Chapter 135
လင်းရွှမ် သည် စိတ်ဓာတ်ခွန်အား လုံလုံလောက်လောက် အားကောင်းသောကြောင့် ဤဇာ့ခ်ဘုရင်မနှင့် အပင်တစ်ပင်က အစားအစာမျိုးစုံကို အတူ မြည်းစမ်းပြီး စကားပြောဆိုရန် သူတို့၏ စိတ်စွမ်းအားကို အသုံးပြုနေသည်ကို သူ နားထောင်နိုင်ခဲ့သည်။ သူ ဝင်ရောက်စွက်ဖက်ဖို့လည်း မစွမ်းနိုင်ပေ။ဇာ့ခ်ဘုရင်မနှင့် စကားပြောဆိုဖို့ သူ့ IQ ကိုလည်း ကလေးအဆင့်အထိ မလျှော့ချနိုင်ပေ။
ထို့အပြင် ဇာ့ခ်ဘုရင်မသည် သူ့ကို "လူဆိုး" တစ်ယောက်ဟု ဆုံးဖြတ်ထားပြီးဖြစ်သည်။ သူ ဘယ်လိုပင် ပြောပါစေ၊ယုံမှာမဟုတ်။ ထိုမျက်လုံးကြီးများက သူ့ကိုကြည့်သောအခါ သတိထားနေသည့် အသွင်ဖြစ်သည်။ သူ နောက်တစ်ခေါက် ဖြည့်စွက်အစာတွေ သွားယူခါမှ သူမ၏ မျက်လုံးတွေက သူ့အပေါ် နည်းနည်း စိတ်အေးလက်အေး ဖြစ်သွား၏။ ကံကောင်းထောက်မစွာ၊ 012 သည် အလွန်ယုံကြည်စိတ်ချရခြင်းမရှိသော်လည်း သူ၏ စူးရှသောမျက်လုံးများနှင့် ကြောက်မက်ဖွယ်ကောင်းသော စိတ်စွမ်းအားများ၏ ဖိအားအောက်တွင် သူ ပေးခဲ့သောတာဝန်ကို ယခုထိမမေ့သေးချေ။
ဇာ့ခ်ဘုရင်မနှင့် အောင်အောင်မြင်မြင် မိတ်ဖွဲ့ပြီးနောက် 012 သည် အရေးကြီးသော ကိစ္စများ အကြောင်းကို ဇာ့ခ်ဘုရင်မထံ စတင်မေးမြန်းခဲ့သည်။
"168…မင်းအိမ်က ဘယ်မှာလဲ… တာဇာ နတ်ဘုရားတွေက မင်းကို မွေးထုတ်ပေးခဲ့တယ်ဆို…ဒါပေမယ့် မင်းကို ဘာလို့ လူ့လောကထဲကို ပို့ခဲ့တာလဲ… မင်း ပြန်သွားလို့ရလား"
ထိုအခါ 168က ချက်ချင်း ဝမ်းနည်းပူဆွေးစွာဖြင့်
"ငါ မကြီးပြင်းခင် ပြန်မသွားနိုင်ဘူး... ဒါပေမယ့် ဒီမှာလည်း အရသာရှိတဲ့ အစားအစာတွေ အများကြီးရှိတယ် ဆိုတော့ ငါ မပြန်ချင်ဘူး"
မကြာမီ လင်းယောင်ယောင် ဝင်လာသောအခါ သွေးစပျစ်နွယ်ပင် 012၊ ဇာ့ခ်ဘုရင်မတို့အား ထူးဆန်းသော မြင်ကွင်းတစ်ခုပမာ တွေ့လိုက်ရသည်။
လင်းရွှမ် သည် သူတို့နှင့် အနည်းငယ် ဝေးသော လှိုဏ်ဂူအပြင်ဘက်တွင် တံခါးကို စောင့်ကြပ်နေသည်။ထို့နောက် သူသည် ဇာ့ခ်ဥများကို ဇီဝဗေဒဆိုင်ရာ အာကာသခလုတ်ထဲကိုလည်း ကောက်ပြီး ထည့်နေလိုက်သည်။ သို့သော်၊ ဇာ့ခ်ဘုရင်မသည် သူ့ကို သံသယတစ်ချက်မှ မဝင်ချေ။ 168ထင်နေသည်က 012 ပြောသည့်အတိုင်းပင် သူမအတွက် နောက်ထပ်ဟင်းများချက်ပေးဖို့ လုပ်နေသည်ဟုသာ ထင်ခဲ့သည်။
လင်းယောင်ယောင်:...
012 သည် တိုက်ခိုက်ရေးတွင် အလွန်အစွမ်းမထက်သော်လည်း ဇာ့ခ်ဘုရင်မနှင့် ဆင်တူသည်။ သူမ၏ ကိုယ်ရည်ကိုယ်သွေးသည် အနည်းငယ် နုံအသည်။ အစာစားရာမှာလည်း နှစ်ယောက်သားမှာ အတိအကျပင် တူညီသည်။ တစ်ယောက်က လူ့အသားကို စားချင်ပြီး နောက်တစ်ယောက်က လူ့သွေးကို သောက်ချင်သူပင်။ သူတို့ နှစ်ယောက် သူငယ်ချင်းဖြစ်နေကြောင်းကို သူမ အစပိုင်းမှာ တုန်လှုပ်သွားပြီးနောက် သိပ်ပြီး မအံ့သြတော့ပေ။
လင်းယောင်ယောင် ရောက်ရှိလာသည့်အတွက် ဇာ့ခ်ဘုရင်မနှင့် 012 တို့သည် အလွန်သဘောကျနေကြသည်။ 012 သည် စပျစ်နွယ်ပင်များကို သူမ၏ မက်ခါ လင်းပို၏ ခြေသလုံးတွင် ပတ်ထားလိုက်သည်။ဘေးနားမှာ လင်းရွှမ် ရှိနေခြင်းကြောင့် ယခုလို ထိန်းထိန်းသိမ်းသိမ်းလုပ်ရဲတာပင်။သို့မဟုတ်ပါက သူမကိုဖက်ဖို့ ဝန်မလေးပေ။ ထို့နောက် 012 သည် အကိုင်းအခက် အရွက်များကို လှုပ်ယမ်းပြီး
“သခင်မှာ စားစရာတွေ ပါသေးလား"
အစားအသောက်သံကြားသောအခါ ဇာ့ခ်ဘုရင်မ အတော် စိတ်လှုပ်ရှားသွားပြီး ရှေ့သို့ နှစ်စင်တီမီတာအကွာ လှမ်းလာ၍ လင်းပို၏ အခြားခြေထောက်တစ်ဖက်ကို ပတ်ရန် ဇာ့ခ်ပိုးမျှင်များကို ဆန့်ထုတ်လိုက်သည်။ မျက်လုံးအစုံကလည်း သူမကို မျှော်တလင့်လင့် ကြည့်နေသည်။
လင်းယောင်ယောင်:...
မြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းရွှမ် ၏ သွေးပြန်ကြောများ ရုတ်တရက် လှုပ်ယမ်းသွားသည်။ သူ ခံနိုင်ရည်မရှိသလို၊ သည်းလည်းမခံနိုင်တော့။ 012 ၏ နွယ်ပင်များနှင့် ဇာ့ခ်ဘုရင်မ၏ပိုးမျှင်များအား ခုတ်ထစ်ပစ်ချင်စိတ်ကို သူ ထိန်းထားရသည်။
ဗိုလ်ချုပ်လင်း: 'သူက ငါ့မိန်းမပဲ...ငါ့ဟာ… မင်းတို့ သူမကိုမထိရဘူး"
လင်းယောင်ယောင် သည် ဇာ့ခ်ဘုရင်မ၊ 012 တို့နှစ်ယောက်နှင့်အတူ သူငယ်ချင်းဖြစ်အောင် ပေါင်းလိုက်ရသောအခါ များစွာစိတ်သက်သာရာရသွားခဲ့သည်။မကြာမီ ဇာ့ခ်ဘုရင်မက သူမကို မျက်လုံးကြီးကိုးလုံးနှင့် စိုက်ကြည့်နေပြီး အစာတောင်းနေသည်ကို မြင်လိုက်ရ၍ အနည်းငယ် အံ့အားသင့်သွားရသည်။ သို့သော်၊ ပြင်ဆင်ထားသည့် အစားအသောက်ပုံးကြီးများကို အာကာသခလုတ်မှ အမြန်ထုတ်ပြီး မက်ခါထုတ်လွှင့်မှုချန်နယ်မှ ပို့လိုက်သည်။
"သူငယ်ချင်းကောင်း" နှစ်ယောက်သည် အရသာရှိသော အစားအစာအတွက် လုပြီး ရန်ဖြစ်နေမှာစိုးသလို၊ ဇာ့ခ်ဘုရင်မသည် 012 ကို မတော်တဆ စားလိုက်မှာစိုးသဖြင့် အစားအစာကို သူမကိုယ်တိုင် နှစ်ပိုင်း သေချာစွာ ခွဲလိုက်သည်။ ပိုကြီးသည့်အပိုင်းမှာ ဇာ့ခ်ဘုရင်မအတွက်ဖြစ်သည်။ ကျန်အပိုင်းသည် သေးငယ်သဖြင့် 012 အတွက်ဖြစ်သည်။သို့ဖြစ်၍ တစ်ယောက်ကိုတစ်ယောက် ပြန်စားလို့မရတော့ချေ။သို့မဟုတ်ပါက နောင်တစ်ခါကျလျှင် စားစရာ မပေးတော့ကြောင်းလည်း ပြောလိုက်သည်။ သူတို့ကို ကျွေးနေရင်း မူလတန်းကလေးများကို အစားအသောက်တွေ ဝေငှနေရသလို သူမ စိတ်ထဲမှာ ခံစားရ၏။
ကြောက်စရာကောင်းသည်က လင်းရွှမ် က သူမကို ခါးခါးသီးသီး မေးလိုက်ခြင်းပင်။
"ကိုယ့်ဖို့က ဘယ်မှာလဲ"
လင်းယောင်ယောင်: ' သူကလည်း မုန့်တောင်းနေတဲ့ ကလေးလေးလိုပဲ'
သို့သော်၊ သူမသည် လင်းရွှမ် အတွက် မှို၊ ပါးပါးလှီးထားသော အသားနှင့် ဟင်းသီးဟင်းရွက်ခေါက်ဆွဲ၊ အစပ်အရသာ ဇာ့ခ်ပြေးလွှားကောင်အသားများ၊အသံမြည်ဇာ့ခ်နှင့်အနီရောင်စွံပလွံသီးဟင်းချိုကိုလည်း ပြင်ဆင်ထားခဲ့သည်။
လင်းပို သည် ပျက်စီးလွယ်သော နေ့လည်စာဘူးလေးကို စက်လက်တံဖြင့် သတိထား ကိုင်လိုက်ပြီး လင်းယွင်၏ ဂီယာဧရိယာပေါ်တွင် တင်လိုက်သည်။
လင်းပို သည် မျက်နှာကိုရှုံ့မဲ့လိုက်ပြီး လင်းယွင် ကို သီးသန့်စကားပြောခန်းမှ နေ၍ ပြောလိုက်၏။
"ငါ့သခင်က ငါ့ကို ဒီကို တိုက်ပွဲတိုက်ဖို့ ခေါ်လာတယ် ထင်နေတာ…... ဒါကဘာလဲ"
လင်းယွင်သည် နေ့လည်စာဘူးကိုယူကာ လင်းပို၏လက်ကို စက်လက်တံဖြင့် အသာပုတ်လိုက်သည်။
"ကလေး… မင်းက ငယ်သေးတယ်…မင်း စစ်မြေပြင်မှာ အကြိမ်ပေါင်းများစွာ စစ်တိုက်ခဲ့ဖူးတယ်မလား...စစ်မြေပြင်ဆိုတာ ကိုယ့်ကိုယ်ကို မသေအောင် ဂရုစိုက်ရတာ… သတ်ဖို့ မျှော်လင့်နေရတာ မဟုတ်ဘူး"
လင်းယွင် သည် လူဆိုးတစ်ယောက်ဟု အမြဲထင်ခဲ့သော လင်းပို သည် သူ့စကားမှာ အလွန်လေးနက်ပြီး ဒဿနဆန်သည်ဟု ခံစားမိသည်။
ပျင်းရိနေသော လင်းရွှမ် သည် သူ့ဖန်သားပြင်ပေါ်ရှိ သီးသန့်စကားပြောခန်းလေးကို တစ်ချက်ကြည့်လိုက်ပြီး မက်ခါနှစ်ယောက် လျှို့ဝှက်ပြောနေကြသည်ကို ဂရုမစိုက်လိုက်ပေ။
ယခုဆို၊တစ်ချိန်က အန္တရာယ်အမြင့်ဆုံးသတိပေးချက်အဖြစ် စာရင်းဝင်ခဲ့သည့် ဇာ့ခ်ဘုရင်မ၏ ပိုင်နက်သည် ပျော်ပွဲစားနေရာအဖြစ်သို့ ပြောင်းလဲသွားသည်။သို့သော်၊ လင်းယွင် ပြောခဲ့သလိုပင် ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ကို ဘယ်မက်ခါမဆို မျှော်လင့်ခဲ့ဖူးမှာပင်။
သို့သော်၊ ယောင်ယောင်၏ အချစ်များပါရှိသော နေ့လည်စာဘူးသည် သူ့လက်ထဲတွင် ရှိနေသောအခါ လင်းရွှမ် သူ့ခံစားချက်များကို ဖော်ပြရန် အချိန်မရှိတော့ဘဲ ချက်ချင်းစားလိုက်သည်။မွှေကြော်ထားသော မှိုနှင့် နုတ်နုတ်စင်းထားသော ဇာ့ခ်အသားဆော့စ်များသည် စွမ်းအင်ကြွယ်ဝပြီး မွှေးကြိုင်ကာ မြေပဲ၊ နှမ်းဆော့စ်၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်များနှင့် ပြုတ်ထားသည့် ခေါက်ဆွဲကလည်း အတော် အရသာရှိလှသည်။ထို့အပြင် အစပ် ဇာ့ခ်ပြေးလွှားကောင်၏ အသားများသည် လတ်ဆတ်ပြီး နူးညံ့သည်။ အရသာက စပ်သော်လည်း အတော်အရသာရှိ၏။ ပူပူနွေးနွေးနှင့် နူးညံ့သော အသံမြည်ဇာ့ခ် အနီရောင် စွံပလွံသီးဟင်းချိုသည် စောစောက အစပ်ကို သက်သာစေပြီး ခံတွင်းရှင်းသွားစေသည်။ ဟင်းရည်နွေးနွေးလေးသည် ပါးစပ်မှ နှလုံးသားကို နွေးထွေးစေလေသည်။
အချိန်အတော်ကြာအောင် သူစားခဲ့သော အာဟာရဖျော်ရည်များ၏ မကောင်းမကန်း အရသာများမှာ ယခုဆို ကင်းစင်သွားသလို သူ ခံစားလိုက်မိသည်။ အစားမရပ်နိုင်ဖြစ်နေသော ဇာ့ခ် 168 နှင့် 012 သွေးစပျစ်နွယ်ပင်တို့ကို ကြည့်လိုက်သောအခါ စိတ်ထဲ သက်သာရာရသွားသလို ရှိပေသည်။ဤငတုံးကလေးနှစ်ယောက်၏ IQမှာ နိမ့်ပါးသော်လည်း အနည်းဆုံးတော့ သူတို့သည် စိတ်ထားကောင်းကြသည်။ သူ့ယောင်ယောင် မှပြုလုပ်သော အစားအစာသည် အရသာအရှိဆုံးဖြစ်ကြောင်း သူတို့နားလည်ကြသည်။
ဇာ့ခ်ဘုရင်မသည် သူ့ပါးစပ်အကြီးကြီးကို ဟ,လိုက်ပြီး အရသာရှိသည့် ခေါက်ဆွဲများကို စုပ်ပြီးစားလိုက်၏။ ဖြည့်စွက်အစာများသည် သူ့အတွက် သိပ်မလုံလောက်မှန်း သိပေသည်။ အရင်ကလို တွေ့ကရာတွေကို လုံးဝမျိုချတော့မှာ မဟုတ်ဘဲ 012 ဆီကနေ ဖြည်းဖြည်းချင်း ကိုက်စားတတ်အောင် သင်ယူခဲ့သည်။အစားကို အတင်းမစားဘဲ သပ်သပ်ရပ်ရပ်စားရမည်ဆိုသည်ကို အခုမှသိခဲ့၏။ သူ့သူငယ်ချင်းလေး 012၏ စကားအရ အများကြီးစားသူများကို foodie ဟု မခေါ်ပေ။ Foodie သည် အလွန်ဇီဇာကြောင်ပြီး အရသာကောင်းသော အစားအစာကို မည်ကဲ့သို့ စားရမည်ကို သိသူဖြစ်သည်။
သွေးစပျစ်နွယ်ပင်၊ 012 သည် အရသာရှိသော ဟင်းချိုတစ်ငုံသောက်ပြီးနောက် 168 သို့ ပုံပြင်များဆက်ပြောရန် ပြင်လိုက်သည်။
"ဒါပဲလေ…ကြော့ရှင်း အထက်တန်းကျအောင် ဖြည်းဖြည်းစားရတယ်…ဒါမှ ဇာ့ခ်တွေကြားထဲမှာ တစ်ကယ့်မွန်မြတ်တဲ့ ဇာ့ခ်ဘုရင်မ ဖြစ်မှာပေါ့"
လင်းရွှမ် သည် စားပြီးသည်နှင့် လင်းယောင်ယောင်အား မက်ခါစကားပြောချန်နယ်ဖြင့် 012 နှင့် 168 ကြားက အကြောင်းအရာများကို အကျဉ်းချုပ် အမြန်ပြောပြလိုက်သည်။သူ စဉ်းစားထားသည့် ကိစ္စများကိုလည်း ပြောပြသည်။
ဤဇာ့ခ်ဘုရင်မနှင့် ပြောဆိုဆက်ဆံနေရသည့် အဆုံးပန်းတိုင်မှာ သူတို့အားလုံး အာကာသ တယ်လီပို့စနစ်ဖြင့် သွားနိုင်ဖို့ ပိုးပေါက်စုပ်ဝဲအား ဖွင့်ခိုင်းခြင်းဖြစ်သည်။ ဤဇာ့ခ်ဘုရင်မကို အဆင့်မြင့်တက်လာဖို့ ပြုစုပျိုးထောင်ရာမှာ အဓိက ပါဝင်ပစ္စည်းအနေနှင့် အရင်က မွေးထားပြီးသားဇာ့ခ်များကို သုံးရမည်ဖြစ်သည်။ ဇာ့ခ်များသည် မြေဆီလွှာကို စားသုံးခြင်းဖြင့် ကြီးပြင်းလာပြီးနောက်၊ အသားအနည်းငယ် ပိုထွားလာကြပေလိမ့်မည်။ထိုဝဖြိုးလာေသာ ဇာ့ခ်များကို အစားအသောက်ကုထုံးပညာရှင်များက စီမံဆောင်ရွက်ရန် တာဝန်ရှိသည်။
ဇာ့ခ်ဘုရင်မသည် ယိလန်တွင်ရှိနေပြီဖြစ်သောကြောင့်၊ စစ်မြေပြင်အဖြစ်ရွေးချယ်ခံရသော နောက်ထပ်ဂြိုဟ်ကိုလည်း ဆုံးဖြတ်လိုက်သည်။ အမြဲတမ်းနေထိုင်သူ ဘီလီယံနှင့်ချီရှိသော ယိလန် အနီးရှိ လူနေဂြိုဟ်ဖြစ်သော မိုလန် ဖြစ်ကြောင်းမှာ သေချာပေါက်ဖြစ်သည်။
လင်းရွှမ် သည် မိုလန်ကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးရန် တစ်ယောက် စေလွှတ်ထားပြီးဖြစ်သည်။ဇာ့ခ်ဘုရင်မကို အဝေးသို့ပို့ရန် ဆွဲဆောင်နိုင်သည့် တစ်ခုခုက မိုလန်တွင် ရှိ၊ မရှိ ကြည့်ရှုရမည်ဖြစ်သည်။
ဇာ့ခ်ဘုရင်မ၏ IQ အရ ကြယ်ပွင့်များကြားခရီး၏ သြဒီနိတ်များကို ခွဲခြား၍မရပေ။ တာဇာကြယ်ပွင့်မဟာမိတ်သည် ဇာ့ခ်ဘုရင်မ ကို မိုလန်သို့ဆွဲဆောင်ရန် ပြင်းထန်သောလှည့်ကွက်အချို့ကို ပြုလုပ်ထားခြင်း ဖြစ်နိုင်သည်။ ရှာတွေ့နိုင်လျှင် ဇာ့ခ်ဘုရင်မကို ဆွဲဆောင်နိုင်သည့် ပစ္စည်းကို ထိန်းချုပ်ရပေမည်။ မတွေ့နိုင် သို့မဟုတ် မထိန်းချုပ်နိုင်ပါက မိုလန်တွင် နေထိုင်သူများကို ကြိုတင်ရွှေ့ပြောင်းထားသင့်သည်။ ထို့နောက် မိုလန်တွင် အစုလိုက်အပြုံလိုက် ဖျက်စီးနိုင်သည့်လက်နက်ကို ဖြန့်ကျက်ထားကြရမည်။
ထို့အပြင်၊ ဇာ့ခ်ဘုရင်မ၏အန္တရာယ်ကိုကန့်သတ်ရန်အတွက် သူမကို လေ့လာပြီး မျိုးပွားမှုသံသရာကို ရှာဖွေရန်လိုအပ်သည်။ စွမ်းအင်လိုအပ်နေသရွေ့၊ သူမသည် အဆက်မပြတ် ဇာ့ခ်ဥအသစ်များကို မည်သို့ထုတ်လုပ်လာကြောင်းကို ရှာရပေမည်။
ဇာ့ခ်ဘုရင်မ အသားရဲ့ ထူးခြားချက်တွေက ဘာတွေလဲ…တာဇာကြယ်ပွင့်မဟာမိတ်က လူတွေက ဇာ့ခ်ဘုရင်မကိုဘယ်လို ထိန်းချုပ်သလဲ…ဇာ့ခ်ဘုရင်မအား တာဇာကြယ်ပွင့်မဟာမိတ်ရှိ သူမ၏ မွေးရပ်မြေသို့ ပြန်ခေါ်ဖို့ ဘယ်လို သွေးဆောင်မှာလဲ…
အပြောက လွယ်သော်လည်း လုပ်ဖို့မလွယ်ပေ။ အဆုံးစွန်သော အရသာဖြင့် ဆွဲဆောင်ရန် ကလွဲလို့ ဘာမှ မတတ်နိုင်ချေ။
ဤ ဇာ့ခ်ဘုရင်မ၏ အရေအတွက်မှာ 168 ဖြစ်ပြီး ဆိုလိုသည်မှာ တာဇာကြယ်ပွင့်မဟာမိတ်တွင် SSS အဆင့်ရှိ မက်မွန်သီးရောင်ဇာ့ခ် အများအပြားရှိနေခြင်းဖြစ်သည်။ ယခုဆို 168 သည် နာကျင်မှုကို ကြောက်စိတ်ဖြစ်လာသဖြင့် သူ့အသားကိုသူ မစားချင်တော့ပေ။ တခြား ဇာ့ခ်များ၏ အသားကိုစားဖို့ လောလောဆယ် စိတ်မ၀င်စားသည်မှာ သေချာသည်။
ဤအရာများအားလုံးက လင်းရွှမ် ၏ အတွေးများသာ။ ယခုမူ လင်းယောင်ယောင် နှင့် 012 ၏စကားများသည် ဇာ့ခ်ဘုရင်မအတွက် အယုံအကြည်ဆုံးဖြစ်ပုံရသည်။ ဇာ့ခ်ဘုရင်မ၏အန္တရာယ်နှင့် ပတ်သက်၍ သူကိုယ်တိုင်လည်း ထိန်းချုပ်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။ ဇာ့ခ်ဘုရင်မအား ပိုအရသာရှိသော အစားအစာများ ကျွေးရန် အကြောင်းပြချက်ဖြင့် ဥများကို သိမ်းဆည်းရန် ဇီဝအအေးခန်းတစ်ခုပါရှိသော အာကာသခလုတ်ကို အသုံးပြုခဲ့သည်။
ပိုက်ကွန်ကို ဖြတ်သွားသော ဇာ့ခ်များသည်လည်း မကြီးထွားသေးသည့် သားလောင်းများဖြစ်သည်။ထို့ကြောင့် အပြင်ဘက်တွင် တပ်စွဲထားသော ညသိမ်းငှက်အဖွဲ့၏ ထိပ်တန်းတပ်များသည် ၎င်းတို့ကို အလွယ်တကူ အရှင်လတ်လတ် ဖမ်းဆီးနိုင်သည်။ ထို့နောက် အဆိုပါ ဇာ့ခ်ဥများနှင့် သားလောင်းများကို နည်းပညာဖြင့် မွေးမြူရန် ပေးပို့နိုင်ခဲ့သည်။ အကယ်၍ ဂြိုလ်တစ်ခုတည်းနှင့် ၎င်းတို့အား မပြုစုပျိုးထောင်နိုင်ပါက ဂြိုဟ်များစွာသို့ ဖြန့်ကျက်ကြရမည်။
မမွေးမြူနိုင်ပါက ဤ ဇာ့ခ်ဥများသည် အလွန်ကောင်းမွန်သော အစားအစာဖြစ်သင့်သည်။ ဇာ့ခ်ဘုရင်မက အဆက်မပြတ် ထုတ်လုပ်နေလျှင်တောင်မှ မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့တစ်ခုလုံး စားဖို့ မလုံလောက်ပေ။
168 သည် SSS+ အထိ ကြီးထွားလာပါက၊ လူများကို စားချင်နေပြီး ယဉ်ပါးရန် ငြင်းဆန်နေနိုင်သည်။ ထိုအခါ၊ လင်းယောင်ယောင် သည် လင်းရွှမ်၏ စိတ်ပိုင်းဆိုင်ရာနယ်ပယ်ရှိ အဖျက်စွမ်းအင်ကို လုံးလုံးလျားလျား ဖယ်ရှားပြီးချိန်ဖြစ်နိုင်၍ သူသည်လည်း စိတ်စွမ်းအား မြှင့်တင်ရန်အတွက် ဆေးအစာများကိုယူကာ ဤ ဇာ့ခ်ဘုရင်မကို ကိုင်တွယ်ရမည်ဖြစ်သည်။
လင်းယောင်ယောင် သည် လင်းရွှမ် ၏ ပြင်းထန်ပြီး ကျိုးကြောင်းဆီလျော်သော ခွဲခြမ်းစိတ်ဖြာချက်ကို ဖတ်ပြီးနောက်တွင် အဆင်မပြေဖြစ်ကာ အနည်းငယ်ရှက်ရွံ့သွားသည်။
အို... ဘုရား ဘုရား
အစ်ကိုရွှမ် ကတောင် သူမစိတ်ထဲက အစားအသောက် အစီအစဉ်ကို သိသွားပေပြီ။
xxxx