အပိုင်း ၁၄၃
Viewers 44k


Chapter 143





အသစ်စက်စက် ရိုက်ကူးထားသော ဓာတ်ပုံများကို ကြည့်နေရင်း ကျောက်ချွမ်၏ နှလုံးသားတစ်ခုလုံး မီးဟုန်းဟုန်းတောက်လာတော့သည်။ 


ဒီလောက်အထိ ထူးချွန်တဲ့ သရုပ်ဆောင်မျိုး ငှားနိုင်တာ တကယ် ကံကောင်းတာပဲ ဒါဆို PDA မှာ ဝန်လေးနေရင် ဘယ်လိုလုပ်မလဲ ... 


ရိုက်ကူးနေစဉ်အတွင်း chemistry မိနေသရွေ့ ကျောက်ချွမ်သည် ထိုအခန်းများကို ရှင်းလင်းကာ သူတို့ကို ကြွားဝါခွင့် ပြုနိုင်ပေသည်။ 


"ကျိကော ပင်ပန်းသွားပြီ ရှောင်ကျားရှုလည်း ပင်ပန်းသွားပြီ မင်းတို့နှစ်ယောက် ခဏနား‌လိုက်နော် ငါ ဓာတ်ပုံနည်းနည်းလောက် ရွေးလိုက်ဦးမယ် ..." 


သူက အလွန်အမင်း ကပ်ဖားရပ်ဖားလေသံဖြင့် ပြောလိုက်လျှင် ဘေးနားတွင် ရပ်နေသည့် ဓာတ်ပုံဆရာ၏ အမူအယာမှာ အတော်လေး စိတ်မရှည်သည့်ဟန် ဖြစ်သွားတော့သည်။ ဤကဲ့သို့ ပြီးပြည့်စုံလှသည့် ဓာတ်ပုံမျိုး ရိုက်ကူးနိုင်ရန် ခဲယဉ်းလှရာ အမြန်ဆုံး လက်စသတ်လိုနေပေသည်။ 


နှစ်ယောက်လုံး ထွက်သွားပြီးနောက် ကျိမြန်က ဖုန်းကိုထုတ်ကာ ပြောလိုက်သည်။ 


"ဓာတ်ပုံရိုက်ဖို့လည်း ပြီးသွားပြီဆိုတော့ ကိုယ်တို့နှစ်ယောက် အတူတူ ဓာတ်ပုံရိုက်ကြမလား ..." 


"ကျိကော Weibo မှာ တင်မလို့လား ..." 


ရှောင်ကျားရှုက ပြုတ်မကျရန် အလို့ငှာ သူ့ကို ဖက်တွယ်ထားရင်း မေးလိုက်သည်။ 


"ဟုတ်တယ် တင်လို့ရလားဟင် ..."



ကျိမြန်က သူ့ကို ဆွဲပွေ့ကာ ပေါင်ပေါ် တင်လိုက်သည်။ 


"သေချာပေါက်ကို တင်လို့ရတာပေါ့ ကျွန်တော်က ရုပ်ဆိုးတာကို မကြောက်ပါဘူး ..." 


သူသည် ကျိမြန်တစ်ဦးတည်း၏ ရှေ့တွင်သာ ရှက်သွေးဖြာတတ်သူဖြစ်ကာ ပြင်ပကမ္ဘာ အထူးသဖြင့် ရုပ်ရှင်ရိုက်ကူးသည့်အခါတွင် သူ့မျက်နှာမှာ များစွာ မပါးလှ။ 


မိန်းကလေး အဝတ်အစား ဝတ်တော့ရော ဘာဖြစ်လဲ ကိုယ်လုံးတီးတောင် နေခဲ့ဖူးတဲ့ဟာကို ... 


ကျိမြန်က ခပ်ဖျော့ဖျော့ပြုံးကာ ဖုန်းကို မြှောက်လျက် ခြေဆုံးခေါင်းဆုံး ဓာတ်ပုံရိုက်ကာ မေးလိုက်သည်။ 


"ဒါ အဆင်ပြေလား ..." 


စခရင်ပေါ်တွင် Cheongsam‌ လေး ဝတ်ဆင်ထားသည့် ရှောင်ကျားရှုက သူ့ပေါင်ပေါ်ထိုင်နေပြီး လက်တစ်ဖက်က သူ့လည်ပင်းကို ဖက်ထားလျက် ပါးနှစ်ဖက် နီမြန်းကာ မျက်ဝန်းတို့မှာလည်း ငွေ့ရည်တို့ ရစ်သိုင်းနေပေသည်။ 


ရှောင်ကျားရှုက ကျေနပ်သေးဟန်မတူ၊ ကျိမြန်အနားသို့ နမ်းတော့မည့်ဟန် ချဉ်းကပ်ကာ မသဲမကွဲ ရေရွတ်လိုက်သည်။ 


"ထင်တာပဲ ..." 


ချစ်ကြောင်းကြိုက်ကြောင်း ထုတ်ပြရသည်မှာ အင်မတန် စွဲလမ်းဖွယ် ကောင်းလှပေသည်။ ကျိမြန်က သူ့ရင်ဘက်ပေါ်ရှိ တက်တူးကို ကြည့်ရှုသူတိုင်းအား မြင်စေချင်သည့်နှယ် သူသည်လည်း အားလုံး၏ အရှေ့တွင် ကျိကောကို ပွေ့ဖက်လိုပေသည်။ အချိန်ကျလာသည်နှင့် တစ်ပြိုင်နက် ကျိမြန်မှာ သူ့ချစ်သူဖြစ်ကြောင်း တစ်ကမ္ဘာလုံးကို အသိပေးမည် ဖြစ်ပေသည်။ သူတို့နှစ်ဦး၏ ဆက်ဆံရေးကို အမှောင်ထဲတွင်သာ တစ်သက်လုံး သိမ်းဆည်းထားမည် မဟုတ်ချေ။ 


သူ့ကို ရုတ်ချည်း ပြန်လှည့်ကြည့်လာသည့် ကျိမြန်၏ အကြည့်တို့မှာ အလွန်အမင်း နက်ရှိုင်းနေတော့သည်။ 


သူ့နှုတ်ခမ်းတို့ ခပ်ဖြည်းဖြည်းချင်း စူထွက်လာကာ အလိုမကျဟန်ဖြင့် မေးလိုက်သည်။ 


"အဆင်မပြေလို့လား ..." 


ကျိမြန်က သူ့ကို နင့်နင့်သည်းသည်း နမ်းရှိုက်ကာ ခေါင်းယမ်းလျက် ပြောလိုက်သည်။ 


"မဟုတ်ဘူး အဆင်ပြေတယ် ကိုယ် အရမ်းကို သဘောကျတယ် ..." 


ထို့နောက် သူ့နှုတ်ခမ်းသားတို့ကို နူးနူးညံ့ညံ့ ပွတ်သပ်လျက် ညင်သာစွာ ပြောလိုက်သည်။ 


"အိုး ကိုယ် မင်းရဲ့ နှုတ်ခမ်းနီတွေကို ဖျက်မိသွားပြီပဲ ..." 


ရှောင်ကျားရှုက သူ့ကို အကြိမ်အနည်းငယ်ခန့် အလျင်အမြန် နမ်းရှိုက်ကာ ပြုံးရင်း ပြောလိုက်သည်။ 


"ကိစ္စမရှိဘူး ကော ကြိုက်သလောက်သာ ဖျက် ပြီးမှ မိတ်ကပ်ပြင်ပေးတဲ့သူကို ပြန်ပြင်ခိုင်းလိုက်မယ် လာပါ ဓာတ်ပုံနည်းနည်းလောက် ရိုက်ပြီးတော့ Weibo ပေါ် တင်ကြရအောင် ..." 


ကျိမြန်က သူ့ခေါင်းကို ပွတ်သပ်ပေးကာ ဓာတ်ပုံရိုက်ခြင်း လုပ်ငန်းစဉ်ကို ဆက်လက်၍ လုပ်ဆောင်နေလိုက်တော့သည်။ ရှောင်ကျားရှုမှာ ပို့စ်ပေးရာတွင် လွန်စွာ ကျွမ်းကျင်လှကာ ဦးစွာ ကျိမြန်ကို နမ်းတော့မည့်နှယ် ပို့စ်ပေးလိုက်ပြီးနောက် ကြောင်တစ်ကောင်နှယ် လက်ကိုမြှောက်ကာ ကျိမြန်ရင်အုပ်ပေါ် ခေါင်းမှီနေသည့်ပုံမျိုး လုပ်ပြလိုက်ပြန်သည်။ ထို့နောက်တစ်ဖန် မတ်တပ်ထရပ်ကာ ကျိမြန်လည်ပင်းကို ဖက်လျက် သူ့နားရွက်ကို ကိုက်မည်ဟန် သရုပ်ပြလိုက်ပြန်၏။ 


ကျိမြန်က ကင်မရာခလုတ်ကိုသာ ဆက်တိုက် နှိပ်နေလိုက်ကာ သူ့မျက်နှာပေါ်ရှိ အပြုံးမှာလည်း လုံးဝ လွင့်စင်မသွား။ ဓာတ်ပုံရိုက်ရခြင်းကို မနှစ်သက်သော်ငြား ရှောင်ကျားရှု၏ ချစ်စဖွယ် အပြုအမူများကို တွေ့လိုက်ရသည့်အခါ သူနှင့်ပတ်သက်သမျှတိုင်းကို ဓာတ်ပုံရိုက်ကာ သိမ်းဆည်းထားလိုစိတ်များ တစ်ဖွားဖွား ထွက်ပေါ်လာရတော့သည်။ အိုမင်းလာသည့်အခါ လိမ္မော်နီရောင် ဆည်းဆာအောက်ရှိ တကျွီကျွီမြည်နေသော ပက်လက်ကုလားထိုင်ပေါ်တွင် ရှောင်ကျားရှုကို ပွေ့ဖက်လျက် ခေါင်းချင်းဆိုင်ကာ ထိုမြတ်နိုးဖွယ် အမှတ်တရများကို ပြန်ပြောင်းအောက်မေ့လိုပေသည်။ 


ထူးဆန်းလိုက်တာ ... 



တည်ငြိမ်သည့် ဘဝတစ်ခုကို လိုချင်သည့်တိုင် အသက်အရွယ် ကြီးရင့်လာသည့်အခါ မည်သို့မည်ပုံ ဖြတ်သန်းချင်ပါသည်ဟု တစ်ကြိမ်တစ်ခါမှ မတောင့်တခဲ့ဖူးချေ။ သိူ့သော် ရှောင်ကျားရှုနှင့် အတူတူ ရှိလာသည့်အခါ အနာဂတ်အကြောင်း မစဉ်းစားဘဲပင် မနေနိုင်တော့။ ဤသည်မှာ ရှေ့သွားနောက်လိုက်ညီသူနှင့် မညီသူအကြား ကွာခြားချက်ပင် ဖြစ်ပေလိမ့်မည်။ ရှောင်ကျားရှုနှင့်သာဆိုလျှင် သူ့နှလုံးသားတစ်ခုလုံး နွေးထွေးငြိမ်သက်ကာ ပြည့်ဝနေပေသည်။ 


ဓာတ်ပုံအချို့ကို ရွေးကာ ပုံကိုးပုံဆန့်သည့် အကွက်ဖြင့်  မည်သူ့ကိုမှ tag တွဲထားခြင်း မရှိဘဲ "ကိုယ့်အချစ်လေး" ဟု ရေးကာ ပို့စ်တင်လိုက်တော့သည်။ သူ့ပရိတ်သတ်များကို လျှို့ဝှက်ဆန်းကြယ်မှု အနည်းငယ် ပေးရဦးမည်ဖြစ်သည်။ 


တော်ပီဒိုတစ်ခုနှယ် ဂယက်ထသွားစေမည့် ပို့စ်ကို တင်လိုက်ပြီးနောက်တွင်တော့ သရဖူအားလုံး တစ်စစီ လွင့်စင်သွားတော့သည်။ 


မင်းတို့ သိရဲ့လား ကျိမြန်ဆိုတာ အနုပညာလောကမှာ အသန့်စင်ဆုံး ကြယ်ပွင့်တစ်ယောက်ကွ အမျိုးသမီးကြယ်ပွင့်တွေနဲ့ နီးစပ်ဖို့ မပြောနဲ့ ပွဲဦးထွက်ပြီးကတည်းကကို ဘာ ကောလဟာလမှ မရှိသေးဘူး သူ့ရဲ့ အေးစက်ပြီး သီးသန့်ဆန်တဲ့ စရိုက်ကကို ထူးခြားတဲ့ ဆွဲဆောင်မှုတစ်ခုလို ဖြစ်နေတာလေ ... 


ထို့ကြောင့် ဤပို့စ်ကို တင်ပြီးသည်နှင့် တစ်ပြိုင်နက် ချက်ခြင်း Weibo ၏ hot search ထိပ်ဆုံးစာရင်းထဲ ရောက်ရှိသွားတော့သည်။ လူတိုင်းက ထိုမိန်းမလှလေး၏ သရုပ်မှန်ကို သိလိုနေကြရာ နှင်းဆီခိုင်ကျိမြန်၏ နာမည်ကျော်ကြားလှသော ပိုင်ရှင်အကြောင်းမှာ အနုပညာလောကအနှံ့ လေအဟုန်နှယ် ပျံ့နှံ့သွားတော့သည်။


အင်တာနက်သုံးစွဲသူများက ထိုပို့စ်အောက်တွင် မှတ်ချက်များ ချန်ထားခဲ့လိုက်ကြတော့သည်။ 


[နတ်ဘုရားကျိ ဒီလိုမျိုး ပြစ်မျိုးမှဲ့မထင် အလှလေးကို ဘယ်ကနေများ သွားရှာလာတာလဲ] 


[အချိုးအဆစ်က လုံးဝကို 3D အတိုင်းပဲ ကြည့်ရတာ သွေးနှောထင်တယ်] 


[ဒေါက်ဖိနပ်စီးထားတော့ အရပ်က နတ်ဘုရားကျိနဲ့တောင် တန်းတူဖြစ်လုနီးပါးပဲနော် ရင်ဘက်တွေ၊ ခါးတွေ၊ တင်ပါးတွေ ပြီးတော့ ခြေတံတွေကိုလည်း ကြည့်လိုက်ပါဦး ဒါ သေချာပေါက်ကို မော်ဒယ်တစ်ယောက်ရဲ့ ကိုယ်လုံးကိုယ်ပေါက်ပဲ ] 


[အား အား အား နင်တို့တွေ အကုန်လုံး မတွေ့ကြသေးဘူး မဟုတ်လား သူမက တကယ်ကြီးကို နတ်ဘုရားကျိရဲ့ ပေါင်ပေါ်မှာ ထိုင်နေတာဟဲ့ ပြီးတော့ ဒီဟာ ဒီဟာကိုလည်း အနီးကပ် ကြည့်ကြည့်လိုက်ဦး နတ်ဘုရားကျိရဲ့ ညာဘက်လက်က သူမရဲ့ တင်ပါးကို ကိုင်ထားတယ်ဟေ့ ဒါက အနုပညာလောကရဲ့ "လူကြီးလူကောင်း" လို့ နာမည်ကြီးတဲ့ နတ်ဘုရားကျိနဲ့ တစ်ယောက်တည်းရော ဟုတ်ရဲ့လား ငါဖြင့် ယုံကို မယုံနိုင်တော့ဘူး] 


[ဘာတွေ မယုံနိုင်နေတာလဲ သူတို့က ချစ်သူတွေလေ ပူးကပ်နေတာ ဖြစ်သင့်တာပဲကို caption ကို မမြင်ဘူးလား နတ်ဘုရားကျိက သူမကို အချစ်လေးလို့ ခေါ်ထားတာလေ နတ်ဘုရားကျိက ဒီလောက်နှစ်တွေ ကြာတာတောင် အချစ်နဲ့ မတွေ့ခဲ့တာ မထူးဆန်းတော့ပါဘူး သူ့အမြင်က အရမ်းကို မြင့်လွန်းနေတာကိုး ဒီသွေးနှောအလှလေးက တရုတ်မှာ ရှိရှိသမျှ ကြယ်ပွင့်တွေထက် အများကြီး အများကြီးကို သာတယ် သူမရဲ့ အလှအပက တစ်ကမ္ဘာလုံးထက်တောင် ကျော်လွန်နေသေးသလိုပဲ] 


[ အယ် နေပါဦး သူမကို ရင်းနှီးနေတယ်လို့ ခံစားရတာ ငါတစ်ယောက်တည်းလား မျက်ခုံးတွေ နှာတံတွေက နတ်ဘုရားမ ရွှယ်မြောင် ငယ်ငယ်တုန်းကပုံနဲ့ အရမ်းကို တူတာပဲနော် ကွေ့ပတ်ပြောမနေတော့ဘူး ဒီ နှိုင်းယှဉ်ထားတဲ့ ဇယားကိုသာ ကြည့်ကြည့်လိုက်တော့ ] 


[မဟုတ်သေးဘူး ဘာလို့ နတ်ဘုရားကျိက တက်‌တူးတွေအပြည့်နဲ့ ဖြစ်နေရတာလဲ သူ့ကို ဒီလိုပုံစံမျိုးနဲ့ တွေ့ရဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲလေ ဟုတ်တယ်မဟုတ်လား သူက ဒီလောကမှာ နာမည်ကြီး ဝါရင့်တစ်ယောက်ပဲဟာ ငါတော့ ဒီပုံတွေကိုတောင် သိပ်ပြီး မသင်္ကာချင်တော့ဘူး ကြည့်ရတာ မဂ္ဂဇင်းကာဗာလား၊ ဓာတ်ပုံစာအုပ်လား တစ်ခုခုပဲ ဖြစ်လိမ့်မယ် ရည်းစားပရိသတ်တွေရေ အားလုံး ရှင်းရှင်းလင်းလင်း မသိရသေးဘဲ အလျော့မပေးနဲ့ဦး ] 


သူ့ပရိတ်များ အမှန်တရားနှင့် တစ်ဖြည်းဖြည်း နီးကပ်လာကာမှသာ ကျိမြန်လည်း ဖုန်းကို ပိတ်ထားလိုက်တော့သညိ။ ဤဓာတ်ပုံများက မည်မျှအထိ ဂယက်ရိုက်သွားမည်ကို ဂရုမစိုက်၊ ချစ်သူရည်းစား ပရိသတ်မည်မျှ ဒေါသထွက်သွားသည်ကိုလည်း စိတ်မဝင်စား၊ သူတင်လို၍ တင်ခဲ့ခြင်းဖြစ်ပြီး သူ့နှလုံးသားထဲတွင်မူ သူ့ချစ်သူလေးထက် မည်သူကမှ အရေးမကြီးချေ။ 


ရှောင်ကျားရှုကလည်း အင်တာနက်ပေါ်မှ ကောလဟာလများကို ဂရုမစိုက်၊ မှတ်ချက်များကို ဖတ်ကြည့်နေရင်းသာ အားရပါးရ ရယ်မောလိုက်တော့သည်။ 


"ကျိကော သူတို့တွေက ကျွန်တော့်ကို သွေးနှောတဲ့ မော်ဒယ်လို့ ပြောတဲ့သူတွေတောင် ရှိနေသေးတယ် အခု အင်တာနက်ပေါ်ကနေ ကျွန်တော့် ကိုယ်ရေးအချက်အလက်တွေကိုတောင် လိုက်ရှာနေကြပြီ ပျော်စရာကြီး ..." 


"ရှာပါစေ သူတို့ ရှာတွေ့တယ် ဆိုရင်မှ ထူးဆန်းနေဦးမယ် ..." 


သူ၏ အဓိက account ကို log in ဝင်ကာ ကျိမြန်၏ ပို့စ်အား like ပေးလိုက်ပြီးနောက် အရိပ်အခြည်ကို အကဲခတ်ကြည့်လိုက်ကာ ကျိမြန်က သူ့ကို ကြည့်မနေကြောင်း တွေ့လိုက်ရမှသာ အရန် account ကို ပြန်ဝင်ကာ ထိုပို့်စ်ကို like သွားပေးလိုက်ပြန်သည်။ များမကြာမီ ကုမ္ပဏီက ထိုပို့်စ်မှာ ရုပ်ရှင်အသစ်အတွက် ပရိုမိုးရှင်းဆင်းခြင်းဖြစ်ကြောင်း ရှင်းလင်းလာမည်ဖြစ်ကြောင်း သိနေသည့်တိုင် သူ့ပုံများကို ကျိမြန် တင်ထားသည်အား ကြည့်နေရင်း အလွန်အမင်း စိတ်ကျေနပ်သွားတော့သည်။ 


ကျိမြန်က သူ့ခေါင်းကို ခပ်ပြုံးပြုံး ပွတ်သပ်ပေးလိုက်ရင်း ရှောင်ကျားရှု သူ့မျက်နှာကို နမ်းရှိုက်ကာ နှုတ်ခမ်းနီရာဖျော့ဖျော့ ကျန်ရစ်ခဲ့သည့်ပုံကို ‌ရွေးချယ်ပြီး friend circle တွင် တင်လိုက်သည်။ "အရမ်းကံကောင်းတယ်" ဤသည်မှာ သူနှင့် ရှောင်ကျားရှု၏ ဆက်ဆံရေးကို ပွင့်ပွင့်လင်းလင်း ကြော်ငြာလိုက်ခြင်းပင် ဖြစ်ပေသည်။ 


ရှစ်ထင်းဟန်က ချက်ခြင်းပင် reply ပြန်လာသည်။ 


[ဘယ်သူက ကံကောင်းတာလဲ မင်းလား သူမလား] 


ကျိမြန်က ရှောင်ကျားရှုကို ဖျတ်ခနဲ လှမ်းကြည့်ကာ အခိုင်အမာ ပြောလိုက်သည်။ 


[ငါ] 


ကျိမြန်၏ friend circle မှ ပို့စ်ကို ကြည့်နေသော ရှောငိကျားရှုမှာလည်း ထို reply ကို တွေ့လိုက်ရသည့်အခါ အကြည့်တို့ ချက်ခြင်း ဝင်းလက်တောက်ပသွားတော့၏။ ကျိမြန်၏ လည်ပင်းကို ဖက်တွယ်ကာ နားနားကပ်လျက် တီးတိုးပြောလိုက်သည်။ 


"တကယ်တမ်းဆို ပိုကံကောင်းတဲ့သူက ကျွန်တော်လေ ..." 


"မဟုတ်ဘူး ကိုယ်ကမှ ကံကောင်းတာ ..." 


ကျိမြန်က နှာခေါင်းထိပ်ဖျားချင်း ပွတ်တိုက်လျက် ပြောလိုက်သည်။ သူ့လေသံမှာ အလွန်အမင်း သည်းသည်းလှုပ် အလိုလိုက်‌လိုဟန်တို့ ပြည့်နှက်နေပေသည်။ 


"ကျွန်တော်ပါဆိုနေ ..." 


ရှောင်ကျားရှုက နှာခေါင်းချင်း ပြန်တိုက်လိုက်သည်။ 


"ကိုယ်ပါဆို ..."


ကျိမြန်က သူ့ကို ဖိကပ်နမ်းရှိုက်လိုက်ကာ မျက်နှာနှစ်ခု ပူးကပ်သွားပြီး နှာတံရှည်တို့ အချင်းချင်း ပွတ်တိုက်မိသွားတော့သည်။ သူတို့ပုံစံမှာ ရူးကြောင်ကြောင် ဖြစ်နေကာ ပြောနေသည့် စကားတို့မှာ ပို၍ပင် ရူးကြောင်ကြောင်နိုင်လှသော်ငြား ချိတ်ဆွဲထားသည့် အပြုံးတို့မှာမူ ပြိုင်ဘက်ကင်းလောက်အောင်ပင် တောက်ပနေပေသည်။ 


အချစ်နဲ့ ထိတွေ့မိတာနဲ့ တစ်ပြိုင်နက် လူတွေရဲ့ အိုင်ကျူက အနုတ်ဘက်အထိ ကျသွားတတ်တယ်ဆိုတာ တကယ်ပဲကိုး ...


........


ကျောက်ချွမ်က ဓာတ်ပုံများကို ရွေးချယ်ပြီးနောက် တစ်ဖက်သို့ လှည့်ကြည့်လိုက်သည့်အခါ ကျိမြန်သည် အမှန်တကယ်ပင် Weibo ပေါ် ပို့စ်တင်လိုက်ပြီဖြစ်ကြောင်း တွေ့လိုက်ရတော့သည်။ 


ဒီလိုအချစ်မျိုးက တကယ်ကို သေမှာမကြောက်ဘူးပဲ ဒီနှစ်ယောက်ကတော့လေ သူတို့ရဲ့ ဆက်ဆံရေးကို အင်တာနက်ပေါ်ကလူတွေ ရှာတွေ့သွားမှာ မကြောက်ကြဘူးလား သူ အခုတလော တင်ထားတဲ့ ပို့စ်တွေကိုလည်း ကြည့်ကြည့်လိုက်ဦး အကုန်လုံးက ရှောင်ကျားရှုနဲ့ ဆိုင်တာတွေချည်းပဲ ပူးပူးကပ်ကပ် ဓာတ်ပုံတွေ၊ လမ်းလျှောက်ထွက်ရင်း ရိုက်ထားတဲ့ ရှုခင်းပုံတွေ၊ ဒိတ်လုပ်တုန်းက စားစရာတွေ ပြီးတော့ ညပိုင်းရောက်မှ နှစ်ယောက်အတူတူ ဖတ်တဲ့ စာအုပ်တွေတောင် ပါလိုက်သေးတယ် သိပ်ပြီး မထင်မရှား ဆိုပေမယ့် သေချာသာ ကြည့်လိုက်ရင် ဖုံးကွယ်ထားတဲ့ စိတ်အားထက်သန်မှုတွေကို မြင်နိုင်ဖို့ဆိုတာ မခက်ပါဘူး ... 


ရှောင်ကျားရှုရဲ့ Weibo လည်း အတူတူပဲ လမ်းလျှောက်ရင်း ချက်ခြင်း ရိုက်လိုက်တဲ့ အရိပ်အရှည်ကြီးက ကျိမြန်ရဲ့ အရိပ်ဆိုတာ ဗေဒင်မေးနေစရာကို မလိုဘူး အအေးသောက်တဲ့အခါ ခွက်ကိုကိုင်ထားတဲ့ လက်ကို ရိုက်ပြီးတင်တယ် ဒါလည်း ကျိမြန်ရဲ့ လက်ပဲ ဆူညံနေတဲ့ ဘားဘေးကနေ ဖြတ်သွားတဲ့အခါ ကြုံရာကျပန်း ပုံတစ်ခုလောက် ရိုက်တင်လိုက်တယ် ဆိုပေမယ့် လူအုပ်ထဲမှ center နေရာက ကျိမြန်ပဲ ... 


နှစ်ယောက်လုံးက အချိန်ပြည့် တစ်ယောက်ကို တစ်ယောက် အာရုံစိုက်နေ၊ ကြည့်နေ၊ ခံစားချက်တွေ ပြည့်နှက်နေကြတာ ဒါ ဘယ်လိုဆက်ဆံရေးမျိုး ဖြစ်မလဲ ... 


ကျောက်ချွမ်၏ နှလုံးသားတစ်ခုလုံး ချဉ်စူးသွားသည့်တိုင် အနည်းငယ်လည်း နွေးထွေးသွားရပြန်သည်။ သူတို့ ပြန့်ကြဲချနေသည့် ခွေးစာများကို သဘောကျလုနီးပါး ဖြစ်လာပြီဟု

တော့ လုံးဝ ထုတ်ပြောလိမ့်မည် မဟုတ်ချေ။ သူတို့၏ ပျော်ရွှင်မှုမှာ သန်မာလွန်း၍ လေထုထဲသို့ ပျံ့နှံ့နိုင်သည့် အစွမ်းသတ္တိပင် ရှိနေသယောင်။



Xxxxxxxx