အပိုင်း ၁၅၂
Viewers 44k

Chapter 152





ကျိမြန်က သူ၏ တဆတ်ဆတ်တုန်ရီနေသော ခန္ဓာကိုယ်ကို ပုတ်ပေးရင်း သူ့စိတ်ကိုလည်း ပြန်လည်ပြင်ဆင်လိုက်သည်။ 


"ဒါမှမဟုတ် ကိုယ် အရင် ခုန်ချကြည့်ရင်ရော ..." 


သူကိုယ်တိုင် ခုန်ချကာ လုံခြုံရေးကိရိယာများမှာ စိတ်ချနိုင်ဖွယ်ရာ ရှိကြောင်း မစစ်ဆေးရပါလျှင် ရှောင်ကျားရှု ခုန်ချသည်ကို ထိုင်ကြည့်နေရန်မဆိုထားနှင့်၊ နှစ်သိ့မ်စကားပင် ပြောပေးနိုင်မည် မဟုတ်ချေ။ 


"ဘာကိုလဲ ..." 


ရှောင်ကျားရှုက နားဝေတိမ်တောင် ဖြစ်သွားသော်ငြား ချက်ခြင်းပင် သဘောပေါက်သွားတော့သည်။ 


"လုံးဝ လုံးဝကို မရပါဘူး ကော ခုန်ချလို့ မရဘူးနော် ကောကို ခုန်ချခွင့် မပေးဘူး ..." 


သူက ကျိမြန်၏ ခါးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။ ထိုခွန်အားတို့မှာ မည်သည့်နေရာမှ ထွက်လာသည်မသိ၊ တစ်ဖက်သူကို ဆွဲမကာ ခုန်ချမည့် တံတားဘက်ခြမ်းနှင့်‌ ဝေးရာသို့ပင် ရွှေ့ပေးနိုင်‌လိုက်တော့သည်။ 


ရှောင်ကျားရှု၏ လည်ပင်းကို ဖက်တွယ်လျက် ခြေထောက်တို့မှာ မြေကြီးနှင့်ပင် မထိတော့၊ တံတားလက်ရန်းမှ ဝေးရာသို့ တစ်ဖြည်းဖြည်း ဆွဲခေါ်သွားခံလိုက်ရသည့် ကျိမြန်က နဖူးကို လက်ဖြင့် အုပ်ကိုင်ထားရင်းသာ ခပ်တိုးတိုး ရယ်မောလိုက်တော့သည်။ 


ဘုရားရေ ဘယ်လိုကုသိုလ်တွေကြောင့်များ ဒီလောက် ချစ်စရာကောင်းတဲ့ ချစ်သူလေးကို ပိုင်ဆိုင်ခဲ့ရပါလိမ့် တကယ်ကြီးကို ထိန်းမထားနိုင်တော့ဘူး ... 


ကြောက်ရွံ့ပူပန်မှုအားလုံး ပျောက်ကွယ်ကာ စိတ်လှုပ်ရှားမှုကိုသာ ခံစားလိုက်ရတော့သည်။  


"ရှောင်ရှု ကိုယ့်ကို အမြန်အောက်ပြန်ချပေး ..." 


သူ့ကောင်လေး၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။ 


"ကိုယ် အရင် ခုန်ချမယ် ဘာ ပြဿနာမှ မရှိတာ သေချာမှ မင်းက လိုက်ပြီးခုန်ချ ကိုယ် ခုန်ချနေတုန်း တစ်ခုခုဖြစ်သွားမှာကို မင်း စိုးရိမ်သလို ကိုယ်လည်း စိုးရိမ်တာပဲ ဆိုတော့ နှစ်ယောက်လုံး စိတ်အေးရအောင် နှစ်ယောက်လုံး ခုန်ကြမယ် မင်းအတွက်ဆို ကြောက်ရွံ့စိတ်ကိုလည်း ရင်ဆိုင်ရဲတယ် ဘယ်လိုလဲ မင်းရော လုပ်နိုင်လား..." 


ရှောင်ကျားရှုက သူ့ကို အောက်ပြန်ချကာ စိတ်မပါလက်မပါဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ 


"ဒါပေါ့ သေချာပေါက်ကို ‌လုပ်နိုင်တာပေါ့ ကျိကော ကျွန်တော် ကောကို ချစ်လွန်းလို့ သေတော့မှာပဲ ..." 


သူက ကျိမြန်ကို ပွေ့ဖက်ကာ ကျဆင်းနေသည့် မျက်ရည်တို့အား ပုခုံးစွန်းဖြင့် တိတ်တဆိတ် သုတ်လိုက်သည်။ 


တကယ်တော့ သူတို့နှစ်ယောက်လုံးက အတူတူ ခံစားနေရတာပဲ ကိုယ့်ကိုယ်ကိုထက်ပိုပြီးကို တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ပေးနေမိကြတာပဲ ... 


"အချစ်က လူကို ရဲရင့်စေတယ်"  ရှောင်ကျားရှုမှာ ဤစာသားကို လက်ခံလာမိတော့သည်။ ကြောက်ရွံ့စိတ်တို့ ကင်းစင်သွားသည့်အတွက် တီးတိုးပြောလိုက်သည်။ 


"အရင် မခုန်နဲ့ အတူတူ ခုန်ကြရအောင် တစ်ခုခု ဖြစ်တော့လည်း နှစ်ယောက်အတူတူပေါ့ အတူတူ မဟုတ်ရင် လုံးဝ လက်မခံဘူးနော် ..." 


ကျိမြန်က သူ၏ စိုစွတ်နေသော မျက်ဝန်းထောင့်စွန်းတို့ကို ဖိပွတ်ပေးရင်း တယုတယ ပြောလိုက်သည်။ 


"ပေါက်ကရတွေ ... ကိုယ်တို့က ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး ..." 


အတော်ကြာ ပွေ့ဖက်လိုက်ပြီးကာမှ တံတားအစွန်းရှိ ကျောက်ချွမ်အနားလာကာ သူတို့အစီအစဉ်ကို ပြောပြလိုက်တော့သည်။ 


ကျောက်ချွမ်က သူတို့အစီအစဉ်ကို လက်ခံကာ ချဉ်တူးစွာ ပြောလိုက်သည်။ 


"ဘာလုပ်နေတာလဲ ငါရိုက်နေတာ ဟာသအက်ရှင်ကားနော် ရိုမီယိုနဲ့ ဂျူးလိယက် မဟုတ်ဘူး သွား သွား ခုန်မှာဆိုလည်း ခုန် ရှောင်ရှုသာ ခုန်မချရဲသေးဘူးဆိုရင် မင်းကို အခုကိုင်ထားတဲ့ စကားပြောစက်နဲ့ကို သေအောင်ရိုက်သတ်ပစ်ဦးမှာ ..."


"ချွမ်အာ မင်းက အရမ်းကို အပေါက်ဆိုးလာတာပဲ ရာသီလာနေတာလား ..." 


ရှောင်ကျားရှုက အပြစ်တင်ကာ ကျိကော၏ အကူအညီဖြင့် တံတားလက်ရန်းပေါ် တက်လိုက်သည်။ 


ကျိမြန်က သူ့လက်ကို ကိုင်ထားလျက် တည်ငြိမ်စွာ ပြောလိုက်၏။ 


" တစ် နှစ် သုံးလို့ ရေပြီးရင် အတူတူ ခုန်ချကြမယ်နော် ..." 


"အိုကေ ..." 


မည်သူကမှ ပိုမမြန်သလို မည်သူကမှလည်း နှေးပြီး ကျန်မနေခဲ့။ တစ်ယောက်ယောက်သာ ပိုနှေးလျှင် သိူ့မဟုတ် ပိုမြန်ပါလျှင် မြေပေါ် ပြုတ်ကျသည့် အရှိန်ကို နှေးသွားစေရန် အလို့ငှာ သူ့ချစ်သူကို ပြန်ဆွဲထားမည်ဖြစ်သည်။ ဤဖြစ်ရပ်တွင် တစ်ဖက်သူအား ပိုအရေးကြီးသည်ဟု သတ်မှတ်ထားကြသူများမှာ အမှန်တကယ်ကို သတ္တိဖြင့် ပြည့်စုံသူများ ဖြစ်ကြပေသည်။ သုံးစက္ကန့်အကြာတွင် လက်ချင်းတွဲလျက် သေသပ်လှပစွာ မြေပေါ်သို့ သက်ဆင်းလာနိုင်တော့သည်။ 


မြေပေါ်မရောက်မီ ကျိမြန်က မြေပေါ်ကျသည့်အခါ  ရှောင်ကျားရှု၏ ခန္ဓာကိုယ်ကို သက်ရောက်မှု လျော့နည်းစေရန် တမင်တကာပွေ့ဖက်ထားလိုက်သည်။ ရှောင်ကျားရှုကလည်း သူ့ခေါင်းကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ကာ ကာကွယ်ပေးထားလိုက်၏။ 


လေထိုးမွေ့ယာပေါ်တွင်ပင် တင်းတင်းကြပ်ကြပ် ပွေ့ဖက်လျက် ပြင်းပြင်းရှရှ နမ်းရှိုက်ကာ အနမ်း ပြီးဆုံးသွားချိန်တွင် တစ်ယောက်‌ကိုတစ်ယောက် နင့်နင့်သည်းသည်း စိုက်ကြည့်နေလိုက်ကြ၏။ တူညီသော ပူပန်မှုတို့ကို ရှာတွေ့လိုက်သည့်အတွက် နဖူးချင်း အပ်လျက် ပြုံးလိုက်မိကြတော့သည်။ 


"ကြောက်နေလား ..." 


ကျိမြန်က ရှောင်ကျားရှု၏ နီမြန်းနေသော နှုတ်ခမ်းကို ပွတ်သပ်လျက် မေးလိုက်သည်။ 


"မကြောက်ပါဘူး နည်းနည်းတောင် စိတ်လှုပ်ရှားစရာ ကောင်းနေသေးတယ် ..." 


ရှောင်ကျားရှု၏ မျက်နှာမှာ အံ့ဩမှုတို့အပြည့်ပင်။ 


ကျိမြန်က ခပ်တိုးတိုး ရယ်ကာ ပြောလိုက်သည်။ 


"ကိုယ်ရောပဲ စိတ်လှုပ်ရှားဖို့ ကောင်းတယ်နော် နောက်တစ်ခေါက်တောင် ထပ်လုပ်နိုင်လောက်တယ် ..." 


"ဒါဆို ထပ်လုပ်ကြမလား ..." 


မတ်တပ်ထရပ်လိုက်သည့် ရှောင်ကျားရှု၏ အမူအယာမှာ စိတ်အားထက်သန်မှုတို့ အပြည့်ပင်။ ထိုစဉ် စကားပြောစက်မှတစ်ဆင့် ကျောက်ချွမ်၏ ဒေါသတကြီး အော်ဟစ်သံကို ကြားလိုက်ရတော့သည်။ 


"ပြီးပြီလား အမြင့်ခုန်တာမျိုး လုပ်ချင်ရင် အပန်းဖြေဥယျာဉ်ထဲ သွားကြကွ ရိုက်ကွင်းမှာ ပြဿနာ လာမရှာနဲ့ မကြောက်တော့ဘူးဆိုရင်လည်း အခုချက်ခြင်း တက်ခဲ့ကြတော့လေ ရိုက်ကူးရေး ပြန်စဖို့ လိုသေးတယ်ဆိုတာ နားလည်လား ..." 


"လာပြီ လာပြီ ..." 


ရှောင်ကျားရှုက သူ့ကို လာပေးသည့် လုံခြုံရေး၏ စကားပြောစက်ကို ယူကာ ရွှင်လန်းမှုအပြည့်ဖြင့် ကြေငြာလိုက်သည်။ 


"ချွမ်အာ ဒီကိုကြည့် ဒီအခန်းကို NG တစ်ခုမှ မပါဘဲ ပြီးစေရမယ် ..." 


ကျောက်ချွမ်က လေသံကို အနည်းငယ် လျော့ပေးလိုက်သည်။ 


"ပေါက်ကရတွေ ပြောမနေဘဲ တက်လာခဲ့တော့ ဘေးကင်းနေရင် ရပြီ  NG ပါတာ မပါတာက သိပ်ကိစ္စမရှိဘူး အခု ငါတို့ရဲ့ လုံခြုံရေးကိရိယာတွေက ဘယ်လောက်အထိ ကောင်းသလဲ သိပြီမဟုတ်လား ..." 


သူ့ချစ်သူ မတော်တဆဖြစ်မှာကို ကြောက်လို့ ရိုက်ကူးရေးအဖွဲ့ရဲ့ လုံခြုံရေးပစ္စည်းတွေကိုတောင် ကိုယ်တိုင် စစ်ဆေးကြည့်တယ် ကျိမြန်က ဒီလို နွေးထွေးတဲ့ ယောကျာ်းမျိုးမှန်း ဘာလို့ မသိခဲ့ပါလိမ့် သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက တကယ်ကို ကောင်းတာပဲ တစ်သက်လုံးတောင် လက်တွဲသွားနိုင်လောက်တယ် ... 


ခံစားချက်တို့ ပြည့်လျှံနေစွာဖြင့် ခေါင်းကို အသာယမ်းခါလိုက်သည်။ 


ကျိမြန်က လေထိုးမွေ့ယာပေါ်မှ အရင်ခုန်ဆင်းကာ ရှောင်ကျားရှုအား ကူတွဲလျက် ပြောလိုက်သည်။ 



"စိတ်ကို‌ အေးအေးလေးပဲထားထား သရုပ်ဆောင်တွေ ဘေးကင်းဖို့က နံပါတ်တစ် ဦးစားပေးပဲ ..." 


"ကောင်းပြီ ကောင်းပြီ မင်းရဲ့ရှောင်ရှုက နံပါတ်တစ်ဆိုတာ သိပါပြီ ..." 


ကျောက်ချွမ်၏ အားနည်းနေသော အသံက စကားပြောစက်မှတစ်ဆင့် ထွက်ပေါ်လာတော့သည်။ 


တစ်ကိုယ်တည်းခွေးတွေကို တစ်နေကုန် အနိုင်ကျင့်နေတဲ့ လုပ်ရပ်တွေ ရပ်တန့်ပေးလို့ ရမလား ဒီတိုင်းသာဆို ရဲခေါ်ရတော့မယ်နော် ... 


ရှောင်ကျားရှုနှင့် ဝူချွမ်းရီတို့သည် ဇာတ်ကွက်အားလုံးကို ထူးထူးချွန်ချွန်ဖြင့် ရိုက်ကူးပြီးစီးသွားတော့သည်။ NG အခေါက်ပေါင်းများစွာ ရခဲ့သည့်တိုင် ကျိကောက တံတားအောက်တွင် ရင်ခွင်ကို ဖွင့်ထားလျက် ရပ်‌စောင့်နေသည့်အတွက် သတ္တိတို့ တစ်ဖြည်းဖြည်း တိုးလာကာ အကြိမ်ကြိမ်အခါခါ ခုန်ချနိုင်သွားတော့သည်။ ကျိကောသာ ဘေးနားရှိနေပါလျှင် ကြောက်ရွံ့မှုအလုံးစုံကို ကျော်လွှားနိုင်ပေသည်။ 


.........



ကြိုးကြိုးစားစား ရိုက်ကူးမှုအပြီးတွင် "Running all the way" ကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့တော့သည်။ နှစ်ရက်တာ အနားယူပြီးနောက် ကျိမြန်နှင့် ရှောင်ကျားရှုတို့လည်း အိမ်ပြန်ရန် အဆင်သင့်ဖြစ်နေကြတော့၏။ 


ထိုမနက်ခင်းတွင် ကျိမြန်က ရှောင်ကျားရှုကို အိပ်ယာမှ နှိုး၍ မျက်နှာသစ်၊ သွားတိုက်သည့် ကိစ္စတို့အား ကူညီပေးပြီး အလွန်အမင်း formal ကျလှသည့် ဝတ်စုံကို ဝတ်ဆင်စေကာ သူနှင့် မျက်နှာချင်းဆိုင်ရှိ ဆိုဖာ‌ပေါ်တွင် ထိုင်စေလိုက်သည်။ 


"ကျိကော ကျွန်တော့်ကို ပြောစရာ ရှိလို့လား ..." 


နောက်ဆုံးတွင်တော့ ရှောင်ကျားရှုလည်း တစ်ခုခု မူမမှန်သည်ကို သတိပြုမိသွားတော့၏။ ကျိမြန်ကို စုန်ချည်ဆန်ချည် စိုက်ကြည့်ကာ ချီးကျူးလိုက်သည်။ 


"ကျိကော ဒီနေ့ တကယ်ကြီးကို ခန့်သန့်နေတာပဲ အရမ်းကို ချောလွန်းလို့ ခြေထောက်တောင် စေ့မထားနိုင်တော့ဘူး ..." 


ရှည်လျားလှသည့် ခြေတံတစ်စုံကို ဖြန့်ကားလျက် ကျိမြန်၏ ခါးကို တွယ်ချိတ်ကာ အသားစိုင်တို့ကို ခြေမဖြင့် ကလိထိုးလိုက်သည်။ 


ကျိမြန်၏ ယနေ့ ဝတ်စားဆင်ယင်ပုံမှာ အင်မတန် အထက်တန်းကျလှကာ ချောမွေ့တောက်ပြောင်နေသော ဆံပင်တို့ကို ဂျယ်လ်သုံး၍ အနောက်လှန်တင်ထားသည့်အတွက် မျက်နှာအချိုးအဆစ်များ ပိုမိုထင်ရှားလာတော့သည်။ ပုခုံးပြင်မှာ ကျယ်ပြန့်ကာ ‌သေးသွယ်သည့် ခါးကို ပိုင်ဆိုင်ထားသည့်အပြင်  တန်ဖိုးကြီး အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသေးသည်။ ခန္ဓာကိုယ်အချိုးအစားနှင့် ကွက်တိကျလှသည့် အဝတ်စကို ရွေးချယ်ထားသည့်အတွက် ခြေတံတို့မှာ ယခင်ထက်ပင် ဖြောင့်တန်းသွယ်လျသယောင် ခံစားမိလာတော့သည်။ 


သူသည် ကလိထိုး၍ ယားတတ်သူ မဟုတ်သော်ငြား ရှောင်ကျားရှု၏ အလိုကိုလိုက်ကာ အားရပါးရ ရယ်မောလိုက်သည်။ ထို့နောက် ခါးပေါ်ရောက်နေသည့် ခြေထောက်ကို ဒူးနားရွှေ့ကာ လက်နှစ်ဖက်ဖြင့် ကိုင်ထားလျက် နူးညံ့စွာ ပြောလိုက်သည်။ 


"မဆိုးနဲ့တော့ ကိုယ် ပြောစရာရှိလို့ ..." 


တန်ဖိုးကြီး အနောက်တိုင်း ဝတ်စုံကို ဝတ်ဆင်ထားသည့် ရှောင်ကျားရှုက နာနာခံခံဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ 


"အိုကေ မဆော့တော့ဘူး ဘာပြောချင်လို့လဲ ..." 


ကျိမြန်က လည်စည်းကို ပြန်ပြင်ကာ အင်္ကျီလက်ကို ဆုပ်ကိုင်ထားလိုက်သည်။ သူ့ပုံစံမှာ အနည်းငယ် စိတ်လှုပ်ရှားနေဟန်ပင်။ စက္ကန့်များစွာ ကြာမြင့်သည်အထိ တုန့်ဆိုင်းနေပြီးကာမှ စကားသံ ထွက်လာတော့သည်။ 


"ရှောင်ရှု ကိုယ်တို့ လက်ထပ်ကြမလား ..." 


အတွင်းအိတ်ကပ်ထဲမှ နူးညံ့ကာ ကျစ်လျစ်သိပ်သည်းသည့် ကတ္တီပါဘူးသေးတစ်ဘူးကို ထုတ်ယူကာ ဆက်ပြောလိုက်သည်။ 


"ကိုယ်တို့ တွဲလာတာ မကြာသေးဘူး ဆိုပေမယ့် ကိုယ့်တစ်ဘဝလုံးကို မင်းနဲ့အတူ ဖြတ်သန်းသွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ထင်တယ် မင်းရော ဒီလိုပဲ ထင်လား တကယ်လို့ စောသေးတယ်လို့ ခံစားနေရတယ်ဆိုရင်လည်း ကိုယ် စောင့်နိုင် ..." 


ကျိမြန်၏ ပထမဆုံး စကားတစ်ခွန်းကို ကြားလိုက်ရကတည်းက ရှောင်ကျားရှုမှာ မိန်းမောသွားရတော့သည်။ အနည်းငယ်အကြာ သတိပြန်ဝင်လာသည့်အခါ "မြန်လွန်းနေသလား" ဟု ပြောနေသည့် စကားသံကို ကြားလိုက်ရပြန်သည်။ 


နှစ်လလောက်ပဲ တွဲရသေးတာကို လက်ထပ်ခွင့်တောင်းတာ ‌မြန်လွန်းနေတယ် ဟုတ်လား သူကဖြင့် ကျိကောနဲ့ ပထမဆုံး စတွဲတဲ့ နေ့ကတည်းကကို လက်ထပ်ချင်နေတာပါနော် ... 


ထိုအတွေးနှင့်အတူ ကျိမြန်ကို ခုန်အုပ်ပြီး ကတ္တီပါဘူးကို ဆွဲယူကာ ချက်ခြင်း ဖွင့်ကြည့်လိုက်တော့၏။ ‌မသိမသာလေး ပိုသေးသည့် လက်စွပ်ကို သူ့လက်သူကြွယ်တွင် စွပ်ကာ ကျန်တစ်ကွင်းကို ကျိမြန်အား စွပ်ပေးလျက် ကျယ်လောင်စွာ ပြန်ဖြေလိုက်သည်။ 


"သဘောတူတယ် သဘောတူတယ် လုံးဝ လုံးဝကို မမြန်ပါဘူးနော် ကျိကော ကျွန်တော် ကောကိုချစ်တယ် ..." 


ထိုသို့ ပြောနေရင်းပင် ကျိမြန် နောင်တရသွားမည်ကို စိုးရိမ်စိတ်ကြောင့် ပြင်းရှသည့် အနမ်းကြမ်းတို့ဖြင့် သူ့နှုတ်ခမ်းကို ဖိပိတ်လိုက်တော့သည်။ 


ကျိမြန်မှာ စကားပင် မဆုံးသေးခင် လက်စွပ်ဘူး ဆွဲယူခံလိုက်ရသည့်အပြင် မျက်နှာတစ်ခုလုံး တံတွေးတို့ဖြင့် ပေကျံသွားသောကြောင့် ကြောင်အသွားတော့၏။ ထူးခြားကောင်းမွန်လှသည့် ဖွင့်ဟဝန်ခံချက်မျိုးကို ပြုလုပ်ချင်ခဲ့သော်ငြား တစ်ခွန်းမှပင် မပြောနိုင်တော့၊ ရှောင်ကျားရှု၏ ပြင်းရှရှ အနမ်းတို့ကိုသာ အားကြိုးမာန်တက် လက်ခံလိုက်ရတော့သည်။ ရှောင်ကျားရှုက ကောင်းကောင်းမွန်မွန်လည်း မနမ်း၊ နမ်းရှိုက်သည့် အရှိန်မှာ အလွန် လျင်မြန်လှသည့်အပြင် စိတ်လှုပ်ရှားနေသည့် ခွေးပေါက်တစ်ကောင်နှယ် နှုတ်ခမ်းနှင့် သွားတို့ကိုသာ အပြန်ပြန်အလှန်လှန် လျာဖြင့် လျက်နေလိုက်တော့သည်။ 


ကျိမြန်ကလည်း သူ့တင်ပါးကို အလိုလိုပင် ထိကိုင်မိလိုက်တော့၏။ ဤနေရာတွင် အမြီးတစ်ခုသာ ရှိပါလျှင် မည်မျှအထိ မြန်မြန်ဆန်ဆန် ဝှေ့ယမ်းနေမည်ဖြစ်ကြောင်းပင် မြင်‌ယောင်နေမိတော့သည်။ 


ရှောင်ကျားရှု၏ တစ်ကိုယ်လုံး ပျော်ရွှင်မှုတို့ ဖုံးလွှမ်းသွားကာ ကျိမြန်ကို ဖိနမ်းနေသည့်အတွက် မျက်လုံးနှင့် နှာခေါင်းတို့ ရဲရဲနီသွားတော့၏။ သူ့ဘဝတွင် အမှတ်တရများစွာ ရှိသော်ငြား ဤအခိုက်အတန့်မှာ အကောင်းဆုံး အမှတ်တရပင် ဖြစ်ကြောင်း အငြင်းပွားနေရန် မလိုအပ်ချေ။ ပျော်ရွှင်မှုတို့ တရိပ်ရိပ် တက်လာသည့်အတွက် အားရပါးရ ရယ်ချလိုက်ချင်သော်ငြား ဘာကြောင့်ရယ်မသိ၊ မျက်ရည်တို့သာ စီးကျလာတော့သည်။ ဤသည်မှာ"ဝမ်းသာမျက်ရည်" ဆိုသည်ပင် ဖြစ်ပေလိမ့်မည်။ 


ကျိမြန် မြင်မသွားစေရန် အလို့ငှာ သူ့လည်ပင်းကြား ခေါင်းတိုးလျက် အသာအယာ ပွတ်တိုက်လိုက်သည်။ ထို့နောက် စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်သည့်အတွက် အကြိမ်အနည်းငယ် ဖိကိုက်လိုက်၏။ 


သူ တကယ်ကြီးကို စိတ်လှုပ်ရှားနေတာ တစ်ခုခုမှ မလုပ်ရရင် ပေါက်ကွဲထွက်တော့မလားပဲ ... 


ကျိမြန်က သူ့ခံစားချက်အတွေးစတိုင်းကို ပြတ်ပြတ်သားသား ကြားနေရရာ ရှောင်ကျားရှုကို ပွေ့ဖက်ထားရသည်မှာ ကြီးမားသည့် မီးတောက်တစ်ခုနှင့် အလွန်အမင်း ချိုမြိန်လှသည့် သကြားလုံးနှယ်ပင်။ သို့သော် တစ်ဘဝလုံးစာ သူ့ကိုယ်ပိုင် ပျော်ရွှင်မှုလေးကို ဖက်တွယ်ထားရသည်နှင့် ပို၍ပင် တူပေသေးသည်။ ရှောင်ကျားရှု၏ နားရွက်ဖျားလေးကို အကြိမ်ကြိမ်အခါခါ ငုံ့နမ်းရင်း ဆံပင်တို့ကို လက်ငါးချောင်းဖြင့် ထိုးဆွကာ ညင်ညင်သာသာ ပွတ်သပ်ပေးနေလိုက်သည်။ ကြင်နာမှုတို့ လျှံကျနေသည့် အမူအယာမှာ စာဖွဲ့၍ပင် မမှီနိုင်ချေ။ 


လက်ထပ်ခွင့် မတောင်းမီကတည်းက ရှောင်ကျားရှုသည် ဝမ်းသာအားရ တုန့်ပြန်လိမ့်မည်ဟု ကြိုတွေးထားခဲ့ပြီး ဖြစ်သော်ငြား ဤမျှအထိ ပျော်ရွှင်လိမ့်မည်ဟုတော့ ထင်မှတ်မထားချေ။ ကမ္ဘာတစ်ခုလုံးကို အပိုင်စားရသွားသည့် ကလေးတစ်ယောက်နှယ် ကျေနပ်ဝမ်းသာ စိတ်လှုပ်ရှားကာ အနည်းငယ် ကြောင်အသွားရှာတော့သည်။ ကျိမြန်ကလည်း သူ့အတွေးအားလုံးကို သိနေရသည့်အတွက် ယနေ့လုပ်ခဲ့သည့် ဆုံးဖြတ်ချက် မှန်ကန်ကြောင်း သဘောပေါက်သွားကာ ရက်အနည်းငယ် အချိန်‌ဆွဲနေမိသည့်အပေါ်ပင် နောင်တရသွားတော့သည်။ 


ရှောင်ရှုသာ ပျော်ရွှင်မယ်ဆို သူ့အတွက်

ဘာပဲ လုပ်ပေးရ ပေးရ ... 


"ရှောင်ရှု ကိုယ်လည်း မင်းကိုချစ်တယ် ..." 


သွားပေါ်သည်အထိ ပြုံးကာ ပြန်ဖြေလိုက်သည့် ကျိမြန်၏ အမူအယာမှာ အလွန်အမင်း ညင်သာနူးညံ့နေပေသည်။ 



Xxxxxxx