Chapter 142
တစ်ရက်ကြာပြီးလျှင် အာကာသခုန်ပျံမှုမှာ ပြီးဆုံးသွားခဲ့၍ တာဇာကြယ်ပွင့်နယ်မြေသို့ ဝင်ရောက်ခဲ့ကာ ပုံမှန်ပျံသန်းမှုမုဒ်ကို စတင်ခဲ့သည်။ လင်းရွှမ် သာလျှင် နိုးကြားနေပြီး လုပ်ငန်းစဉ်တစ်ခုလုံးတွင် တောင့်ခံနိုင်သူဖြစ်သည်။ သို့သော်လည်း သူ့မျက်နှာကမူ အတော်လေး အားတင်းထားရပုံပင်။ သူ၏အတွင်းအင်္ဂါများ ရွေ့လျားသွားသလို ခံစားရသည့် နာကျင်မှုကို ပြင်းပြင်းထန်ထန် ခံနိုင်ရည်ရှိဖို့ ကြိုးစားခဲ့ရသည်။ သူက ရှော့ခ်ဒဏ်ခံနိုင်သည့်အခန်းထဲက လူများကို အေးအေးဆေးဆေး ထွက်လာဖို့ အမိန့်ပေးခဲ့သော်လည်း လင်းယောင်ယောင် ကိုမူ ချက်ချင်းထွက်လာဖို့ မပြောခဲ့ချေ။
လင်းရွှမ် သည် ပင်မစစ်သင်္ဘောအား ဖြည်းညှင်းစွာ ပျံသန်းကာ တာဇာကြယ်ကွင်းပြင်၏ မြေမျက်နှာသွင်ပြင်ကို စကင်န်ဖတ်ရန် ချန်ပင်း အား ပြောလိုက်သည်။ လုလင်း သည် ယခင်က ချန်ပင်း ကို ဆက်သွယ်ရေးနံပါတ်ပေးခဲ့ဖူးသော ဝေ့လင်း အား ဆက်သွယ်နိုင်လားဆိုသည်ကို မေးမြန်းလိုက်၏။လီနန်သည် 168 မည်ကဲ့သို့ လုပ်နေသည်ကို ကြည့်ရှုရန် မက်ခါကို မောင်း၍ထွက်လာကာ ကြိုတင်ပြင်ဆင်ထားသည့် အစားအစာများကို ပေးခဲ့သည်။
လင်းရွှမ် ကမူ ဆေးကုသခန်းထဲမှာ တစ်နာရီလောက် လှဲလျောင်းနေဖို့ လိုနေသေး၏။
168 သည် အာကာသယာဥ်၏ထိပ်တွင် လဲနေတော့သည်။ စိတ်စွမ်းအားကို မြှင့်တင်ပေးသော ဆေးဟင်းရည်သည် သူမ၏ ခန္ဓာကိုယ်အပေါ် သက်ရောက်မှု မရှိတော့သဖြင့် စိတ်စွမ်းအားများ ကုန်ဆုံးသွားကာ သေလုမျောပါး ဖြစ်နေရသည်။သူမသည် ညသိမ်းငှက်တပ်ဖွဲ့ အာကာသယာဉ်ပေါ်တွင် အသက်ကိုဝအောင် ရှူနေရလေသည်။ ကံကောင်းစွာပင်၊သူမ၏ခန္ဓာကိုယ်သည် ဆေးဖက်ဝင် ကုထုံး အစားအစာများကြောင့် အလွန်အမင်းအခြေအနေ မဆိုးရွားသေးချေ။ထို့အပြင်လည်း အလွန်မာကျောသော အပြင်ဘက်အခွံပါရှိပြီး ခံစစ်စွမ်းအားက ကောင်းမွန်သောကြောင့် ပြင်းထန်သောဒဏ်ရာများမရရှိသွားပေ။
168 သည် ကွပ်ကဲမှုအခန်းရှိ အခြေအနေကို စုံစမ်းရန် စိတ်ပိုင်းဆိုင်ရာ စွမ်းအားမရှိတော့သော်လည်း သူမကို အစာလာပေးလေ့ရှိသည့် လူသား ပိုးကောင်ငယ်လေးကို မှတ်မိနေသေးသည်။ထိုလူသားက လင်းရွှမ် ပေးလာသော အစားအသောက်သေတ္တာများအား သယ်လာပေးရာ သူမ စိတ်ထဲမှာ အတော်လေး ကျေးဇူးတင်သွားရသည်။ထို့ကြောင့် လူသားများနှင့် ပူးပေါင်းခြင်းသည် မမှားကြောင်း ပိုပိုပြီး ခံစားလာရသည်။
လင်းရွှမ် သည် 168 ကိုသတ်လိုပါက၊ ယခုအချိန်သည် အကောင်းဆုံးအချိန်ဖြစ်သည်။ 168 သည် ယခုအခါ မကြုံစဖူး အားနည်းနေချိန်ဖြစ်၍ အာကာသယာဉ်၏ အကူလက်နက်များသည် အလွန်အစွမ်းထက်သည်။ ဤနေရာတွင် ဟင်းလင်းပြင်ကြီးဖြစ်၍ တခြားသူများ ထိခိုက်မှာကိုလည်း စိုးရိမ်စရာ မလိုပေ။
သို့ရာတွင် ရက်အတော်ကြာ လေ့လာပြီးနောက် 168 သည် ရီစရာကောင်းပြီး ချိုမြိန်သည်ဟု ထင်ရသော်လည်း လျှို့ဝှက်ထားသော အမှန်တရားများစွာကိုလည်း နားလည်သည်။သို့သော် ကြင်နာမှု၊ နွေးထွေးမှုနှင့် အစာကောင်းများကို ပေးဆောင်ခဲ့သော လူသားများကို ယုံကြည်လိုစိတ်ရှိသည်။
လင်းယောင်ယောင် သည် နိုးလာပြီး ရှော့ခ်ဒဏ်ခံနိုင်သည့်အခန်းထဲက ထွက်လာသည့်အခါ လုလင်းက လင်းရွှမ် ကိုသတင်းပို့နေသည်ကို ကြားလိုက်ရ၏။
"ဘော့စ်... ကျွန်တော် ဒုဗိုလ်ချုပ်ဝေ့ကို ဆက်သွယ်ပြီးပြီ…သူက စွန့်ပစ်ထားတဲ့ အရင်းအမြစ်ကြယ်တစ်ပွင့်ရဲ့ သြဒိနိတ်ကို ပို့ပေးလာတယ်"
တာဇာကြယ်ပွင့်နယ်မြေသို့ ရောက်ပြီး မကြာခင်မှာပင် သူမ၏ဖခင်ထံသို့ ဆက်သွယ်နိုင်မည်ဟု လင်းယောင်ယောင် မမျှော်လင့်ထားပေ။မိဘနှစ်ဦးစလုံးကို မကြာခင်တွေ့နိုင်သလို သူမ တစ်ခါမှမတွေ့ဖူးသည့် မောင်လေးသို့မဟုတ် ညီမလေး ကိုလည်း တွေ့ရနိုင်သည်။သူမလည်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ညီမလေး သွားချင်တယ်"
ခန္ဓာကိုယ်ပုံမှန် ပြန်ဖြစ်သွားပြီဖြစ်သည့် လင်းရွှမ် က လုလင်း ကို အမိန့်မပေးခင် လင်းယောင်ယောင် ဆီကို လက်ယပ်ခေါ်ပြီး
"မရောက်ခင် အရှိန်လျှော့လိုက်…အရင်ဆုံး အထက်တန်း ရှေ့တန်းအဖွဲ့တစ်ဖွဲ့က မြေပေါ်ကို ဆင်းပြီး အခြေအနေကို ရှာဖွေ...သတင်းက ယုံကြည်ရလို့ရှိရင် ငါတို့ဆီကို တည်ပြုပါ"
သူမ၏ မိဘများကို ရှာတွေ့အောင် ကူညီပေးမည်ဟု ကတိပြုထားတာကြောင့် သူ့ကတိကို မဖျက်ပေ။ သို့သော် အာကာသယာဉ်တစ်ခုလုံး၏ ဘေးကင်းရေးနှင့် သောင်းနှင့်ချီသော စစ်သည်များ၏ အသက်အိုးအိမ်စည်းစိမ်နှင့် ပတ်သက်နေသဖြင့် တော်ရုံတန်ရုံ သဘောထား၍မရချေ။
လင်းယောင်ယောင် သည် လင်းရွှမ် ၏ စကားထဲက ဝှက်ထားသော အဓိပ္ပါယ်ကို နားလည်မိသည်။ထို့ကြောင့် သူမသည် လင်းရွှမ် အနီးသို့ ဖြည်းညှင်းစွာ ချဉ်းကပ်ပြီးနောက် ကွပ်ကဲမှုအခန်းရှိ ဆက်သွယ်ရေးအရာရှိများကို ကြည့်လိုက်သည်။ အစ်ကိုလုလင်း သည် တစ်ဖက်ကို မျက်နှာလွှဲနေကာ တွဲဖက်လေယာဉ်မှူး ဖြစ်သော ချန်ပင်း သည် ကြယ်မြေပုံကိုသာ အာရုံစိုက်ကြည့်နေသည်။ထို့နောက် သူမလည်း ဗိုလ်ချုပ်ကြီး၏ ပါးကို အမြန်နမ်းလိုက်ပြီး နောက်ပြန်ဆုတ်သွားသည်။
"ဒါဆို ညီမလေး ဧည့်ခန်းကို အရင်ပြန်တော့မယ်"
အာကာသထဲကို မခုန်ခင်မှာ မတော်တဆမှုတစ်ခုခုဖြစ်လာလျှင် သူမအတွက် စိုးရိမ်မိသဖြင့် အမိန့်ပေးခန်းကို လင်းရွှမ်က ခေါ်သွားခဲ့၏။ညသိမ်းငှက်တပ်ဖွဲ့ ၏ ဝန်ထမ်းမဟုတ်သူတစ်ဦးအနေဖြင့်၊ သူမသည် ကွပ်ကဲရေးအခန်းတွင်နေရန် အရည်အချင်းမပြည့်မီခဲ့သလို ဗိုလ်ချုပ်၏ဆန္ဒကို အနှောင့်အယှက် ဖြစ်စေသော စကားများပင် ပြောခဲ့မိသည်။
သူမ လှည့်မကြည့်ခင်မှာ လင်းရွှမ် က ကောင်မလေးကို သူ့ပေါင်ပေါ်ဆွဲတင်ထား၍ ခေါင်းငုံ့ပြီး သူမ၏ နားရွက်ဖြူဖြူလေးကို နမ်းလိုက်သည်။
" မင်းမိဘတွေတွေ့ပြီးရင် မင်းသူတို့ဆီ သွားခွင့်မရှိဘူးနော်..ကိုယ်အကြောင်း ကောင်းကောင်းပြောပြီး ကူညီပေးရမယ်..."
သူတို့ နှစ်ယောက်သား အသံက ကျယ်လောင်လွန်းသဖြင့် ချန်ပင်း နှင့် လုလင်း တို့နှစ်ယောက်စလုံး မြင်လိုက်ရသည်။ သို့သော်၊ သူတို့သည် လင်းရွှမ်၏ အေးစက်စက်မျက်လုံးများကို တွေ့ရသောအခါ နှစ်ယောက်သား ချက်ချင်း တစ်ဖက်လှည့်ကာ အလုပ်များနေဟန်လုပ်လိုက်သည်။ သို့သော် သူတို့နှစ်ဦးစလုံးသည် စွမ်းအင်ကို အားကိုး၍ နားစွင့်ထားကြလေသည်။ချန်ပင်း က လေသံတိုးတိုးလေးဖြင့် ရေရွတ်လိုက်သည်။
"ငါတို့လို စင်ဂယ်တွေကို စော်ကားပြန်ပြီ... ဒီတစ်ခါ live version ပါလား.."
လင်းယောင်ယောင် မှာ ချန်ပင်းတို့ရှိနေသဖြင့် အလွန်ရှက်ရွံ့ပြီး ထရန် အမြန်ကြိုးစားခဲ့သည်။ထိုအခါ လင်းရွှမ် က သူမ၏ မျက်နှာလေးကို တင်းတင်းကိုင်ထားရင်း တိုးတိုးလေး ရယ်လိုက်သည်။
"မင်းကိုယ့်ကို အရူးတစ်ယောက်လို ကစားနေတာပဲ...သူတို့ကို ဂရုစိုက်စရာ မလိုဘူး၊ကြောက်နေစရာ မလိုဘူး"
လင်းယောင်ယောင် သည် ချန်ပင်း ၊လုလင်း တို့နှင့် အလွန်ရင်းနှီးသော်လည်း သူမ ရှက်သွားပြီး ကြည်လင်လှပသည့် မျက်နှာလေးက၊ အထူးသဖြင့် လင်းရွှမ် နမ်းထားသည့် နားရွက်များက နီရဲလာ၏။ ထို့အပြင် သူ ဖျစ်ညှစ်ထားသော ပါးပြင်များမှာလည်း နီရဲပြီး ပန်းရောင်ပြောင်းသွားသည်။
"သိပါတယ်"
တစ်ကယ်တော့ သူမနှင့် လင်းရွှမ် တို့၏ ဆက်ဆံရေးကို မိဘအရင်းများအား တွေ့တွေ့ချင်း ထုတ်မပြလိုခဲ့ပေ။ တစ်ဆင့်ပြီးတစ်ဆင့် ရှေ့ဆက်ခြင်းက ပိုကောင်းမည်ဟု ထင်သလို ဝေ့လင်း နဲ့ ချမ့်ယောင် အတွက်လည်း လက်ခံဖို့ ပိုလွယ်ကူလာနိုင်သည်။သို့သော်၊ဤကမ္ဘာမှာ သူမကို အချစ်ဆုံးသူက လင်းရွှမ် ပင် ဖြစ်၍ သူ့အတွေးများကိုသာ ဂရုစိုက်သင့်သည်။
သူမသည် မိဘအရင်းများကိုရှာဖွေရန် အလွန်စိတ်အားထက်သန်နေသော်လည်း အဓိကအကြောင်းရင်းမှာ သူမကို မွေးဖွားပေးခဲ့သော ကျေးဇူးကိုဆပ်ရန်နှင့် ဝေ့မိသားစု၏အဘိုးအဘွားများအား စိတ်ချနိုင်ရန်ဖြစ်သည်။ ဝေ့လင်း ၊ ချမ့်ယောင် တို့နှင့် သူမ မရင်းနှီးသလို သူတို့ကလည်း သမီးဖြစ်သူ အသက်ရှင်နေမှန်းတောင် မသိကြပေ။
လင်းရွှမ် သည် သူမနှင့် မရင်းနှီးသော သူမ၏ မိဘအရင်းများကို ကောင်းပေးသူဖြစ်၍ သူ စိတ်မသက်မသာဖြစ်အောင် မလုပ်ချင်ချေ။
လင်းရွှမ် သည် သူမကို ရင်ခွင်ထဲထည့်ထားလိုက်စဉ် သူ့နှလုံးသားမှာ နူးညံ့ပြီး ချိုမြိန်လာသလိုဖြစ်လာသည်။
"အရင်ကပေးခဲ့တဲ့ လပန်းပွင့်နားကပ်က ဘယ်မှာလဲ...ကိုယ့်အတွက် ဝတ်ထားပေးလို့ရမလား"
သူမ မျက်နှာသည် ပို၍ပင် နီရဲသွားသော်လည်း အနက်ရောင်သေတ္တာလေးကို နာခံစွာပင် ထုတ်လိုက်သေးသည်။ယခု သူမတို့သည် ချစ်သူများဖြစ်နေကြ၍ သူ၏ ပထမဆုံးလက်ဆောင်သည် လင်းပိုကဲ့သို့ပင် အဖိုးတန်လှသဖြင့် သေတ္တာထဲမှာပဲ အမြဲထည့်ထား၍မဖြစ်တော့ချေ။ အကယ်၍ သူမသည် ဤအမည်မသိ တာဇာကြယ်ပွင့်မဟာမိတ်တွင် အန္တရာယ်နှင့် ကြုံတွေ့ရပါက၊ ဤနားကပ်ထဲတွင် သိမ်းဆည်းထားသော စိတ်စွမ်းအားသည် သူမအတွက် ဆုတ်ခွာခြင်းနည်းလမ်းတစ်ခုလည်း ဖြစ်နိုင်သည်။
"အဲဒီတုန်းက ဘာကိုဆိုလိုမှန်းကို မသိခဲ့ဘူး... နောက်တော့မှ သူငယ်ချင်းတစ်ယောက်ဆီက ပြောလာတော့လည်း မှားပေးတယ်လို့ ထင်ခဲ့တာ"
ထို့နောက် သူမ နားကပ်ကို ပြန်ပေးချင်သော်လည်း ဤကောင်လေးက သူမကို အခန်းထဲသို့ ဆွဲသွင်းကာ အရက်မူးနေချိန်၌ အတင်းနမ်းခဲ့သည်။
ချန်ပင်း သည် သူတို့ကို လျစ်လျူရှုနိုင်သော်လည်း နားမကြားသလိုတော့ ဟန်ဆောင်၍ မရချေ။ သူရုတ်တရက် ထရပ်လိုက်ပြီး
"နေ့လည်စာ သွားစားရမယ်... အာကာသယာဉ်က အော်တိုပိုင််းလော့ကို သုံးလို့ရတယ်...အခုလောလောဆယ် တွဲဖက်လေယာဉ်မှူး မရှိလည်း အဆင်ပြေမယ်ထင်တယ်"
ထို့အပြင်၊ သူသည် ဆက်သွယ်ရေးအရာရှိ လုလင်းကိုလည်း ခေါ်လိုက်သည်။
လုလင်းသည် အချစ်ငှက်နှစ်ကောင်က သူ့ကို အနည်းငယ် နှိပ်စက်နေသည်ဟု ခံစားရသော်လည်း၊သူတို့နှစ်ယောက်ကို အမှောင်ထဲမှ မကြာခဏ ကြည့်လေ့ရှိပြီး ဆက်ကြားချင်သေးသည့်အတွက်
"ရတယ်... ငါဗိုက်မဆာဘူး"
ထိုအခါ လင်းရွှမ်က သူ့ကိုကြည့်ကာ အေးစက်စွာပြောလိုက်သည်။
"မင်းဗိုက်မဆာလည်း သွားစားလိုက်ပါ. ငါတို့အဲဒီကိုရောက်တဲ့အခါ စားဖို့အချိန်မရှိတော့ဘူး...ပြီးတော့ စက်ရုပ်ကိုလည်း ဒီအခန်းထဲကို နှစ်ယောက်စာ ပို့ပေးခိုင်းလိုက်ဦး"
ထိုအခါ ချန်ပင်း သည် အတင်းအဖျင်းပြောနေသော လုလင်း ကို ခေါ်ကာ ကွပ်ကဲရေးအခန်းမှ ထွက်လာခဲ့သည်။ ထိုအခါ လင်းယောင်ယောင် စိတ်သက်သာရာရသွားသည်။ သို့သော်လည်း လင်းရွှမ်၏ အားကောင်းပြီး သွယ်လျသော လက်ချောင်းများက သေတ္တာထဲမှ အနီရောင် လပန်းပွင့်နားကပ်ကို ထုတ်ယူလိုက်သည်ကို တွေ့ရသောအခါ ကြောက်ရွံ့သွားပြန်သည်။
လင်းရွှမ် သည် အလွန်စိတ်လှုပ်ရှားနေသော်လည်း မိန်းကလေးက ရှားရှားပါးပါး နာခံမှု ရှိနေသဖြင့် သူ့ရင်ထဲ၌ အလွန်ပျော်ရွှင်ပြီး ချိုမြိန်သလို ခံစားလိုက်ရ၏။ သူ အတော်လေး စိတ်လှုပ်ရှားနေသဖြင့် နားကပ်ကို တော်တော်နှင့် မဝတ်ပေးနိုင်ခဲ့ပေ။
လင်းယောင်ယောင် သည် သူမ၏ နားရွက်ပေါ်ရှိ လပန်းပွင့်နားကပ်ကို ထိကြည့်လိုက်၏။ ယခု ဤနားကပ်ကို သူမ လုံးဝ လက်ခံနိုင်နေပြီဟု ခံစားမိသည်။ ကွပ်ကဲရေးအခန်းတွင် မည်သူမျှမရှိသဖြင့် သူမ လင်းရွှမ် ပေါင်ပေါ် ဘေးတိုက်ထိုင်နေရာမှ မျက်နှာချင်းဆိုင်လှည့်လိုက်သည်။
"ကြည့်ကောင်းလား"
"ကြည့်ကောင်းတယ်...အရမ်းလှတယ်"
လင်းယောင်ယောင် ၏ နှုတ်ခမ်းများက ကွေးညွတ်သွားပြီး သူမ၏ ချစ်စရာကောင်းသော အပြုံးသည် အလွန်လှပနေပေသည်။ ထို့နောက် သူမ တိုးတိုးလေးမေးလိုက်၏။
"ညီမလေးက ကြည့်ကောင်းတာလား ဒါမှမဟုတ် နားကပ်က ကြည့်ကောင်းတာလား"
လင်းရွှမ် ၏ မျက်လုံးများသည် ရုတ်တရက် ပိုမိုနက်ရှိုင်းလာသည်။ သူ တော်တော်နှင့် ပြန်မဖြေဘဲ သူမ၏ အနီရောင်တောက်တောက်နှင့် ပျော့ပျောင်းနူးညံ့သော နှုတ်ခမ်းများကို ရှည်လျားသော အနမ်းတစ်ပွင့်ပေးလိုက်သည်။အနာဂတ် ယောက္ခမကို ရှာတွေ့ဖို့ မျှော်လင့်ချက် ရှိလာနေပြီမို့ သူ့ကိုယ်ပိုင် အကြံအစည်နှင့် အစီအစဉ်များကို သဲလွန်စ ထုတ်ပြလိုက်၏။ အတန်ကြာ အနမ်းပေးပြီးနောက် သူက လေသံကလေးဖြင့်
"နောက်ဆို ကိုယ် မင်းကို လက်စွပ်တစ်ကွင်း ပေးတဲ့အခါ မင်း ဒီလောက် သဘောထားကြီးရင် ကောင်းမှာပဲ"
လင်းယောင်ယောင် ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် အေးခဲသွားရသည်။ သူမအသက်က ဆယ့်ကိုးနှစ်သာ ရှိသေးသည်။
လက်ထပ်ဖို့က သိပ်စောလွန်းတယ်မဟုတ်လား…
xxxxxx