အပိုင်း ၁၆၉
Viewers 44k

Chapter 169





<<Robocop>> ၏ တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းတစ်ခုလုံး ငြိမ်ကျသွားတော့၏။ ပထမဆုံးမှတ်ချက် ထွက်ပေါ်လာသည့်အခါ အားလုံးက အလုအယက် တုန့်ပြန်လိုက်ကြသည်။ 


[ငါလည်း အရမ်းကို ရှက်မိနေတာ တော်သေးတာပေါ့ ရန်မဖြစ်မိလို့ မဟုတ်ရင် ပိုတောင် ရှက်စရာ ကောင်းလိမ့်ဦးမယ်] 


[ဟိုးအစောပိုင်းတုန်းက ပင်းရဲ့ ပရိသတ်တွေ ဘာပြောခဲ့လဲ နိုင်ငံ့ဂုဏ်သိက္ခာ တိုးမြင့်ဖို့က ကျန်းပင်းကျဲပေါ်မှာပဲ မူတည်တယ်ဆို ဒါလား နိုင်ငံ့ဂုဏ်သိက္ခာ နိုင်ငံရပ်ခြားမှာ အရှက်တကွဲ အကျိုးနည်းရတယ်လို့ ခေါ်တယ်ကွ ဒီဗီဒီယိုကို ကြည့်နေတဲ့ တစ်လျှောက်လုံး ငါ့မျက်နှာကို အုပ်ထားနေရတယ် အရမ်းကို ရှက်တာပဲ ] 


[နိုး နိုး နိုး မဟုတ်သေးဘူး မင်းမှားနေပြီ ကျန်းပင်းကျဲက တရုတ်ရဲ့ မင်းသမီးကောင်းတစ်ယောက် မဟုတ်ဘူးလေ သရုပ်ဆောင်ကောင်းတယ်ဆိုတဲ့ ခေါင်းစဉ်အရဆို သူမက တတိယအဆင့်တောင် မရှိဘူး မင်းတို့ကတော့ "ထူးချွန်တဲ့ သရုပ်ဆောင်" ဆိုတဲ့ စကားလုံးကို အဓိပ္ပါယ် အကောက်မှားနေပြီထင်တယ် ဝေးဝေးလံလံ စဉ်းစားမနေနဲ့ ရှောင်ကျားရှုနဲ့ ကျိမြန်ကိုသာကြည့် သူတို့ကမှ တရုတ်ပြည်ရဲ့ ကိုယ်စားပြု ထူးချွန်တဲ့ သရုပ်ဆောင်တွေပဲ] 


တစ်ယောက်က ချက်ခြင်း ရှင်းပြလိုက်သည်။ 


[ကျန်းပင်းကျဲရဲ့ နိုင်ငံခြားမှာ သရုပ်ဆောင်လာတဲ့ပုံစံကို ငါ ဘာလို့များ မအံ့ဩမိပါလိမ့်နော် အခါတိုင်းလည်း သူမက ဒီအတိုင်းပဲ မဟုတ်လား ကြီးကြီးကျယ်ကျယ် နေတတ်တာ‌၊ ပြီးတော့ အိတ်တွေ၊ ဖိနပ်တွေ၊ အဝတ်အစားတွေ၊ ခရီးဆောင်အိတ်တွေ သယ်ဖို့အတွက်ကို လက်ထောက်တစ်ဒါဇင်လောက် ရှိတာ ... ဒီလိုသတင်းမျိုးတွေ နားနဲ့ မဆန့်အောင်ကို ကြားခဲ့ဖူးပြီးသားလေ လူတိုင်းမှာ ကိုယ့်တာဝန်နဲ့ကိုယ် ရှိပြီးသား ကလေးကြီးတစ်ယောက်ကို ပျိုးထောင်ဖို့ဆိုတာ တကယ် ခက်မှာပဲ ဖုန်းခေါ်ချင်ရင် လက်ထောက်က လူသားဖုန်းတိုင် ပူတဲ့အချိန်ဆို  ပန်ကာ ဖြစ်ပေးရတယ် ဖိနပ်ချွတ်ချင် ဝတ်ချင်ရင်တောင် ဒူးထောက်ပြီး အခစားဝင်ပေးရတယ်တဲ့ ဒါ ဘယ်လိုလုပ်ရပ်မျိုးလဲ ... ဟင် ... ပဲစေ့မင်းသမီးတောင် သူမလောက်ကြီး မနူးညံ့ဘူး ဒီလိုလူမျိုးကများ တိုက်ခိုက်တဲ့ အခန်းတွေကို ခက်ခက်ခဲခဲ ကြိုးစားပမ်းစား ရိုက်မယ်တဲ့လား အိပ်မက်သာ မက်နေလိုက် ] 

(ပဲစေ့မင်းသမီး - သူ့ထဲမှာတော့ ရှင်းထားတာ မပါပေမယ့် မွေ့ယာခုနစ်ထပ်အောက်မှာ ပဲစေ့တစ်လုံး ထားထားတာတောင် ကျောနာတယ်ဆိုတဲ့ ပုံပြင်ထဲက မင်းသမီးကို ဆိုလိုချင်တာပါ) 


[ဖာ့ခ် ငါတောင် ဟိုတစ်ခုကို သတိရသွားပြီ တစ်ခါသားကလေ ဒီလောကထဲက လူသစ်လေးတစ်ယောက်ကွာ လက်မှာ ပိစိလေး ခိုက်မိသွားတာကို အရေးပေါ်ခန်းက ဆရာဝန်ကို အပြေးအလွှား သွားပြတယ်တဲ့ ဆရာဝန်ကလည်း ဆူလိုက်ရော ငိုချကြတော့မလို့လေ ဆရာဝန်က "ဘာကိစ္စ ဆေးရုံကို လာတာလဲ ခဏနေ သက်သာသွားမယ့်ဟာကို" ဆိုပြီး အော်ဟစ်နေတာတဲ့ ဒါက နည်းနည်း ရယ်စရာကောင်းတယ်လို့ ထင်ရပေမယ့် တစ်ချို့ စတားပေါက်စလေးတွေ ဘယ်လိုနေထိုင်ပြုမူကြသလဲ ဆိုတာနဲ့ တစ်ထပ်တည်းပဲ တစ်ချို့က လူစိတ်ဝင်စားခံရအောင် လုပ်တဲ့နေရာမှာ ဆရာကြီး ဆိုပေမယ့် သရုပ်ဆောင်တာနဲ့ ပတ်သက်လာရင်တော့ သာမန်လေးပဲ မျိုးဆက်သစ် သရုပ်ဆောင်တွေကို ကြည့်ကြည့်လိုက်လေ သရုပ်ဆောင်ကောင်းပါတယ်ဆိုတဲ့သူ ဘယ်နှယောက်လောက် ရှိလို့လဲ ဝါရင့်သရုပ်ဆောင်တွေထက်ကို ပိုအရည်အချင်း ရှိပါတယ်ဆိုတဲ့သူ ဘယ်သူရှိလဲ ရှေးဟောင်း ဂန္တဝင်ရုပ်ရှင်တွေကို ပြန်ကြည့်လိုက်ရင် ငါတို့မှာ တစ်နေကုန် တစ်ညလုံး ပြောလို့တောင် ပြောစရာ မကုန်သေးဘူး သရုပ်ဆောင်ကောင်းတဲ့ အနုပညာရှင်ဟောင်းတွေလို့ စဉ်းစားလိုက်ရင်လည်း ငါတို့ခေါင်းထဲမှာ နာမည်တွေ တစ်ခုပြီးတစ်ခု တန်းစီပြီးကို ထွက်လာတာလေ ဒါပေမယ့် အခုခေတ် အနုပညာလောကကိုလည်း ကြည့်ကြည့်လိုက်ပါဦး လူသစ်တွေထဲက ဘယ်သူတွေကိုများ တကယ့် အနုပညာရှင်အစစ်လို့ ပြောနိုင်လို့လဲ တရုတ်ပြည်ရဲ့ သရုပ်ဆောင်တွေက အရင်ခေတ်ကလောက် မကောင်းတော့ဘူးလို့ အပြောခံရတာလည်း မထူးဆန်းတော့ပါဘူး လူတွေပဲ ပြောင်းသွားတာလား ဒါမှမဟုတ် ယဉ်ကျေးမှု ပြောင်းသွားလို့ပဲလား ] 


ထိုမှတ်ချက်က အင်တာနက်သုံးစွဲသူများ၏ အသိစိတ်ကို နှိုးဆွလိုက်ကာ ဆက်လက်ဆွေးနွေးကြသူများ ထွက်ပေါ်လာတော့သည်။ 


[ဟုတ်တယ် အခုခေတ် နာမည်ကြီးနေတဲ့ သရုပ်ဆောင်တွေလို့ မေးရင်တော့ အများကြီး ပြောတတ်ပေမယ့် သူတို့ရဲ့ ဘယ်ဇာတ်ကောင်က ရသမြောက်သလဲဆိုရင်တော့ တကယ်ကို မမှတ်မိတော့ဘူး ဒါပေမယ့် အရင်မျိုးဆက်က သရုပ်ဆောင်တွေအကြောင်း ဆိုရင်တော့ မတူဘူးနော် ကျန်းကောရုန်အကြောင်း ပြောရရင် <<နှုတ်ဆက်ပွဲ>> <<ကိုယ့်ရဲ့ ကိုယ်လုပ်တော်>> <<အရိုင်းဆန်ခဲ့သည့်နေ့ရက်များ>>  ဒါတွေအကုန် ခေါင်းထဲ တန်းရောက်လာတာ ပြီးတော့ ချန်သောင်မင်ဆိုရင်လည်း <<လျှို့ပမ်း>>  <<ဖန်ဟုန်ကျန်း>> ပြီးတော့ <<နောက်ဆုံးသော ဧကရာဇ်>> ဒါတွေကို ချက်ခြင်း တွေးလိုက်မိတာ ... အချိန်တွေက တကယ်ကို ကွာခြားသွားပြီပဲ အတိတ်က သရုပ်ဆောင်တွေက ဝမ်းစာရေးအတွက် အရည်အချင်း တစ်ခုတည်းကိုပဲ မှီခိုခဲ့ရတာ စိတ်အားထက်သန်မှုတွေ၊ အာရုံစူးစိုက်မှုတွေက ပညာရှင်တစ်ယောက်ရဲ့ အခြေခံ ကျင့်ဝတ်တွေပဲ ဒါတွေကို သုံးပြီး ဘယ်သူမှ ကြွားလုံး မထုတ်ဘူး အခုလက်ရှိ သရုပ်ဆောင်တွေကတော့ ... အိုက်ယား မပြောတော့ပါဘူး မင်းတို့တွေ စိတ်ပျက်သွားကြလိမ့်မယ် ]


ကျန်းပင်းကျဲ၏ အခန်းများ ဖြတ်တောက်ခံရခြင်းသည် သရုပ်ဆောင်များအနေဖြင့် အလုပ်အပေါ် စိတ်ရောကိုယ်ပါ နစ်မြှုပ်ထားသင့် မထားသင့် ဆွေးနွေးသည့် စကားဝိုင်းကို အစပျိုးနိုင်လိမ့်မည်ဟု မည်သူမှ မျှော်လင့်မထားကြချေ။ သို့သော် ဤအကြောင်းနှင့် ပတ်သက်၍ ဆွေးနွေးရန်အကြောင်းလည်း မရှိပေ။ ကျောင်းသားတစ်‌ဦးက စာကျက်ကာ ဆရာသည် ကောင်းစွာ သင်ကြားပြသပေးရမည်၊ ရဲဝန်ထမ်းတို့မည်သည် ဥပဒေစိုးမိုးရေးကို အလေးအနက် ထားရမည်ဖြစ်သည်။ အလုပ်ရှိသူတိုင်း၏ ပထမဆုံး ဦးစားပေးမှာ မိမိအလုပ်ကို ကောင်းမွန်ပြည့်စုံစွာ ဆောင်ရွက်ရန် ဖြစ်သည်။ သာမန်ကာလျှံကာမျှသာ လုပ်နေ၍မရ။ ဤသည်မှာ လောကနိယာမပင် ဖြစ်ပေသည်။ 


ဆွေးနွေးမှုအပြီးတွင် မည်သူကမှ သူမဘက်မှ ရပ်တည်ကာ နိုင်ငံခြားမီဒီယာများကို ရန်လုပ်ပေးရန် မတွေးကြတော့။ 


လူစားထိုးသုံးလို့ အခွင့်အရေးကောင်းတွေ လက်လွှတ်ခဲ့ရတာ ဘယ်သူ့ကို သွားပြီး အပြစ်တင်ရမှာလဲ မင်းကိုယ်မင်း စကြဝဠာကြီးရဲ့ အလယ်ဗဟိုလို့များ ထင်နေလား လူတိုင်းက မင်းရဲ့အနံ့တထောင်းထောင်းထွက်နေတဲ့ ပြဿနာတွေနဲ့ အသားကျနေရမှာလား ... 


ကျန်းပင်းကျဲ၏ ပရိသတ်များမှာမူ မရပ်တန့်လို၊ သူမ၏ အမည်ကို ရှင်းလင်းပေးလိုကြဆဲဖြစ်သည်။ ဆိုးရွားလှသည့် သရုပ်ဆောင်စွမ်းရည်ကြောင့် ဝေဖန်ခံရချိန်တိုင်း သူတို့က ဤသို့ တုန့်ပြန်ကြလေ့ရှိသည်။ [ငါတို့ကျဲက ဘယ်လောက်တောင် အလုပ်ကြိုးစားသလဲဆိုတာ သိလို့လား ] 


ဟုတ်ပါပြီ ဒီစာကြောင်းက သရုပ်ဆောင်စွမ်းရည် မကောင်းပေမယ့် ဆယ်စုနှစ်တွေ အကြာကြီး ကြိုးစားပြီး တိုးတက်လာတဲ့သူတွေဆိုရင်တော့ သုံးလို့ရပါတယ် မတိုးတက်လို့ ကြိုးစားတာ မမှားဘူးလေ ... 


ဒါပေမယ့် အခုအချိန်မှာတော့ ဒီစကားကြီးက မဟုတ်သေးဘူးနော် ရိုက်ကွင်းက သူမရဲ့ အပြုအမူတွေကိုပဲ ကြည့်ကြည့်လိုက်လေ အလုပ်ကြိုးစားတယ်ဆိုတာနဲ့ သူမက လားလားမှကို မအပ်စပ်ဘူး ပြောရရင် မိုးမျှော်တိုက်ပေါ်ကနေ ခုန်ချနေရင်း သနားစရာ ကောင်းလောက်အောင် အော်ခဲ့တဲ့ နာတာရှာဆီကနေတောင် ပြန်သင်ယူသင့်သေးတယ် သူမက သေမှာကြောက်ပေမယ့် အားတင်းပြီး အလုပ်ကို ဆက်လုပ်တုန်းပဲ သူမကမှ တကယ့် အလုပ်ကြိုးစားတဲ့သူ အစစ် မင်းလို ထောင့်လေးမှာ ပုန်းပြီး ငို လုပ်စရာရှိတာအကုန် လူစားထိုးလက်ထဲ ထည့်ထားတဲ့သူနဲ့ ဘာဆိုင်လို့လဲ ဒါတောင် မတရားခံရတယ်ပဲ ပြောနေဦးမှာလား ... 


အမည်ပျက် ရှင်းလင်းရာတွင် သုံးလေ့သုံးထ အများဆုံးနည်းလမ်းမှာ အသုံးမဝင်တော့သည့်အခါ ပင်းပရိသတ်များက ဦးနှောက်ကို ဖျစ်ညှစ်စဉ်းစားပြီး သူမသည် အကွက်ချ ကြံစည်ခြင်း ခံခဲ့ရသူဖြစ်ကြောင်း ပြောလာပြန်သည်။ သူမကို ထိကပါးရိကပါး လုပ်၍ မရသဖြင့် မကျေမနပ်ဖြစ်နေသော ရှောင်ကျားရှုက သူမ၏ ဇာတ်ဝင်ခန်းများကို ဖြတ်တောက်ပစ်ရန် ထုတ်လုပ်သူများအား စေခိုင်းခဲ့ခြင်း ဖြစ်‌သည်။ သူ့နောက်ခံမှာ တောင့်တင်းလှရာ နိုင်ငံရပ်ခြား အဆက်အသွယ်များ ရှိခြင်းမှာ မထူးဆန်းလှ။ သူတို့၏ နတ်ဘုရားမသည် လွန်စွာ နှစ်လိုဖွယ် ကောင်းလွန်း၍ ထိုကဲ့သို့သော ဆန်ကုန်မြေလေးကောင်မျိုး၏ မျက်စိကျခြင်းကို ခံလိုက်ရခြင်းဖြစ်သည်။ 


မရနိုင်ရင် ဖျက်ဆီးမယ်ပေါ့ ဟုတ်လား တကယ်ကို ရွံစရာ ကောင်းတာပဲ ... 


သူတို့က တရုတ်တစ်မျိုးသားလုံးအား <<Robocop>> ကို သပိတ်မှောက်ကြရန် သွေးဆောင်ကာ ရှောင်ကျားရှု၏ Weibo သို့ သွား၍ သူ့ကို လက်လွတ်စပယ် ပြစ်တင်ပြောဆိုကြတော့သည်။ ပြန်လည်တိုက်ခိုက်ကြရာ၌ ရှောင်ကျားရှု၏ ပရိသတ်များက ခြေတစ်လှမ်း နောက်ကျသွားကာ ဖြတ်သွားဖြတ်လာများနှင့် ဦးစွာ ဆင်နွှဲလိုက်ရတော့သည်။ 


စောက်ကျိုးနည်း ကျန်းပင်းကျဲကြောင့် တရုတ်မင်းသားမင်းသမီးတွေအကုန် နာမည်ပျက်ပြီး နိုင်ငံတကာ ပိတ်ကားထက်မှာ တရုတ်အနုပညာလောကရဲ့ ဂုဏ်သတင်း ပျက်စီးခဲ့ရတာကွ ငါတို့ကို အဖက်ပြန်ဆည်ပေးတာ ဘယ်သူလဲ သိရဲ့လား ရှောင်ကျားရှုကွ ရှောင်ကျားရှု ကျန်းပင်းကျဲရဲ့ အခန်းတွေ ဖြတ်ချခံရတယ်ဆိုတာ သူလုပ်လို့ သူဖြစ်တာလေ ရှောင်ကျားရှုနဲ့ ဘာဆိုင်လို့ သူ့ကို လိုက်ပြီး အပြစ်ပုံချနေကြတာလဲ ... 


ဖြတ်သွားဖြတ်လာများက သစ်စေ့လေးများနှင့် ပူးပေါင်းကာ ပြန်လည်တိုက်ခိုက်လိုက်ကြပြီး စစ်ရေးတောင့်တင်းသည့် CP ဖန်များလည်း အများအပြား စုရုံးရောက်ရှိလာကြတော့သည်။ ဤသို့ဖြင့် အခြေအနေမှာ တစ်စထက်တစ်စ ပိုမိုပြင်းထန်လာတော့၏။ ကျန်းပင်းကျဲတွင် ပရိသတ်အရေအတွက် သန်းလေးဆယ်ရှိရာ ရှောင်ကျားရှုထက် သုံးဆနီးပါး ပိုမိုများပြားပေသည်။ ဤပမာဏမှာ သူ့ Weibo တစ်ခုလုံးကို အစပင် ရှာမရတော့သည်အထိ အစိတ်စိတ်အမြွာမြွာ ဖျက်ဆီးနိုင်သည်အထိ လုံလောက်သော်ငြား သူမ၏ ပရိသတ်များသာ အရေးနိမ့်သွားတော့သည့်အတွက် ဖရဲသီးစားနေသူအားလုံး နားမလည်နိုင် ဖြစ်သွားရတော့သည်။ 


အချို့က ချက်ကျလက်ကျ ရှင်းပြလာ၏။ 


[ကျန်းပင်းကျဲရဲ့ ပရိသတ်တွေက အနိုင်ကျင့်ချင်တာပဲ သိတယ် ပစ်မှတ်က ဘယ်သူလဲဆိုတာတော့ မကြည့်ကြဘူး ရှောင်ကျားရှုက တစ်ယောက်တည်း တိုက်ခိုက်နေရတာမလို့လား သူ့ကို အတုန့်အဆိုင်းမရှိ ထောက်ပံ့ပေးမယ့် သစ်စေ့လေးတွေအပြင် ကျိမြန်၊ ရွှယ်မြောင်နဲ့ ရှောင်တင်းပန်းရဲ့ ပရိသတ်ရယ် ပြီးတော့ ဖြတ်သွားဖြတ်လာတွေလည်း ရှိသေးတယ်လေ ငါ တွက်ပြမယ်ကွာ ကျိမြန်မှာက ပရိသတ် သန်းကိုးဆယ်ရှိတယ် ဂရင်းနစ်စံချိန်ထဲတောင် ဝင်ထားတာ ရွှယ်မြောင်မှာက သန်းငါးဆယ်ကျော် ရှောင်တင်းပန်းကတင် သန်းနှစ်ဆယ်ကျော်လောက် ရှိတယ်


ဖြတ်သွားဖြတ်လာကတော့ အရေအတွက် အတိအကျ ထည့်လို့မရတော့ သူတို့ကို ချန်ထားခဲ့လိုက်မယ် အကုန်ပေါင်းလိုက်ရင် သန်း ၁၆၀ တောင် ကျန်းပင်းကျဲက ဘယ်လိုလုပ် ယှဉ်နိုင်တော့မှာလဲ ဟိုးအရင်က သူ့ကို မဟုတ်မမှန် ပြောတဲ့ကိစ္စတွေမှာ ရှောင်ကျားရှုက ဘာမှ ပြန်မတုန့်ပြန်ဘူး ဆိုတာကလည်း သူမကို ကြောက်လို့ မဟုတ်ဘဲ အဖက်လုပ်ရမှာတောင် ပျင်းလွန်းလို့လေ ဒါကို သူမက အရှက်မရှိ ဖြစ်နေတာ ] 


ထိုမှတ်ချက်ကို မြင်လိုက်မှသာ ပင်းပရိသတ်များလည်း သူတို့ကို ပြန်လည်တိုက်ခိုက်ကြသူများ မည်သည့်နေရာက ရောက်လာကြောင်း နားလည်သွားကြတော့သည်။ ဤဖြစ်ရပ်ကို စစ်ပွဲတစ်ပွဲဟု သတ်မှတ်ရပါလျှင် နှစ်ဖက်အကြား စစ်အင်အားမှာ များစွာ ကွာလွန်းမက ကွာခြားလှပေသည်။ ထို့အပြင် ရှောင်ကျားရှုတွင် ငွေကြေးနှင့် အဆက်အသွယ်များလည်း ပိုင်ဆိုင်ထားသေးရာ ကျန်းပင်းကျဲကို နင်းခြေရန်မှာ လွယ်လွန်းမက လွယ်ကူလှပေသည်။ 


ကျိုးကြောင်းဆီလျော်မှုရှိသော အချို့ပရိသတ်များက ကိစ္စအားလုံး တည်ငြိမ်သွားစေချင်ပြီ ဖြစ်သော်ငြား ဦးနှောက်သေနေသည့် ပရိသတ်များမှာမူ ပို၍ပင် အရူးအမူး ဖြစ်လာကြတော့သည်။ သူတို့က ရှောင်ကျားရှု၏ တိုက်ခိုက်သည့် အခန်းများမှာလည်း လူစားထိုး သုံးထားခြင်း ဖြစ်ပြီး သူနှင့် ကျိမြန်၏ ဆက်ဆံရေးမှာလည်း မရိုးရှင်းလှ၊ ထို့ကြောင့်သာ သူ့အပိုင်းများ ဖြတ်ချခံရမည်ကို စိုးရိမ်ရန် မလိုကြောင်း မဟုတ်မမှန် စွပ်စွဲလာကြတော့သည်။ 


ထိုစွပ်စွဲချက်တို့ ထွက်ပေါ်လာပြီး သိပ်မကြာမီမှာပင် ဟွမ်မိန်ရွှမ်က ရှောင်ကျားရှုနှင့် ကျန်းပင်းကျဲတို့ ပြောထားသည့် chat history ကို အပြည့်အစုံ တင်ပေးလိုက်၏။ 


[ဒါကမှ အမှန်တရား ကြည့်ကြည့်လိုက်ကြ ] 


သူမက ရှောင်ရှုမြောင်ကို mention ခေါ်ခြင်း မပြုသလို forward လုပ်ပေးရန်လည်း မတောင်းဆိုတော့။ အကြောင်းမှာ သူသည် ဤကိစ္စများအပေါ်  စိတ်ဝင်စားခြင်း အလျဉ်းမရှိကြောင်း သဘောပေါက်နေ၍ဖြစ်သည်။ 


Screenshot အပြည့်အစုံကို ဖတ်ကြည့်ပြီးနောက် ဖရဲသီးစားနေသူအားလုံး အလင်းပွင့်သွားကြတော့သည်။ chat history မှာ များစွာ ရှည်လျားလှ၏။ နှစ်ဦးလုံးမှာ နေ့တိုင်း စကားပြောခဲ့ကြဟန်ပင်။ သို့သော် ကိုယ်ရေးကိုယ်တာကိစ္စ တစ်လုံးတစ်ပါဒမျှ မပါ <<နဂါးနှစ်ကောင်၏ ရာဇဝင်>>ရိုက်ကူးရေးနှင့် စပ်လျဉ်းသည့် ကိစ္စများနှင့် စပ်လျဉ်း၍သာ ပြောထားကြသည်။ ရှောင်ကျားရှုက သူမကို မည်သည့်အချိန်တွင် ရိုက်ကွင်းသို့ ပြန်လာနိုင်မည်လဲဟု အချိန်မှန်မေးခဲ့သည်။ အပြိုင်ရိုက်ကူးရမည့် အခန်းများတွင် အကျိုးသက်ရောက်မှု ရှိစေရန် အလို့ငှာ အဓိကဇာတ်လိုက်နှင့်အတူ ရိုက်ကူးရန် လိုအပ်ပေသည်။ လူစားထိုးများ အသုံးပြုခြင်းမှာ ပရိသတ်ကို လှည့်စားရာ ရောက်သည်ဟုသာ ခံစားမိခဲ့သည်။ 


မူလကမူ ကျန်းပင်းကျဲက ရက်အနည်းငယ်အကြာတွင် ပြန်လာပါမည်ဟု နှစ်သိမ့်ခဲ့သေးသည်။ သို့သော် အချိန်ကာလတစ်ခု ကြာမြင့်လာသည့် အခါတွင်မူ ငြီးငြူစ ပြုလာတော့၏။ အမေရိကန်ရှိ သူမ၏ ရိုက်ကူးရေးမှာ လွန်စွာ ပင်ပန်းဆင်းရဲပြီး အလွန်အန္တရာယ်များသည့် စတန့်ပြကွက်များကိုပါ ကိုယ်တိုင် ဆောင်ရွက်နေရသည့်အတွက် ရိုက်ကွင်းမှ ထွက်လာ၍ မရ။ ဤအခွင့်အရေးမှာ သူမအဖို့ လွန်စွာ အဖိုးတန်လှရာ ရှောင်ကျားရှုအနေဖြင့် သူမ၏ အိပ်မက်အား နားလည်ပေးပါရန် တောင်းဆိုခဲ့သည်။ သူမကို ပိုမိုယုံကြည်နိုင်စေရန် အလို့ငှာ မီတာရာပေါင်းများစွာ မြင့်မားသည့် အဆောက်အဦးပေါ်မှ အသက်ကယ်ကြိုး တစ်ချောင်း သိုင်းချည်လျက် ခုန်ချခဲ့ရကြောင်း၊ အဝေးပြေးလမ်းမပေါ်တွင် မော်တော်ဆိုင်ကယ် မောင်းခဲ့ရပြီး စတန့်သမား မောင်းနှင်သည့် SUV နှင့်ပင် အတိုက်ခံရလုနီးပါး ဖြစ်ခဲ့ကြောင်း၊ တိုက်ခိုက်ရေးဒါရိုက်တာနှင့်အတူ လေ့ကျင့်ရေးဆင်း၍ ပြုတ်ကျပြီး အတွင်းကြေဒဏ်ရာရာကာ သွေးများပင် အန်ထွက်ခဲ့ကြောင်း ... အစရှိသည့် သူမ ကြုံတွေ့ခဲ့ရသည့်

ဖြစ်ရပ်များစွာတို့ကိုပါ စီကာပတ်ကုံး ပြောပြထားသည်။ 



Xxxxxx