Chapter 144
လင်းရွှမ် က သီးသန့် ခေါင်းညိတ်ပြီး "သူက ကျွန်တော့်အဖေပါ...ဒီဖက်က လူကြီးမင်းကရော လွန်ခဲ့တဲ့ နှစ်လေးဆယ်က Narai ဖက်ဒရေးရှင်းနယ်နိမိတ်က ဇာ့ခ်စစ်မြေပြင်မှာ ပိုးပေါက်တွင်းထဲကို စုပ်ခံခဲ့ရတဲ့ ဗိုလ်ချုပ် ဝါ့ဒ်မိန်း ဖြစ်နိုင်မလား"
ထိုသူသည် လင်းထျန်းယွဲ့ နှင့် တခေတ်တည်းမှ မျိုးဆက်တစ်ခုတည်းမှ ဆင်းသက်လာသောကြောင့် လင်းထျန်းယွဲ့ အကြောင်း ရင်းနှီးပြီးသားဖြစ်၍ အပြိုင်အဆိုင်သဘောမျိုး ဖြစ်ခဲ့ပုံရသည်။ ထို့ကြောင့် အနည်းငယ် ရန်လိုသည့် လေသံမျိုးဖြင့် ပြောခြင်းဖြစ်နိုင်သည်။ သူသည် စစ်မြေပြင်တွင် ပျောက်ဆုံးနေသော Narai ဖက်ဒရေးရှင်း၏ သြဇာကြီးသော စီနီယာအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။
အကယ်၍ ဤကြယ်ပင်လယ်ဓားပြများ၏ခေါင်းဆောင်သည် ဝါ့ဒ်မိန်း ဖြစ်ပါက အဘယ်ကြောင့် လင်းရွှမ်၏အဆင့်ကို စမ်းကြည့်ချင်သည်ကို နားလည်နိုင်သည်။ အရှင်သခင်အင်ပါယာနှင့် Narai ဖက်ဒရေးရှင်းတို့သည် လုံးဝ မငြိမ်းချမ်းသေးပေ။ ဘုံရန်သူ ဇာ့ခ်များအတွက်သာ မဟုတ်လျှင် သူတို့ကြားက စစ်ပွဲမှာ ဟိုးအရင်ကတည်းက ပြီးခဲ့ပုံမရချေ။
အကယ်၍ ဝါ့ဒ်မိန်း သည် ဤကြယ်ပင်လယ်ဓားပြများ၏ ခေါင်းဆောင်ဖြစ်ပါက ဝေ့လင်း သည်လည်း ဤအာကာသယာဉ်ပေါ်တွင် ရှိနေမည့် အခွင့်အရေးမှာ ပို၍ပင်ဖြစ်နိုင်သွားသည်။
လူသားကြယ်ပွင့်နယ်မြေ တွင် ဧရာမကြီးနှစ်ကောင်ဖြစ်သည့် အရှင်သခင်အင်ပါယာနှင့် Narai ဖက်ဒရေးရှင်းတို့သည် မနီးစပ်သော်လည်း ရန်သူများမဟုတ်ကြပေ။ သူတို့နှစ်ဦး ဤဂြိုလ်နယ်မြေမှာ တစ်ယောက်နှင့်တစ်ယောက် ဆုံမိကြလျှင်၊ အနည်းဆုံးတော့ သူတို့အားလုံးမှာ လူသားမျိုးနွယ်တွေဖြစ်သဖြင့် ပူးပေါင်းဆောင်ရွက်ဖို့ သဘာဝကျကျ ရွေးချယ်ကြလိမ့်မည်။
ထိုအခါ မျက်နှာထား တင်းမာနေသူ၏ မျက်လုံးထဲမှာ မြတ်နိုးခြင်းတွေ ပေါ်လာရ၏။
"မင်း သိပ်တော်ပါလား....မင်းငါ့အကြောင်း တစ်ကယ်ကြားဖူးလား"
သူတို့နှစ်ဦးမှာ အချင်းချင်း၏ ကိုယ်ရေးကိုယ်တာ ဆက်နွှယ်ချက်များကို အတည်ပြုခဲ့သော်လည်း ဝါ့ဒ်မိန်း သည် ချက်ချင်းပူးပေါင်းဆောင်ရွက်ရန် မရည်ရွယ်သေးေပ။
"မင်းရဲ့ အာကာသယာဉ်ထိပ်မှာ မက်မွန်သီးရောင်ဇာ့ခ်က ဘာကိစ္စ တက်နေတာလဲ"
ထို့ကြောင့်လည်း ဦးခေါင်းခွံကြယ်ပင်လယ်ဓားပြ ဘက်မှ လင်းရွှမ်တို့ဘက်ကို စတင်မတိုက်ခိုက်ခြင်းဖြစ်နိုင်သည်။တာဇာကြယ်ပွင့်နယ်မြေတွင် မည်သည့် ဇာ့ခ်ကိုမဆို သတ်နိုင်သော်လည်း မက်မွန်သီးရောင်ဇာ့ခ်တို့မှာ မတွေ့ရတတ်ပေ။ သတ်နိုင်လျှင်ပင် မည်သည့်နေရာတွင် သေဆုံးကြောင်းနှင့် မည်သည့်အချိန်တွင် သေဆုံးကြောင်းကို အခင်းဖြစ်ပွားရာ နောက်ကွယ်ရှိ တရားခံမှ ရှာဖွေတွေ့ရှိနိုင်မည်ဖြစ်သည်။ ထိုအခါ သူတို့က အဆုံးမသတ်ဘဲ လိုက်သတ်ကြလိမ့်မည်။
ကြီးထွားနိုင်သည့် မက်မွန်သီးရောင်ဇာ့ခ်အရေအတွက်မှာ အလွန်ရှားပါးသောကြောင့် တာဇာကြယ်ပွင့်မဟာမိတ်၏ ဇာ့ခ်ထိန်းချုပ်မှုအတွက် အရေးကြီးသော ကြားခံတစ်ခုဖြစ်သည်။အကယ်၍သာ ဤနေရာက သူတို့ အခြေစိုက်စခန်းနှင့် ဝေးနေမည်ဆိုလျှင် ထိုဇာ့ခ်ကောင်ကို သတ်ပစ်မိပေလိမ့်မည်။အကြောင်းမှာ မည်သို့ပင်ဖြစ်စေ၊သူတို့၏ ရည်ရွယ်ချက်က တာဇာကြယ်ပွင့်မဟာမိတ် တပ်ဖွဲ့များကို တိုက်ဖို့ပင်ဖြစ်သည်။ ယခုမူ၊ ဤနေရာသည် ဦးခေါင်းခွံကြယ်ပင်လယ်ဓားပြ အခြေစိုက်စခန်းနှင့် အလွန်နီးကပ်နေပြီဖြစ်၍ စခန်းကို ဖော်ထုတ်မိသွားမှာစိုးရိမ်ရ၏။
ဇာ့ခ်များသည် လူ့အသွေးအသားကို စားချင်ကြသဖြင့် လူသားများ၏ ရန်သူများဖြစ်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်၍ မရပေ။ မက်မွန်သီးရောင်ဇာ့ခ်သည် များသောအားဖြင့် ဇာ့ခ် စစ်တပ်၏ နောက်ဘက်တွင်သာ နေရာယူလေ့ရှိသည်။ ၎င်းတို့သည် SSS+ အဆင့် အရွယ်ရောက်ပြီးသူခန္ဓာကိုယ်သို့ရောက်ရှိသောအခါ၊တစ်နေရာမှ တစ်နေရာကို ကူးပြောင်းနိုင်စွမ်းရှိကြသည်။ ညသိမ်းငှက်တပ်ဖွဲ့ ၏ပေါ်ရှိ မက်မွန်သီးရောင်ဇာ့ခ်သည် အခွံများ မပါရှိသေးသဖြင့် SS အဆင့်သာ ဖြစ်ပုံရသည်။ သို့သော် ဤမျှနူးညံ့ပျော့ပျောင်းသော မက်မွန်သီးရောင်ဇာ့ခ်သည် အာကာသထဲတွင် ရှင်သန်ရန် မဖြစ်နိုင်ပေ။
ထိုအချိန်တွင် ဝေ့လင်း၏ ပုံရိပ်သည်လည်း ဗီဒီယိုထဲတွင် ပေါ်လာသည်။ သူ့မျက်နှာသည် လင်းရွှမ် ယခင်က ဟိုလိုဂရပ်ဖစ်ပုံမှ တစ်ဆင့်မြင်ဖူးသည့်မျက်နှာနှင့် လွန်စွာ ကွဲပြားပုံမပေါ်သလို၊ ကြည်လင်ပြီး ချောမောသော်လည်း အနည်းငယ် ပိုရင့်ကျက်နေ၏။
ဝေ့လင်းသည် ပြုံးကာ မက်မွန်သီးရောင်ဇာ့ခ်များ၏ ပုံမှန်အမူအကျင့်ကို လင်းရွှမ် အား အကျဉ်းချုံးရှင်းပြပြီး ဘာတွေဖြစ်နေသလဲဟု မေးလိုက်သည်။ဝေ့လင်း သည် အရှင်သခင် အင်ပါယာ၏အဖွဲ့ဝင်တစ်ဦးဖြစ်သောကြောင့် သူနှင့်စကားပြောဆိုရန် ပိုမိုသင့်လျော်သည်ဟု ယူဆထားပုံရသည်။ သို့သော် ဝေ့လင်းသည် ရုတ်တရက်ပေါ်လာသော ညသိမ်းငှက်တပ်ဖွဲ့ ကို လုံးဝ မယုံကြည်ပေ။ အရင်က သူ့ကို ညသိမ်းငှက်တပ်ဖွဲ့ အဖွဲ့ဝင်တစ်ဦးက ကူညီပေးခဲ့သော်လည်း ထိုလူအား တာဇာကြယ်ကွင်းပြင်သို့ ထပ်မလာခဲ့ဖို့ အတိအလင်း တောင်းဆိုခဲ့သည်။
ဒါဆို ဒီလူတွေက ဘာလို့ ဒီကိုလာတာလဲ… ရည်ရွယ်ချက်ကဘာလဲ…သူတို့ ဘယ်လောက် သန်မာကြသလဲ…
ဦးခေါင်းခွံကြယ်ပင်လယ်ဓားပြတို့သည် တာဇာကြယ်ပွင့်မဟာမိတ် မှ ကျွန်အဖြစ်ခေါ်ဆောင်သွားသော လူသားထံမှ အချက်အလက်အချို့ကို ရရှိခဲ့သည်။ တာဇာကြယ်ပွင့်မဟာမိတ် သည် မကြာသေးမီက အရှင်သခင် အင်ပါယာရှိ လူသားများနှင့် ပူးပေါင်းခဲ့သဖြင့် အရှင်သခင် အင်ပါယာမှာ တာဇာကြယ်ပွင့်မဟာမိတ်၏ ကိုလိုနီ(အသိမ်းပိုက်ခံ)အဖြစ်သို့ ပြောင်းလဲသွားပုံရသည်။ ဤအခြေအနေတွင်၊ လင်းရွှမ် ၏ အပျက်အစီးကင်းသော အာကာသယာဉ်သည် တာဇာကြယ်ပွင့်မဟာမိတ် တပ်ဖွဲ့များအား သတိပေးခြင်းမရှိဘဲ တာဇာကြယ်ပွင့်နယ်မြေတွင် ပေါ်လာသည်။
ဦးခေါင်းခွံကြယ်ဓားပြများကို ကြယ်ပင်လယ်ဓားပြများနှင့် ခွဲခြားသတ်မှတ်နိုင်သော်လည်း အမှန်တစ်ကယ်အားဖြင့် သူတို့အဖွဲ့သည် တာဇာကြယ်ပွင့်နယ်မြေ ရှိ ပိုးပေါက်စုပ်ဝဲ တွင်းထဲသို့ ကျရောက်သွားပြီး အိမ်ပြန်ရန် နည်းလမ်းရှာမရသော လူသားမျိုးနွယ်များဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ထို့ကြောင့် ဘယ်သူ့ကိုမဆို သူတို့ အလွန်သတိထားရပေမည်။
မဟုတ်ပါက၊ အချိန်မရွေး ဇာ့ခ်အသစ်များကို မွေးမြူရန် တာဇာကြယ်ပွင့်မဟာမိတ် အတွက် စွမ်းအင်ရင်းမြစ် ဖြစ်လာနိုင်သည်။ သို့မဟုတ်လည်း တာဇာများထံ အရှုံးပေးရမည့် ကျွန်များ ဖြစ်သွားနိုင်သလို အမျိုးသမီးများနှင့် ဥပမာပေးရလျှင် သူတို့သည် လူသားများ မွေးဖွား ပေးနိုင်သည့် ကိရိယာများ ဖြစ်လာနိုင်သည်။
ထို့ကြောင့် ဝေ့လင်းသည် ချက်ချင်းထွက်မလာဘဲ လျှို့ဝှက်စွာ စောင့်ကြည့်ရန် ရွေးချယ်ခဲ့သည်။သို့ရာတွင်၊ဤအာကာသယာဉ်ကို ဦးဆောင်သူမှာ မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့ ၏ အမွေဆက်ခံသူ လင်းရွှမ် ဖြစ်လာမည်ဟု မမျှော်လင့်ခဲ့ပေ။လင်းရွှမ်ကို သူ အရင်ကတည်းကပင် အထင်ကြီးခဲ့ရသည်။ လွန်ခဲ့သော 18 နှစ်က သူ အရှင်သခင် အင်ပါယာမှ ထွက်ခွာသွားသောအခါတွင် အသက် 12 နှစ် သို့မဟုတ် 13 နှစ်သာရှိသေးသော လင်းရွှမ် သည် SSS အဆင့် ဝိညာဉ်ရေးစွမ်းအားရှိကြောင်း ကြားသိခဲ့သည်။ ထိုစဉ်ကတည်းက လင်းရွှမ်သည် ဧကရာဇ်မြို့တော်၏ အာဏာရှိသူစာရင်းထဲ ဝင်ခဲ့သူပင်။
လင်းမိသားစုမှ ဦးဆောင်သည့် မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့ သည် ဇာ့ခ်များနှင့် မျိုးဆက်အလိုက် ထိပ်တိုက်တွေ့ တိုက်ပွဲများတွင် အဓိက အင်အားစုလည်း ဖြစ်သည်။ လင်းမိသားစုမှာ ဦးနှောက်ပါလာသည်ဆိုလျှင်၊ တာဇာများနှင့် ပူးပေါင်းဖို့ ဘယ်တော့မှ ရွေးချယ်မှာ မဟုတ်ပေ။ ဧကရာဇ်မိသားစုကို တော်လှန်ပုန်ကန်ပြီး ဖြုတ်ချဝံ့လောက်အောင် သတ္တိရှိနေလျှင်တောင်မှ ထိုတာဇာအုပ်စုနှင့် လက်တွဲဖို့ သူတို့ ရွေးချယ်မည်မဟုတ်။ထို့ကြောင့် လင်းရွှမ် မှန်း သိရှိပြီးနောက် ဝေ့လင်း ချောင်းကြည့်နေရာမှ ထွက်လာခဲ့သည်။
ဝေ့လင်း ပေါ်လာသည်ကိုလင်းရွှမ် က မြင်လိုက်သည်နှင့် သူ့အရင်ထင်မြင်ချက်တွေက မှန်ကန်မှန်း သိသွားရ၏။ထို့ကြောင့် သူ့ မျက်လုံးများထဲတွင် ထင်ရှားသော ပျော်ရွှင်ရိပ်များ ရှိနေသည်။ သို့သော်လည်း သူမည်ကဲ့သို့ ရှင်းပြသည်ဖြစ်စေ 168 မှာ ယဉ်ပါးလာကြောင်း ဘယ်လိုမှ ယုံကြည်မှာမဟုတ်။ အတိအကျပြောရလျှင် ယခု 168 နှင့် အမှန်တစ်ကယ် ပူးပေါင်းဆောင်ရွက်နေပြီဖြစ်သည်။
လင်းရွှမ် က ခဏလောက်စဉ်းစားပြီး လုလင်း ကို " ယောင်ယောင်ကို ကွပ်ကဲရေးအခန်းကို ချက်ချင်းလာခိုင်းလိုက်"
ဝေ့လင်း နှင့် ဝါ့ဒ်မိန်း တို့က သူ့ကို မယုံကြသော်လည်း 168 ကိစ္စကို အတိုချုံးရှင်းပြရန် ကြိုးစားခဲ့သည်။ သို့သော်လည်း၊ 168 ကို အရူးလုပ်ထားကြောင်း၊ 168 ကို မက်မွန်ရောင်ဇာ့ခ်များ ငယ်ရွယ်စဉ်ကာလနှင့် ဆင်တူသည့် လက်ရှိ ခန္ဓာကိုယ်ပုံသဏ္ဍာန်ကို ဘယ်လိုပြောင်းသွားကြောင်း၊ သို့သော်၊168၏ အစွမ်းသတ္တိက အရွယ်ရောက်ပြီး မက်မွန်သီးရောင်ဇာ့ခ်များနှင့် ယှဉ်နိုင်ကြောင်း....စသည့် အသေးစိတ်အချက်အလက်များကို ချန်လှပ်ထားခဲ့သည်။
လင်းရွှမ် စကားဆုံးသွားသည့်အခါ ဝါ့ဒ်မိန်း မျက်နှာက ကြောက်စရာကောင်းပုံပေါက်လာ၏။
"မင်းရဲ့ လင်းမိသားစုက တာဇာတွေနဲ့ တစ်ကယ်ပူးပေါင်းတာ ဖြစ်နိုင်ပါ့မလား…မက်မွန်သီးသန်ကောင်ကို လှည့်စားပြီး တာဇာတွေနဲ့ အတူတူဆက်ဆံမယ်လို့ ကတိပေးထားတာလား…မင်း သိပ်မိုက်တာပဲ"
ဝေ့လင်းက ဘာမှဝင်မပြောသော်လည်း အနည်းငယ် မျက်မှောင်ကြုတ်ထားလိုက်သည်။ သူ့ပုံစံက လင်းရွှမ် ၏ စကားကို အလွန်ပင် မယုံကြည်နေပုံရသည်။
လင်းရွှမ် က အေးဆေးတည်ငြိမ်စွာ ဆက်ပြောသည်။
"အင်ပါယာထဲက တစ်ယောက်ယောက်က တာဇာတော်ဝင်မိသားစုနဲ့ ပူးပေါင်းခဲ့တာ… အဲ့ဒီလူက ဒုတိယမင်းသား ရှောင်မင် ပါ… သူ့အမေက ဧကရီမေလင်း... တာဇာကြယ်ပွင့်မဟာမိတ် မှာဆို သူမက တာဇာ သွေးလေးပုံတစ်ပုံရှိတဲ့ လူသားမျိုးနွယ်…တာဇာကြယ်ပွင့်မဟာမိတ် ရဲ့လက်ရှိဧကရာဇ်က ရှောင်မင် နဲ့ဆို ဖအေတူမအေကွဲ ညီအစ်ကိုတွေလေ… အရှင်သခင် အင်ပါယာရဲ့ဇာ့ခ် တိုက်ခိုက်မှုကိုလုံးဝဖယ်ရှားပစ်ချင်တယ်ဆိုရင်၊ တာဇာကြယ်ပွင့်မဟာမိတ် ကို ဖျက်ဆီးမှသာ ရပါမယ်… ဒုတိယအနေနဲ့၊ ကျွန်တော့်ခရီးစဉ်ရဲ့ အကြီးမားဆုံးရည်ရွယ်ချက်က ဗိုလ်ချုပ်ဝေ့လင်းကို ရှာပြီး အင်ပါယာဆီ ပြန်ပို့ဖို့ တောင်းဆိုထားသူတွေရှိလို့ပါ"
လင်းရွှမ် ၏ ပထမအကြောင်းပြချက်သည် ယုံကြည်ကိုးစားမှုများစွာကို ညှို့ယူနိုင်စွမ်းရှိသည်။ ဝေ့လင်းသည် မိဖုရား မေလင်းက အရပ်သားတစ်ဦးဖြစ်ကြောင်းကို သိထားပြီး၊ သူမသည် သာမန်လူသားအဖြစ် အသွင်ယူထားသော တာဇာတစ်ဦးဖြစ်နိုင်ဖွယ်ရှိမှန်း သိထားပြီးသားပင်။ထို့အပြင်၊ တာဇာကြယ်ပွင့်မဟာမိတ်၏ လက်ရှိဧကရာဇ်သည် အမှန်တကယ်ပင် လူ့သွေး လေးပုံတစ်ပုံပါရှိသည်။
သို့သော်၊ တာဇာကြယ်ကွင်းပြင်မှာ သူတို့တောင် မသိနိုင်သည့် ဒီလျှို့ဝှက်ချက်ကို လင်းရွှမ် က ဘယ်လိုသိတာလဲ…
ဒုတိယအကြောင်းရင်းကို ဝေ့လင်း အလွန်ယုံကြည်ခြင်းမရှိပေ။ ဝေ့မိသားစုနှင့် လင်း မိသားစုကြား ခင်မင်ရင်းနှီးမှုသည် လက်ခံနိုင်စရာ ကောင်းသည်။ထို့အပြင် သူ၏ဝမ်းကွဲညီမ ဝေ့ယန် နှင့် လင်းရွှမ် ၏မိခင် ရှန်းယွင်ကျင်း တို့သည် အတန်းဖော်များဖြစ်ကြသော်လည်း ထိုမျှလောက်နှင့် လင်းရွှမ်က သူ့ကိုကယ်တင်ဖို့ စွန့်စားရန်မှာ မဖြစ်နိုင်သေးပေ။
ထိုအချိန်တွင် လင်းရွှမ် ၏ ကွပ်ကဲမှုအခန်း တံခါးပွင့်သွားပြီး မိန်းကလေးငယ်တစ်ဦးသည် သစ်သီးလက်ဖက်ရည် သုံးခွက်နှင့် ဝင်လာခဲ့သည်။ထို့ကြောင့်၊ လင်းရွှမ် သည် အခြားတစ်ဖက်မှ ဆက်သွယ်မှုများကို ဖုံးကွယ်ရန် မော်နီတာနှင့် စပီကာကို အမြန်ပိတ်လိုက်သည်။ သို့သော် ဝေ့လင်းသည် လင်းရွှမ်၏ အမိန့်ပေးခန်းမှ ဗီဒီယိုနှင့် အသံကို မြင်နိုင်ဆဲပင် ဖြစ်သည်။ ဝေ့လင်းသည် သူ့ဇနီး ချမ့်ယောင်နှင့် 30-50% တူသော လင်းယောင်ယောင်ကို မှတ်မိနိုင်မည်ဟု သူ ယုံကြည်မိသည်။ထိုအခါ၊မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့ဘက်မှ တာဇာများနှင့် ပူးပေါင်းကြံစည်မှုတစ်ခုဟု မထင်နိုင်သလို၊ သူ့အနာဂတ် ယောက္ခမရှေ့မှာပင် လင်းယောင်ယောင်နှင့်သူ၏ ဆက်ဆံရေးကို ဖွင့်ထုတ်ချင်တာလည်း ပါ၏။
လင်းယောင်ယောင် တံခါးထဲဝင်သွားပြီးနောက် လင်းရွှမ် သည် ဒက်ရှ်ဘုတ်ပေါ်ရှိ တစ်ခုခုနှင့် အလုပ်ရှုပ်နေသကဲ့သို့ နောက်ပြန်လှည့်နေလိုက်သည်။ထိုအခါ သူမလည်း ချန်ပင်း နှင့် လုလင်းထံသို့ သစ်သီးလက်ဖက်ရည်နှစ်ခွက် အရင်ယူသွားခဲ့သည်။
ချန်ပင်း ကလည်း ယူပြီး
"ကျေးဇူးတင်ပါတယ် မရီး"
အစ်ကို လုလင်းကလည်း အလားတူ ပြောလေသည်။
လင်းယောင်ယောင် က ချက်ချင်းပင် မျက်ခုံးပင့်၍ ပြုံးကာ
"ညီမလေးကို အဲ့ဒီလိုမခေါ်ပါနဲ့"
ထို့နောက် နောက်ဆုံး သစ်သီးလက်ဖက်ရည်တစ်ခွက်နှင့် လင်းရွှမ် ဆီကို လျှောက်လာပြီး "အစ်ကိုကြီး ညီမလေးကို တစ်ခုခုခိုင်းစရာရှိလို့လား"
ပတ်ဝန်းကျင်မှာ လူတွေရှိနေသည့်အတွက် သူမ ဘာမှအပိုမပြောဘဲ မေးမြန်းလိုက်၏။ထို့နောက် သူကလည်း သူမခေါင်းကို အသာအယာပွတ်သပ်လိုက်၍ သစ်သီးလက်ဖက်ရည်တစ်ငုံ သောက်လိုက်၏။
"ဟုတ်တယ်...ချိုလိုက်တာ"
ထို့နောက် သူမကို ပြန်ပေးလိုက်သည်။သူမလည်း တစ်ငုံသောက်လိုက်ပြီး
"အင်း အမြန်ယူလာရလို့လားမသိဘူး…ပျားရည်အများကြီးထည့်လိုက်မိတာပဲ"
ထို့နောက် သူမ သူလက်ထဲသို့ ပြန်ထည့်လိုက်သည်။
"ဘာပဲဖြစ်ဖြစ် ညီမလေး လုပ်ထားတာဆိုတော့ အကုန်သောက်ရမယ်"
ထိုအခါ လင်းရွှမ် သည် ရှုံ့မဲ့ကာ ချိုမြိန်သော သစ်သီးလက်ဖက်ရည် တစ်ခွက်ကို သူ့ပါးစပ်ထဲသို့ ချက်ချင်း အကုန်သောက်ထည့်လိုက်သည်။သူ့ကိုကြည့်ပြီး သူမ မျက်နှာပေါ်တွင် လိမ္မာပါးနပ်သော အမူအရာတစ်ခု ပေါ်လာရ၏။သူသည် ချိုသော အစားအသောက်များကို မကြိုက်ကြောင်း သူမ သိသော်လည်း ပျားရည်ကို အားရှိအောင် တမင်တိုက်ချင်၍ ထည့်လာခြင်းပင်။
သောက်ပြီးနောက် လင်းရွှမ် က သူမမျက်နှာကို ချစ်ခင်စွာ ပွတ်သပ်ပြီး "ဗိုလ်ချုပ် ဝေ့လင်းကို ကိုယ်တွေ့ခဲ့တယ်…ဒါပေမယ့် ကိုယ်တို့က သူ့ကို ကယ်တင်ဖို့ ဒီမှာ ရောက်နေတာကို သူ မယုံဘူး...သူက ကိုယ်တို့မှာ တခြား ရည်ရွယ်ချက်တွေ ရှိနေတယ်လို့ ထင်နေတယ်"
သူမ ချက်ချင်း အံ့သြတကြီးနှင့် ပြောလာသည်။
"ဟင် အဖေက ဘယ်မှာလဲ...ညီမလေး ပြောပြလိုက်မယ်"
ဗီဒီယိုခေါ်ဆိုမှု၏တစ်ဖက်တွင်၊ ဤမြင်ကွင်းကိုကြည့်ရှုနေသည့် ဝေ့လင်း သည် အလွန်စိတ်ရှုပ်ထွေးသွားရသည်။
'... ဟမ် အဲဒီတုန်းက ငါ့ကလေးက မသေသွားဘူးလား… အံ့သြစရာပဲ'
သို့သော်...
'ဟင့်အင်း၊ သူမနဲ့ လင်းမိသားစုက ဘယ်လိုတွေ ဖြစ်ကုန်တာလဲ'
xxxxxx