အပိုင်း ၁၅၉
Viewers 44k

Chapter 159




သူသာ ဒုက္ခဆင်းရဲဆိုတာကို မသိရင် မူးမေ့လဲတဲ့အထိ နာကျင်မှုကို အံကြိတ်ခံနေမှာတဲ့လား သူ့ကို အာရုံစိုက်အောင်ပဲ လုပ်တတ်တဲ့သူဆို စီနီယာကို ဒီလိုမျိုး လေးစားမှာတဲ့လား သူက ဟန်ဆောင်မူပိုတတ်လွန်းတယ် ဟုတ်လား ဒါဆို မင်းတို့ခြေဖဝါးတွေကို စုတ်ပြတ်နေအောင် လုပ်ပြီးတော့ တောင်တက်ပြကြလေ ... 


ဤအစီအစဉ်ကို နာမည်ကြီးများစွာ ဖိတ်ကြားခဲ့သော်ငြား လူသစ်ဟုသာ သတ်မှတ်၍ ရသေးသည့် ရှောင်ကျားရှုသည် ရှစ်ထင်းဟန်၏ နောက်မှ ကပ်လျက် လိုက်ပါကာ အကျော်ကြားဆုံး သုံးဦး စာရင်းထဲ ဝင်ရောက်လာတော့သည်။ လင်းလဲ့ယန်မှာမူ အောက်ဆုံးအထိ ကျဆင်းသွားကာ လူတိုင်းက သူ့ကို အစီအစဉ်မှ နှုတ်ထွက်စေလိုနေကြသည်။ 


သူ့ရဲ့ အကျင့်စရိုက်က မှုန်မှုန်မှိုင်းမှိုင်းနဲ့ စကားလည်း မပြောတတ် ဘာလုပ်ရမယ်မှန်းလည်း မသိ သူလုပ်ချင်တာကိုပဲ ရှေ့တန်းတင်နေတာ မြေကြီးပေါ်မှာ အိမ်ဆောက်ချင်တယ်လို့ ပြောခဲ့တာလည်း သူပဲ သစ်သီးခူးဖို့ ဟွမ်ရင်ရွှယ်ကို မြစ်ဝှမ်းထဲ ခေါ်သွားတာလည်း သူပဲ သူရှိနေရင် မကောင်းတာ တစ်ခုခု ဖြစ်ကိုဖြစ်နေတာ ဒီရှိုးကို နောက်တစ်ကြိမ် မလာပါနဲ့တော့ ... 


သူမ၏ အိုင်ဒေါနှင့် ရှောင်ကျားရှုတို့ကို အသီးသီး မဲပေးခဲ့သော ချိုးလင်လင်က ခေါင်းအုံးကိုချကာ ဆိုင်းတွနေဟန်ဖြင့် ဖုန်းကို ကောက်ကိုင်လိုက်သည်။ အချိန်များစွာ ကြာမြင့်ပြီးနောက်တွင်မှ သူမ၏ အကောင်းဆုံးသူငယ်ချင်းကို စာပို့လိုက်တော့၏။ 


[စုစု နင့် CP group ရဲ့ စကားဝှက်က ဘာလဲ] 


[အဖွဲ့က ပြည့်နေပြီ နင့်ကို ထည့်ပေးလို့ မရတော့ဘူး ဒါမှမဟုတ် ငါ့ကို ကူပြီး နောက်တစ်ဖွဲ့ ထပ်လုပ်ပေးမလား ] 


စုအန်နာက ချက်ခြင်းပင် စာပြန်ပို့လာသည်။ 


ချိုးလင်လင်လည်း စိတ်ကို အတော်ကြာ လွန်ဆွဲနေပြီးနောက် ဤသို့သာ ပြန်ဖြေလိုက်တော့သည်။ 


[ကောင်းပြီလေ ဒီအမေကြီးတော့ သွားပါပြီ] 


ဖာ့ခ် ဒါ သူမ‌အနေနဲ့ ပထမဆုံးအကြိမ် ခေတ်ရေစီးကြောင်းနောက်ကို လိုက်ဖူးတာပဲ ဒီစုံတွဲက အရမ်းကို ချိုမြိန်ပြီး ချစ်စရာကောင်းလွန်းတော့ စိတ်မထိန်းနိုင်တော့ဘူး ... 


တစ်ချိန်တည်းမှာပင် အစီအစဉ်ကို ကြည့်နေသော ရှောင်ကျားရှုက ကျိမြန် ဘေးဘက်ထွက်၍ အင်တာဗျူးသည့် အခန်းကို တွေ့လိုက်ရသည့်အခါ သူ့နှလုံးသားတစ်ခုလုံး အရည်ပျော်ကျသွားတော့၏။ သူ ကသောင်းကနင်း ဖြစ်နေခဲ့စဉ်ကတည်းက ကျိမြန်လည်း သူ့ကို သဘောကျနေခဲ့ကြောင်း အသေအချာ သဘောပေါက်နားလည်သွားတော့သည်။ 


"ကျိကော ..." 


ကျိမြန်ရင်ခွင်ထဲမှ ရုန်းထွက်ကာ သူ့ပုခုံးတို့ကို သိမ်းဖက်လျက် ပါးချင်းအပ်ပြီး နူးနူးညံ့ညံ့ ခေါ်လိုက်သည်။ 


"ကျိကော ကျိကော ကျိကော ..." 


လက်ရှိအချိန်တွင် သူ့ခံစားချက်များကို မည်သို့မည်ပုံ ထုတ်ပြသင့်မှန်း မသိတော့။ 


ကျိကောက သူ့ခံစားချက်တွေကို ထုတ်ပြတဲ့နေရာမှာ မတော်ဘူး ဆိုပေမယ့် တကယ်ကို လက်တွေ့ကျကျ ချစ်ပေးခဲ့တာပဲ သူ့အတွက် အများကြီး အများကြီး လုပ်ပေးခဲ့ပေမယ့် တစ်ခုကိုမှ ထုတ်မပြောခဲ့ဘူး ... 


သူ့မျက်လုံးတို့သာမက မျက်နှာတစ်ခုလုံးပါ နီမြန်းလာကာ ကျိမြန်နှင့် နဖူးချင်း တေ့လျက် အသာမှီထားလိုက်တော့သည်။ 


ကျိမြန်ကလည်း သူ့ဆံပင်တို့ကို ထိုးဆွကာ အပြုံးတစ်ပွင့်ကို ဆင်မြန်းထားရင်း သူ့မျက်နှာကို ပွတ်သပ်ပေးလိုက်သည်။ သူတို့အဖို့ နှလုံးသားထဲမှ ချစ်ခြင်းမေတ္တာများ တစ်ဖက်သူ သိရှိစေရန် စကားလုံးများအား ကြားခံ မလို‌အပ်ချေ။ 


အစီအစဉ်က ဆက်လက်ပြသနေဆဲပင်။ ရှောင်ကျားရှု အကြောင်းအရင်း မသိရဘဲ မူးမေ့လဲသွားကြောင်း သိလိုက်ရသည်နှင့် တစ်ပြိုင်နက် ကျိမြန်မှာ သူ့လက်ထဲရှိ စစ်တပ်သုံးတူးရွင်းကို လွှင့်ပစ်မိလုမတတ် ဖြစ်သွားရတော့သည်။ ဆေးရုံသို့ ကိုယ်စွမ်းရှိသမျှ အမြန်ဆုံး ပြေးလာကာ ရှောင်ကျားရှု၏ ခြေအိတ်နှင့် ဖိနပ်တို့ကို ချွတ်ပေးရင်း သွေးချင်းချင်းနီနေသော ခြေဖဝါးကို နီမြန်းနေသော မျက်ဝန်းတစ်စုံဖြင့် စိုက်ကြည့်နေလိုက်တော့သည်။ 


ထိုဖြစ်ရပ်မှာ သူကိုယ်တိုင် ကြုံတွေ့ခဲ့ခြင်း ဖြစ်သည့်တိုင် ကျိမြန်က မျက်လုံးကိုသာ ဖိမှိတ်ထားလိုက်တော့သည်။ ထိုအကြောင်းနှင့် ပတ်သက်၍ တစ်စိုးတစ်စိမျှပင် မတွေးရဲချေ။ 


တီဗီကို လှည့်ကြည့်လိုက်သည့် ရှောင်ကျားရှုမှာလည်း သူထွက်သွားပြီးနောက် ကျိမြန်၏ ပုံစံအပေါ် အံ့ဩတကြီး ဖြစ်သွားရတော့သည်။ သူ့စိတ်ကိုပင် မထိန်းချုပ်နိုင်၊ ထပ်တလဲလဲ ကြည့်နေမိကာ လှိုင်းလုံးများနောက် ပါသွားလုမတတ် ဖြစ်သွားသူကို မြင်လိုက်ရသည့်အခါ သူ့နှလုံးသားတစ်ခုလုံး ဧရာမလက်ကြီးဖြင့် ဖျစ်ညှစ်ခံထားရသည့်နှယ် ဆိုးဆိုးရွားရွား နာကျင်လာတော့သည်။ 


ကျိကောရဲ့ လုပ်ရပ်တွေ အကုန်လုံးက သူ့ကြောင့်ပဲ ဒါကို ရှင်းရှင်းလင်းလင်း သိနေပေမယ့် ပျော်လည်း ‌မပျော်သလို ဂုဏ်ယူတဲ့စိတ်လည်း ဖြစ်မလာဘူး ... 


ယောကျာ်း‌တစ်ယောက်မှာ အပြင်ပန်းတွင် မည်မျှ သန်မာစေကာမူ အတွင်းပိုင်းတွင်မူ အထိခိုက်မခံနိုင်သည့် အားနည်းချက်တစ်ခု ရှိစမြဲဖြစ်သည်ဟု ဆိုရိုးရှိပေသည်။ ရှောင်ကျားရှုအနေဖြင့် ကျိမြန်၏ အားနည်းချက်ကို သိခွင့်ရခြင်းမှာ ဝမ်းသာဖွယ်ရာပင်၊ သို့မှသာ သူ့ကို နှစ်သိမ့်ကာ ပြန်လည်ပြင်ဆင်ရန် ကူညီပေးနိုင်မည်ဖြစ်သည်။


ကျိကော သူ့ကို ချစ်ပေးသကဲ့သို့ သူလည်း ကျိကောကို ပြန်ချစ်ပေးလိုသည်။ ကျိကောမှာ အနိုင်မခံ အရှုံးမပေးတတ်သူ မဟုတ်ကြောင်း အစောကြီးကတည်းက သိထားသော်လည်း သူ့ကြောင့် ကျိကော မည်မျှအထိ နက်နက်ရှိုင်းရှိုင်း ထိခိုက်သွားနိုင်ကြောင်း သတိမပြုမိခဲ့။ 


သူသာ အဲဒီ့အချိန်တုန်းက ထွက်မသွားခဲ့မိရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ ကျိကောကို ချက်ခြင်း ဝန်ခံခဲ့မိရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ ... 


ဒါပေမယ့် အခုတော့ အားလုံး နောက်ကျသွားပြီ ... 


ရှောင်ကျားရှုမှာ အပြစ်မကင်းစိတ်ကို ခံစားရသည့်အတွက် ကျိမြန်၏ ခေါင်းကို ဖက်တွယ်ထားလျက် အဆက်မပြတ် နမ်းရှိုက်လိုက်သည်။ နှာခေါင်းနှင့် နှလုံးသားတို့ စူးရှခါးသီးလာကာ စကားသံတစ်ခု တီးတိုးထွက်ပေါ်လာတော့သည်။ 


"ကျိကော ကတိပေးကြရအောင် အနာဂတ်မှာ ဘာပဲ ဖြစ်လာဖြစ်လာ တစ်ယောက်နဲ့တစ်ယောက် မဖုံးကွယ်ရဘူး ဟုတ်ပြီလား ..." 


ကျိကောကို စကားတစ်ခွန်းမှ မပြောဘဲ ချန်ထားခဲ့တော့မည် မဟုတ်ချေ။ 


ရှောင်ကျားရှုပင်လျှင် နောင်တရနေပါလျှင် ကျိမြန်မှာလည်း နောင်တမရဘဲ နေအံ့မထင်။ ရှောင်ကျားရှုထက် အကြိမ်ပေါင်း မရေမတွက်နိုင်လောက်အောင် ပိုမို၍ပင် နောင်တရနေခဲ့သူဖြစ်ရာ ပန်းရောင်သမ်းနေသည့် လက်ချောင်းတို့ကို ဆန့်တန်းလျက် သူ့နှာခေါင်းကို ဖျစ်ညှစ်ရင်း နက်ရှိုင်းသည့်အသံဖြင့် ပြောလိုက်သည်။ 


"အိုကေ နောက်ဆို ဘာကိစ္စပဲရှိရှိ မင်းကို အရင်ဆုံး ပြောပြမယ် ..." 


ထိုကိစ္စမှလွဲ၍ ရှောင်ကျားရှုအပေါ် လုံးဝ လျှို့ဝှက်ချက် ထားရှိတော့မည် မဟုတ်ချေ။ 


........


နှစ်ယောက် အတူ‌တူနေထိုင်သည့် ပထမဆုံးမနက်တွင် အိပ်ယာနိုးလာကာစ ရှောင်ကျားရှုမှာ သူ ရောက်နေသည့်နေရာကို သတိထားမိရန် အချိန်အတော်ကြာ ယူလိုက်ရသည်။ ကျိမြန်ကလည်း သူနှင့် တစ်ချိန်တည်း နိုးလာကာ နူးညံ့စွာ ပြောလိုက်သည်။ 


"ရှောင်ရှု ဒီနားလာလေ ကိုယ် မင်းကို ဖက်ပါရစေဦး ..." 


လက်မောင်းကို ဆန့်ထုတ်လိုက်သည့်အခါ ရှောင်ကျားရှုက ခေါင်းကို သူ့လက်မောင်းပေါ် တင်လျက် မျက်နှာကြက်ကို ငေးကြည့်နေလိုက်သည်။ 


"ဒီဘက်လှည့်ပြီး ကိုယ့်ကို ကြည့်လို့ ..." 


သူက ထပ်ပြောလိုက်ပြန်သည်။ 


ရှောင်ကျားရှုလည်း သူ့ဘက်သို့ တစ်ဖြည်းဖြည်း လှည့်လာကာ လက်နှစ်ဖက်ဖြင့် မျက်လုံးကို ပွတ်သပ်လိုက်၏။ သူ့မျက်နှာမှာ အိပ်ချင်စိတ်တို့ ကပ်ငြိနေဆဲပင်။ 


ကျိမြန်၏ ခံစားချက်တို့ ပိုမိုကောင်းမွန်လာတော့သည်။ သူ့ကောင်လေး၏ ပုခုံးကို လက်နှစ်ဖက်ဖြင့် တင်းတင်းဖက်ကာ သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ လက်တို့ကမူ ပြေလျော့နေသော ညအိပ်ဝတ်စုံမှတစ်ဆင့် တိတ်တဆိတ် တုန့်ပြန်နေသော နေရာအထိ ဆင်းကာ အသာ နှိပ်နယ်ပေးလိုက်၏။ ရှောင်ကျားရှုက သူ့အာရုံစိုက်မှုကို တစ်ချိန်လုံး လိုချင်နေသကဲ့သို့ပင် ရှောင်ကျားရှုအပေါ် သူ၏ ပိုင်ဆိုင်လိုစိတ်မှာလည်း တစ်နေ့တစ်ခြား ပိုမိုပြင်းထန်လာပေသည်။ မနက်ခင်း အိပ်ယာနိုးချိန်တိုင်း သူ့ကို ပွေ့ဖက်ထားလိုကာ သူ့မျက်ဝန်းတို့ကို စိုက်ကြည့်ရန်၊ နီးကပ်လာသည့် နှုတ်ခမ်းပါးကို ငုံထွေးရန်၊ သူ့ခန္ဓာကိုယ်ကို အလွယ်တကူ ထိန်းချုပ်နိုင်စေရန် ထာဝစဉ် မျက်နှာချင်းဆိုင်လျက်သာ နေနေလိုပေသည်။ 


ရှောင်ကျားရှုမှာ လုံးလုံးလျားလျား အိပ်ယာနိုးမလာသေး‌သော်ငြား သူကမူ ဆန္ဒဝဲဂယက်တို့၏ ဆွဲခေါ်ရာနောက်သို့ ပါသွားနှင့်နေပြီဖြစ်သည်။ အိပ်ချင်မပြေသေးသူ၏ ပါးနှစ်ဖက်မှာ သေရည်ယစ်မူးနေသည့်နှယ် နီသွေးဖြန်းနေကာ မျက်ဝန်းထောင့်စွန်းတွင်လည်း ခရစ္စတယ်သဖွယ် မျက်ရည်စက်တစ်ချို့ တွဲလွဲခိုနေသည်။ သနားဖွယ်နှင့် ချစ်ခင်ဖွယ်တို့ အနည်းငယ်စီ ရောယှက်နေသည့် ‌လူသားလေးမှာ အလွန်အမင်း ဇိမ်ကျနေဟန်ပင်၊ နှာခေါင်းကို အကြိမ်အနည်းငယ်ခန့် ရှုံ့ကာ အိပ်မောကျနေတော့သည်။ 


ကျိမြန်ရှိရာသို့ တိုးကာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ရင်း လက်ချောင်းထိပ်တို့က သူ့နောက်ကျောကို စုန်ချည်ဆန်ချည် လှုပ်ရှားနေလိုက်သေးသည်။ ထို့နောက် လှုပ်ရှားမှုအားလုံး ရပ်တန့်ကာ သူ့ရင်ခွင်တွင် ခေါင်းမြှုပ်လျက် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်တော့သည်။ 


အတူတူနေတဲ့ဘဝဆိုတာ ဒီလိုမျိုးပါ့လား ညဆို ကောင်းကောင်းအိပ် မနက်ဆို ကောင်းကောင်းစား ပြီးရင် တစ်နေ့ကို နှစ်ကြိမ်၊သုံးကြိမ်လောက် ... မဟုတ်သေးဘူး လေးကြိမ်လောက် လုပ်လို့ရတာ ဒါက အိပ်မက်မဟုတ်ဘူးပဲ တကယ်ကို ကောင်းလိုက်တာ ... 


အတွေးနွံထဲ နစ်နေစဉ်မှာပင် ကျိမြန်၏ အားရပါးရ ရယ်မောသံကို ကြားလိုက်ရတော့၏။ ရယ်လွန်းအားကြီး၍ သူ မျက်နှာအပ်ထားသည့် ရင်အုပ်ပင်လျှင် တဆတ်ဆတ် တုန်ရီလာရတော့သည်။ 


"ကျိကော ကောက ကောင်းကောင်းကြီးကို ရယ်နေတာပဲ ကျွန်တော့်နားထဲမှာ ကောရဲ့ နှလုံးခုန်သံ‌တွေကိုပဲ  တဒုတ်ဒုတ်နဲ့ ကြားနေရပြီ ..." 


သူက သဘောတကျ ပြောလိုက်သည်။ 


"နောက်ဆို ညရောက်ရင် ကော ရင်ဘတ်ပေါ် ခေါင်းအုံးပြီး နှလုံးခုန်သံကို နားထောင်ရင်းနဲ့ပဲ အိပ်တော့မယ် အရမ်းကို သက်တောင့်သက်သာနဲ့ စိတ်အေးချမ်းစရာကောင်းတယ် ..." 


ဖခင်မေတ္တာ ငတ်မွတ်ခဲ့၍လေလား သို့မဟုတ် ကလေးဘဝ စိတ်ဒဏ်ရာများလေကြောင့်လားတော့မသိ၊ ရှောင်ကျားရှုမှာ အမြဲလိုလို စိတ်မလုံခြုံမှုကို ခံစားရကာ အိပ်ပျော်ရန် နာရီပေါင်းများစွာ အချိန်ယူရပေသည်။ ထို့ကြောင့်လည်း အွန်လိုင်းဂိမ်းများကို ရူးရူးမူးမူး စွဲလမ်းခဲ့ရခြင်းဖြစ်၏။ သို့သော် ယခု ကျိကောနှင့်အတူ ရှိနေသည့်အခါ ခေါင်းအုံးနှင့် ထိလိုက်သည်နှင့် ချက်ခြင်း အိပ်ပျော်သွားရတော့သည်။ သူ့စိတ်ဆန္ဒတို့ လိုရာပြည့်သွား၍လည်း ဖြစ်ပေလိမ့်မည်။ 


အိမ်ထောင်ကျတာ ကောင်းလိုက်တာ စိတ်ရောကိုယ်ပါ သက်သာရာ ရသွားသလိုပဲ ... 


ထိုသို့ တွေးလိုက်မိသည့်အခါ ချုပ်တည်း၍ မရနိုင်လောက်အောင်ပင် ရယ်မောမိတော့သည်။ 


ကျိမြန်၏ ရယ်သံတို့ ရုတ်ချည်း ရပ်တန့်သွားကာ သူ့ကို ရင်ခွင်ထဲ ဆွဲသွင်းလျက် တင်းတင်းကြပ်ကြပ် ပွေ့ဖက်ပြီး ကြင်နာစိတ်ရှည်မှု အပြည့်ဖြင့် နောက်ကျောကို ခပ်ဖွဖွ ပုတ်ပေးနေလိုက်သည်။ 


နှစ်ယောက်လုံး နိုးနေကြပြီဖြစ်သည့်တိုင် အတော်ကြာသည်အထိ အိပ်ယာပေါ်တွင် ပူးကပ်နေကြဆဲပင်။ Baidu ကို အတူတူကြည့်ကာ ဆန်ပြုတ်တစ်အိုး ချက်ပြုတ်လိုက်ကြသည်။ သကြားဖြူအချို့သာ ထည့်ထားသည့်တိုင် ကျေနပ်ဝမ်းသာမှုအပြည့်ဖြင့် အားရပါးရ စားသောက်လိုက်ကြ၏။  တစ်ယောက်အတွက် ကျန်တစ်ယောက်က အဝတ်အစား ရွေးပေးကာ လည်စည်းကို ဆွဲလျက် ကြိမ်ဖန်များစွာ အနမ်းခြွေပြီးချိန်တွင်မူ ဆယ်နာရီတွင် ထိုးလုနီးနေပြီဖြစ်၍ ကုမ္ပဏီသို့ သုတ်ခြေတင်ကာ အမောတကော ပြေးလာလိုက်ကြရတော့သည်။ 


ဓာတ်လှေကားထဲတွင် ကျိကောနှင့် လမ်းခွဲပြီးနောက် ရှောင်ကျားရှုသည် ဟွမ်မိန်ရွှမ်ရှိရာသို့ အပြုံးတစ်ပွင့် ချိတ်ဆွဲလျက် ထွက်လာလိုက်တော့သည်။ 


"ဟေး နောက်ဆုံးတော့ တို့တွေရဲ့ ဒုတိယသခင်လေးက တကယ်ကြီး ပြန်ရောက်လာပြီပဲ ..." 


ဟွမ်မိန်ရွှမ်က ခပ်ပြုံးပြုံး ပြောလိုက်သည်။


"တကယ်ကို လုပ်နိုင်ခဲ့တာပဲ အမေရိကန်ပြည်ထောင်စုမှာ အကြာကြီး နေခဲ့တော့ လက်ထောက်တစ်ယောက်မှကို မလိုတော့ဘူး ငါ့ကိုလည်း နေ့တိုင်း ဖုန်းဆက်ပြီး အကြောင်းမကြားတော့ ပြန်လာဖို့ အစီအစဉ်မရှိတော့ဘူးလို့တောင် ထင်နေတာ ..." 


"ဘယ်လိုလုပ် ပြန်မလာဘဲ နေနိုင်မှာလဲ မိန်ရွှမ်ကျဲ‌ရယ် အခု ကျွန်တော် ပြန်ရောက်လာပြီလေ ဟိုးငယ်ငယ်လေးကတည်းက အမေရိကန်မှာ စာသင်လာတာဆိုတော့ တစ်ယောက်တည်း နေရတာကို အသားကျနေပါပြီ ကျွန်တော့်ကို ပြုစုပေးမယ့်သူ တကယ်ကို မလိုအပ်ပါဘူး ..." 


ရှောင်ကျားရှုက သူမ၏ နောက်ကျောဘက်သို့ လာကာ ပုခုံးကို နှိပ်ပေးရင်း ပြောလိုက်သည်။ 


"ကျဲ အခုတလော ဝိတ်ကျပြီး အသားအရေတွေ လှလာတယ်နော် အချစ်နဲ့ တွေ့နေတာလား ..." 


"ဖာ့ခ် ငါ့ဘက်ကို မြားဦးလှည့်မလာစမ်းပါနဲ့ ပြောရရင် မင်းကမှ ဝိတ်ကျပြီး မျက်နှာဆိုလည်း အခွံချွတ်ထားတဲ့ ကြက်ဥလိုကို ချောမွေ့နေတာပဲ မင်းရော အချစ်နဲ့ တွေ့နေတာလား ..." 


ဟွမ်မိန်ရွှမ်က ပြောလိုက်သည်။ 


"မင်း အခုတလော တင်ထားတဲ့ ပို့စ်တွေကိုပဲ ကြည့်လိုက်လေ အရိပ်တွေ ပြီးတော့ ကျောက်စိမ်းလို လှပတဲ့ လက်တစ်စုံတောင် ပါလိုက်သေးတယ် ဒါက သေချာပေါက်ကို အချစ်ရဲ့ အငွေ့အသက်တွေပဲဟာ တကယ်ကြီး ရည်းစားရှိနေတယ်ဆိုလည်း ကျဲကို ပြောနော် လူထုဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပြင်ဆင်ထားရအောင်လို့ ဒါမှ ပါပါရာဇီတွေ ရှာတွေ့ရင်တောင် ပရမ်းပတာ မဖြစ်မှာ ..." 


သူတင်ထားသည့် ဓာတ်ပုံများကို ပြန်ကြည့်ရင်း ရှောင်ကျားရှုက ရုတ်ချည်း ရယ်ချလိုက်မိတော့သည်။ ကျိကော၏ လက်ချောင်းများမှာ အမှန်တကယ်ပင် ရှည်လျားသွယ်လျကာ ကော်ဖီခွက်ကို ကိုင်ထာ

းသည့်အတွက် တကယ့် အရွယ်အစား အစစ်အမှန်ကို မမြင်ရ၊ ထို့ကြောင့် အားလုံးက ၎င်းကို မိန်းကလေးလက်ဟုသာ မှတ်ယူလိုက်ကြတော့သည်။ 




Xxxxxx