အပိုင်း ၁၉၆
Viewers 92k


Chapter 196




ရှို့ချန်ယုက အလွန်အမင်း တုန်လှုပ်နေဟန်ဖြင့် မျက်မှောင်ကို တင်းကြပ်စွာကြုတ်ထားလိုက်သည်။ မြောင်မြောင် ကွာရှင်းသည့် သတင်းအား ထုတ်ပြန်ရန် သင့်လျော်သည့် အခြေအနေကောင်းတစ်ခု ရှာဖွေကာ သူမအတွက် လက်ခံချင်စရာကောင်းသည့် ပုံရိပ်ကောင်းတစ်ခု ဖန်တီးပေးလိုခဲ့ကာ ရှောင်တင်းပန်းသည်လည်း ဤသတင်းများကို သေသည်အထိ ဖုံးကွယ်သွားရန် သဘောတူပြီး ဖြစ်ပေသည်။ ဒါကို ဘယ်လိုဖြစ်ပြီး တစ်ညတည်းနဲ့ သတင်းထွက်လာရတာလဲ ... 


"လျှိုရီလိန်ရဲ့ လက်ချက်လား ..." 


သူက တပ်အပ်မေးလိုက်သည်။ ကျိမြန်သည် မည်သည့်ကိစ္စကိုမှ အကြောင်းမဲ့ လုပ်ဆောင်တတ်သူ မဟုတ်ရာ လျှိုရီလိန်အကြောင်း ချက်ခြင်း စုံစမ်းခိုင်းခြင်းသည် ထိုသူနှင့် ပတ်သက်၍ တစ်ခုခု မှားယွင်းနေ၍သာ ဖြစ်ပေသည်။ 


"ဟုတ်တယ် စောစောကမှ သိထားတာ ...". 


"မြောင်မြောင်ကို မပြောနဲ့ဦး ငါ နည်းလမ်းရှာလိုက်မယ် ..." 


ရှို့ချန်ယုက လျှိုရီလိန်၏ နောက်ကြောင်းကို အတတ်နိုင်ဆုံး အမြန် စစ်ဆေးရန် သူ့လုပ်ဖော်ကိုင်ဖက်များအား ညွှန်ကြားလိုက်သည်။ 


ကျိမြန်ကလည်း လွန်စွာ ကြောက်မက်ဖွယ်ကောင်းလှသည့် မျက်နှာထားဖြင့် စာအချို့ ပို့နေ၏။ 


ဆယ်မိနစ်အကြာ စီစဉ်စရာ ရှိသည်များ စီစဉ်ပြီး၍ နားနေခန်းသို့ ပြန်လာချိန်တွင် မှောင်မည်းနေသည့် မျက်နှာထားဖြင့် ဖုန်းကို စိုက်ကြည့်နေသော ရွှယ်‌မြောင်အား တွေ့လိုက်ရသည်။ ရှောင်ကျားရှု၏ မျက်နှာမှာလည်း ဒေါသစိတ်ကြောင့် နီရဲနေကာ Weibo တွင် တစ်ခုခု တင်တော့မည့်ဟန် ကီးဘုတ်ဖြင့် ဒေါသတကြီး စာရိုက်နေသည်။  


"ဘေဘီ အခု ဘာမှ ပြောမနေနဲ့ဦး ကိုယ်နဲ့ အန်ကယ်ရှို့ ဖြေရှင်းလိုက်မယ် ..."


ကျိမြန်က သူ့လက်ကောက်ဝတ်ကို အချိန်မှီ ဆွဲထားလိုက်သည်။ 


ရှောင်ကျားရှု၏ စိတ်လိုက်မာန်ပါဖြစ်မှုတို့ ရုတ်ချည်း ပျောက်ကွယ်သွားကာ နီရဲနေသော မျက်ဝန်းတစ်စုံဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ အမြဲလိုလို ကျိကောကို ယုံကြည်ကာ ကျိကော၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်၍ မှားသည်ဟု မရှိခဲ့ဖူးချေ။ 


"အင်တာနက်ပေါ်က ကောက်ချက်တွေက အရမ်းကို လွန်တာပဲ ကျွန်တော့်အမေက တတိယလူမှ မဟုတ်တာ အဖေနဲ့ တွေ့တုန်းကဆို ကောကောရဲ့ အမေ ဆုံးသွားတာ နှစ်ဝက်လောက် ရှိနေပြီ ..." 


သူက စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။ 


"ကိုယ်သိတာပေါ့ မားက ဘယ်လိုလူမျိုးဆိုတာ ကိုယ်သိပါတယ် ..." 


ကျိမြန်က သူ့ခေါင်းကို ပွတ်သပ်ပေးရင်း တီးတိုးပြောလိုက်သည်။ 


"စိတ်မပူနဲ့ ကိုယ်နဲ့ အန်ကယ်ရှို့က နှလုံးသားနဲ့ ရင်းပြီးကို သိထားပြီးသား ရိုက်ကူးရေး ကောင်းကောင်းပြီးဖို့ တစ်ခုကိုပဲ အာရုံစိုက်ထား ကျန်တာတွေကို ဘာမှ တွေးမနေနဲ့ ဟုတ်ပြီလား ..." 


"အိုကေ ..." 


ရှောင်ကျားရှုက သူ့အမေကို လှည့်ကြည့်လိုက်သော်လည်း အန်ကယ်ရှို့က တစ်ခုခု ပြောချင်သည့်ဟန် သူမကို အခြားအခန်းတစ်ခုသို့ ခေါ်သွားကြောင်း သိလိုက်ရသည့်အတွက် ကျိမြန်၏ ရင်ခွင်ထဲ ဝင်၍သာ နှစ်သိမ့်မှုကို ခံယူနေလိုက်တော့သည်။ 


ကျိမြန်က သူ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ကာ နဖူးပြင်ကို ခပ်ဖွဖွ အနမ်းခြွေပေးနေလိုက်၏။ သူ့အကြည့်တို့မှာ အတိမ်အနက် ခန့်မှန်း၍ မရနိုင်လောက်အောင်ပင် နက်ရှိုင်းနေကာ ဤကဲ့သို့သော ထူးကဲစွမ်းအင်မျိုး ပိုင်ဆိုင်ထားရသည့်အပေါ် ပထမဆုံးအကြိမ် ဝမ်းမြောက်မိလာတော့သည်။ 


အင်တာနက်တစ်ခွင်လုံး အမျိုးမျိုးအဖုံဖုံသော မှတ်ချက်တို့ဖြင့် ပြည့်နှက်လာတော့၏။ ချမ်းသာသော မိသားစုနှင့် လက်ထပ်သွားခဲ့သည့် ရွှယ်မြောင်၏ သတင်းမှာ ပြီးခဲ့သည့် နှစ်များအတွင်း လွန်စွာ ကြီးမားသည့် သတင်းခေါင်းစဉ်တစ်ခု ဖြစ်ခဲ့ပေသည်။ အနုပညာရှင်များနှင့် လူချမ်းသာများ လက်တွဲသွားကြသည့်အပေါ် ဘေးလူတို့၏ အမြင်မှာ လွန်စွာ ဆိုးရွားကာ သိုက်တူးသမား၊ လောဘအိုး၊ ပြည့်တန်ဆာ အစရှိသဖြင့် အမျိုးမျိုး အဖုံဖုံ ဆိုးရွားစွာ နာမည်တပ်ခြင်းကို ခံစားရပေသည်။ 


တစ်သက်လုံးအတူတူ ပျော်ရွှင်စွာ နေသွားပါလျှင်မူ မနာလိုဖြစ်သည့် စကားအချို့မှအပ ဆိုးရွားသည့် သက်ရောက်မှုမျိုး လုံးဝ မရှိသော်ငြား အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် ကွာရှင်းပြတ်စဲလိုက်ကြပါလျှင် လူထု၏ အမြင်သည် ရုပ်ရှင်မင်းသမီးအပေါ် တစ်ဖက်သတ် တိုက်ခိုက်ကာ သူမ၏ အဖြစ်အပျက်ကိုပင် မညှာမတာ လှောင်ရယ်ကြပေသေးသည်။ 


ရွှယ်မြောင်၏ ဂုဏ်သတင်းမှာ အမြဲလိုလို လွန်စွာ ကောင်းမွန်ခဲ့ရာ ဤသည်ကပင်လျှင် လူထု၏ တုန့်ပြန်မှုကို ပိုမို ပြင်းထန်လာစေတော့သည်။ သူမ၏ ပရိသတ်များက သူမအတွက် တိုက်ခိုက်ပေးကြသော်ငြား အများစုကမူ ထိုအခြေအနေကို အခွင့်ကောင်းယူ၍ သူမ၏ မကောင်းသတင်းများကိုပင် ပြန်လည် တူးဆွလာကြတော့သည်။ 


နာမည်ကြီး သတင်းမီဒီယာတစ်ခုက သူမ ကွာရှင်းပြတ်စဲသည့် သတင်းကို ရုတ်တရက် ကြေငြာလိုက်ရုံသာမက ထိုအချိန်က ပျော်ရွှင်ခဲ့သည့် ရှောင်ချီကျဲ၏ မိသားစုကို ဖျက်ဆီးကာ တရားဝင်ဇနီးကို စိတ်ဓာတ်ကျကာ သေသည်အထိ ဖြစ်စေခဲ့သော တတိယလူပါ ဖြစ်ခဲ့ကြောင်း သက်သေဓာတ်ပုံများစွာဖြင့် ထုတ်ပြလာသည်။ ထိုပုံများအားလုံးမှာ ရှောင်ချီကျဲနှင့် အမျိုးသမီးတစ်ဦး လွန်စွာ ရင်းနှီးပူးကပ်နေကြသည့် ဓာတ်ပုံများ ဖြစ်ကြပြီး အချိန်ကာလမှာလည်း ရှောင်တင်းပန်း၏မိခင် မကွယ်လွန်မီ လွန်ခဲ့သော နှစ် ၂၀ ကျော်ခန့်က ဖြစ်ပေသည်။ 


ထိုသတင်း ထွက်လာပြီး မကြာမီ အခြားမီဒီယာတစ်ခုက ရှောင်ချီကျဲနှင့် ရွှယ်မြောင် ကွာရှင်းရခြင်းမှာ သူမဘက်မှ အိမ်ထောင်ရေး ဖောက်ပြားခဲ့၍ဟု ပြောလာပြန်သည်။ ကွာရှင်းပြီးနောက် ပိုင်ဆိုင်မှု တစ်ပြားတစ်ချပ်မှ မယူခဲ့ခြင်းမှာ အကောင်းဆုံး သက်သေခံချက်အလား။ 


‌သူမက ရှောင်ကျားရှုကိုပါ ရှောင်မိသားစုကနေ ထုတ်လာတာ ဒါဆို ရှောင်ကျားရှုနဲ့ ရှောင်ချီကျဲက တကယ်ကြီး သားအဖ မဟုတ်ဘူးပေါ့ သူက ရွှယ်မြောင်နဲ့ အပြင်လူ ရပြီး မွေးလာတဲ့ အရိုင်းမျိုးစိတ်လား ... 


ထိုမှန်းဆချက်များမှာ ရွံရှာစက်ဆုပ်ဖွယ် ကောင်းလှသော်ငြား လူထုကမူ လွန်စွာ သဘောတွေ့လှသည့်အတွက်‌ ကောလဟာလများ အမှန်ဖြစ်လာတော့သည်။ မုန်းတီးစိတ်တို့ ပြည့်နှက်နေကြသော ပရိသတ်တို့က ရွှယ်မြောင်နှင့် ရှောင်ကျားရှုတို့၏ Weibo account တို့တွင် အပြင်းအထန် လာရောက်တိုက်ခိုက်ကြတော့သည်။ ရွှယ်မြောင်အား သူမဘဝ၏ သက်တမ်းတစ်ဝက်ခန့်ကို ဤကိစ္စ မပေါက်ကြားစေရန် ဖုံးဖိရင်း ကုန်ဆုံးနေရသည်ဟု လှောင်ရယ်ကာ ရှောင်ကျားရှုကို အဖေမသိဘဲ မွေးလာသည့်တိုင် ရှောင်မိသားစု၏ အကာအကွယ်အောက်တွင် ရောနှောနေဆဲဖြစ်သည့် မိမစစ်ဖမစစ်ဟု ဆဲရေးပြောဆိုလာကြတော့၏။ 


လူထု၏ အမြင်မှာ တစ်စထက်တစ်စ ပိုမိုပြင်းထန်လာကာ လုံးဝ အထိန်းအကွပ်မဲ့သွားတော့သည်။ အင်တာနက်သုံးစွဲသူများသည် အမြဲလိုလို မဟုတ်မမှန် ကောလဟာလများတွင်သာ ပျော်မွေ့ကာ အခြားသူများ၏ မကောင်းမှုများကို တူးဆွရင်း ပုံကြီးချဲ့ရသည်ကို လွန်စွာ သဘောခိုက်ကြသူများ ဖြစ်ပေသည်။


ရွှယ်မြောင်မှာ ရူးသွပ်သွားလုမတတ်ပင်။ ကြံရာမရတော့သည့်အဆုံး ထိုသတင်းအား ရှင်းလင်းနိုင်မည့် ရှောင်ချီကျဲကို ဆက်သွယ်ရန်သာ ရှိတော့သည်။ သူမသည် ဖောက်ပြန်သူ မဟုတ်သကဲ့သို့ သူများမိသားစုကို ဖြိုခွဲခဲ့သူလည်း မဟုတ်၊ ထို့အပြင် ရှောင်ကျားရှုသည် မည်သူ့သားဖြစ်ကြောင်း အပြင်သူများ မသိသည့်တိုင် ရှောင်ချီကျဲက အသိဆုံးပင် ဖြစ်ပေသည်။ ရှောင်ကျားရှု၏ ရှေ့ရေးကြောင့်သာ မဟုတ်ပါလျှင် သူမအနေဖြင့် မည်သို့မျှ မလုပ်၊ အသာလေးသာ ထိုင်ကြည့်နေမည် ဖြစ်ပေသည်။ 


သူမပင် ဖုန်းမဆက်ရသေးခင် ရှို့ချန်ယုက ဖိုင်အိတ်တစ်အိတ်ကို ကိုင်ကာ သုန်မှုန်စွာဖြင့် ဝင်လာတော့သည်။ 


"မြောင်မြောင် ဒါကို မဖတ်ချင် စိတ်ကို အေးအေးထား ..." 


"ငါ ရှင်းရှင်းလင်းလင်း ပြောလို့ မရဘူး ဒါပေမယ့် ဖတ်လိုက်ရင်တော့ သဘောပေါက်သွားလိမ့်မယ် ..." 


ရှို့ချန်ယုက သူမရှေ့သို့ ဖိုင်အိတ်ကို တွန်းပို့ပေးရင်း နောက်တစ်ကြိမ် သတိပေးလိုက်သည်။ 


"စိတ်ကို အေးအေးထားရမယ်နော် ရှောင်ရှုက အပြင်မှာပဲ ရှိနေသေးတယ် သူ့ကို စိတ်မပူစေနဲ့ ဟုတ်ပြီလား ..." 


"အိုကေ သူ့ကို စိတ်မပူစေရဘူး ..." 


သားဖြစ်သူ အကြောင်း တွေးကာ အရဲစွန့်လျက် နိမိတ်မကောင်းလှသည့် ဖိုင်အိတ်ကို ဂရုတစိုက် ဖွင့်ဖတ်ကြည့်လိုက်သည်။ မူလကမူ ခပ်ဖြည်းဖြည်း ဖတ်နေကာ တုန့်ပြန်ပုံမှာ တည်ငြိမ်လှသော်ငြား နောက်ဆုံးနား ရောက်လေလေ မျက်နှာမဲ့လာလေဖြစ်ကာ ထူထဲလှသည့် စာရွက်စာတမ်းများကို အားအပြည့်ဖြင့် လှန်လိုက်သည့်အတွက် ဓာတ်ပုံအချို့ ပြန့်ကြဲထွက်လာကာ မြေပေါ်သို့ ပြုတ်ကျသွားတော့သည်။ သူမက ၎င်းတို့ကို အတင်းကာရော ပြန်ကောက်ယူလိုက်၏။ 


အချိန်နာရီများ ရပ်တန့်သွားသည့်နှယ် ထိုဓာတ်ပုံများကို လက်ထဲကိုင်ထားရင်း အချိန်အကြာကြီး အေးခဲသွားတော့သည်။ ထို့နောက်တွင်မှ သက်ပြင်းအရှည်ကြီး ချလျက် ... 


"လက်စသတ်တော့ ဒီလိုကိုး ..." 


ခပ်တိုးတိုး ရယ်မောလိုက်သော်ငြား မျက်ဝန်းတို့တွင်မူ မျက်ရည်စတို့ အပြည့်ပင်။ 


"အစကနေ အဆုံးအထိ ငါကပဲ ဟာသကြီး ဖြစ်နေခဲ့တာပဲ ငါ့ရဲ့ ခံစားချက်တွေ ပြီးတော့ ဟို လက်မထပ်ခင်က သဘောတူခဲ့တာတွေ အကုန်လုံး အလကားပဲ ..."

(Friendly reminder: မြောင်မြောင်က ဇနီးတစ်ယောက် ရထိုက်တဲ့ ပိုင်ဆိုင်ခွင့်တွေ မယူပါဘူးလို့ လက်မထပ်ခင်ကတည်းက သဘောတူစာချုပ် ချုပ်ထားတာပါ ဟိုးအစပိုင်းတွေမှာ ပါပါတယ်) 


"မြောင်မြောင် မငိုပါနဲ့ ..." 


ရှို့ချန်ယုက သူမဘေး ဝင်ထိုင်ကာ ပုခုံးကို ပုတ်ပေးလိုက်သည်။ 


"မင်းကိုယ်မင်း အထင်မသေးလိုက်နဲ့ ငါ့အတွက်တော့ မင်းက တစ်ကမ္ဘာလုံးမှာ အဖိုးအတန်ဆုံး ဖြစ်တည်မှုပဲ မင်းအတွက်သာဆို ငါ့ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ လဲရမယ်ဆိုတောင် လဲရဲတယ် ရှောင်ချီကျဲအပြင် မင်းဘဝမှာ လူတွေအများကြီး ရှ်ိနေသေးတယ်လေ သူတို့အားလုံးက မင်းကို အများကြီး ချစ်ပေး၊ ဂရုစိုက်ပေးကြတာ သူတို့အတွက်တော့ မင်းက အရေးအကြီးဆုံးပဲ  ..." 


"ချန်ယု နှစ်သိမ့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒါပေမယ့် ကျွန်မကိုယ်ကျွန်မ ဒီလောက် မကောင်းမှန်း သိပြီးသားပါ ဒီလိုမျိုး နေထိုင်ခဲ့ရမယ်လို့ တစ်ခါမှ မတွေးမိဘူး တကယ်ကြီး အရှုံးကြီးရှုံးခဲ့ရတာပဲ ..." 


သူမက သူ့ပုခုံးပေါ် ခေါင်းတင်ကာ နီမြန်းနေသည့် မျက်ဝန်းတစ်စုံဖြင့် ပြောလိုက်သည်။ ရှောင်ချီကျဲသည် သူမ၏ မျက်ရည်စတို့ဖြင့် ထိုက်တန်ခြင်း မရှိတော့သည့်အတွက် လုံးဝ မငို၊ ဘယ်တော့မှလည်း အရှုံးပေးမည် မဟုတ်ချေ။ 


"ရှောင်ချီကျဲကို ဖုန်းဆက်ပြီး လူထုအမြင်ကို ဖိနှိပ်တဲ့နေရာမှာ ကျွန်မတို့နဲ့ ပူးပေါင်းပေးဖို့ တောင်းဆိုလိုက်မယ် ..." 


ဖုန်းကိုထုတ်ကာ ခေါ်တော့မည်ပြုစဉ် အပြင်ဘက်မှ ရှောင်ကျားရှု၏ အော်သံကို ကြားလိုက်ရတော့သည်။ 


"အဖေ အစ်ကိုကြီး ဘယ်လိုဖြစ်လို့ ဒီကို ရောက်လာတာလဲ ..."


ရှောင်ချီကျဲ၏ ရုပ်သွင်ကို လူအများက မရင်းနှီးကြသော်လည်း ရှောင်တင်းပန်၏ လူသိများမှုမှာမူ ပထမအဆင့် သရုပ်ဆောင်တစ်ဦးထက် မနိမ့်လှ။ အရပ်ရှည်ကာ ချောမောပြီး စိတ်နေစိတ်ထား ကောင်းမွန်သည့်အပြင် ဘဏ္ဍာရေးမဂ္ဂဇင်းများ၏ မျက်နှာဖုံးတို့တွင်လည်း ကြိမ်ဖန်များစွာ ပါဝင်ခဲ့ဖူးသည့်အတွက် သူသွားလေရာတိုင်း အများသူငှာ၏ အာရုံစိုက်စရာ ဖြစ်နေတတ်ပေသည်။ 


သူနှင့် ရှောင်ချီကျဲတို့ ရိုက်ကွင်းရိုက်လာသည့်အခါ ဒါရိုက်တာပင်လျှင် ကြောင်အသွားကာ မယုံကြည်နိုင်ဟန်ဖြင့် နှုတ်ဆက်လိုက်သည်။ 


"မစ္စတာရှောင် ဒီကို ရွှယ်မြောင်နဲ့ ရှောင်ကျားရှုကို တွေ့ဖို့ ရောက်လာတာလား သူတို့ရဲ့ နားနေခန်းက ဒီဘက်မှာပါ ကျွန်တော် လိုက်ပို့ပေးပါမယ် ..." 


မနီးမဝေးတွင် သရုပ်ဆောင်များက ခေါင်းပြူကြည့်ကာ လက်ကလည်း ဖုန်းကို အချိန်ပြည့် ကိုင်ထားရင်း စကားလုံးများ ဖလှယ်လိုက်ကြသည်။ အင်တာနက်ပေါ် နာမည်ကြီးနေသည့် ရွှယ်မြောင်၏ သတင်းကို ကြားထားကြပြီးဖြစ်ရာ ရှောင်ချီကျဲနှင့် ရှောင်တင်းပန်းတို့သည်လည်း ဤကြောင့် ရောက်လာခဲ့ခြင်း ဖြစ်ရမည်ဟု ကောက်ချက်ချလိုက်သည်။ နှစ်ဦးလုံး၏ အမူအယာမှာ တင်းမာခက်ထန်နေကာ မှုန်မှိုင်းသည့် အငွေ့အသက်များကိုလည်း ထုတ်လွှတ်နေသည်။ အကြည့်တစ်ချက်ဖြင့်ပင် သူတို့သည် ဒေါသကို ထိန်းချုပ်‌နေကြကြောင်း တပ်အပ်ပြောနိုင်နေရာ ကောလဟာလများမှာ ၉၀ ရာခိုင်နှုန်းခန့် မှန်နိုင်ပေသည်။ 


ရွှယ်မြောင်ကတော့ တကယ်ကို သနားစရာပဲ အနုပညာလောကထဲ ပြန်ဝင်ဖို့ ခြေလှမ်းတောင် မလှမ်းရသေးဘူး အပိတ်ခံလိုက်ရပြီ ရှေ့လျှောက် အသက်ရှင်ဖို့ အရမ်းခက်သွားတော့မှာပဲ ပြီးတော့ ရှောင်ကျားရှုလည်းပဲ သူလည်း ထိပ်တန်းအရင်းအမြစ်တွေကို ရတော့မှာ မဟုတ်ဘူး ရှောင်ချီကျဲနဲ့ ရှောင်တင်းပန်းက အဖေမပေါ်တဲ့ မိမစစ်ဖမစစ်ကို သည်းခံမှာတဲ့လား ... 


ရှောင်သားအဖ ရောက်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ စိတ်ထဲတွင် စိတ်ကူးယဉ်‌ဇာတ်လမ်းပေါင်းများစွာ ထွက်ပေါ်လာတော့သည်။ အချို့က စိတ်လှုပ်ရှားဖွယ်ကောင်းမှုကို မျက်မြင်တွေ့လိုကြပြီး အချို့က အတင်းအဖျင်းကို နားဖြင့် ဆက်ဆက် ကြားလိုကြသည်။ အချို့ကမူ တံတွေးကိူသာ အနိုင်နိုင် မျိုချနေရ၏။ သန်မာလှသည့် ကျော်ကြားမှုနှင့် အလွန်အမင်း ပျက်ယွင်းနေသည့် မျက်နှာထားများကြောင့်သာ မဟုတ်ပါလျှင် ဘေးနား ဝိုင်းအုံကာ စပ်စုမိကြတော့မည်ဖြစ်သည်။ 


ရွှယ်မြောင်၏ နားနေခန်းဆီသို့ လမ်းပြနေသော ဒါရိုက်တာမှာလည်း ရင်ဘက်ထဲတွင် ဗုံတီးနေသည့်နှယ် တဆတ်ဆတ် တုန်ရီနေတော့သည်။ 


အင်တာနက်ပေါ်က သတင်းတွေကသာ အမှန်ဆိုရင် သူတော့ ဒီဇာတ်လမ်းကို ဆက်ရိုက်လို့ မရတော့ဘူးပဲ သတင်းဆိုး ထွက်နေတဲ့ သရုပ်ဆောင်တွေနဲ့သာဆိုရင် ပရိသတ်က ဒီဇာတ်လမ်းကို ဝိုင်းပြီး သပိတ်မှောက်ကြတော့မှာ ကိုယ့်စိတ်ကိုယ် ပြင်ဆင်ထားမှပဲ ထုတ်လုပ်သူတွေက အရူးမှ မဟုတ်တာ ဒီလောက် အခြေအနေဆိုးနေတာကြီးကို အရဲစွန့်ပါတော့မလား ... 


အဓိကအခန်းတွေက အကုန်လုံးနီးပါး ပြီးနေပြီးသားကို တကယ်လို့ အခုမှ သရုပ်ဆောင်တွေ ပြန်ပြောင်းရရင် ဘယ်လိုလုပ်မလဲ ... 


ဒါရိုက်တာမှာ တွေးလေလေ ခေါင်းပိုကိုက်လာရတော့သည်။ အရဲစွန့်ကာ ရှောင်သားအဖ၏ မျက်နှာကို အကဲခတ်မည်ပြုစဉ် တောက်ပသည့်အပြုံးနှင့်အတူ လွှားခနဲ ရောက်လာသော လျှိုရီလိန်အား တွေ့လိုက်ရသည်။ 


"အန်ကယ်ရှောင် ရှောင်ကော ဘယ်လိုဖြစ်လို့ ဒီကိုရောက်လာတာလဲ ..." 


သူ့ပုံစံမှာ ထိုသူတို့ ရောက်လာရသည့် အကြောင်းအရင်းကို အမှန်တကယ်ပင် မသိလေဟန် အံ့ဩရှုပ်ထွေးမှုတို့ ပြည့်နှက်နေသည်။ 


ရှောင်တင်းပန်က သူ့ကို အေးစက်စွာ ခေါင်းငြိမ့်ပြလိုက်သော်လည်း ရှောင်ချီကျဲကမူ အပြုံးတစ်ခုကို ဖျစ်ညှစ်ပြုံးပြရင်း စိုးရိမ်တကြီး ပြောလိုက်သည်။ 


"ရှောင်လိန် ရိုက်ကွင်းမှာပဲ တစ်ချိန်လုံး နေနေပြန်ပြီလား နောက်ပိုင်း အချိန်ရရင် ညစာသွားစားကြရအောင်လေ ..." 



လျှိုရီလိန်က ဘယ်လိုလုပ် ရှောင်မိသားစုနဲ့ သိနေရတာလဲ ပြီးတော့ သူတို့ ဆက်ဆံရေးကလည်း အရမ်းကို ရင်းနှီးတဲ့ပုံကြီး ... 



Xxxxxxx