အပိုင်း ၁၅၇
Viewers 44k

Chapter 157





ကျိမြန်၏ ပေကျင်း fan club ဥက္ကဌတစ်ဦးဖြစ်သူ ချိုးလင်လင်မှာ သူမ၏ အကောင်းဆုံး သူငယ်ချင်း စုအန်နာ၏ ကိုင်းကူးသွားမှုကြောင့် အတော်လေး စိတ်အနှောင့်အယှက် ဖြစ်နေရတော့သည်။ စုအန်နာသည် မူလက ကျိမြန်၏ ပြည်တွင်းဖန်ကလပ်၏ ကျောရိုးဖြစ်ကာ မြောက်များစွာသော activity များကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့သူ ဖြစ်ပေသည်။ သို့သော် သူမက  ယခုနှစ်အတွင်း ရှင်းပြချက် တစ်စုံတစ်ရာမှ မပေးဘဲ ဖန်ကလပ်မှ တိတ်တဆိတ် ထွက်ခွါသွားခဲ့သည်။ 


ထွက်ခွါသွားရုံမျှသာဆိုလျှင် အဆင်ပြေနေသေးသည်။ သို့သော် ချိုးလင်လင်က သူမသည် CP ဖန်ကလပ်တစ်ခု ဖွဲ့စည်းကာ ထိုဖန်ကလပ်၏ ပိုင်ရှင်ဖြစ်နေကြောင်းကိုပါ တွေ့ရှိလိုက်ရသည်။ ထို CP fan group ဆိုသည်မှာလည်း အခြားမဟုတ်၊ ကျိမြန်နှင့် ရှောင်ကျားရှုတို့၏ CP fan များပင် ဖြစ်ပေသည်။ 


ဒါက သေချာပေါက်ကို ပေါ်ပင်ကြီးပဲဟာ ... 


ပရိသတ်အစစ်အမှန်ဖြစ်သော ချိုးလင်လင်အဖို့ CP fan များသည် စိတ်အနှောင့်အယှက်ဖြစ်ဖွယ် အကောင်းဆုံးပင်ဖြစ်သည်။ 


အိုင်ဒေါတွေက ဘာမှ ရည်ရွယ်နေတာ မဟုတ်ဘူး နင်တို့ဘာသာ နင်တို့သာ ဇွတ်တွေ တွဲပေးနေတာ နှစ်ယောက်လုံးက ယောကျာ်းလေးတွေလေ ဘာတွေ တွေးနေကြတာလဲ ဟမ် ... 


သူမက စုအန်နာကို ပြန်လာရန် ကြိမ်ဖန်များစွာ နားချခဲ့သော်ငြား တစ်ဖက်သူက ငြင်းပယ်သည့်အပြင် သူမကိုပင် ထို CP ကို အားပေးရန် တောင်းဆိုလိုက်သေးသည်။ 


ဆိုးဝါးလိုက်တာများ ... 


သူငယ်ချင်း ဖြစ်သူထံမှ ဖုန်းဝင်လာသည့်အခါ ချိုးလင်လင်မှာ စိတ်ပျက်သွားသည့်တိုင် ဖုန်းကို ကိုင်လိုက်မိဆဲဖြစ်သည်။ သို့သော် လေသံမှာမူ မနူးညံ့လှ။ 


"ဘာတွေ လုပ်နေတာလဲ ငါ နင့်ကို ပြောပြီးသားနော် အဲဒီ့ CP group ထဲက ထွက်မလာရင် နင်ပြောတာတွေ နားထောင်မပေးတော့ဘူး CP လောကမှာ အနာဂတ်ဆိုတာ မရှိဘူးဟဲ့ CP တွေ ဒီလောက်အများကြီးမှာ ဘယ်တစ်ခုကများ အောင်မြင်ခဲ့ဖူးလို့လဲ ယောကျာ်းလေးနဲ့ မိန်းကလေး CP ဆိုရင်လည်း ထားလိုက်ပါဦး နင့်ဟာက လိင်တူကြီးလေ  နတ်ဘုရားကျိ မိန်းမယူမှ ရင်ထုပြီး ငိုနေရမယ် ..." 


"တော်ပြီ မပြောတော့ဘူး နင် နားမလည်ပါဘူး ..." 


စုအန်နာက ပြုံးကာ ပြောလိုက်သည်။ 


"Adventurers in the wilderness က ဒီည ရုပ်သံလွှင့်မှာလေ ကြည့်ဖို့ မမေ့လိုက်နဲ့နော် နတ်ဘုရားကျိရော ရှောင်ရှုမြောင်ပါ နှစ်ယောက်လုံး ပါလာမှာဆိုတော့ အရမ်းကို ချိုမြိန်လှပနေမှာပဲ ..." 


"ဖာ့ခ် ရှောင်ကျားရှု ပါမှာဆိုရင် လုံးဝ မကြည့်ဘူး ..." 


ချိုးလင်လင်က ထို CP သာ အင်အားကြီးထွားလာပါလျှင် သူမ၏ အိုင်ဒေါကို ထိခိုက်မည် စိုးရိမ်စိတ်ကြောင့် စိတ်ဆိုးမာန်ဆိုးဖြင့် ဖုန်းကို ချလိုက်တော့၏။ 


အနုပညာလောကမှာ အကြာကြီး ကျင်လည်လာတာတောင် အမျိုးသမီးအနုပညာရှင် တစ်ယောက်နဲ့မှ သတင်းမထွက်ခဲ့တဲ့ အိုင်ဒေါလေ ဒီလိုလူရဲ့ ပထမဆုံး ကောလဟာလက အမျိုးသားကြယ်ပွင့်တစ်ယောက်နဲ့မှ ဖြစ်မှာလား ဘာတွေ ဖြစ်ကုန်တာလဲ လိင်တူချစ်တာက ဂုဏ်ယူစရာ ကောင်းတယ်များ ထင်နေကြတာလား ဒီ CP fan တွေကတော့ ဦးနှောက်မရှိကြဘူးပဲ ကိုယ့်အိုင်ဒေါကို ဆွဲချတဲ့ နေရာမှာ သူတို့ထက် ဆရာကျတဲ့သူကို မရှိတော့ဘူး ... 


ဖန်ကလပ်ထဲမှာ ရှောင်ကျားရှုရဲ့နာမည် ပြောရဲတဲ့သူရှိရင် တစ်သက်လုံးကို ban ပစ်ဦးမယ် ... 


ထိုသို့ ဆုံးဖြတ်ချက် ချနေရင်းပင် Adventurers in the wilderness ထုတ်လွှင့်မည့်အချိန်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သတိပြုမိလိုက်၏။ ရှောင်ကျားရှုကို မကြိုက်သည့်တိုင် သူမ၏ အိုင်ဒေါလည်း ပါနေသည့်အတွက် ကြည့်ရပေဦးမည်။ 


ကွန်ပျူတာကိုဖွင့်ကာ အစီအစဉ် စတင်မည့် အချိန်ကို အဆင်သင့် စောင့်နေလိုက်၏။ စတင်သည်နှင့် တစ်ပြိုင်နက် နတ်ဘုံနတ်နန်းတမျှ သာယာလှပလှသည့် ကျွန်းတစ်ခု ပေါ်ထွက်လာကာ ချောမောလှပသည့် အမျိုးသားအမျိုးသမီးအုပ်စုတစ်စုက အိတ်ကြီးအိတ်ငယ် အသွယ်သွယ်ကို သယ်ဆောင်လျက် ရဟက်ယာဉ်ပေါ်မှ ဆင်းလာကြသည်။ သူငယ်ချင်းဖြစ်သူ၏ ပယောဂကြောင့် ရှောင်ကျားရှုကို အထူးတလည် အာရုံစိုက်မိနေသည့် ချိုးလင်လင်မှာလည်း ထိုကောင်လေး၏ ရုပ်ရည်မှာ အမှန်တကယ်ပင် ချောမောလှကြောင်း လက်ခံလိုက်ရပေတော့သည်။ ဖြူဖွေးနူးညံ့သည့် အသားအရေက နေရောင်အောက်တွင် ဝင်းလက်တောက်ပနေကာ မျက်နှာပြောင်ဖြင့် ရောက်လာခြင်း ဖြစ်သည့်တိုင် မိတ်ကပ်လိမ်းထားသော ဟွမ်ရင်ရွှယ်ထက် အဆများစွာ ပိုမိုလှပနေပေသည်။ 


မျက်နှာအချိုးအစားမှာလည်း မည်သည့်ရှုထောင့်မှ ကြည့်စေကာမူ သိသာထင်ရှားနေကာ အနည်းငယ် သွေးနှောဟန် အလှတရားက မာန်ပါလွန်းလှပြီး ပုံမှန်မြင်တွေ့နေရသည့် နူးညံ့ကာ မိန်းမဆန်သော အလှပိုင်ရှင် လူသစ်လေးများနှင့် လုံးဝ ကွဲပြားနေပေသည်။ မျက်နှာထားကို တင်းမာလိုက်သည့်အခါ အလွန်အမင်း အေးစက်မောက်မာဟန် ပေါ်သွားပြီး ထူးကဲလှပါသည့် မိသားစုနောက်ခံကိုပါ ပေါင်းထည့်လိုက်ပါလျှင် သူ့အနားသို့ မည်သူမှ မချဉ်းကပ်ရဲတော့ဟန် ပြောင်းလဲသွားတော့သည်။ 


တွေ့ဆုံပြီး မကြာမီမှာပင် ပါဝင်သရုပ်ဆောင်ကြမည့် ဧည့်သည်အားလုံး ရင်းနှီးပူးကပ်သွားကြပြီး သူတစ်ယောက်တည်းသာလျှင် အစွန်တွင် ရပ်ကျန်နေခဲ့သည်။ အားလုံးကို တရိုတသေ ဦးညွတ်ကာ နှုတ်ဆက်လိုက်သည့်တိုင် စကားရောဖောရော လုပ်နေခြင်းတော့ မရှိ။ 


ထိုသည်ကို မြင်လိုက်ရသည့် ချိုးလင်လင်က တိတ်တိတ်လေး အပြစ်တင်လိုက်၏။


"ဘာတွေ တုန့်ဆိုင်းနေတာလဲ ချမ်းသာတာက အံ့ဩစရာလား ..." 


ဟုတ်တယ် သူမက လူချမ်းသာ မုန်းတီးရေးသမားလေ ဒီလို သခင်‌ငယ်လေးတွေကို ဘယ်လိုနည်းနဲ့မှ သည်းမခံနိုင်ဘူး လမ်းပေါ်မှာ ခြေသလုံးအိမ်တိုင် နေပြတာတွေ ပရဟိတအဖွဲ့တွေမှာ ငွေလှူတာတွေ အကုန်လုံးက နာမည်ကြီးဖို့အတွက်ပဲ မဟုတ်လား နတ်ဘုရားကျိရဲ့ အကူအညီကြောင့်သာ မဟုတ်ရင် အခု ဘယ်လိုနေရာမှာ ရှိနေမယ်ထင်လဲ ... 


အနုပညာလောကမှာ မရိုးရှင်းလှကြောင်း သူမလည်း သိရှိထားပြီးဖြစ်သည်။ နတ်ဘုရားကျိကဲ့သို့ နောက်ခံမရှိ အဆက်အသွယ်မရှိသည့် အနေအထားမှ ရောက်လာရသော ကြယ်ပွင့်များအဖို့ မြောက်များစွာသော ကိစ္စရပ်တို့ကို ဆောင်ရွက်ခဲ့ရပေမည်။ သို့သော် ရှောင်ကျားရှုမှာ ရွှယ်မြောင်၏ သားဖြစ်သည်။ အနုပညာလောကတွင် ရွှယ်မြောင်၏လက်တံ မည်မျှအထိ နက်ရှိုင်းကြောင်း တွေးကြည့်ရန်ပင် မလွယ်ကူလှ။ သူမကသာ ရှောင်ကျားရှုအား ဂရုစိုက်ပေးရန် နတ်ဘုရားကျိကို တောင်းဆိုလာပါလျှင် သူ့အနေဖြင့် လုံးဝ ငြင်းဆန်နိုင်မည် မဟုတ်ချေ။ 


ပြီးတော့ အခု ဒီ CP ကလည်း သေချာပေါက်ကို လူတွေကို ဖိနှိပ်ဖို့ အသုံးချတာ နေမှာပေါ့ ... 


သခင်လေးရှောင်အပေါ် ရေအေးတို့ ဆက်တိုက် သွန်ချနေစဉ်မှာပင် တောက်ပသော နေရောင်အောက်တွင် အလင်းပြန်ကာ အပြုံးတစ်ပွင့် ရုတ်ချည်း ဖူးပွင့်လာသည်ကို တွေ့လိုက်ရတော့သည်။ နားထင်နှင့် တစ်တန်းတည်း ဖြစ်နေသည့် မျက်ခုံးတို့ တစ်ဖြည်းဖြည်းချင်း ကွေးညွတ်လာသဖြင့် "စင်ရော်တောင်မျက်ခုံး" ဆိုသည့် စကားကိုပင် သတိရလိုက်မိတော့သည်။ မျက်လုံးတို့က လခြမ်းသဏ္ဍာန် ကွေးညွတ်လာကာ ပန်းနုရောင်နှုတ်ခမ်းပါးတစ်စုံကလည်း အသာအယာ ကော့တက်လာတော့၏။ အေးစက်ချောမောသော မျက်နှာမှာ ချက်ခြင်းပင် ကလေးဆန်သည့် အမူအယာသို့ ပြောင်းလဲသွားကာ သူ့အကြည့်တို့မှ လျှံထွက်လာသော  ပျော်ရွှင်မှုတို့က ဘေးပတ်ဝန်းကျင်ရှိ လူများထံသို့ပင် အမှတ်တမဲ့ ကူးစက်ပျံ့နှံ့သွားတော့သည်။ 


သူ့ကို မည်သည့်အရာက ဤမျှ ပျော်စေခဲ့ကြောင်း စပ်စုလိုသော ချိုးလင်လင်က သူ့အကြည့်တို့နောက် ထပ်ကြပ်မကွာ လိုက်ကြည့်လိုက်သည့်အခါ ခံ့ညားထည်ဝါစွာ ဝင်ရောက်လာသည့် ကျိမြန်ကို တွေ့လိုက်ရတော့သည်။ 


ရှောင်ကျားရှုက နတ်ဘုရားကျိကို သဘောကျလွန်းလို့ သူ့ကို မြင်လိုက်ရရုံနဲ့တင် မပြီးနိုင်မစီးနိုင် ပြုံးနေမိတာလား ... 


ထိုအတွေး ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထူးဆန်းသည့် ခံစားချက်တစ်ရပ် သူမနှလုံးသားအနှံ့ ပြည့်နှက်လာတော့သည်။ 


မျက်နှာလှလှလေးက လူတွေကိုတောင် သေစေနိုင်တာပဲ သူမလို ဒီ CP ကို အပြင်းအထန် ကန့်ကွက်တဲ့သူတောင် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်ပြီး ပြုံးနေတာကို တွေ့လိုက်ရတဲ့အခါ ရွံတာတွေ မုန်းတီးတာတွေ ဖြစ်ရမယ့်အစား နည်းနည်းလေးတောင် ရင်ထဲ ထိရှသွားသလိုပဲ ... 


ကောင်းပြီလေ မင်းက နတ်ဘုရားကျိကို အများကြီး အများကြီး သဘောကျပေးနေမှတော့ မင်းကို နည်းနည်းလေးပဲ မုန်းလိုက်ပါတော့မယ် ... 


သူမက အေးစက်စွာ သရော်လိုက်သော်ငြား အကြည့်တို့မှာမူ သူမပင် မသိလိုက်ဘဲ ထိုသူနှစ်ဦးထံတွင်သာ ကပ်ငြိနေတော့သည်။ 


ကပ္ပတိန်နှစ်ဦး အသင်းသား ရွေးသည့်အခါ အားလုံးက အားအင်အပြည့်ဖြင့် ရှေ့တစ်လှမ်း တိုးလာကြပြီး ရှောင်ကျားရှုတစ်ယောက်တည်းသာ နောက်နားတွင် ပုန်းနေခဲ့သည်။ ထိုသည်ကို ထောက်ပြလိုက်သော ရှစ်ထင်းဟန်ကြောင့် သူမလည်း ဟက်ဟက်ပက်ပက် ရယ်မောလိုက်‌မိတော့၏။ 


အိုကေ အိုကေ ၁၈၃ စင်တီမီတာ ရှည်တဲ့ ရှောင်ကျားရှုက ကျူးရှောင်လုံလို ၁၇၃ စင်တီမီတာလေးနောက်မှာ ပုန်းနေနိုင်ဖို့အရေး ခေါင်းကိုငုံ့၊ ပုခုံးကို ကျုံ့ထားတာလေးက ချစ်ဖို့တော့ ကောင်းသားပဲ ဆိုတော့ နတ်ဘုရားကျိက သူ့ကို ရွေးပါစေ ... 


နတ်ဘုရားကျိ ရွေးချယ်ရမည့်အလှည့် ရောက်သည့်အခါ  ရှောင်ကျားရှုကို ရွေးချယ်မည်ဟု လက်ခံယုံကြည်ထားပြီးဖြစ်၍ စိတ်အေးလက်အေးဖြင့်သာ ဆက်ကြည့်နေလိုက်သည်။ 


ဒါပေမယ့် နေပါဦး ဘာတွေဖြစ်ကုန်တာလဲ ရှောင်ကျားရှုက လှုပ်ယမ်းနေလို့များ နတ်ဘုရားကျိက ခေါင်းမူးပြီး သူ့ကို မမြင်တော့တာလား ရှောင်ကျားရှုကို တကယ် သဘောကျတာ မဟုတ်ဘဲ သူ့ကို ဂရုစိုက်ပေးဖို့ တွန်းအားပေးခံရတာလား ... 


သူမက ရှောင်ကျားရှုအတွက် အနည်းငယ် စိုးရိမ်နေမိပြီဖြစ်ကြောင်းကိုတော့ လုံးဝ ဝန်ခံမည် မဟုတ်ချေ။ 


သူမက တကယ်ကို သန့်စင်တဲ့ ပရိသတ်လေးပါနော် သန့်စင်လွန်းတာမှ နှစ်ယောက်မရှိနိုင်လောက်တဲ့ အထိပဲ ... 


သို့သော် နတ်ဘုရားကျိက ရှောင်ကျားရှုကို လှမ်းခေါ်ကာ ရင်ခွင်ထဲ ဆွဲသွင်း၍ ဆံပင်တို့ကို ပွတ်သပ်ပေးလိုက်ကာမှ သူမလည်း စိတ်အေးသွားရတော့၏။ နှစ်ဦးသား ချိုမြိန်မှုအပြည့်ဖြင့် ရယ်မောနေကာ တစ်ယောက်၏ အကြည့်တို့မှာ ကျန်တစ်ယောက်၏ ပုံရိပ်တို့ဖြင့်သာ ပြည့်နှက်နေသည်။ တစ်ဦးကိုတစ်ဦး လွန်စွာ သဘောကျကြကြောင်း သံသယဝင်နေရန်ပင် မလို။  


နတ်ဘုရားကျိက တုန့်ဆိုင်းနေတာ မဟုတ်ဘဲ ရှောင်ကျားရှုကို ကျီစယ်နေတာပေါ့ အရမ်း ချစ်စရာ ကောင်းတာပဲ အရမ်း အရမ်းကို ချစ်စရာလေး ... 


စခရင်ကို စိုက်ကြည့်နေသည့် ချိုးလင်လင်၏ အကြည့်တို့ ဝင်းလက်တောက်ပသွားတော့၏။ သူမကိုယ်သူမ တစ်ခစ်ခစ် ရယ်မောမိနေကြောင်းကိုမူ သတိမပြုမိသေးချေ။ ကမောက်ကမ ဖြစ်နေသည့် နှလုံးခုန်သံတို့ ပြန်လည်တည်ငြိမ်စေရန် အလို့ငှာ ဘေးသို့ ပစ်ထားသည့် ခေါင်းအုံးကို ရင်ခွင်ထဲ ဆွဲထည့်ကာ အညှာအတာမဲ့စွာ ဆုပ်ခြေလိုက်တော့သည်။


Anti တို့၏ ဆူပူကြိမ်းမောင်းချက်တို့က စခရင်အနှံ့ ပြည့်နှက်သွားတော့၏။ 


[အာရုံနောက်စရာ ကောင်းလိုက်တာ ရှောင်ကျားရှုက ကျိမြန်ရဲ့ ကျော်ကြားမှုတွေကို အခွင့်ကောင်းယူပြန်ပြီ ကျိမြန်က အရမ်းကို အားနည်းတာပဲ လူသစ်လေးရဲ့ ထပ်ကာထပ်ကာ အသုံးချတာကို ခံနေရတယ် သူ့ကျော်ကြားမှုတွေ နည်းသွားမှာ မကြောက်ဘူးလားပဲ] 


[ငါ့ဖင်ကြီးကို နည်း ငါတို့အုပ်စုနဲ့သာဆို အနုပညာလောကမှာ နတ်ဘုရားကျိက သရဖူမပါတဲ့ ဘုရင်ပဲ ] 


ချိုးလုလုက ဒေါသတကြီး မှတ်ချက်ရေးကာ စခရင်ကို မော့ကြည့်လိုက်သည့်အခါ အနီရောင်အသင်းမှာ ထွက်ခွါနှင့်နေပြီဖြစ်ကြောင်း တွေ့လိုက်ရတော့သည်။ ဟွမ်ရင်ရွှယ်က လှပသည့်အပြင် အဖွဲ့၏ တစ်ဦးတည်းသော မိန်းကလေး ဖြစ်သည့်အတွက် နတ်ဘုရားကျိက သူမကို ပိုမိုဂရုစိုက်ပေးလိမ့်မည်ဟု ထင်ခဲ့မိသော်ငြား သူက အပိုဆားဒါး တစ်ခုမှ မပါဘဲ ယဉ်ယဉ်ကျေးကျေးသာ ကြည့်ရှုစောင့်ရှောက်ခဲ့သည်။ ရှေ့ဆုံးမှ နောက်ဆုံးသို့ အတင်း တိုးသွားရင်း ရှောင်ကျားရှုကို တစ်လမ်းလုံး တွဲသယ်လာပေးလိုက်တော့၏။ 


မျက်နှာတစ်ခုလုံး နီမြန်းကာ စိုစွတ်နေသည့် မျက်ဝန်းတို့ဖြင့် ရှောင်ကျားရှု၏ ပုံစံမှာ ယခင်ထက်ပင် ပိုမိုလှပနေတော့သည်။ Anti အများအပြားက သူ့ကို ဟန်ဆောင်လွန်းလှသည်၊ ယောကျာ်းရင့်မာကြီး ဖြစ်လျက်နှင့် ဟွမ်ရင်ရွှယ်ထက်ပင် မူပိုလွန်းလှသည်ဟု ပြောဆိုလိုက်ကြပြန်၏။ သို့်သော် ကျိမြန်က သူ့ဖိနပ်နှင့် ခြေအိတ်တို့ကို ချွတ်ကာ အရည်ကြည်ဖုများအား ပြသလိုက်သည့်အခါ အားလုံး ပြောစရာစကား ကင်းမဲ့သွားကြတော့သည်။ 


ရှောင်ကျားရှု တိတ်တိတ်လေး နေနေတာကိုတောင် မူမမှန်မှန်း တန်းသိ‌နိုင်တာ ဘယ်လိုတောင် အာရုံစိုက်နေလို့လဲ ‌သိလား ရှောင်ကျားရှုက နာပါတယ်လို့ တစ်ခွန်းမှ ထုတ်မပြောဖူးဘူးလေ သူ့လမ်းလျှောက်တဲ့ ပုံစံကလည်း ဘာမှ မဖြစ်ထားသလိုကို ပုံမှန်အတိုင်းပဲ ... 


နတ်ဘုရားကျိက ရွံရှာခြင်း အလျဉ်းမရှိဘဲ သူ့ခြေထောက်ပေါ်ရှိ သဲတို့ကို ခါပေးကာ ဆေးထည့်လိုက်သည်။ ရှောင်ကျားရှုကို ခြေထောက်အနံ့နှင့် ပတ်သက်၍ စနောက်လိုက်သည့်အခါ ထိုသူက အမှန်တကယ်ပင် သူ့ခြေထောက်ကို မ ကာ အနံ့ခံကြည့်လိုက်တော့၏။ ကျိမြန်လည်း ဟန်မဆောင်နိုင်လောက်အောင်ကို ရယ်မိတော့သည်။ ရှောင်ကျားရှု၏ မျက်နှာတစ်ခုလုံး ရှက်သွေးဖြန်းသွားကာ တောက်ပနေသည့် သူ့မျက်ဝန်းတို့ကို ငေးကြည့်နေဟန်မှာ လေးစားသဘောကျမှုတို့ ပြည့်နှက်နေဟန်ပင်။ 


အား ဖာ့ခ် ...  


ချိုးလင်လင်က ခေါင်းအုံးကို လက်သီးဖြင့် ထိုးကာ အသံတိတ် မြည်တမ်းလိုက်သည်။ 


ဒီပုံလေးက အရမ်းကို နွေးထွေးပြီး ချိုမြိန်တာပဲ စခရင်ကြီးတောင် ပန်းရောင်သမ်းနေပြီ ကြည့်ရတာ သူမရဲ့မျက်လုံးမှာ ပြဿနာ ရှိနေပြီထင်တယ် ... 


အလွန်အမင်း မြန်ဆန်နေသည့် နှလုံးခုန်သံကို ထိန်းချုပ်နိုင်ချိန်တွင်မူ အနီအသင်း တောင်ထိပ်ရောက်၍ ရိုက်ကူးရေးအဖွဲ့က သူတို့ကို စားစရာရရန် အလို့ငှာ ကျောက်တောင်အစွန်းသို့ တစ်ယောက်ဆင်းရန် ပြောနေသည့် အခန်းသို့ပင် ရောက်သွားတော့သည်။ ရှောင်ကျားရှုက နတ်ဘုရားကျိ ဆင်းမည်ကို ဟန့်တားလိုက်သည့်အခါ နောက်ထပ် Anti တစ်အုပ်စု ထပ်ရောက်လာကာ သူသည် ကျိမြန်ကို ဂရုစိုက်ဟန်ဆောင်ကာ ကင်မရာရိုက်ချက်ကို လုယူလို၍ တမင်တကာ လုပ်နေခြင်းဖြစ်ကြောင်း ပြောလာကြပြန်၏။ 


ချိုးလင်လင်၏

မျက်ခုံးတို့ တွန့်ချိုးသွားကာ ရှောင်ကျားရှု၏ အပြုအမူအပေါ် ပထမဆုံးအကြိမ် ရွံရှာမိသွားတော့သည်။ 




Xxxxxxxxx