"သောက်ကျိုးနဲ! ကောင်းခန်းရောက်နေမှ မိုးက ထရွာရတယ်လို့"
ဝရံတာမှာ နေလှမ်းထားတဲ့အဝတ်တွေကို ပြေးရုတ်ရင်း ရှောင်ဝေ့ချန်းတစ်ယောက် ရေရွတ်နေ၏။ ပြတင်းပေါက်မှန်တံခါးတွေပါ အလုံပိတ်ပြီးနောက် အိပ်ရာထဲ ပြန်သွားကာ ပိတ်နေပြီးဖြစ်သည့် ဖုန်းမျက်နှာပြင်ကို ပြန်ဖွင့်လိုက်၏။
ရုံးပိတ်ရက် မနက်ခင်းစောစောလေးမှာ ထွက်ရှိလာတဲ့ ဇာတ်သိမ်းပိုင်းလေးဆိုတော့ ဘယ်လောက်တောင် တန်ဖိုးရှိ..လိုက်မလဲ?
သေ..သေသွား..သေသွားတယ်??? ဟုတ်စ?
ဘာလို့??
ဘာလို့ ငါ့ရဲ့နတ်ဘုရားမလေးက သေသွားရတာလဲ???
အား!!!! ငါသတ်မှတ်ထားတဲ့ တစ်ဦးတည်းသော ဇာတ်လိုက်မင်းသမီးလေးက ဘာကိစ္စ သေသွားရတာတုန်း!!!!!!!
==
ကမ္ဘာမှာ လူသားမျိုးနွယ်ပဲ ကြီးစိုးနေတာ မဟုတ်ဘဲ အမျိုးမျိုးသော သားရဲလူသားများပါ ရှင်သန်ကြီးစိုးနေတဲ့ကမ္ဘာကြီးကို အခြေခံ ထားတဲ့ 'အမတတစ်ပါးရဲ့ခရီးလမ်း'ဆိုတဲ့ဝတ္ထုက လတ်တလော ရေပန်းစားနေသလို ရှောင်ဝေ့ချန်းလည်း စွဲစွဲလမ်းလမ်း ဖတ်ဖြစ်နေခဲ့၏။
ထိုကမ္ဘာမှာ လူသားမျိုးနွယ်က အားအနည်းဆုံးဖြစ်ပေမဲ့ ဆက်နွယ်သားရဲကို ပိုင်ဆိုင်နိုင်တဲ့တစ်ဦးတည်းသောမျိုးနွယ်ဖြစ်၏။
ထိုအားအနည်းဆုံးမျိုးနွယ်ကနေ အားလုံးကို လွှမ်းမိုးနိုင်တဲ့အမတတစ်ပါးဖြစ်ဖို့ လျှောက်လှမ်းလာတဲ့လူငယ်တစ်ယောက်ရဲ့ ဦးဆောင်မှုကို အားဖြည့်လိုက်ပါပေးမဲ့ နောက်လိုက်ညီနောင်များအပြင် မျိုးနွယ်စုတွေရဲ့ ပါရမီရှင်မိန်းမလှတွေ ပါဝင်တဲ့ မောင်းမဆောင်ကိုလည်း ပိုင်ဆိုင်ထားကာ အရာအားလုံးကို စိုးမိုးဖို့ ကြိုးစားခဲ့ပုံတွေကို ဝတ္တုထဲတွင် ဝေဝေဆာဆာ ရေးဖွဲ့ထားခြင်းဖြစ်သည်။
မောင်းမဆောင်မှာ ပါဝင်တဲ့ အလှလေးတွေထဲက တစ်ယောက်ဖြစ်တဲ့ ဇာမဏီမိန်းမပျိုလေးက သားရဲလူသား မဟုတ်ဘဲ ရှေးဦးသားရဲမျိုးနွယ်ကနေမှ ကျင့်ကြံဆင့် မြင့်မားလာမှသာ လူသားအသွင် ရရှိခဲ့သူ ဖြစ်သည်။
ဇာတ်လိုက်မင်းသားရဲ့တစ်ဦးတည်းသော ဆက်နွယ်သားရဲလည်း ဖြစ်တဲ့ဇာမဏီမိန်းမပျိုလေးက နောက်ဆုံးပိုင်းမှာ ဇာတ်လိုက်မင်းသားကို ကာကွယ်ရင်း အသက်ပေးသွားခဲ့တာကြောင့် သူကို ဇာတ်လိုက်မင်းသမီးအဖြစ် လက်ခံထားသူ ရှောင်ဝေ့ချန်းကဲ့သို့ အခြားစာဖတ်သူတွေလည်း အသည်းကွဲကာ ငိုကြွေးနေကြတော့၏။
ဝတ္ထု၏အဆုံးသတ်တွင် ဇာတ်လိုက်မင်းသားက လူသားဧကရာဇ်အဖြစ် နန်းတက်ကာ သူ၏ပုလ္လင်ဘေးနားက ဧကရီ၏ထိုင်ခုံအလွတ်ပေါ်တွင် ဇာမဏီသရဖူလေးတစ်ခုကို အမြဲတင်ထားသည်ဟူ၍ စာရေးသူကအဆုံးသတ်ထားခဲ့သည်။
==
> နောက်ဆုံးကျမှ ဧကရီအဖြစ် သတ်မှတ်တယ်လို့ အရိပ်အမြွက်ရေးပြတော့ရော ဘာလုပ်ရမှာလဲ
> စာရေးသူရေ ငါ့နတ်ဘုရားမလေးက သေသွားပြီလေ
> ပြန်လည်မွေးဖွားနိုင်တဲ့ဖီးနစ်မျိုးနွယ်က မိန်းမလှလေးလည်း ရှိနေတာကို စာရေးသူကဘာလို့ အတွေးအခေါ်တွေကြောင့် ငါ့နတ်ဘုရားမလေးကို သေခိုင်းရက်တာလဲ
> ငါသာဆိုရင် ဒီထက်ပိုကောင်းတဲ့အဆုံးသတ်ကို ရေးပြနိုင်တယ် .. တကယ့်ကို bad reviewပဲ
ရှောင်ဝေ့ချန်းရဲ့ ဝေဖန်အပြစ်တင်နေတဲ့ commentတွေက တစ်ခုပြီးတစ်ခု ဖုန်းမျက်နှာပြင်မှာ ပေါ်လာနေတုန်းမှာပဲ......
[တီ!!! ဝတ္ထုရဲ့အဆုံးသတ်ကို ပြောင်းလဲလိုသူရဲ့ စိတ်ဆန္ဒက ထက်သန်နေတာကြောင့် လိုအပ်တဲ့ရမှတ် ပြည့်မှီသွားပါပြီ]
[သင်ကို အခုပဲ လုပ်ဆောင်ခွင့် ပေးလိုက်ပါပြီ]
[ ကံကောင်းပါစေ ]
စက်ရုပ်အသံဖြင့် စကားသံတွေနဲ့အတူ အလင်းတန်းကြီးတစ်ခု ထွက်ပေါ်လာကာ ရှောင်ဝေ့ချန်း ဘာမှ မတုံ့ပြန်နိုင်ဘဲ ရှိနေစဉ် ဝါးမြိုခံလိုက်ရပြီး နေရာကနေ ပျောက်ကွယ်သွားကာ ပွင့်နေသော ဖုန်းလေးသာ ကျန်ရစ်ခဲ့ကာ 'ဝတ္ထုကို ပြန်လည်ပြင်ဆင်ခြင်းများ ပြုလုပ်နေပါသဖြင့် ဖတ်ရှု၍ မရသေးပါ' ဆိုသော စာတန်းလေးသည် ပြေးလွှားနေ၏။
===
===
"ကျစ်! မျက်စိကို ကျိန်းသွားတာပဲ"
(အာ~ အာ~အာ)
"ဘာက ကျီးကန်းက အနားမှာ လာအော်နေတာလဲကွ" (အာ~အာ~အာ~အာ)
ကြားနေရပြန်တဲ့ကျီးကန်းသံကြောင့် ဒေါသထွက်လာတဲ့ရှောင်ဝေ့ချန်းသည် မျက်လုံးကို မရ ရအောင် ဖွင့်ကာ ပတ်ပတ်လည် လိုက်ကြည့်လိုက်တော့ ဘေးနားက သစ်ပင်တွေက အရင်ကထက် ကြီးမြင့်လို့နေ၏။
ငါလေးက လူပုလေးဖြစ်သွားတာလား
ငလက်မလေး ဖြစ်သွားတာလားဆိုတဲ့အတွေးနဲ့ သူကိုယ်သူ ငုံ့ကြည့်လိုက်တော့ လူ့ခြေထောက်မဟုတ်တဲ့ ခြေချောင်းတွေကို တွေ့လိုက်ရတဲ့အပြင် လက်ဖြန့်ကြည့်လိုက်တော့လည်း ဌက်မွေးတွေ...
ဒါ..ဒါဆို သားရဲလူသားများလား...
အနီးအနားရှိ ရေကန်ငယ်လေးဆီ အပြေးသွားကာ ကြည့်လိုက်ချိန် ဝမ်းနည်းပက်လက်ဖြင့် လဲကျသွားတော့သည်။
သားရဲလူသားတောင် မဟုတ်ဘဲ ရိုးရိုးကျီးကန်းတစ်ကောင်အဖြစ် ကူးပြောင်းလာရတာပေါ့လေ
ဝူးဝူး!! နောက်ဆို ပိုကောင်းတဲ့အဆုံးသတ်ရအောင် လုပ်ပြနိုင်တယ်ဆိုပြီး လေကြီးလေကျယ် မပြောတော့ပါဘူးနော်
စာရေးသူရေ!! ကျေးဇူးပြုပြီး ကျွန်တော်မျိုးကို ပြန်ခေါ်ပေးပါ..ဝူးး ပြန်ခေါ်ပေးပါတော့!!
(အာ~အာ~အာ~အာ)
ဝမ်းနည်းကြေကွဲနေသော ကျီးအော်သံလေးသာ ပြန့်လွင့်နေ၏ ။
===
ပြဇာတ်ငယ်
ဇာတ်လိုက်။ ငါ့ဇနီးလေးက မဟူရာကျောက်လိုအရောင်အဝါနဲ့ အလှလေးပဲကို
ရှောင်ဝေ့ချန်။ ....... (တိတ်တဆိတ် လက်ခလယ်ထောင်ပြလိုက်၏)
{To Be Continue}