အပိုင်း ၁၇၉
Viewers 44k

Chapter 179





ကျိမြန်က ဝရန်တာကို မော့ကြည့်ပြီး‌နောက် ဖုန်းကို တစ်ဖန် ပြန်ကြည့်လိုက်၏။ သူ့အမူအယာမှာ ပျာယာခတ်နေခြင်း အလျဉ်းမရှိတော့။ ဤသို့သော အခြေအနေမျိုးကို အစောကြီးကတည်းက မျှော်လင့်ထားပြီးဖြစ်ရာ ကိုင်တွယ်ရန် နည်းလမ်းတစ်ခု အဆင်သင့် ရှိနေပြီးဖြစ်ပေသည်။ 


တည်ငြိမ်နေသည့် ကျိကောကို တွေ့လိုက်ရသည့်အခါ ရှောင်ကျားရှုလည်း အလိုလိုပင် စိတ်သက်သာ ရာရသွားပြီး အနည်းငယ် ပြုံးရယ်နိုင်လာတော့သည်။ 


"အထဲဝင်တော့ အပြင်ဘက်က အေးလာပြီ ..." 


ကျိမြန်က သူ့ကို လက်ယမ်းပြလိုက်သည်။ 


"အိုး ..." 


ရှောင်ကျားရှုက လက်ယမ်းပြလိုက်သည့်တိုင် ဖုန်းကို မချနိုင်သေး။ 


"ကျိကော ကောမရှ်ိတော့ အိပ်မပျော်ဘူး ..."



"မင်းနဲ့ video call ပြောနေပေးမယ် ..." 


သူ့ချစ်သူ၏ ပုံရိပ်လေး ဝရန်တာမှ ပျောက်ကွယ်သွားသည့်တိုင် သူကမူ ကားကိုမှီလျက် ရပ်ကြည့်နေမိဆဲဖြစ်သည်။ 


"ကျိကော ကောလည်း ကားထဲ ဝင်တော့လေ အပြင်ဘက်က ပိုပိုပြီး အေးလာပြီ ..." 


ရှောင်ကျားရှုက ခပ်တိုးတိုး ပြောလိုက်သည်။  


"ကျွန်တော်နဲ့ ဖုန်းပြောနေပေးဖို့ မလိုပါဘူး ပြောနေရင်း အိပ်ပျော်သွားရင် ဖုန်း မဖွက်လိုက်မိမှာ ကြောက်လို့ မားလက်ထဲမှာ အခန်းသော့ရှိတော့ ကျွန်တော့်ကို အချိန်‌မရွေး လာချောင်းကြည့်နိုင်တယ်လေ ..." 


သူ့အတွက်မူ ဤဖုန်းသည်သာ သူနှင့် ကျိကောအကြား ဆက်သွယ်ပေးနိုင်သည့် အသက်ကယ်ကြိုးတစ်မျှင် ဖြစ်ပေရာ မည်သို့မှ အဆုံးရှုံးမခံနိုင်ချေ။ 


"မင်း အိပ်ချင်လာပြီဆိုမှပဲ ဖုန်းချလိုက်မယ်လေ ..." 


ကျိမြန်က drone ကို ပြန်သိမ်းလိုက်သည်။ 


"အိုကေ ..." 


ရှောင်ကျားရှုက ဖုန်းကို ခေါင်းအုံးပေါ်တင်ကာ ရုပ်ထွက်အကောင်းဆုံးဖြစ်မည့် ရှုထောင့်ကို ချိန်ညှိလိုက်၏။ သက်တောင့်သက်သာ လှဲမချခင် ဘေးကိုစောင်းလျက် ရှက်သွေးဖြန်းစွာ မေးလိုက်သည်။ 


"ကျိကော ကျွန်တော့်ကို ကားပတ်စီးဖို့ ခေါ်သွားပေးပါလား ..." 


"ဘယ်ကို သွားချင်လဲ ..." 


ကျိမြန်က အမှန်တကယ်ပင် ကားစက်နှိုးကာ ရှို့ချန်ယုကို မမေ့မလျော့ ပြောလိုက်သည်။ 


"အန်ကယ်ရှို့ ကျွန်တော့်ကို ဖုန်းကူကိုင်ပေးပါဦး ကျွန်တော့်ပုံကို ရိုက်ပေးရင်း ပြတင်းပေါက် အပြင်ဘက်က ရှုခင်းတွေကိုပါ ရိုက်ဖို့လည်း မမေ့နဲ့နော် ..." 


ကျိမြန်၏ အလုံးစုံ အသုံးချခြင်းကို ခံနေရကြောင်း ခံစားမိသည့် ရှို့ချန်ယုက ခေါင်းတစ်ခုလုံး အမည်းကြောင်းတို့ ထင်ဟပ်လျက်ဖြင့်ပင် ဖုန်းကို ကိုင်ထားပေးလိုက်ရတော့သည်။ 


"ဟေး အန်ကယ်ရှို့လည်း ရှိနေတာလား ..." 


ရှောင်ကျားရှုက ရှက်အားကြီးစွာဖြင့် ချက်ခြင်း ထမေးလိုက်၏။ 


"ဟယ်လို အန်ကယ်ရှို့ ..." 


"ရှောင်ရှုရေ မင်းနဲ့ကျိမြန် စိတ်ကြိုက်သာ ပြောကြ အန်ကယ့်ကို မရှိသလိုသာ သဘောထား ..." 


ရှို့ချန်ယုက ရယ်ကာမောကာ ပြောလိုက်သည်။ 


ရှောင်ကျားရှုမှာ တီတီတာတာ ချစ်စကားတို့ ရင်နှင့်အပြည့် စာစီထားသည့်တိုင် ထုတ်မပြောရဲ၊ ကျိကောဟုသာ ကရုဏာသက်ဖွယ်ကောင်းစွာ တဖွဖွ ခေါ်နေလိုက်တော့သည်။ 


"ကိုယ့်မှာဖြတ်သန်းခွင့်ကတ်မရှိတော့ အန်ကယ်ရှို့ ကိုကူညီတောင်းဖို့ပဲတတ်နိုင်တယ်လေ ..." 


ကျိမြန်က သူ့ကို ရှင်းပြရင်း နက်ရှိုင်းသည့် အပြုံးတစ်ပွင့် ပေးလိုက်သည်။ 


"ကိုယ် အခု သူ့ကို ပြန်ပို့လိုက်မယ် ..." 


"မင်းကတော့ ဘုရားပြီး ငြမ်းဖျက်နေတာပဲ အမ် ..." 


ရှို့ချန်ယုက စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်၏။ တစ်ဖန် ကျယ်ကျယ်လောင်လောင် အော်ရယ်လိုက်ပြန်သည်။ သူတို့နှစ်ဦးမှာ တစ်ယောက်နှင့်တစ်ယောက် မျက်စိအောက်မှ မခွါနိုင်လောက်အောင်ပင် ချစ်ခင်မြတ်နိုးကြကြောင်း သိလိုက်ရရာ အကယ်၍ သူသာ ရှောင်ကျားရှု၏ဖခင် ဖြစ်ခဲ့ပါလျှင် သူတို့ချစ်ခြင်းကို သေချာပေါက် ကောင်းချီးပေးမည်ဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်မှ မနာကျင်ရ‌သရွေ့ လူတိုင်း ကိုယ်လိုချင်သည့် ဘဝကို စိတ်ကကြိုက် ရွေးချယ်ခွင့် ရှ်ိပေသည်။ 


ရှို့ချန်ယုကို အဝေးပို့ပြီးနောက် ဖုန်းကို ကားဒက်ရှ်ဘုတ်ပေါ်တင်ကာ ရှောင်ကျားရှုကို မြို့တစ်ပတ် လိုက်ပြလိုက်၏။ အချိန်တိုင်း ရှောင်ကျားရှုက သူ့အား  ဖုန်းကိုပဲ ကြည့်မနေဘဲ လမ်းကို ကြည့်မောင်းရန် သတိပေးနေပြီး နှစ်ဦးသား စကားစမြည်ပြောရင်း ညခင်းချိန်ခါရှုခင်းကို ခံစားနေလိုက်ကြသည်။ အိပ်မောကျချင်ဖွယ် အနေအထားမျိုးတွင်ပင် စိတ်ပျက်အားငယ်မှု အနည်းငယ်ကိုမှ မခံစားရချေ။ 


တစ်နာရီခန့် ကြာပြီးသည့်အခါ ရှောင်ကျားရှုက တီးတိုးပြောလာ၏။ 


"ကျိကော ကျွန်တော် ချစ်ကြိုက်မိတဲ့သူက ကောသာ မဟုတ်ခဲ့ရင် အခုအချိန်မှာ အတော်လေးကို အခက်တွေ့နေလောက်ပြီ ..." 


ကိစ္စရပ်များ ပေါ်ထွက်လာသည့်အခါ မည်သူကမှ ကျိကောကဲ့သို့ အလျင်အမြန် ပြင်ဆင်နိုင်မည် မဟုတ်ချေ။ သူ့အဖို့ ကျိကောမှာ မိုးကောင်းကင်တစ်ခုနှယ်၊ လေဒဏ်မိုးဒဏ် ကာကွယ်ပေးနိုင်ကာ နေရောင်ဖြာပေး မိုးသည်းပေးနိုင်သည်။ သူ့အနေဖြင့် မည်သည့်ကိစ္စကိုမှ ပူပန်နေရန်မလို။ ကျိကော ဦးဆောင်ရာနောက်သို့ ထပ်ကြပ်မကွာ လိုက်လာပါလျှင် ပျော်ရွှင်မှု၏ တစ်ဖက်ကမ်းကို မုချ ဆိုက်ရောက်နိုင်မည်ဖြစ်သည်။ 



ကျိမြန်ကလည်း သူ မည်သည်ကို ဆိုလိုချင်ကြောင်း သဘောပေါက်သည့်အတွက် အပြုံးတို့မှာ ပို၍ပင် ညင်သာနူးညံ့လာတော့သည်။ 


"ဒါ ကိုယ် မင်းကို ပြောချင်တဲ့စကားနဲ့ အတူတူပဲ ..." 


ရှောင်ကျားရှုက ခေါင်းအုံးကိုဖက်ကာ နှုတ်ခမ်းစူလျက် ကင်မရာကို အနမ်းပေးလိုက်သည်။ 


"ကျိကော ကျွန်တော် လုံးဝ စိတ်မပူဘူး ကောမှာ နည်းလမ်းရှိမယ်ဆိုတာ ယုံကြည်ပြီးသား ..." 


အလားတူ အခြေအနေမျိုးကို ကြုံရပါလျှင် သာမန်သူများအနေဖြင့် သူတို့၏ လက်တွဲဖော် ကြောက်၍ နောက်ဆုတ်သွားလေမလားဟူသည့် သံသယစိတ်ကြောင့် အပြင်းအထန် ရန်ဖြစ်လျှင်ဖြစ် သို့မဟုတ်ပါလျှင်လည်း အပြန်အလှန် သံသယပွားကာ စိတ်ဆင်းရဲနေကြရမည်ဖြစ်သည်။ နှလုံးသားတစ်ခုလုံး ကသောင်းကနင်း ဖြစ်ကုန်သည့်အတွက် စိတ်ဆန္ဒအားလုံး မိသားစု၏ ဖြောင်းဖျနားချခြင်းအောက်တွင် ပျောက်ကွယ်သွားကြရတော့၏။ အဆုံးအထိ တောင့်ခံနိုင်သူမှာ လက်တစ်ဆုပ်မျှသာ ရှိကာ အများစုမှာ စိတ်ကျရောဂါ ဖြစ်လျှင်ဖြစ် သို့မဟုတ်ပါလျှင် အမျိုးသမီးတစ်ဦးနှင့် အိမ်ယာထူထောင်ရခြင်းဖြင့် အဆုံးသတ်သွားခဲ့ရတော့သည်။ 


အဆုံးသတ်မှာ မိသားစုတွေ ပျော်ရွှင်ရတယ်ဆိုပေမယ့် သူတို့ကိုယ်တိုင်ကရော ပြီးတော့ သူတို့နဲ့ လက်ထပ်ခဲ့တဲ့ အမျိုးသမီးကရော ... 


ကျိမြန်သည် ထိုခေါင်းမာလှသည့် မိသားစုတို့ လိုချင်သည့် အရာကို မည်သည့်အချိန်ကမှ နားမလည်နိုင်ခဲ့။ 


ကလေးတွေကောင်းဖို့လို့ ပြောကြပေမယ့် ကလေးတွေက တကယ်ရော ကောင်းသွားလို့လား သူတို့တွေ စိတ်ချမ်းချမ်းသာသာ နေရဖို့ အတွက်နဲ့ ကိုယ့်ရင်သွေးတွေကိုရော ပြီးတော့ အပြစ်မရှိတဲ့ အမျိုးသမီးတွေကိုပါ နာကျင်စေခဲ့ကြတာလေ ဒါတင်မကဘူး နောက်မျိုးဆက်တွေအထိ ... ပျက်စီးမှုက ‌သေရာပါပဲ တစ်ယောက်ကနေ လူတစ်အုပ်အထိ နာကျင်မှုတွေကို အဆင့်ဆင့် လက်ဆင့်ကမ်းခဲ့ရတာ အကြောင်းပြချက်က လူတောတိုးဖို့ တစ်ခုတည်းတဲ့ ဘယ်လောက်တောင် ဝမ်းနည်းဖို့ ကောင်းလိုက်သလဲ ... 


ကျိမြန်မှာ သူ့ကိုယ်သူ အင်မတန် ကံကောင်းလှသည်ဟု ခံစားမိလာတော့၏။ သစ်ပင်ပေါက်ကလေးသည် သူ့ကို သံသယဝင်ခြင်းလည်း မရှိသလို အနည်းငယ်မျှပင်လျှင် တုန်လှုပ်ယိမ်းယိုင်သွားခြင်း မရှိပေ။ သူ့ကို လွမ်းပါသည်ဟု ပြောရုံမှအပ စီစဉ်မှုများကို တစ်ခွန်းမှ စောဒကမတက်ဘဲ အသာတကြည် နာခံခဲ့သည်။ အကယ်၍ သူ့နေရာတွင် အခြားသူသာ ဖြစ်ခဲ့ပါလျှင် အခြေအနေသည် ဇာတ်သိမ်းပိုင်းသို့ ဦးတည်နေတော့မည်ဖြစ်သည်။ 


ထိုသို့တွေးမိသည့်အခါ မပြုံးဘဲ မနေနိုင်၊ ကြိမ်ဖန်များစွာ ကတိပေးလိုက်မိတော့၏။ 


"ဟုတ်တယ် ကိုယ့်မှာ နည်းလမ်းရှိတယ် မစိုးရိမ်ဘဲ ရိုက်ကူးရေးကိုသာ အေးအေးဆေးဆေး လုပ်နေနော် ရှောင်ရှု ဟိုးအရင်က ကိုယ် ရူးရူးမိုက်မိုက် ပြောခဲ့မိတာတွေကို အခု ပြန်ရုတ်သိမ်းချင်တယ် ကိုယ် မင်းရဲ့ရိုးရှင်းတဲ့စိတ်ထားကို သဘောကျတယ် ပြီးတော့ ကိုယ့်ရဲ့ ကာကွယ်မှုအောက်မှာ မင်းတစ်ဘဝလုံး အပူအပင်ကင်းကင်း စိတ်ချမ်းချမ်းသာသာနဲ့ တစ်ဘဝလုံး နေထိုင်သွားနိုင်ဖို့လည်း မျှော်လင့်တယ် ..." 


ရှောင်ကျားရှု၏ မျက်ဝန်းတို့ တစ်ဖန် နီမြန်းလာပြန်ကာ စကားတစ်ခွန်းမှ မဆိုဘဲ မျက်ဝန်းထောင့်စွန်းတို့ကိုသာ အကြာကြီး ပွတ်သပ်လိုက်ပြန်သည်။ 


"ဟုတ်ပြီ ဟုတ်ပြီ သွားအိပ်တော့လေ အန်တီရွှယ်လည်း ဝင်လာနေဦးမယ် ဂရုစိုက်ဦး ..." 


ကျိမြန်က သူ့အတွေးတို့ကို မြင်‌နေရဟန်ပင်။ စိတ်လှုပ်ရှား‌မှုကြောင့် ငိုချမိလုမတတ် ဖြစ်နေသဖြင့် စိတ်ကို မနည်း ထိန်းထားရသည်။ 


"အိုကေ ကောင်းသောညပါ ကျိကော ..." 


သူ့အသံမှာ အနည်းငယ်ပင် ကျွတ်ဆတ်နေသယောင်။ 


နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် စိုက်ကြည့်လိုက်ကြကာ မည်သူကမှ ဖုန်းအရင်ချလိုဟန် မရှိ။ ဧည့်ခန်းထဲမှ ဆူဆူညံညံ အသံများ ကြားရကာ ရွှယ်မြောင်နိုးလာသည့်ပုံ ပေါ်နေ၍သာ မဟုတ်ပါလျှင် ကျိမြန်သည် လက်ကျန်ဖုန်းအား နှစ်တုံးလုံးကိုပင် သုံးမိမည်ဖြစ်သည်။ အခက်ခဲဆုံး ညတစ်ည ဖြစ်ခဲ့သည့်တိုင် အတင်းအကြပ် ခွဲခွါခြင်း ခံခဲ့ရသူ နှစ်ဦးမှာ အိပ်မရခြင်း အလျဉ်းမရှိ။ သူတို့၏ နှလုံးသားတို့ကို မည်သူမှ လာရောက် မလှုပ်ယမ်းနိုင်အောင် အခိုင်အမာ ချည်နှောင်ထားကြဆဲဖြစ်ကြောင်း သိနေ၍ ဖြစ်ပေလိမ့်မည်။ 


........


နောက်နေ့မနက်


ခုနစ်နာရီခွဲတွင် ရှိုချန်ယုက အိမ်တံခါး‌ဝရှေ့သို့ ရောက်လာ၏။ တံခါး‌လာဖွင့်ပေးသည့် ရွှယ်မြောင်မှာ မျက်ကွင်းတို့ ညိုမည်းလျက် အလွန်ပင်ပန်းနေဟန်ပင်။ 


"မနေ့ညက မအိပ်ရဘူးလား ရှောင်ရှုရော ဘယ်မှာလဲ ..." 


"ဒီလိုကိစ္စတွေ ဖြစ်ပြီးနောက်ပိုင်း ဘယ်အမေကရော အိပ်ပျော်မှာတဲ့လဲ ရှောင်ရှုက အခန်းထဲမှာပဲ သူ့ကို အော်ခေါ်ပေမယ့် ပြန်မဖြေဘူး စိတ်ဆိုးနေတယ်ထင်တယ် ..." 


သားဖြစ်သူ၏ အခန်းကို သော့ဖွင့်ကာ ဝင်သွားလိုက်လျှင် တစ်ခုခုကို ဖုံးကွယ်လိုဟန်ဖြင့် စောင်ကို ကမန်းကတမ်း ခြုံလိုက်သူကိုသာ တွေ့လိုက်ရတော့သည်။ 


"ဘာလုပ်နေတာလဲ ..." 


ရွှယ်မြောင်၏ ဒေါသတို့ ချက်ခြင်း ထွက်ပေါ်လာကာ စောင်ကို ဆွဲလှန်ကာ အော်ဟစ်လိုက်သည်။ 


"ဘာလို့ တအား ..." 


သူ့ကိုယ်သူ တင်းတင်းကြပ်ကြပ် ပြန်ဖက်ကာ အသံတိတ် ငိုကြွေးနေသည့် သားဖြစ်သူ၏ မျက်ရည်လည်ရွှဲ မျက်နှာကြောင့် သူမ၏ ဒေါသစိတ်တို့ အငွေ့ပျံကာ ပျောက်ကွယ်သွားတော့သည်။ မျက်လုံးနှင့် နှာခေါင်းတို့ နီမြန်းနေသည့် သူ့ပုံစံမှာ လွန်စွာ ကူကယ်ရာ မဲ့နေဟန်ပင်။ 


သားဖြစ်သူ၏ ဤပုံစံမျိုးကို ပြန်ပေးဆွဲခံရပြီးနောက် အိမ်ပြန်ရောက်လာသည့် အခါတွင် တစ်ကြိမ်၊ ဟဲရီ၏ ဈာပနတွင်တစ်ကြိမ်၊ ယခုတစ်ကြိမ် သုံးကြိမ်သာ မြင်တွေ့ခဲ့ရဖူးပေသည်။ 


ကိုယ့်သားကိုယ် ဘာဖြစ်လို့ ဒီလောက်အထိ ဝမ်းနည်းပက်လက်ဖြစ်အောင် လုပ်ရမှာလဲ သူ့ကို ဒီလို ဖိအားပေးတာ တကယ်‌ကောင်းတာရော ဟုတ်ရဲ့လား ... 


ဤကဲ့သို့သော အတွေးမျိုး ဝင်ရောက်လာသော်ငြား ချက်ခြင်းပင် နှလုံးသားကို မာကျောစေကာ ကိုယ့်ကိုယ်ကို သတိပြန်ပေးလိုက်သည်။ 


ရှောင်ရှုကို လမ်းကြောင်းမှန်ပေါ် တွန်းတင်ပေးဖို့ လုပ်နေတာ သူသာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးနဲ့ အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်ရရင် နင့်ကို တစ်ဖြည်းဖြည်းချင်း ကျေးဇူးတင်လာလိမ့်မယ် ... 


"အသက်ကဖြင့် ကြီးနေပြီကို ဘာလို့ ငိုယိုနေရတာလဲ ကျိမြန်မရှိတော့ သေသွားမှာလား ငါ့ဘဝကလည်း ဘာလို့ ဒီလို အသုံးမကျတဲ့ သားမျိုး မွေးခဲ့မိမှန်းကို မသိဘူး မြန်မြန်ထစမ်း အန်ကယ်ရှို့ကို ဒီ လှောင်ပြောင်ချင်စရာ လုပ်ရပ်တွေ မပြမိစေနဲ့ ..." 


သူမက သားဖြစ်သူ၏ တင်ပါးကို အချက်အနည်းငယ်ခန့် ရိုက်လိုက်‌သော်ငြား ခြေဖဝါးတစ်စုံမှအပ တစ်ကိုယ်လုံး စောင်ထဲ နစ်မြုပ်သွားသူကိုသာ တွေ့လိုက်ရပြန်တော့သည်။ ထိုပုံစံမှာ လွန်စွာ သနားဖွယ် ကောင်းလှသည့်တိုင် သူမသည် ရယ်လည်းမရယ်နိုင်၊ ငိုလည်း မငိုနိုင်တော့ချေ။ 


"အန်ကယ်ရှို့က မနက်စာ ဝယ်လာတယ် အခုချက်ခြင်း ထစားလှည့် ..." 


လည်ချောင်းရှင်းကာ ခက်ထန်စွာ ဆော်ဩလိုက်သည်။ 


"မစားဘူး ..." 


ရှောင်ကျားရှုက ဆောင့်ကြီးအောင့်ကြီး ပြောလိုက်၏။ 


"ကောင်းပြီ ငါ့ကို အစာအငတ်ခံပြီး ဆန္ဒပြချင်နေတာပေါ့ ဟုတ်လား ..." 


သူမက မျက်ခုံးတို့ကိုပင့်ကာ ပြောလိုက်သည်။ 


"မစားရင် အငတ်ထားမယ် မင်း ဗိုက်ဆာလွန်းလှမှ ဆေးရုံကိုပို့ အစာပိုက်ထဲပြီး အာဟာရအရည်တွေ ထည့်ပစ်မယ် သေတဲ့အထိ အငတ်ထားမှာ မဟုတ်သလို ငါ့ကို အာခံမယ့် ခွန်အားတွေ ကျန်အောင်လည်း ထားပေးနေမှာ မဟုတ်ဘူး ဘယ်လောက်အထိ အကြောတင်းနိုင်မလဲ ကြည့်ရသေးတာပေါ့ ..." 


ရှောင်ကျားရှုက အသံထွက်မလာသေး။ သူမလည်း သူ့ကို ဂရုစိုက်မနေတော့ဘဲ တံခါးကို ဆောင့်ပိတ်ကာ မနက်စာ သွားစားနေလိုက်တော့သည်။ 


ဘေးနားမှ ရပ်‌ကြည့်နေသည့် ရှို့ချန်ယုမှာ ပါးစပ်အဟောင်းသားဖြင့် အံ့ဩနေရတော့၏။ 


နှစ်နှစ်ဆယ်ကြာပြီးတာတောင် မြောင်မြောင်ရဲ့ စိတ်သဘောထားတွေက အရင်လို အေးစက်မာကျောနေတုန်းပဲ သားဖြစ်သူကိုတောင် အကျောမခံဘူး ရှောင်ကျားရှုသာ တကယ်ကြီး အစာအငတ်ခံရဲရင် ဝက်တစ်ကောင်လို အစာပိုက်တွေ ထိုးပစ် သတ်သေရဲရင် စိတ်ကျန်းမာရေးဆေးရုံရဲ့ အဖြူရောင် အခန်းကျဉ်းလေးထဲမှာ တစ်နေကုန် ကြိုးနဲ့ချည်ပြီး ပိတ်ထားပစ်မယ်ထင်တယ် ... 


ကျိမြန်က သူမကို တကယ်ရော အနိုင်တိုက်နိုင်ပါ့မလား ဆိုတာကိုတောင် သံသယဝင်လာပြီ... 


သိူ့သော် မည်သိူ့ပင်ဖြစ်စေ သူကမူ ကျိမြန်တို့အား မလွဲမသွေ ကူညီပေးမည်ဖြစ်သည်။ ကျိမြန်နှင့် ရှောင်ကျားရှုတို့၏ ဆက်ဆံရေးမှာ မှားယွင်းသည်ဟု မတွေးသလို သူတို့နှစ်ဦးကို လမ်းခွဲခိုင်းရမည်ဟုလည်း မတွေး။ ဤသည်မှာ ကံဆိုးမှုတို့၏ အစမျှသာ ရှိပေသေးသည်။ 


"ကလေးကို အမြဲတမ်း ဒီလိုလုပ်နေတာကြီးက မကောင်းဘူးနော် ..." 


ရှို့ချန်ယုက မရဲတရဲ ပြောလိုက်သည်။ 


"ဒါမှမဟုတ် သူ့ကို ရုပ်ရှင်ရိုက်ဖို့ ခေါ်သွားလိုက်ပါလား အလုပ်များနေရင် ဘယ်အကြောင်းမှ စဉ်းစားချိန် ရှိတော့မှာ မဟုတ်ဘူးလေ ငါ ပေးထားတဲ့ ဇာတ်ညွှန်းကို ဖတ်ကြည့်ပြီးပြီလား ဘယ်လိုထင်လဲ ..." 


"ရှောင်ရှုက ဒီလိုဖြစ်နေတဲ့အချိန်မှာ ရုပ်ရှင်ရိုက်နေဖို့ စိတ်မပါဘူး ..." 


ရွှယ်မြောင်က ခေါင်းကိုသာ အသာယမ်းပြလိုက်သည်။ 


"သူ့ကို အမြဲတမ်း သော့ခတ်ထားရင် အချိန်မရွေး စိတ်ကျန်းမာရေး ထိခိုက်လာနိုင်တယ်နော် ဂရုစိုက်ဦး သူ့ပုံစံက အချိန်မရွေး စိတ်ဖောက်သွားနိုင်တဲ့ပုံမျိုးဆိုတာ မေ့သွားပြီလား ပြင်းထန်လွန်းပြီး ကလေးကို နောက်တစ်ကြိမ် ဒုက္ခတောထဲ တွန်းပို့မိလို့ မဖြစ်ဘူး လမ်းလျှောက်ထွက်ဖို့ ခေါ်

ကျိမြန်နဲ့ ဝေးဝေးထား နှစ်လသုံးလလောက်နေရင် အဆင်ပြေသွားလိမ့်မယ် ပြီးတော့ လူတွေက အလုပ်များနေရင် ဘယ်အကြောင်းမှ မတွေးမိတော့ဘူး ဒီလိုကုသနည်းက ဆိုးတယ်လို့လည်း ပြောမရဘူးလေ ..."



Xxxxxxx