Chapter 136
(ဇာ့ခ်ဘုရင်မ အသားဆေးဖက်ဝင်ဟင်းချို)
လင်းရွှမ် သည် ဇာ့ခ်ဘုရင်မနှင့် ဆက်ဆံရန် စဉ်းစားနေ၍ အစီအစဥ်တစ်ခု ပြုလုပ်ခဲ့သည်။ သူသည် အလွန်အန္တရာယ်မရှိသော ဥများနှင့် သားပေါက်များကို မွေးမြူရန် ရည်ရွယ်ထားသည်။ထိုမှသာ ၎င်းတို့သည် ဆက်လက်ရှင်သန်ပြီး အစားအသောက်အတွက် အဆင်ပြေလာနိုင်သည်။သူ၏ အဓိကရည်မှန်းချက်မှာ ဇာ့ခ်ဘုရင်မအား တာဇာကြယ်ပွင့်မဟာမိတ်သို့ ခေါ်ဆောင်သွားစေချင်သည်။ထိုရည်မှန်းထားသည့်ကိစ္စမှာလည်း လင်းယောင်ယောင် လိုချင်သော အရာဖြစ်သည်။ လမ်းတွင် အန္တရာယ်ကြီးကြီးမားမား ရှိလာနိုင်သော်လည်း၊ သူမ၏မိဘအရင်းများကို ကယ်ဆယ်ရန် အမြန်ဆုံးနည်းလမ်းတစ်ခုလည်းဖြစ်သည်။
ဇာ့ခ်ဘုရင်မ 168 နှင့်အတူ ဤပန်းတိုင်ကို အောင်မြင်နိုင်သည်ဆိုပါစို့။ ထိုအခြေအနေမျိုးဆိုပါက၊သူတို့ တာဇာကြယ်ပွင့်မဟာမိတ် သို့ရောက်ရှိပြီးလျှင်လည်း လုံး၀အားနည်းမှာ မဟုတ်ပေ။
တစ်ဖက်တွင်၊ဇာ့ခ်ဘုရင်မအကြောင်း ပိုမိုသိရှိနိုင်ရန် လင်းယောင်ယောင် သည် 012 နှင့်အတူ ဝိုင်းလိမ်လည်ခဲ့ပြီး ပိုမိုအသုံးဝင်သော အချက်အလက်များကို ဆက်လက်ရှာဖွေခဲ့ကြသည်။ဥပမာအားဖြင့်၊ တာဇာကြယ်ပွင့်မဟာမိတ် တွင် မက်မွန်သီးရောင်ဇာ့ခ် များ ပိုများသော်လည်း၊ အောင်မြင်စွာ ဖွံဖြိုးလာရန်မှာ ၎င်းတို့အတွက် အလွန်ခက်ခဲသည်။ထို့အပြင် ဇာ့ခ်ဘုရင်မကိုယ်တိုင်က တာဇာကြယ်ပွင့်မဟာမိတ်၏ အခြေအနေကို မသိခဲ့ချေ။ တာဇာနတ်ဘုရားများက သူမကို ဖန်တီးခဲ့ကြောင်းသာ သိရှိပြီး တိကျသော အကွာအဝေးအတွင်းဆိုပါက၊ သူမသည် တာဇာနတ်ဘုရားများ၏ ညွှန်ကြားချက်များကို မသိစိတ်ထဲကပင် လိုက်နာမည် ဖြစ်သည်။
ဇာ့ခ်ဘုရင်မအား အလွန်အမင်းတောင့်တစေနိုင်သည့် အသားမဟုတ်သော အရာကို ဇာ့ခ်ပုံဆောင်ခဲဟုခေါ်သည်။ ဇာ့ခ်ပုံဆောင်ခဲ များသည် ၎င်းတို့၏ စွမ်းအားကို အားကောင်းစေပြီး ဇာ့ခ်ဥများကို စဉ်ဆက်မပြတ် ထုတ်ပေးနိုင်ရန် လုံလောက်သော စွမ်းအင်ကို ပေးစွမ်းသည်။
လင်းရွှမ် နှင့် လင်းယောင်ယောင် တို့သည် ဇာ့ခ်ဘုရင်မကို ဆွဲဆောင်သည့် မိုလန် ပေါ်ရှိ အရာများသည် ဇာ့ခ်ပုံဆောင်ခဲ ဖြစ်နိုင်ကြောင်း ရုတ်တရက် သဘောပေါက်လိုက်ကြသည်။ 168 ၏မျက်လုံးများတွင် ဇာ့ခ်ပုံဆောင်ခဲ များသည် အဝါရောင်ဖျော့ဖျော့ရှိကာ တောက်ပြောင်ပြီး အလွန်ချိုမြိန်သည့် အရာများဟုဆိုသည်။ထိုကိစ္စများမှလွဲ၍ 168 ကိုယ်တိုင်ကလည်း။ဘာမှ နောက်ထပ် မသိတော့ပေ။သူသိတာက စားချင်သည်၊ မြန်မြန်ကြီးပြင်းလာပြီး ဆက်စားဖို့ပဲ သိတော့သည်။
ထို့နောက် လင်းယောင်ယောင် သည် ဇာ့ခ်ဘုရင်မအတွက် လတ်ဆတ်ပြီး အရသာရှိသော အစားအစာများကို ချက်ပြုတ်ရန်အတွက် ပင်မစစ်ဘက်ဆိုင်ရာ အာကာသယာဉ်သို့ တစ်ရက်လျှင် နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် ပြန်လာရသည်။ ညနေစောင်းမှ အနားယူလျှင် လူအချို့က ဂူဝင်ပေါက်ကို စောင့်ကြပ်ခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေဇာ့ခ်ဘုရင်မသည် ခဏလောက် အပြင်မထွက်နိုင်တော့ချေ။သူ ဗိုက်ဆာလာလျှင်လည်း သူသားသမီးများကို စားဖို့သာရှိတော့သည်။
ရက်အတော်ကြာပြီးနောက် ချက်ပြုတ်ထားသော အစားအစာများ၏ အရသာကို 168 အသားကျလာခဲ့သည်။ 168 သည် ညဘက်တွင် သူမ၏ သားပေါက်များအား အစိမ်းလိုက်စားရခြင်းကို လက်မခံနိုင်တော့ပေ။ အထူးသဖြင့် 168 သည် ဇာ့ခ်ဥ တစ်ဒါဇင်ကျော်ကို မြည်းကြည့်ပြီးနောက် ချက်ပြုတ်ထားခြင်းက မည်မျှကောင်းကြောင်းကို လက်ခံသွားခဲ့သည်။သို့သော် သူမ၏ သူငယ်ချင်းလေး 012 က ပညာရှိအတွေးတစ်ခုကို ပေးလာခဲ့သည်။ လူကောင်း (ပိုးကောင်း)ဆိုသည်မှာ အလကားမစား၊ မျိုးစေ့မကြဲဘဲနှင့် ရိတ်သိမ်းချင်၍ မရဆိုသည့်အကြောင်းပင်။ထို့ကြောင့် 168 သည် လုပ်အားခအဖြစ် သူ့ကိုယ်ပိုင် အသားအနည်းငယ်ကို လင်းယောင်ယောင် အား ပေးဆောင်ရန် သဘောတူခဲ့သည်။
လင်းယောင်ယောင် သည် သူမရှေ့တွင် ပေါင်လေးငါးရာခန့်ရှိသော ဇာ့ခ်ဘုရင်မ၏ အသားကို ကြည့်ပြီး ရှက်ရွံ့စွာ ခံစားလိုက်ရသည်။ ဤမျှကြီးမားသောအသားတစ်ပိုင်းသည် တစ်ကယ်တမ်း 168 ၏မျက်လုံးထဲတွင် သေးငယ်သောအပိုင်းတစ်ခုမျှသာဖြစ်သည်။ 1ကီလိုမီတာ အချင်းဝက်ရှိသည့် ဧရာမအသားတောင်ကြီးနှင့် နှိုင်းယှဥ်ကြည့်လျှင် ဤအပိုင်းလေးက တစ်ကယ့်ကို သေးငယ်လှသည်။ သူ့အရေပြားမှာ အနည်းငယ်ခြစ်မိသလိုမျိုးလောက်သာ။
သူမ အလွန်စိတ်လှုပ်ရှားသွားသည်။ ဤဇာ့ခ်ဘုရင်မ အသားမှာ ဘယ်လောက် အရသာရှိကြောင်းကို မြည်းစမ်းကြည့်ဖို့ သူမ မျှော်လင့်နေမိသည်။ထိုကိစ္စကို 168 ကလည်း အလွန်စိတ်ဝင်စားခဲ့၏။
"ငါ့အသားကို ချက်ထားတာကို မစားဖူးသေးဘူး"
လင်းယောင်ယောင် : "... စိတ်မပူပါနဲ့ မြန်မြန်စားနိုင်အောင် ချက်လိုက်မယ်"
168 သည် မည်မျှပင် ချစ်စရာကောင်းနေပါစေ၊သူ၏ သဘောသဘာဝမှာ ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်ဆဲပင်။သို့သော်လည်း၊ သူမနှင့် လင်းရွှမ်တို့သည် တာဇာကြယ်ပွင့်မဟာမိတ်ဆီကို ပြန်ခေါ်သွားဖို့အတွက် 168 အား ချော့ပေါင်းရမည် ဖြစ်သည်။
ထို့ကြောင့်၊ ဇာ့ခ်ဘုရင်မသည် ညနေပိုင်းတွင် စက်ရုပ်များမှ ချက်ပြုတ်ထားသော အစားအစာများကို ပို့ဆောင်ပေးသည့်နေ့များကို အသားကျလာသည်။ 168 ၏တစ်ခုတည်းသောနောင်တမှာ လင်းယောင်ယောင် သည် ညနေခင်းတွင် အရသာရှိသော အစားအသောက်များကို ထပ်မံမပြုလုပ်ခြင်းကြောင့်ဖြစ်သည်။
ညသိမ်းငှက်အဖွဲ့ ၏ ပင်မစစ်ဘက်ဆိုင်ရာ အာကာသယာဉ်ပေါ်ရှိ မီးဖိုချောင်ဧရိယာတွင် သီးခြားအစားအစာ ကုထုံးသုတေသနအခန်းတစ်ခုရှိသည်။ လင်းယောင်ယောင် သည် သူမ၏ စိတ်စွမ်းအင်ဖြင့် ဇာ့ခ်ဘုရင်မအသားကို ပြုပြင်ရန် ကြိုးပမ်းခဲ့သည်။သူမ၏ လက်ရှိ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုအဆင့်ဖြင့် ဇာ့ခ်ဘုရင်မအသားကို ကိုင်တွယ်ရန် အနည်းငယ် ခက်ခဲနေသေးသည်ဟု ဆိုနိုင်သည်။
ကံကောင်းစွာပင်၊သူ၏ စိတ်ပိုင်းဆိုင်ရာ တင်းမာမှုစက်ဝန်းများသည် အလွန်ထူးခြားနေသည်။ စက်ဝန်းများကို လုံးဝန်းသောပုံစံအဖြစ် ပြောင်းလဲနိုင်ရုံသာမက လိုအပ်ချက်အရ ရံဖန်ရံခါ ချွန်ထက်သောပုံစံအဖြစ် ပြောင်းလဲနိုင်သည်။ ထို့ကြောင့် သာမန်တိုက်ခိုက်ရေးသမားများဆိုလျှင် ၊ထိုအရာမျိုးကို မလုပ်နိုင်လောက်ပေ။သူမကသာ ဇာ့ခ်ဘုရင်မ၏ အသားအတွင်းရှိ သေးငယ်သော အညစ်အကြေးများကို နူးညံ့စွာဖယ်ရှားပေးနိုင်သည်။
နာရီပေါင်းများစွာ ကြိုးစားလုပ်ဆောင်ပြီးနောက် သူမသည် နောက်ဆုံးတွင် အညစ်အကြေးများကို ဖယ်ရှားရသည့် အရေးကြီးဆုံးအဆင့်ကို ပြီးမြောက်ခဲ့သည်။ ယခုအခါ သူမ၏ စိတ်စွမ်းအား ထိန်းချုပ်မှုအဆင့်သည် အမှန်တစ်ကယ်ပင် မာစတာအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူမသည် အထက်တန်းအဆင့် အစားအသောက် ကုထုံးပညာရှင်များထက် မနိမ့်ကျတော့ချေ။
အချိန်ကြာမြင့်စွာ ပြုတ်ရန်လိုအပ်သော SS အဆင့် ဇာ့ခ်အသားများနှင့်မတူဘဲ၊ SSS အဆင့် ဇာ့ခ်ဘုရင်မအသားသည် ဇာ့ခ်ပြေးလွှားကောင်များနှင့် တွားသွားကောင်များ၏အသားထက် ပိုမိုနူးညံ့ပြီး အရသာရှိသည်။ ချက်ပြုတ်ရလွယ်ကူပြီး သင့်လျော်သော ချက်ပြုတ်နည်းများစွာဖြင့်လည်း ချက်ပြုတ်နိုင်သည်။
သို့သော်လည်း ဇာ့ခ်ဘုရင်မ အသား၏ မြင့်မားသော အဆင့်ကြောင့် ဘုံပါဝင်ပစ္စည်းများကို အသုံးပြုရန် သူမ တွေဝေနေမိသည်။ အကြောင်းမှာ သူမသည် တတ်နိုင်သမျှ၊ဇာ့ခ်ဘုရင်မ အသား၏ အကျိုးသက်ရောက်မှုကိုမလျှော့ချချင်ပေ။
ထို့ကြောင့်၊ မှောင်ခိုဈေးကွက်တွင် ယခင်က သူမအား ပေးလာခဲ့သော စားသုံးနိုင်သည့် ဆေးဖက်ဝင် ပစ္စည်းအချို့ကို ယူလိုက်သည်။အဆင့် 5 အိပ်မက်မြက်၊အဆင့် 5 အစပ်သီး ၊ အဆင့် 6 ငွေရွက် ၊ အဆင့် 6 နှင်းသစ်ခွ အမြစ် ... ဤ ဆေးဖက်ဝင် ပစ္စည်း များသည် စိတ်စွမ်းအား မြှင့်တင်ပေးသည့် အဓိကပစ္စည်းများ ဖြစ်သည်။
အကယ်၍ ဤပါဝင်ပစ္စည်းများကို ဇာ့ခ်ဘုရင်မအသား ဖြစ်သော အဆင့် 7 ဂြိုလ်သားရဲ၏အသားနှင့် တွဲဖက်လိုက်ပါက၊ ဘေးထွက်ဆိုးကျိုးမရှိသည့် အဆင့်မြင့် စိတ်ပိုင်းဆိုင်ရာနယ်ပယ် အားတိုးဆေးဟင်းချိုကို ဖန်တီးနိုင်လိမ့်မည်ဟု လင်းယောင်ယောင် ခံစားမိသည်။
ဤနည်းဖြင့် သူမသည် သုတေသနအသစ်တစ်ခု လုပ်ရတော့သည်။ သူမသည် အမျိုးမျိုးသော ဆေးဖက်ဝင်ပစ္စည်းများ၏ ကုသမှုနည်းလမ်းများကို အဆက်မပြတ် ပြုပြင်ပြောင်းလဲပြီး ဖော်မြူလာကို ချိန်ညှိရသည်။ အချိန်အတော်ကြာပြီးနောက်၊ နောက်ဆုံးတွင် ဖော်မြူလာနှင့် အချိုးကို ဆုံးဖြတ်နိုင်ခဲ့သည်။ ဇာ့ခ်ဘုရင်မ ဆေးဟင်းချိုကို ချက်ပြုတ်နေစဉ်အတွင်း အစားအသောက်ကုထုံး သုတေသနခန်းတစ်ခုလုံး ထူးထူးခြားခြား မွှေးရနံ့ ထွက်လာသည်။ ရနံ့က ပေါ့ပါးပြီး နူးညံ့နေပုံရပြီး စွဲလန်းစရာကောင်းသည်။ ဤရနံ့ကို အနံ့ခံဖူးသူတိုင်းသည် ဤရနံ့ လာရာဘက်
ကို ရှာဖွေချင်ကြပြီး ချက်ချင်း စားချင်စိတ်များဖြစ်လာတော့သည်။
ကံကောင်းစွာပင်၊ သူမ ၏ အစားအသောက်ကုထုံး သုတေသနခန်းသည် အလုံပိတ်မုဒ်တွင် ရှိနေသည်။ထို့ကြောင့် ဒဏ္ဍာရီလာ ဇာ့ခ်ဘုရင်မ အသားကို သူမ ချက်ပြုတ်နေခြင်းကို အပြင်က အစားအသောက် ကုထုံးပညာရှင်များ မသိကြပေ။
လင်းယောင်ယောင် မှလွဲ၍ ခွင့်ပြုချက်မရဘဲ အပြင်မှ ဝင်ရောက်နိုင်သည့် တစ်ဦးတည်းသောသူမှာ တိုက်ပွဲသင်္ဘောတစ်ခုလုံး၏ အမြင့်ဆုံးအာဏာပိုင်ဖြစ်သည့် လင်းရွှမ် ဖြစ်သည်။
လင်းရွှမ် သည် ည ၁၁ နာရီထိုးခါနီးဖြစ်သောကြောင့် သူ့ကလေးလေး ပြန်မလာသေးသဖြင့် မနေနိုင်တော့ပေ။တစ်အိပ်ရာတည်း တစ်ခါ အိပ်ပြီးဖြစ်၍ တစ်ယောက်တည်း မအိပ်တတ်တော့ပေ။ မူလက၊ စစ်ဘက်ဆိုင်ရာ အာကာသယာဉ်ပေါ်တွင် လစ်လပ်သောအခန်းများ မရှိ၍က တစ်ကြောင်း၊သူမနှင့် စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်ပေးခြင်းကို ပြုလုပ်ချင်သည်က တစ်ကြောင်းကြောင့် အတူအိပ်ခဲ့တာပင်။
အကြီးမားဆုံးပြဿနာဖြစ်သည့် ဇာ့ခ်ဘုရင်မမှာ ယခုဆို ယာယီတည်ငြိမ်မှုအောက်တွင်ရှိနေပြီဖြစ်သည်။သို့သော်၊ ဤအတွက် အဖိုးအခသည် ချစ်စရာသူ့ကလေးလေးကို ဇာ့ခ်ဘုရင်မနှင့် နေ့တိုင်း စကားပြောရခြင်း၊ သို့မဟုတ် ထိုအင်းဆက်အတွက် ချက်ပြုတ်ကျွေးမွေးရခြင်းပင်။ သူ၏ ဝေစုမှာလည်း အနည်းငယ်သာရသည်။
လက်ရှိ အရေးပေါ်အခြေအနေသည် ဤအခြေအနေကို တွန်းအားပေးနေသော်လည်း လင်းရွှမ် သည် သူ့နှလုံးသားထဲတွင် ချဉ်နေရလေသည်။ လင်းယောင်ယောင် သည် သူ့အပေါ်ထက် ထိုပိုးကောင်အတွက် အချိန်နှင့် ခွန်အားကို ပိုပေးနေခြင်းဖြစ်သည်။သို့ဆိုလျှင်လည်း၊ ညဘက်မှာ ကောင်မလေးကို လုံးဝပိုင်သည်။ထို့ကြောင့်၊သူ အိပ်ခန်းထဲရောက်နှင့်နေမှန်း သူမ သိရန် အမျိုးမျိုးကြံစည်နေရလေသည်။
ထို့ကြောင့် လင်းယောင်ယောင်ကို နှောင့်ယှက်ရန်အတွက် လင်းရွှမ် သည် အစားအစာကုထုံးသုတေသနခန်းသို့ တိတ်တဆိတ် ဝင်သွားလိုက်လျှင် ခံစားလိုက်ရသည့် မွှေးရနံ့မှာ သူ့ကို စွဲလန်းသွားစေသည်။
ကံကောင်းထောက်မစွာ၊ သူမ၏ စိတ်စွမ်းအားသည် အလွန်အားကောင်းမွန်သဖြင့် အတော်လေး ထိန်ထားနိုင်သဖြင့် သူ့မျက်လုံးများသည် လျှင်မြန်စွာ အေးစက်လာသည်။ ထို့နောက် စိတ်ပါဝင်စားစွာ ဟင်းအိုးကို မွှေနေသော သူမကို ကျယ်လောင်စွာ မေးလိုက်သည်။
"ပြီးပြီလား"
သူ့ကိုယ်သူ တစ်ယောက်တည်း သာယာနေသော လင်းယောင်ယောင် သည် ရုတ်တရက် အသံကြောင့် သတိပြန်ဝင်လာပြီး အံ့သြစွာဖြင့် လင်းရွှမ် ကို ကြည့်လိုက်သည်။
"အစ်ကိုကြီး ဘာလို့ဒီကိုရောက်နေတာလဲ…ဟုတ်တယ်…ပြီးခါနီးပြီ… ဒါပေမဲ့၊ အစက ညီမလေး စီစဉ်ထားတဲ့ ဝိညာဉ်ရေးဆိုင်ရာ မြှင့်တင်ပေးမယ့် သက်ရောက်မှုအပြင်၊ စိတ်ရှုပ်ထွေးစေမယ့် ဘေးထွက်ဆိုးကျိုးလည်း ရှိပုံရတယ်… အတိအကျပြောရရင် ဒါက ဇာ့ခ်ဘုရင်မရဲ့ အရည်အချင်းနဲ့ ဆက်စပ်နေနိုင်တယ်… ဒီသက်ရောက်မှုတွေကို နားလည်ဖို့၊ ညီမလေး ကိုယ်တိုင် စမ်းသပ်ပြီးတဲ့အထိ စောင့်ရလိမ့်မယ်"
သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ အားနည်းနေသဖြင့် သူမ တစ်ယောက်တည်း စမ်းသပ်ကြည့်ဖို့ လင်းရွှမ် စိတ်မချနိုင်ပေ။ ထို့ကြောင့် သူ့ကိုယ်သူ ကြွက်တစ်ကောင်အဖြစ် သဘောထားလိုက်သည်။
"လာလေ၊ ဇာ့ခ်ဘုရင်မကိုယ်တိုင်ကတောင် ကိုယ့်ကို ဘာမှ မလုပ်ပေးနိုင်တာ... ဘယ်လောက်ပဲ အံ့ဩစရာကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ရှိပါစေ၊ ကိုယ့်အတွက် ဘာမှမဖြစ်ဘူး"
စစ်ဘက်ဆိုင်ရာ အာကာသယာဉ်ပေါ်ရှိ အခြား မြည်းစမ်းမည့်သူကို ရှာဖွေ၍လည်း အဆင်ပြေမှာမဟုတ်ပေ။ ပထမ အကြောင်းတစ်ခုမှာ၊ ဇာ့ခ်ဘုရင်မ၏အသားသည် အဖိုးတန်လွန်းသည်။ ဒုတိယ အကြောင်းပြချက်မှာ လင်းရွှမ် သည်ဇာ့ခ်ဘုရင်မနှင့် အဆင့်ချင်းတူသူ ဖြစ်၍ သူ၏ လက်အောက်ငယ်သားများနှင့် ရဲဘော်များကို မထိခိုက်စေလိုသောကြောင့်ဖြစ်သည်။
လင်းရွှမ် ပြောသည်က ကျိုးကြောင်းဆီလျော်မှန်း လင်းယောင်ယောင် ခံစားမိသည်။သေသေချာချာ စဉ်းစားပြီးနောက်၊ သူမလုပ်ထားသည့် ဟင်းချိုမှာလည်း အန္တရာယ်ဖြစ်စေသည့် ပါဝင်ပစ္စည်းများ မရှိတာကြောင့် သဘောတူခဲ့သည်။ ထို့နောက် သူမသည် လင်းရွှမ် ကို နည်းနည်းလောက် အရင်သောက်ခိုင်းကြည့်သည်။
ဆေးဖက်ဝင်ဟင်းချိုမှာ ချက်ပြုတ်ပြီးအဖုံးဖွင့်လိုက်သည်နှင့် စွဲမက်ဖွယ်ကောင်းသော မွှေးရနံ့က ပို၍ပြင်းထန်လာသည်။ သို့သော် အိုးထဲတွင် ဇာ့ခ်ဘုရင်မ အသားတစ်ပိုင်းမျှမရှိဘဲ နို့ဖြူရောင် အရည်ပျစ်ပျစ်ဟင်းချိုသာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဇာ့ခ်ဘုရင်မ ၏အသားက အလွန်နူးညံ့သဖြင့် ဟင်းရည်ထဲမှာ အရည်ပျော်နေခြင်းဖြစ်ပေသည်။
လင်းယောင်ယောင် သည် ပန်းကန်လုံးတစ်လုံးကိုယူ၍ လင်းရွှမ် အတွက် အနည်းငယ် ထည့်လိုက်သည်။
လင်းရွှမ် ကလည်း သူ၏ SS အဆင့် ကိုယ်လုံးကိုယ်ပေါက်ကြောင့် ဘာကိုမှ မကြောက်ဘဲ တစ်ကျိုက်တည်းမော့လိုက်သော်လည်း ချက်ချင်းမျိုမချသေးပေ။ ထို့နောက် ပါးစပ်ထဲမှာ ငုံထားပြီး အာနိသင်ကို အရသာခံကြည့်သည်။ ဆေးဖက်ဝင်ဟင်းရည်၏ အရသာက အံ့သြစရာကောင်းပြီး စွမ်းအင်ကလည်း သူ၏ စိတ်ပိုင်းဆိုင်ရာနယ်ပယ်ထဲကို ချက်ခြင်း ပြင်းထန်စွာ စိမ့်ဝင်သွားစေသည်။ ဤစွမ်းအင်သည် သူ့ခန္ဓာကိုယ်ကို အေးငြိမ်းစေပြီး သွေးကြောများအားလုံးထဲကို ချက်ချင်းပျံ့နှံ့စေသည်။သို့သော်၊ပမာဏက နည်းလွန်းသည်ဖြစ်၍ စွမ်းအင်အငွေ့အသက်ကလည်း နည်းပါးသည်။
ဤစွမ်းအင်အမွှားလေးကပင် သူ၏ စိတ်ပိုင်းဆိုင်ရာ ခွန်အားနှင့် ခန္ဓာကိုယ်ကို များစွာ အကျိုးပြုကြောင်းမှာ သံသယ မရှိပေ။သူက ဟင်းချိုပန်းကန်အလွတ်ကို သူမအား ချက်ချင်း ပေးလိုက်သည်။
" အရသာရှိတယ်… စိတ်စွမ်းအားကို တိုးတက်စေရုံတင်မကဘူး... ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကိုလည်း တိုးတက်စေနိုင်တယ်"
ဤဆေးဟင်းချိုကို သောက်သုံးခြင်းဖြင့် အချိန်တိုအတွင်း စိတ်စွမ်းအားနှင့် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို တိုးတက်စေသည့် အကြောင်းကို သူ ခန့်မှန်းမိလေသည်။ သို့သော်၊ ရေရှည်စားသုံးခြင်းဖြင့် စိတ်စွမ်းအားနှင့် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု၏ နောက်ထပ်တိုးတက်မှုကိုလည်း များစွာ သက်ရောက်စေမည်ဖြစ်သည်။
xxxxxx