အခန်း၁၄၇
Viewers 12k

Chapter 147

(ပြန်လည်ဆုံစည်းခြင်းညစာစားပွဲ)

 


သူမသည် ဝေ့ယိုနှင့် စကားပြောရန် ထိုင်ချလိုက်ပြီး ကလေးငယ်၏ ပျော့ပျောင်းသော ဆံပင်ကို ထိလိုက်ကာ


 "မင်းနာမည်က ယိုယိုလား"


ဝေ့ယိုက ချစ်စဖွယ်ကောင်းအောင် ပြုံးလိုက်သည်။


  "ဟုတ်တယ် ကျွန်တော့်အစ်ကိုက ဝေ့ကျော ...ကျွန်တော်က ဝေ့ယို...အစ်မက ကျွန်တော့်ကို ယိုယို လို့ ခေါ်နိုင်တယ်"


 ကလေးက အလွန်ချစ်စရာကောင်းသဖြင့် လင်းယောင်ယောင် သည် သူ၏ နူးညံ့သော မျက်နှာလေးကို ညှစ်ထားရင်း လက်ပိုက်ထားသည့် ဝေ့ကျောကို ပြောလိုက်၏။


 " ကျောကျော အစ်မနဲ့ အရသာရှိတဲ့ အစားအစာတွေ စားချင်လား"


ဝေ့ကျော က လက်ဆွဲခေါ်ဟန်ပြင်နေသည့် သူမကို အရေးမစိုက်သလိုကြည့်၍ လက်ပိုက်ထားသည်ကို မဖြုတ်ဘဲ အေးစက်စွာပြောလိုက်သည်။


"ကျွန်တော်က အရသာရှိတဲ့ အစားအသောက်တွေနဲ့ ဖျားယောင်းလို့ရတဲ့ ကလေးမဟုတ်ဘူး" 


ချမ့်ယောင် သည် သူမကို တစ်ဖန်ပြန်ကိုင်လိုက်ပြီး ဝေ့ကျော ကို တစ်ချက်ကြည့်၍...


  "သူ့ကို ဂရုမစိုက်နဲ့....သူက ဒီလိုပဲ ပြောလို့ဆိုလို့ မကောင်းဘူး...အမေ သူနဲ့အတူ နောက်မှလိုက်လာခဲ့မယ်"


လင်းယောင်ယောင် သည် ဤကိစ္စ ကြောင့် မိဘများ၏ချစ်ကို သူမ လုယူသွားကြောင်း ကလေးကို မခံစားစေလိုပေ။ထို့ကြောင့်  သူမသည် ဝေ့ယို လက်နှင့် ချမ့်ယောင် လက်ကို ဆွဲခေါ်လာပြီး ဝေ့ကျော ဆီသို့ လျှောက်သွား၍ သူ့ကိုလက်ကမ်းလိုက်ပြန်သည်။


  "မင်္ဂလာပါ ကျောကျော... ငါက မင်းရဲ့အစ်မ ယောင်ယောင် ပါ"


ဝေ့လင်း က သူ့သားအကြီးဆုံးက အဆင်မပြေဖြစ်နေသည်ကို မြင်သောအခါ သူ အသာကြည့်မနေနိုင်တော့ပေ။


 "မင်း အစ်မကိုတွေ့တာ ဘယ်လိုခေါ်ရမှန်းတောင် မသိဘူးလား...စိတ်ကလည်း ပျော့လိုက်တာ  မင်းယောက်ျား‌ရော ဟုတ်လို့လား"


ဝေ့ကျော ချက်ချင်း ပေါက်ကွဲသွား၏။


 "ဟုတ်တယ် ကျွန်တော်က ယောက်ျား"


 နောက်ဆုံးတွင် သူသည် သူ့လက်ကို လင်းယောင်ယောင် အား ပေးခဲ့သော်လည်း အလွန်ပင် စိတ်မပါလက်မပါ ဖြစ်နေပုံနှင့် ပေးလာသည်။


 "ခင်ဗျား အသက်ဘယ်လောက်ရှိပြီလဲ ဆိုတာ ကျွန်တော်ဂရုမစိုက်ဘူး…ဘာပဲဖြစ်ဖြစ် ခင်ဗျားက မိသားစုထဲကို နောက်မှရောက်လာတာဆိုတော့ ကျွန်တော့်ကို အစ်ကိုကြီးလို့ ခေါ်ရမှာပဲ...ခင်ဗျားကိုတော့ အစ်မလို့ ခေါ်မှာမဟုတ်ဘူးနော်"


လင်းယောင်ယောင် က ရယ်မောလိုက်ပြီး  ဝေ့ကျော လက်ကိုဆွဲကိုင်ကာ အထဲကို ၀င်သွားလိုက်သည်။ 


"ကောင်းပါပြီ... မောင်လေး"


ဝေ့ကျော: "ကျွန်တော်ပြောတယ်လေ... အစ်ကိုကြီးလို့ ခေါ်ရပါမယ်ဆို"


လင်းယောင်ယောင်: "အာ မင်းက ငါ့ထက်ငယ်နေတာဆိုတော့ သေချာပေါက် မောင်လေးပေါ့"


ဝေ့ယို သည် သူ့အစ်မဆီကို ပြေးလာကာ ကျန်လက်တစ်ဖက်အား ကိုင်ထားလိုက်သည်။ မောင်နှမ သုံးယောက်မှာ ဆူညံနေသော်လည်း အတော် လိုက်ဖက်ညီနေ၏။အနည်းဆုံးတော့ စကားမပြောဘဲ သူစိမ်းဆန်နေခြင်းထက် ပိုကောင်း‌သည်။


ဝေ့လင်း နှင့် ချမ့်ယောင် သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။ သူတို့နှလုံးသားထဲမှာ ရွှင်လန်းကျေနပ်မှုတို့ဖြင့် ပြည့်နှက်နေလျက်ရှိသည်။သို့သော်၊ ဝေ့လင်းအကြည့်က လင်းရွှမ် မျက်နှာကို တွေ့လိုက်သည့်အခါ အပြုံးတို့ရပ်တန့်သွားပြန်သည်။


 အဆာပြေမုန့်များ၊ သစ်သီးဖျော်ရည် စသည်တို့ကို ဧည့်ခန်းရှိ ကော်ဖီစားပွဲပေါ်တွင် တင်ထားသည်။ တာဇာကြယ်ပွင့်နယ်မြေတွင် သရေစာများနှင့် လတ်ဆတ်သော သစ်သီးဝလံများမှာ အထူးသဖြင့် ကြယ်ပင်လယ်ဓားပြများအတွက် အလွန်ရှားပါးသည်။ တော်တော်များများကို သူတို့သည်  အရသာတစ်မျိုးတည်းရှိသည့် အာဟာရဖျော်ရည်ကိုသာ စားကြသည်။ သို့မဟုတ်လည်း အညစ်အကြေးများ စွန့်ထုတ်ထားသည့် ဇာခ့် အသားများကို ရံဖန်ရံခါစားနိုင်သည်။ ဇာ့ခ်အသားမှ အညစ်အကြေးများအား စီမံဆောင်ရွက်သည့် နည်းလမ်းသည် ရိုးရှင်းပြီး လင်းယောင်ယောင် လိုမျိုး အရသာက ထူးခြားမနေပေ။ ဝေ့ယိုက ဝမ်းသာအားရဖြင့် အော်လိုက်သော်လည်း ချက်ချင်း မယူရဲသေးပေ။


"အရသာရှိတဲ့ အစားအစာတွေ အများကြီးပဲ" 


ထို့နောက် သူက စိတ်အားထက်သန်စွာနှင့်လင်းယောင်ယောင် ကို မေးလိုက်သည်။


 "အစ်မ၊ ဒါတွေစားလို့ရမလား" 

 

ဝေ့ကျော နှင့် အစ်မဖြစ်သူမှာ စောစောက ကတောက်ကဆဖြစ်နေသည်ကို အရေးမစိုက်သည့်အလားပင်။ 


လင်းယောင်ယောင် ကလည်း ပြုံးပြီးပြောသည်။


 "ရတယ်... မင်း ဒီဇာ့ခ်အသားနဲ့လုပ်ထားတဲ့ အဆာပြေမုန့်တွေကို  မကြောက်တော့ မကြောက်ဖူးမလား"


ဝေ့ယို စိတ်ထဲမှာ သူမ၏ စကားများက ထူးဆန်းနေသည်ကို တွေ့လိုက်ရသည်။  


ဇာ့ခ်အသားက ဘာလို့ ကြောက်စရာကောင်းရမလဲ...


 သူတို့စားနိုင်သည့် တစ်ခုတည်းသောအသားက ဇာ့ခ်အသားပင်။ သို့သော် ပြောပလောက်အောင် အရသာမရှိလှပေ။ သူ့အမေလုပ်ထားသည့် ဇာ့ခ်ဟင်းချိုကမူ စက်ရုပ်လုပ်ထားသည်ထက် နည်းနည်း ပိုကောင်းသည်။


ဝေ့ကျော က စားပွဲပေါ်ရှိ အဆာပြေများကိုကြည့်ရင်း စားချင်စိတ်ဖြစ်လာသည်။ သို့သော် သူသည် အရသာရှိသော အစားအစာများကို မတပ်မက်ကြောင်း အားလုံးသိစေရန် စိတ်လှုပ်ရှားဟန်မပြု‌ချေ။


 အမွှာညီအစ်ကိုနှစ်ယောက်သည် အလွန်ဆင်တူသော်လည်း သူတို့ နှစ်ယောက်ကြားက ခြားနားချက်ကို သူမ ချက်ချင်းခွဲခြားသိသွားခဲ့သည်။


ဝေ့လင်း က အံ့သြတကြီးနှင့် မေးလာသည်။


"အရှင်သခင်အင်ပါယာက ဇာ့ခ်ကိုစားတယ်လား"


ချမ့်ယောင် လည်း စိုးရိမ်နေပုံရသည်။  


"အင်ပါယာမှာလည်း အရင်းအမြစ်တွေ ကုန်ခမ်းပြီး စားနပ်ရိက္ခာ ပြတ်လပ်နေတာလား"


ထို့ကြောင့်၊ လင်းယောင်ယောင် က သူတို့ ဘာကြောင့် ဇာ့ခ်များအား စားရ ကြောင်းကို ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်။


ခဏကြာပြီးနောက် ဝေ့ယို သည် ဟင်းခတ်အမွှေးအကြိုင်ငါးမျိုးထည့်ထားသော ဇာ့ခ်အသားတစ်ပိုင်းကို စားလိုက်သောအခါ အရသာကြောင့် သူ ထိတ်လန့်သွားသည်။ မွေးကတည်းက ယခုလိုအရသာရှိသည့် အစားအသောက်ကို တစ်ခါမှ မစားဖူးသေး‌ပေ။


 အခြားနည်းလမ်းမရှိပေ။ တာဇာကြယ်ပွင့်နယ်မြေသည် အရင်းအမြစ်များ ချို့တဲ့ပြီး စားနပ်ရိက္ခာ ရှားပါးသည်။ အများစုသည် ဇာ့ခ်အသားကို အစိမ်းလိုက်စားချင်ကြသည်။ထို့အပြင် ဂြိုလ်ပေါ်မှာလည်း ချက်ပြုတ်ရန် သင့်လျော်သော ဟင်းခတ်အမွှေးအကြိုင်များ မရှိချေ။ ဦးခေါင်းခွံဓားပြများ၏ ဒုတိယ ခေါင်းဆောင်ဖြစ်သည့် ဝေ့လင်း မှာ သူ့ဇနီးနှင့် ကလေးများကို အစားအသောက် အလုံအလောက် ပေးနိုင်ခဲ့၏။ သို့သော် တစ်ခါမှ ကောင်းကောင်းမွန်မွန် စားရသည်ဟူ၍ မရှိခဲ့ပေ။ထို့ကြောင့် ဝေ့ယိုအတွက် နတ်သုဒ္ဓတစ်မျှ အရသာရှိနေတော့သည်။


 "ကောင်းလိုက်တာ!"


ဝေ့ယိုသည် လတ်ဆတ်သောမက်မွန်သီးကြီးတစ်လုံးကို ညာဘက်လက်တွင် ကိုင်ထားရင်း ဘယ်လက်ဖြင့် ပါးစပ်ထဲသို့ အခြားအသားခြောက်များစွာကို အတင်းစားနေ၏။ဝေ့ကျော သည် မုန်းတီးသောအကြည့်ဖြင့် သူ့ငတုံး ညီလေးကို ကြည့်လိုက်သည်။  


ဒါပေမယ့်...တစ်ကယ်ကြီး အရမ်းအရသာရှိသလား


ထို့နောက် လင်းယောင်ယောင် သည် ဝေ့ကျော လက်ထဲသို့ ဝက်သားခေါက်ဆွဲပန်းကန်ကို ထည့်ပေးလိုက်သည်။  


" ကျောကျော ကိုယ်တိုင်စားကြည့်ပါလား"


ဝေ့ကျော က ပန်းကန်ကို တွန်းထုတ်လိုက်ပြီး မစားချင်ဘူးဟု ပြောချင်သော်လည်း သူ့ဗိုက်က ငြင်းဆန်မရပေ။ထို့ကြောင့် ပန်းကန်ကို ယူလိုက်ပြီး


  "ဒါဆိုလည်း စားကြည့်‌ရသေးတာပေါ့" 


 ဇာ့ခ်အသားခြောက်တစ်ပိုင်း သူ့ပါးစပ်ထဲဝင်သွားပြီးနောက် ဝေ့ကျော ၏ မျက်လုံးဝိုင်းဝိုင်းများသည် အံ့သြစွာပင် ပို၍ ပြူးကျယ်သွားသည်။ သူ့စိတ်ထဲမှာ အတော်လေး ထူးကဲသည့် အရသာကို ခံစားလိုက်ရသော်ငြား… 


 "ဒါက ပုံမှန်ပါပဲ...အစ်မက ကြိုးကြိုးစားစား ချက်ထားတော့လည်းစားပေးရတာပေါ့"


လင်းယောင်ယောင် မှာ အူယားလာသဖြင့် ဝေ့ကျော၏ မျက်နှာလေးကို ဖျစ်ညှစ်ချင်စိတ်ပေါက်လာရသည်။ ပြောဆို၍ အဆင်မပြေသည့် မောင်လေးကလည်း အင်မတန်ချစ်စရာကောင်းလှသည်။ဝေ့ကျော က ပါးကို လာဖျစ်မည့် သူမလက်ကို ခပ်မြန်မြန် ရှောင်ထွက်သွားပြီး 


"ဟာ အစ်ကိုကြီးကို ဘယ်လို ဆက်ဆံရတာလဲ"


 သို့သော် ဝေ့ယိုက တစ်ဖန် ပြောလာ၏။


  "အစ်မ ကျွန်တော့်မျက်နှာကိုလည်း ကိုင်ရမှာပေါ့"


ထိုအခါ သူမလည်း ဝေ့ယို မျက်နှာကို  ဖမ်းကိုင်ကာ ပါးစပ်မှ မုန့်အကြွင်းအကျန်များကို သုတ်ပေးလိုက်ပြီး ဖောင်းနေသော ပါးပြင်ကို ပုတ်လိုက်သည်။ 


 "ဖြည်းဖြည်းစား...အရမ်းကြီးလည်း မစားနဲ့ဦး...ညစာစားဖို့ ဗိုက်ကို ချန်ထားဦး"


အနည်းငယ် တုံးအပြီး  ချစ်စရာကောင်းသည့် မောင်လေးကလည်း အတော် ချစ်ဖို့ကောင်းလှသည်။ 


ဝေ့လင်း နှင့် ချမ့်ယောင် တို့သည် မနက်စာစားပြီး ဖြစ်သော်လည်း လင်းယောင်ယောင် က အတော်စားကောင်းသည်ဆို၍ မြည်းကြည့်လျှင် အံ့သြတကြီး ဖြစ်ကုန်ကြသည်။ အထူးသဖြင့်၊ အလွန်ကောင်းမွန်သော အရန်ကုထုံးအကျိုးသက်ရောက်မှုကို ခံစားခဲ့ရကာ အနိမ့်ဆုံးအဆင့် ဇာ့ခ်အသားပါဝင်ပစ္စည်းများဖြင့်သာ ပြုလုပ်ထားခြင်းကြောင့်လည်း ပိုအံ့အားသင့်မိသည်။


ချမ့်ယောင် က ခေါင်းညိတ်ပြီး "ယောင်ယောင် က အစားအသောက်ကုထုံးမှာ အရမ်းထူးချွန်ပုံရတယ်…ဆေးဝါးကုထုံးတွေထက် အဆင့်ကမနိမ့်ဘူး"


ထိုစဉ် လင်းယောင်ယောင် နာမည်ကို ချမ့်ယောင် အနည်းငယ် အံ့သြသွားမိ၏။  


"ဒီနာမည်က သမီး အဖေနဲ့ အမေ့နာမည်  နှစ်ခုကို ပေါင်းစပ်ထားတာတာပဲ...တစ်ကယ်ကောင်းတယ်"


ထိုအခါ လင်းယောင်ယောင် သည် သူမ၏ အာကာသခလုတ်ထဲမှ ချမ့်ယောင်၏ ဆွဲကြိုးကို ထုတ်လိုက်သည်။  "လင်း& ယောင်" ဟူသော စကားလုံးများကို ဆွဲကြိုးပေါ်တွင် ရေးထိုးထားသည်။


"ဟုတ်တယ်...သမီးနာမည်မှာ အဖေနဲ့ အမေနှစ်ယောက်စလုံးရဲ့ နာမည်ပါတယ်"


ဤရင်းနှီးသောလည်ဆွဲကို သူမမြင်သောအခါ ချမ့်ယောင် စိတ်လှုပ်ရှားသွားသည်။သို့သော်၊မကြာမီ ထိုအချိန်က အဖြစ်အပျက်ကို ပြန်တွေးကြည့်ပြီး မျက်လုံးများက နည်းနည်းနီလာ၏။  


"ဒီလည်ဆွဲက တစ်ကယ်ရှိနေခဲ့တာကိုး"


 သို့သော် ဤလည်ဆွဲကိုမြင်ပြီးနောက်၊ သူမသည် လင်းယောင်ယောင် အသက်ရှင်သန်ခဲ့သည့် အကြောင်းရင်းကိုပင် ရှာဖွေတွေ့ရှိခဲ့သည်။


 " အမေ ကင်းမြီးကောက်နီ ကြယ်ပင်လယ်ဓားပြတွေ လက်ထဲမှာရှိတုန်းက အမေ့ကို အစားအသောက်လာကျွေးတဲ့ အစ်မတစ်ယောက်ရှိတယ်… ဓားပြတွေကလည်း သူ့သမီးနဲ့သူမကို ပြန်ပေးဆွဲထားတာပဲ...ပြီးတော့ သမီးငယ်လေးနဲ့ဆိုတော့ ကင်းမြီးကောက်နီဆီမှာ လက်နက်ချခဲ့တာ...သူမမှာလည်း သမီးရှိတယ်ဆိုတော့ အမေ့ကို ကိုယ်ချင်းစာပြီး ပြုစုစောင့်ရှောက်ပေးခဲ့တယ်…အခု ပြန်စဉ်းစားကြည့်လိုက်ရင် အဲဒီအစ်မင သမီးရဲ့ ကယ်ဆယ်ရေးအခန်းထဲမှာ ချိန်ကိုက်ဗုံးတစ်လုံး တပ်ဆင်ထားတယ်ဆိုတာ အစ်မ သိခဲ့ပုံရတယ်...သမီး‌ မသေအောင် သူပဲ ကယ်ပေးတာနေမှာ"


ယခုအချိန်အထိ သွေးစစ်ခြင်း မပြုလုပ်ရသေးသော်လည်း ဝေ့လင်းနှင့် ချမ့်ယောင်တို့ နှစ်ဦးစလုံး လင်းယောင်‌ေယာင်သည် သူတို့၏သမီးအရင်းဖြစ်ကြောင်း အပြည့်အဝ အသိအမှတ်ပြုခဲ့ကြသည်။ ထို့နောက် သူတို့သည် ဝေ့မိသားစု၏ လက်ရှိအခြေအနေနှင့် လင်းရွှမ် ၏အဖွဲ့က ဤ တာဇာ ကြယ်ပွင့်ကွင်းပြင်သို့ မည်သို့ရောက်ရှိလာပုံတို့ကို အသေးစိတ်မေးမြန်းကြသည်။


ဝေ့လင်း နှင့် ချမ့်ယောင် အား 168 သည် လူသားမစားကြောင်း သက်သေပြရန်အတွက် လင်းရွှမ် က သူ့လူများကို လင်းယောင်ယောင် လတ်လတ်ဆတ်ဆတ်လုပ်ထားသော ဆေးဖက်ဝင်ဟင်းချိုအား 168 ဆီ ပေးပို့ခိုင်းလိုက်သည်။ ထိုဖြစ်ရပ်ကိုလည်း  တိုက်ရိုက်ထုတ်လွှင့်ဖို့ ဆက်သွယ်ရေးစက်မှ ကင်မရာများကိုလည်း ဖွင့်ထားသည်။


 168 သည် ဤလူသားများ၏ နည်းပညာမြင့်ထုတ်ကုန်များအကြောင်းကို ကောင်းစွာနားလည်နေပြီဖြစ်သည်။  အစားအသောက်များ ပေးပို့ရန် တာဝန်ရှိသော လီနန် ၏ မက်ခါတွင် ဖွင့်ထားသည့် ကင်မရာကို အာရုံစူးစိုက်စွာပင် သူမက စားပြလိုက်လေ၏။ 168 ထို့နောက် လီနန်နှင့် စိတ်စွမ်းအင်ကို အသုံးပြု၍ သူငယ်ချင်းများဖြစ်သော လင်းယောင်ယောင် ၊ 012 တို့နှင့် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုခဲ့သည်။ လီနန် သည် 168 ၏ စကားများကို ကြားထဲက ဘာသာပြန်ကာ တစ်ဖန်သတင်းပို့လိုက်၏။


 168 သည် ယခုအခါ အာကာသယာဉ်၏ ဦးခေါင်းတွင် ရှိနေသည်။သူမသည် အာကာသ လေဟာနယ်ထဲတွင် အချိန်အကြာကြီး အသက်ရှုနိုင်ကာ၊ မာကျောသော အခွံတို့သည် စွမ်းအင်တိုက်ခိုက်မှုများကို ခုခံနိုင်သော်လည်း အနည်းငယ် အားနည်းနေသေးသည်။ ထို့ကြောင့် လောလောဆယ်တွင် 168 သည် အာကာသယာဉ်၏ ကာကွယ်ရေးကို ဖြတ်ကျော်ပြီး ယခင်ကကဲ့သို့ လင်းယောင်ယောင် နှင့် တိုက်ရိုက်စကားပြော၍မရချေ။


လီနန် သည် ဤသုံးပွင့်ဆိုင်စကားဝိုင်းတွင် 168၏ စကားများအား တုပ၍ ပြောပြရလေသည်။ 


 "လင်းယောင်ယောင် သူငယ်ချင်းလေး... 012 သူငယ်ချင်းလေး…ကလေး ဒီမှာ လေအေးတွေကြောင့် စိတ်မသက်မသာဖြစ်နေရတာ...ကလေးက ဖြူစင်ပြီး နူးညံ့နေတာဆိုတော့ ငါ့ရဲ့ နုပျိုတဲ့ အသားအရေက လေတိုက်လို့ ကြမ်းတမ်းလာတယ်…လာကယ်ပါဦး...ဒီမှာ ခွန်အားတွေ နည်းပြီး အရမ်းကြီးတောင် မလှုပ်ရဲတော့ဘူး…ဒီနေ့ ငါ့အတွက် လာပေးတဲ့ အသားဟင်းက အရမ်းအရသာရှိတယ်၊ ဒါပေမယ့် နည်းနည်းတော့ သေးတယ်နော်... လူဆိုးကြီး လင်းရွှမ်ရေ...ဘယ်လိုလုပ်ပေးမှာလဲ"


 ဗိုလ်မှူး လီနန်သည် အစပိုင်းတွင် လင်းယောင်ယောင်အား ဇာ့ခ်ဘုရင်မ ဂူထဲသို့ မချဉ်းကပ်ရန် အေးစက်ပြီး တင်းကြပ်သော စစ်သည် တစ်ယောက်ဖြစ်ခဲ့သည်။ သူသည် ယခင်က ကြောက်မက်ဖွယ်ကောင်းသော ဇာ့ခ်ဘုရင်မနှင့် တိုက်ရိုက်စကားပြောခဲ့ဖူးသော်လည်း ယခုလို ချွဲပျစ်နေအောင် ပြောလာလိမ့်မည်ဟုမထင်ထားပေ။  ရက်စက်ကြမ်းကြုတ်ပြီး လူသားစားသည့် ဇာ့ခ်ဘုရင်မမှာ သူ့ကိုယ်သူ "ကလေး" ဟု  ပြောနေ၍ အားတင်းထားသမျှ စိတ်ဓာတ်တို့ ပြန်လျော့သွားရလေသည်။


 လီနန်၏ အစီရင်ခံစာကို သူမကြားလိုက်သောအခါ လင်းယောင်ယောင် အနည်းငယ်ရှက်ရွံ့အားနာသွားခဲ့သည်။  


"မရှိတော့ဘူး... မင်းရဲ့အသားကို ထပ်ဖြတ်လို့မရတော့ဘူးဆိုတော့ ငါ့မှာလည်း အသားက သိပ်မကျန်တော့ဘူး... 168ရေ ကျေးဇူးပြုပြီး စားတော့"


လင်းရွှမ် လည်း ပေါ့ပေါ့ပါးပါးပြောသည်။


 "ငါအမြန်ဆုံးဆင်းဖို့ နေရာရှာလိုက်မယ်"


 012 သည် ၎င်းတို့၏ နံဘေးမှ အကိုင်းအခက်များနှင့် သစ်ရွက်များကို လှုပ်ခါသွားကာ လင်းယောင်ယောင် ကို ပြောလိုက်သည်။


 "012 ကလည်း မင်းကို အရမ်းလွမ်းတယ်လို့ ပြောတယ်...168 က အကောင်းဆုံးပဲ"


ဝေ့ယိုသည် မက်မွန်သီးရောင်ဇာ့ခ်မှာ မည်မျှအန္တရာယ်ကြီးပြီး ကြောက်စရာကောင်းသည်ကို မသိသောကြောင့် ထိုအကောင်ကြီးကို မြင်မြင်ချင်း  အရသာရှိမည်ဟု တွေးလိုက်မိသည်။


ဝေ့လင်း သည် ဝေ့ယို ၏ ကလေးဆန်သော စကားလုံးများက မက်မွန်သီးရောင်ဇာ့ခ်အား ရူးသွပ်စေမည်ကို စိုးရိမ်သောကြောင့် ဝေ့ယို ပါးစပ်ကို အမြန် ပိတ်ထားလိုက်သည်။


 လီနန်သည်လည်း ထိုအတိုင်း တွေးခဲ့သည်။ နောက်မကြာခင် ဧရာမ ဇာ့ခ်ဘုရင်မကြီးက သူ့တို့အားလာကိုက်မှာကို သူ ကြောက်သွားမိ၏။ သို့သော်၊ တစ်ဖက်မှရောက်လာသော နောက်ထပ်ဝိညာဉ်ရေးအတွေးမှာ


 "ဟာ...ဖြူစင်ပြီး နူးညံ့သိမ်မွေ့လိုက်တဲ့ လူသားကလေးပါလား...ကလေးကို ချီးမွမ်းတဲ့အတွက် ကျေးဇူးတင်တယ်နော်… မင်းလည်း အရသာရှိပါတယ်"


ဆက်သွယ်မှုပြီးသွားသောအခါတွင် အလွန်တုန်လှုပ်သွားသော ဗိုလ်မှူးလီနန်သည် အာကာသယာဉ်ဆီသို့ ပြန်ရောက်လာသည်။


ထို့နောက် လင်းယောင်ယောင် က 168 သည် အရသာရှိသည်ဆိုသည်မှာ ချီးမွမ်းခြင်းဟု ယူဆကြောင်း ရှင်းပြခဲ့ရာ ဝေ့လင်း နှင့် ချမ့်ယောင် တို့နှစ်ယောက်လုံး အံသြသွားကြသည်။


လင်းရွှမ် ဘက်မှလည်း ပိုမိုရင်အေးသွားရလေအောင် ထပ်မံပြောရလေသည်။ အမှန်မှာ၊ဇာ့ခ်ဘုရင်မအား ထိန်းကျောင်းရခြင်းသည် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသူများသာ လုပ်သည်ဟု သူလည်း အစက ထင်ခဲ့သည်။ သူသာ ကိုယ်တွေ့မကြုံခဲ့ရပါက၊ မက်မွန်သီးရောင်ဇာ့ခ်ကို နှိမ်နင်းရန် အစားအစာကို အားကိုးခြင်းသည် ရယ်စရာကောင်းကြောင်း တွေးမိပေလိမ့်မည်။


Green star တစ်ယောက်အနေဖြင့် ချမ့်ယောင် သည် သွေးစပျစ်နွယ်ပင်၏ 012 စကားကို ကြားနိုင်သဖြင့် ပို၍ အံအားသင့်သွားသော်လည်း လင်းယောင်ယောင် ပြောသည့်စကားကို သူမ လုံးလုံးယုံကြည်ခဲ့သည်။


"ဒီအကြောင်းတွေပြောရင် ဗိုက် တောင်ဆာလာပြီ... ဇာ့ခ်ဘုရင်မကိုတောင် အနိုင်ယူနိုင်တဲ့ ဒဏ္ဍာရီဆန်ဆန် အစားအစာတွေကို စားရမှာဆိုတော့ အမေ ကံကောင်းတာလားပဲ…အမေလည်း ခဏခဏ ချက်ပြုတ်လေ့ရှိတယ်...ဒါကြောင့် ယောင်ယောင် ကို ကူညီနိုင်မှာပါ"


ဝေ့လင်း သည်လည်း စူးစမ်းလိုစိတ်နှင့် မျှော်လင့်ချက်တို့ အထင်းသား ပေါ်လွင်နေရသည်။  သူနှင့် ချမ့်ယောင် တို့ဝေးကွာသွားသောအခါ လင်းမိသားစုသည် သူတို့၏သမီးလေးကို ကောင်းစွာပြုစုစောင့်ရှောက်ခဲ့သည်။  ယခုဆို သူမသည် အကျင့်စာရိတ္တကောင်းမွန်ပြီး ဟင်းချက်ကျွမ်းကျင်သူဖြစ်သည်။ ပို၍အရေးကြီးသည်မှာ သူမသည် ကြင်နာပြီး ရိုးသားသော စိတ်ထားရှိသည်။


 012 စကားကို သူ မကြားနိုင်သော်လည်း အချိန်တိုလေးအတွင်းမှာပင် သူ၏ သံသယများကင်းစင်သွားခဲ့၏။ သမီးဖြစ်သူ၏ စကားတွေက ဘယ်လောက်ပဲ ထူးဆန်းနေပါစေ၊ ယုံကြည်မိသည်။


 ထို့အပြင်၊ လင်းယောင်ယောင် အား စွဲလမ်းမှုနှင့် လိုက်လျောညီထွေမှုပြသော လင်းရွှမ် ကိုလည်း အနည်းငယ် အထင်ကြီးလာ၏။ထိုစဉ် လင်းယောင်ယောင် က ဝမ်းသာအားရနှင့် ပြောလာ၏။


"အစားအသောက်တွေ ပြင်ဆင်ပြီးပါပြီ"


ထိုအခါ လူအုပ်သည် ထမင်းစားခန်းဘက်သို့ လှည့်သွားကြရာ စက်ရုပ်များမှာ ဟင်းပွဲများကို စီစဉ်ပြီးဖြစ်သည်။ အစားအသောက်ကို အလျင်အမြန် ပြင်ဆင်ထားတာမို့ ဟင်းများက သိပ်မများပြားပေ။ သို့သော်၊ ဤနေ့လယ်စာသည် ဝေ့လင်းနှင့် ချမ့်ယောင် အတွက်  လူစားသည့် ဟင်းလျာများအား မစားရသည်မှာ ကြာလှပြီဖြစ်သလို၊ စက်ရုပ်များ ပြုလုပ်ထားသော အစားအစာများကိုပင် လွမ်းဆွတ်နေရ၏။ယခုမူ သမီးဖြစ်သူ ကိုယ်တိုင်ချက်ထားခြင်းဖြစ်၍ အတော်ပင် စားဝင်မှာသေချာ၏။


 ဤသည်မှာ မိသားစုငါးယောက်အတွက် ပြန်လည်ဆုံဆည်းခြင်း ထမင်းစားပွဲဟု ဆိုနိုင်၍ အလွန်အရေးကြီးသည်။ အရသာက သာမာန်ဖြစ်နေလျှင်တောင် လင်းယောင်ယောင် ကို ချီးမွမ်းကြမှာမလွဲပေ။ထို့အပြင် မွှေးရနံ့နှင့် ဆွဲဆောင်မှုရှိသော အသွင်အပြင်ကြောင့် အရသာသည် သာမန်မဟုတ်ကြောင်း သေချာသိခဲ့ကြသည် ။


ဝေ့ကျော နှင့် ဝေ့ယိုတို့သည် ဤမျှအရသာရှိသည့် ဟင်းများကို တစ်ခါမှ မစားဖူးသဖြင့် မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် ပြူးကျယ်ဝိုင်းစက်နေရတော့သည်။ဝေ့ယိုက


 "အရမ်းမွှေးတယ်… စားချင်လိုက်တ "


ဝေ့ကျော က ရှုံ့တွနေသည့် မျက်နှာနှင့် "...အစ်မ ပင်ပင်ပန်းပန်း လုပ်ထားတာမလို့ ကျွန်တော်လည်း ကျေကျေနပ်နပ် စားပါ့မယ်"


ဝေ့ယို က သူ့အစ်ကိုကို သွားစလိုက်သည်။


"အစ်ကိုကလည်း အတင်းမစားချင်ရင် မစားပါနဲ့..ကျွန်တော့်ကိုပေးလိုက်"


 ရတနာလေးတစ်စုံကို ကြည့်လိုက်ရင်း လင်းယောင်ယောင် ထပ်ပြီး မရယ်ဘဲ မနေနိုင်တော့ဘဲ ကလေးနှစ်ယောက်ကို ဇာ့ခ်အစာသွပ်ပေါက်စီတစ်လုံးစီ ပေးခဲ့သည်။


အစာသွပ်ပေါက်စီ၏ အရသာက ဂဏန်းအစာသွပ်ပေါက်စီနှင့် ဆင်တူသော်လည်း ယခု ဇာ့ခ်အသားက ပိုအရသာရှိပြီး မွှေးသည်။


ဝေ့လင်း ကလည်း ချမ့်ယောင်ကို အစာသွပ်ပေါက်စီ တစ်ခုထည့်‌ပေးလိုက်သည်။ 


လင်းရွှမ် သည်လည်း လင်းယောင်ယောင် ၏ ပန်းကန်ထဲကို မျက်နှာက ဆူပုပ်ပုပ်နှင့် အစာသွပ်ပေါက်စီ တစ်ခု ထည့်ပေးလ်ိုက်၏။


ချမ့်ယောင် က ဝေ့လင်း ကို ကြည့်ပြီး လင်းရွှမ် ကို တစ်ဖန်ပြန်ကြည့်ကာ သူမ တစ်ခုခုကို အခုမှသိလိုက်ရသည်။  


ဒီ လင်းမိသားစုရဲ့ကလေးက သူ့သမီးကို ရန်လိုနေတာလား…


xxxxxx