အပိုင်း ၁၆၇
Viewers 44k

Chapter 167





ရှောင်ကျားရှုက ပြုံးကာ ပြောလိုက်သည်။ 


"အိုကေ သူတို့နဲ့ မပြောတော့ဘူး ..."


ကျိကောက စိတ်ဆိုးနေတဲ့အချိန်ဆို အရမ်း ချစ်ဖို့ကောင်းတာပဲ ဟီးဟီး ... 


ကျိမြန်၏ လှုပ်ရှားမှုတို့ မသိမသာ ရပ်တန့်သွားတော့၏။ နာရီပေါင်းများစွာ တွန့်ကျုံ့ထားသော သူ့မျက်ခုံးတို့မှာလည်း ချက်ခြင်းပင် ပြေလျော့သွားတော့သည်။ 


သတင်းထောက်များက မိုက်ခရိုဖုန်းများကို ရှေ့ထိုးပေးလျက် ရှောင်ကျားရှု၏ နာမည်ကို သူ့ထက်ငါ အပြိုင်အဆိုင် အော်ခေါ်နေကြသည်။ လူသိနည်းလှသည့် အရှေ့တိုင်းသားလေးက ဤမျှအထိ ပြောင်မြောက်စွာ သရုပ်ဆောင်နိုင်လိမ့်မည်ဟု လုံးဝ မျှော်လင့်မထားမိခဲ့။ ပြသနေစဉ်တစ်လျှောက် 001 ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် အမျိုးသမီးများအားလုံး အမျိုးသားများပါမချန် ပါးစပ်ကို လက်ဖြင့်အုပ်လျက် အသက်အောင့်ထားမိလိုက်ကြတော့သည်။ ထိုသူတို့၏ အကြည့်များမှာလည်း ရူးသွပ်စွဲလမ်းမှုတို့ အပြည့်ပင်။ 001 ၏ ဇာတ်ကောင်စရိုက်မှာ လွန်စွာ ပြီးပြည့်စုံလွန်းရာ သူ့နေရာတွင် သရုပ်ဆောင်သည့်သူသာလျှင် ဤပြည့်စုံမှုကို တတ်စွမ်းနိုင်ပေသည်။ 


ပြသမှုအပြီးတွင် သတင်းထောက်တစ်ဦးက ကြည့်ရှုသူများအား မည်သည့်ဇာတ်ကောင်ကို  အထင်အကြီးဆုံး ဖြစ်ခဲ့သလဲဟု မေးမြန်းရာ ကိုးယောက်က 001 ဟု ဖြေပြီး ကျန်တစ်ယောက်က ရှောင်ဟု ဖြေဆိုခဲ့ကြသည်။ 


အိုး နေပါဦး 001က ရှောင်၊ ရှောင်က  001ပဲ‌ဟာ ဘာကွာခြားလို့လဲ .... 


အကြိုက်နှစ်သက်ဆုံး ဇာတ်ကောင်ကို မေးသည့်အခါတွင်လည်း အဖြေမှာ တစ်ပုံစံတည်းပင်ဖြစ်သည်။ 


သတင်းထောက်များမှာ ရုံတင်ပြသမှု ပြီးဆုံးပါလျှင် 001 သည် ပရိသတ်များအကြား ရေပန်းအစားဆုံး ဇာတ်ကောင် ဖြစ်လာကာ အဓိကဇာတ်ကောင်များနှင့်ပင် ယှဉ်နိုင်လိမ့်မည်ဟု တွက်ဆမိကြတော့သည်။ ရုပ်ရှင်၏ တစ်ဝက်နီးပါးခန့်သာ ပါဝင်ရသည့် အရန်ဇာတ်ကောင် ဖြစ်သည့်တိုင် သူ့ညှို့ဓာတ်မှာ အံ့ချီးဖွယ်ရာပင်။ 


အစောပိုင်းက သူ့ကို လျစ်လျူရှုခဲ့သည့် သတင်းထောက်များမှာ အူများ စိမ်းပုပ်သည်အထိ နောင်တရကုန်ကြတော့သည်။ 


အထင်ရှားဆုံး ဇာတ်ကောင်နဲ့ ပတ်သက်ပြီး အချက်အလက် တစ်ခုလေးတောင် မရခဲ့တာ ဘယ်လိုမျက်နှာနဲ့ သူတို့သူဌေးဆီ ပြန်ပြီး သတင်း ရေးရတော့မှာလဲ တော်သေးတာပေါ့ ဒါပြီးရင် သတင်းစာရှင်းလင်းပွဲ ရှိသေးတော့ သူတို့ရဲ့ အမှားတွေကို ပြန်ပြင်ခွင့် ရှိနေသေးလို့ ... 


ဒါပေမယ့် အခုအခြေအနေကြီးက ဘာကြီးလဲ ရှောင်က ဘယ်မှာလဲ သူ ဘယ်ထွက်သွားတာလဲ တရုတ်သရုပ်ဆောင်တွေ အကုန်လုံးက ဟောလိဝုဒ်ကို ထိုးဖောက်ဝင်ရောက်နိုင်ရင် အရမ်း ဂုဏ်ယူကြတာ မဟုတ်ဘူးလား ဘာလို့ သူက ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို မယူရတာလဲ ဒီရုပ်ရှင် ဒီဇာတ်ကောင်နဲ့သာဆို ဟောလိဝုဒ်စတားအဆင့်ထဲ ပါနေပြီဆိုတာကို မသိလို့လား ... 


"ရှောင် ရှောင်ရေ ကျေးဇူးပြုပြီး ခဏလောက် ရပ်ပေးလို့ ရမလား မေးခွန်းလေး နည်းနည်းလောက် မေးချင်လို့ပါ ရှောင် ..." 


သတင်းထောက်များက အသံများ အက်ကွဲလာသည်အထိ အော်ဟစ်လိုက်ကြသည့်တိုင် တစ်ဖြည်းဖြည်း ဝေးသည်ထက် ဝေးသွားသော နောက်ကျောပြင်၏ ချန်ရစ်ခြင်းကိုသာ ခံလိုက်ရတော့သည်။ 


ရှောင်ကျားရှု သရုပ်ဆောင်ထားသည့် 001 ဇာတ်ကောင်က မြောက်အမေရိကတိုက်တစ်တိုက်လုံး နာမည်ကြီးသွားခဲ့ရာ တရုတ်ပရိသတ်များလည်း စိတ်ကို အေးအေးမထားနိုင်ကြတော့ချေ။ သူ့ကို နင်းချေခဲ့သည့် anti နှင့် မီးလောင်ရာ လေပင့်ခဲ့သူများမှာ စကားသံပင် မထွက်ရဲကြတော့။ သူတို့ ပြောခဲ့သည်များမှာ တစ်လုံးတစ်ပါဒမျှပင် မှန်ကန်မှု မရှိခဲ့ချေ။ 


ရှောင်ကျားရှုက ပဲငံပြာရည် သွားဝယ်တဲ့ လူပြက် ဟုတ်လား လုံးဝပဲနော် သူ့ဇာတ်ကောင်က ဇာတ်လမ်းတစ်ခုလုံးရဲ့ အထွတ်အထိပ်လို့တောင် ပြောလို့ရတယ် အံ့ဩစရာကောင်း‌တဲ့ တိုက်ခိုက်တဲ့အခန်းတွေ အကုန်လုံးကိုလည်း သူကိုယ်တိုင်ပဲ သရုပ်ဆောင်ခဲ့တာ ပြီးတော့ ဇာတ်လမ်းရဲ့ ပထမတစ်ဝက်လောက်ကို ဇာတ်ရှိန်တက်လာအောင်လည်း သူပဲ လုပ်ပေးခဲ့တာ ... 


သူက သရုပ်မဆောင်နိုင်ဘူး ပြီးတော့ တရုတ်ပြည်ကို အရှက်ရစေတယ် ဟုတ်လား ဒါက ပိုတောင် ရယ်ရသေးတယ် သူ့ရဲ့ 001 ဇာတ်ကောင်ကြောင့် ရင်ခုန်သံ မြန်ကုန်တဲ့သူတွေ ဘယ်လောက်တောင် များသလဲဆိုတာ သိရဲ့လား သူ့သေဆုံးမှုကြောင့် လူ ဘယ်လောက်‌များများ မျက်ရည်ခိုးသုတ်ခဲ့ရသလဲ သိရဲ့လား ရုံတင်မှုလည်း ပြီးရော ဥရောပနဲ့ အမေရိကဝဘ်ဆိုဒ်က ရုပ်ရှင်အညွှန်းတွေ အကုန်လုံး ရှောင်ကျားရှုရဲ့ သရုပ်ဆောင်မှုအပေါ် ချီးကျူးစာတွေနဲ့ ပြည့်ကုန်တာလေ ဒါကသာ ရှက်စရာဆိုရင် ဟောလိဝုဒ်ကို တကယ်ကြီး ပဲငံပြာရည် သွားဝယ်ရတဲ့ တရုတ်စတားတွေ အသက်ရှင်နိုင်စရာ အကြောင်းပြချက်ကို ရှိတော့မှာ မဟုတ်ဘူး ... 


ရုံတင်မှုအပြီး သတင်းထောက်များ ဝန်းရံခံထားရသည့်တိုင် တစ်ချက်မျှပင် လှည့်မကြည့်ဘဲ အေးစက်စွာ ထွက်ခွါသွားသည့် ရှောင်ကျားရှုနှင့် ကျိမြန်၏ ဗီဒီယိုဖိုင်ကို တစ်စုံတစ်ယောက်က တရုတ်ပြည်သို့ လှမ်းပို့လိုက်သည်။ 


ထိုဗီဒီယိုကို ဖွင့်ကြည့်မိသူတိုင်း မရယ်ဘဲပင် မနေနိုင်ကြတော့။ 


[ဟားဟားဟား ဒါကမှ "ဒီနေ့ မင်း ငါ့ကို လျစ်လျူရှုရင် မနက်ဖြန် ငါ့အရိပ်ကိုတောင် မနင်းနိုင်စေရဘူး" ဆိုတာမျိုး မဟုတ်လား နှစ်နာရီခွဲအတွင်းမှာတင် အေးစက်တဲ့ခုံမှာ ထိုင်နေရတဲ့ ရှောင်ကျားရှုကနေ လူတိုင်း အပြေးအလွှား အင်တာဗျုးချင်တဲ့ လူသစ်လေး ဖြစ်သွားတော့တာပဲ]


[ကောင်းလိုက်တာ နောက်ဆုံးတော့ နာမည်ကြီးတစ်ယောက်ကို အိုင်ဒေါတော်ထားရတဲ့ ခံစားချက်က ဘယ်လိုဆိုတာ သိသွားပြီ တကယ်တမ်းတော့ ရုပ်ရည်ကြည့်လှတာက အသုံးမဝင်ဘဲ ခွန်အားကမှ အရေးကြီးတာပေါ့ ဒါပေမယ့် မင်းတို့လည်း ငါတို့ရဲ့ အိုင်ဒေါလေး @ရှောင်ရှုမြောင်လို လှလည်းလှ အရည်အချင်းလည်း ရှ်ိတဲ့သူ ဖြစ်နိုင်တယ်ဆိုရင် အနှေးနဲ့အမြန် ကောင်းကင်ပေါ် တက်ရမှာပဲ] 


ရှောင်ကျားရှု၏ ပရိသတ်များက ခေါင်းကို မော့ချီကာ မည်သူ့ကိုမှ မျက်လုံးထဲ မထည့်ကြတော့။ ဆန့်ကျင်တိုက်ခိုက်ခံရသည့်တိုင် ခြေထောက်နှင့် ခါးတို့မှာ နာကျင်ခြင်းမရှိ၊ သူတို့၏ အရှိန်အဝါသည်ပင် ၂.၈မီတာအထိ မြင့်မားလာတော့သည်။ အိုင်ဒေါသာ စွမ်းအားကြီးလာပါလျှင် ပရိသတ်များလည်း မျက်နှာကောင်းရသည်ဆိုသည့်စကားမှာ အမှန်ပင်ဖြစ်သည်။ 


ကျန်းပင်းကျဲ၏ ပရိသတ်များက လက်မလျော့သေး၊ ချဉ်စူးမှုအပြည့်ဖြင့် မခံချင်အောင် ရန်စနေကြဆဲပင်။ 


[ငါတို့နတ်ဘုရားမလေး သရုပ်‌ဆောင်ထားတဲ့ ဇာတ်ကားကလည်း သန်ဘက်ခါဆို တစ်ကမ္ဘာလုံးကို ထုတ်လွှင့်မှာပါနော် ဘယ်သူရှုံးလဲ နိုင်လဲဆိုတာ အခုထိ မဆုံးဖြတ်နိုင်သေးဘူး] 


သို့သော် ပြီးခဲ့သည့် မှတ်တမ်းများကို အကဲဖြတ်ရပါလျှင် ကျိမြန်မှအပ ရှောင်ကျားရှု၏ သရုပ်ဆောင်ချက်ကသာလျှင် ဥရောပတိုက်သားနှင့် အမေရိကန်နိုင်ငံသားတို့၏ အသိအမှတ်ပြုခြင်းကို အခံရဆုံးဖြစ်ကြောင်း သူတို့ကိုယ်တိုင်လည်း သိပေသည်။ သူ့ကို ဖိနှိပ်လိုပါလျှင် ကျန်းပင်းကျဲအဖို့ ခေါင်းဆောင်မင်းသမီးနေရာကို ရမှ ဖြစ်ပေလိမ့်မည်။ 


သန့်စင်တဲ့ ပရိသတ်တွေက တစ်စစီ ဆွဲဖြဲနေတယ် anti တွေက ဆွဲချပြီး ရေတပ်က နာမည်ကြီးအောင် လုပ်နေတယ် ဒါဆို CP fan တွေကရော ဘာလုပ်နေလဲ ... 


မေးစရာပင် မလို၊ သူတို့အားလုံး အရင်းအမြစ်နှင့် သကြားများကို အရူးအမူး မျှဝေရင်း အလုပ်များနေကြပေသည်။ သူတို့အတွက်မူ <<Zerg 3>> သည် မျက်စိအစာကျွေးစရာ တစ်ခုနှယ်။ ကျိမြန်နှင့် ရှောင်ကျားရှုတို့ အပြိုင်သရုပ်ဆောင်ချက်များမှာ ချိုမြိန်ထိရှဖွယ်ရာပင်ဖြစ်သည်။ 


ပညာရှိက 001 ကို နိုးထစေခဲ့ကာ ခံစားချက်တို့ ပေးအပ်ခဲ့သူမှာလည်း သူပင်ဖြစ်သည်။ ပညာရှိက သွေးအိုင်ထဲလှဲကာ သေမည့်အချိန်ကို စောင့်နေစဉ် 001 က ရုတ်တရက် ရောက်လာပြီး သူ့ကို ကယ်တင်ခဲ့သည်။ ထိုအခန်းမှာ CP fan တို့၏ မျက်လုံးထဲတွင်မူ ဂန္တဝင်မြောက်လက်ရာပင်ဖြစ်သည်။ ထို့ကြောင့် 001 နှင့် ပညာရှိတို့ အပြိုင်သရုပ်ဆောင်ရသည့် အခန်းများကို သီးသန့်ခွဲထုတ်ကာ တည်းဖြတ်ပြီး အွန်လိုင်းပေါ် တင်လိုက်၏။ ထိုဗီဒီယိုကို ဝင်ကြည့်သူ ဦးရေမှာ ချက်ခြင်းပင် တစ်သောင်းကျော်သွားတော့သည်။ 


CP fan များမှာ အချိုစားရလွန်း၍ သွားများပင် ကိုက်လာတော့သည်။ ရှောင်ကျားရှုနှင့် ကျိမြန်တို့ အတူတူ သရုပ်ဆောင်ထားသည့် နောက်ထပ်ဇာတ်ကားတစ်ကား ရှိနေသေးကာ ထိုဇာတ်ကားမှာ <<Zerg>>ထက်ပင် နှစ်ယောက်အတူပါသည့် အခန်းများ ပိုမိုများပြားကြောင်း ကြားလိုက်ရသည့်အခါ ပျော်ရွှင်လွန်း၍ ပေါက်ကွဲထွက်သွားလုမတတ် ဖြစ်ကုန်ကြတော့သည်။ သူတို့ကိုယ်သူတို့ ရှုကွမ်ဟုပင်နာမည်ပေးလိုက်ကြသေး၏။ ထိုစာလုံးနှစ်လုံးကို အင်တာနက်ပေါ် ရှာကြည့်လေတိုင်း ကျိမြန်၊ ရှောင်ကျားရှုတို့နှင့် ပတ်သက်သည့် သတင်းများကိုသာ တွေ့ရတော့သည်။ ဤသို့ဖြင့် ထို CP ၏ တိုင်းသိပြည်သိ အသိအမှတ်ပြုခံရမှုမှာ မသိမသာ တိုးများလာတော့သည်။ 


တစ်ချိန်တည်းမှာပင် ကျန်းပင်းကျဲကလည်း ရှောင်ကျားရှု၏ သတင်းများကို လိုက်ဖတ်ကြည့်နေ၏။ သူမလည်း trailer ကို ကြည့်ပြီးဖြစ်ရာ သူ့ဇာတ်ကောင်မှာ အရေးမကြီးလှဟု ထင်ခဲ့၍သာ ရေတပ်ကို ငှားရမ်းခဲ့ခြင်း ဖြစ်ပေသည်။ သို့သော် အခြေအနေမှာ ကပြောင်းကပြန်ပင်။ trailer ထဲတွင် သုံးစက္ကန့်ပင် မပါခဲ့သူသည် ဇာတ်လမ်းတစ်ခုလုံး၏ အရေးအကြီးဆုံး ဇာတ်ကောင် ဖြစ်နေခဲ့၏။ ယခင်က မခံချင်အောင် ဇာတ်လမ်းဆင် ရန်စခဲ့သည်အားလုံး ဟာသဖြစ်သွားတော့သည်။ 


"ကျန်းပင်းကျဲက တရုတ်လူမျိုးတွေကို မျက်နှာသာ ရစေလိမ့်မယ်" "ကျန်းပင်းကျဲရဲ့ သရုပ်ဆောင်စွမ်းရည်က ဟောလိဝုဒ်စတား ဖရက်ဒ်ရဲ့ ချီးကျူးခြင်းကိုတောင် ခံရ‌တယ်" အစရှိသည့် ရေတပ်၏ ဦးနှောက်ဆေးမှုများကြောင့် <<Zerg Wars>> ကို ကြည့်ရှုပြီးသည့် ပရိသတ်များ၏ ကျန်းပင်းကျဲအပေါ် မျှော်လင့်ချက်မှာ မယုံကြည်နိုင်လောက်အောင်ပင် များပြားလာတော့သည်။ 


အခန်းပေါင်းများစွာ သရုပ်ဆောင်ခဲ့သည့်တိုင် ရှောင်ကျားရှုကို လုံးဝ ယှဉ်နိုင်မည် မဟုတ်ကြောင်း သူမကိုယ်သူမလည်း သိပေသည်။ မူလက သူ့ကို ချနင်းရန် ကြံစည်ခဲ့သော်ငြား ယခုမူ အခြေကုပ်ပြီး မရပ်နိုင်ပါလျှင် ပြုတ်ကျမည့်သူမှာ သူမဖြစ်သွားတော့မည်။ 


"ရုံဝင်နှုန်းရလဒ်တွေ ထွက်လာပြီလား ..." 


သူမနှင့်အတူ <<Robocop>>နှင့် ပတ်သက်၍ ပရိုမိုးရှင်းဆင်းရန် အမေရိကန်သို့ လိုက်လာသည့် တင်းကျန်းကို မေးလိုက်သည်။ 


တင်းကျန်းက မျက်စိစုံမှိတ်ကာ အိပ်ချင်ယောင် ဆောင်နေသည့်တိုင် သူ့ဦးနှောက်တစ်ခုလုံး ရှောင်ကျားရှု၏ အလွန်အမင်း လှပချောမွေ့သည့် နောက်ကျောပြင်ဖြင့်သာ ပြည့်နှက်နေပေသည်။ <<Zerg 3>> ကို ကြည့်ရှုခဲ့သည့် အဖြောင့်များပင်လျှင် ရှောင်ကျားရှုကြောင့် ကွေးလုနီးပါး ဖြစ်ကုန်ကြရာ သူကဲ့သို့ ယခင်ကတည်းက ယောကျာ်းများကိုသာ ကြိုက်တတ်သူသာဆိုလျှင် ထွေထူးပြောနေရန်ပင် မလိုတော့ချေ။ ရုပ်ရှင်မှာ ရုံတင်နေဆဲဖြစ်၍ အင်တာနက်ပေါ်မှတစ်ဆင့် ကြည့်၍ မရသေးသည်မှာ နှမြောစရာပင်။ သို့မဟုတ်ပါလျှင် ဖုန်းထဲသို့ ဒေါင်းလုဒ်ဆွဲကာ ထည့်ထားနိုင်မည်ဖြစ်သည်။ 


"Zerg 3 ရဲ့ ရုံဝင်ရလဒ်တွေ ထွက်လာပြီလားလို့ ..." 


သူမက သူ့ကို စိတ်မရှည်လေဟန်ဖြင့် အတင်းမေးလိုက်သည်။ 


"အာ? အိုး ..." 


တင်းကျန်းက ဖုန်းကိုထုတ်ကာ သတိလက်လွတ် ပြောလိုက်သည်။ 


"တစ်ယောက်ယောက်ကို မေးကြည့်လိုက်မယ် မင်း ရှောင်ကျားရှုနဲ့ ပြိုင်နေဖို့ မလိုဘူး ရုပ်ရည်ပဲဖြစ်ဖြစ် သရုပ်ဆောင်စွမ်းရည်ပဲဖြစ်ဖြစ် ပြီးတော့ အရင်းအမြစ်ပဲဖြစ်ဖြစ် ဘယ်နေရာမှာများ သူ့ကို ယှဉ်နိုင်လို့လဲ မင်းတင်ထားတဲ့ အကြိုရှင်းလင်းပွဲအကြောင်းကလေ အင်တာနက်သုံးစွဲသူတွေ မပြောနဲ့ ငါတောင် ရယ်ချင်တယ် ..." 


"ကျွန်မက ရှင့်အနုပညာရှင်နော် ဘယ်သူ့ကို ကူညီချင်နေတာလဲ ..." 


ကျန်းပင်းကျဲ၏ မျက်နှာမှာ ဒေါသကြောင့် အနီရောင်ဘက်သို့ ပြောင်းလဲသွားတော့သည်။ 


ရှောင်ကျားရှုသာ ဒီလောက်အထိ မိမိုက်တဲ့ ဇာတ်ကောင်မျိုး ရမယ်မှန်း သိခဲ့ရင် ကိုယ့်ခြေထောက်ပေါ် ပြန်ပြုတ်ကျမယ့် ကျောက်တုံးကို မမခဲ့ပါဘူး ... 


ဖုန်းဆက်ပြီးနောက် တင်းကျန်း၏ အမူအယာမှာ အလွန် ရှုပ်ထွေးနေဟန်ပင်။ 


"ရုံဝင်ကြေးတွေ ထွက်လာပြီ မြောက်အမေရိကတိုက်အတွက် ပထမဆုံးရက် ရုံဝင်ကြေးက ဒေါ်လာသန်း၁၃၀၊ ပြည်တွင်း ရုံဝင်ကြေးက ဒေါ်လာသန်းလေးရာ ကျော်သွားပြီ စံချိန်တင်ရလောက်တဲ့ ရုံဝင်နှုန်းပဲ ဒီအကြောင်း တွေးနေတာ ရပ်လိုက်တော့ ..." 


နဖူးကို ထောက်ထားသည့် ကျန်းပင်းကျဲမှာ တစ်ကိုယ်လုံး တစ်ဆတ်ဆတ် တုန်ရီနေတော့သည်။ <<Zerg 3>> ၏ သရုပ်ဆောင်ချက်များမှာ လွန်စွာ သန်မာကာ မြောက်အမေရိကနှင့် တရုတ်တို့တွင် တစ်ရက်တာ ရုံဝင်ကြေး အများဆုံးဟူသည့် ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ခဲ့သည့်အတွက် ၎င်းနှင့် တစ်ချိန်တည်း ဖြစ်နေသော <<Robocop>> ၏ ရုံဝင်ကြေးမှာ ကျိန်းသေ တစ်ဝက်လျော့နည်းသွားမည်ဖြစ်သည်။ 


တင်းကျန်းက နောက်တစ်ကြိမ် မညှာမတာ ပြောလိုက်ပြန်သည်။ 


"ရှောင်ကျားရှုကို နင်းချဖို့ မစဉ်းစားနဲ့တော့ မင်းလက်ကို အသားကုန် မြှောက်ပြီး ရိုက်လို့တောင် သူ့ဒူးနားအထိ ရောက်ပါ့မလား သူကဖြင့် မင်းကို ငုံ့ကြည့်ဖို့တောင် စိတ်ကူးရှိမှာ မဟုတ်ဘူး ..." 


ကျန်းပင်းကျဲက သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည့်တိုင် သူ့စကားတို့မှာ ဟောလိဝုဒ်ရှိ သူမနှင့် ရှောင်ကျားရှုတို့၏ အခြေအနေကို အတိုင်းသား ဖော်ပြနေကြောင်း သူမကိုယ်တိုင်လည်း သိပေသည်။ 


ဒီ‌နေ့ လူတိုင်းက ရှောင်နဲ့ 001 ကို သိပေမယ့် ကျန်းပင်းကျဲက ဘယ်သူလို့ သိတဲ့သူ ရှိလား ... 


ဒေါသစိတ်တို့ကို မနည်းမျိုချကာ တုန်ရီနေသည့် အသံဖြင့် ပြောလိုက်သည်။ 


"ကျွန်မရဲ့ ဝတ်စုံရော အဆင်သင့်ဖြစ်ပြီလား ..." 


"မင်းနေတဲ့ ဟော်တယ်ကို ပို့ပေးထားဖို့ ပြောထားတယ် အခုဆို လမ်းပေါ် ရောက်နေလောက်ပြီ ...." 


တင်းကျန်းက မျက်မှောင်ကြုတ်ကာ နက်ရှိုင်းသည့်

အသံဖြင့် မေးလိုက်သည်။ 


"ဖိတ်စာရလား ..." 


ကျန်းပင်းကျဲမှာ တစ်ခဏ ကြောင်အသွားတော့၏။ 


"မရသေးဘူး ..."



Xxxxxxxx