးတစ်ခုလုံးမှာမူ တိတ်ဆိတ်သည့် နေရာတစ်ခုသို့ သွားကာ ရှောင်ရှုအား ပွေ့ဖက်ထားလိုစိတ်များဖြင့်သာ ‌ပြည့်နှက်နေပေသည်။ 


"ကြည့်ရအောင် ..." 


ကျောက်ချွမ်က မျက်လုံးကိုလှိမ့်ကာ ပြောလိုက်သည်။ 


"လေးခန်းငါးခန်းလောက် ကျန်နေသေးတယ် အနည်းဆုံးတော့ ပြန်ပေးဆွဲတဲ့ အခန်းတွေကို ပြီးအောင် ရိုက်ရမယ် U.S မှာ အလုပ်သမား ငှားတဲ့စရိတ်ရော စတူဒီယိုငှားရမ်းခကရော အရမ်းဈေးကြီးတာပဲ ငါတို့ရဲ့ မွဲတေလှတဲ့ ရိုက်ကူးရေးအဖွဲ့လေးကို ညှာတာထောက်ထားပေးလို့ ရမလား ..." 


"မင်းက မွဲတယ် ဟုတ်လား ရှောင်ရှုနဲ့ ဝူချွမ်းရီဆီက ရင်းနှီးမြှုပ်နှံမှုတွေကရော မင်းစားလိုက်တာလား ..." 


ကျိမြန်က ရိုက်ကွင်းအချိန်ဇယားကို ထိုင်ကြည့်ရင်း ခေါင်းငြိမ့်လိုက်သည်။ 


"ဒါဆိုလည်း မြန်မြန်ရိုက် ငါ မင်းရဲ့ လက်ထောက်ဒါရိုက်တာ လုပ်ပေးမယ် ဒါနဲ့ ဘယ်လိုဖြစ်လို့ မင်းက ရိုက်ကွင်းရဲ့ တစ်ဦးတည်းသော ဒါရိုက်တာ ဖြစ်နေရတာလဲ ..." 


ကျောက်ချွမ်က လမ်းပျောက်နေဟန်ဖြင့် သက်ပြင်းချလိုက်သည်။ 


"လက်ထောက်ဒါရိုက်တာ လေး‌ယောက်ရယ် ကြီးကြပ်ရေး ဒါရိုက်တာတစ်ယောက်အပြင် နောက်ထပ် အရန်သရုပ်ဆောင်နည်းနည်း‌လည်း ပါသေးတယ် ဗီဇာက အဆင်‌မပြေသေးတော့ နောက်ရက်နည်းနည်းလောက်နေမှ ရောက်လာကြမှာ ကျိကော ကောရောက်လာတာ ကောင်းလိုက်တာ ကောက ကျွန်တော့်ရဲ့ ကယ်တင်ရှင်ပဲ ..." 


ရုပ်ရှင်နဲ့ အနုပညာလောကမှာဆို ကျိမြန်က ဘက်စုံတော်တဲ့သူမှန်း မသိတဲ့သူ ဘယ်သူ ရှိလို့လဲ သရုပ်ဆောင်တာ၊ ရိုက်ကူးရေးအပိုင်း၊ တည်းဖြတ်နဲ့ အထူးပြုလုပ်ချက် ဖန်တီးတဲ့ နေရာမှာရော ကဏ္ဍပေါင်းစုံမှာကို ကျွမ်းကျင်တာ ကျိမြန်သာရှိရင် ဒီရုပ်ရှင်နဲ့ ပတ်သက်ပြီး ဘာမှကို ပူစရာ မလိုတော့ဘူး ရှိသမျှပြဿနာအားလုံး ဖြေရှင်းပြီးသားပဲ ... 


ဘေးဖယ်ခံထားရသည့်နှယ် ခံစားလိုက်ရသည့် ရှောင်ကျားရှုမှာမူ ကျိမြန်ဘေးနား ရပ်၍သာ သူ့နောက်ကျောကို မကြာခဏ ပွတ်သပ်နေလိုက်တော့သည်။


နောက်ဆုံးတော့ ခွေးတွေ ဘာလို့ ပိုင်ရှင် လမ်းလျှောက်နေတဲ့ အချိန်မှာ သူ့ရဲ့ ဘောင်းဘီကို ဆွဲချင်ကြသလဲ နားလည်သွားပြီ... ဘာလို့လဲ‌ဆိုတော့ အရမ်းကို တွယ်ကပ်ချင်ပြီး တစ်ဖက်သူရဲ့ အာရုံစိုက်တာကို ခံချင်လို့ပဲ ... 


အခုတော့ ခွေးတွေရဲ့ ခံစားချက်ကို နားလည်သွားပြီ ဘာလို့ဆို သူလည်း ကျိကောရဲ့ အာရုံစိုက်တာကို အရမ်းကို ခံချင်နေလို့လေ ကျိကောသာ သူ့ကို အာရုံစိုက်မနေရင် သူ့ကို ဘယ်ပြန်ညာပြန် ပွတ်သပ်ပြီးတော့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုတွေ ပိုများအောင် လုပ်မိဦးမှာ ... 


ထိုအချိန်မှာပင် ကျိမြန်က ရုတ်ချည်း သူ့ဘက်လှည့်ကာ ခပ်ဟဟရယ်မောရင်း ရင်ခွင်ထဲ ဆွဲသွင်းလျက် ယုယုယယ နမ်းရှိုက်လိုက်သည်။ 


"ရိုက်ကူးရေး ပြီးရင် ပြန်ရတော့မှာနော် လိမ်လိမ်မာမာလေးနေ မစိုးရိမ်နဲ့ ဟုတ်ပြီလား ..." 


သူ့နောက်ဆုံးလေသံမှာ နက်ရှိုင်းလှပြီး‌ ချောမော့သည့် အရိပ်အယောင်တို့ ဖုံးလွှမ်းနေသည့်အတွက် ရှောင်ကျားရှုကို ချက်ခြင်း ရှက်‌သွေးဖြန်းသွားစေတော့သည်။ 


ရှောင်ကျားရှုက သူ့ပေါင်ပေါ် ထိုင်လျက် စိတ်လှုပ်ရှားမှုတို့ကို ထိန်းချုပ်ရင်း အသာခေါင်းငြိမ့်ပြကာ ရိုက်ကူးရေးလုပ်ရန် အမြန်ထသွားလိုက်တော့သည်။ 


ဘာလုပ်စရာ ရှိသေးလဲ ငါ ကျိကောနဲ့ နှစ်ယောက်တစ်ကမ္ဘာလေး နေချင်နေပြီကွ ... 


ကျိမြန်က တစ်ဖန် ပြုံးလိုက်ပြန်ကာ သူ့အကြည့်တို့မှာမူ တစ်ဖြည်းဖြည်း နက်မှောင်သွားတော့သည်။ 


ခွေးစာများ အဝစားလိုက်ရ၍ ပျို့အန်လုမတတ် ဖြစ်နေသော ကျောက်ချွမ်က ဒေါသတကြီး‌ ပြောလိုက်သည်။ 


"အိုကေ ငါ့ရှေ့လာပြီး ချစ်ကြောင်းကြိုက်ကြောင်းတွေ လာလုပ်ပြမနေနဲ့ မဟုတ်ရင် ကျိုးနန်ကိုခေါ်ပြီး တန်ပြန်တိုက်ခိုက်လိုက်မှာ ရှောင်ရီ သတ္ထုကြိုးတွေ သွားချည်လိုက်တော့ သူရဲကောင်းက အလှလေးကို ကယ်တင်ခန်းလေး ရိုက်လိုက်ကြရအောင် ..." 


အဝေးတွင် ပုန်းအောင်းနေသည့် ဝူချွမ်းရီက ချက်ခြင်း ပြေးထွက်လာကာ ကျိမြန်ကို တရိုတသေ နှုတ်ဆက်လိုက်သည်။ 


"ဟယ်လို ရှေ့လျှောက် အတူတူ ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ မျှော်လင့်ပါတယ် ..." 


ကျိမြန်က မတ်တပ်ရပ်ကာ လက်ဆွဲနှုတ်ဆက်လိုက်သည့်တိုင် ရင်ခွင်ထဲမှ ရှောင်ကျားရှုကိုမူ လွှတ်မပေးသေး။ 


ဒီကလေး‌ကတော့လေ ‌လမ်းဘေးခွေးလိုပဲ ခွါထုတ်လို့ကို မရဘူး အရမ်းကို လူကပ်တတ်တာပဲ ... 


ထိုသို့ တွေးမိသည့်တိုင် သူ့အကြည့်တို့တွင် စိတ်မရှည်ပျင်းရိနေသည့် အရိပ်အယောင်တို့ကို တစ်စိုးတစ်စိမှ မတွေ့ရ။ ပြည့်လျှံနေသော ပျော်ရွှင်မှုတို့ကိုသာ မြင်နေရပေသည်။ သူ့ကိုယ်သူ ဖိုဝါဒီဆန်သူဖြစ်ကြောင်း ဝန်ခံရပေမည်။ သူ့အပေါ် မှီခိုအားကိုးတတ်သည့် ချစ်သူမျိုးကိုသာ အလိုရှိရာ ရှောင်ကျားရှုမှာ သူလိုချင်သည်နှင့် တစ်ထပ်တည်းပင်ဖြစ်သည်။ 


"စတန့်ဒါရိုက်တာလည်း မလာသေးဘူး မဟုတ်လား ..." 


သူက ဆက်မေးလိုက်သည်။ 


" အာ စတန့်ဒါရိုက်တာက ကျွန်‌တော်ပါ တိုက်ခိုက်ရေးပြကွက်တွေ အကုန်လုံးကိုလည်း ကျွန်တော်ပဲ ဖန်တီးထားတာ မစ္စတာကျိ တစ်ချက်လောက် ကြည့်ကြည့်ချင်လား ..." 


နှာခေါင်းကို ပွတ်သပ်လျက် မေးလာသည့် ဝူချွမ်းရီ၏ ပုံစံမှာ အနည်းငယ် ရှက်ရွံ့နေဟန်ပင်။ 


ကျိမြန်မှာ အံ့ဩသွားရတော့၏။ ကျောက်ချွမ်၏ ရိုက်ကွင်းတစ်ခုလုံး ပုန်းနေသော နဂါး၊ ဝပ်နေသော ကျားများဖြင့် ပြည့်နှက်နေလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားပေ။ 


သူက ပါရမီရှင်တွေကို စုစည်းထားတာပဲ သန်းသုံးဆယ်ရရုံနဲ့ U.S ကို ရောက်လာရဲတာ မထူးဆန်းတော့ပါဘူး သရုပ်ဆောင်တွေက အရည်အချင်းတင်မကဘူး ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုကိုပါ ယူလာတယ် သရုပ်ဆောင်ရမယ့်အချိန်ဆို သရုပ်ဆောင်တယ် အားတဲ့အချိန်ဆို ရိုက်ကူးရေးနဲ့ ပတ်သက်တဲ့ တစ်ခြားဝေယျာဝစ္စတွေကို လုပ်တယ် ငွေအားရော လူအားပါ တစ်ခါတည်း ချွေတာပြီးသား ဖြစ်တာ တကယ်ကို ကောင်းတဲ့ အကြံပဲ ... 


"‌ဒါဆိုလည်း အရင်ဆုံး ပြန်လေ့ကျင့်ကြည့်ရအောင် ရလဒ်ကို

အကဲဖြတ်ရတာပေါ့ ..." 


သူက အင်္ကျီလက်တို့ကို ပင့်တင်လျက် ပြောလိုက်သည်။ 


"ဟုတ်ကဲ့ပါ ကျိလောင်ရှီး ကျွန်တော့်ကို အကြံတွေ ပေးပါဦး ..." 



Xxxxxxx