Chapter 143
(ဦးခေါင်းခွံကြယ်ပင်လယ်ဓားပြ)
လင်းရွှမ် သည် လင်းယောင်ယောင် ၏ ငြင်းဆန်လိုသော အကြည့်ကိုမြင်သောအခါ ကောင်မလေးမှာ စောစီးစွာ အိမ်ထောင်မပြုချင်သေးကြောင်း သိလိုက်သည်။သူ တစ်ချက်ဝမ်းနည်းသွားရသော်လည်း ဤမိန်းကလေးသည် စကားကိုချိုသာစွာ ပြောဆိုမှသာ အဆင်ပြေပြီး ကြမ်းကြမ်းတမ်းတမ်းပြောဆို၍မရကြောင်း သိပေသည်။ သူမကို အတင်းအကြပ် ဖိအားပေးလေလေ၊ သူ့ကို ပိုရွံရှာလေလေဖြစ်နိုင်သည်။ထို့အခါ သူဆီမှ ရုန်းထွက်ချင်လာပေလိမ့်မည်။
ထို့ကြောင့် ဗိုလ်ချုပ်ကြီး၏ ရက်ရောမှုနှင့် အစွမ်းထက်သော လက်များက မိန်းကလေး၏ ပျော့ပျောင်းသော ဆံပင်များကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
"မင်းက ငယ်သေးတယ် ဆိုတော့ လက်မထပ်ချင်သေးရင် ကိုယ်တို့ စေ့စပ်ထားလို့ရတယ်… ဘွဲ့ရပြီးရင် ကိုယ်တို့လက်ထပ်ကြမယ်…မဟုတ်ရင် ကိုယ် အရမ်းစိတ်ပူရလိမ့်မယ်…အပြင်မှာက မင်းနဲ့အသက်တူရွယ်တူ လူငယ်တွေ၊ပိုထူးချွန်တဲ့လူငယ်တွေနဲ့တွေ့တဲ့အခါ ကိုယ့်ကို ပစ်သွားမှာစိုးတယ်… အရင်တုန်းကလည်း မင်းက ကိုယ့်ရဲ့ တည်ငြိမ်ပြီး လေးနက်တဲ့ပုံစံကို မကြိုက်ဘူးလို့ ပြောခဲ့တယ်မလား..."
လင်းရွှမ် က သူ၏ ပိုင်ဆိုင်လိုမှုများနှင့် စိုးရိမ်မှုများအကြောင်း ပြောပြလိုက်ရာ လင်းယောင်ယောင်မှာ ငြိမ်သက်သွားပြီး
"ဒါပေမယ့် ညီမလေးက အစ်ကိုကြီးကိုပဲ သဘောကျတယ်.. စိတ်မပူပါနဲ့၊ အစ်ကိုကြီး တစ်ယောက်တည်းကိုပဲ အမြဲတမ်း ချစ်နေမှာပါ"
ထို့နောက် သူမသည် လင်းရွှမ် ၏ နှုတ်ခမ်းများကို နမ်းရန် ပြင်လိုက်သည်။ သူမသည် ဖြည့်စွက် အစားအသောက် သုတေသနကို မြှင့်တင်ရန် အလွန်ကြိုးစားခဲ့ခြင်းမှာ၊ ကိုယ့်ကိုယ်ကိုယ် လေးစားမှု နည်းပါးခြင်းကြောင့်ဖြစ်သည်။ သူမ၏ ရုပ်ရည်အသွင်အပြင်အားလုံးသည် မူလပိုင်ရှင်ဆီမှ အရာများဖြစ်သည်။အစားအသောက် ကုထုံးပညာရပ်ရှိ သူမ၏ အောင်မြင်မှုများသာလျှင် သူမပိုင်ဆိုင်သည်။ လင်းရွှမ် သည် မူလက အင်ပါယာ၏ စစ်နတ်ဘုရားဖြစ်ပြီး မရေမတွက်နိုင်သော မိန်းကလေးများ၏ အိပ်မက်ကြီးဖြစ်သည်။ အပြင်မှာ သူမထက် ပိုတော်သည့် မိန်းမများနှင့် တွေ့မှာကို သူမလည်း ကြောက်မိသည်။
သို့သော်၊သူ၏ လက်ထပ်ခွင့်ကို အသနားခံသည့် အကြည့်များဖြင့် သနားလာအောင် ဖျောင်းဖျလိုသော်လည်း လွယ်လွယ်သဘောတူမှာ မဟုတ်ချေ။ အိမ်ထောင်ရေးသည် အချစ်နှင့်မတူပေ။ သူတို့နှစ်ယောက်အတွက်သာမက၊ နှစ်ဖက်စလုံးက မိသားစုများထံမှ ပြတ်သားသည့် သဘောတူညီမှုနှင့် ကောင်းချီးအဖြာဖြာလည်း လိုအပ်ပေသည်။
လင်းရွှမ် သည် လင်းယောင်ယောင် ၏ ချိုမြိန်သော စကားများနှင့်အတူ နောက်ဆက်တွဲ ပါလာသည့် တက်ကြွသော အနမ်းတို့ကို အသာတကြည် ခံယူလိုက်သည်။ ယခု သူမ သဘောမတူလျှင်ပင် အရာအားလုံးပြေလည်သွားသောအခါ သူမသဘောတူသည့်တိုင်အောင် ဖြောင်းဖျရပေတော့မည်။
ကလေးမလေး၏ ကိုယ်လုံးကိုယ်ပေါက်သည် ယခုအခါ A အဆင့်သို့ တိုးလာနေပြီဖြစ်သည်။ စိတ်အေးလက်အေးဖြင့်သာ သူဘက်မှ ကြင်နာပါက သူမ သေချာပေါက် ခံနိုင်ရည်ရှိနိုင်၏။သို့သော်လည်း စေ့စပ်ပွဲပြီးသည်အထိ သူတို့နှစ်ယောက်ကြား မှ အကောင်းဆုံးမှတ်ဉာဏ်ကို သိမ်းထားချင်နေသေး၏။အမှန်တစ်ကယ် ဗိုလ်ချုပ်လင်းမှာ ရှေးရိုးဆန်သူပင်။
စေ့စပ်ပွဲဆိုသည့် ပိုမိုနက်နဲသော အဓိပ္ပါယ်ကို တွေးလိုက်သောအခါ သူ့ မျက်လုံးများသည် ရုတ်တရက် နက်နဲလာသည်။ သူသည် မိန်းကလေး၏ ခေါင်းကို ဖမ်းကိုင်ကာ ကွပ်ကဲရေးအခန်း၏ ဒက်ရှ်ဘုတ်ပေါ်သို့ ဖိထားကာ ထပ်မံနမ်းလိုက်ပြန်သည်။ ဤတစ်ကြိမ်တွင် သူ့အနမ်းသည် ကောင်မလေးကို စားလိုသော အရိပ်အမြွက်နှင့်အတူ ပို၍ တမ်းတစွဲလန်းလာသည်။
လင်းယောင်ယောင် မှာ တစ်စုံတစ်ယောက်က ကွပ်ကဲရေးအခန်းသို့ အချိန်မရွေးဝင်လာနိုင်သဖြင့် အလွန်စိတ်လှုပ်ရှားသွားသည်။ ထို့အပြင်၊ ဒက်ရှ်ဘုတ်ပေါ်တွင် touch-screen ခလုတ်များစွာရှိသည်။ သူမသာ ခလုတ်များအနက်မှ တစ်စုံတစ်ခုကို မတော်တဆပွတ်တိုက်မိပြီး အာကာသယာဉ်ကို မတော်တဆထိခိုက်မိပါက ဘာ်လိုဖြစ်လာနိုင်မှန်း မသိနိုင်ပေ။
လင်းရွှမ် သည် သူမ၏ စိုးရိမ်ပူပန်မှုများကို မြင်နေပုံရသည်။ သူမနားရွက်လေးကို နှုတ်ခမ်းနှင့် ပွတ်ဆွဲနေပြီး
"စိတ်မပူပါနဲ့… ဘယ်သူမှ ဝင်လာမှာ မဟုတ်ပါဘူး…မင်းမှာ ခွင့်ပြုချက် မရှိဘူး… ဒါကြောင့် အမိန့်ပေးခလုတ်တွေကို မင်းစိတ်ကြိုက် ပြောင်းလို့မရဘူး"
ကံမကောင်းစွာပင်၊ သူ့စကားဆုံးဆုံးချင်းမှာ ကွပ်ကဲရေးအခန်းတံခါးကို တစ်ယောက်ယောက်က တွန်းဖွင့်လိုက်သည်။
သူမ အလွန်ထိတ်လန့်သွားသဖြင့် သူမကို ဖိထားသော ဗိုလ်ချုပ်ကြီးထံမှ အလျင်အမြန် တွန်းထုတ်လိုက်သည်။ စက်ရုပ်သည် ထမင်းဟင်းဘူး နှစ်ခုနှင့် အခန်းတံခါးဝတွင် ရပ်နေကာ အပြစ်ကင်းစွာ မျက်တောင်ခတ်ရင်း ပြောလာသည်။
"တောင်းပန်ပါတယ် ဗိုလ်ချုပ်ကို စိတ်အနှောင့်အယှက်ဖြစ်စေမိပါပြီ… ထမင်းအရင်စားချင်တာလား... ဒါမှမဟုတ် ဒီကောင်မလေးနဲ့ ဆက်လုပ်ချင်သေးတာလား"
ထိုအခါ လင်းရွှမ် ၏ မျက်နှာသည် အိုးဖင်ကဲ့သို့ မည်းမှောင်လာရသည်။ လင်းယောင်ယောင် မှာ စက်ရုပ်၏ ဘွင်းဘွင်းကြီးပြောလိုက်သံကြောင့် မနေတတ်အောင်ပင် အလွန်ရှက်သွားရသည်။
"စားမယ်"
သို့သော် စက်ရုပ်သည် သူမ စကားကို အသိအမှတ်မပြုခဲ့ဘဲ လင်းရွှမ်၏ သူ့ညွှန်ကြားချက်ကို စောင့်မျှော်နေဆဲပင်။ ထိုစဉ် လင်းရွှမ် က အေးတိအေးစက်နှင့် ပြောလိုက်သည်။
"သူမက ငါ စေ့စပ်ထားတဲ့သူပဲ… မင်း သူ့စကားကို နောက်ဆို အလေးထားရမယ်"
စက်ရုပ်ကလည်း ချက်ချင်းတုံ့ပြန်၍ မျက်လုံးဝိုင်းဝိုင်းများထဲမှ အပြာရောင်အလင်းတန်းများက လင်းထိန်စွာ ထွက်လာကာ သူမ၏ တစ်ကိုယ်လုံး ဒေတာများကို စကင်န်ဖတ်ပြီး မှတ်တမ်းတင်လိုက်သည်။
စက်ရုပ်လည်း ထွက်သွားသောအခါ နှစ်ယောက်စလုံး ရန်ဖြစ်ဖို့ ပြင်နေကြလေပြီ။
လင်းယောင်ယောင်: "ညီမလေးက အစ်ကိုကြီးရဲ့ စေ့စပ်ထားသူ မဟုတ်သေးဘူး"
လင်းရွှမ်: "မင်း ကိုယ့်ကို မစေ့စပ်ချင်ဘူးလား"
လင်းယောင်ယောင်: "အခု အခြေအနေနဲ့ ဒါတွေ မပြာတာပိုကောင်းမယ်"
လင်းရွှမ် ၏ အလွန်စိတ်ပိုင်းဖြတ်ထားသည့်စကားကိုကြားလိုက်လျှင် သူမ ဒေါသတကြီးနှင့် ပြောလိုက်၏။
"အစ်ကိုကြီးက အရမ်းယုံကြည်ပြီး စေ့စပ်ဖို့ စိတ်အားထက်သန်နေလို့ကို ညီမလေး ဒီကိစ္စကို ပိုစဉ်းစားသင့်တယ်...မစောင့်နိုင်ရင် နောက်တစ်ယောက်ပြောင်းကြိုက်လို့ရတယ်"
ထိုအခါ သူမကိုနမ်းရန်ပြင်နေသော လင်းရွှမ် သည် နောက်ဆုံးစကားအား ကြားလိုက်ရလျှင် သူ့မျက်လုံးတွေက ရုတ်တရတ် အေးစက်ပြီး ပြင်းထန်လာရသည်။
"နောက်ဆုံးစကားကို ထပ်ပြောလိုက်"
လင်းယောင်ယောင် သည် သူ၏ ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါကြောင့် ထိတ်လန့်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားမိသည်။ သို့သော် သူမ နောက်သို့ လှမ်းလိုက်သောအခါ ပွင့်နေသော ပြတင်းပေါက်တစ်ခုသာ ရှိနေ၍ အပြင်ဘက်တွင် ကြီးမားသော ကြယ်ပင်လယ်ကြီးရှိသည်။ အဆုံးမဲ့ဟင်းလင်းပြင်ကြီးကို လည်ပြန်ကြည့်ရင်း သူမ အမြင့်ကြောက်လာကာ သူ့ရင်ခွင်ထဲသို့ အတင်းတိုးဝင်၍ သူ့ခါးကို ပွေ့ဖက်ထားလိုက်သည်။
"အာ အစ်ကိုကြီးက အနိုင်ကျင့်တာပဲ… ရက်စက်လိုက်တာ"
လင်းရွှမ် :...
လင်းယောင်ယောင် သည် ပျော့ပျောင်းသော ဖြားယောင်းသွေးဆောင်မှုကို လင်းရွှမ်လည်းယောင်နန ဖြစ်သွားရချေ၏။ မိန်းကလေးက သူ့ကိုပွေ့ဖက်ပြီး ငိုဖို့ လုပ်နေတာကို မြင်လိုက်သည့်အခါ ဟန်ဆောင်နေမှန်း သူသိသော်လည်း သူ့နှလုံးသားထဲမှ နူးညံ့သိမ်မွေ့မှုက တိုးဝင်လာတော့သည်။
သူက ချက်ချင်း ကောင်မလေး၏ ခန္ဓာကိုယ်သေးသေးလေးကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်သည်။
"ကိုယ် မှားပါတယ် မင်းကို မရက်စက်သင့်ပါဘူး…မင် တခြားသူတွေက ကိုတို့ကို မမြင်စေချင်ရင် နောက်တစ်ခါကျရင် ဘယ်သူမှမသိအောင် နမ်းကြတာပေါ့… ဒါပေမယ့် နောက်ဆို တစ်ခြားတစ်ယောက်ဆိုတဲ့ စကားကို မင်းပြောခွင့်မရှိဘူး…ကိုယ်လည်း အဲ့ဒီစကားကြားရင် ဒေါသမထွက်ပါဘူးလို့ မပြောနိုင်ဘူး"
သူမလည်း စကားအလွန်အကျွံပြောလိုက်မိသည်ကို သိသည်။ တစ်ကယ်တော့ သူမနှင့် လင်းရွှမ် တို့သည် နေ့စဥ်ဘ၀မှာ အတူတူ အချိန်သိပ်မကုန်ခဲ့ဖူးပေ။ထို့ကြောင့် သူတို့နှစ်ဦးကြားတွင် အတွေးအမြင်နှင့် အယူအဆ ကွဲပြားမှုများစွာရှိသည်။သို့သော်လည်း၊ တစ်ယောက်နှင့်တစ်ယောက် ချစ်ပြီး နှလုံးသားချင်း မပြောင်းလဲနိုင်ဘူးဟု ယုံကြည်နေသရွေ့ ထိုအရာများကို ဖြည်းဖြည်းချင်း ချိန်ညှိနိုင်သည်။ထိုအခါမှ သူ၏ အဓိကအားနည်းချက်ကို သဘောပေါက်သွားခဲ့သည်။ ဘယ်လိုပင်ဖြစ်ဖြစ် သူ့ကို လွယ်လွယ်နှင့် လမ်းခွဲဖို့ မပြောသင့်ပေ။သို့မဟုတ်ပါက သူ ရူးသွားလိမ့်မည်။
လင်းရွှမ် ကလည်း ချစ်စရာကောင်းပြီး၊ နူးညံ့သည့် စိတ်ထားလေးလည်း ရှိသည့် ဤမိန်းကလေး၏ ဆန္ဒကို လိုက်လျောဖို့ တွေးလိုက်မိသည်။ မောင်နှမအဆင့်မှ ချစ်သူအဆင့်သို့ ရောက်ပြီးနောက်တွင် မကြာခဏ ငြင်းခုံမှုများ ရှိတတ်သော်လည်း ကံကောင်းစွာဖြင့် ထိုကိစ္စကလေးများကပင် ချစ်ခြင်းမေတ္တာကို ပိုမိုခိုင်မြဲစေ၏။
နှစ်ယောက်သား နေ့လည်စာ အတူတူ ကွပ်ကဲမှုအခန်းထဲမှာ စားခဲ့ကြသည်။ ယခင်က လင်းယောင်ယောင် ပြင်ဆင်ခဲ့သော ဆေးဖက်ဝင်ဟင်းချိုမှလွဲ၍ နေ့လည်စာအတွက် အစားအသောက်ကို အခြားအစားအစာ ကုထုံးပညာရှင်များက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အစားအသောက်က ရှေးတရုတ်စတိုင်လ် ဖြစ်ကာ အရသာက မဆိုးပေ။
နေ့လည်စာစားပြီးနောက် လင်းယောင်ယောင် သည် ဖြည့်စွက်အစားအစာ များပြုလုပ်ရန် အစားအသောက်ကုထုံးဓာတ်ခွဲခန်းသို့သွားခဲ့သည်။ နောက်ပိုင်းမှာ သူမ၏ မိဘများနှင့် အောင်မြင်စွာ ဆုံတွေ့နိုင်မည်ဆိုလျှင် အစားအသောက် ကုထုံးဓာတ်ခွဲခန်းမှာ တစ်နေ့လုံးနေဖို့ အချိန်အများကြီး မရှိပေ။
နေ့လယ်စာစားပြီး သိပ်မကြာခင်မှာပင်၊ ညသိမ်းငှက်တပ်ဖွဲ့၏ ပင်မအာကာသယာဉ်က ဝေ့လင်းပေးခဲ့သည့် စွန့်ပစ်အရင်းအမြစ်ကြယ်ပွင့်၏ သြဒိနိတ်နားကို ချဉ်းကပ်သွားခဲ့သည်။ သို့သော်လည်း လင်းရွှမ် သည် အခြေအနေကို စုံစမ်းစစ်ဆေးရန် လူများစေလွှတ်ခြင်းမပြုမီ ဦးခေါင်းခွံအမှတ်အသားပါသော သင်္ဘောတစ်စီးနှင့် ကြုံတွေ့ခဲ့ရသည်။ထိုအာကာသယာဉ်သည် ကြယ်ပင်လယ်ဓားပြများ၏ အာကာသယာဉ်ဖြစ်သည်။
ထိုအာကာသယာဉ်သည် အနည်းငယ်ဟောင်းသော်လည်း သူတို့၏ အာကာသယာဉ်ထက် လေးဆ ၊ ငါးဆ ပိုကြီးသည်။ပို၍ကြောက်စရာကောင်းသည်မှာ ပြိုင်ဘက်သည် ကြီးမားသော်လည်း အရှိန်က သူတို့ထက် နှေးကွေးခြင်းမရှိပေ။ ထိုအာကာသယာဉ်သည် သူတို့ကို အရင်လာနှုတ်ဆက်ခဲ့သည်။ သူတို့ဘက်က ကိုယ်ဟန်အနေအထားက သတ်ဖို့စောင့်နေသည့် ဝံပုလွေလေးလိုပင်။ နောက်ဆုံးတွင်၊ တာဇာကြယ်ပွင့်နယ်မြေသည် သိပ္ပံနှင့်နည်းပညာအရ အရှင်သခင် အင်ပါယာထက် သာလွန်သည်။ ယခု၊ မရင်းနှီးသော ဤကြယ်ကွင်းပြင်တွင်၊ ပထမဆုံး ကြောက်မက်ဖွယ်ရန်သူကို ရင်ဆိုင်ရတော့မည် ဖြစ်ပေတော့သည်။
ထိုစဉ် ချန်ပင်း က " ကျွန်တော် ဗိုလ်ချုပ်ဝေ့ကို နောက်ဆုံးတွေ့တုန်းက အမှတ်အသားမရှိတဲ့ အရပ်ဘက်သုံး အာကာသယာဉ်လေးတစ်ခုပေါ်မှာ သူ ရှိနေခဲ့တာ... လုလင်း…မင်းရခဲ့တဲ့ သြဒိနိတ်က ဒီဟာဆိုတာ သေချာရဲ့လား…မင်းနဲ့ ဗိုလ်ချုပ်ဝေ့တို့ကြားက ဆက်သွယ်ရေးလိုင်းကို ကြယ်ပင်လယ်ဓားပြတွေက ကြားဖြတ်ပြီး ပြောင်းထားတာများလား"
လုလင်း သည် သူ့ကိုယ်ပိုင် ပရော်ဖက်ရှင်နယ်နယ်ပယ်တွင် အပြစ်တင်သလို မေးခွန်းထုတ်ခြင်းကို လက်မခံနိုင်ပေ။
"မဖြစ်နိုင်ဘူး… ငါက တာဇာကြယ်ပွင့်နယ်မြေရဲ့ ဆက်သွယ်ရေးနည်းပညာကို ကောင်းကောင်းကျွမ်းကျင်သွားပြီ"
လုလင်းထံမှရရှိသော တာဇာကြယ်ပွင့်မဟာမိတ်များ၏ ဆက်သွယ်ရေးနည်းပညာကို ရှောင်မင် သည် ကြားဖြတ်ဟန့်တားခဲ့သည်။ သူ၏လက်ရှိနည်းပညာသည် အခြားသူများ၏ စနစ်များကို မကျူးကျော်နိုင်သော်လည်း ဆက်သွယ်ရေးလမ်းကြောင်းများ၏ ဘေးကင်းမှုကို သေချာစေနိုင်သေးသည်။
လင်းရွှမ် က သူ့မေးစေ့ကို ကိုင်လိုက်ပြီး တွေးတော၍ ပြောလိုက်သည်။
"ဖြစ်နိုင်တယ်… သူတို့က ငါတို့ရဲ့ ခွန်အားကို စမ်းသပ်ချင်တာပဲ"
တာဇာကြယ်ပွင့်နယ်မြေမှ အပြင်လူတစ်ယောက်အနေဖြင့် ဝေ့လင်း သည် ဤနေရာတွင် နှစ်ပေါင်းများစွာ ရှင်သန်နိုင်သည်။ သို့သော်၊ တာဇာကြယ်ပွင့်မဟာမိတ်ကို သူ့ဘာသာသူ မတိုက်ခိုက်နိုင်၍ ဒေသန္တရအာဏာပိုင်အဖွဲ့အစည်း တစ်ခုခုတွင် ခိုလှုံနေရမည်။ သို့သော်လည်း တာဇာကြယ်ပွင့်မဟာမိတ်သည် လူသားမျိုးနွယ်အား ဖိနှိပ်ညှဉ်းပန်းနှိပ်စက်ခဲ့သဖြင့် သူတို့နှင့် လက်တွဲရန် မဖြစ်နိုင်ပေ။ အခြေအနေအရ ဝေ့လင်းသည် ခေတ္တအပေးအယူတစ်ခုသာ လုပ်နိုင်သည်။
ဤနည်းဖြင့်သာ သူသည် အာကာသယာဉ်နှင့် စွမ်းအင်ကဲ့သို့သော အရင်းအမြစ်များကို ရနိုင်သည်။ တာဇာကြယ်ပွင့်မဟာမိတ်ရှိ စစ်တပ်၏ တိုးတက်မှုအချို့ကို နားလည်နိုင်ပြီး မစ်ရှင်တစ်ခုထွက်သည့်အခါတိုင်း သူ့ဇနီး၏ဘေးကင်းမှုကိုလည်း စိတ်ချသေချာစေမည်ဖြစ်သည်။
ဝေ့လင်း ၏ SS အဆင့် ဝိညာဉ်စွမ်းအားနှင့် SS အဆင့် ကိုယ်လုံးကိုယ်ပေါက် အရည်အချင်းများဖြင့်၊ သူသည် မည်သည့်ကြယ်ပင်လယ်ဓားပြများ၏ ထိပ်တန်းအဖွဲ့ဝင်များထဲမှ တစ်ဦးဖြစ်ရမည်။ သို့သော်၊ သူသည် ဤနေရာတွင် အချိန်အကြာကြီး မနေရသေးဘဲ၊ အနှစ်နှစ်ဆယ်အောက် အထိသာ နေထိုင်ခဲ့၍ ပင်လယ်ဓားပြများကြားတွင် အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်ဖြစ်လာမည်မဟုတ်သည်မှာ သေချာသည်။
ရန်သူ၏ ရန်သူသည် မိတ်ဆွေဖြစ်သည်။လင်းရွှမ် သည် တာဇာကြယ်ပွင့်မဟာမိတ်နှင့် ဆက်ဆံရန် ဤနေရာတွင် ရှိနေသည်။ ဤကြယ်ပင်လယ်ဓားပြများသည် ဝေ့လင်း၏မျက်နှာဖြင့် ထောက်ထား၍ သူတို့နှင့် ပူးပေါင်းနိုင်မည်ဖြစ်သည်။ သို့သော်လည်း ပူးပေါင်းဆောင်ရွက်ရန် မဆုံးဖြတ်မီ၊ ညသိမ်းငှက်တပ်ဖွဲ့ ၏ စွမ်းအားကို ဦးစွာစမ်းသပ်ရခြင်း ဖြစ်ရပေမည်။
ထို့ကြောင့် လင်းရွှမ် ၏ ညွှန်ကြားချက်များသည် တိုက်ပွဲအတွက် ရှေးရိုးဆန်စွာ ပြင်ဆင်ရန်၊ ကာကွယ်ရေးကို တိုးမြှင့်ရန်၊ ပျော့ပြောင်းစွာ လှုပ်ရှားရန် ပြင်ဆင်ရန်နှင့် လိုအပ်သည့်အခါတွင် ပြင်းပြင်းထန်ထန် တိုက်ခိုက်ရန် ဖြစ်သည်။
အမှန်တစ်ကယ်ပင် သူတို့သည် တာဇာကြယ်ပွင့်နယ်မြေ ထက်တစ်ဆနိမ့်သော ဂြိုလ်တစ်ခုမှာသာဖြစ်ပြီး တိုက်ခိုက်မှုစွမ်းအားကလည်း တာဇာကြယ်ပွင့်နယ်မြေလောက် အစွမ်းထက်မည်မဟုတ်သော်ငြား သူတို့သည် မည်သူမဆို အလွယ်တကူ တိုက်နိုင်သော ကလေးသူငယ်စစ်သားများ မဟုတ်ချေ။
သို့သော်လည်း ကြယ်ပင်လယ်ဓားပြများ အာကာသယာဉ်သည် ပြင်းပြင်းထန်ထန် ဖြတ်ကျော်လာသော်လည်း တိုက်ခိုက်မှုအကွာအဝေးသို့ ရောက်ရှိပြီးနောက် ချက်ချင်း မတိုက်ခိုက်လာခဲ့ပေ။ သူတို့က ထူးထူးခြားခြား ရပ်ထားပြီး ဆက်သွယ်ရေး တောင်းဆိုချက်တစ်ခု ပို့လိုက်သည်။သို့ရာတွင် ညသိမ်းငှက်ဘက်မှနေ၍ အမြောက်များကို အရင်ဆုံးပစ်၍တိုက်ခိုက်လိုက်လေသည်။
လုလင်းက “ ဘော့စ် သူတို့ဘက်က ဆက်သွယ်ရေး တောင်းဆိုချက်ကို လက်ခံလိုက်ရမလား"
လင်းရွှမ်:" လက်ခံလိုက်"
မကြာမီတွင် ဗီဒီယိုခေါ်ဆိုမှု ချိတ်ဆက်သွားခဲ့သည်။ မုတ်ဆိတ်မွေးကြီးကြီးတစ်ယောက်က ဒေါသတကြီးဖြင့် ပြောလာ၏"
"ကောင်လေး…မင်း ငါတို့ကို အရင်တိုက်ခိုက်တာပဲ
သူဤသို့ပြောနေစဉ်တွင် ညသိမ်းငှက်တပ်ဖွဲ့ မှပေးပို့သော စွမ်းအင်မြင့်အမြောက်များသည် ဦးခေါင်းခွံကြယ်ပင်လယ်ဓားပြ အာကာသယာဉ်ပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။ သို့ဖြစ်၍ ပြိုင်ဘက်လည်း အမြန်ပြန်ဆုတ်သွား၏။ သို့သော်လည်း ပြိုင်ဘက်၏ အာကာသယာဉ်၏ အရွယ်အစားသည် ကြီးမားလွန်းသဖြင့် ဆုတ်ခွာရန် နောက်ကျလွန်းလှသည်။ ဤစွမ်းအင်မြင့် အမြောက်များ၏ တိုက်ခိုက်ခြင်းကို ခံနိုင်ရည်ရှိစေရန် ခံစစ်ဒိုင်းတစ်ခုဖွင့်ဖို့ စွမ်းအင်အများအပြားကို အသုံးပြုနိုင်သည်။
မုတ်ဆိတ်မွေးနှင့်လူကြီးသည် Narai ဖက်ဒရေးရှင်း၏ လေယူလေသိမ်းဖြင့် သူတို့ဘာသာစကားကို ထင်ရှားစွာ ပြောဆိုခဲ့သည်။ လင်းရွှမ် သည် အေးစက်သော မျက်နှာထားဖြင့် မျက်ခုံးပင့်ကာ မေးလိုက်သည်။
" အခု ကျွန်တော်တို့နဲ့ တိုက်ချင်လာပြီမလား"
မုတ်ဆိတ်မွေးရှိသော လူကြီးက လင်းရွှမ် ကို ဂရုတစိုက်ကြည့်ရင်း မျက်မှောင်ကြုတ်ကာ "မင်းက ဘာလို့ လင်းထျန်းယွဲ့ နဲ့ တူနေတာလဲ…မင်းက သူ့သား မဟုတ်လား...."
xxxxxx