အပိုင်း ၁၃၃
Viewers 43k

Chapter 133





"ရှောင်ကျားရှု မင်း‌လောင်ကုန်းကို ဒီနား လာခိုင်းလို့ ရပြီလား ငါ သူ့ကို ဒီအပိုင်းလေး ကြည့်ခိုင်းချင်လို့ ..."



လောင် လောင်ကုန်း ? ... 


သနားစရာ ကောင်းနေဆဲဖြစ်သည့် ရှောင်ကျားရှု၏ ခေါင်းတစ်ခုလုံး မီးခိုးငွေ့တို့ တလူလူ ထွက်လာကာ သော့ကို ဖွင့်ပြီးနောက် တီးတိုးပြောလိုက်တော့သည်။ 


"ဒါဆိုလည်း ခေါ်လိုက်လေ ..." 


"ကျိကော ရှောင်ကျားရှုက ကောကို ဒီနားလာခဲ့တဲ့ ..." 


ကျောက်ချွမ်က လှည့်ပင်မကြည့်ဘဲ အော်ပြောလိုက်သည်။ 


ထိုအခါမှ ကျိမြန်လည်း အနားသို့ တစ်ဖြည်းဖြည်း လျှောက်လာတော့၏။ လက်ကိုင်ပဝါကိုထုတ်ကာ ရှောင်ကျားရှု၏ မျက်နှာကို သုတ်ပေးပြီးကာမှ သူ့ကို ဆွဲခေါ်၍ မော်နီတာရှေ့တွင် အတူတူ ထိုင်လိုက်ကြသည်။ နှစ်ဦးလုံး၏ သရုပ်ဆောင်ချက်များမှာ အလွန်ကောင်းမွန်လှကာ ဟန်သုံအဖြစ် သရုပ်ဆောင်သည့် ဝူချွမ်းရီမှာ တိုက်ခိုက်မှုအပိုင်းတွင် ကျွမ်းကျင်လိမ္မာပြီး ရှုထျန်းယုအဖြစ် သရုပ်ဆောင်သော ရှောင်ကျားရှုမှာလည်း ကြောက်တတ်ရွံ့တတ် သတ္တိနည်းကာ သေမည်ကို လွန်စွာ ကြောက်ရွံ့သည့်သရုပ်အား ပီပြင်အောင် ဖော်ပြသွားနိုင်‌သည်။ နှစ်ဦးသား အတူတူ သရုပ်ဆောင်ကြသည့်အခါ အလွန်အမင်း ဆွဲဆောင်မှု ရှိလှသည့် ဟာသပြကွက်တစ်ခု ဖြစ်လာတော့၏။ 


ရှောင်ကျားရှု၏ မျက်နှာမှာ ဇာတ်လမ်းတွဲများအတွက် လွန်စွာ သင့်လျော်လှသည့်တိုင် ကြောက်ရွံ့စိတ်နှင့် အလွန်အမင်း ရယ်ရွှင်ဖွယ် အမူအယာတို့ကိူ တပ်ဆင်လိုက်သည့်အခါ ကြည့်ရှုသူတို့ကို သန်မာလှသည့် ရယ်မောလိုစိတ်တစ်ရပ် ထွက်ပေါ်လာစေတော့သည်။ ၎င်းမှာ လမ်းပေါ်တွင် ခြေသလုံးအိမ်တိုင် သွားလာနေသည့် သူ့ဗီဒီယိုကို တင်ပြီးကတည်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပေသည်။ ဘဝကို အလေးအနက် ဖြတ်သန်းနေခြင်း ဖြစ်သည့်တိုင် ပရိသတ်အတွက်မူ အမှန်တကယ် ရယ်ရွှင်ဖွယ်ကောင်းလှသည့် သရုပ်မျိုး ဆောင်ကြဉ်းနေပေသည်။ ဤသည်မှာလည်း ပါရမီဟု ယူဆရပေလိမ့်မည်။ ‌ 


ရှောင်ကျားရှုကို ရှို့ထျန်းယုအဖြစ် သရုပ်ဆောင်ရန် ဖိတ်ကြားခွင့် ရခဲ့ခြင်းမှာ ကျောက်ချွမ်အတွက်မူ ကံကောင်းမှုပင် ဖြစ်ပေသည်။ အသေအချာ ပြန်စဉ်းစားကြည့်ပါလျှင် မည်သူကမှ သူ့ထက်ပို၍ ရှို့ထျန်းယုဇာတ်ကောင်နှင့် သင့်လျော်လိမ့်မည်မဟုတ်။ သူ့တွင် ရှို့ထျန်းယု၏ အထက်တန်းကျမှုတို့အပြင် ကလေးဆန်မှုနှင့် ရူးမိုက်မှုတို့ပါ ရှိနေသည့်အတွက် ဤဇာတ်ကောင်မှာ သူ့အတွက် သီးသန့် ဖန်တီးပေးထားသည့်နှယ်ပင်။ 


"မင်းကမှ ဒီနေရာမှာ တာဝန်ရှိတဲ့ ဒါရိုက်တာလေ ငါ့ကိုပဲ အမြဲတမ်း မေးနေစရာ မလိုပါဘူး ..." 


ကျိမြန်က ရှောင်ကျားရှု၏ ခေါင်းကို ပွတ်သပ်ကာ ခပ်ဖွဖွ ပြုံးလိုက်သည်။ 


"ငါ့ရဲ့ filter က ထူလွန်းတဲ့အပြင် စကားလုံးတွေကလည်း ဓမ္မဓိဌာန် မကျဘူး ရှောင်ရှုက ကောင်းကောင်းသရုပ်ဆောင်ခဲ့တယ်လို့ ထင်တာပဲ သဘောမတူဘူးလား ..." 


ရှောင်ကျားရှုက သူ့လက်ကို ဆွဲကာ "လောင်ကုန်း" ဟု တိတ်တိတ်လေး ခေါ်လိုက်သည်။ နားရွက်ဖျားနှစ်ခုလုံးမှာမူ သွေးနီရောင်လွှမ်းနေတော့၏။ 


အား ဒီနာမည်ကြီးက တအားရှက်ဖို့ကောင်းတာပဲ တော်သေးတာပေါ့ ကျိကောက စိတ်ထဲက ပြောတာကိူ မကြားလို့ ... 


ကျိမြန်လည်း တစ်ခဏ ကြောင်အသွားကာ သူ့နောက်စေ့ကို အုပ်ကိုင်လျက် စိုစွတ်လှသည့် အနမ်းတစ်ပွင့်ကို ကူးသန်းပေးလိုက်တော့၏။ မှေးလုမှေးခင်ဖြစ်နေသည့် အကြည့်တို့မှာမူ တောက်ပလှသည့် ပြုံးရိပ်တို့ ပြည့်နှက်နေပေသည်။ 


ဒီကလေးကတော့လေ သူ့ကို မစဘဲကို မနေနိုင်ဘူးလား မသိဘူး ဒီတိုင်းသာ ဆက်သွားနေရင် နှုတ်ခမ်းတွေ ယောင်ကိုင်းသွားတဲ့အထိကို နမ်းမိတော့မှာ ... 


ကျောက်ချွမ်မှာမူ သူ့မျက်လုံးတို့ ကန်းသွားတော့မည်ဟုပင် ခံစားလိုက်ရတော့သည်။ 


စောက်ကျိုးနည်း ဒီခွေးကောင်စုံတွဲကို ဘယ်သူမှ အပြင်ထုတ်ပြီး မီးရှို့မပစ်ကြတော့ဘူးလား စောက်ရမ်းကို သည်းမခံနိုင်စရာ ကောင်းနေပြီ မင်းတို့မိသားစုက ခွေးစာကို အဓိကရောင်းနေတာ မဟုတ်လား ... 


သူက ‌မျက်နှာလွှဲကာ အံတင်းတင်းကြိတ်လျက် ပြောလိုက်သည်။ 


"ကျွန်တော်လည်း ဒါက‌ တော်တော်အဆင်ပြေတယ်လို့ ထင်တယ် ..." 


ဝူချွမ်းရီမှာလည်း ထိုအခါမှသာ စိတ်အေးသွားရတော့သည်။ 


နောက်ဆုံးတော့ ကျောက်ကောရဲ့ စကားတွေက ဘာကိုဆိုလိုတာလဲဆိုတာ သဘောပေါက်သွားပြီ အချစ်ရဲ့ အနံ့က တကယ်ကို သည်းမခံနိုင်လောက်အောင်ကို ချဉ်စူးနေတာပဲ တော်သေးတာပေါ့ ဒီနေ့အတွက် ထပ်ရိုက်စရာ မရှိတော့လို့ ... 


"ပြီးသွားပြီလား ဒါဆို ဟော်တယ်ပြန်ပြီးတော့ နှစ်ယောက်တည်းကမ္ဘာလေး လုပ်လို့ရပြီပေါ့ ..." 


မူးဝေသည်အထိ အနမ်းခံလိုက်ရသော ရှောင်ကျားရှုမှာ သူ့အကြံတို့ကို မတော်တဆ ထုတ်ပြောလိုက်မိတော့သည်။ 


ကျိမြန်မှာမူ မရယ်ဘဲပင် မနေနိုင်။ ကျောက်ချွမ်က အံကို တင်းတင်းကြိတ်လျက် ပြောလိုက်သည်။ 


"ဟုတ်တယ် အခုပဲ ထွက်သွားလိုက်တော့ ကျိကော ဇာတ်ညွှန်းကို ကြည့်ပြီးရင် နောက်ထပ် စာချုပ်တစ်စောင် ထပ်ရေးဖို့ မမေ့နဲ့နော် ကျွန်တော်တို့ စာချုပ်မချုပ်ရသေးဘူး ..." 


"ကောင်းပြီ ငါ အစကတော့ မင်းကို ထမင်းတစ်နပ် ဖိတ်ကျွေးမလို့ပဲ ဒါပေမယ့် အခု မြင်နေတဲ့အတိုင်း ..." 


စိုစွတ်နေသော မျက်ဝန်းပိုင်ရှင် သူ့ချစ်သူလေးကို ပြန်လည်ပွေ့ဖက်ရင်း ပြောလိုက်သည်။ 


"နောက်ပိုင်းကျ ငါတို့နှစ်ယောက်က အလုပ်များလာနိုင်တော့ နောက်နေ့မှပဲ ဖိတ်ကျွေးတော့မယ် ..."


ပြန်တော့မယ့်အချိန်အထိကို ခွေးစာတွေ ထပ်ကျွေးနေဖို့ လိုလို့လားကွ မတော်နိုင်ကြသေးဘူးလား ... 


ကျောက်ချွမ်က မျက်မှောင်ကြုတ်ကာ လက်ကို ထပ်ကာထပ်ကာ ယမ်းပြလိုက်တော့သည်။ 


"ထွက်သွား ဒီမှာနေပြီး ငါ့မျက်လုံးတွေကို ထိခိုက်အောင် မလုပ်နဲ့တော့ ..."



ရိုက်ကွင်းမှထွက်ကာ ကျိမြန်၏ ကားထဲ ရောက်‌လာသည့်တိုင် ရှောင်ကျားရှုမှာ ဖြစ်ပျက်သွားသည်များကို နားမလည်နိုင်။ ငေးငိုင်နေဆဲပင်။ ကျိမြန်က သူ့အနား ရောက်လာကာ ခါးပတ်ကူပတ်ပေးလိုက်မှသာ မူးဝေနေသည့်စိတ်တို့ ပျောက်ကွယ်သွားတော့သည်။ 


"ကျိကော ..." 


သူက နူးညံ့စွာ လှမ်းခေါ်လိုက်၏။ 


"ဘာလို့ အမေရိကားကို လိုက်လာတာလဲ ပြီးတော့ ဘာလို့ ကျွန်တော်နဲ့ အတူတူ ရှိချင်ရတာလဲ ..." 


ကျိမြန်က သူ့ကို ခပ်ပြုံးပြုံး စိုက်ကြည့်နေကာ ကားစက်နှိုးပြီးကာမှ ပြန်မေးလိုက်သည်။ 


"မင်းကရော ဘာလို့ သဘောတူလိုက်တာလဲ ..." 


"သေချာပေါက်ကို ကောကို ကြိုက်လို့ပေါ့ ..." 


ရှောင်ကျားရှုက တစ်ဖက်သူကို တောက်ပ‌လွန်းသည့် အကြည့်တို့ဖြင့် စိုက်ကြည့်လိုက်သည်။ မူလက "ချစ်လို့" ဟု ပြောချင်သော်ငြား ကျိကောကို ဖိအားပေးမိရာ ရောက်သွားမည်ကိုလည်း စိုးရိမ်မိသည်။ ထို့အပြင် သူတို့မှာ တွဲကာစအခြေအနေသာ ရှိသေးရာ ချစ်ကြောင်းကြိုက်ကြောင်း ပြောရန် စောနေသေးပေသည်။ 


ဒါပေမယ့် သူ ကျိကောကို ဟိုးအရင်ကတည်းက ချစ်နေခဲ့တယ် ဆိုတာကတော့ ဘုရားသခင်ပဲ သိလိမ့်မယ် အရမ်းကို ကြာခဲ့လွန်းလို့ ချစ်တာကိုတောင် လေးစားအားကျတာဆိုပြီး အထင်မှားခဲ့မိသေးတယ် နားလည်မှု လွဲတာတွေကြောင့် သူနဲ့တောင် ကွဲကွာသွားတော့မလို့ ... 


မည်သည့်အကြောင်းပြချက်ကြောင့် ကျိကောက သူနှင့်အတူ ရှိချင်သည်ဖြစ်စေ ထိုခံစားချက်ကို မြတ်နိုးတန်ဖိုးထားကာ ကျိကောလက်ကို ဆွဲလျက် ဘဝတစ်သက်တာ ခရီးကို တစ်လှမ်းချင်း လျှောက်လှမ်းသွားမည်ဖြစ်သည်။ ယခုမှ လူ့လောကထဲ ရောက်လာကာ ကိစ္စများစွာကို မကြုံတွေ့ဖူးသေးသည့်တိုင် ကျိကောထက် ပိုကောင်းသူမျိုး နောက်တစ်ကြိမ် တွေ့နိုင်တော့မည် မဟုတ်ကြောင်းကိုတော့ ကောင်းစွာ သဘောပေါက်ထားပေသည်။ ထုတ်မပြသည့်တိုင် သူတို့၏ ဆက်ဆံရေးမှာ တစ်ဘဝလုံးစာ ရည်ရွယ်ထားခြင်း ဖြစ်ပေသည်။ 


ထိုသို့တွေးမိသည်နှင့် တစ်ပြိုင်နက် ကျိမြန်၏ လက်ချောင်းတို့ကို ယှက်ကိုင်လျက် တင်းကြပ်စွာ ဖျစ်ညှစ်လိုက်သည်။ 


ကျိမြန်က ကားကို လမ်းဘေးတစ်နေရာတွင် ချရပ်ကာ သူ့ကို နက်ရှိုင်းသိမ်မွေ့လှသည့် အကြည့်တို့ဖြင့် စိုက်ကာကြည့်လိုက်သည်။ 


သူ့ကို ပြန်လှည့်ကြည့်လာသည့် ရှောင်ကျားရှု၏ ပါးနှစ်ဖက်မှာလည်း ချက်ခြင်းပင် အနီရောင်တစ်လွှာ ဖုံးအုပ်သွားကာ ရှက်သွေးဖြာလျက် မေးလိုက်သည်။ 


"ကျိကော ဘာလို့ ကျွန်တော့်ကို အမြဲတမ်း စိုက်ကြည့်နေရတာလဲ ဘာလို့ ဒီကို ရောက်လာလဲဆိုတာ မပြောသေး ..." 


ကျန်ရှိနေသည့် စကားလုံးများကို ကျိမြန်က အနမ်းတစ်ပွင့်ဖြင့် ချိတ်ပိတ်ပစ်လိုက်တော့၏။ သူက နက်ရှိုင်းစွာ ကြာရှည်ကြာမျော နမ်းရှိုက်လိုက်သည့်တိုင် နူးညံ့ကြင်နာမှုနှင့် ဂရုစိုက်မှုတို့လည်း အနည်းငယ် ရောယှက်နေပေသည်။ 


"ဘာလို့ အမေရိကားကို လာခဲ့တာလဲ ဟုတ်လား ဘာလို့လဲဆိုတော့ မင်းကို ချစ်လို့ပေါ့ ..." 


နမ်းရှိုက်ပြီးသည့်တိုင် ရှောင်ကျားရှု၏ နှုတ်ခမ်းကို သူ့နှုတ်ခမ်းဖြင့် ဖိကပ်ထားရင်း ဂရုတစိုက် ပြောလိုက်သည်။ 


"ရှောင်ရှု ကိုယ် မင်းကို ချစ်တယ် ..." 


ရှောင်ကျားရှု၏ ဦးနှောက်တစ်ခုလုံး ဗလာဖြစ်သွားကာ အတော်ကြာသည်အထိ အသိစိတ် ပြန်ကပ်မလာတော့။ အပြစ်ရှိစိတ်တို့က သူ့နှလုံးသားတစ်ခုလုံးကို ဖုံးအုပ်တိုက်စားသွားတော့သည်။ 


အခုမှ စတွဲကာစ ရှိသေးတယ် ကျိကောက ဒီလို တန်ဖိုးအရှိဆုံး စကားကို လိုလိုလားလား ပြောနေပြီ ဒါပေမယ့် ငါကတော့ အရမ်းကို ကပ်စေးနည်းနေတာ ချစ်တာနဲ့ ကြိုက်တာဆိုတာ အဆင့်ချင်းမှ မတူတာ ဒါက ကျိကောအတွက် မတရားသလိုများ ဖြစ်နေမလား ... 


သူ့အပေါ် ထားရှိသည့် ကျိကော၏ ခံစားချက်များကိုမူ လုံးဝ သံသယမဝင်။ ကျိကော၏ အကြည့်တို့မှာ ပူလောင်ပြင်းရှကာ လေသံမှာလည်း လေးနက်တည်ငြိမ်လှသည်။ အနမ်းတို့မှာလည်း လွန်စွာ လှိုက်မောရှိုက်ဖိုဖွယ်ပင်။ သူ၏ လှုပ်ရှားမှုတိုင်း၊ စကားလုံးတိုင်း၊ အပြုအမူတိုင်းက လေးနက်တည်ကြည်လှသည့် ချစ်ခြင်းတရားကို ဖော်ကြူးနေရာ ရှောင်ကျားရှုမှာ လမ်းပျောက်မှုနှင့် အလွန်အကျူး ပျော်မြူးမှုတို့ကို ပြိုင်တူ ခံစားလိုက်ရတော့သည်။ 


စောစောက သူ့ရဲ့ ကြောင်သူတော်လုပ်ရပ်ကြီးကို တကယ် နောင်တရ‌မိနေပြီ "ချစ်တယ်" လို့ ပြောလိုက်ရင် သေမှာမလို့လား ... 


ထိုသို့တွေးကာ သတ္တိတို့ကို ဖျစ်ညှစ်ထုတ်လျက် တိုးတိုးလေး ပြောလိုက်သည်။ 


"ကျိကော ကျွန်တော်လည်း ကောကို ချစ်တယ် တကယ်ကို ချစ်တာ ..." 


သူ့ကိုယ်ပေါ် အလျင်အမြန် မှီချကာ နမ်းရှိုက်လိုက်သည်။ 


ကျိမြန်က သူ့ကို ပွေ့ဖက်ကာ အနမ်းတို့ကို ဆက်လက်နက်ရှိုင်းစေရင်း ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ 


"ကိုယ်သိတယ် ..." 


မိခင်ဖြစ်သူမှလွဲ၍ ရှောင်ကျားရှုတစ်ဦးတည်းကသာ သူ့ကို မခြွင်းမချန် ချစ်ပေးနိုင်သည့် တစ်ဦးတည်းသောသူဖြစ်ကြောင်း ကျိမြန်လည်း ကောင်းစွာ သိထားပေသည်။ များသောအားဖြင့် အခြားသူ၏ စိတ်အကြံတို့ကို ဖတ်ရှုနိုင်သည့် သူ့စွမ်းရည်အား မုန်းတီး‌မိသော်လည်း ရှောင်ကျားရှုနှင့် တွေ့နေချိန်တွင်မူ ကောင်းချီးပေးခံရသည့်နှယ် ပျော်ရွှင်မှုကိုသာ ခံစားရတော့သည်။ 


ဒီစွမ်းရည်သာ မရှိရင် ဒီလောက်အထိ ချစ်ဖို့ကောင်းတဲ့ ချစ်သူလေးရယ် သန့်စင်လှတဲ့ ဆက်ဆံရေးရယ်ကို ဆုံးရှုံးရတော့မလို့ ...


ရှောင်ကျားရှုမှာမူ အနည်းငယ် အားနာနေသေးဟန်ပင်။ ကျိကော၏ နောက်စေ့ကို ဖိကိုင်ကာ ခွေးပေါက်တစ်ကောင်နှယ် ကြိမ်ဖန်များစွာ နမ်းလိုက်ပြီးကာမှ တစ်ဖန် ထပ်ပြောလိုက်၏။ 


"ကျိကော ကောကို အရမ်းကို ချစ်တယ် ကောနဲ့ အတူတူ ရှိနိုင်ဖို့ အမြဲတမ်း စိတ်ကူးယဉ်ခဲ့ရတာ ..." 


ကျိမြန်မှာမူ မရယ်ဘဲပင် မနေနိုင်။ အခေါက်ပေါင်း မရေမတွက်နိုင်လောက်အောင်ပင် ထပ်ကာထပ်ကာ ပြောလိုက်တော့သည်။ 


"ကိုယ်သိတာပေါ့ ‌ကိုယ် တကယ်ကို သိတာပေါ့ ..." 


ရှောင်ကျားရှုက သူ့လည်ပင်းကို သိုင်းဖက်ကာ အမှန်တကယ် ယုံကြည်ကြောင်း အတည်ပြုပြီးကာမှ လက်ကို ပြန်လွှတ်လိုက်တော့သည်။ 


"ဘယ်ကို သွားမလို့လဲ ..." 


သူက ခပ်တိုးတိုး မေးလိုက်၏။ 


"အရင်ဆုံး တစ်နေရာရာသွားပြီး စားလိုက်ကြရအောင်လေ ..." 


ကျိမြန်က သူ၏ နက်မှောင်လှသည့် ဆံပင်တို့ကို ပွတ်သပ်ပေးရင်း ကားစက်ကို ပြန်နှိုးလိုက်သည်။ 


ဘာလို့ ဟော်တယ်ကို ပြန်ပြီး နှစ်ယောက်တည်းလေးပဲ မနေရတာလဲ ဟော်တယ်မှာလည်း စားစရာ လာပို့တဲ့ဆားဗစ်လည်း ရှိသားနဲ့ အခန်းတံခါးပိတ်ပြီး စားနေရုံပဲ လွတ်လပ်တဲ့အပြင် သီးသန့်လည်း ဆန်သေးတယ် နမ်းချင်လား နမ်းလိုက်ရုံပဲ ဖက်ချင်ရင်လည်း အေးဆေး ဖက်လို့ရတယ် ဘယ်လောက်တောင် မိုက်လိုက်သလဲ ... 


သို့သော် ရှောင်ကျားရှုမှာ ပြန်သွားချင်ကြောင်းလည်း မပြောရဲ။ ကျိကောက သူ့ကို အလွန်လက်သွက်လွန်းသည်ဟုဆိုကာ မနှစ်မြို့သွားမည်ကိုလည်း ကြောက်ရွံ့နေပေသည်။ 


နားကိုစွန့်ကာ ခေါင်းငိုက်စိုက်ချလျက် မေးလိုက်သည်။ 


"ဘယ်မှာ စားကြမလဲ..." 


ကျိမြန်က ပြုံးကာ ပြောလိုက်သည်။ 


"ပြင်သစ်စာ စားကြရအောင် ကိုယ် ဒီနားက ဆိုင်ကောင်းကောင်းတစ်ဆိုင်ကို သိထားတယ် ..." 


"အိုး ..." 


ရှောင်ကျားရှုက မှုန်ကုပ်ကုပ်ဖြင့် ပြန်ပြောလိုက်သော်ငြား တစ်ဖန် ပျော်ရွှင်သွားပြန်သည်။ 


ဒါက သူနဲ့ ကျိကောရဲ့ ပထမဆုံး ဒိတ်လေ သေချာပေါက်ကို ရိုမန့်တစ်ဆန်ရမှာပေါ့ ဒါမှ အသက်ကြီးတဲ့အထိ တစိမ့်စိမ့် ပြန်တွေးကြည့်လို့ ရမှာ အယ် ကျိကောအတွက် ပန်းစည်းတစ်စည်းလောက်များ ဝယ်ပေးသင့်လား ... 


အတွေးနွံ‌ထဲ နစ်နေစဉ်မှာပင် ကျိမြန်က မျက်လုံးထောင့်စွန်းတို့ ကွေးညွတ်သည်အထိ ပြုံးလျက် ဟော်တယ်ရှိရာဆီသို့ တိတ်တဆိတ် ပြန်မောင်းလာခဲ့သည်။ 


"ရောက်ပြီ ကားပေါ်က ဆင်းခဲ့တော့ ..." 


သူ့ချစ်သူလေး၏ နှာခေါင်းကို ဆွဲလိမ်ရင်း ပြောလိုက်သည်။ 


ရှောင်ကျားရှုက လှည့်ကြည့်လိုက်သည့်အခါ စားသောက်ဆိုင်မဟုတ်၊ ဟော်တယ်ဖြစ်ကြောင်း သိလိုက်ရသည့်အတွက် အနည်းငယ် ရှုပ်ထွေးသွားတော့သည်။ 


"ဟော်တယ်ပြန်ပြီး စားတာက ကိုယ်တို့အတွက် ပိုအဆင်ပြေတယ်လေ ..." 


ကျိမြန်က သူ့ကို ကားထဲမှ ဆွဲထုတ်လိုက်သည်။ 


ရေး ဆုတောင်းပြည့်သွားပြီကွ ... 


သူ့စိတ်ထဲရှိ ရှောင်ကျားရှုအသေးစားလေးက သုံးပေအမြင့်အထိ ခုန်ပေါက်လိုက်သည့်တိုင် အပြင်ပန်းတွင်မူ အေးတိအေးစက်သာ ခေါင်းငြိမ့်ပြလိုက်သည်။ 


"ဟော်တယ်မှာ ပြန်စားတာလည်း ကောင်းတာပါပဲ ..." 


ကျိမြန်က သူ့ကို အနမ်းတစ်ပွင့် ခပ်သွက်သွက် ခြွေပေးလိုက်ကာ ပြုံးလျက် ပြောလိုက်သည်။ 



"ရှောင်ရှု မင်းက အရမ်းကို ချစ်ဖို့ကောင်းတာပဲ ..." 


စိုက်ကြည့်လာသည့် ရှောင်ကျားရှု၏ မျက်ဝန်းတို့မှာ စိုစွတ်နေသော်ငြား ဒေါသထွက်နေသည်နှင့်မတူ၊ စိတ်ကောက်သည်နှင့်သာ ပို၍ တူပေသေးသည်။ မူလကမူ သူသည် ချစ်စရာကောင်းခြင်းမဟုတ်၊ ခန့်ညားခြင်းသာ ဖြစ်သည်ဟု ပြန်ပြောလိုက်ချင်သော်ငြား နောက်ဆုံးတွင်တော့ သွားပေါ်သည်အထိ ရယ်ရင်းသာ သူ့ကို

ယ်သူ တိတ်တဆိတ် ပြန်မေးလိုက်မိတော့သည်။ 


အနာဂတ်မှာရော ကျိကောကို ဒီအတိုင်း ချစ်နေဦးမှာလား အဖြေကတော့ နိုးပဲ ဘာလို့လဲဆို ကျိကောကို တစ်နေ့ထက်တစ်နေ့ ‌နည်းနည်းစီ ပိုပိုချစ်လာလို့ ... 



Xxxxxxx