အပိုင်း ၂၁၃ (End of Extra)
Viewers 92k

Chapter 213 (Final Chapter)





ထိုသတင်း မီးသေသွားတော့မည့် အချိန်မှာပင် တင်ဆက်သူတစ်ဦးက သူမ၏ အစီအစဉ်ကို ကျိမြန်နှင့် ရှောင်ကျားရှုတို့ တက်ရောက်မည်ဖြစ်၍ စောင့်ကြည့်ပေးရန် ကြေငြာလာသည်။ သူတို့၏ ဆက်ဆံရေးကို လက်ခံသည့်တိုင် သိလိုစိတ် မရှိဟုတော့ မဆိုလိုပေ။ ထို့ကြောင့် ဤရှိုးမှာ ယခင်ထက်ပင် ပိုမိုကာ လူစိတ်ဝင်စားခံလိုက်ရတော့သည်။ 


အဝတ်လဲခန်းအတွင်း ရှောင်ကျားရှုက ကျိမြန်၏ လည်စည်းကို ဂရုတစိုက် ပြင်ဆင်ပေးနေသည်။ တရွေ့ရွေ့ ကုန်လွန်လာသော အချိန်ကာလတို့နှင့်အတူ ရှောင်ကျားရှုသည်လည်း သူ့ကို အမြဲ ဂရုစိုက်ပေးသည့် ကျိကောအား ပြန်လည်ဂရုစိုက်နိုင်ရန် တစ်ဖြည်းဖြည်းချင်း သင်ယူနိုင်ခဲ့သည့်အတွက် များစွာ ဝမ်းမြောက်မိတော့သည်။ ကျိကောကို ရာသီဥတု အေးလာပါလျှင် ထူထူထဲထဲ ဝတ်ရန်၊ ပူသည့်အခါ ပါးလွှာအေးမြသည့် အဝတ်တို့ကို ဝတ်ရန် သတိပေးနိုင်ကာ သူ့ခန္ဓာကိုယ် အားဖြည့်ရန် အလို့ငှာ စားသောက်ဖွယ်ရာများကို တစ်နေ့လျှင် တစ်ကြိမ်ခန့် ကောင်းမွန်စုံလင်စွာ ပြင်ဆင်ပေးနိုင်ခဲ့သည့်အတွက် ပြောမပြတတ်လောက်အောင်ပင် ပျော်ရွှင်လာတော့သည်။ 


ကျိမြန်က စကားတစ်ခွန်းမှ မဆို၊ ညင်သာကာ ညှို့ယူဖမ်းစားလိုသည့် အကြည့်တို့ဖြင့်သာ တိတ်တဆိတ် စိုက်ကြည့်နေလိုက်သည်။ 


"ဘာကြည့်နေတာလဲ ..." 


ရှောင်ကျားရှုက


ရှက်သွေးဖြန်းကာ မေးလိုက်သည်။ 


"ဘာဖြစ်လို့လဲ ..." 


ကျိမြန်က ဖျတ်ခနဲ ပြုံးလိုက်သည်။ 


"ထပ်ကြည့်နေရင် ကိုက်စားပစ်လိုက်မှာနော် ..." 


ရှောင်ကျားရှုက သူ့ခေါင်းကို ဖက်ကာ တောက်တောက်ပပ ပြုံးလိုက်သည်။ 


ကျိမြန်က သူ၏ သေးသွယ်သည့် ခါးကို ပွေ့ဖက်ကာ နက်နက်ရှိုင်းရှိုင်း နမ်းရှိုက်လိုက်သည်။ ထို့နောက် လျာကို ပါးစပ်ထဲ နယ်ချဲ့ကာ ချိုမြိန်လှသည့် အရည်ကြည်တို့ကိုပါ စုပ်ယူလိုက်တော့သည်။ 


တံခါးတွန်းဖွင့်ကာ ဝင်လာသည့် ဖန်ခွင်းက သူတို့ကို မျက်ကွယ်ပြုကာ ပြောလိုက်သည်။ 


"အိုကေ အိုကေ ရေခဲရေ သောက်ချိန်ရောက်ပြီ ..." 


ငါးနှစ်ဟူသည့် အချိန်ကာလမှာ သူ့အဖို့ သန်မာသည့် နှလုံးသားနှင့် ကျွမ်းကျင်သည့် အရည်အချင်းတို့ကို ပိုင်ဆိုင်ရန် လုံလောက်ပေသည်။ come out လုပ်ပါလျှင် လူထုအမြင်များ ပဋိပက္ခ ဖြစ်လိမ့်မည်ဟုသာ မှန်းဆထားကာ ဤမျှအထိ သာမန်ဆန်ဆန် တုန့်ပြန်ကြလိမ့်မည်ဟု လုံးဝ ထင်မထားမိချေ။ သိူ့‌သော် ထို CP fan များမှာမူ လဝက်နီးပါးခန့် ငိုကြွေးလိုက်ကြသေးသည်။ 


အိုး သူတို့ကို အထင်မမှားပါနဲ့ ငိုတယ်ဆိုတာ ဝမ်းနည်းလို့ မဟုတ်ဘူး ပျော်လွန်းလို့ ငိုတာပါ ... 


"အိုကေ စင်ပေါ် တက်ရမယ့်အချိန် ရောက်ပြီ ..." 


ကျိမြန်က ရေပုလင်းတစ်ဝက်ခန့်ကုန်အောင် သောက်လိုက်သည်။ ရေကို မျိုမချဘဲ ပါးစောင်ထဲ ငုံထားသည့် သူ့ကောင်လေးကို တွေ့လိုက်ရသည့်အခါ ချက်ခြင်း ရယ်မောမိသွားတော့သည်။ 


"ကိုယ့်နား မလာနဲ့ မင်း ဘာလုပ်မှာလဲ သိတယ်..." 


ရှောင်ကျားရှုက ခေါင်းယမ်းပြကာ သူလုပ်ချင်သည်ကို အကြည့်ဖြင့် တောင်းဆိုလိုက်သည်။ 


"ကိုယ့်ကို ပါးစပ်ချင်းတေ့ပြီး တိုက်ချင်လို့ မဟုတ်လား ..." 


သူက ကူကယ်ရာ မဲ့သွားသည့်တိုင် ရှောင်ကျားရှုကို နမ်းကာ ရေများကို လွှဲပြောင်းယူလိုက်ဆဲဖြစ်သည်။ 


နေ့တိုင်း စနောက်သရုပ်ဆောင်နေတတ်တဲ့ ကောင်လေးတစ်ယောက်ကို ချစ်သူတော်ထားရတာ ဒီလိုမျိုးလား နေ့တိုင်းက ကူကယ်ရာမဲ့မှုတွေ၊ ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေတာပဲ ... 


ရှောင်ကျားရှုက သူ၏ ပတ္တမြားရောင်နှုတ်ခမ်းကို အသံမြည်အောင် နမ်းကာ ဝံ့ဝံ့ကြွားကြွား ပြုံးလိုက်သည်။ 


ဖန်ခွင်းက ခေါင်းငိုက်စိုက်ချလျက်သာ တိတ်တဆိတ် တွေးနေလိုက်တော့သည်။ 


အဆင်ပြေတယ် ငါးနှစ်တောင် အနိုင်ကျင့်ခံလာရပြီးပြီပဲဟာ အနည်းဆုံးတော့ ဒါက CP fan တွေအတွက် ရွှေရောင်တဝင်းဝင်းနဲ့ စူပါ့စူပါ ခွေးစာပန်းကန်ကြီးလေ လူတိုင်း မစားနိုင်ဘူး ဖာ့ခ် မင်းမေကြီးပဲ စားလိုက် ရုပ်သံလွှင့်ချိန်နား ကပ်နေတာတောင် ပူးကပ်နေကြတုန်းလားဟ ဒီနှစ်ယောက်ကို ချိန်းကြိုးနဲ့ လူစုခွဲပစ်လိုက်မယ်ဆို ယုံမလား ... 


ထိုသို့ တွေးကာ လူအိုကြီးတစ်ယောက်၏ ခွန်အားဖြင့် ဘိုးဘေးလေး ရှောင်ကျားရှုကို ဆွဲခွါလိုက်သည်။ ထိုအခါ ကျိမြန်က သူ့ကို ပြန်ဆွဲပြီး စင်နောက်သို့ ကင်မရာ ရောက်မလာခင် ပါးနှစ်ဖက်ကို ငုံ့နမ်းလိုက်ပြန်သည်။ 


၎င်းကို မြင်သွားဟန်ရှိသည့် တင်ဆက်သူက ချက်ခြင်းပင် စကားစလိုက်သည်။ 


"ကြည့်ရတာ ကျွန်မတို့ရဲ့ ဧည့်သည်တော်တွေက မစောင့်နိုင်တော့ဘူးထင်တယ် အခုပဲ သူတို့ကို စင်ပေါ် ဖိတ်ခေါ်လိုက်ကြရအောင် ..." 


ပရိသတ်၏ အားပေးသံများအကြား နှစ်‌ယောက်သား စင်ရှေ့အထိ လျှောက်လာကာ ထိုင်ချလိုက်ကြသည်။ တင်ဆက်သူက စကားစလိုက်၏။ 


"ဆိုတော့ အခု ရှင်တို့က ချစ်သူတွေပေါ့နော် ဟုတ်တယ်ဟုတ် ..." 


"မဟုတ်ပါဘူး ..." 


ရှောင်ကျားရှုက ခေါင်းယမ်းပြလိုက်သည်။ 


CP fan များ အများဆုံး ရောနှောပါဝင်နေသည့် ကြည့်ရှုသူအားလုံး ရုတ်ချည်း အသံတိတ်သွားတော့၏။ တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်လိုက်ကြသည်မှာ အလွန်အမင်း စိတ်ပျက်တုန်လှုပ်သွားဟန်ပင်။ 


ဖာ့ခ် ရှောင်ကျားရှုက နောင်တ‌ရသွားလို့ ဒီရှိုးကို အသုံးချပြီး ပြန်ပြင်ပြောချင်တာလို့တော့ မပြောနဲ့နော်  ဒါမျိုးတော့ လုံးဝလုံးဝကို လက်မခံနိုင်ဘူး ... 


ရှောင်ကျားရှုက ညာဘက်လက်ကို မြှောက်ပြကာ ရယ်မောလိုက်သည်။ 


"ကျွန်တော်တို့က တရားဝင် အိမ်ထောင်ဖက်တွေ ဖြစ်သွားပြီ ပြီးတော့ လက်ထပ်ခွင့်ပြုမိန့်လည်း ရထားပြီးပြီလေ ..." 


ကျိမြန်ကလည်း သူ့ဘယ်ဘက်လက်ကို မြှောက်ပြကာ လက်ချောင်းတို့ကို လှုပ်ယမ်းလိုက်သည်။ ညာဘက်လက်တွင် ဝတ်ဆင်ထားသည့် လက်ထပ်လက်စွပ်ကို ကင်မရာသမားက အဓိကထား ရိုက်ကူးကာ စခရင်‌မှတစ်ဆင့် ပြသလိုက်၏။ 


"အား အား အား ..." 


ပရိသတ်များမှာ မည်သို့ တုန့်ပြန်သင့်မှန်းပင် မသိတော့ချေ။ ပါးစပ်ကို အုပ်လျက် အော်ဟစ်လိုက်ကြကာ ကြောက်လန့်စိတ်ပျက်မှုတို့ နေရာတွင် စိတ်လှုပ်ရှားမှုများ အစားထိုး ဝင်ရောက်လာတော့သည်။ 


သူတို့ တွေးမိရုံပဲ ရှိသေးတယ် ရှောင်ကျားရှု ဒီကောင်လေးက ကျိလောင်ရှီးကို အရမ်းချစ်တဲ့ဟာ ဘယ်လိုလုပ် နောက်ပြန်ဆုတ်မှာလဲလို့ ... 


တင်ဆက်သူက လက်စွပ်နှစ်ကွင်းကို တအံ့တဩ ငေးကြည့်ကာ သက်ပြင်းချလိုက်သည်။ 


"တကယ်ကြီးကို လက်ထပ်လက်စွပ်ပဲ တစ်ချို့ ပရိသတ်တွေကလည်း ဒီအကြောင်း စုံစမ်းလိုက်ကြသေးတယ် မဟုတ်လား ကျွန်မဖြင့် ယုံကို မယုံနိုင်သေးဘူး ..." 


"ဘာလို့ဆို လက်ထပ်လက်စွပ်ကို ပွင့်ပွင့်လင်းလင်း ဝတ်ရဲတဲ့ ဂေးစုံတွဲဆိုတာ အရမ်းရှားလို့လေ ဟုတ်တယ်မဟုတ်လား ..." 


ရှောင်ကျားရှုက ပြုံးလိုက်သည်။ 


"မင်းတို့တွေ လျှောက်ခန့်မှန်းနေကြတာကို ကြည့်ပြီးတော့ တကယ်ကို တိတ်တိတ်လေး သဘောကျနေခဲ့တာ ..."


ကျိမြန်က ခပ်ဟဟ ရယ်လိုက်၏။ သူ့အကြည့်တို့မှာ နူးညံ့ကာ ထားစရာ မရှိလောက်အောင်ပင် ချစ်နေသည့်ဟန်။ 


သူတို့နှစ်ဦး၏ တုန့်ပြန်မှုအပေါ် အံ့အားသင့်သွားကြသော ပရိသတ်တို့မှာလည်း လက်ယမ်းပြရုံမှအပ ရွေးစရာ မရှိတော့ချေ။ 


"ပျော်သလိုသာ နေကြပါ ..." 


တင်ဆက်သူကလည်း သူတို့နှစ်ဦးမှာ လွန်စွာ ရင်းနှီးကြသည်ဟု သိထားသည့်တိုင် သူမ ထင်ထားသည်ထက်ပင် ကျော်လွန်ကာ ချစ်ကြိုက်နေကြကြောင်း သိလိုက်ရသည့်အခါ လွန်စွာ အံ့ဩသွားရတော့သည်။ 


သူတို့၏ အကြည့်တိုင်း အချစ်တို့ဖြင့် ပြည့်နှက်ကာ ပြောသမျှစကားတိုင်းမှာ နွေးထွေးပြီး ဘေးနားတွင် ရှိနေသူများကိုပါ ပျော်ရွှင်မှုတို့ကို စီးကူးနေစေသည်။ 


သူမက သိလိုစိတ်အပြည့်ဖြင့် မေးလိုက်သည်။ 


"ဘယ်တုန်းက ချစ်သွားကြတာလဲ ..." 


ရှောင်ကျားရှုက ကြက်သေသေသွားကာ မျက်နှာနီနီဖြင့်ပင် မသဲမကွဲ ပြန်ဖြေလိုက်သည်။ 


"မသိဘူး ကိုယ်တိုင်တောင် သတိမထားမိခင်မှာပဲ ချစ်သွားမိတာ ..." 


နွေဦးအိပ်မက် မက်ပြီးနောက်တွင်မှ ကျိကောကို ချစ်မိကြောင်း သိသွားသည်ဟုတော့ ထုတ်ပြောမည် မဟုတ်ချေ။ 


ကျိမြန်က သူ့လက်ကလေးကို ဆုပ်ကိုင်ရင်း ရယ်ချင်စိတ်ကို ထိန်းချုပ်ကာ တစ်ခဏမျှ ပြန်ပြောင်းအောက်မေ့ပြီး ပြောလိုက်သည်။ 


"ဘယ်အချိန်မှာ ချစ်သွားပါတယ်ရယ်လို့ ထူးထူးခြားခြား မပြောနိုင်ဘူး ဘာလို့ဆို ဒါက သဘာဝဖြစ်နေလို့လေ ဒါပေမယ့် ရှောင်ရှုကိုတော့ <<တမန်တော်>> ရိုက်ကူးရေးမှာကတည်းက သတိထားမိနေခဲ့တာ ..." 


"အိုး ဘယ်အချက်တွေကြောင့်များ သတိထားမိသွားရတာလဲ ..." 


တင်ဆက်သူက မျက်လုံးအပြူးသားဖြင့် မေးကာ ပရိသတ်များကလည်း နားကို စွင့်ထားလိုက်ကြသည်။ ဤကဲ့သို့သော နောက်ခံဇာတ်လမ်းများအား နားဆင်ရခြင်းကို လွန်စွာ နှစ်ခြိုက်လှပေသည်။ 


ရှောင်ကျားရှုကလည်း သူ့ကို သိလိုစိတ်အပြည့်ဖြင့် လှည့်ကြည့်လိုက်သည်။ 


ကျိမြန်က သူ့ကို ပြုံးပြရင်း ဆက်ပြောလိုက်သည်။ 


"အဲဒီ့တုန်းက သူက ဘာမှ မသိသေးတဲ့ လူသစ်လေးလေ အရှိကို အရှိအတိုင်း သရုပ်ဆောင်နေတာ ဘာသရုပ်ဆောင်စွမ်းရည်မှလည်း မရှိဘူး ဒါပေမယ့်လေ သူ့ကိုယ်သူတော့ အဲဒီလို မထင်ဘူး သိလား ဘေးနားက လူတွေကိုပါ သူသရုပ်ဆောင်တာ ကောင်းပါတယ်ဆိုပြီး ပြောသေးတာ ..."



ရှောင်ကျားရှုက မျက်နှာကို လက်ဖြင့် အုပ်ထားလိုက်သည်။ နားနှစ်ဖက်မှာလည်း ချက်ခြင်းပင် နီမြန်းလာ၏။ 


အိုး ဒီလို အတိတ်ဆိုးတွေ ရှိနေခဲ့တာကို တကယ်ကြီး မေ့နေတာဟ ... 


"နောက်တော့ ဘာဖြစ်လဲ ..." 


တင်ဆက်သူက မေးလိုက်သည်။ 


"နောက်ကျ သူ့ကို သည်းမခံနိုင်တော့ဘူး ဒါနဲ့ တကယ့် သရုပ်ဆောင်စွမ်းရည်ဆိုတာ ဘယ်လိုမျိုးမှန်းသိအောင် သင်ပေးမယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ် သူ့ဘာသာသူ ရင်ဆိုင်ပါစေပေါ့ ဒီလို‌နဲ့ နောက်တစ်ပိုင်း ရိုက်တဲ့အခါ ဇာတ်ကောင်ထဲကို လုံးလုံး စိတ်နှစ်လိုက်တော့ သူ အရမ်းကြောက်သွားပြီး တော်တော်ကြာတဲ့အထိ ပြန်ကောင်းမလာတော့ဘူး အရိုးသားဆုံး ပြောရရင် အဲဒီ့လုပ်ရပ်က တော်တော်လေးကို မဆီလျော်စရာပါ ဒါက သူ့ကို ရိုက်ကွင်းမှာ ဖိအားပေးလိုက်တာနဲ့ အတူတူပဲလေ လူသစ်တစ်ယောက်အတွက် စိတ်ဓာတ်ဆိုတာ အရေးအကြီးဆုံး ဒီစိတ်ဓာတ်ကို ဖိနှိပ်ခံလိုက်ရတာနဲ့ တစ်ပြိုင်တည်း ယုံကြည်ချက် လျော့သွားပြီး နောက်ထပ် ဆက်ရိုက်ရမှာကိုတောင် ကြောက်သွားတတ်တယ် ငါက ဝါရင့်ဖြစ်နေပြီလေ အဲဒါကို လူသစ်လေးကို ဖိနှိပ်ဖို့ အားကုန်သုံးလိုက်တဲ့အခါ သူ့စိတ်တွေ ပြိုလဲသွားမှာပဲ ချက်ခြင်း နောင်တရခဲ့ပြီး နားတဲ့အချိန်ကျ သူ့ကို ကောင်းကောင်း နည်းလမ်းပြပေးမယ်လို့ စဉ်းစားလိုက်တယ် ..." 


"နောက်တော့ စကားပြောဖြစ်ကြလား ပြောရင်းနဲ့ သူ့မှာ အလားအလာကောင်းတွေ ရှိမှန်းသိလို့ ပိုပြီး အာရုံစိုက်ဖြစ်လာတာလား  ..." 


တင်ဆက်သူက စကားဆက်လိုက်သည်။ 


"မဟုတ်ဘူး တစ်ခွန်းမှ မပြောခဲ့ရဘူး ..." 


သူက လက်ကို ယမ်းပြလိုက်သည်။ 


"ရှောင်ရှုက စိတ်ဓာတ်ကျမသွားဘူး စက္ကန့်ပိုင်းလောက်ပဲ အေးခဲသွားတာ ပြီးလည်းပြီးရော တကယ်ကို ဆေးစွဲနေတဲ့ လင်ဖုန်းလိုမျိုး တစ်ကိုယ်လုံး တွန့်လိမ်ခါယမ်းလာတာ အဲဒီ့အချိန်တုန်းက ငါ သူ့ကို ရင်ခွင်ထဲ ပွေ့ထားရတော့ တစ်ကိုယ်လုံး တစ်လက်မ မကျန် တုန်ရီနေတာကို ခံစားမိတယ်လေ ပြီးတော့ ငါ့ပုခုံးတွေလည်း စိုရွှဲလာတာ သူ မျက်ရည်တွေ ခိုးသုတ်လိုက်တာလား မသိဘူး အဲဒီ့အချိန်တုန်းကလေ ဘာကိုမှကို မစဉ်းစားနိုင်တော့ဘူး လင်ထောင် ဘယ်လိုလုပ်မလဲ ဆိုတဲ့အတိုင်းပဲ ဆက်လုပ်သွားမိတာ ဒီအခန်းက အရမ်း ပင်ပန်းတဲ့အခန်း ဆိုပေမယ့် NG တစ်ခုမှ မရှိဘဲနဲ့ ချောချောမွေ့မွေ့ကို ရိုက်ပြီးသွားခဲ့တာ နောက်ပိုင်း ပြန်ကြည့်ကြည့်တော့ ရှောင်ရှုရဲ့ သရုပ်ဆောင်ချက်က ထင်ထားတာထက်တောင် ပိုကောင်းနေသေးတယ် အကြည့်တွေ ၊ ခန္ဓာကိုယ် တုန့်ပြန်ပုံတွေ အကုန်လုံးက လင်ဖုန်း အတိုင်းပဲ အဲဒီ့ကတည်းက ငါ့နှလုံးသား ခုန်သွားပြီး ငါ့ကိုယ်ငါ ဒီလို ပြောခဲ့မိတော့တာ ဒီလူသစ်လေးက တော်တော်ကို အသိအမှတ်ပြုထိုက်စရာပဲ သူ့အနာဂတ်က အတားအဆီး မရှိနိုင်လောက်ဘူး ဆိုပြီးတော့လေ ..." 


ထိုသို့ ပြောရင်း ဂုဏ်ယူသည့် အမူအယာတစ်ခုကိုပါ ထုတ်ပြလိုက်သည်။


ရှောင်ကျားရှုက မျက်နှာကို အုပ်ထားပြီး လက်ချောင်းကြားမှ ချောင်းကြည့်လိုက်တော့သည်။ သူ့မျက်ဝန်းတို့မှာလည်း စိုစွတ်လာတော့၏။ အတိတ်အကြောင်း ပြောပြနေသည့် ကျိကော၏ လေသံမှာ သူ့အောင်မြင်မှုမှာလည်း ကျိကော၏ အောင်မြင်မှု ဖြစ်သည့်နှယ် ဂုဏ်ယူမှုတို့ဖြင့် ပြည့်နှက်နေသည်။ ကျိကော၏ သရုပ်ဆောင်မှုအပေါ် ချဉ်းကပ်နည်းမှာ အလွန်အကျွံ ဖြစ်သည်ဟု မခံစားရ။ သူ၏ လမ်းညွှန်မှု‌ကြောင့်သာ မဟုတ်ပါလျှင် ဤနေရာတွင် ရပ်နေနိုင်မည် မဟုတ်ချေ။ 


ပရိသတ်များက အားတက်သရော ဩဘာပေးကာ တင်ဆက်သူမှာမူ စိတ်လှုပ်ရှားမှုကြောင့် ထိုင်ပင် မထိုင်နိုင်တော့။ 


"ဆိုတော့ နှစ်ယောက်လုံး တစ်ယောက်နဲ့တစ်ယောက် မသိဘူးပေါ့ ..." 


"အဲဒီ့အချိန်တုန်းက ရှောင်ရှုကို အများကြီး နားလည်မှု လွဲခဲ့တာ သူ့ကို နုံတယ်လို့ ထင်ခဲ့ပေမယ့် နောက်ပိုင်းမှ သူက ရိုးသားတာမှန်း သိခဲ့တာ မောက်မာတယ်လို့ ထင်ပေမယ့် တကယ်တမ်းက အရမ်း တက်ကြွနေတာ သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်ကို လေ့ကျင့်ဖို့အတွက်နဲ့ အပြင်ဘက်မှာ ရက်တွေအကြာကြီး ခြေသလုံးအိမ်တိုင် နေခဲ့တယ် လူတွေက သူ့အတွေ့အကြုံကို emoticon အဖြစ် တည်းဖြတ်ပြီး ချစ်စရာကောင်းတယ်လို့ ချီးကျူးကြပေမယ့် ချစ်စရာကောင်းမှုတွေရဲ့နောက်မှာ သူ့ရဲ့ ကြိုးစားမှုကို မြင်နေရတယ် အရမ်း ကြိုးစားတဲ့သူတွေက ချစ်စရာ ကောင်းတတ်ကြတော့ ဒီလိုနဲ့ပဲ သူက ငါ့နှလုံးသားထဲမှာ ချစ်စရာအကောင်းဆုံးသူ ဖြစ်လာတော့တာပဲ ..." 


ရှောင်ကျားရှုမှာ ဆက်ပြီး သည်းမခံနိုင်၊ ထိုင်ခုံနောက်မှီကို မှီချလျက်သာ အသံတိုးတိုးဖြင့် ညဉ်းလိုက်မိတော့သည်။ 


ကျိမြန်က သူ့ခေါင်းကိုကိုင်ကာ နူးနူးညံ့ညံ့ ပြုံးလိုက်၏။ 


တင်ဆက်သူက ရင်ဘတ်ကို ဆုပ်ကိုင်ကာ သက်ပြင်းချလိုက်သည်။ 


"ဘုရားရေ ကျွန်မတော့ ဒီရှိုးကို တင်ဆက်ဖို့ ဆေးပြာပုလင်းတွေ ယူလာခဲ့သင့်တာ သွေးကန်က ကုန်နေပြီထင်တယ် ရှင်တို့တွေ ကျွန်မကို အနိုင်ကျင့်နေကြတာပဲ ရှင်တို့ကို အင်တာဗျူးဖို့ဆို တစ်ကိုယ်တည်းသမားတွေနဲ့က မသင့်လျော်ဘူး ဒဏ်ရာတွေ အခုတစ်သောင်းလောက် ရကုန်လိမ့်မယ် ..." 


ပရိသတ်အားလုံး ပွဲကျသွားကာ အချိူ့မှာ မျက်ရည်များပင် ကျလာကြတော့သည်။ 


ဒီစုံတွဲက အရမ်းကို ကောင်းတာပဲ အတိတ်အကြောင်း ပြန်ပြော‌တာတောင် အရမ်းကို ချိုမြိန်တာပဲ ... 


"ပြောလက်စနဲ့ လျှို့ဝှက်ချက်လေးတွေကိုပါ ချပြလိုက်တော့မယ် ..." 


ကျိမြန်က ဆက်ပြောလိုက်သည်။ 


"Adventurers in the wilderness ကို ရိုက်တုန်းက ပထမလေးပိုင်းမှာ အပေါ်အင်္ကျီ ချွတ်ပေမယ့် နောက်ပိုင်းတွေမှာ အမြဲတမ်း အင်္ကျီဝတ်ထားတာလေ ဘာလို့လဲ သိလား ..." 


ရှောင်ကျားရှုက သူ့ခါးကို အမှတ်မထင် လှမ်းထိလိုက်ကာ ခေါင်းငုံ့ထားလိုက်တော့သည်။ 


ဒီနေ့ ကျိကော ဘာတွေဖြစ်နေတာလဲ ဘာလို့ ဒီလောက်အများကြီး ပြောနေရတာလဲ ... 


နောက်တွင် ရပ်နေသည့် ဖန်ခွင်းကမူ အေးစက်စွာသာ ပြုံးနေလိုက်တော့သည်။ 


အကြာကြီး ထိန်းထားပြီး အခုမှ ခွေးစာတွေ စိတ်ကြိုက်ကျွေးခွင့်ရတာလေ ကျိမြန်လို ကြောက်စရာကောင်းတဲ့ အာဏာရှင်ကြီးက ဒီအခွင့်အရေးမျိုး ဆုံးရှုံးခံပါ့မလား ... 


ကြည့်ရှုနေသူများက တီးတိုးပြောနေလိုက်ကြကာ အမာခံ ပရိသတ်တစ်ဦးက သတိရသွားဟန်ဖြင့် အားရပါးရ အော်ချလိုက်၏။ 


"တက်တူး <<Running all the way>> က တက်တူးတွေ ..." 


ထိုအခါမှ အားလုံး အမှတ်ရသွားကြတော့၏။ 


ဟုတ်သားပဲ အဲဒီ့တုန်းက ကျိကော သူ့ခန္ဓာကိုယ်ပေါ်နမှာ တက်တူးတွေ အများကြီး ဆွဲခဲ့တာလေ ... 


XJS ဟူသည့် စကားလုံးကို ပန်းကနုတ်လက်ရေးဖြင့် ရင်အုပ်နားတွင် တက်တူးထိုးထား၏။ ၎င်းတို့ကို လိုင်းများဖြင့် ဖုံးအုပ်ထားသည့်အတွက် များစွာ မသိသာလှသော်ငြားအမြင်စူးရှလှသည့် အင်တာနက်သုံးစွဲသူများကိုမူ ဖုံးကွယ်၍ မရခဲ့ချေ။ တစ်ယောက်က ထို စာလုံးသုံးလုံးမှာ ရှောင်ကျားရှုကို ရည်ရွယ်ခြင်း ဖြစ်လိမ့်မည်ဟု တင်ခဲ့သေးသော်ငြား အလားတူသတင်းမျိုး များစွာ ထွက်ပေါ်နေသည့်အတွက် အလျင်အမြန်ပင် ပျောက်ကွယ်သွားတော့သည်။ 


အခု စဉ်းစားကြည့်မှ အဲဒီ့ပို့စ်ကို တင်ခဲ့တဲ့တစ်ယောက်က စုံထောက်ကိုနန်ထင်တယ် ရှောင်ကျားရှုနဲ့ ကျိမြန်ရဲ့ ကိစ္စကို ဟိုးအစောကြီးကတည်းက သတိထားမိနေတာ အမှန်တရားက လူတစ်ချို့ရဲ့ လက်ထဲမှာဆိုတာ အမှန်ပဲကိုး ... 


ကျိမြန်က ရင်ဘက်ကို ညွှန်ပြနေသည့်တိုင် အကြည့်တိူ့မှာမူ သူ့ကောင်လေးထံမှ ဖယ်ခွါမသွား။ တစ်လုံးချင်း ‌ဖြည်းညှင်းစွာ ပြောလိုက်သည်။ 


"ဟုတ်တယ် XJS ဆိုတာ ရှောင်ကျားရှုကို ပြောချင်တာ ငါ အချစ်ရဆုံးသူရဲ့ နာမည်ကို နှလုံးသားမှာ ထွင်းထုထားပြီးသား ဒါကို လူသိရှင်ကြားလည်း ချပြခဲ့တယ် ..." 


ပရိသတ်အားလုံး မျက်နှာကို အုပ်လျက် မနာလိုအားကျစိတ်တို့ ရောယှက်ကာ ရယ်မောလိုက်ကြတော့သည်။ 


ရှောင်ကျားရှုက မိုက်ခရိုဖုန်းကို ဆွဲယူကာ ပြောလိုက်၏။ 


"ကျွန်တော့်မှာလည်း ထွင်းထုထားတဲ့ အမှတ်အသားတစ်ခု ရှိတယ် ‌ဒါပေမယ့် ဘယ်နေရာမှာလဲ ဆိုတာ‌ကိုတော့ ပြောမပြနိုင်ဘူး ..." 


အကြည့်ချင်းဆုံကာ ပြိုင်တူ ရယ်မောလိုက်သည့် သူတို့၏ အမူအယာမှာ လွန်စွာ ချစ်ခင်နှစ်သက်ဖွယ် ကောင်းလှသည်။ 



ထိုအခန်းကို ရုပ်သံလွှင့်သည့်အခါ များစွာ ဂယက်ထခဲ့ပြီး နှစ်ပေါင်းများစွာ ကြာမြင့်သည့်တိုင် ထိုအပိုင်းကို ပြန်ကြည့်ရင်း ချိုမြိန်လှသည့် အပြုံးတို့ကို ဆက်လက် နှစ်သက်ကြသည့်သူများ ရှိနေဆဲ ဖြစ်ပေသည်။


အစပိုင်းမှာ သူတို့တွေ ဘယ်လောက်အထိ ချစ်ဖို့ကောင်းပြီး အခု ဘယ်‌လိုတောင် ပျော်ရွှင်နေကြလဲ...


 င

ါးနှစ်၊ ဆယ်နှစ်၊ နှစ်နှစ်ဆယ် အသက်တွေ အိုမင်းလာတဲ့အထိ ...



 လူတွေအားလုံး ပြောင်းလဲသွားသော်လည်း သူတို့နှစ်ယောက်သာ မပြောင်းမလဲ ကျန်ရစ်နေခဲ့လေသည်။ ...




Xxxxx The End xxxxx


Translated by ...IQ Team 💜 



Thanks ❤️