အခန်း၁၃၇
Viewers 12k

Chapter 137

( နွေးထွေးမှုအပြည့်ရှိခြင်း)


ယခုတစ်ကြိမ်မှာ အာနိသင်ကိုစမ်းသပ်ရန်သက်သက်ဖြစ်သောကြောင့် လင်းယောင်ယောင် သည် ဇာ့ခ်ဘုရင်မ ဆေးဖက်ဝင်ဟင်းချိုကို အများကြီး မပြုလုပ်ခဲ့ပေ။ လင်းရွှမ် ကို တစ်ပန်းကန်အပြည့်ထည့်ပေးပြီးနောက် အိုးသေးသေးလေးမှာ ပြောင်သွားတော့သည်။


လင်းရွှမ် သည် ဟင်းချိုပန်းကန်ကို ကိုင်ထားသည်။ တစ်ငုံသောက်ပြီးပြီးချင်း တစ်ခုခုကို တွေးနေလျက်နှင့်၊ ဟင်းချိုသောက်နေသည်က ရုတ်တရက် နှေးကွေးသွား၏။ထို့နောက် ပန်းကန်လုံးထဲမှ အဖြူရောင်ဟင်းရည်တစ်ဇွန်းကို ကော်ယူလိုက်ပြီး လင်းယောင်ယောင် ၏ နှုတ်ခမ်းဆီသို့ ကမ်းလိုက်သည်။


  "မင်းလည်း သောက်"


သူမလည်း ဘာမှတွေး‌မနေဘဲ ဟင်းရည်ကို သောက်လိုက်သည်။ ထို့နောက်တွင်တော့ သူမ ဘာဖြစ်သွားမှန်း သိလိုက်ပြီးနောက် သူမ၏ ပါးပြင်များက အနည်းငယ်နီလာသည်။သူ သူမကို ကျွေးနေပုံက ကလေးတစ်ယောက်ကို ကျွေးသလိုပင်။ ဟင်းချိုတစ်ပန်းကန် အတူတူသောက်သည်က သိပ်တော့မဆိုးပါချေ။ သို့သော်လည်း သူမတို့နှစ်ယောက်မှာ နမ်းပြီး အတူတူအိပ်ခဲ့ကြပြီးဖြစ်သည်။ 


ဟင်းချိုသည် အဆင့်မြင့်ဆုံး ဇာ့ခ်ဘုရင်မ အသားများ၊ အဆင့်မြင့် ဆေးဖက်ဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ အရသာကဘယ်လိုအရသာမျိုးနှင့်မှ မယှဉ်နိုင်ချေ။ အရသာမှ သယ်ဆောင်လာသော သာယာသည့် ခံစားမှုသည် သူမ၏လျှာပေါ်ရှိ အရသာခံဖုများနှင့် အာရုံခံဖုများပေါ်တွင် စွဲမြဲနေရုံသာမက စိတ်ပိုင်းဆိုင်ရာနယ်ပယ်နှင့် ခြေလက်များအထိ ပျံ့နှံ့သွားသည်။


အမှန်မှာ၊ လင်းရွှမ် ပြောသည့်အတိုင်း ဤဇာ့ခ်ဘုရင်မ ဆေးဟင်းချိုသည် စွမ်းအင်ပြည့်ဝပြီး စိတ်ကို ပြေလျော့စေသည်။ အချိန်တိုအတွင်း စိတ်စွမ်းအားကို မြှင့်တင်ပေးနိုင်ရုံသာမက အချိန်အကြာကြီး သိမ်းထားနိုင်လျှင် စိတ်ပိုင်းဆိုင်ရာ စွမ်းအားနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုကို တည်ငြိမ်စွာ မြှင့်တင်ပေးနိုင်သည့် စွမ်းအင်ကိုလည်း ရရှိစေမည်ဖြစ်သည်။


သူမ၏ မက်မွန်သီးမျက်လုံးများ တောက်ပလာရပြီး နှုတ်ခမ်းကိုသပ်လိုက်၍ မျက်နှာကို မော့ကာ လင်းရွှမ် အား မျှော်လင့်တကြီး ကြည့်နေလိုက်သည်။ သူမပုံစံက အစာကျွေးဖို့ စောင့်နေသည့် ချစ်စရာ ငှက်ပေါက်လေးတစ်ကောင်လိုပင်။


လင်းရွှမ် သည် မိန်းကလေး၏ စိုစွတ်နေသော နှုတ်ခမ်းများကို ကြည့်ကာ သူ့မျက်လုံးများက အနည်းငယ် မှေးစင်းသွားရသည်။ထို့နောက် ဟင်းချိုတစ်ဇွန်းကို ဖြည်းညှင်းစွာ မှုတ်လိုက်ရာ သူမကလည်း သောက်ဖို့ ပါးစပ်ဟ,လိုက်သည်။ထိုအခါ သူ့လက်ထဲမှ ဟင်းချိုဇွန်းကို သူမအား မတိုက်ဘဲ သူကိုယ်တိုင် သောက်ပစ်လိုက်သည်။


လင်းယောင်ယောင် ချက်ချင်း မျက်လုံးပြူးသွားရသည်။ ဤလူက သူမကို တမင်တကာ လှည့်စားနေခြင်းပင်။


"အစ်ကိုကြီး..."


 "အစ်ကိုကြီး" ဆိုသည့် စကားလုံးကိုသာ ပြောလိုက်ပြီး ကျန်စကားကို ပြောချိန်တောင်မရလိုက်ပေ။သူမ ပြောလို့မပြီးခင်မှာ လင်းရွှမ် သည် သူ့လက်ထဲက စွပ်ပြုတ်ပန်းကန်ကို ခပ်မြန်မြန်ချလိုက်ပြီး သူမ နှုတ်ခမ်းကို အနည်းငယ်ဖွင့်ဟ,စေလိုက်၍ သူ့ခံတွင်းထဲက အရသာရှိသည့် ဇာ့ခ်ဘုရင်မ ဆေးဟင်းချိုကို သူမ ပါးစပ်ထဲသို့ ထည့်လိုက်သည်။


 "ဒီတစ်ခါကမှ အရသာပိုကောင်းတာ"


 ဤသည်က သူတို့နှစ်ယောက်ကြားမှာ ပထမဆုံး အနမ်းမဟုတ်သော်လည်း သူမ အတော်လေး ရှက်သွားရသည်။ နူးညံ့လှသော သူမ၏ မျက်နှာမှာ ရုတ်တရက် နီရဲတွတ်လာရ၏။

  

" မလိုပါဘူး…ပုံမှန် အရသာရှိရုံနဲ့ဆို ရပါပြီ"


 "နေကောင်းအောင်နေ…မင်းရဲ့ ကိုယ်လုံးကိုယ်ပေါက်က အားနည်းနေတယ်… မင်း များများသောက်မှ ရမယ်"


သူ့စကားကြောင့် လွန်ခဲ့သောရက်အနည်းငယ်က သူတို့၏ပထမဆုံးဝိညာဉ်ရေးရာအကြံပေးခြင်း ဖြစ်စဉ်တွင် လင်းရွှမ် ၏ အတွေးများကို ပြန်မတွေးဘဲမနေနိုင်တော့။ ဥပမာ၊ 


"သူမရဲ့ ကိုယ်လုံးကိုယ်ပေါက်က အားနည်းနေတာ ဆိုတော့ညအိပ်ရာထဲမှာ လေ့ကျင့်ခန်း လုပ်လို့ မရဘူး" ဆိုသည်ကိုပင်။


သူမ ရှက်ကိုးရှက်ကန်းဖြစ်နေသော်လည်း SS အဆင့် နှင့် B အဆင့် နှစ်ခုကြားမှ ကိုယ်လုံးကိုယ်ပေါက် ကွာခြားပုံကို တွေးလိုက်မိသေးသည်။  လင်းရွှမ် သည် ဤ ဇာ့ခ်ဘုရင်မအသားကို ဆက်စားပါက၊ သူ၏ ကိုယ်လုံးကိုယ်ထည်မှာ ဆက်လက် အဆင့်တိုးတက်လာပေလိမ့်မည်။ထို့ကြောင့် သူမ၏ ခန္ဓာကိုယ်မှာလည်း အဆင့်မတက်လာလျှင် သူမအတွက် မကောင်းနိုင်ချေ။ 


အချိန်အတော်ကြာ ခွဲခွာခဲ့ရသည့်အပြင် မကြာသေးမီရက်ပိုင်းအတွင်း အလုပ်ရှုပ်ခဲ့သော သူမသည် ယခုလို လင်းရွှမ် နှင့် နီးကပ်စွာ နေနေရခြင်းကို နှစ်သက်မိသည်။ သူမတို့ပြန်ဆုံချိန်ကစ၍ နေ့ရောညပါ အတူတူနေခဲ့ကြသော်လည်း နှစ်ယောက်တည်း စကားပြောဖို့တောင် အချိန်သိပ်မရခဲ့ပေ။ နေ့ခင်းဘက်တွင် သူမသည် ဇာခ့်ဘုရင်မကို 012 နှင့်အတူ အရူးလုပ်ကာ အလုပ်များနေရသည်။ ညနေခင်းတွင် သူ ပြန်ရောက်သောအခါ စစ်ရေးကိစ္စအချို့နှင့် နေ့စဉ် ကိုယ်ကာယလေ့ကျင့်မှုများ ပြုလုပ်ရသည်။ သူအခန်းထဲပြန်ရောက်ချိန်တွင် သူမသည်လည်း အိပ်ပျော်နေ‌ပြီဖြစ်သည်။


 နောက်ဆုံးတွင်၊ နှစ်ယောက်သား ဟင်းတစ်ခွက်သောက်၍ ကုန်သွားကြ၏။  သို့သော်၊ဟင်းချိုအများစုသည် ဘယ်သူ့ဗိုက်ထဲဝင်မှန်း သေချာမသိလိုက်ကြရပေ။ သို့သော်လည်း လင်းယောင်ယောင် ၏ ကိုယ်လုံးကိုယ်ပေါက်မှာ အားနည်းသောကြောင့် တုံ့ပြန်မှုမှာ ပိုမိုပြင်းထန်သည်။ သူမစိတ်ထဲဝယ် တစ်ကိုယ်လုံး ပူပြီး ပေါ့ပါးသွားသလို ခံစားလိုက်ရ၏။ဗိုက်တင်းနေပြီး မသက်မသာဖြစ်၍


ဗိုက်ကိုကိုင်လိုက်သော်လည်း တစ်ကယ်တမ်းက ဗိုက်ကပိန်‌နေဆဲပင်။ 


 “အရမ်း သောက်လိုက်လို့ထင်တယ်…”


 ဟင်းချိုပန်းကန် တစ်ဝက်လောက်က သိပ်မများသော်လည်း ပါ၀င်သည့် စွမ်းအင်က အတော်ကြွယ်ဝ၏။ထိုအခါ လင်းရွှမ် ၏ တင်းမာသောမျက်နှာထားသည် ရုတ်တရက် ကူကယ်ရာမဲ့ပြီး ရှက်စိတ်ပေါ်လာရသည်။ သူ့ကလေးမလေး၏ ကိုယ်လုံးကိုယ်ပေါက်က မကြာခင် ပြန်ကောင်းလာမည်ဟု သူမျှော်လင့်ထားသော်လည်း သူမကို စိတ်မသက်မသာဖြစ်အောင်လည်း မလုပ်ရက်ပေ။

ထို့နောက် ကောင်မလေးကို ရင်ခွင်ထဲထည့်ထားရင်း သူ၏နွေးထွေးသည့် လက်ဖဝါးကြီးများက ဗိုက်ကို အဝတ်ပေါ်ကနေ ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။


"နှိပ်လိုက်ရင် သိပ်မနာလောက်ပါဘူး"


လင်းယောင်ယောင် သည် အသိစိတ်ထဲမှ  တစ်ချက်တစ်ချက် တုန်လှုပ်သွားသလို ခံစားလိုက်ရပြီး မူးနေကာ အသိစိတ်မကပ်သော်လည်း လုံးလုံးသတိမမေ့သွားသေးချေ။သူမ လင်းရွှမ် ၏ ရင်ဘတ်ပေါ်တွင် မျက်နှာအပ်ထားပြီး မျက်လုံးများကို ပွတ်သပ်ရင်း


 "အင်း အဆင်ပြေပါတယ်..."


စွမ်းအင်အလွန်အကျွံ စားသုံးလိုက်သောကြောင့် သူမ၏ စိတ်ပိုင်းဆိုင်ရာနယ်ပယ်နှင့် ခန္ဓာကိုယ်နှစ်ခုလုံးတွင် စွမ်းအင်များ တဟုန်ထိုးတက်လာသည်။ အသိစိတ်ထဲမှာလည်း အနည်းငယ် ရှုပ်ထွေးလာရသည်။ဇဝေဇဝါဖြစ်သွားသော သူမ သာမကဘဲ အမြဲတည်ငြိမ်ပြီး ချုပ်တည်းမှုအပြည့်ရှိသော လင်းရွှမ် ပင်လျှင် အနည်းငယ် ထိန်းချုပ်မှု ပျောက်ဆုံးသွားခဲ့သည်။သူ့ရင်ထဲမှ အရေးတကြီးလိုအင်ဆန္ဒများ တက်လာသည်ကို သူ မတားနိုင်ခဲ့ချေ။ သို့သော် ထိုခံစားချက်က မသင့်လျော်သဖြင့် အတင်းအကျပ် ဖိနှိပ်ထားလိုက်သည်။သူမျက်မှောင် ကြုတ်ထား၍ သူ့ကို အတင်းအားကိုးတကြီးပွေ့ဖက်ထားသည့် တွယ်တာမှုအပြည့်ရှိသော မိန်းကလေးကို စိုက်ကြည့်နေမိလျှင် သူ့မျက်လုံးတွေက ချက်ချင်း နူးညံ့သွားပြန်၏။ထို့နောက် အရပ်အနည်းငယ်ရှည်လာပြီး သေးသွယ်ကြော့ရှင်းသောကောင်မလေးကို လှလှပပချီသွားကာ အစားအသောက် ကုထုံး သုတေသန ခန်းမှ အမြန်ထွက်လာခဲ့သည်။


မွေးကင်းစ ဇာ့ခ်အရေအတွက်ကို မကြာသေးမီက ထိန်းချုပ်ထားနိုင်သောကြောင့် စစ်သည်များသည် အနည်းငယ် အသက်ရှူနိုင်သေးသည်။  ညဥ့်နက်နေသော်လည်း စစ်သားများစွာသည် ဂျူတီမှ ပြန်လာပြီး စစ်ဘက်ဆိုင်ရာ အာကာသယာဉ်၏ ဘုံဧရိယာတွင် ညစာစားကြသည်။သို့သော် သူတို့ သူဌေးက ချောမောလှပသော မိန်းကလေးကို ပွေ့ချီသွားသည်ကို ရုတ်တရက် မြင်လိုက်ရလျှင် အတင်းအဖျင်း ပြောချင်နေသည့် အမူအရာများဖြင့် ကြည့်နေကြသည်။


အထူးသဖြင့် သူတို့၏ခေါင်းဆောင် ချန်ပင်း ၏မျက်နှာပေါ်မှာ နောက်ပြောင်လိုသော အမူအရာများနှင့် ပြည့်နှက်နေပြီး သူ့မျက်လုံးများထဲတွင် ဖုံးကွယ်၍မရသော ငြူစူမှု၊ မနာလိုမှု၊ မုန်းတီးမှုများ ရှိနေသည်။ ထို့နောက် သူ့ထိုင်ခုံနှင့်မျက်နှာချင်းဆိုင်ခုံမှ စစ်ယူနီဖောင်းဝတ်ထားသော ဆံပင်တိုတိုနှင့် မိန်းမချောလေးကို ဝမ်းနည်းစွာ စိုက်ကြည့်မိသည်။လောဝမ်ဟွေ့ သည် လင်းရွှမ် ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့ကို ကြည့်နေလေသည်။


 "ရှင် မနာလိုဖြစ်ရင် ရှင့်အလိုလိုက်နိုင်မယ့် ညီမလေးတစ်ယောက်ကို စစ်ပညာရေးအကယ်ဒမီမှာ သွားရှာလေ"


ချန်ပင်းက လင်းရွှမ်တို့ကို မကြည့်ဝံ့တော့ဘဲ ခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်သည်။


 "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…ကိုယ်က ဘော့စ်လို မကောင်းဆိုးဝါးမှ မဟုတ်တာ"


အသက် ဆယ်နှစ်နှင့်အထက် ကွာခြားသော စုံတွဲများက ဘာမှမဖြစ်ပေ။အမှန်တော့၊ ကြယ်တာရာခေတ်ရှိ လူသားတို့၏ဘဝသည် အလွန်ရှည်လျားသည်။  စုံတွဲများသည် အသက်အရွယ်ကွာခြားမှု  ဆယ်စုနှစ်တစ်ခုရှိခြင်းမှာ ပုံမှန်ဖြစ်သည်။နှစ်ဒါဇင်အနည်းငယ် သို့မဟုတ် နှစ်ရာနှင့်ချီသော ကွာခြားမှုများပင် ရှိလေသည်။ သို့သော် လင်းရွှမ် ၏ အဆိုးဆုံးအချက်မှာ သူ့မိသားစုထဲတွင် ကြီးပြင်းလာခဲ့သည့် သူ့ညီမနှင့်ပင် မရှက်မကြောက် ချစ်ကြိုက်နေခြင်းပင်။ 


လင်းယောင်ယောင် အနည်းငယ် စိတ်ရှုပ်နေရသော်လည်း သတိလစ်ခြင်း မရှိသဖြင့် ရှက်တတ်မှန်းတော့ သိနေသေးသည်။ လူအများကြီးက သူမကိုကြည့်နေသောအခါ သူမလည်း ထိတ်လန့်နေရကာ လင်းရွှမ် ရင်ခွင်ထဲကို မျက်နှာဝှက်ထားလိုက်၍ လူအများ၏အကြည့်ကို ရှောင်လိုက်သည်။လင်းရွှမ် သည် သူ့လက်အောက်ငယ်သားများ အထူးသဖြင့် သူ့ကို "မကောင်းဆိုးဝါး" ဟု ခေါ်နေသည့် ချန်ပင်းကို အေးစက်စွာ ကြည့်လိုက်သည်။  


"မင်းတို့ ဘာကြည့်နေတာလဲ… ငါ့အကြောင်း အတင်းပြောဖို့အချိန်ရရင် အဲ့ဒီအချိန်ပိုတွေကို ကိုယ်ကာယလေ့ကျင့်ခန်းတွေ ပိုလုပ်လိုက်တာက ကောင်းမယ်ထင်တယ်"


လင်းရွှမ် သည် သူ့လက်အောက်ငယ်သားများအပေါ် တင်းကြပ်စွာ ချုပ်ကိုင်ထားသော်လည်း လုံး၀ မရက်စက်တတ်ပေ။သူနှင့် ရင်းနှီးနေပြီးသားဖြစ်၍ လက်အောက်ငယ်သားများကလည်း သူ့ကို မကြောက်ပေ။ အချို့က သူ့ကို စနောက်ဝံ့ကြသည်။ ထို့အပြင်၊ ကိုယ်ကာယလေ့ကျင့်မှုကို နှစ်ဆတိုး၍ အပြစ်ပေးခြင်းကလည်း ကြီးကြီးမားမားကိစ္စလည်း မဟုတ်ပေ။


မရေမတွက်နိုင်သည့် မိန်းမချောလေးများအား မိုင်ထောင်ပေါင်းများစွာ အဝေးအထိ မောင်းထုတ်ခဲ့သူကိုအားလုံးက ထာဝရ အထီးကျန်ဆန်နေလိမ့်မည်ဟု ယူဆခဲ့ကြသည်။သို့သော်၊  ယခုမူကား သူ့လက်ထဲတွင် လှပသော မိန်းကလေးကို ပွေ့ထားပြီဖြစ်သည်။  မိန်းကလေး ချက်ပြုတ်သော ဖြည့်စွက်စာများသည် အလွန်အရသာရှိပြီး မက်ခါလည်း မောင်းနိုင်သည်ဟု လူများက ပြောကြသည်။


"အိုး ဘာလေ့ကျင့်မှုမှ မလုပ်နိုင်ဘူး… လေ့ကျင့်ရေးခန်းထဲမှာ မိန်းမလှလေးလည်း မရှိဘူး"


 "ဒါပေမယ့် ဗိုလ်ချုပ်က အလှလေးကို ပွေ့ထားသလိုမျိုး ပွေ့ဖို့ဆိုရင် ငါတို့ သေချာလေ့ကျင့်ရမှာမလား"


 "မရီးလေးမှာ အတန်းဖော် ဒါမှမဟုတ် သူငယ်ချင်းရှိလား...ကျွန်တော်တို့ကို မိတ်ဆက်ပေးပါဦး"


လင်းယောင်ယောင် ၏ အသိစိတ်သည် ရှုပ်ထွေးနေရသော်လည်း သတိရှိနေဆဲဖြစ်၍ ဤလှောင်ပြောင်သံများကို ကြားလိုက်ရလျှင် နားရွက်များ နီရဲ၍ ရှက်သွားရကာ မျက်နှာကို လင်းရွှမ် ၏ရင်ဘတ်ထဲသို့ ပိုနက်အောင် အပ်ထားလိုက်သည်။


လင်းရွှမ် သည် ခုနကပြောသည့် လူသုံးယောက်ကို အေးစက်စွာကြည့်လိုက်သည်။  


"ယန်ကျန်း၊ ကျိုးချမ်းနဲ့ ကျန်းယွဲ့ တို့ သုံးယောက် မင်းတို့ အရမ်းအားနေတယ်မဟုတ်လား…ဒါဆို အိပ်ရာမဝင်ခင် A-အဆင့် ကိုယ်ကာယလေ့ကျင့်ခန်းကို သုံးကြိမ်လုပ်ကြ"


 လူတိုင်းရယ်မောလိုက်ကြသည်။  အော်ဟစ်ဆူညံသံများက ထွက်လာနေဆဲဖြစ်သော်လည်း လင်းရွှမ် ကို ဘယ်သူမှ ရှေ့ဆက်တိုးပြီး မနောက်ဝံ့တော့ပေ။


 ကံကောင်းစွာပင်၊ ဤလျှောက်လမ်းသည် သိပ်မရှည်သဖြင့် သူ လမ်းကို အမြန်လျှောက်ပြီး လင်းယောင်ယောင် နှင့်အတူ ကပ္ပတိန်အခန်းသို့ ပြန်လာခဲ့သည်။


နွေဦးပေါက်ရာသီ ယိလန်ဂြိုလ်၏ညသည် ရေခဲတမျှအေးမြလျက်ရှိ၏။ ညသိမ်းငှက်အဖွဲ့၏ ပင်မစစ်ဘက်ဆိုင်ရာ အာကာသယာဉ်ရှိ ကပ္ပတိန်အခန်းတွင် ချစ်ခင်ကြင်နာမှုများစွာ ပြည့်နှက်လျက်ရှိသည်။


 နောက်ဆုံးတွင်၊ ဇာ့ခ်ဘုရင်မ သည် စဉ်ဆက်မပြတ် မျိုးပွားရန်အတွက် လုံလောက်သော စွမ်းအင်ပေးသည့် ဇာ့ခ်ပုံဆောင်ခဲ အများအပြားကို စားသုံးခဲ့သည်။ သို့ဖြစ်၍၊ယခုအခါ သူမသည် ဇာ့ခ်ဥအမှုန်များကို နေ့ရောညပါ ဆက်တိုက် ထုတ်ပေးနိုင်လာသည်။ 168 သည် နုံအသော ကိုယ်ရည်ကိုယ်သွေးရှိပြီး မကြာသေးမီကမှ မွေးဖွားလာသော်လည်း သူမ၏ အတွင်းပိုင်းမျိုးပွားစနစ်သည် အပြည့်အဝ အရွယ်ရောက်ပြီး မျိုးပွားသည့်ကာလဖြစ်သည်။


 168 ၏ ခန္ဓာကိုယ်တွင် ဇာ့ခ်မျိုးဥကို လှုံ့ဆော်ပေးသည့် ဟော်မုန်းဓာတ် ကြွယ်ဝသည်။ ထို့ကြောင့် မိတ်လိုက်ခြင်းဖြင့် မျိုးပွားရန် မလိုအပ်ဘဲ သူမ၏ ဆန္ဒနှင့် မျှော်လင့်ချက်အားလုံးကို အစားအစာဆီမှာသာ ပို့ထားသည်။ 


သို့သော်လည်း လူ့ခန္ဓာကိုယ်က မတူပေ။ လင်းယောင်ယောင် နှင့် လင်းရွှမ် တို့သည် ဤမျှ "အားထက်သန်သော" ဇာ့ခ်ဘုရင်မ အသားကို စားခဲ့ကြသဖြင့် "မျိုးပွားမှုကာလ" ၏ ပင်ကိုယ်ဗီဇအနည်းငယ်ကိုလည်း ကူးစက်ခံခဲ့ရသည်။


လင်းယောင်ယောင် ၏ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနှင့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာ အတော်လေး နည်းပါးနေပြီး သူမ၏ ခံနိုင်ရည်မှာ အတော်လေး အားနည်းနေသည်။ စိတ်ရှုပ်ထွေးကာ အသိစိတ်မကပ်တချက်၊ကပ်တချက် ဖြစ်နေ၍ ခန္ဓာကိုယ်၏ အလိုဆန္ဒကို လိုက်လျောရန်သာ သိပြီး လင်းရွှမ် ခါးကို အတင်းဖက်ထားသည်။


လင်းရွှမ် ၏ မျက်နှာကမူ ချိုမြိန်သည့် နှိပ်စက်မှုကြောင့် အတော်လေး ရှုံ့မဲ့နေသည်။ သူလည်း အနည်းငယ် စိတ်အားထက်သန်လာသော်ငြား သူ၏ စိတ်ပိုင်းဆိုင်ရာ ခွန်အားနှင့် ကိုယ်ခန္ဓာအဆင့်က ပိုမြင့်လာသဖြင့် ဇာ့ခ်ဘုရင်မ ဆေးဖက်ဝင်ဟင်းချိုက သူ့ကို ကြီးကြီးမားမား ထိခိုက်စေခြင်း မရှိပေ။ယခုတော့ မိန်းကလေး၏ အသိစိတ်က မကြည်လင်တော့ဘဲ သူမ၏ ကိုယ်လုံးကိုယ်ပေါက်ကို ကောင်းစွာ မထိန်းသိမ်းနိုင်တော့ချေ။ သူဘယ်လိုတွေးနေပါစေ၊သူမကို သူ့စိတ်ထဲကအတိုင်း ဆက်ဆံ၍မဖြစ်ပေ။

  

မဟုတ်ရင် သူတစ်ကယ် ချန်ပင်းပြောတဲ့ မကောင်းဆိုးဝါး ဖြစ်သွားမှာ မဟုတ်လား…


ထို့နောက် သူ့လည်ပင်းအနားကို လာယှက်နွယ်နေသည့် လက်နှစ်ချောင်းကို ဆုပ်ကိုင်လိုက်ပြီး ကောင်မလေး၏ ခန္ဓာကိုယ်ကို သူ့ခြေထောက်များကြားထဲမှာညှပ်ပစ်လိုက်၏။


"စကားနားထောင်နော်...ကိုယ့်ကို မနှောင့်ယှက်နဲ့....အမြန် အိပ်ရာဝင်တော့… မဟုတ်ရင် မင်းကို ကိုယ် တစ်ကယ်စားပစ်လိုက်မယ်" 


လင်းယောင်ယောင် က သူ့ကို မှေးစင်းနေသော မျက်လုံးများဖြင့် ကြည့်ကာ 


"မဟုတ်ဘူး…လူသားစားတာ မကောင်းပါဘူး..."


ထိုအခါ သူ့မျက်နှာသည် ရုတ်တရက် မည်းမှောင်သွားရသည်။  


ဒီမိန်းကလေးက သူ့ကို ဇာ့ခ်ဘုရင်မလို့ ထင်နေတာလား....


ထို့နောက် ရုတ်တရက်မိန်းကလေး၏ သွယ်လျသော ခါးကို ချုပ်ကိုင်ကာ ခန္ဓာကိုယ်ချင်း နီးကပ်စေလိုက်ကာ သည်းမခံနိုင်တော့ဘဲ ဆွဲဆောင်မှုရှိသည့် အနီရောင်နှုတ်ခမ်းများကို ပြင်းပြင်းထန်ထန် နမ်းလိုက်၏။


 "မင်းက လာနှောင့်ယှက်လို့ ဒီလို လုပ်လိုက်တာဆိုတော့ ပြီးရင် ကိုယ့်ကို မဆူနဲ့.... မငေါက်နဲ့"


 ...


 ...


 နောက်တစ်နေ့တွင် လင်းယောင်ယောင် နိုးလာသောအခါ သူမ၏ စိတ်သည် အနည်းငယ် ရှုပ်ထွေးသွားရပြီး ကိစ္စနှစ်ခုကို မြင်ယောင်လာသည်။


 ပထမတစ်ခုက ကောင်းသည့်အချက်ပင်။ သူမ၏ စိတ်ပိုင်းဆိုင်ရာနယ်ပယ်၏ အလယ်ဗဟိုရှိ ဝိညာဉ်ရေးဟင်းလင်းပြင်သည် အနည်းငယ် ကျယ်ပြန့်လာသလို သူမ ဖျတ်ခနဲ ခံစားလိုက်ရသည်။ သူမ၏ စိတ်စွမ်းအား တင်းမာမှု စက်ဝန်းများကလည်း အားကောင်းလာကာ သူမ၏ ကိုယ်လုံးကိုယ်ထည်သည် B အဆင့်မှ B+ အထိ သိသာထင်ရှားစွာ တိုးတက်လာရသည်။


 တိုးတက်မှုအနည်းငယ်သာ ရှိရခြင်းမှာ မနေ့က ဇာ့ခ်ဘုရင်မ ဆေးဖက်ဝင်ဟင်းချို ပန်းကန်တစ်ဝက်သာ သောက်ခဲ့ခြင်းကြောင့်ဖြစ်သည်။



xxxxxxx