အခန်း၁၄၀
Viewers 12k

Chapter 140



ဇာ့ခ်ဘုရင်မ တုန်လှုပ်သွားရကာ သူမ၏ မျက်လုံးကြီး ကိုးလုံးသည် လင်းယောင်ယောင် နှင့် 012 ဆီသို့ လှမ်းကြည့်နေလေသည်။ 012 သည် "Chicken Soul for the Soul" ဆိုသည့် စာအုပ်ကို ဖတ်ခဲ့ပြီးဖြစ်၍ ပြောလိုက်သည်။ 


 "တစ်ကယ်လို့ မင်းက လွတ်လပ်တဲ့ ပိုးကောင်ဖြစ်ဖို့ ဒါမှမဟုတ် ဇာ့ခ်ဘုရင်မ မဖြစ်ချင်ရင်လည်း မင်းတခြားပိုင်ရှင်ကို ရှာလိုက်လေ....  အတွေ့အကြုံတွေဆိုတာ အသစ်ဆိုရင် ဘယ်ဟာမဆို ပိုကောင်းတာပဲမလား...မင်း လွတ်လွတ်လပ်လပ်နေမှ ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ဟာ‌တွေကို ရှာတွေ့နိုင်မယ်လေ"


လင်းယောင်ယောင်က တစ်ဖန် ဝင်ပြောလိုက်ပြန်၏။


 "168 က အရမ်းအစွမ်းထက်ပြီး ချစ်ဖို့ကောင်းတယ် ဆိုတော့…မင်းလုပ်ချင်တာကို လုပ်လိုက်…ငါ မင်းကို အပြည့်အဝ ထောက်ခံမှာပါ"


 ရလဒ်အနေဖြင့် 168 သည်  အစားအသောက်များဖြင့်  လူသားများ၏ brainwash လုပ်ခြင်း ခံခဲ့ရသည်။ ဤလူသားများသည် မည်သည့်ရည်ရွယ်ချက်ရှိပါစေ၊ အနည်းဆုံးတော့  ရိုးသားမှုကို ပြသခဲ့ကြသည်။  168 လည်း ထို့တွက် ပိုမိုအကျိုးရှိသော ရွေးချယ်မှုတစ်ခု ပြုလုပ်ခဲ့သည်။


တာဇာကြယ်ပွင့်မဟာမိတ်မှ လူများသာ ဤအကြောင်းကို သိရှိပါက၊ အလွန် ထိတ်လန့်သွားပေလိမ့်မည်။ လူသားမျိုးနွယ်ထံမှ အရင်းအမြစ်များကို လုယူရန် အသုံးပြုခဲ့သော ဇာ့ခ်ပုံသဏ္ဍာန် နျူကလီးယားလက်နက်သည် အမှန်တစ်ကယ်ပင် လူသားမျိုးနွယ်ကို အကောက်ကြံခြင်း ဖြစ်ပေ၏။  


သို့သော် ဖိနှိပ်မှုရှိသည့်နေရာတွင် ခုခံမှုရှိလာသည်မှာ အံ့သြစရာမဟုတ်ပေ။  တာဇာများသည် ဇာ့ခ်ကို လက်နက်အဖြစ် အသုံးပြုသော်လည်း ဇာ့ခ်တို့အတွက် မည်သည့်အရာကိုမျှ ထည့်သွင်းမစဉ်းစားခဲ့ပေ။ ထို့ကြောင့်လည်း သူတို့ဘက်မှာ မရပ်တည်ကြသည်မှာ အံ့သြစရာမဟုတ်ပေ။


ဤသို့ဖြင့်၊ နှုတ်ဖြင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် ရရှိခဲ့သည်။ အစီအစဉ်ရေးဆွဲခြင်းလုပ်ငန်းစဉ်တွင် ပူးပေါင်းဆောင်ရွက်ရန်အတွက်၊ 168 ၏ တစ်ကိုယ်လုံးအား သုတေသနအတွက် လူသားဆရာဝန်တစ်ဦးမှ အကိုက်အခဲပျောက်ဆေးနှင့် ထုံဆေးထိုးပေးခဲ့ပြီး လင်းရွှမ် သည် သူမထံမှ ဇာ့ခ်အသားများကို ထပ်မံဖြတ်တောက်စေခဲ့သည်။


 ဒဏ်ရာက မြန်မြန်သက်သာလာနိုင်၏။  မေ့ဆေးပြယ်ပြီးနောက်၊168 သည် မည်သည့်နာကျင်မှုမျှ မခံစားရတော့ပေ။ထို့နောက် 168 ၏ လှီးထားသောအသားများကို လင်းယောင်ယောင် ထံသို့ သန့်စင်ရန်နှင့် ချက်ပြုတ်ရန် ပို့ပေးရ၏။သူမကလည်း 168၏ စိတ်စွမ်းအားကို မြှင့်တင်ပေးနိုင်ကာ ကိုယ်ခန္ဓာကို အားကောင်းစေမည့် ဖြည့်စွက်စာများအဖြစ် ပြုလုပ်ပေးခဲ့သည်။


 အသားများကို စဉ်ဆက်မပြတ်လှီးဖြတ်ပြီးနောက်၊ မူလက တစ်ကီလိုမီတာမြင့်သော မက်မွန်သီးရောင်ဇာ့ခ်ဘုရင်မသည် သိသိသာသာပိန်ပါးသွားခဲ့သည်။ သို့သော် 168သည် ဆေးဖက်ဝင် ဟင်းချိုများစွာကိုလည်း စားသောက်နိုင်ခဲ့သည်။ ထို့ကြောင့် 168 သည် တစ်ချိန်တည်းတွင် ပျော်ရွှင်ပြီး စိတ်အနှောင့်အယှက်လည်း ဖြစ်ခဲ့ရသည်။ 


 "ငါက ကြီးပြင်းလာဖို့ ကြိုးစားနေတာ.. ဒါပေမယ့် အခုပြန်ငယ်သွားပြီ… ငါပြန်သွားတဲ့အခါ ဇာ့ခ်ဘုရင်မ ဘယ်လိုလုပ် ဖြစ်လာနိုင်မှာလဲ…  မျိုးနွယ်စုက တခြားသူတွေက ငါ့ကို ရယ်နေကြမှာ သေချာတယ်..."


မက်မွန်သီးရောင် ဇာ့ခ်များသည် အထူးသဖြင့် များများစားကြပြီး ကြီးထွားနိုင်စွမ်းရှိသည်။ အစကတည်းက၊ သူတို့အမျိုးသည် အခြားသော ဇာ့ခ်မျိုးနွယ်များကို အလွယ်တကူ မျိုချနိုင်သောကြောင့် အပြင်းထန်အရက်စက်ဆုံးအမျိုးအနွယ် ဖြစ်သည်။


 012 သည် 168 အတွက် ပိန်ခြင်းက လှပကြောင်း အလေးပေးပြသထားသည့် ကာတွန်းကားအားလုံးကို အမြန်ပြသလိုက်ပြန်သည်။ ထို့နောက် 012သည် အမြင့် ငါးမီတာမှ မီတာဝက်သာ မြင့်သည့် အိတ်ဆောင်အရွယ်အစားအဖြစ် ပြောင်းလဲခဲ့ပြီး  လင်းယောင်ယောင် အား ကလေးလေးလို ပြုမူကာ ပွေ့ဖက်ပေးခိုင်းခဲ့သည်။


လင်းယောင်ယောင် သည် 168 က သူမကို ထိခိုက်စေမည်မဟုတ်ကြောင်း သေချာနေပြီဖြစ်သောကြောင့် သူမ၏ မက်ခါလင်းပို ကို ဇာ့ခ်ဘုရင်မရှေ့တွင် ထားခဲ့လိုက်ပြီး အပြင်ထွက်ကာ လူလုံးထွက်ပြလိုက်သည်။ လင်းရွှမ် သည်လည်း သူ၏ မက်ခါကို ထားခဲ့ပြီး သူမ ဘေးတွင် ရပ်နေသည်။


ထိုစဉ် ဇာ့ခ်ဘုရင်မသည် ကြီးမားသောမျက်လုံးများကို မှိတ်ထားကာ သူတို့ကို အလွန်မနာလိုဖြစ်မိနေတော့သည်။  မူလက သူမသည် အရပ်ရှည်ပြီး သန်မာသော်လည်း ယခုမူ ကိုယ်ခန္ဓာပိုကြီးခြင်းက ပိုကောင်းမလာကြောင်း ခံစားလာရ၏။ အလွန်ကြီးထွားလာလျှင်လည်း လှုပ်ရရှားရ အလွန်နှေးကွေးတတ်သည်။အဓိကအရေးကြီးသည့်၊ စိတ်ဓာတ်စွမ်းအားကသာ ပြိုင်ဘက်ကို မထိန်းချုပ်နိုင်လျှင် ဘာကိုမှ တိုက်ခိုက်နိုင်မှာ မဟုတ်ပေ။


 ဥပမာ လင်းရွှမ်... 168 ၏ စိတ်စွမ်းအားသည် လင်းရွှမ် ကို လုံးလုံးလျားလျား မတိုက်ခိုက်နိုင်ပေ။  ခန္ဓာကိုယ်က ဘယ်လောက်ပင် ကြံ့ခိုင်နေပါစေ၊ အသုံးမဝင်ချေ။သူမသည် ဤလူသားကို အနိုင်မယူနိုင်သလို သူနှင့် လွတ်အောင်လည်း ထွက်မပြေးနိုင်သေး။

ရလဒ်အနေနှင့် ဇာ့ခ်ဘုရင်မသည် မြန်မြန်ကိုယ်အလေးချိန်ချဖို့ ဆုံးဖြတ်ခဲ့သည်။


တစ်လအကြာတွင်၊ ဇာ့ခ်ဘုရင်မ 168သည် အလွန်ပိန်သွားသော်လည်း စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် ကိုယ်လုံးကိုယ်ပေါက်သည် SSS အဆင့်မှ SSS+ အဆင့်သို့ ပြောင်းလဲသွားခဲ့သည်။တစ်ချိန်တည်းမှာပင်၊ လင်းယောင်ယောင် ၏စိတ်စွမ်းအားမှာ SS+ သို့ အဆင့်မြှင့်တင်လာခဲ့ပြီး သူမ၏ ကိုယ်ခန္ဓာမှာလည်း A+ သို့ အဆင့်မြှင့်တင်နိုင်ခဲ့သည်။ လင်းရွှမ် ၏ စိတ်စွမ်းအားမှာလည်း SSS+ သို့ အဆင့်မြှင့်တင်ခဲ့ပြီး ခန္ဓာကိုယ်ကြံခိုင်မှုမှာ SS+ သို့ အဆင့်မြှင့်တင်ခဲ့သည်။ 168 နှင့်အတူ စားသောက်လေ့ရှိသော 012 သွေးစပျစ်နွယ်ပင်ကိုပင် လူသားများတွင် စိတ်စွမ်းအားနှင့် ကိုယ်လုံးကိုယ်ပေါက် SS အဆင့် သို့တည်းမဟုတ် အဆင့်-6သို့ တိုးမြှင့်နိုင်လာသည်။


 168 မှယူထားသောအသား၏ 80% ကို လင်းယောင်ယောင် က ချက်ပြုတ်ပြီး 168အား ပြန်၍ကျွေးမွေးသည်။ ဆေးဖက်ဆိုင်ရာပစ္စည်းများ၊လုပ်အားစရိတ်နှင့် ဆက်စပ်ပစ္စည်းများအတွက် ကျန် 20% ကို ယူထားခဲ့သည်။ ဆေးဖက်ဝင်ပစ္စည်းများနှင့် အစားအသောက်ဖြည့်စွက်စာများမရှိသည့်အတွက် ဝယ်ယူရန် ယဲ့မိသားစု၏ စွန်ပြာကုန်သည်အသင်းဆီသို့ သူမ သွားခဲ့သည်။ ထိုအသင်းမှနေ၍ လိုချင်သည့် ပစ္စည်းများကို အခြေခံဈေးနှုန်းဖြင့် ရနိုင်သည့်အတွက် ငွေကြေးအရ အများကြီး မကုန်ကျပေ။


အဓိကပစ္စည်းအဖြစ် SSS-အဆင့် ဇာ့ခ်ဘုရင်မအသား၊အဆင့်-5 နှင့် အဆင့်-6 ဆေးဖက်ဝင်ပစ္စည်းများ၊ အရန်ပစ္စည်းများ၊စသည်တို့ဖြင့် သူမသည် ယခုအခါ အဆင့်-6 သာလွန်ကောင်းမွန်သော ဖြည့်စွက်ဆေးဖက်ဝင်ဟင်းချိုကို ပြုလုပ်နိုင်နေပြီဖြစ်သည်။ထို့ကြောင့် ဝေ့ယွမ်၊ချောင်းမင်ယောင်နှင့်ယဲ့ရှီတို့အား ကျေးဇူးတင်စွာဖြင့်၊ သူတို့၏ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနှင့် ကိုယ်လုံးကိုယ်ပေါက် တိုးတက်စေရန်  ဟင်းချိုအချို့ပေးပို့ခဲ့သည်။


သူမတို့အတွက် ဝေစုရသော ဇာ့ခ်ဘုရင်မအသားမှာ နည်းပါးနေသည့်အတွက် ကုသရေးအာနိသင်သည် အလယ်အလတ်အဆင့် သို့မဟုတ် အထက်တန်းအဆင့်သာ ဖြစ်နိုင်သည်။ထို့ကြောင့် ဇာ့ခ်ဘုရင်မအသားဟင်းလျာများကိုစားလိုက်ရုံနှင့် လူတစ်ယောက်၏ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် ကိုယ်လုံးကိုယ်ပေါက်ကို လျင်မြန်စွာ မြှင့်တင်ဖို့ရာ အကြောင်းမရှိပေ။


သို့သော် ဇာ့ခ်ဘုရင်မ ဆေးဖက်ဝင်ဟင်းချိုသည် သာမန် ဖြည့်စွက် အစားအစာများထက် အဆများစွာ အားကောင်းသည်။သို့ဖြစ်၍၊ဆေးဖက်ဝင်ဟင်းချိုထဲမှ ဇာ့ခ်ဘုရင်မအသားက နည်းနေသည့်တိုင် ယဲ့ရှီ ၏ စိတ်ပိုင်းဆိုင်ရာ နယ်ပယ်သည် လုံးဝ ပြန်လည်ကောင်းမွန်လာခဲ့ပြီး ရှားရှု ၏ ခန္ဓာကိုယ်ကလည်း ပိုမိုမြန်ဆန်စွာ ပြန်လည်ကောင်းမွန်လာခဲ့သည်။ တခြားသူများ၏ စိတ်စွမ်းအားနှင့် ကိုယ်လုံးကိုယ်ပေါက် အဆင့်များကလည်း တိုးလာရ၏။


လင်းယောင်ယောင်သည် ဗီဒီယိုကောလ်မှတစ်ဆင့် သူမသည် စတားချောလေးများ အဖွဲ့ကနေ ထွက်ခွာပြီး ညသိမ်းငှက်အဖွဲ့ နောက်ကို လိုက်သွားမည်ဖြစ်ကြောင်းနှင့် ကျောင်းကို အချိန်မီ မပြန်နိုင်လျှင် ခွင့်ယူရာမှာ ကူ‌ညီပေးဖို့လည်း ဝေ့ယွမ်အား ပြောလိုက်၏။


သူမ ပေးလိုက်သော အဆင့်-6ဆေးဟင်းချိုကိုကြည့်၍ ညီမဖြစ်သူသည် ညသိမ်းငှက်အဖွဲ့သို့ လိုက်ပါလိုခြင်းသည် လင်းရွှမ်နှင့် အတူရှိနေလိုသောကြောင့်သာ မဟုတ်ကြောင်း ဝေ့ယွမ် သိလိုက်၏။ ဤအဆင့်-6 ဆေးဖက်ဝင်အစား‌အစာ ဆိုသည်မှာ မာစတာအဆင့် အစားအသောက်ကုထုံးပညာရှင် ချိုက်ယူဟုန်၏ လက်ရာတို့နှင့်‌ပင် ရင်ဘောင်တန်းနေနိုင်ပြီဖြစ်သည်။


ညသိမ်းငှက်အဖွဲ့မှာဆိုလျှင်၊ သူမ၏ အရည်အချင်းနှင့် စွမ်းရည်များကို ဖုံးကွယ်ထားခြင်းမရှိဘဲ အပြည့်အ၀ ထုတ်ဖော်ပြသနိုင်သည်။ထို့ကြောင့် သူ့အနေနှင့် သူမကို သတိထားဖို့သာ ပြောနိုင်သည်။ 


သို့သော်လည်း နှင့် ကျောက်ချင်းယွင်၊‌ ချောင်းမင်ယောင်နှင့်၊ဝေ့ယွမ် တို့သည် ယိလန်မှ အချိန်မီထွက်ခွာခဲ့ရသည်။အကြောင်းမှာ ဧကရာဇ်မြို့တော် သည်လည်း ဇာ့ခ်စစ်ပွဲများ စတင်ဖြစ်ပွားနေသောကြောင့် ဦးစွာ ပြန်သွားရမည်ဖြစ်သည်။ ယဲ့ရှီကမူ ယိလန်သည် စစ်အုပ်ချုပ်ရေးဥပဒေကို တရားဝင်ရုတ်သိမ်းခြင်းမရှိသေးသောကြောင့် တစ်ယောက်တည်း နေခဲ့ရ၏။

ခရီးသွားရမည့် သူတို့အတွက် လင်းယောင်ယောင် သည် အဆင့်-6ရှိသော ဇာ့ခ်ဘုရင်မအသား အပါအဝင် အခြားသယ်ယူရလွယ်ကူပြီး အထူးကောင်းမွန်သော ကုသရေးအာနိသင်ရှိသည့် ဖြည့်စွက်အစားအစာများကို ပြင်ဆင်ပေးလိုက်၏။


ရှောင်မင် နှင့် တာဇာကြယ်ပွင့်မဟာမိတ်တို့က ပူးပေါင်းကြံစည်ခဲ့ကြောင်း ညွှန်ပြနေသည့် နောက်ထပ် ဇာ့ခ်လှိုင်းက ဧကရာဇ်မြို့တော်ကို တိုက်ခိုက်ခဲ့သည်။


ရှောင်မင် နှင့် တာဇာကြယ်ပွင့်မဟာမိတ် တို့သည် ယိလန်တွင် SSS အဆင့် ဇာ့ခ်ဘုရင်မအား လင်းရွှမ် မည်သို့ ချုပ်ကိုင်ထားခြင်းကို သိချင်သိနေနိုင်၏။


ညသိမ်းငှက်အဖွဲ့ဝင်များသည် ဇာ့ခ်ဘုရင်မကို ချုပ်ကိုင်ရုံမျှမကဘဲ တာဇာကြယ်ပွင့်မဟာမိတ်၏ အခြေစိုက်စခန်းသို့ရောက်ရှိရန် ဇာ့ခ်ဘုရင်မအား အောင်မြင်စွာ နှိုးဆော်နိုင်ခဲ့ကြသည်မှာ သေချာသည်။ထိုကိစ္စများ ပြီးသွားသောအခါ ညသိမ်းငှက်အဖွဲ့မှ သုတေသနပညာရှင်များသည် 168 ၏ခန္ဓာကိုယ်မှ တာဇာသွေးများကို ဆေးကြောပစ်ဖို့ ထိုးဆေးတစ်မျိုး တီထွင်ခဲ့ပြီး ထိုးသွင်းခဲ့သည်။


လင်းယောင်ယောင် သည်လည်း 168 ကို SSS+အဆင့်အဖြစ်မှ ထိန်းသိမ်းနိုင်သော ဖြည့်စွက်ဆေးများကို စတင်ပြင်ဆင်ခဲ့သည်။ ဤနောက်ဆုံးလုပ်ဆောင်စရာနှစ်ခုပြီးသွားပါက၊ 168 သည် အာကာသကူးပြောင်းခြင်းစွမ်းရည်ကိုအသုံးပြု၍ ပိုးပေါက်စုပ်ဝဲကိုဖန်တီးကာ တာဇာကြယ်ပွင့်မဟာမိတ်သို့ခေါ်ဆောင်သွားနိုင်သည်။


နောက်ဆုံးတွင် ဇာ့ခ်ဘုရင်မ၏ ကိုယ်အလေးချိန် လျှော့ချမှုမှာ အောင်မြင်ခဲ့သည်။ ကိုယ်လုံးကိုယ်ပေါက် ကျုံ့သွားသော 168 သည် အချိန်အတော်ကြာ ပိတ်မိနေသည့် ဂူထဲမှ ထွက်လာနိုင်ခဲ့၏။


ဂူအဝင်ဝတဝိုက်တွင် မောင်းနှင်နေသော မက်ခါများနှင့် တိုက်လေယာဉ်များမှ စစ်သည်များသည် ရန်သူကို သတိထားပြီး ချဉ်းကပ်နေကြသည်။  သို့သော်လည်း လင်းရွှမ် ၏ အမိန့်ကြောင့် အဝေးမှသာ လိုက်ဝံ့ပြီး အနီးအထိ မတိုးရဲကြချေ။ သူတို့ထဲက အများစုမှာ အသက်ရှင်နေသည့် ဇာ့ခ်ဘုရင်မကို ပထမဆုံးအကြိမ် နဖူးတွေ့၊ဒူးတွေ တွေ့ဖူးကြတာပင်။


  'ဘုရား ကယ်ပါ... ဒီလောက်ကြီးတဲ့ ကောင်ကြီးက ဂူထဲမှာ နေနေတာလား'


168အပြင်သို့ ရောက်လာသောအခါ ဂူထဲတွင် ဇာ့ခ်ဘုရင်မ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ရေးရာ ဖိအားများ မရှိတော့သည်ဖြစ်၍၊ တောင်ကြီးတစ်ခုလုံး ရုတ်တရက် ပြိုကျသွားလေတော့သည်။


 ကံကောင်းစွာပင်၊ 168 ဆီမှ ဇာ့ခ်ဥများ၊ သားလောင်းများနှင့် ဇာ့ခ်ပိုးချည်မျှင်များကို လင်းရွှမ် ပေးပို့သောလူများက ဂူးမပြိုကျခင်ကတည်းက ယူထားပြီးကြပြီဖြစ်သည်။



 168 သည် ဂူအပြင်ဘက်တွင် ကောင်းကင်ပြာပြာ၊ မြက်ပင်တွေကလည်း စိမ်းစိုနေပြီး လေထုက ပိုလန်းဆန်းနေသည်ကို တွေ့လိုက်ရသည်။ သူမ၏ သားပေါက်များသည် ဂူထဲတွင် မနေလိုဘဲ၊မြေကြီးကိုစားရန် ဝန်လေးနေပြီး ပြင်ပကမ္ဘာကိုကြည့်လိုကြသည်မှာ အံ့သြစရာမဟုတ်ပေ။သူမ

တစ်ကိုယ်လုံးမှာ ပိုမိုပေါ့ပါးပြီး သူမ၏ ထောင်ပေါင်းများစွာသော ခြေထောက်များသည် ပျော်ရွှင်လျင်မြန်စွာပြေးလွှားနိုင်လေသည်။ ဤသည်က လွတ်လပ်မှု၏ ခံစားချက်ပင်။


 012 သွေးစပျစ်နွယ်ပင်သည် အမြင့် 100 မီတာမြင့်ပြီး နူးညံ့အိစက်သော ဇာ့ခ်ဘုရင်မ၏ ဦးခေါင်းပေါ်တွင် ထိုင်နေသည်။ ပန်းရောင်ဧရာမ အကောင်ကြီးနှင့် အနီရဲရဲ အပင်တစ်ပင်ကို အဝေးမှကြည့်လိုက်ပါက ပန်းရောင် ဇာ့ခ်ဘုရင်မသည် ပန်းအနီတစ်ပွင့်ကို ဆင်မြန်းထားသလိုဖြစ်နေပေတော့သည်။ 012 သည် ရာနှင့်ချီသော စပျစ်နွယ်ပင်များကို အသုံးပြုကာ ငါးမီတာမျှသာရှိသော ၎င်း၏သေးငယ်သောခန္ဓာကိုယ်ကို တည်ငြိမ်စေရန် မနည်းထိန်းထားရင်း


 "အာ 168၊ မင်း အရမ်းမြန်တာပဲ...ဖြည်းဖြည်းသွားစမ်း"




xxxxx