အခန်း၁၄၅
Viewers 12k

Chapter 145

(သားအဖနှစ်ယောက် ပထမဆုံးဆုံတွေ့ခြင်း)


ဝေ့လင်းသည် လင်းယောင်ယောင် ကို မြင်သောအခါ အလွန်ထိတ်လန့်သွားသည်။ထိုနေ့က အဖြစ်အပျက်များကို ပြန်တွေးတောရင်း သူ့မျက်လုံးတွေ နီရဲနေခဲ့၏။ သူ့ဇနီးနှင့်သမီးကို ကြယ်ပင်လယ်ဓားပြ "ကင်းမြီးကောက်နီ" မှ ပြန်ပေးဆွဲခံရသောအခါတွင် သူ၏ချစ်ဇနီးသည် နေမကောင်းသောကြောင့် သူမကို အရင်လဲလှယ်ရန် ရွေးချယ်ခဲ့သည်။  ဓားစာခံ လဲလှယ်ရေးသည် သူ့မိသားစုကို သတ်ရန် လျှို့ဝှက်ပူးပေါင်းကြံစည်မှုကြီးဖြစ်လာခဲ့၏။ ဇနီးဖြစ်သူ၏ ကယ်ဆယ်ရေးအခန်းကို ဦးစွာ လဲလှယ်ခဲ့သဖြင့် သူမ လွတ်မြောက်ခဲ့သည်။သို့သော်လည်း၊သူ့သမီးလေးမှာ ပေါက်ကွဲသွားသည့် ကယ်ဆယ်ရေးခန်းထဲတွင် ပိတ်မိကာ အသက်သေဆုံးခဲ့ရ၏။


 ခုတော့ သူ့သမီးက မသေသေးတာလား…


 သူသည် ငယ်စဉ်က သူ့ချစ်ဇနီးနှင့်အလွန်ဆင်တူသော မိန်းကလေးကို ကြည့်ကာ သူ့နှလုံးသားမှာ ရင်ခုန်မှုအပြည့်ရှိနေရသည်။ သို့သော် သူမသည် လင်းရွှမ် ကို "အစ်ကို" ဟု ခေါ်နေကာ သူတို့နှစ်ယောက်ကြားက ရင်းနှီးမှုများက မရိုးသားပေ။


သူ ချက်ချင်းပင် ပြေးထိုးချင်စိတ် ပေါက်လာသည်။ သူ့သမီးအသက်ရှင်နေသေးကြောင်းကို သိလိုက်ရသော်လည်း ထိုကောင်စုတ်လေးက သူမကို လုယူထားခြင်းဖြစ်သည်။


ဝါ့ဒ်မိန်း သည် ဝေ့လင်း၏ စိတ်လှုပ်ရှားမှုနှင့် ဒေါသကို မြင်လိုက်ရသည်။ သူကိုယ်တိုင်ကလည်း ဝေ့လင်း နှင့် ချမ့်ယောင် တို့၏ အတိတ်အကြောင်းကိုလည်း သိထားခဲ့သည်။ထို့ကြောင့် ဝေ့လင်း၏ ပခုံးကို ချက်ချင်းဆွဲကိုင်လိုက်ပြီး 


"ဝေ့လင်း၊ စိတ်အေးအေးထား… ဒီ လင်းရွှမ် က တာဇာကြယ်ပွင့်မဟာမိတ် နဲ့ တစ်ကယ်ပူးပေါင်းပြီး မင်းဒီမှာရှိတယ်ဆိုတာ သိရင် မင်းရဲ့သမီးကို သိမ်းသွင်းထားတာဖြစ်နိုင်တယ်...ပြီးမှ မင်းရဲ့ယုံကြည်မှုကို အနိုင်ယူပြီး ငါတို့ကို ရှင်းပစ်မှာ"


 ထိုအချိန်က၊ဝေ့လင်းသည် ဇနီးနှင့်သမီးကြားတွင် သူ့ဇနီးကို ပထမဆုံးကယ်တင်ရန် ရွေးချယ်ခဲ့သည်။ ထိုအချိန်မှစ၍ ချမ့်ယောင် သည် နှစ်ပေါင်းများစွာ သူ့ကို အပြစ်တင်နေခဲ့သည်။  အဘယ့်ကြောင့်ဆိုသော် သူတို့သမီးကို အရင်မကယ်တင်ခဲ့တာကြောင့်ပင်။

သူတို့သမီးလေးသည် သူနှင့် ချမ့်ယောင် ကြားက ချစ်ခြင်းမေတ္တာတရားများ၏ သက်သေဖြစ်၍ ကလေးကို အင်မတန်မှ ချစ်လေသည်။ သို့သော်လည်း ယခုလိုမတော်တဆမှုမျိုး ဖြစ်လာဖို့ ဘယ်သူကမှ မထင်ထားခဲ့ပေ။ကြိုတင်ခန့်မှန်းနိုင်လျှင်တောင်မှ ချမ့်ယောင် ကို အရင်ကယ်ဖို့ သူ ရွေးချယ်မိမှာပင်။ကလေးဆိုသည်က နောက်ထပ်အများကြီးမွေး၍ရသော်လည်း ချမ့်ယောင်က ကမ္ဘာပေါ်တွင် တစ်ယောက်တည်းရှိ၏။သို့သော်လည်း၊သမီးဖြစ်သူ၏ ကယ်ဆယ်ရေးအခန်း ပေါက်ကွဲသံကို အိပ်မက်မက်တိုင်း မကြာခဏ လန့်လန့်နိုးခဲ့ဖူးသည်။


လွန်ခဲ့သည့်နှစ်အနည်းငယ်တွင် ဤအဖြစ်အပျက်ကြောင့် ချမ့်ယောင် ကလည်း သူ့အပေါ် ပို၍အေးစက်သွားသည်။ လွန်ခဲ့သည့် 10နှစ်က ချမ့်ယောင် မတော်တဆ ကိုယ်ဝန်ထပ်ရပြီးနောက်မှာသာ သူတို့၏ ဆက်ဆံရေးသည် တဖြည်းဖြည်း ပြေလျော့သွားခဲ့သည်။ သို့သော်လည်း အမြွှာနှစ်ယောက်စလုံးသည် သားများဖြစ်ကြပြီး ချမ့်ယောင် သည်လည်း နောက်တစ်ကြိမ် ကိုယ်ဝန်မရနိုင်တော့ပေ။ သူ့သမီးလို သက်တူရွယ်တူမိန်းကလေးများကို မြင်တိုင်း သူမသည် ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးသွားသည့် သမီးဖြစ်သူကို တွေးနေကာ မျက်ရည်ကျရစမြဲပင်။


ဝေ့လင်း သည် ယောက်ျားတစ်ယောက်အနေဖြင့် ခံစားချက်များကို ပို၍ ချုပ်တည်းထားလေ့ရှိသည်။ သို့သော် ယခု သူ့သမီး အသက်ရှင်နေသေးကြောင်း ကြားသိရလျှင် ခါတိုင်းလို စိတ်တည်ငြိမ်အောင် ထိန်းမရတော့ပေ။ 


 "တစ်ကယ်လို့ သူပြောတာတွေက မှန်ရင် ဘယ်လိုလုပ်မလဲ"


ထိုသို့ပြောရင်း သူ့မျက်လုံးထဲက မျက်ရည်တွေ စီးကျသွား၏။ဝါ့ဒ်မိန်း က သူ့အပေါ်ထပ်ပြီး အဆင်းကိုဘီးတပ်ပေးပြန်သည်။


 "သူမက မင်းရဲ့သမီးဖြစ်ရင်တောင် သူမက လင်းမိသားစုက က‌လေးကို "အစ်ကို" လို့ ခေါ်တယ်... သူတို့နှစ်ယောက်က စုံတွဲပဲ ဖြစ်ရမယ်…ကဲပါ သူတို့ကို ယုံမနေနဲ့…  မင်းကိုပြဖို့ တမင်သက်သက် ဒီလိုလုပ်ခဲ့တာ"


တစ်ဖက်တွင်၊ လင်းရွှမ် က ဆက်လက်၍ " 168 ကို ကိုယ်တို့ဘက်ပါအောင် လုပ်ထားတယ်ဆိုတာ သူတို့ မယုံနိုင်လောက်ဘူး.... ပူးပေါင်းဖို့လည်း သဘောတူမယ်မထင်ဘူး...တစ်ကယ်လို့ ကိုယ်တို့ကို လက်ခံရင်လည်း  168 ကို မုန်းနေကြလိမ့်မယ်…  မင်းက ဗိုလ်ချုပ် ဝေ့လင်း ရဲ့သမီး‌ဆိုတာလည်း ယုံမှာမဟုတ်ဘူး… နောက်ဆုံးတော့ အခုခေတ်မှာဆို မျိုးဗီဇစစ်ဆေးတာကိုတောင် ပြင်လို့ရတယ်မလား...မျက်နှာဆိုတာကလည်း ပလပ်စတစ်ဆာဂျရီလုပ်ရတာ လွယ်တယ်လေ"


လင်းရွှမ် သည် ဝါ့ဒ်မိန်း နှင့် ဝေ့လင်း ၏ ဖြစ်နိုင်ချေရှိသော တုံ့ပြန်မှုများကို လင်းယောင်ယောင် ထံသို့ ရှင်းပြခဲ့ပြီး တစ်ဖက်မှ ကြားသွားပါကလည်း ဂရုမစိုက်ပေ။သူ၏ ရှုထောင့်ကနေကြည့်လျှင် နှစ်ဖက်စလုံးက တစ်ယောက်နှင့်တစ်ယောက် မယုံကြည်နိုင်ပါက လုံးဝမပူးပေါင်းခြင်းက ပိုကောင်းသည်ဟု မြင်မိ၏။ သို့မဟုတ်ပါက၊ ဤဒေသရှိ ဒေသခံများဖြစ်သည့် ဦးခေါင်းခွံကြယ်ဓားပြများသည် ချောက်ချတိုက်ခိုက်ပါက သူ၏ ညီအကိုများနှင့် လက်အောက်ငယ်သားများကို အချည်းနှီးဖြစ်စေနိုင်သည်။


ယခု သူတို့သည် တာဇာကြယ်ပွင့်နယ်မြေ သို့ ရောက်လာခဲ့သော်လည်း ဦးခေါင်းခံကြယ်ပင်လယ် များနှင့် ပူးပေါင်းရန် မလိုအပ်ပေ။ ညသိမ်းငှက်တပ်ဖွဲ့သည် တာဇာ များနှင့် နှိုင်းယှဉ်ပါက နည်းပညာပိုင်းတွင် အနည်းငယ် အားနည်းသော်လည်း ယခုဆို 168 ရှိသည်။ ထို့ကြောင့် ဇာ့ခ် စစ်တပ်ကိုသုံး၍ တိုက်ခိုက်နိုင်သေးသည်။  ထို့ကြောင့် လင်းရွှမ် သည် တာဇာကြယ်ပွင့်မဟာမိတ် နှင့် တိုက်ခိုက်ရာတွင် ယုံကြည်မှုရှိသည်။


သို့သော်လည်း၊ဦးခေါင်းခွံကြယ်ပင်လယ်ဓားပြများနှင့် မပူးပေါင်းနိုင်ပါက အဆင်မပြေနိုင်ချေ။ လင်းယောင်ယောင် ၏ စိတ်နေစိတ်ထားကို ထည့်သွင်းစဉ်းစားရပေမည်။ 


သူမသည် မိဘအရင်းများနှင့် အမြန်ဆုံး တွေ့ဆုံလိုသည်မှာ သေချာသည်။ အရင်က သူမသည် မိဘအရင်းများကို ရှာတွေ့ဖို့ စိတ်အားထက်သန်ခဲ့၏။ သို့သော်လည်း သူမ၏ မိဘအရင်းများက သူမကို မယုံသည့် အခြေအနေတွင် ရှိနေသည်။ သူတို့က အာဃာတတရားတွေတောင် ဆွဲကိုင်ထားပြီး 168 နှင့် ညသိမ်းငှက်တပ်ဖွဲ့ကို ရန်လိုနေကြ၏။


လင်းယောင်ယောင် က “ညီမ‌လေးက ကြယ်ပင်လယ်ဓားပြတွေဆီကနေ လွတ်မြောက်ဖို့ အခွင့်အရေးရခဲ့တယ်… မိဘမဲ့ဂေဟာကို ပို့ခံရပြီး လင်းမိသားစုက မတော်တဆ မွေးစားခံခဲ့ရတာ…သူတို့က အခြေအနေကို နားမလည်ဘဲနဲ့ ညီမလေးကို မွေးစားခဲ့တယ်… ဘာပဲဖြစ်ဖြစ် ညီမကို လင်းမိသားစုက ကြီးပြင်းအောင်ကျွေးလာခဲ့တယ်ဆိုတော့ ညီမမှာ မိဘတွေရှိပြီးသားပါ… အစ်ကိုကြီးလည်း ကိုယ့်ကိုကိုယ် အတင်းအကြပ်ဖိအားပေးစရာမလိုဘူး…သူတို့အားလုံးအဆင်ပြေတယ်ဆိုတာ သိရင်ရပါပြီ...ဒါကြောင့် အခုချိန်မှာ တစ်ယောက်နဲ့တစ်ယောက် အသိအမှတ်ပြုဖို့ မလိုအပ်ပါဘူး…နောက်ဆို ညီမလေးတို့ အင်ပါယာကို ပြန်တဲ့အခါကျ သူတို့ ယုံကြည်ရင် ညီမလေးဆီ လာလို့ရတယ်…မယုံရင်လည်း ထားလိုက်ပါစေတော့…  ဒါဆို ဝေ့မိသားစုရဲ့ အဘိုးအဘွားတွေကိုလည်း ရှင်းပြလို့ရတယ်"


ဝေ့လင်း နှင့် ချမ့်ယောင်သည် သူမနှင့် ဘယ်တုန်းကမှ ဆက်ဆံရေးမရှိခဲ့ပေ။ အခု သူတို့အနားမှာ ‌နောက်ထပ် မွေးထားသည့် ကလေးများ ရှိကောင်းရှိနိုင်၏။ မွေးပြီးပြီးချင်း ကြယ်ပင်လယ်ဓားပြတွေလက်ထဲ ရောက်သွားသည့် သမီးကလေးကို သူတို့ မယုံကြည်နိုင်ပေ။  ဝေ့လင်း က သူမကို သွေးစစ်ပြီး အသိအမှတ်ပြုကာ၊လည်ဆွဲလေးကြောင့် မှတ်မိသွားသည်ဆိုလျှင်တောင် လင်းရွှမ်တို့ အဖွဲ့နှင့် 168 ကို လက်ခံမည်ဟု မဆိုလိုသေးချေ။သူမ စိတ်ထဲမှလည်း အများကြီး မမျှော်လင့်ထားခြင်းက ကံကောင်းသွားသည်။ ဝေ့လင်း နှင့် ချမ့်ယောင် တို့က သူမကို အသိအမှတ်မပြုချင်လျှင်ပင် သူမမှာ အိမ်ရှိသေးသည်။ သူမသည် လင်းမိသားစု၏ မိဘများကို သူမ၏ မိဘအရင်းများသဖွယ် ဆက်ဆံခဲ့သည်။သို့သော်၊ ဝေ့လင်း သည် သူမ၏စကားများကို မြင်နိုင်ကြားနိုင်မှန်း သူမ မသိခဲ့ပေ။


လင်းရွှမ် သည် သန်မာပြီး ဉာဏ်ရည်ထက်မြက်ဟန်ဆောင်နေသည့် လင်းယောင်ယောင် ကို ကြည့်လိုက်ပြီး သူမ၏ မျက်နှာမှ စိတ်ပျက်အားငယ်မှုကို မြင်နေရ၏။ ဝေ့လင်း ၏ယုံကြည်မှုကိုရယူရန် ဗီဒီယိုကို မပိတ်မိသည့်အတွက် စိတ်မလုံသလို ဖြစ်ပြီး အနည်းငယ်ရှက်သွားရသည်။ထို့ကြောင့်...


 "လုလင်း...ဗီဒီယိုကို ပိတ်ထားလိုက်"


ထို့နောက် သူမကို သူ့ရင်ခွင်ထဲ  ဆွဲထည့်လိုက်ပြီး ဝေ့လင်းသည် သူမ စကားကို ယခုပင် ကြားနိုင်ကြောင်း ပြောပြလိုက်သည်။  ထို့နောက် သူက အလေးအနက် တောင်းပန်လိုက်၏။


"ဒါက ဗိုလ်ချုပ်ဝေ့အတွက် မင်းက သူ့သမီးဆိုတာကို သူ ယုံအောင်လို့ပါ… ဒါပေမယ့် ကိုယ် မင်းရဲ့ ခံစားချက်ကို ထည့်မစဉ်းစားမိဘူး…မင်းကို အဆင်မပြေဖြစ်စေခဲ့ရင် တောင်းပန်ပါတယ်…  မင်းကို ကိုယ်ယုံတယ်… မင်းမှာ ကိုယ် ရှိသေးတယ်…မင်းရဲ့အနားမှာ အမြဲရှိနေမယ်"


 သူတို့ရှေ့လျှောက်ရမည့်လမ်းက ဘယ်လောက်ပဲခက်ခဲပါစေ၊ သူမကို အမြဲဂရုစိုက်ပြီး သူမဘေးကနေ အမြဲကာကွယ်ပေးသွားမည်။ သူမသည် အမြဲတမ်း သူ့နှလုံးသားထဲတွင် ပထမဆုံး ဖြစ်၏။နောက်တစ်ချိန်ကျ၊သားသမီးများမွေးလာလျှင် သူမတို့ သားအမိများအတွက် သူ့အသက်ကိုတောင် ပေးဝံ့သည်။


ဝေ့လင်း နှင့် ဝါ့ဒ်မိန်း က သူ့ကို ယုံသည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ညသိမ်းငှက်တပ်ဖွဲ့ နှင့် ပူးပေါင်းလိုခြင်းရှိမရှိ အရေးမကြီးကြောင်း လင်းရွှမ်  ခံစားမိသည်။ အရေးကြီးသည်က ဝေ့လင်း ၊ချမ့်ယောင် တို့နှင့် သူ့ကြားမှာ လင်းယောင်ယောင် က သူ့ကိုသာ ယုံကြည်ပြီး သူ့ဘက်မှာ ရပ်တည်လိုစိတ် ပိုရှိနေတာပင်။


လင်းယောင်ယောင် အံ့သြသွားသည်။  'ဘာလဲ..  ဝေ့လင်း က ငါပြောတာကို ကြားရတာလား'


အခု ချက်ချင်းပဲ သူမ၏ မိဘအရင်းတွေက သူမကို အသိအမှတ်ပြုဖို့၊ယုံကြည်ဖို့ ဆန္ဒမရှိမှန်း ရုတ်တရက် သိလိုက်ရသည်။ သူမ ပြောသောစကားများသည် ဝေ့လင်းကို အနည်းငယ်စိတ်မကောင်း ဖြစ်စေနိုင်သော်လည်း သူမ၏ခံစားချက်အစစ်အမှန်များဖြစ်သည်။သူမ လင်းရွှမ် ၏ ခိုင်ခံ့သော ရင်ခွင်ထဲတွင် တိုးဝင်နေမိ၏။ တန်ဖိုးထား မြတ်နိုးခံရသည့် ခံစားချက်က သူမကို ပိုပြီး စိတ်သက်သာရာ ရစေကာ ထိုအရာတွေက အရေးမကြီးမှန်း သိလိုက်ရသည်။   ဘုရားသခင်သည် သူမအား ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် စဉ်းစားပေးသော ပြီးပြည့်စုံသော ချစ်သူကို ပေးစွမ်းနိုင်လောက်အောင် ကြင်နာခဲ့သည်။ တစ်ဖန် သူမ လင်းရွှမ် ၏ ကျောကို ပွတ်သပ်ကာ


 "အဆင်ပြေပါတယ်…သူကြားရင်တောင် ကိစ္စမရှိပါဘူး…တစ်ခါတည်း ပြောပြီးသားဖြစ်တာပေါ့"


ချစ်ခင်နေကြသော စုံတွဲသည် ချစ်စကားများ ဆိုနေကြသော်လည်း လုလင်းမှာတော့ ဦးခေါင်းခွံကြယ်ပင်လယ်ဓားပြများထံမှ ဆက်သွယ်ရေးတောင်းဆိုမှုများနှင့် ရင်ဆိုင်နေရ၏။တစ်ဖက်က  သူတို့၏ ဆက်သွယ်ရေးစနစ်သို့ ဝင်ရောက်ရန် အတင်းအကြပ် ကြိုးစားခဲ့သည်။


" ဘော့စ် ကြည်နူးဖို့အချိန်မဟုတ်သေးဘူး… သူတို့က ဗီဒီယိုခေါ်ဆိုမှုကို အတင်းအကြပ်လုပ်ဖို့ ကြိုးစားနေတာသူတို့ နည်းပညာအဆင့်က ကျွန်တော်တို့ထက် ပိုမြင့်တယ်…ကျွန်တော် ဆက်မထိန်းနိုင်တော့ဘူး"


လင်းယောင်ယောင် က သူ့ကို အပြစ်မတင်ကြောင်း လင်းရွှမ် သိလိုက်ရပြီးဖြစ်၍ ကျနေသည့် စိတ်ဓာတ်များ တစ်ဖန်ပြန်တက်လာ၏။ ထို့အပြင် သူမက  သူ့ကို နှစ်သိမ့်ရန်ပင် ကြိုးစားနေသဖြင့် သူလည်း စိတ်သက်သာရာ ရသွားသည်။


 "လက်ခံလိုက်"


 အမိန့်ပေးခန်းတွင်၊ ဗီဒီယိုခေါ်ဆိုမှုကို ထပ်မံချိတ်ဆက်ခဲ့သည်။


ဝေ့လင်း သည် မျက်လုံးများ နီရဲနေလျက် သူ့ချစ်ဇနီးနှင့် 30-50% ဆင်တူသည့် ကောင်မလေးကို လောဘကြီးစွာ ကြည့်နေ၏။ တစ်ဖန် သူသည် မိန်းကလေး၏ပခုံးကို ဆုပ်ကိုင်ထားဆဲဖြစ်သော ကောင်လေး လင်းရွှမ် ကို ဒေါသတကြီး စိုက်ကြည့်နေလိုက်သည်။ဤတစ်ကြိမ် နှစ်ဖက်ကြား ဆွေးနွေးမှုဟာ အလွန်ရိုးရှင်းသည်။


ဝါ့ဒ်မိန်း သည် Narai ဖက်ဒရေးရှင်းမှ ဆင်းသက်လာသောကြောင့် အရှင်သခင် အင်ပါယာကို ကောင်းစွာ မကိုင်တွယ်နိုင်ပေ။  သူသည် လင်းရွှမ် ၏ဖခင် လင်းထျန်းယွဲ့ နှင့် တိုက်ပွဲများစွာ ဆင်နွှဲခဲ့ဖူးသည်။ လင်းရွှမ် ဘယ်လောက်ရိုးသားနေပါစေ၊ သူ့ကို ယုံကြည်ပြီး အဖွဲ့တစ်ခုလုံးကို လက်ခံဖို့၊ အထူးသဖြင့် မက်မွန်သီးရောင်ဇာ့ခ်ကို လက်ခံဖို့ မဖြစ်နိုင်ချေ။


လင်းရွှမ် သည် တာဇာကြယ်ပွင့်မဟာမိတ် နှင့် မပူးပေါင်းခဲ့လျှင်ပင် အရှင်သခင် အင်ပါယာမှ လူတစ်ဦးဖြစ်နေ၍ သူ့ကို မယုံကြည်နိုင်ပေ။  ဝေ့လင်းကို ပြန်ယူဖို့ ကြိုးစားနေသည်ကိုလည်း ရှင်းရှင်းလင်းလင်း ပြောထားသော်ငြား သူနှင့်ဘာမှ မဆိုင်ပေ။


အကယ်၍ တန်းတူညီတူ ပူးပေါင်းဆောင်ရွက်လိုပါက၊ တစ်ဖက်မှ စစ်သင်္ဘောထိပ်ရှိ မက်မွန်သီးရောင်ဇာ့ခ်သည် သူတို့ဖက်မှ လူများကို ရိက္ခာအဖြစ် မစားသုံးကြောင်း သေချာစေရန် နောက်ထပ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရမည်ဖြစ်သည်။ထို့အပြင်၊ သူနှင့်အတူ ဆယ်စုနှစ်များစွာ အတူရှိခဲ့သော ညီအစ်ကိုများနှင့် လက်အောက်ငယ်သားများ၏ လုံခြုံရေးအတွက်လည်း တာဝန်ရှိသည်။


ထို့ကြောင့်လည်း ဝါ့ဒ်မိန်း မှာ အပြစ်ရှိသည်ဟု မဆိုလိုပေ။ လူတိုင်းမှာ မတူညီသည့် အကြောင်းကိစ္စများနှင့် ဦးစားပေးရမည့် အရာများ ရှိ၏။


တစ်ဖက်တွင် ဝေ့လင်းသည် ထိုမိန်းကလေးက သူ့သမီးဖြစ်နိုင်သောကြောင့် စွန့်စားရန်ရွေးချယ်ခဲ့သည်။ သူ့သမီးကို ပြန်ပေးဆွဲသွားသော ကောင်စုတ်လေး လင်းရွှမ် ကို သူ,မကြိုက်သော်လည်း ယုံကြည်ရမည်ဟု ခံစားမိသည်။ လင်းမိသားစုသည် တာဇာကြယ်ပွင့်မဟာမိတ် နှင့် ဘယ်သောအခါမှ ပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်း သူယုံကြည်မိသည်။


 ရလဒ်အနေဖြင့် ကိစ္စများသည် ပိုမိုရိုးရှင်းလာသည်။  ဝေ့လင်း က "လင်းရွှမ်  မင်းရဲ့အာကာသယာဉ်က ငါ့မိသားစုနဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံဖို့ ဧည့်သည်အနေနဲ့ ကြိုဆိုမလားမသိဘူး"


လင်းရွှမ် က ပြုံးပြီးပြောလိုက်သည်။


 "ဦးလေးဝေ့…ဘာတွေပြောနေတာလဲ…ရပါတယ် ဦးလေး ရောက်လာတာကို အရမ်းကြိုဆိုမှာပါ"


ထို့နောက် ဗီဒီယိုကောလ်ခေါ်ဆိုမှုက ပြန်မြည်လာပြန်၏။


ဝေ့လင်း အတွက်၊ လင်းရွှမ်သည် ယုံကြည်နိုင်လောက်စရာ မဟုတ်သောကြောင့် ဤသည်မှာ သေချာသော အန္တရာယ်တစ်ခုဖြစ်သည်။ သို့သော်လည်း ဇနီးနှင့်သားသမီးများကို ကြယ်ပင်လယ်ဓားပြ အာကာသယာဉ်ပေါ်တွင် ထားခဲ့ရန် ဆန္ဒမရှိပေ။‌


ဝေ့လင်း ကို မတားနိုင်မှန်း ဝါ့ဒ်မိန်း လည်းသိသည်။ ဝေ့လင်း မှာလည်း နှလုံးသားရှိနေသောကြောင့် သူ့ကို အတင်းနေခိုင်းလျှင် ရန်သူဖြစ်ရချေတော့မည်။


ထို့ကြောင့် ဝါ့ဒ်မိန်း က "ငါတို့ ဆယ့်ခုနစ်နှစ်ကြာ လက်တွဲခဲ့တယ်…ပြီးတော့ ငါတို့ဦးခေါင်းခွံဓားပြ အာကာသယာဉ် ပေါ်မှာလည်း အရှင်သခင် အင်ပါယာက လူသားမျိုးနွယ်တွေ အများကြီးရှိတာကြောင့် မင်းကို ငါယုံနိုင်တာပေါ့…လင်းရွှမ်ဆိုရင်တောင်မှ  မယုံနိုင်ဘူး…မင်းက ငါတို့ကို ပြန်ပေးဆွဲဖို့ လင်းမိသားစုကို ဘယ်တော့မှ ကူညီပေးမှာမဟုတ်ဘူး… မင်း တစ်ကယ်သာ လူသားကြယ်ပွင့်နယ်မြေ ကိုပြန်သွားနိုင်ဖို့ အခွင့်အရေးရှိတယ်ဆိုရင် ငါတို့ရဲ့အတိတ်က ချစ်ခြင်းမေတ္တာကိုငဲ့ပြီး ငါတို့ကိုလည်း ကူညီပါဦး"


 "အင်း.. လင်းရွှမ် ဟာ တစ်ကယ်ကို ယုံကြည်စိတ်ချရတယ်လို့ အတည်ပြုပြီးရင် ငါတို့ ပူးပေါင်းလို့ ရတယ်လေ"


ဦးခေါင်းခွံဓားပြအဖွဲ့၏ အခြေစိုက်စခန်းသည် စွန့်ပစ်ထားသော အရင်းအမြစ်ကြယ်ပွင့်ဖြစ်သော်လည်း သူတို့အဖွဲ့၏ တိုက်ခိုက်ရေးသမားအများစုသည် အာကာသယာဉ်ပေါ်တွင် နေထိုင်ကြသည်။ သက်ကြီးရွယ်အိုများ၊ အားနည်းသူများ၊ ဖျားနာပြီး မသန်စွမ်းသူ ဆွေမျိုး အများအပြားကလည်း ထိုအနီးနားတွင် နေထိုင်ကြသည်။


ဝေ့လင်း သည် အထူးအန္တရာယ်ရှိသော အလုပ်များကို တစ်ယောက်တည်း လုပ်ဆောင်ရုံမှလွဲ၍ ချမ့်ယောင် နှင့် သားနှစ်ယောက်ကို အချိန်အကြာကြီး မပစ်ထားခဲ့ပေ။ ထို့ကြောင့် ချမ့်ယောင် နှင့် ကလေးနှစ်ယောက်တို့သည် အာကာသယာဉ်ထဲတွင်သာ နေထိုင်ကြသည်။




xxxxxxx