Chapter 149
(အစားအသောက်သမားတွေရဲ့ကမ္ဘာက ကြောက်စရာကောင်းတယ်)
ကန့်သတ်ချက်များနှင့် ပတ်သက်၍ လင်းယောင်ယောင် သည် ဤမသိကျွမ်းသော ဟွမ်ဟိုင်ဂြိုလ်ပေါ်တွင် 100% ဘေးကင်းရန် မလိုအပ်သောကြောင့် မက်ခါမှ မထွက်နိုင်ပေ။လေထုမှာတောင် အဖျက်စွမ်းအင်တွေ ရှိနေသဖြင့် လင်းရွှမ် က သူမကို မတော်တဆမှုမျိုး မဖြစ်စေချင်ပေ။သူ့စေတနာကို ခံစားမိ၍ သူမ နှလုံးသားသည် ပျားရည်သောက်လိုက်သကဲ့သို့ ချိုမြိန်သွားရသည်။ ထို့နောက် သူမသည် အချိုပွဲကို အစ်ကို လုလင်းထံ ထားခဲ့ကာ လေယာဉ်မှူးအခန်းသို့ သွား၍ ဗိုလ်မှူး လီနန်အား အကြောင်းကြားခဲ့သည်။
ထို့နောက် သူမအခန်းထဲသို့ ပြန်သွားပြီး 012 ကို သူမနှင့်အတူ ခေါ်လာခဲ့သည်။ 168အတွက် အချိုပွဲများကို သေတ္တာကြီးထဲမှာထည့်၍ အာကာသခလုတ်ထဲမှာ ထည့်ယူလာခဲ့၏။သူမ လေယာဉ်မှူးခန်းထဲသို့ ရောက်သောအခါတွင် ဗိုလ်မှူး လီနန် စောင့်ဆိုင်းနေပြီဖြစ်သည်။ သူက ခါတိုင်းလိုပင် အေးစက်ပြီး လေးနက်သည့် အမူအရာရှိနေ၏။သူ့ကိုကြည့်ရင်း လင်းရွှမ်ကိုပင် သတိရသွားရသည်။သို့သော်၊လင်းရွှမ်သည် လီနန်ထက်ပင် ပို၍လေးနက်သော အမူအရာမျိုးရှိ၏။
သူမ ပြုံးပြီး နှုတ်ဆက်လိုက်သည်။
"ဗိုလ်မှူးလီကို ဒုက္ခပေးမိပြီ"
လီနန်သည် ခပ်သေးသေးနှင့် ချောမောလှပသော မိန်းကလေးကို လေးလေးနက်နက် ဂရုတစိုက်ကြည့်မိသည်။ ယခုလိုကြည့်မိခြင်းက မက်ခါမပါဘဲ အနီးစပ်ဆုံး ကြည့်မိခြင်းဖြစ်သည်။ အကယ်၍သာ ယခင်ကဆိုလျှင်၊ သူမအတွက် အကျိုးမဲ့စေမည့် သူမ၏ အပြုအမူကို ရပ်တန့်ပစ်မည်မှာ သေချာသည်။
အားနည်းသည့် အရန်ကုထုံးပညာရှင် ကလေးမလေးက ကြောက်စရာကောင်းတဲ့ ဇာ့ခ်ဘုရင်မကို အစာကျွေးဖို့ သွားမှာ ဟုတ်လား…
သို့သော် ဤအားနည်းသော အရန်ကုထုံးပညာရှင်သည် အစွမ်းထက်သော တိုက်ခိုက်ရေးသမားလည်း ဖြစ်သည်။ သူမသည် လုံးဝ ကြောက်မက်ဖွယ်ကောင်းသော ဇာ့ခ်ဘုရင်မ ကိုပင် brainwashလုပ်နိုင်ခဲ့သည်။ ထောင်ပေါင်းများစွာသော တိုက်ခိုက်ရေးသမားများ မတတ်နိုင်သည့် အရာများကို သူမ လုပ်ဆောင်နိုင်ခဲ့သည်။ သူမသည် အလွန်ပင် ဟန်မဆောင်တတ်ဘဲ ရိုးသားသလို အရင်တုုန်းက သူထင်ခဲ့သည့် ကောက်ကျစ်သောအကြံများရှိနေ၍ ခေါင်းမာသူလည်း လုံးဝမဟုတ်ပေ။
သူက အဝေးကို ဖျတ်ခနဲ ကြည့်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။ "ဒုက္ခမပေးပါဘူး…ကျွန်တော့်အတွက် ဂုဏ်ယူရမှာပါ"
ထို့နောက် သူ့မက်ခါကို သပ်သပ်ရပ်ရပ် ၀တ်ထားလိုက်သည်။
လင်းယောင်ယောင် သည် 012 ကိုယူလာကာ သူမ၏ မက်ခါ လင်းပို ထဲသို့ ဝင်ရောက်ခဲ့သည်။ မက်ခါနှစ်ယောက်သည် ပင်မအာကာသယာဥ်မှ ထွက်သွားကာ အဝေးကပင် မြင်နိုင်သော ပန်းရောင်အသားတောင်ကုန်းဆီသို့ ပျံသန်းသွားကြသည်။
အာကာသယာဉ်မှ 168 ၏တည်နေရာသို့ နှစ်မိနစ်၊သုံးမိနစ်သာ အချိန်ယူရသောကြောင့် အရှိန်အဟုန်ဖြင့် အမြန်မပျံသန်းဖြစ်ပေ။သူမတို့ရှေ့မှ ထွက်သွားသော မက်ခါ တိုက်ခိုက်ရေးသမားများက အမြင့်တွင်ပျံသန်းပါက ပင်လယ်ငှက်များ၏ တိုက်ခိုက်ခြင်းကို ခံနိုင်ရည်ရှိကြသည်ဟု ဆိုသည်။
သို့သော် လင်းယောင်ယောင်နှင့် လီနန်တို့သည် နီညိုရောင် ရေညှိများရှိသော စိမ်းစိုနေသော ကျောက်ခါးပတ်ကြီးကို ဖြတ်ကျော်သွားသောအခါ ရာနှင့်ချီသော အနီရောင်လျှာတံရှည်ရှည်များသည် အဆိုပါ အဖြုန်း ကျောက်ဆောင်များ နောက်တွင် ရုတ်တရက် ပေါ်လာပြီး နိမ့်နိမ့်ကလေး ပျံသန်းနေသော မက်ခါနှစ်ခုကို ရုတ်တရက် လုံးထွေးသွားအောင်အထိ တိုက်ခိုက်ခံခဲ့ရသည်။
အနက်ရောင် အဖြုန်းကျောက်တုံးကြီးများ၊ နီညိုရောင် ရေညှိများအောက်တွင် မရေမတွက်နိုင်သော ပင်လယ်မြွေနက်ကြီးများ ပုန်းအောင်းနေခြင်းဖြစ်ပေတော့သည်။
လင်းယောင်ယောင် အောက်ကို ငုံ့ကြည့်လိုက်ပြီး အလွန်ကြောက်သွား၍ ကျယ်လောင်စွာ အော်လိုက်ကာ တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။ သူမ မြွေများကို အကြောက်ဆုံးဖြစ်သည်။ အထူးသဖြင့် မြွေတစ်ကောင်တည်းမဟုတ်ဘဲ ရာနှင့်ချီ၍ စုရုံးနေခြင်းက အလွန်ရွံစရာကောင်းသည်။ မြေပြင်ပေါ်ရှိ အနီရောင်ရေညှိများသည် မြေပြင်တွင် လုံးဝ မပေါက်ဘဲ မြွေများပေါ်တွင်ပါက်နေခြင်းပင်။
ကောင်းကင်က ပင်လယ်ငှက်များသည် အလွန်ဆာလောင်ပြီး မြေညှိတွေပေါ်မှာ အစာရှာဖို့ ဆင်းလာသည့်အခါ ဤပင်လယ်မြွေများသည် ကြောက်စရာကောင်းသော လျှာရှည်ရှည်ကြီးများဖြင့် ရုတ်တရက် ထွက်လာေပလိမ့်မည်။ သူတို့ နယ်မြေကို ဖြတ်သန်းသွားလာနေသည့် တခြားသက်ရှိသတ္တဝါများကို အလွတ်ပေးမှာ မဟုတ်ေပ။
ကံကောင်းထောက်မစွာ၊ လင်းယောင်ယောင် ထိတ်လန့်သွားသောအခါ လီနန် သည် လျင်မြန်စွာတုံ့ပြန်ခဲ့သည်။ သူ၏ မက်ခါပေါ်ရှိ အပူချိန်မြင့် ရောင်ခြည်များကို ဖွင့်ကာ သူမ မက်ခါအောက်ရှိ မြွေဆိုးတို့ကို ဖောက်ကွဲပစ်လိုက်သည်။ တစ်ချိန်တည်းမှာပင်၊ သူသည် ကြီးမားသော လေဆာဓားတစ်ချောင်းကို ဆွဲထုတ်လိုက်ပြီး သူ့မက်ခါကို တွယ်ကပ်နေသော မြွေဆိုးများအား ချိန်ရွယ်ကာ ရှည်လျား၍ရွံရှာဖွယ်ကောင်းသော လျှာများကို ဖြတ်တောက်ပစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် လီနန်က "မကြောက်ပါနဲ့…အဆင့်နှစ်ကနေ သုံးဆင့်လောက်ရှိတဲ့ ပင်လယ်မြွေတွေပါ…အပူချိန် မြင့်မြင့်နဲ့ တိုက်လိုက်မယ်ဆိုရင် သူတို့ရဲ့လျှာတွေကို ဖြတ်ပစ်နိုင်ပါတယ်…"
သူမ ကြောက်လန့်ပြီး စက်ဆုပ်သွား၍ အော်ဟစ်နေစဉ်တွင် လီနန်က မြွေနက်များကို လျင်မြန်တိကျစွာ ချိန်ရွယ်ထားသည့် အောက်ရှိ စိမ့်တွင်းဆီသို့ ထက်မြက်သော စိတ်စွမ်းအင်စက်ဝန်းများကို ပစ်လွှတ်လိုက်သည်။
ဝှစ်...ဝှစ်
လီနန် အကြိမ်အနည်းငယ် ခုတ်ထစ်လိုက်သည်။
အောက်က စိမ့်ကန်ကို ငုံ့ကြည့်လိုလိုကသောအခါမြွေသေကောင်ကြီးတွေ မျောပါလာသည်။ လင်းယောင်ယောင် ၏ မက်ခါ လင်းပိုသည် သခင်၏ စိတ်စွမ်းအားနှင့် ချိတ်ဆက်ထားမှုကြောင့် မက်ခါပါ တစ်ကိုယ်လုံး တုန်တုန်ယင်ယင်ဖြစ်သွားသည်။
"အား........"
လီနန်သည် ကောင်းကင်မှနေ၍ တိတ်တိတ်လေး ကြောင်စီစီဖြင့်သာ ကြည့်နေမိသည်။ရုတ်တရက် ပင်လယ်မြွေနှင့်တွေ့ကာမှ သူ့ဘေးနားက အမျိုးသမီးသည် တစ်ကယ့်ကို ပျော့ညံ့သည့် မိန်းမတစ်ယောက်မှန်း သူခံစားမိခဲ့၏။ကာကွယ်စရာနေရာတစ်ခုလိုအပ်နေသည့် ညီမငယ်တစ်ယောက်ပင်။သူမ မည်မျှပင် သတ္တိရှိနေပါစေ၊ သိပ်နုံအ,နေသေးသည်။
ပင်လယ်မြွေများတွင် အသက်ဝိညာဉ်ရှိနေသဖြင့် ဝမ်းနည်းကြေကွဲကာ ဟစ်အော်နေကြ၏။
'ငါတို့က ဘယ်လောက်တောင် ကြောက်စရာကောင်းနေလို့လဲ…မင်းကမှ ပိုတောင်ကြောက် စရာကောင်းတာမလား....မြွေတွေကို သတ်ပြီးတာတောင် ကြောက်နေရတယ်လို့"
လင်းပို၏ AI စနစ်ကပင်လျှင်
"သခင်...သူတို့အားလုံး သေကုန်ပြီ.. ဘာကို ကြောက်နေတာလဲ"
လင်းယောင်ယောင်: "... မြွေသေတွေကလည်း ကြောက်စရာကောင်းတယ်ဟ"
ထိုစဉ်012 က တံတွေးကို တစ်ချက်ဂလုကနဲမြိုချပြီး ပြောလာ၏။
"မြွေသားက အရသာရှိလားမသိဘူးနော်..."
သူမလည်း ထိုအခါမှ သတိပြန်ဝင်လာသည်။
"အရသာရှိတယ်…မြွေသားကလည်း ထိပ်တန်းအစားအစာထဲမှာ ပါတယ်...ချက်ပြုတ်နည်းတွေလည်း အများကြီးရှိတယ်…ငါကတော့ တခါမှ မစားဖူးပေမယ့်...ကောင်းလောက်တယ်"
168 သည် အဝေးတွင် ထိုင်ကာ တွင်းတူးခြင်းကို စောင့်ဆိုင်းနေရင်း လင်းယောင်ယောင် ၏ အော်သံအကျယ်ကြီးကို ကြောက်မက်ဖွယ်ရာကြားလိုက်ရ၏။
"လင်းယောင်ယောင် သူငယ်ချင်း ဘာဖြစ်လို့လဲ… မကြောက်နဲ့…မကြောက်နဲ့... ကလေးက မင်းကို ကယ်ဖို့ လာမယ်...အဲ့ဒီမှာနေနေ"
သို့သော် 168 သည် စိတ်စွမ်းအားဖြင့် သူမတို့ပတ်ဝန်းကျင်ကို စကင်န်ဖတ်လိုက်ရာ အန္တရာယ်လုံးဝမရှိပေ။ လင်းယောင်ယောင် အနီးရှိ ပင်လယ်မြွေအလောင်းပုံကြီးနှင့် ခုတ်ထစ်ထားသော လျှာပြတ်များသည် သွေးနံ့နှင့် မီးလောင်ရနံ့များ ထွက်နေကြသည်။
168 က သနားစရာကောင်းလောက်အောင် သူ့မျက်လုံးကြီးကိုးလုံးကို ချက်ချင်းမှိတ်ချလိုက်ပြီး
"အင်း အရမ်းမွှေးတာပဲ… စားချင်တယ်... ဒါပေမယ့် ကလေးက အစိမ်းစားရတာကို မကြိုက်ဘူး"
012 ကလည်း "သခင်…ငါလည်း အရသာရှိတဲ့ မြွေသားကို စားချင်တယ်…ကြော်တာဖြစ်ဖြစ်၊ ပြုတ်တာဖြစ်ဖြစ်၊ ပြုတ်ကြော်၊ ချိုချဉ်ကြော်…... အားလုံး အဆင်ပြေတယ်"
012 သည် မာစတာစားဖိုမှူး လင်းယောင်ယောင် နှင့် အချိန်အတော်ကြာအောင်နေခဲ့သဖြင့် ချက်ပြုတ်နည်းကို သေချာမသိသော်လည်း အခြေခံနည်းလမ်းအချို့ကိုတော့ အလွတ်ရနေပြီဖြစ်သည်။
လင်းယောင်ယောင်: '...ခဏနေဦး… အခု ကို ငါ စားချင်လာပြီ'
လင်းယောင်ယောင် သည် ဤပင်လယ်မြွေအလောင်းများကို ကောက်ရန် လူတစ်ယောက်လွှတ်ပေးဖို့ လီနန်အား ပြောခဲ့ပြီး မြွေသားများကို သန့်ရှင်းစွာ ချက်ပြုတ်နိုင်ရန် အစားအစာကုထုံးပညာရှင်များကို မှာကြားခဲ့သည်။ သူမသည် မြွေများကိုကြောက်သော်လည်း ထိုမြွေသားများသည် စင်းနှီတုံးပေါ်သို့ ရောက်သောအခါ သူမ မကြောက်တော့ပေ။
လီနန်သည် သူမ၏ စားသောက်ချင်စိတ်ကို အတော်လေး ဆွံ့အသွားရချေ၏။
'...စားချင်စိတ် များနေတော့ တော်တော် အလုပ်ကြိုးစားတာပဲ’
168 က သူ့ဘာသာသူ တရွေ့ရွေ့တိုးလာသဖြင့် သူမလည်း မြွေသေများရှိသည့် အဖြုန်းကျောက်ဆောင်ခါးပတ်ကို ထားခဲ့ကာ တခြားကျောက်ဆောင်ခါးပတ်တစ်ခုဆီကို သွား၍ 168အား အချိုပွဲများကို စတင်ကျွေးမွေးခဲ့သည်။
မက်ခါ ထဲတွင် သူမ နှင့် 012 တို့သည် အတူတူစားကြသည်။သေချာသည်က၊သူမတို့ အစားအသောက်ဝေစုမှာ 168 ထက်စာလျှင် အတော်ကိုနည်းပါးပေသည်။ လီနန်ကိုတောင်မှ မုန့်အချို့ပေးလိုက်သေးသည်။ လီနန်သည် သူ့ဆီပေးလာသည့် မုန့်ဘူးကို ကြည့်လိုက်သည်။ ဖောက်ထွင်းမြင်ရသည့်ဘူးအတွင်းတွင် လက်ရာမြောက်သော အချိုပွဲများနှင့် သရေစာမုန့်များကို အထင်းသားမြင်နေရသည်။သူမ မစ္စလင်း ပြုလုပ်သော ဖြည့်စွက်အစားအစာကို မြည်းစမ်းခွင့်ရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သော်လည်း ချက်ချင်းမစားဘဲ မုန့်ဘူးအား သူ၏အာကာသခလုတ်ထဲသို့ ထည့်လိုက်၏။ သူသည် မစ္စလင်း ၏ လုံခြုံရေးအတွက် တာဝန်ယူရန် လိုက်လာခြင်းဖြစ်၍ စားသောက်ရန် နှင့် ကစားရန် မလိုအပ်ပေ။
လင်းယောင်ယောင် ပခုံးတွန့်လိုက်သည်။ သူမလည်း ဂရုမစိုက်ပါချေ။
012 နှင့် အစားအသောက်သူငယ်ချင်း 168 တို့သည် စားပြီးနောက် သူတို့၏ ခံစားချက်များကို ဖလှယ်ခဲ့ကြသည်။
"ဒီဒူးရင်းကိတ်ရဲ့ အရသာက ထူးဆန်းပေမယ့် စားလို့ ကောင်းတယ်နော်...ငါကတော့ ဒီပဲနီအနှစ်လေးကို အကြိုက်ဆုံးပဲ…အရမ်းလည်း ချိုတယ်... croissant ကကျတော့ နည်းနည်း ချိုပြီး အဆီများလွန်းတယ်"
168 ၏ အရွယ်အစားသည် အလွန်လျော့ကျသွားသော်လည်း အမြင့် 100 မီတာရှိနေ၍ ကိုယ်ခန္ဓာက ကြီးမားဆဲဖြစ်သည်။ ဗိုက်ကလည်း ဆာနေခြင်းဖြစ်၍ အဆာပြေမုန့်များကို စားပြီးနောက် 012လို ကွဲပြားမှုများအား သေချာအရသာမခံတတ်တော့ပေ။ ။
"မသိဘူး...အရမ်းချိုတယ်...ကလေး အရမ်းပျော်တာပဲ ကလေး ပျံတောင်ပျံချင်လာပြီ"
ထိုအခါမှ သူမည် အမြင့်တွင် ပျံသန်းသည့်အခါ မက်ခါများသည် ပင်လယ်ငှက်များကို တွေ့ရတတ်ကြောင်း လီနန်ပြောခဲ့သည့်စကားကို သတိရမိသောကြောင့် သူမလည်း ကြိုးစားချင်စိတ်ပြင်းပြခဲ့သည်။
"ဗိုလ်မှူးလီ...ဟိုးအမြင့်အထိ ပျံကြရအောင်လား... ပင်လယ်ငှက်တွေကလည်း အရသာရှိမယ်ထင်တယ်"
168 ၏ ကိုယ်ထည်အရွယ်အစားသည် သေးငယ်လာသော်လည်း ဇာ့ခ်ပုံဆောင်ခဲများကို ပြန်လည်ဖြည့်တင်းခွင့် မရသေးပေ။ စွမ်းအင်ချွေတာဖို့အတွက် မကြာသေးခင်ကမှ ဥအများကြီး မဥခဲ့ရပေ။ ပင်လယ်ငှက်တွေအကြောင်း ကြားသည့်အခါ 168 သည်
"ငှက်တွေ... ငှက်တွေမှာ ဥတွေရှိတယ်... လင်းယောင်ယောင် သူငယ်ချင်းလေး…012 သူငယ်ချင်းလေး…ကာတွန်းထဲကလိုပဲ ငှက်ဥတွေကို အတူတူသွားကောက်ရအောင်"
လင်းယောင်ယောင် က 168 ကို ပြန်ပြောလေသည်။
"မင်းက ဘယ်လိုလုပ်ပြီး ငှက်ဥတွေ ကောက်နိုင်မှာလဲ..မင်းခန္ဓာကိုယ်က ကြီးလွန်းတယ်မလား"
012 သည် သေးငယ်ပြီး လိုက်လျောညီထွေ ရှိသော်လည်း လေကြောင်းတိုက်ခိုက်ရေးတို့တွင် ကောင်းစွာ မလုပ်ဆောင်နိုင်ပေ။ ထို့ကြောင့် အဖြုန်းတောင်တန်းများပေါ်တွင် ငှက်ဥများစုဆောင်းရန် လေးလံသောတာဝန်ကို ၎င်း(012)အား ပေးထားခဲ့သည်။
012 သည် ငှက်ဥများကို မကောက်နိုင်သောကြောင့် စိတ်ပျက်နေသော 168 ကို နှစ်သိမ့်ပေးခဲ့သည်။
"စိတ်မပူပါနဲ့ ပင်လယ်ငှက်ဥတွေတွေ့ရင် မင်းအတွက် ဝေစုကိုလည်း ငါသေချာပေါက် ကောက်လာမှာပါ"
လီနန် - '...အစားအသောက်သမားတွေရဲ့ကမ္ဘာက ကြောက်စရာကောင်းတာပဲ'
တာဇာကြယ်ပွင့်ကွင်းပြင် တစ်ခုလုံးကို 168 လို အစားသရဲကသာ အုပ်ချုပ်ပါက ... ဘယ်လိုကမ္ဘာမျိုးဖြစ်မလဲ... ကြယ်ပွင့်တွေနဲ့ ပင်လယ်ထဲက ဘယ်သက်ရှိမဆို လိုက်စားနေပါက ဘယ်လိုဆက်ဖြစ်နိုင်မလဲ…
တစ်ခုတည်းသော ကောင်းချက်မှာ 168 လူကိုမစားခြင်းပင်။
ထို့နောက် လီနန် သည် လင်းယောင်ယောင် ၊168 တို့နှင့်အတူ ပင်လယ်ငှက်မျိုးစိတ်များစွာကို သတ်ဖြတ်ခဲ့သည်။
012 လည်း ညနေခင်းမှာ ပြန်ရောက်လာသောအခါ ၎င်း၏ အာကာသခလုတ်ထဲတွင် ငှက်ဥတွေ အများကြီးပါလာ၏။
လင်းရွှမ် ဦးဆောင်သော လက်ရွေးစင်အဖွဲ့သည် ပင်လယ်သားရဲအများအပြားကို ရှာဖွေခဲ့ပြီး ယခုအချိန်တွင် ကမ်းပေါ်တက်ရောက်လာခဲ့သည်။ သူသည် လင်းယောင်ယောင် ရှိရာအရပ်သို့ ပျံသန်းခဲ့ပြီး အမြန်လာကြည့်ရာ သူ့ကလေးမလေးမှာ ဘေးကင်းလုံခြုံနေကာ အစားသရဲနှစ်ဦးနှင့် သာယာနေသည်ကို တွေ့လိုက်ရ၍ သူ့ မသိစိတ်ထဲက ပြုံးလိုက်မိသည်။
"ယောင်ယောင် ကိုယ်ပြန်လာပြီ"
လင်းယောင်ယောင် လှည့်ကြည့်လိုက်ရာ လင်းယွင် ၏ ရင်းနှီးသောရုပ်သွင်ကို တွေ့လိုက်ရသည်။ ကောင်မလေးက စိတ်လှုပ်ရှားစွာနှင့် “အစ်ကိုကြီး ပင်လယ်သားရဲတွေ အများကြီး လိုက်ရှာဖူးလား”
သူက တိုးညှင်းစွာဖြင့်
"အင်း…မျိုးစိတ်တွေအများကြီးရှိတယ်... ကိုယ် နောက်တစ်ခေါက်ပြန်သွားတဲ့အခါ မင်းအတွက် ယူလာပေးမယ်"
168 ၏ အသိုက်သည် ပြီးသည်ဆိုရုံမျှသာဖြစ်သော်လည်း သူ့အတွက် လုံလောက်သည်။သူမသည် သူငယ်ချင်းများနှင့် ခွဲခွာရန် အလွန်တွန့်ဆုတ်နေသော်လည်း လင်းယောင်ယောင်က မကြာမီ တစ်ခေါက်ပြန်လာကာ အစာကောင်းများ လာကျွေးမည်ဟုလည်း မျှော်လင့်ထားသည်။
မခွဲချင်နေသူကို စိတ်မဆင်းရဲစေချင်သဖြင့် လင်းရွှမ် ခဏလောက်စဉ်းစားပြီး 012 ကို 168 နှင့်ဆက်ကစားခိုင်းလိုက်သည်။ လီနန် ကလည်း 012 ၏လုံခြုံရေးကို ဂရုစိုက်ဖို့ ဆက်နေခဲ့သည်။
ညစာ အဆင်သင့်ဖြစ်သောအခါ လုလင်သည် လီနန်ထံ 012 သို့ ပြန်ခေါ်ရန် မက်ဆေ့ချ် ပို့မည်ဖြစ်သည်။
လင်းယောင်ယောင် နှင့် လင်းရွှမ် တို့သည် အာကာသယာဉ်ပေါ်သို့ ပြန်လာခဲ့ကြပြီး မီးဖိုချောင်ဧရိယာရှိ အစားအသောက်ကုထုံးသုတေသနခန်းသို့ အတူလမ်းလျှောက်ခဲ့ကြသည်။
အချိန်ကုန်သက်သာရန်အတွက် လင်းရွှမ်သည် သူတို့အမဲလိုက်ခဲ့သော ပင်လယ်သားရဲများထဲမှ တစ်ကောင်ကို ယူ၍ ပါဝင်ပစ္စည်းများအဖြစ် စိတ်စွမ်းအားနှင့် ပြုပြင်ရန် အခြားသော အစားအသောက်ကုထုံးပညာရှင်များကို ညွှန်ကြားခဲ့သည်။သူတို့ သုတေသနအတွက်လည်း အကောင်တစ်ချို့ကို ယူနိုင်သည်။
လင်းယောင်ယောင် သည် ပြုပြင်ထားသော ပါဝင်ပစ္စည်းများကို ကြည့်ရင်း ဝမ်းသာသွားသည်။
"အစ်ကိုကြီး ဒီမှာနေရင်လည်း ညီမလေးကို မကူညီနိုင်ပါဘူး... အချိန်တွေဖြုန်းနေသလိုဖြစ်နေမှာပဲ...တခြားအလုပ်တွေ သွားလုပ်လိုက်ပါလား"
သူ သက်ပြင်းချလိုက်ပြီး "မင်းအဖေနဲ့ သူ့နောက်လိုက်တွေက ဒီည ပြန်လာဖြစ်မယ်ထင်တယ်…မနက်ဖြန်မနက်ကျရင် ဟယ်လင်ဂြိုလ်ပေါ်က မြေပြင်အနေအထားနဲ့ ရင်းနှီးတဲ့ လူ တွေကို ကိုယ် ခေါ်သွားပြီး အခြေအနေကို စူးစမ်းကြည့်ရမယ်... ကိုယ်ပြန်လာဖို့ ရက်ပေါင်းများစွာ ကြာလိမ့်မယ်ထင်တယ်"
သူ မထွက်ခွာခင် အချိန်တိုလေးသာ ရသဖြင့် သူမဘေးနားမှာရှိနေချင်သည်။သူ့ကို သူမက ဂရုမစိုက်နိုင်လျှင်တောင် ကျေနပ်သည်။
လင်းယောင်ယောင် လွှတ်ကနဲပြောလိုက်၏။ "အာ ညီမလေးလည်း အစ်ကိုကြီးနဲ့လိုက်ချင်တယ်"
သို့သော် သူက ပြတ်ပြတ်သားသား ငြင်းလိုက်သည်။ "မရဘူး...ကိုယ် မင်းနဲ့ရှိနေရင် အလုပ်လုပ်ဖို့ အာရုံစိုက်မရတော့ဘူး..."
xxxxxxx