Chapter 181
ကျိမြန်က အနည်းငယ် ပြုံးကာ ပြောလိုက်သည်။
ရှောင်ကျားရှုက ထိုအခါမှ စိတ်သက်သာရာ ရသွားတော့၏။ ဖုန်းကို အိပ်ယာထဲ ထိုးထည့်ကာ မျက်လုံးနှင့် နှာခေါင်းတို့အား နီရဲယောင်ကိုင်းလာသည်အထိ ကြမ်းကြမ်းတမ်းတမ်း ပွတ်သပ်ပြီးကာမှ လက်ကိုယမ်းကာ ပြောလိုက်သည်။
"အန်ကယ်ရှို့ သွားရအောင် ကျွန်တော် အဆင်သင့်ဖြစ်ပြီ ..."
ထိုသို့ ပြောပြီးသည်နှင့် တစ်ပြိုင်နက် ပြင်းပြင်းထန်ထန် အနိုင်ကျင့်ခံလိုက်ရသည့်နှယ် မျက်ရည်တို့ ရစ်သိုင်းလာတော့သည်။
ရှို့ချန်ယုပင်လျှင် သူ့သရုပ်ဆောင်စကေးကို အံ့ဩသွားရတော့၏။
ဒါဆို စောစောက မြောင်မြောင် စောင်ကို ဆွဲလှန်လိုက်တုန်းကလည်း ငိုနေတာ မဟုတ်ဘူးပေါ့ သူ့အမေကိုတောင် လိမ်နေတာလား ...
သူက အတော်ကြာ သုန်မှုန်သွားပြီးကာမှ သက်ပြင်းချကာ ပြောလိုက်သည်။
"ရှောင်ရှု မင်း ဒီလောက်မြန်မြန် နာမည်ကြီးလာတာ ကျိုးကြောင်းဆီလျော်မှုတော့ ရှိသားပဲ ဒီ မနက်ခင်း အိပ်ယာနိုးနိုးချင်း ငိုတဲ့အခန်း တစ်ခန်းတည်းနဲ့တင် အော်စကာဆုနဲ့ ထိုက်တန်နေပြီ ..."
"ကျေးဇူးပါ အန်ကယ်ရှို့ ..."
သူက ချောင်းဟန့်ကာ ပြန်ဖြေလိုက်သည်။
ရှို့ချန်ယုက ရယ်ရခက်ငိုရခက် အမူအယာဖြင့် တံခါးကို ဖွင့်လိုက်၏။ သို့သော် တစ်ဖက်သို့ လှည့်လိုက်သည်နှင့် တစ်ပြိုင်နက် ချက်ခြင်း ပူပန်စိတ်တို့ ဖိစီးနေသည့် အမူအယာသို့ ပြောင်းလဲသွားတော့သည်။
ဖျော်ဖြေရေး ကုမ္ပဏီတစ်ခုရဲ့ CEO က ဘယ်လိုသရုပ်ဆောင်ရမလဲ မသိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား ...
"ရှောင်ရှုရော ဘယ်လိုနေသေးလဲ ..."
မနက်စာ စားသောက်ပြီးဖြစ်သော ရွှယ်မြောင်က ဇာတ်ညွှန်းစာရွက်ကို စိတ်မပါလက်မပါ ဖတ်နေရင်း လှမ်းမေးလိုက်သည်။
"သူ ရုပ်ရှင်ရိုက်ဖို့ လက်ခံလိုက်ပြီ ဒါပေမယ့် လီရှန်းကျစ် ဇာတ်ကောင်ကိုပဲ လိုချင်တယ်တဲ့ ..."
"လီရှန်းကျစ် ဟုတ်လား ..."
လီရှန်းကျစ်၏ ဇာတ်ကောင်စရိုက် အကျဉ်းနှင့် ဇာတ်သိမ်းကို တွေးလိုက်မိသည့်အခါ သူမ၏ နှလုံးသားတစ်ခုလုံး မသက်မသာ ဖြစ်လာတော့သည်။ အေးစက်သည့် ရယ်သံတစ်ချက် ထုတ်လုပ်လိုက်၏။
"သူက ဘာတွေ ကြံစည်နေတာလဲ ငါ့ကို အာဏာရှင်မကြီး သူ့ကို သေတဲ့အထိ တွန်းအားပေးတဲ့သူလို့ ပြောချင်တာလား ကျိမြန်မရှိရင် သေမလား ကြည့်ကြသေးတာပေါ့ ..."
"မြောင်မြောင် သူ့ကို ထပ်ပြီး ဖိအားပေးလို့ မရတော့ဘူးလေ သူ့ဘာသာသူပဲ စိတ်လျော့သွားပါစေ ငါ ဆန်ပြုတ်နဲ့ အသားပေါင်းကို ပြန်နွှေးပြီး ယူသွားပေးလိုက်မယ် နည်းနည်းလောက် စားဝင်အောင်လည်း ငါ့ဘာသာငါပဲ ဖြောင်းဖျလိုက်တော့မယ် ..."
သူက မနက်စာကို ပြန်နွှေးကာ ဗန်းထဲ တစ်ခုချင်း စီထည့်ပြီး သယ်သွားလိုက်သည်။
အလုပ်များနေသူ၏ နောက်ကျောပြင်ကို ငေးကြည့်ရင်း ရွှယ်မြောင်၏ အေးစက်ခက်ထန်သော အမူအယာတို့သည် တွေဝေငေးမောကာ ခံစားချက်တို့ ပြည့်နှက်နေသည့် အမူအယာအဖြစ်သို့ တစ်ဖြည်းဖြည်း ပြောင်းလဲသွားတော့သည်။ အရာအားလုံး တူညီနေဆဲဖြစ်ကာ လူတို့သာလျှင် ပြောင်းလဲသွားခဲ့သည်။ ရှောင်ချီကျဲသည် သူမ ရှာဖွေနေသည့်သူဟု အထင်မှားခဲ့မိသော်ငြား သူ့ထံတွင် သူမ စိတ်ကူးယဉ်ခဲ့ဖူးသည့် မျက်နှာပြင်တို့ မရှိ။ အဆုံးတွင်တော့ သူမ ချစ်ကျွမ်းဝင်ခဲ့သည်မှာ လှပသည့် စိတ်ကူးယဉ်မှုတစ်ခုသာဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။ ခံစားချက်တို့ကို အလေးအနက် မထားခဲ့ဖူးသည့် ရှို့ချန်ယုထံတွင် အိမ်ဟူသည့် ခံစားချက်ကို တစ်ဖန် ပြန်တွေ့လိုက်ရပြန်တော့သည်။
ဒါကလည်း နောက်ထပ် ပုံရိပ်ယောင်ပဲ နေမှာပါ ...
သူမက အတွေးစတို့ကို ပြန်ရုတ်သိမ်းရင်း အမြန်ရှင်းပြလိုက်သည်။
"ရှာလကာရည်လေးလည်း ယူသွားဦး ရှောင်ရှုက ဟင်းရည်သောက်ပြီးရင် ရှာလကာရည် ပါးပါးလေး တို့စားရတာ ကြိုက်တယ် ..."
"အိုကေ ..."
သူက ချက်ခြင်းပင် ဗီရိုထဲမှ ပန်းကန်အသေးကို ထုတ်ကာ ရှာလကာရည်အနည်းငယ် လောင်းထည့်လိုကိသည်။
အားလုံး ပြင်ဆင်ပြီးဖြစ်ကြောင်း တွေ့လိုက်ရသည့်အခါ သူ့ကို အခန်းတံခါး လိုက်ဖွင့်ပေးလိုက်သည်။ အခန်းထဲ ရောက်သည့်အခါ ယခုလေးတင် ငိုထားသည့်နှယ် မျက်လုံးနှင့် နှာခေါင်းတို့ နီရဲနေသည့် သားဖြစ်သူကို တွေ့လိုက်ရ၏။ သူမကို တွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ချက်ခြင်း မျက်နှာလွှဲသွားသည့် သူ့ကျောပြင်မှာ ခုခံလိုမှုတို့ အပြည့်ပင်။
သူမက စိတ်ထဲတွင် တိတ်တိတ်လေး သက်ပြင်းခိုးချလိုက်သော်ငြား အပြင်ပိုင်းအမူအယာမှာမူ တစ်စထက်တစ်စ ခက်ထန်အေးစက်လာကာ တစ်ခွန်းချင်း ပြောလိုက်သည်။
"ဒီလိုလေး စိတ်ကောက်ပြနေလို့ ငါ စိတ်မကောင်းဖြစ်သွားမယ် ထင်မနေနဲ့ မင်းမှ မင်းခန္ဓာကိုယ်ကို မချစ်တတ်ရင် ငါကလည်း ဆေးရုံပို့ပြီး ဂရုစိုက်မယ့် လူတစ်ယောက်လောက် ငှားပေးလိုက်မှာပဲ အဲဒီ့အချိန်ကျ မစားချင်လည်းစား မအိပ်ချင်လည်းအိပ် ၂၄ နာရီလုံး စောင့်ကြည့်ခံနေရမှာ မင်း ဘယ်လောက်အထိ ခေါင်းမာနိုင်မလဲ ကြည့်ကြသေးတာပေါ့ ..."
"အိုကေ အိုကေ ရပ်လိုက်တော့ ရှောင်ရှုက ငယ်သေးတော့ အမှားလုပ်မိတယ်ဆိုတာ ဖြစ်နိုင်တာပဲလေ သူ့ကို ကောင်းကောင်းမွန်မွန် သင်ပေးစမ်းပါ ..."
ရှို့ချန်ယုက ဖြန်ဖြေသူနေရာကို အမြန်ဝင်ယူလိုက်သည်။
"ကျွန်တော်က မှန်တယ် ကျွန်တော့်ကို သင်ပေးဖို့ မလိုအပ်ဘူး ..."
ရှောင်ကျားရှုက လည်ပင်းကြောများ ထောင်ထလာသည်အထိ အော်ပြောလိုက်သည်။
"မင်းထင်ချင်သလိုသာ ထင် ငါကတော့ မင်းကို ဖြောင့်အောင် ပြန်လုပ်ပေးမှာပဲ တစ်နေ့ကျမှ ငါ့ကို ကျေးဇူးတင်လာလိမ့်မယ် ..."
ရွှယ်မြောင်က လှောင်ရယ်ကာ ပြန်ထွက်လာလိုက်သည်။ သားဖြစ်သူ၏ ဝမ်းနည်းနေသည့် အမူအယာကို မြင်လိုက်ရသည့်အခါ သူမလည်း ထပ်တူ ဝမ်းနည်းရပေသည်။
ရှို့ချန်ယုက ဗန်းကို ကမန်းကတမ်းချပြီး အခန်းတံခါးကို လော့ချလိုက်သည်။ ထို့နောက် ပြန်လှည့်ကြည့်လိုက်သည့်အခါ နှုတ်ခမ်းစူကာ ဖုန်းကို ထုတ်နေသည့် ရှောင်ကျားရှုအား တွေ့လိုက်ရသည်။ သူ့မျက်လုံးနှင့် နှုတ်ခမ်းတို့ နီရဲနေသည့်တိုင် အမူအယာမှာမူ ပြုံးရွှင်နေပေသည်။
ဒီသရုပ်ဆောင်စွမ်းရည်ကတော့လေ ...
ဝမ်းနည်းသည့်တိုင် အေးစက်ခက်ထန်ဟန်ဆောင်နေသည့် မြောင်မြောင်ကို တွေးလိုက်မိသည့်အခါ ရှို့ချန်ယုက ခေါင်းကိုယမ်းလျက် ရေရွတ်လိုက်မိတော့သည်။
"ကလေးတွေက အကြွေးရှင်ပဲ မင်းအမေကသာ မင်းကို စိုးရိမ်နေတာ မင်းကတော့ တစ်စက်မှ ဂရုမစိုက်ဘူး ..."
ရှောင်ကျားရှု၏ မျက်နှာပေါ်ရှိ အပြုံးစတို့ ရုတ်ချည်း ပျောက်ကွယ်သွားတော့သည်။
"အန်ကယ်ရှို့ ကလေးတွေဆိုတာကလည်း အမှီအခိုကင်းတဲ့ သက်ရှိတွေ မိဘတွေရဲ့ အကြွေးရှင်လည်း မဟုတ်သလို အဆောင်အယောင် အဆင်တန်ဆာလည်း မဟုတ်ဘူး အမေ့ကို ပျော်ရွှင်စေဖို့အတွက် ကျိကောနဲ့ လမ်းခွဲပြီး တစ်ခြားမိန်းကလေးတစ်ယောက်နဲ့ လက်ထပ်လိုက်တယ်ပဲထား ကျွန်တော်တို့ သုံးယောက် တစ်ဘဝလုံး ခံစားနေရတော့မှာ ဒါဆို ကျွန်တော် အသက်ရှင်နေရလို့ ဘာအဓိပ္ပါယ် ရှိတော့မှာလဲ ကျွန်တော်က အမေ ပျော်အောင်လုပ်ပေးရမယ့် ဖျော်ဖြေရေးပစ္စည်းလား မားကို အရမ်းကို ချစ်ပါတယ် သားသမီးဝတ္တရား ကျေပွန်ပြီး တစ်ဘဝလုံး သူမကို ပြုစုစောင့်ရှောက်ချင်စိတ်လည်း ရှိတယ် ဒါပေမယ့် သူမကြောင့်နဲ့တော့ ကျွန်တော့် ပျော်ရွှင်မှုတွေကို မစတေးချင်ဘူး ..."
ရှို့ချန်ယုက ဘာမှ ဆက်မပြောတော့။ သူ့အနေဖြင့် စဉ်းစားပါလျှင် သားအမိနှစ်ဦးလုံး သူ့နည်းသူ့ဟန်ဖြင့် မှန်ကန်ကြသည်ချည်းပင်။ အမြင်နှင့် စံနှုန်းတို့ ကွာခြားနေခြင်းသာ ဖြစ်ပေသည်။
ကျိမြန်၏ တည်ငြိမ်သော အသံက မိုက်ခရိုဖုန်းမှတစ်ဆင့် ထွက်ပေါ်လာတော့သည်။
"အန်ကယ်ရှို့ ကျွန်တော် အန်တီရွှယ့်ကို ဝမ်းနည်းအောင် လုပ်မိတဲ့အတွက် စိတ်မကောင်းပေမယ့် သူမရဲ့ ချဉ်းကပ်နည်းတွေကိုတော့ လက်မခံနိုင်ဘူး သူမမှာ ကိုယ်ပိုင်စည်းမျဉ်းတွေ ရှိတယ်ဆိုပေမယ့် တစ်ခြားသူတွေ အဲဒီ့သူက သူမရဲ့ သားအရင်းဆိုရင်တောင် အခွင့်အရေး ယူလို့ မရဘူးလေ ရှောင်ရှုက တစ်သီးပုဂ္ဂလ တည်ရှ်ိတဲ့ သက်ရှိတစ်ဦး သူ့မိဘတွေ ဂုဏ်တက်အောင် လုပ်ပေးရမယ့် ဘဏ္ဍာပစ္စည်း မဟုတ်ဘူး ..."
"အိုကေ အိုကေ ဒီအကြောင်း ဆက်မပြောတော့နဲ့ ငါလည်း ကျိုးကြောင်းနားလည်ပါတယ် မြောင်မြောင်အတွက်လည်း မလွယ်ကူဘူးလို့ တွေးမိလို့ပါကွာ ..."
ရှို့ချန်ယုက ဗန်းကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
"မြန်မြန်စားလိုက် မဟုတ်ရင် ထပ်အေးသွားလိမ့်မယ် ..."
"ကျေးဇူးတင်ပါတယ် အန်ကယ်ရှို့ ..."
ရှောင်ကျားရှုက ဆန်ပြုတ်ကို နှစ်ဇွန်းအပြည့် ခပ်စားကာ ဝမ်းနည်းပက်လက် ပြောလိုက်သည်။
"ကျိကော ကျွန်တော့်အမေက အရမ်း ခေါင်းမာလွန်းတယ် သူမက ကျွန်တော်တို့ကို နားလည်ပေးနိုင်ပါ့မလား ဟိုးအရင်က အမေရိကန်ကို ပို့ခဲ့သလိုမျိုး နောက်တစ်ခါ ထပ်လုပ်ခံရမှာကို ကြောက်လို့ ..."
ကျိမြန်သည်လည်း ရွှယ်မြောင်၏ ဒေါသကို နားလည်ထားရာ ရှောင်ကျားရှု၏ ပူပန်မှုများသည် စိုးရိမ်စိတ်သပ်သပ်သာ မဟုတ်၊ ဖြစ်လာနိုင်ချေ များလှကြောင်း သဘောပေါက်ပေသည်။
"သူမ နားလည်မှာပါ သူမက မင်းကို အရမ်းချစ်တာပဲကို ..."
ကျိမြန်က အသေအချာ ပြောလိုက်သည်။
"လျှောက်တွေးမနေနဲ့တော့ ကောင်းကောင်းနေ ကောင်းကောင်းစား ကိုယ် အိမ်ယာဝင်းတစ်ပတ် ပြေးပြီး မင်းကို လိုက်ပြမယ် ..."
"အိုကေ ကျွန်တော်လည်း ဘဲအုပ်တွေ ပျံနေတာကို ကြည့်ချင်နေတာ ..."
ရှောင်ကျားရှုက ချက်ခြင်း ရွှင်ပျလာတော့သည်။ သူ့ဘေးတွင် ကျိကော ရှိနေသရွေ့ မည်သည်ကိုမှ မကြောက်ရွံ့တော့။
ကျိမြန်က ချောင်းဟန့်ကာ ပြောလိုက်သည်။
"အိုကေ ဒါဆို ကိုယ် လမ်းဘေးမှာ ရောင်းသမျှ ဘဲစာတွေ အကုန်လုံးကို ဝယ်သွားလိုက်မယ် သူတို့တွေ ဝဝလင်လင် စားရအောင်လို့ ..."
ဖုန်းကို ယူလာကာ လမ်းတစ်လျှောက် ပန်းပွင့်တို့ကို တွေ့လေတိုင်း၊ သစ်ရွက်နီနီတို့ကို တွေ့လေတိုင်း သူ့ချစ်သူလေးကို တစ်ခုမကျန် ဓာတ်ပုံရိုက်ပြလိုက်သည်။ ဘဲစာအများအပြားကိုလည်း အမှန်တကယ်ပင် ဝယ်လာခဲ့ရာ ရေကန်ဘေးနား ရောက်သည်နှင့် တစ်ပြိုင်နက် ဘဲများရှိရာသို့ ကြဲချပေးလိုက်၏။ ထိုအခါ အားလုံး တောင်ပံများ ဖြန့်ကျက်လျက် အလုအယက် အစာကောက်လိုက်ကြတော့သည်။
ရှောင်ကျားရှုမှာ ဤမြင်ကွင်းကို အထူးတလည် သဘောကျနေဟန်ပင်။ ဘဲတို့ တကွက်ကွက် အော်မြည်သည့်အခါ သူသည်လည်း မျက်ခုံးတို့ ကော့တက်လျက် ရယ်မောလိုက်သည်။ လမ်းသွားလမ်းလာများသာ ဤမြင်ကွင်းကို မြင်ပါလျှင် သူ့ကို အရူးတစ်ယောက်အဖြစ် မုချ သမုတ်ကြမည်ဖြစ်သည်။ သို့သော် ကျိမြန်ကမူ သူ့အတွေးကို နားလည်ပေသည်။ ရှောင်ကျားရှုသည် သူကိုယ်တိုင်ကဲ့သို့ သက်ဝင်လှုပ်ရှားသည့် အရာအားလုံးကို သဘောကျတတ်သူဖြစ်သည်။
ဖုန်းတစ်ဖက်မှ ပါးစပ်ကိုအုပ်ကာ ရယ်မောနေသည့် ရှောင်ကျားရှုကို တွေ့လိုက်ရလျှင် ကျိမြန်လည်း အလိုလိုပင် ပြုံးမိတော့သည်။ သူ့မျက်ဝန်းတို့မှ နူးညံ့ကြင်နာမှုတို့ ယိုဖိတ်လျှံထွက်လာ၏။
ရှို့ချန်ယုမှာ ထိုသူနှစ်ဦးသည် အခွဲခံထားရသည့်တိုင် ပျော်ရွှင်ဖွယ် အချိန်ကို ကုန်ဆုံးနိုင်သည်ဟု ယုံမိလုမတတ် ဖြစ်လာတော့၏။
ဒါမျိုးက ရှားပါးလိုက်တာ ဟေး အမျိုးသမီးဘော့စ်က မင်းတို့လည်ပင်းကို ဓားနဲ့ ရွယ်နေပြီလေ နည်းနည်းပါးပါးလောက်များ ကြောက်ကြပါဦးလား ...
နေ့ခင်းပိုင်းတွင် "ပန်းခြံထဲ၌ ဘဲစာကျွေးနေသည့် ကျိမြန်" ဟူ၍ သတင်းထူးတစ်ခု ထွက်ပေါ်လာတော့သည်။ သူ့ပုံရိပ်ကို အပုပ်ချရန် ကြိုးစားနေသော မည်သည့် မသမာသူ သတင်းထောက်က တွေ့သွားသည်မသိ၊ ရေကန်ဘေးတွင် ရပ်ကာ ဘဲတစ်အုပ်ကို အစာကျွေးနေသည့် ကျိမြန်၏ ပုံရိပ်မှာ အမှန်တကယ်ပင် ဓာတ်ပုံအရိုက်ခံလိုက်ရတော့သည်။ ထို့အပြင် <<ရုပ်ရှင်ဧကရာဇ်က ဘဲတွေကို ပျိုးထောင်ဖို့ အတွက်နဲ့ အနုပညာလောကကနေ အနားယူလိုက်ပြီလား>> ဟူသည့် ခေါင်းစဉ်ဖြင့် ကျိမြန်တစ်ယောက် ပျံကျဈေးသည်များထံမှ ဘဲစာများကို မည်သို့မည်ပုံ ဝယ်ယူခဲ့ကြောင်း၊ ဘေးနားရှိ ကလေးများကို ခွဲဝေပေးကာ အတူတူ အစာကျွေးကြရန် အဖော်ညှိခဲ့ကြောင်း၊ ကန်စပ်တွင် ရပ်ကာ ဘဲများကို အစာကျွေးရန် မည်သို့မည်ပုံ ထူးထူးဆန်းဆန်း အော်ခေါ်ခဲ့ကြောင်းတို့ကိုပါ ပြည့်ပြည့်စုံစုံ ဖော်ပြထားသည့်အပြင် အချို့ခေတ်ဟောင်းရုပ်ရှင်စတားများနှင့် နှိုင်းယှဉ်ပါလျှင် ကျိမြန်သည် နောက်ကောက်ကျနေဆဲ ဖြစ်သည်ဟုပါ ဝေဖန်လိုက်သေးသည်။
ဟိုလူတွေက ပင်ဂွင်းစာကျွေးဖို့ ပါရီကို လေယာဉ်စင်းလုံးငှားပြီး သွားနေတဲ့ အချိန်မှာ သူက ဘဲစာကျွေးဖို့ ရေကန်ဘေး ပြေးလာနေရတယ်တဲ့ ဒီလူတွေကြားက ကွာဟချက်က ဘယ်လောက်တောင် ကြီးလိုက်သလဲ ...
ထိုသတင်း ထွက်လာသည်နှင့် တစ်ပြိုင်နက် ကျိမြန်၏ အေးစက်ကာ ကိန်းကြီးခမ်းကြီးနိုင်သည့်ဆိုသည့် ပုံရိပ် ပျက်စီးသွားရတော့သည်။ သိူ့သော် သူ့ပရိသတ်များကမူ ဤသည်ကို သိက္ခာကျသည်ဟု မခံစားရ၊ ထိုအစား ကျိမြန်သည် ပို၍ပင် သက်ဝင်လှုပ်ရှားလာကာ လွန်စွာ ကြင်နာလှသည့် သူတို့၏ အိမ်နီးချင်းအိုကြီးနှင့်ပင် တူလာသည်ဟု ခံစားမိလာတော့သည်။ ဖြတ်သွားဖြတ်လာ အများအပြား သူ့ပရိသတ် ဖြစ်ကုန်ကြကာ သူ၏ ဘဲစာကျွေးသည့် အမူအယာ အထူးသဖြင့် "ကွက်ကွက်" ဟု လှမ်းအော်သံသည် လွန်စွာ ပီပြင်လှသည်ဟု ချီးကျူးထောပနာ ပြုလိုက်ကြတော့သည်။
ထိုတည့်တိုးဆန်လှသည့် ဓာတ်ပုံနှင့် ဗီဒီယိုတို့ကို တွေ့လိုက်ရသည့်အခါ ဖန်ခွင်းတစ်ယောက် ဆောက်တည်ရာမရ ဖြစ်သွားတော့၏။ ထိုသတင်းများကို ဖိနှိပ်ရန် တစ်ခုခု ကြိုးစားချင်သော်ငြား လူထု၏ တုန့်ပြန်မှုမှာ ဤမျှအထိ အကောင်းဘက် ရောက်လိမ့်မည်ဟု မျှော်လင့်မထား။ အချိန်အတော်ကြာ တည်ငြိမ်နေသည့် ကျိမြန်၏ ကျော်ကြားမှုမှာ ရုတ်ချည်း ထိုးတက်လာသည့်အတွက် ထိုဖိနှိပ်မည့်အကြံကို အလျော့ပေးလိုက်ရတော့သည်။
[ရှောင်ကျားရှုကို ပျော်အောင်
လုပ်ဖို့အတွက် အရမ်းကို ခက်ခက်ခဲခဲ ကြိုးစားနေတာပဲ]
အတွင်းသတင်းကို သိထားသည့် ရှို့ချန်ယုက ဤသို့သာ တိတ်တဆိတ် စာပို့လိုက်တော့သည်။
Xxxxxx